Tuesday, January 19, 2010

`အချိန်ကာလ´ ကပြောမှာပါ...

တခါတုန်းက ဗဟုသုတ၊ ၀မ်းနည်းမှု၊ ပျော်ရွှင်မှု နဲ့ ချစ်ခြင်းမေတ္တာ အပါအ၀င် တခြား (ခံစားမှု)တွေ အားလုံး နေထိုင် ခဲ့တဲ့ ကျွန်းလေး တကျွန်း ရှိခဲ့တယ်။ တနေ့မှာ ကျွန်းလေးဟာ သမုန္ဒရာရဲ့ ကြမ်းပြင် အောက်ကို မြှပ်ဝင် တော့မယ်လို့ (ခံစားမှု) တွေ အားလုံးဆီကို အသိပေး ကြေငြာခဲ့တယ်။ ဒါကြောင့် (ခံစားမှု) တွေ အားလုံးဟာ သူတို့ရဲ့ လှေတွေနဲ့ ကျွန်းလေး ကနေ ထွက်ခွါဖို့ ပြင်ဆင် ခဲ့ကြတယ်။
အဲဒီ ကျွန်းပေါ်မှာ နေခဲ့တဲ့ တဦးတည်းသော သူ ကတော့ `ချစ်ခြင်းမေတ္တာ´ ပဲ ဖြစ်ခဲ့တယ်။ သူဟာ နောက်ဆုံး အရေးကြီး တဲ့ အချိန်ထိ ပျော်စရာ ကောင်းတဲ့ နေရာ တခု ဖြစ်တဲ့ ကျွန်းလေးကို ကာကွယ် ချင်ခဲ့တယ်။

ကျွန်းလေးဟာ ရေအောက် ကို လုံးလုံး လျားလျား ရောက်လုနီးပါး အချိန် မှာတော့ `ချစ်ခြင်းမေတ္တာ´ ဟာ ကျွန်းလေး ကနေ ထွက်ခွါဖို့ အချိန် ရောက်ပြီလို့ ဆုံးဖြတ် ခဲ့တယ်။

သူဟာ တယောက်ယောက် ကို အကူအညီ တောင်းဖို့ ရှာဖွေ ခဲ့တယ်။

`ချမ်းသာမှု´ ကတော့ အလွန် ခံ့ငြားတဲ့ လှေနဲ့ လှော်ခတ် သွားခဲ့တယ်။ `ချစ်ခြင်းမေတ္တာ´ က ` ချမ်းသာမှု´ `ငါ မင်းရဲ့ လှေနဲ့ လိုက်လို့ ရမလား´ ဆိုပြီး မေးလိုက်တယ်။ `ချမ်းသာမှု´က `၀မ်းနည်း ပါတယ်ကွာ၊ ဒါပေမဲ့……ငါ့ရဲ့ လှေပေါ်မှာ ရွှေ၊ ငွေ တွေ အများကြီး ပါလာတယ်၊ မင်းအတွက် နေစရာ နေရာ မရှိဘူး´ လို့ ပြန်ဖြေခဲ့တယ်။

ဒိနောက် `ချစ်ခြင်းမေတ္တာ´ က လှပတဲ့ လှေနဲ့ လှော်ခတ် နေတဲ့ ` စိတ်ကြီးဝင် ဘ၀င်မြင့်မှု´ ကို အကူအညီ တောင်းဖို့ ဆုံးဖြတ် ခဲ့တယ်။ ` ချစ်ခြင်းမေတ္တာ´ က ` ငါ့ကိုကူညီပါကွာ´ လို့ အော် လိုက်တယ်။ ` စိတ်ကြီးဝင် ဘ၀င်မြင့်မှု´က ` ငါ မင်းကို မကူညီနိုင်ဘူး´ မင်းဟာ ရေတွေနဲ့ စိုနေတယ်။ ငါ့ရဲ့ လှပတဲ့ လှေလေး ပျက်စီး သွားလိမ့်မယ် လို့ ပြောခဲ့တယ်။

အဲဒီနောက် `ချစ်ခြင်းမေတ္တာ´ ဟာ သူ့ကို ချန်လှပ် ထားခဲ့တဲ့ `၀မ်းနည်းမှု´ ကို တွေ့ခဲ့တယ်။ ` ချစ်ခြင်းမေတ္တာ´ က ` မင်းနဲ့အတူ သွားခွင့်ပြုပါ´ လို့ ပြောခဲ့တယ်။ ` ၀မ်းနည်းမှု´ က ` ချစ်ခြင်းမေတ္တာ…. ငါ စိတ်မကောင်း ပါဘူးကွာ… ဒါပေမဲ့……….ငါအခု တယောက်တည်း နေဖို့ လိုနေတယ်´ လို့ ပြန်ဖြေခဲ့တယ်။

` ချစ်ခြင်းမေတ္တာ´ ဟာ ` ပျော်ရွှင်မှု´ ကိုတွေ့ခဲ့ပြန်တယ်။ ဟေ့ ` ပျော်ရွှင်မှု´ ` မင်းနဲ့ အတူ လိုက်ခွင့် ပြုပါ´ လို့ အော်လိုက်တယ်။ ဒါပေမဲ့ ` ပျော်ရွှင်မှု´ ဟာ သိပ်ပြီး ပျော်ရွှင်နေလို့ သူ့ကို အော်ခေါ် နေတာကိုတောင် မကြားခဲ့ဘူး။

` ချစ်ခြင်းမေတ္တာ´ ဟာ ငိုကြွေး နေခဲ့တယ်။

အဲဒီအချိန်မှာ ဟေ့ ` ချစ်ခြင်းမေတ္တာ´ ` လာခဲ့ပါ၊ ငါနဲ့ အတူ လိုက်ခဲ့ပါ…..၊´ ဆိုတဲ့ အသံ တခုကို ကြားလိုက် ရတယ်။ သူ့ကို ခေါ်တဲ့သူဟာ သက်ကြီး ရွယ်အို တယောက် ဖြစ်နေတယ်။ ` ချစ်ခြင်းမေတ္တာ´ ဟာ သိပ်ပြီး ကျေးဇူး တင် ၀မ်းမြောက် နေလို့ သူ့ရဲ့ နာမည်ကို မေးဖို့ မေ့နေ ခဲ့တယ်။

သူတို့ ဟာ နိုင်ငံ တခုကို ရောက်တဲ့ အခါ သက်ကြီး ရွယ်အိုက သူ့ရဲ့ ဦးတည်ချက် အတိုင်း သွားခဲ့တယ်။ `ချစ်ခြင်းမေတ္တာ´ က သူဟာ သက်ကြီး ရွယ်အို အပေါ်မှာ ဘယ်လောက် ကျေးဇူး တုံ့ပြန် ရမလဲ ဆိုတာ နားလည် သဘော ပေါက်ခဲ့တယ်။

အဲဒီနောက် `ချစ်ခြင်းမေတ္တာ´ ဟာ ` အသိပညာ´ ကို တွေ့ရှိ ခဲ့ပြန်တယ်။ `ငါ့ကို ကူညီခဲ့တဲ့ သူဟာ ဘယ်သူလဲလို့´ မေးကြည့်တော့ မင်းကို ကူညီခဲ့တဲ့ သူဟာ ` အချိန် ကာလ´ ပဲလို့ ဖြေခဲ့တယ်။

တယောက်မှ မကူညီနိုင်တဲ့ အခြေအနေမှာ ` အချိန် ကာလ´ က ဘာကြောင့် ငါ့ကို ကူညီခဲ့တာ လည်းလို့ `ချစ်ခြင်းမေတ္တာ´ က မေးခဲ့တယ်။

` အသိပညာ´ က ပြုံးပြီး လေးလေး နက်နက် နဲ့ ရိုးရိုး သားသား ဖြေလိုက် တာကတော့ ` ချစ်ခြင်းမေတ္တာ ဟာ ဘယ်လောက် ကြီးကျယ်ပြီး အရေးပါလဲ´ ဆိုတာ ` အချိန် ကာလ´ ကသာ နားလည် သဘောပေါက် နိုင်စွမ်း ရှိတဲ့ အတွက်ကြောင့် ပါတဲ့………….။

ကျမတို့ အချင်းချင်းလည်း ပြောလေ့ ရှိကြပါတယ်။ `အချိန် ကာလ က အဆုံးအဖြတ် ပေးမယ်ဆိုတာ´ ပါ။ အလုပ်တခု လုပ်တဲ့အခါမှာ ဒီလူ ဘယ်လောက် တော်တယ်… မတော်ဘူး၊ ရိုးသားမှု ရှိတယ်… မရှိဘူး၊ ကျွမ်းကျင်မှု ရှိတယ်… မရှိဘူး၊ ဆိုတာတွေက ` အချိန် ကာလ´ ကသာ သတ်မှတ် ပေးမှာပါ။

