Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts

Thursday, December 19, 2013

တချိန်ကဆောင်း…

ဒီဇင်ဘာ ဆောင်းည၏ အအေးဒဏ်ကို အံတုရင်း နှင်းခဲလေးများ ဖွေးနေအောင် ကျနေသော လမ်းကလေးပေါ်သို့ ရောက်သွားခဲ့သည်။ နှင်းခဲလေးများကို တို့ထိကစားနေရင်း အဆုပ်လိုက်ဖြစ်နေသော နှင်းခဲထုကြီး တခု ကျွန်မလက်ထဲသို့ ရောက်ရှိနေခဲ့ သည်ကို ကျင်ကနဲဖြစ်သွားသော တုံ့ပြန်မှု တခုမှ တဆင့် ခံစား သိရှိ လိုက်ရသည်။ 
 
ထိုခံစားမှုနှင့်အတူ လွန်ခဲ့သော ဆယ်စုနှစ်ခန့်က နှင်းခဲများ ရှိမနေပဲ ထူပိန်း မည်းမှောင်နေသော နှင်းထု ဝန်းကျင်တခု၏ လမ်းကလေးပေါ်တွင် အေးချမ်းမှု၊ ရုန်းကန်မှု၊ ကြိုးစားမှုနှင့် ပျော်ရွှင်မှုတို့ ပေါင်းစုပြီး လျှောက်လှမ်းခဲ့ရသော အချိန်တခု ဆီသို့ ရောက်သွား ခဲ့လေသည်။

မကုန်ဆုံးချင်သော အချိန်တခုကို ညွှန်းပြပါဆိုလျှင် ထိုအချိန်သည်သာ ကျွန်မဘဝ၏ နွေးထွေးမှုတို့ ခံစားရာ၊ ဘဝတခု၏ ချစ်ခင်ရသော သူများနှင့် ဆုံစည်းရာ ဖြစ်ခဲ့သလို နူးညံ့သော အပြုံးတခု၏အောက်တွင် နှလုံးသားများ နာကျင်ရာ အချိန်တခု ဖြစ်ခဲ့ပေသည်။ 

ရေတမာပင်လေးများ စီတန်းနေသော လမ်းပေါ်တွင် လျှောက်လှမ်းခွင့် ရခဲ့သော အချိန်တခုကို နှမြောတသစွာ လွမ်းဆွတ် တမ်းတနေသော ကျွန်မ၏ ပြင်းလှသော နှလုံးခုန်သံကို  အသာအယာ ဖိနှိပ်ရင်း တည်မြဲခြင်းတရား တခုဖြစ်သော မတည်မြဲခြင်းကိုသာ အောက်မေ့နေမိတော့သည်။

နှလုံးသားချင်းနီးစပ်ရာ ဖြစ်သော အကောင်းအဆိုး တိုင်ပင်ရာ အပေါင်းအဖေါ်များလည်း ကျွန်မနှင့် ထပ်တူ တမ်းတနေပေလိမ့်မည်။ စစ်ကိုင်းလမ်းဘေးရှိ ကံ့ကော်ရွာဟုခေါ်တွင်သော ရွာအစုအပေါင်းထဲတွင် ရွာချင်း နီးကပ်စွာ ဘေးချင်းကပ် ထိုင်နေသော်လည်း အလွန် ဝေးကွာလွန်းလှသော သူတယောက်၏ စကားသံများကြား တိတ်ဆိတ်စွာ အရည်ပျော်ခဲ့ ရဖူးသော အချိန်တခုကိုလည်း တမ်းတနေမိလေသည်။

လက်တွေ့ ခန်းမကြီးထဲတွင် အဖြေရှာဖွေ ခဲ့ကြသည်မှာ ခက်ခဲသောအချိန် ဖြစ်ခဲ့သော်လည်း ရလာဒ်ကောင်းတခု ထွက်ရန် ကြိုးစားခဲ့ကြသော အချိန်အဖြစ် ချမ်းအေးသော ရာသီခွင်၏ မှတ်မှတ်ရရ တည်နေရာ တခုဖြစ်ခဲ့သည်။

အခြားသူတစ်ဦး၏ အားဆေးသဖွယ် တင်စားခြင်းခံရပြီး အားကိုးမှုအပြည့်နှင့် အားပေးသော သူတချို့၏ ပုံရိပ်တို့ ထင်ဟပ် လာသော အချိန်တခု ရင်ထဲရောက်ခိုက် အမျိုးအမည် မသိသော ခံစားမှုတခုက ဆို့နစ် လာခဲ့လေသည်။ ထိုအခိုက် ကျွန်မရင်ထဲ နွေးထွေးမှုကို ဖမ်းစားနိုင်ခဲ့သော အချိန်တခုလည်း ဖြစ်ခဲ့ပြီး ကျွန်မ၏အပြုံးတချက် လှစ်ကနဲ ဖြစ်သွားခဲ့ သည်ကို ကျွန်မမှလွဲ၍ သိနိုင်မည် မဟုတ်ခဲ့…။

ထိုအပြုံးသည် မည်မျှကြာခဲ့သလဲဟု ဆိုလျှင် မာနတခု လွန်ဆွဲခဲ့ရသော ကာလလည်း ဖြစ်ခဲ့လေသည်.။ 

ကျွန်မအပြုံး၏ နောက်ကွယ်တွင် ချစ်စဖွယ် မျက်စောင်းများကို အပြုံးနှင့်ခံနိုင်ရည် ရှိခဲ့သည်မှာ အနွေးထည်ထူထူ ဝတ်ဆင်ထားပြီး နူးညံ့ငြင်သာသော အပြုံးတခုကြောင့်ပင်..ဖြစ်လေသည်။

တရွက်ပြီးတရွက် ကျန်ရစ်ခဲ့သော ပြက္ခဒိန် စာမျက်နှာထက်ရှိ အေးချမ်းသော ဆောင်း၏ အပြုံးတစ်ခု နောက်တွင် ကုန်ဆုံးခဲ့ပြီးသော အချိန်တစ်ခုဆီသို့ ပျံသန်းခွင့် မရတော့သည်ကို အသိဝင်ခိုက် မျက်ရည်စအချို့နှင့် နာကျင်မှုတို့ ရောပြွန်းလျက် ပြက္ခဒိန်သစ် တခုကို ချိတ်လိုက်မိသည်...။ 

သည့်နောက်.....

ကျင်ကနဲဖြစ်သွားသော ကျွန်မလက်ထဲရှိ နှင်းခဲများကို ငုံ့ကြည့်မိသောအခါ ချမ်းအေး လွန်းသောကြောင့် ကွေးပြီး ဖိမိနေသော လက်တဖက် နှင့် နာကျင်နေသော မြို့ရိုးတခုက ဆီးကြိုလို့….။