ကျမတို့ တတွေ ဟာ ` ၀မ်းနည်းမှု´၊ ` ဆုံးရှုံးမှု၊ `ကြေကွဲမှု´ တွေနဲ့ ကြုံလာတဲ့  အခါမှာလည်း စိတ် သက်သာရာ ရဖို့ ဘယ်လောက်ပဲ နည်းလမ်း သုံးသုံး စိတ် ဖြေဖို့ မလွယ်ကူနိုင် ပါဘူး။ ဒါပေမဲ့လည်း အချိန် ကြာလာတာ နဲ့အမျှ ပူပန်မှု၊ ကြေကွဲမှု၊ ၀မ်းနည်းမှု တွေဟာ တဖြည်းဖြည်း သက်သာ လာကြ ရပါတယ်။ အချိန် တခု ပေးလိုက်ခြင်းဟာ စိတ် သက်သာရာ ရဖို့ အကောင်းဆုံး လို့ ဆိုနိုင်ပါတယ်။

ဒါကြောင့် ` အချိန် ကာလ´ ဟာ လူသားတွေ အတွက် အကောင်းဆုံး ဆေးတခွက် ပဲ ဖြစ်တယ်လို့ ထင်မိပါတယ်…….။
http://www.funzug.com မှ ဘာသာပြန် မျှဝေသည်။

Friday, January 15, 2010

ကျန်းမာခြင်းသည် လာဘ်ကြီးတပါး


ဖုန်းသံမြည်လို့ ကိုင်လိုက်တာနဲ့ ပထမဆုံး ကြားရတာက သမီး `နေကောင်းရဲ့လား´ တဲ့…။ ကျမကလည်း ဖေကြီးတို့ `နေကောင်းရဲ့လား´ လို့ ပြန်မေးတာပေါ့။ ကျမက နေကောင်းတယ် ဆိုရင်လည်း တကယ် နေကောင်းရဲ့လား…ဒါမှမဟုတ် စိတ်ချမ်းသာအောင် နေကောင်းတယ်လို့ ပြောတာလားတဲ့…။ ကျမကလည်း တကယ် နေကောင်းတာပါ လို့ ပြောနေကျပါ။ ဒါဆို ဒီနေ့ ကျန်းမာရေး လေ့ကျင့်ခန်းရော လုပ်ပြီးပြီလားတဲ့။ ထပ်မေးပါတယ်…။ ကျမကလည်း လုပ်ပြီးပါပြီပေါ့။ တခါတလေ အချိန်မရရင် လေ့ကျင့်ခန်း မလုပ်လိုက်ရပါဘူး။ အထူးသဖြင့် နည်းနည်း ပျင်းနေရင်ပေါ့။ အဲဒါနဲ့ပဲ အခုဆို နေ့တိုင်း လေ့ကျင့်ခန်းကို ပုံမှန် လုပ်တဲ့ အကျင့်တခု ဖြစ်နေပါတယ်။ မနက် မိုးလင်းတာနဲ့ လေ့ကျင့်ခန်းကို အရင်လုပ်လိုက် ရတယ်။

ဟုတ်ပါတယ်…။ လေ့ကျင့်ခန်း လုပ်ပြီးရင် ပေါ့ပါး လန်းဆန်းပြီး နေလို့ ကောင်းသွားပါတယ်။ အဓိကက မနက်စောစော ချွေးထွက် သွားဖို့ပါ။ ချွေးထွက် သွားပြီးရင် ပေါ့ပါး သွားပါတယ်။ ကျမလည်း ပြောပါများတော့ လေ့ကျင့်ခန်းကို မဖြစ်မနေ လုပ်နေရပြီလေ။ ပြီးမှ မျက်နှာသစ်၊ ဘုရားရှိခိုး၊ အလုပ်သွားဖို့ အတွက် ရေချိုး၊ ပြီးတော့ ထမင်းပူလေး စားပေါ့။ ဒါကတော့ နေ့စဉ် လုပ်နေကျပါ။ မနက် မိုးလင်းလို့ အဲဒီထဲက တခု မလုပ်လိုက်ရရင် တနေ့လုံး တခုခု လိုနေသလို နေရတာ တမျိုးကြီး ဖြစ်နေပြီ။ ကျန်းမာဖို့ အတွက် နေ့တိုင်း လေ့ကျင့်ခန်း ပုံမှန် လုပ်သင့်ပါတယ်။ လမ်းလျှောက်ခြင်း ကလည်း အကောင်းဆုံးသော ကျန်းမာရေး လေ့ကျင့်ခန်း ပါပဲ။

လေ့ကျင့်ခန်း ကို ပုံမှန် လုပ်တာဟာ ကျန်းမာရေး ကောင်းဖို့ အတွက် အထောက်အကူ ပြုပါတယ်။ အ၀လွန်တဲ့ သူတွေကလည်း အစားကို လျှော့ပြီး စားဖို့ထက် ပုံမှန် လေ့ကျင့်ခန်း လုပ်တာက ပိုကောင်းပါတယ်။ ၀တဲ့သူရော၊ ပိန်တဲ့သူရော လေ့ကျင့်ခန်း ကို လုပ်သင့်ပါတယ်။ ကျမတို့ ငယ်ငယ်က လေ့ကျင့်ခန်းကို အောင်ဆန်း ကစားကွင်း မှာ သွားလုပ် ပါတယ်…။ လေ့ကျင့်ခန်း လုပ်တဲ့ အထဲမှာ အရမ်း ပိန်တဲ့ ကောင်မလေး တယောက် ရှိပါတယ်။ သူကတော့ ၀ချင်လို့ လေ့ကျင့်ခန်း ကို လုပ်တာပါ။ သူက အားကြိုး မာန်တက်နဲ့ လုပ်ပါတယ်။ အဲဒီ ကောင်မလေးက ခြောက်လလောက် အတွင်းမှာ နည်းနည်း ကြည့်ကောင်းအောင် ၀လာပါတယ်။ သူ့ရဲ့ ကြိုးစား အားထုတ်မှု ကြောင့်ပေါ့။ ဒါကြောင့် ပိန်ပိန် ၀၀ လေ့ကျင့်ခန်း ကို ပုံမှန် လုပ်သွားသင့်ပါတယ်။ တချို့က လေ့ကျင့်ခန်း လုပ်ဖို့ထက် အစားကိုသာ လျှော့ပြီး စားကြပါတယ်။ တကယ်တော့ အစားလျှော့စားတာထက် လေ့ကျင့်ခန်းကို ပုံမှန် လုပ်တာက ကျန်းမာရေး အတွက် အကောင်းဆုံး ဖြစ်မယ်လို့ ထင်မိပါတယ်….။

လူတယောက် အတွက် ကျန်းမာရေးက အရေးကြီးဆုံးပါပဲ။ ကျန်းမာရေး ကောင်းမွန်ပါမှ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လုပ်နိုင်မှာပါလေ…။ လူတယောက်ဟာ ကျန်းမာနေတုန်း ကျန်းမာခြင်းရဲ့ အရေးပါပုံကို မသိပေမဲ့ ရောဂါတခုခု ဖြစ်လာပြီဆိုရင်တော့ ကျန်းမာရေးဟာ ဘယ်လောက် အရေးပါလဲဆိုတာ လက်တွေ့ သိသွားပါပြီ။ ဒါကြောင့် မဖြစ်ခင် ကြိုတင်ပြီး ကာကွယ်တာ အကောင်းဆုံးပါနော်…။ ကြိုတင် ကာကွယ်တဲ့ထဲမှာ ကိုယ်ကာယ လေ့ကျင့်ခန်းကို ပုံမှန် လုပ်သွားခြင်း ကလည်း အဓိက ကျပါတယ်။

ကျမတို့တွေ အချင်းချင်း အပြင်မှာ တွေ့ကြပြီ၊ ဒါမှမဟုတ် ဖုန်းနဲ့ ပြောကြပြီ၊ မေးလ်ပို့ကြပြီ ဆိုရင်လည်း ပထမဆုံး မေးကြတာက `နေကောင်းလား´ တဲ့။ နေမကောင်းဘူး ဆိုရင် ဘာဖြစ်လို့လဲ….၊ ဘယ်လို ဖြစ်တာလဲ….၊ အခုရော…. ဆိုပြီး မေးခွန်းတွေ တန်းစီနေအောင် မေးကြ တော့တာ ပါပဲ။ အကြံဥာဏ် တွေလည်း ပေးကြပေါ့… ဘာလုပ်သင့်တယ်… ဘာစားသင့်တယ်… နဲ့….. ။ အားပေးကြနဲ့ပေါ့…။ ဒါကလည်း နေမကောင်းတဲ့ သူတွေ အတွက်တော့ အားဆေးလေး တခွက်ပါပဲ။

မွေးနေ့မှာ ဆိုရင်လည်း မွေးနေ့မှ စ၍ နောင်နှစ်ပေါင်း အသက် တရာ့နှစ်ဆယ် ရှည်ပါစေတဲ့လေ…။ ဆုတောင်းကြတာများ… ။ အဲလို အသက်ရှည်ဖို့ အတွက် အနေအထိုင်၊ အစားအသောက် ဆင်ဆင်ခြင်ခြင် နဲ့ နေထိုင်ပြီး ကျန်းမာရေး ကို ဂရုစိုက်ရမှာပေါ့။

ကျန်းမာခြင်းသည် လာဘ်ကြီးတပါး လို့ ဆိုတဲ့အတိုင်း ကိုယ်ကိုတိုင် ကျန်းမာရေး ကောင်းမွန်အောင် လုပ်ဆောင်ရင်း…. အကျိုးရှိမဲ့ အလုပ်တွေ လုပ်ကိုင်ရင်း၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်နိုင် ကြပါစေ…။

Wednesday, January 13, 2010

သဘောထား ကွဲလွဲမှုကို ဘယ်လို ဖြေရှင်းကြမလဲ…

မိတ်ဆွေ သူငယ်ချင်း အချင်းချင်း သဘောထား ကွဲလွဲလာရင် ဘယ်လို ပြန်လည် ဖြေရှင်း ကြမလဲ...။

သူငယ်ချင်း အချင်းချင်း ခိုက်ရန်ဒေါသ ဖြစ်ခြင်းဟာ လူတိုင်းလူတိုင်း အတွက် ကောင်းတဲ့ လုပ်ရပ်တခု မဟုတ်ပါဘူး။ မရည်ရွယ်ပဲ ပြောလိုက်တဲ့ စကားတခွန်းဟာ တခြားသူမှာ စိတ်ဒဏ်ရာ ရသွားစေနိုင်ပါတယ်။ တခါတရံမှာတော့ ကျမ တို့တွေ ဟာ မှားတာကို ၀န်မခံချင် ကြပါဘူး။ တောင်းပန်ဖို့လည်း မလုပ်ချင် ကြပါဘူး။ သဘောထား ကွဲလွဲပြီးရင် ပြန်ပြုပြင်လို့ မရဘူး၊ ပြန်ဖြေရှင်းလို့ မရဘူးလို့ ထင်ကြပါတယ်။

သူငယ်ချင်း မိတ်ဆွေတွေ ကြားမှာ သဘောထား ကွဲလွဲမှု၊ ပဋိပက္ခ ဖြစ်လာရင် ပြန်ဖြေရှင်းဖို့ နည်းလမ်းတွေ ရှိပါတယ်။ အဲဒီ နည်းလမ်းတွေ ကတော့ အောက်မှာ ပြောထားပါတယ်…။

အဆင့်(၁)
ငြိမ်ငြိမ် နေပေးပါ။ စိတ်လှုပ်ရှား ထိခိုက်မှု များလာတဲ့ အခါ အကျိုးသင့် အကြောင်းသင့် မစဉ်းစားနိုင်တော့ပါဘူး။ နောက်တဖန် ပဋိပက္ခ ဖြစ်စရာ မစဉ်းစားပဲ ငြိမ်ငြိမ် နေလိုက်ပါ။

အဆင့်(၂)
တယောက်နဲ့ တယောက် လေးစားမှု ရှိပါ။ လေးစားမှု မရှိခဲ့ရင် ပဋိပက္ခကို အခင်အမင် မပျက် ပြန်ဖြေရှင်းနိုင်ဖို့ အလားအလာ မရှိတော့ပါဘူး။

အဆင့်(၃)
တယောက်နဲ့ တယောက် အသိအမှတ် ပြုပါ။ သိပ်ပြီး စိတ်လှုပ်ရှား၊ ဒေါသ ဖြစ်လာတဲ့ အခါမှာတော့ ရှောင်ထွက် သွားလိုက်ပါ။

အဆင့်(၄)
တယောက်နဲ့ တယောက် အချိန် တခု ပေးပါ။ စိတ်ပြင်းထန်မှု လျော့ပါးတဲ့ အချိန်ဟာ ဆင်ခြင်တုံ ရှိတဲ့ အပြုအမူ တခု ပြီးမြောက်ဖို့ အတွက် ကူညီပါလိမ့်မယ်။

အဆင့်(၅)
တယောက်ရဲ့ အချိန်ကို အခြား တယောက်က လေးစားပါ။ တယောက် အသိအမှတ် ပြုခြင်းကို တယောက်က လေးစားပါ။ လူတိုင်း လူတိုင်းဟာ မတူညီ နိုင်ပါဘူး။ ပဋိပက္ခ တခုကို ဖြေရှင်းဖို့ အဆင်သင့် မဖြစ်ခင် မင်းရဲ့ သူငယ်ချင်းက ရက်သတ္တပတ် လိုအပ်ချင် လိုအပ်မယ်။ မင်းကတော့ တရက်ပဲ လိုချင်လိုမှာပါ။ ဒါကြောင့် သူလိုအပ်မဲ့ အချိန်တခုကို ပေးလိုက်ပါ။

အဆင့်(၆)
ဆက်ဆံမှု ပြေပြစ်အောင် နေပါ။ စကားပြော နည်းခြင်းကလည်း ဆိုးတဲ့ ကိစ္စ တခု ဖြစ်ပါတယ်။ အခါအားလျော်စွာ သူနဲ့ ပက်သက်ပြီး သူ့ကို ဂရုစိုက်တဲ့ အကြောင်း သူသိအောင် ဆက်သွယ် ပြောဆိုပေးပါ။

အဆင့်(၇)
ကောင်းမွန်စွာ နားထောင်ပေးပါ။ စူးစူးစိုက်စိုက် နားထောင်ပေးပါ။ သဘောထားကြီးစွာနဲ့ သူ့ရဲ့ အမြင်ကို အာရုံစိုက် နားထောင် ပေးပါ။

အဆင့်(၈)
မင်းပြောမဲ့ စကားလုံးတွေကို ချင့်ချင့်ချိန်ချိန် စဉ်းစားပြီးမှ ရွေးချယ်ပါ။ `မင်းက ဘယ်တော့မှ……….´၊ `မင်းက အမြဲတမ်း…………´၊ `မင်း ဘာဖြစ်လို့……………´ ဆိုတဲ့ ပြစ်တင်သံ ပါတဲ့ စကားလုံးမျိုးကို မပြောမိအောင် ရှောင်ကြဉ်ပါ။

အဆင့်(၉)
`ဒါပေမဲ့…….´ ဆိုတာ မပါ ပါစေနဲ့။ ` ဟုတ်တယ်………..ဒါပေမဲ့´ ဆိုတဲ့ စကားလုံးကို မပြောမိ ပါနဲ့။ အဲလို စကားလုံး တွေဟာ နောက်ဆုံးမှာ စိတ်နာကျင်မှု ကို ဖြစ်စေနိုင်ပါတယ်။ `ငါ နားလည်ပါတယ်……………ဒါပေမဲ့´ ဆိုတာလည်း မပြောမိပါနဲ့။

အဆင့်(၁၀)
ပြီးတာ ပြီးပါစေ။ အခြေခံ တူညီမှု မတွေ့ရင်၊ သဘောထား တိုက်ဆိုင်သည် ဖြစ်စေ မတိုက်ဆိုင်သည် ဖြစ်စေ၊ ပြီးတာ ပြီးပါစေ။ အဲလိုမျိုး မလုပ်နိုင်ခဲ့ရင်တော့ သဘောထား ကွဲလွဲမှု၊ ပဋိပက္ခ ကို ဖြေရှင်းလာနိုင်မှာ မဟုတ်ပါဘူး။

သူငယ်ချင်း မိတ်ဆွေ ချစ်သူ ခင်သူတွေလည်း တခါမဟုတ် တခါတော့ သဘောထား ကွဲလွဲမှု လေးတွေလည်း ရှိကြမှာပါ။ အဲဒီအခါ ဘယ်လို ပြန်ဖြေရှင်းမလဲ ဆိုတာက အရေးကြီးပါတယ်။ ဖြေရှင်းတာ အဆင်မပြေရင်လည်း တယောက်နဲ့ တယောက် ဆက်ဆံဖို့ ခက်သွားပါပြီ…။ ဖြေရှင်းတဲ့အခါမှာ အတတ်နိုင်ဆုံး ကိုယ့်ဘက်က နားလည်မှု ပေးဖို့ လိုအပ်ပါတယ်။ တခြားတယောက်ကို နားလည်မှု ပေးလိုက်တာဟာ ပဋိပက္ခ ဖြစ်တာကို ပြန်ပြီး ဖြေရှင်း သွားနိုင်မှာပါ။ အတတ်နိုင်ဆုံးတော့ တယောက်နဲ့ တယောက် ပဋိပက္ခ မဖြစ်တာ အကောင်းဆုံးပေါ့။ ဖြစ်လာခဲ့ရင်လည်း အကောင်းဆုံး ပြန်ဖြေရှင်းနိုင်ကြပါစေ………..။
http://www.funzug.com/index.php/relationships/how-to-resolve-conflicts-with-friends.html မှ ဘာသာပြန်သည်။

Tuesday, January 12, 2010

ဦးမိုးရေ…

ဒီနေ့ ထိတ်လန့်စရာ ကောင်းတဲ့ သတင်းဆိုးတခု ကြားလိုက်ရတယ်။ မဖြစ်ပါစေနဲ့လို့ ဆုတောင်းခဲ့ပေမဲ့ သက်သေ မှတ်တမ်း ဆောင်းပါးလေးတခုက ရင်ထဲကို ထိုးဖေါက်ပြီး ခဏတာ ငြိမ်သက် သွားမိတယ်….။ စိတ်ထဲကလည်း ဟုတ်ပါ့မလားလို့ တွေးမိနေသေးတယ်။ ပြီးတော့မှ အသိတခု ၀င်လာပြီး ကာယကံရှင် ကိုယ်တိုင် ရေးထားတာမို့လို့ လွဲစရာ မရှိဘူးလို့ သိလိုက်တဲ့အခါ ၀မ်းနည်းမှုက ဘယ်လိုမှ တားဆီးလို့ မရတောပါ့ဘူး။

တဆက်တည်းမှာပဲ ငယ်ငယ်တုန်းက ပုံရိပ်တွေထဲမှာ `ဦးမိုးဟိန်း (ဂျာနယ်ကျော် မမလေးရဲ့သား)´ ကို မြင်ယောင် သွားမိတယ်။ စိတ်ကောင်းရှိပြီး အင်မတန် ရိုးရိုးသားသား အေးအေးဆေးဆေး နေတတ်တဲ့ သူတယောက်ပါ။ ကျမတို့ ငယ်ငယ်က အိမ်ကို အလည်ရောက်လာရင် လက်ဖက် ကြိုက်တဲ့ ဦးမိုးကို အမေက အမြဲ လက်ဖက်သုပ် ကျွေးတတ်တယ်။ ကျမတို့ သိတတ်စ အရွယ်မှာပဲ ဦးမိုးက သက်သက်လွတ် စားပြီး ဥပုသ် အမြဲစောင့်ပါတယ်…။ အိမ်မှာ စကားပြောကြပြီး အဖေနဲ့ အပြင်ထွက် လက်ဖက်ရည် သောက်ကြတယ်…။ အဲဒီအခါ ကျမတို့ကလည်း ဦးမိုး `တာ့တာ´ အိမ်ကို လာလည်အုံးနော်လို့ အမြဲ ပြောနေကြပါ။ ဦးမိုး ကလည်း အေးအေး လာခဲ့မယ် သမီးရေတဲ့။ ညီမလေးကိုတော့ သူခေါ်နေကျအတိုင်း `ဖွားသီလရှင်လေး´ တာ့တာ နော်တဲ့။ မြင်ယောင် နေမိပါတယ် ဦးမိုးရေ……….။ သတိလည်း ရနေပါတယ်……။ အခုအချိန် ဘေးနားကတောင် အားပေးလို့ မရနိုင်တဲ့ အခြေအနေ မို့လို့ ပိုပြီး ၀မ်းနည်းရပါတယ်…။

အဖေကတော့ အရမ်းချစ်တဲ့ သူငယ်ချင်း အတွက် တော်တော်ခံစား နေရတယ်။ အဖေက ဦးမိုးထက် ကြီးတော့ အမြဲတမ်း အဖေ့ကို ကန်တော့နေကြပါ။ ဘုရားတရားလည်း အလွန် ကိုင်းရှိုင်းပါတယ်။ ဒါကြောင့်လည်း `လည်ချောင်းကင်ဆာ´ လို့ သိလိုက်ပေမဲ့ ထိန်းချုပ်နိုင်စွမ်းရှိပြီး ကိုယ့်ကိုကိုယ် တရားနဲ့ ဖြေသိမ့် နိုင်ခဲ့တယ်တဲ့…။ ဒါပေမဲ့ မိသားစုဝင် တွေကတော့ ဘယ်လို ဖြေဆည်လို့ ရနိုင်မှာလဲ………။ ကျမတို့တောင် စိတ်မကောင်း ဖြစ်ပြီး ဘယ်လို လုပ်ပေးရမလဲ လို့စဉ်းစားနေသေးတာ…။ မိသားစု အရင်းဆိုရင် သိလိုက်တဲ့အချိန် ဘယ်လောက်များ ပူဆွေးသောက ရောက်နေမလဲလို့ တွေးရင်း ပိုလို့ စိတ်မကောင်း ဖြစ်ရပြန်တယ်လေ။ `ကင်ဆာ´ ဆိုတာ ဘယ်လိုမှ ကုလို့ မရနိုင်တော့ဘူး ဆိုတာ သိနေပေမဲ့လည်း ဘာလုပ်ရင် ကောင်းနိုင်မလဲဆိုပြီး တဘက်ကလည်း မဖြစ်နိုင်ပါဘူး ဆိုပြီး လွန်ဆွဲ နေပြန်တယ်။

ဦးမိုးက တရားဘာဝနာ စီးဖြန်းနေသူမို့ တည်တည်ငြိမ်ငြိမ် နဲ့ ရင်ဆိုင်နိုင်ပေမဲ့ ပတ်ဝန်းကျင်က တပည့်တွေ၊ ဆွေမျိုး မိတ်ဆွေတွေ ကတော့ အံ့သြမှုနဲ့ မယုံကြည့်တဲ့သူနဲ့ပေါ့…။ ဘယ်လိုပဲဖြစ်ဖြစ် အတတ်နိုင်ဆုံး နေလို့ရအောင် ဆေးကုနိုင်ဖို့ မျှော်လင့်မိတယ်.။

ဦးမိုးရေ….သမီးတို့ညီအမ နှစ်ယောက်နဲ့ လက်ချင်းချိတ်ပြီး ယုံကြည်ချက်တွေကို အံထုတ်ခဲ့တဲ့ အချိန်ကို အရမ်းလွမ်းမိပါတယ်…။ အဲဒီ မြင်ကွင်းကိုလည်း သမီး ဘယ်တော့မှ မေ့လို့မရပါဘူး။ သမီး အဝေး တနေရာကနေ မျက်ရည်ကျနေရပြီ…။

စိတ်ထဲကလည်း ကလေးတယောက် အတွေးနဲ့ ဘာဖြစ်လို့ ဦးမိုးကိုမှ ဒီလောက် ကြောက်စရာ ကောင်းတဲ့ ကင်ဆာရောဂါ လာဖြစ်ရသလဲ လို့တွေးမိနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှောင်လို့မရတော့တဲ့ ရောဂါကို ဦးမိုးပြောသလို ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ ဥတုလေးပါးနဲ့အညီ နေထိုင်မယ်ဆိုရင် လုံးဝပြန်မကောင်းဘူး ဆိုရင်တောင် ဆိုးဆိုးရွားရွား ခံစားရမှာ မဟုတ်ဘူးလို့ ထင်ပါတယ်…။

အခုတော့ ရောဂါကို အေးအေးသက်သာ နဲ့ရင်ဆိုင်နိုင်ပြီး အတတ်နိုင်ဆုံး နေလို့ရအောင် သမီး အဝေး တနေရာကနေပဲ ဆုတောင်း နေပါတယ်…..။

ဦးမိုးရဲ့ သေခြင်းတရား ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပုံ ဆောင်းပါးလေးကို ဖတ်လို့ရအောင် လင့်လေး ပေးထားပါတယ်.။ ဒီလင့်လေး မှာ ဖတ်ကြည့်လိုက်ပါနော်...။

အနိုင်ရဖို့ အားမထုတ်ပါနဲ့….

အမြဲတမ်း ရင်းနှီးချစ်ခင်မှု ရချင်ရင် အနိုင်ရဖို့ချည်း အားမထုတ်ပါနဲ့………။

ချစ်သူ စုံတွဲတွေမှာတောင် မင်္ဂလာဆောင် လက်တွဲကြပြီးရင် ဆက်ဆံရေးတွေ လျော့ကျသွားတတ်ကြတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ တဦးအပေါ် တဦးလွှမ်းမိုးဖို့ ကြိုးစားရင်း၊ တောင်းဆိုချက်တွေ အလွံအကျွံ တောင်းကြရင်းပေါ့။ သူတို့ ချစ်သူတွေရဲ့ အကျင့်ဆိုးလေးတွေကို အချစ်နဲ့ အရာရာ ပြင်ဆင် သွားနိုင်မယ်လို့ ထင်နေကြတယ်။ အမှန်တကယ်မှာတော့ အဲလို မဟုတ်ခဲ့ကြပါဘူးတဲ့…….။

အဲဒီ အယူအဆက တရုတ် စကားပုံ က လာတာပါ………….။ စကားပုံက......
`တောင်ကြီးတွေ၊ မြစ်ကြီး တွေကိုသာ လိုသလို ပြုပြင်လို့ ရချင်ရမယ်……..လူတွေရဲ့စရိုက် ကိုတော့ ကိုယ် လိုချင်တဲ့ ပုံစံဖြစ်အောင် ပြုပြင် ပုံသွင်းဖို့ မလွယ်ကူ ပါဘူးတဲ့…..´

ချစ်သူကို ကိုယ်လိုချင်သလို ပြောင်းလဲပုံသွင်းဖို့ အရမ်းမျှော်လင့်ပြီး ကြိုးစားနေတယ်ဆိုရင် စိတ်မချမ်းသာစရာ တွေ၊ စိတ်ပျက်စရာတွေ ကြုံတွေ့ လာရလိမ့်မယ်။

မျှော်လင့်ချက် နဲနဲနဲ့ ဖြည်းဖြည်းချင်း ပြင်ယူသွားမယ် ဆိုရင် ကိုယ်ဖြစ်ချင်တာတွေ ရလာ နိုင်ပါတယ်........။

တယောက်နဲ့တယောက် အမြဲရင်းနှီးချစ်ခင်နေဖို့ တပါးသောသူကို လွှမ်းမိုးအနိုင်ယူဖို့ မပြုလုပ်မိရင် အကောင်းဆုံးလို့ ထင်မိပါတယ်။ အနိုင်ယူချင်စိတ် များနေရင် တဘက်ကလည်း တဖြည်းဖြည်း စိတ်ပျက် သွားမိပါလိမ့်မယ်။ ဒါကြောင့် တခြားတယောက်အပေါ် တတ်နိုင်သမျှ အနိုင်ယူလို စိတ်မထားမိဖို့ အမြဲ ဆင်ခြင်သင့်တယ်လို့ ထင်ပါတယ်…….

http://www.funzug.com/index.php/relationships/trust-is-important-for-every-relationship.html မှကိုးကားရေးသားသည်။

Saturday, January 9, 2010

ယုံကြည်မှု


တဦးနဲ့တဦး ရင်းနှီးချစ်ခင်ဖို့ ယုံကြည်မှုက အရေးကြီးဆုံးပါပဲ…။ ယုံကြည်မှု မရှိတော့ရင် ခင်မင်မှုလည်း အဆုံးသတ်သွားမှာပေါ့… ။ ယုံကြည်မှု ကင်းမဲ့ခြင်းကနေ သင်္ကာမကင်းဆိုတာလည်း ဖြစ်လာပါပြီ…။ သင်္ကာမကင်းဖြစ်တာဟာ ဒေါသကို ဖြစ်လာစေပါတယ်….။ ဒေါသကနေတဆင့် မလိုမုန်းတီးစိတ်ကို ဖြစ်စေပါတယ်…..။ မလိုမုန်းတီးစိတ်ရဲ့ အကျိုးရလာဒ် အနေနဲ့ကတော့ ကွဲကွာခြင်းဆိုတာပါပဲ…..။ ယုံကြည်မှုကို အလွဲသုံးစား လုပ်ခြင်းကလည်း ရင်းနှီးချစ်ခင်မှုကို ဖျက်ဆီးပစ်စေနိုင်ပါတယ်………။

တဦးနဲ့တဦး မုန်းတီးဖို့ လွယ်ကူပေမဲ့ ရင်းနှီးချစ်ခင်ဖို့တော့ အရမ်းခက်ခဲပါတယ်….။ မိသားစုတစု၊ ဆွေမျိုးမိတ်သင်္ဂဟ၊ ဆရာနဲ့တပည့်၊ သူငယ်ချင်း၊ လုပ်ဖေါ်ကိုင်ဖက်၊ အဖွဲ့အစည်း ကနေ တိုင်းပြည် တခုလုံးအထိ တယောက်နဲ့တယောက် ယုံကြည်မှု ရှိမှ ဖြစ်မှာပါ။ ယုံကြည်မှု မရှိခဲ့ရင် ဘယ်အရာမှ တိုးတက်ပြောင်းလဲလာမှာ မဟုတ်ဘူးလို့ ထင်မိပါတယ်…။ ဒါကြောင့် ခက်ခက်ခဲခဲနဲ့ ရယူထားရတဲ့ ရင်းနှီး ချစ်ခင်မှုမျိုးကို ဘယ်လို အကြောင်းအရာနဲ့မှ အနှောက်အယှက် ဖြစ်အောင် မလုပ်သင့်ပါဘူး။ ရရှိပြီးသား ယုံကြည်မှုကိုလည်း ထိန်းသိမ်းထားရပါမယ်။

အဓိကကတော့ အပြန်အလှန် ယုံကြည်ရပါမယ်။ ကိုယ့်ဘက်ကလည်း တပါးသူ ယုံကြည်အောင် ပြုလုပ်ရမှာပေါ့။ ဒါမှလည်း တပါးသူက ကိုယ့်ကို ယုံကြည်မှု ရှိသွားနိုင်မှာပါ။ ပထမဆုံး ကိုယ့်ဘက်က ရိုးသားတဲ့စိတ်နဲ့ ယုံကြည်ဖို့ လိုလိမ့်မယ် ထင်ပါတယ်……။ ဘယ်သူ့ကိုမှ သံသယနဲ့ မကြည့်မိဖို့ လိုပါမယ်။ သံသယနဲ့ အမြဲကြည့်နေရင်လည်း ယုံကြည်မှု ရှိလာတော့မှာ မဟုတ်ပါဘူး….။ သံသယနဲ့ ဆက်ဆံနေရင်လည်း မလိုလားအပ်တဲ့ ဆိုးကျိုးတွေပဲ ဖြစ်လာမှာပါ…။ ရင်းနှီးမှုရှိဖို့အတွက် သံသယဆိုတာလည်း မထားအပ်တဲ့ အကြောင်းတခုပဲလို့ မြင်ပါတယ်။

ဒါကြောင့် တပါးသူ ပြောတဲ့စကားကို ယုံကြည်မှုနဲ့ နားထောင်ဖို့ အရေးကြီးပါတယ်။ သူ့အပေါ် ယုံကြည်မှု ရှိကြောင်း ပြသလိုက်တာဟာ သူ့အတွက်လည်း ရှေ့လျှောက် ယုံကြည်မှုရှိလာအောင် ပြောဆိုနေထိုင် ဆက်ဆံ ဖို့အတွက် အင်အားတရပ် ဖြစ်သွားမှာပါ…။ အထင်လွဲခဲ့ရင်လည်း အတူတူဖြေရှင်းကြပြီး ပြန်လို့ ယုံကြည်လာအောင် ပြုလုပ်ဖို့ လိုတယ်လို့ ထင်ပါတယ်...။ တယောက်နဲ့တယောက် ယုံကြည်မှု မရှိတော့တဲ့ သူတွေဟာ ဘယ်လောက်ပဲ ဆက်ဆံနေသရွေ့ အဓိပ္ပါယ် ရှိတဲ့ ရင်းနှီးမှုမျိုး မဖြစ်လာနိုင်တော့ပါဘူး……..။ အဓိပ္ပါယ်ရှိတဲ့ ရင်းနှီးမှုမျိုး ဖြစ်လာအောင်ယုံကြည်မှု ရှိတဲ့ အပြုအမူမျိုးနဲ့ ဆက်ဆံဖို့ လိုပါတယ်...။

သူ့အပေါ် ယုံကြည်မှုရှိတဲ့သူတယောက် ဖြစ်အောင် သူ့ကို စကားပြောခွင့် ပြုလိုက်ပါ….။

လူတိုင်းလူတိုင်း ရင်းနှီးချစ်ခင်တဲ့ သူတွေအဖြစ် အမြဲတမ်း ဖြစ်နေကြဖို့ သံသယဖြစ်စေမဲ့ အပြုအမူ၊ အနေအထိုင်၊ အပြောအဆို၊ အလုပ်အကိုင်တွေကို သတိထားပြီး ရှောင်ကျဉ်ကြပါစို့နော်……….

Thursday, January 7, 2010

တာဝန်ဆိုတာ….

လူတိုင်းလူတိုင်းဟာ လောကကြီးထဲကို စပြီးရောက်လာပြီ ဆိုကတည်းက တာဝန်ကိုယ်စီ ပါလာပါပြီ။ ဒီတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ဖို့လည်း ကြိုးစားရပါပြီ။ ငယ်စဉ်ကလေးဘ၀ ကျောင်းစတက်ပြီ ဆိုတာနဲ့ စာသင်ဖို့ တာဝန်ရှိလာပါပြီ။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ် အဆင်ဆင့် အောင်မြင်အောင် လုပ်ကြရပြီလေ….. အဲဒီအခါ မိမိတာဝန်ကို မိမိကျေပွန်အောင် မလုပ်နိုင်ခဲ့ရင် အောင်မြင်မှု ဆိုတာ ရလာမှာမဟုတ်ပါဘူး။ မိဘကလည်း မိဘတာဝန် ကျေပွန်အောင် အစွမ်းကုန် မေတ္တာထားပြီး ပေးဆပ်ကြပါတယ်။ မိဘတိုင်းကတော့ သားသမီးအပေါ်မှာ တာဝန်ကျေတာထက် အများကြီးပိုပါတယ်။ (သားသမီးတွေကသာ ဘယ်လောက် တာဝန်ကျေအောင် လုပ်နိုင်ကြပါပြီလဲလို့………)။ အဲဒီလိုပဲ အလုပ်သမားကလည်း အလုပ်သမားတာဝန်၊ ဆရာဝန်ကလည်း ဆရာဝန်တာဝန်၊ လယ်သမားကလည်း လယ်သမားတာဝန်၊ ကျောင်းသားကလည်း ကျောင်းသားတာဝန် သူ့နေရာနဲ့သူ တာဝန်တွေ ထမ်းနေရတာပါပဲ။
ကျောင်းပြီးလို့ လုပ်ငန်းခွင် ၀င်ကြရပါပြီ။ မိမိရဲ့လုပ်ငန်းခွင်ထဲမှာလည်း မိမိတာဝန်ကျေပွန်ဖို့ လိုပါတယ်။ ဒါမှလည်း မိမိရဲ့လုပ်ငန်းကို မိမိလေးစားရာ၊ မြှင့်တင်ရာ ရောက်မှာပေါ့…….. မိမိရဲ့တာဝန်ကို မိမိမကျေပွန်တာကို အခြားသူတွေ မသိခဲ့ရင်တောင် မိမိကိုယ် မိမိတော့ သိနေကြမှာပါ။ ဒါဆိုရင် ကိုယ့်ကိုကိုယ် တခုခု လိုအပ်နေပြီလို့ ခံစားကြရမယ် ထင်ပါတယ်။ အဲဒီလို မခံစားမိပဲ နေနိုင်တဲ့သူဆိုရင်လည်း တာဝန်ကို မသိလို့ မဟုတ်ပဲ မသိချင်ဟန်ဆောင်တာမျိုးပဲ ဖြစ်ပါလိမ့်မယ်။ ဘယ်လိုလူမျိုးမဆို ကိုယ့်တာဝန်ကို ကျေပွန်အောင် လုပ်နိုင်ခြင်းကသာ လူပီသတဲ့ လူသားတယောက် ဖြစ်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါမှလည်း အဆင့်ဆင့် တိုးတက်ပြောင်းလဲလာမဲ့ လူမှုအဖွဲ့အစည်း ဖြစ်လာမှာပါ…..

မိမိတာဝန်ကို မိမိကျေပွန်အောင် လုပ်နိုင်မှ အများတာဝန်ကိုလည်း ကျေပွန်အောင် လုပ်ဆောင်နိုင်လာကြမှာပါ။ မိမိတာဝန်ကိုမှ မိမိမကျေပွန်တဲ့သူဟာ အများတာဝန်ကို လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ အရေးကြီးတာကတော့ မိမိရဲ့စိတ်ကသာ အဓိက ဖြစ်ပါတယ်..... စိတ်ကသာ တာဝန်ဆိုတာကို အလိုလို သိနေမယ်ဆိုရင် အလုပ်ကိုလည်း အလိုအလျောက် လုပ်နိုင်လာမယ်လို့ ထင်ပါတယ်။ မိမိရဲ့ အသိစိတ်နဲ့ မိမိလုပ်တာသာ ပိုကောင်းပါတယ်။ မိမိတာဝန်ကို မိမိထမ်းဆောင်နိုင်ပြီဆိုရင် အများအတွက်လည်း လုပ်နိုင်လာပါပြီ.....

မိမိ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးအတွက် တာဝန်ထမ်းဆောင်နေတဲ့ သူတွေကိုတော့ ရင်ထဲက လေးလေးနက်နက် လေးစားဂုဏ်ယူနေမိတယ်…..။

ကိုယ်ထမ်းဆောင်ရမဲ့ တာဝန်ကို မယူပဲ နေတဲ့သူဟာ လူ့လောကကြီးကနေ တဖြည်းဖြည်း ဝေးရာကို သွားနေတာနဲ့ တူသွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်တာဝန်ကို ကျေပွန်အောင် အစွမ်းကုန်ကြိုးစားရင်း ကိုယ့်ရဲ့ လူ့အဖွဲ့ကြီး တရပ်လုံးကို အလှဆင်ကြပါစို့နော်………

Thursday, December 31, 2009

၂၀၀၉ ကုန်လို့ ၂၀၁၀ ကိုတောင် ၀င်လာပေါ့…

၂၀၀၉ ကုန်ပြီး ၂၀၁၀ တောင် ၀င်လာတော့ မှာပါလား...... ၂၀၀၉ကို ဘာနဲ့နှုတ်ဆက် မလဲလို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်တော့ ဘာအဖြေမှ ထွက်မလာဘူး။ ၂၀၁၀ ကိုရော ဘာနဲ့ကြိုဆိုရမလဲ………..

၂၀၀၉ မှာ ကိုယ်ဘာတွေ လုပ်ခဲ့သလဲ လို့ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ် ကြည့်တယ်။ ၂၀၀၉ မှာ ၀မ်းသာစရာတွေ၊ ၀မ်းနည်းစရာတွေ အများကြီးနဲ့ ကြုံတွေ့ခဲ့ ရတယ်။ ဝေးကွာနေတာ ကြာပြီဖြစ်တဲ့ အကို အကြီးဆုံး ကို ပြန်တွေ့လိုက် ရလို့ အရမ်း ၀မ်းသာခဲ့ရတယ်။ သိပ်ချစ်ရတဲ့ ဖေကြီးနဲ့မေကြီး ပြီးတော့ ညီမလေးနဲ့ ဝေးကွာ ခဲ့ရတယ်။ ကျွန်မ ဘ၀ အတွက်တော့ အကြီးမားဆုံး ၀မ်းနည်းမှု ပဲပေါ့။ ဘယ်တော့ ပြန်ဆုံနိုင်ကြမလဲ လို့ စဉ်းစားရင်း နေ့ပေါင်း များစွာ ကျော်ဖြတ်ခဲ့ ရတယ်။

ကျွန်မ အတွက်တော့ အရမ်းကြာ သလိုပဲ ခံစား နေရတယ်။ မိဘတွေ နဲ့တော့ ဝေးကွာခြင်း ဆိုတဲ့ ခံစားမှုကို ပထမဆုံး… ကြုံတွေ့လိုက် ရတာပေါ့။ ပြီးတော့ စိတ်ထဲ မွန်းကျပ်လာရင် ရေးဖို့ ဘလော့လေး တခု လုပ်ဖြစ်တယ်။ ကုသိုလ် ကောင်းမှုကတော့ နေ့စဉ် ဘုရားရှီခိုးတာပဲ ရှိတယ်။ တခြားသူ အားလုံးကို မေတ္တာနဲ့ ဆက်ဆံနိုင်အောင် ကြိုးစားခဲ့တယ်။ သည်းခံစရာ ရှိရင် အစွမ်းကုန် သည်းခံ နိုင်အောင် ကြိုးစားခဲ့တယ်။ တခြား ချို့တဲ့သူ တွေကို..... ကူညီနိုင်ဖို့ စိတ်ထဲ ရှိသလို မဖြစ်ခဲ့ သေးဘူး။ အကျဉ်းထောင် အသီးသီး ထဲက နိုင်ငံရေး ယုံကြည်ချက် ကြောင့် ဘ၀ တွေကို ပေးဆပ် နေကြတဲ့ အကျဉ်းကျ ရဲဘော်တွေ ကို မေ့မရခဲ့ဘူး။ သိပ်ချစ်ရတဲ့ သူငယ်ချင်းတွေ ကိုလည်း သတိရ စိတ်နဲ့ လွမ်းနေရတုန်း ပေါ့။ ဘယ်အချိန်လောက် အထိ လွမ်းနေရ အုံးမယ် ဆိုတာ ဘယ်သူမှခန့်မှန်းလို့မရ ပါဘူးလေ………. အဲလို ဆိုတော့ အလွမ်း တွေနဲ့ပဲ နှုတ်ဆက် လိုက်ပါတယ် ၂၀၀၉ရေ………….

၂၀၁၀ ကိုတော့ ရောက်လာခဲ့ပြီ။ မထူးခြားတဲ့ လုပ်ရိုးလုပ်စဉ် တွေကိုပဲ လုပ်နေရမယ် ထင်တယ်။ ၂၀၁၀ မှာ ရွေးကောက်ပွဲ ကလည်း ဘယ်အချိန်မှန်း မသိသေးတော့……`၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ´ တုန်းကလိုပဲ ပြီးသွားမှာလား…… ဒါဆိုရင်တော့ မြန်မာပြည်ကြီး စစ်ကျွန်အောက် မှာ ပြားပြား ၀ပ်နေရအုံး မှာပေါ့။ ဒါကြောင့် မြန်မာပြည်သူတွေ အားလုံး မကြောက်မရွံ့ … ရဲရဲရင့်ရင့်နဲ့ ညီညီညွတ်ညွတ် ရင်ဆိုင်ပြီး အံတု နိုင်ခဲ့မယ် ဆိုရင် တမျိုးတဖုံ ပြောင်းလဲ သွားနိုင်မယ် လို့ ယုံကြည်တယ်လေ....

အဲဒီအခါမှာ ကျမ အနေနဲ့ နှမ်းတစေ့ အနေနဲ့ပဲဖြစ်ဖြစ် ပါဝင်နိုင်ဖို့ မျှော်လင့်မိ ပါတယ်… ဒါမှလည်း အကျဉ်းထောင် ထဲမှာ အကျဉ်းကျနေတဲ့ သူတွေ အတွက် မျှော်လင့်ခြင်း ဆိုတာ ဖြစ်လာ မှာပေါ့။ ၂၀၁၀ မှာ မြန်မာပြည်ကြီး လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှု၊ အနာဂတ် အလင်းရောင် တွေနဲ့ ရောင်နီ ထွန်းလင်းလာမဲ့ အချိန် ကိုမျှော်လင့်ရင်း… ၂၀၁၀ကို နွေးထွေးစွာနဲ့ ကြိုဆိုလိုက်ပါရစေတော့………….

နှစ်သစ်မှာ မင်္ဂလာ အပေါင်းနဲ့ ပြည့်ဝကြပါစေလို့ နှုတ်ခွန်းဆက် မေတ္တာ ပို့သ လိုက်ပါတယ်........

Wednesday, December 30, 2009

နှစ်သစ်ကူးနေ့သမိုင်းအကျဉ်း


လူ့သမိုင်းတွင် ပြက္ခဒိန်နှင့် ပတ်သက်၍ ပုံစံဟောင်း၊ ပုံစံသစ်နေ့ စွဲများဖြင့် ပြုစုခဲ့ကြသော(ဂျူလီယန်ပြက္ခဒိန်) နှင့် (လူနီဆိုလာပြက္ခဒိန်) ဟူ၍ရှိခဲ့သည်။ ပြက္ခဒိန်များအနက် ရောမပြက္ခဒိန်ဟောင်းတွင် နှစ်သစ်ကူးနေ့ကို မတ်လ(၁)ရက်နေ့ ဖြစ်ကြောင်း သတ်မှတ်ခဲ့ကြသည်။ နှောင်းကာလ တစ်ခုရောက်မှ ဇန်နဝါရီ(၁)ရက်ကို အများဆန္ဒ မရှိခဲ့ကြသော်လည်း ထိုနေ့ကို ပြဌာန်းခဲ့ကြကြောင်း သမိုင်းတွင် ရှိခဲ့ပြန်သည်။ ခုနှစ်မှာ ဘီစီ၁၅၃ ဖြစ်သည်။ သမိုင်းခေတ် တခေတ် ဖြစ်ခဲ့သော ‘ခေတ်လယ်’ဟု ခေါ်တွင်သည့် ခေတ်တလျှောက်လုံး ယေရှုခရစ်ကို အမှတ်တရ အဖြစ် အထိမ်းအမှတ် ဖြစ်အောင်ဟု ဆိုကာ မတ်လကဲ့သို့ နေ့နှင့်လ တူညီသည့် ကာလကို ပျော်ပွဲရွှင်ပွဲ အခမ်းအနားများ ကျင်းပ ခဲ့ကြပြန်သည်။ (၇)ရာစုနှစ်များက ဘာသာရေး ကိုးကွယ်မှု မရှိသူများကြား နှစ်သစ်ကူးနေ့တွင် လက်ဆောင် အပြန်အလှန် လဲလှယ်ရေး ဓလေ့ထုံးစံ ကိုပြုလုပ်လာ ကြသည်။ သို့ရာတွင် ယင်းထုံးစံကို သူတော်စင် အဲလီဂျီးယပ်(စ်) ဆိုသူက ကန့်ကွက်ခဲ့သည်။ ဂရီဂိုရီယန် ပြက္ခဒိန် အတည်မပြုခင်၊ အနောက်ဥရောပနိုင်ငံအများစုတွင် ဇန်နဝါရီ(၁)ရက်ကို နှစ်သစ်ကူးနေ့အဖြစ် တရားဝင် ပြုလုပ်ခဲ့ကြသည်။ ဂရီဂိုရီယန် ပြက္ခဒိန် အတည်ပြုသည်အထိ မတ်လ၂၅ရက် ကိုတရားဝင် ကျင်းပခဲ့ကြရာက နှစ်သစ်ကူးနေ့ အဖြစ် ပါကျင်းပခဲ့ကြသည်။ ထိုကျင်းပသည့် ခုနှစ်မှာ ၁၇၅၂ခု ဖြစ်သည်။
ရိုးရာခရစ်ယန် ဘာသာဝင် တချို့၏ ယုံကြည်မှုများ အရ ခရစ်စမတ် ပွဲတော်အပြီး ရှစ်ရက်မြောက်နေ့ သည် နှစ်သစ်ကူးနေ့ဖြစ်ပြီး၊ ယင်းနှစ်ရက် တို့သည် ဘာသာရေး ယုံကြည်မှုများနှင့် ဆက်စပ်မှု ရှိသည်ဟု ဆိုသည်။ အကြောင်းမှာ ကမ္ဘာ့နိုင်ငံ အများစုတွင် အသုံးပြုကြသော အနောက်နိုင်ငံ ပြက္ခဒိန်သည် (အေဒီ)ကို အခြေခံ သောကြောင့်ဖြစ်သည်။ ထို့ပြင် မြောက်ကမ္ဘာခြမ်းတွင် နှစ်တနှစ်၏ အတိုဆုံးနေ့ဖြစ်ပြီး တောင်ကမ္ဘာခြမ်း၏ အရှည်ဆုံးနေ့ ဖြစ်သောကြောင့်ဟု အဆိုရှိသည်။

တနှစ်တာအတွင်း ကုန်ဆုံးခဲ့သည့် အဖြစ်အပျက်များ၏ နိဂုံးကို ရေဒီယို၊ တယ်လီဗေးရှင်း နှင့် သတင်းစာ များတွင် ပြောဆိုရေးသား ပြသလေ့ရှိသဖြင့် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်းနေ့ အဖြစ် ဇန်န၀ါရီလ(၁)ရက်နေ့ ကို အများက လက်ခံ လာကြသဖြင့် `နှစ်သစ်ကူးနေ့´ဟု သတ်မှတ်ခဲ့ကြ ပေသည်။ တနှစ်တာ အတွင်း ထူးခြားသော နိုင်ငံရေး အဖြစ်အပျက်များ၊ သဘာဝ ဘေးအန္တရာယ်များ၊ တေးဂီတနှင့် အနုပညာ ဆိုင်ရာ လုပ်ငန်းများ၊ ထူးခြားသည့် ပုဂ္ဂိုလ်များ ကွယ်လွန်သွားသည့်ကိစ္စရပ်များကို ပြန်လည် သုံးသပ်ပြသဖြင့် နှစ်သစ်ကူးနေ့ ကို ဇန်န၀ါရီ(၁)ရက်နေ့အား အများက လက်ခံ အတည်ပြု လာခဲ့ကြသည်။

ခရစ်ယာန် ဘာသာဝင်နိုင်ငံ အများအပြားသည် ဇန်န၀ါရီ(၁)ရက်နေ့ ကို နှစ်သစ်ကူးနေ့ အဖြစ် သတ်မှတ် ကြခြင်းမှာ အဆင့်ဆင့် ပြောင်းလဲခဲ့ကြသော ပြက္ခဒိန်ကြောင့် ဟု စာပေများတွင် ရေးသား လာကြသည်။ ပြက္ခဒိန် ဆိုသည်မှာ နေ့များ၊ ရက်သတ္တပတ်များ၊ လများစုပေါင်း ထားခြင်းကို ဆိုလိုကြသည်။ ယနေ့သုံးစွဲ နေကြသည့် ပြက္ခဒိန်အရ တနှစ်တွင် ၃၆၅ရက် (သို့) ရက်သတ္တပတ် ၅၂ပတ် (သို့) လ၁၂လ ဟု သတ်မှတ်ကြသည်။ သို့ရာတွင် ၄နှစ်တကြိမ် ၁ရက်တိုးသဖြင့် ၃၆၆ရက် ဟု သတ်မှတ်ကြသည်။ အများ လက်ခံသည့် ပြက္ခဒိန်တခု ဖြစ်မြောက်အောင် လုပ်ရသည့် ကိစ္စမှာ လွယ်ကူသည့်ကိစ္စမဟုတ်ပေ။ နေ့ တနေ့ သတ်မှတ်သည့် ကိစ္စမှာ လွယ်ကူသော်လည်း နှစ်တနှစ် သတ်မှတ်ရသည့် ကိစ္စမှာ မလွယ်ကူပေ။ ဤတွင် ပြက္ခဒိန် အကြောင်း အနည်းငယ် သိရန် လိုပေမည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၆၀၀၀ ကျော်ကျော်က အီဂျစ် နိုင်ငံတွင် ပထမဆုံး ပြက္ခဒိန်ကို အသုံးပြု ခဲ့ကြသည်။ အီဂျစ် ဘုန်းတော်ကြီးများသည် ရက်၊လ၊နှစ် တို့ကို တိတိကျကျ သိရှိရန် လုပ်ကိုင် ခဲ့ကြသော်လည်း ထိုစဉ်က နှစ်သစ်ကူးနေ့ကို မသတ်မှတ် နိုင်ခဲ့ကြပေ။ ဤပြက္ခဒိန်ကို တချို့  ယနေ့တိုင် သုံးစွဲ နေကြဆဲဖြစ်သည်။

နှစ်ထောင်ပေါင်း များစွာ ကြာပြီးနောက် ခရစ်တော် မွေးဖွားသည့် နှစ်၏ နောက်ပိုင်းနှစ်များ ဟူ၍၄င်း၊ ရှေ့ပိုင်းနှစ် များဟူ၍၄င်း သတ်မှတ် လာခဲ့ကြသည်။ ခရစ်မမွေးခင် နှစ်များကို ဘီစီဟု၊ ခရစ် မွေးဖွားပြီးနှစ်များကိုအေဒီ ဟုခေါ်ဆိုသည်။ ၁၆ ရာစုတွင် ရိုမန်ကက်သလစ်ဘုရားကျောင်းတွင် ၁၃ ယောက်မြောက် ပုပ်ရဟန်းမင်းကြီး ဂရီဂိုရီသည် တိကျ မှန်ကန်သည့် ပြက္ခဒိန်တခုကို သတ်မှတ်ခဲ့ရာ ထိုပြက္ခဒိန်ကို ဂရီဂိုရီယန် ပြက္ခဒိန် ဟုခေါ်ဆို ခဲ့ကြသည်။

သို့ရာတွင် ပရိုတက်စတင့် ဘာသာဝင်များက အထက်ပါ ပြက္ခဒိန်ကို လက်မခံကြချေ။ မည်သို့ပင် ဖြစ်စေ နိုင်ငံတိုင်း တွင် အသုံးပြုလျက် ရှိသော ယနေ့ကာလ ပြက္ခဒိန်မှာ ဂရီဂိုရီယန် ပြက္ခဒိန် ဖြစ်လာခဲ့သဖြင့် နောက်ထပ် အသစ် ပြောင်းလဲ လာစရာ အကြောင်းမရှိတော့ချေ။ ထို့ကြောင့် တနှစ်တွင် ၁၂လရှိရာ ပထမ ဆုံး လဟု သတ်မှတ်ခဲ့သော ဇန်န၀ါရီလ (၁)ရက်နေ့ သည် နှစ်သစ်ကူးနေ့ တနေ့ဖြစ်လာကြောင်း သမိုင်းက သက်သေ ထူခဲ့ပြီ။ ဘာသာရေး အရ နှစ်သစ်ကူးနေ့များ ကွဲပြားမှုများ ရှိကြသော်လည်း နိုင်ငံ အများစု လက်ခံလျက် ရှိနေသည်မှာ………………………

ဇန်န၀ါရီလ(၁)ရက် နေ့ သည် နှစ်သစ်ကူးနေ့ ။ ။

Ref: http://en.wikipedia.org မှ ဘာသာပြန်ဆိုထားသည်။

Tuesday, December 29, 2009

ရေပူစမ်းသို့…

တက်ခဲ့ကြတဲ့ကျောက်တောင်ကြီး
ရေပူစမ်း(ကြက်ဥ၊ ငုံးဥပြုတ်လို့ရတဲ့နေရာလေး)
အလုပ်ပိတ်ရက်မှာ မိတ်ဆွေတွေနဲ့ (မယ်ကစာ)ရေပူစမ်းကို သွားဖြစ်ခဲ့တယ်။ ကျမတို့လည်း ရေပူစမ်း သွားချင်တာရယ် ကျောက်တောင်ကြီးပေါ် တက်ပြီး ဂူထဲ ၀င်ကြည့်ချင်တာရယ်ကြောင့်ပါ။ ရေပူစမ်းရဲ့ ဘေးနားမှာ ကျောက်တောင်ကြီး ရှိတယ်လေ။ အဲဒီကျောက်တောင်ပေါ် အဆုံးအထိ တက်သွားပြီးရင် ဂူပေါက်ကြီး ရှိတယ်။ ကျောက်တောင်ပေါ် အထိကိုပဲ တော်တော် တက်ကြရတယ်။ ကျမတို့လည်း ရေပူစမ်းမှာ ခနပဲနေပြီး ကျောက်တောင်ပေါ် ကိုတက်ခဲ့ကြတယ်။ နားနားပြီး တက်ရတာပေါ့။ ကျမတို့ တလမ်းလုံး စကားတွေ ပြောကြ၊ နောက်ပြောင် ကြနဲ့ပဲ တက်ခဲ့ကြတယ်။ လမ်းပြဌားထားတော့ လမ်းပြကပဲ နားကြပါ… အေးအေးဆေးဆေး တက်ပါတဲ့…….ကျမတို့ထဲက မိတ်ဆွေက လမ်းပြစိတ်ညစ်ပြီး ပြန်သွားရင် ဘယ်လို လုပ်မလဲတဲ့။ (နားကြတာ များနေလို့လေ………) မထင်လိုက်ပါနဲ့ သူပါရောပြီး ပျော်သွား လိမ့်မယ်လို့။ တောင်ပေါ်ကိုတက် နေရတာ ကလည်း ကျိုက်ထီးရိုးကို တက်နေ ရသလိုပဲလေ… (ကျိုက်ထီးရိုးအလွမ်းပြေပါပဲ)။ မောမောနဲ့ပဲတက် လိုက်ကြတာ အပေါ်ဆုံးကို ရောက်သွားပါတယ်။ အဲဒီမှာ ဂူပေါက်ဝက ဆီးကြိုနေတာပေါ့။ ဂူပေါက်ဝမှာ ခန အမော ဖြေကြပြီး လမ်းပြက ဂူထဲကို ၀င်ကြမယ်တဲ့… အဲဒီ ဂူပေါက်ထဲကို ၀င်သွားပြီးတော့မှ တောင်ရဲ့အောက်ဆုံး ထိ တဆင့်ပြီးတဆင့် ဆင်းသွားရတယ်။ တဆင့်ဆင်း သွားလိုက် ဂူဝအကျယ်ကြီး တွေ့လိုက်၊ နောက်တဆင့် ဆင်းသွားလိုက် ဂူပေါက်အကျယ်ကြီး တွေ့လိုက်နဲ့ အဆင့်အားလုံး ၉ဆင့်ကို ဆင်းသွားခဲ့ရတယ်။ အံ့သြစရာ ကောင်းတဲ့ သဘာဝ ကျောက်ဆောင်ကြီး တွေနဲ့ တလက်လက် ဖြစ်နေတဲ့ ကျောက်ဆွယ်တွေ ကျောက်စက်ရည် တွေနဲ့ တချို့ဂူပေါက်ဝ ကျတော့ တိမ်တိုက်တွေလို အဆုတ်လိုက် အဆုတ်လိုက်ကြီးတွေပေါ့။ တချို့ဂူပေါက် တွေမှာတော့ မီးလုံးတွေ ရှိတယ်… လမ်းပြဌားပြီး သွားခဲ့အတွက်တော့ သေသေချာချာ ကြည့်ခဲ့ရတယ်။ ဆင်းရတဲ့ လမ်းတွေက ချောပြီး တယောက်လက် တယောက်ကိုင်ပြီး ဆင်းရတယ်။

အောက်ဘက်ကိုထိုးကျနေတဲ့ကျောက်ဆွယ် ဂူထဲကကျောက်ဆွယ်ကြီး

ဂူဝတခုထဲကတလက်လက်ကျောက်ဆွယ်

ဂူနံရံတွေပေါ့

ပြီးတော့လည်း လမ်းတွေက တော်တော် ကြမ်းတယ်။ လမ်းပြက တဆင့်ပြီးတဆင့် ရောက်တိုင်း ဒါကတော့ ပထမဆင့်၊ ဒါကတော့ ဒုတိယအဆင့်နဲ့…….ပြောသွား လိုက်တာ ကျမတို့မှာ တဆင့်ပြီးတိုင်း တဆင့်ပြီးတိုင်း ရောက်တော့ မှာပါလား ဆိုပြီး ၀မ်းသာ နေလိုက်ကြတာများ… လမ်းခရီးကကြမ်း၊ မှောင်ကလည်း မှောင်နဲ့ ဓါတ်ပုံတွေ ကလည်း ရိုက်လိုက်နဲ့ စိတ်ရှည်တဲ့ လမ်းပြမို့လို့သာပဲ။ ကျမတို့လည်း ဒီလို နေရာမျိုးကို တခါမှ မရောက်ဖူးတော့ ပျော်လိုက်တာများ. လမ်းခရီး ကြမ်းတာတောင် ဘာမှ မဖြစ်သလိုမျိုး…. လမ်းပြ ကလည်း ကျမ တို့ကို ကြည့်ပြီးပြုံးလို့.. သူပါရောပြီး ပျော်နေတာ လို့ထင်ရတယ်… ဟိုးအောက်ဆုံး အဆင့်ရောက်တဲ့ အခါမှာတော့ ရေတွေနဲ့ ပြည့်နေတဲ့ အိုင်ကြီးပေါ့။ အဲဒီ ရေထဲမှာ အသည်းပုံ ရေအိုင်လေး တခုလည်းရှိတယ်။

ဂူရဲ့အောက်ဆုံးအဆင့်ကရေအိုင်မှာဒီလို အသည်းပုံ ရေအိုင်လေးရှိတယ်

ကျမတို့လည်း ရေထဲကို ဆင်းကြတာပေါ့… အဲဒီရေအိုင်မှာ ခနနေပြီးတော့မှ ပြန်တက် လာခဲ့ကြတယ်။ အတက် ခရီး မှာတော့ အဆင်းတုန်းကထက် ပိုမြန် နေတယ်လေ… သဘာဝကြီးရဲ့ ဆန်းကျယ်မှု ကိုတော့ အံ့အား သင့်မိတယ်။
တောင်အောက် ပြန်ဆင်းတော့ အတက် တုန်းကလို မမောတော့ပါဘူး။ ဆင်းတာများ မြန်လိုက်ကြတာ…. တချို့ကလည်း ရေပူကန်မှာ ရေကူးဖို့တာ ဆူနေလေရဲ့…. ကျမတို့လည်း ရေပူစမ်းပြန်ရောက်ပြီး မောမောနဲ့ နားနေ လိုက်တယ်… ရေလည်း မကူး နိုင်တော့ပါဘူး။ သူတို့တွေ ကူးကြတာကိုပဲ ကြည့်ပြီး နေလိုက်တော့တယ်။ ပြီးတော့မှ ကျမတို့လည်း ပြန်လာခဲ့ကြတယ်... အပြန် လမ်းခရီးမှာတော့ အသွားနဲ့မတူ အတွေးပေါင်း များစွာနဲ့ပေါ့... ရေပူစမ်း ကတော့ ဝေး၍..........ဝေး၍.................
(ပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်လေးတခုဖြစ်ခဲ့ပါတယ်)