Showing posts with label အမှတ်တရ စာစု. Show all posts
Showing posts with label အမှတ်တရ စာစု. Show all posts

Tuesday, April 3, 2012

အောင်မြေတစ်နေရာမှ ...လွမ်းချင်း သို့

မိုးယံထက်ထိ အောင်မြင်မှုအသံများ ကြားနေရသည့် အောင်မြေတစ်နေရာတွင် ဘာတွေများ လုပ်နေပါ့မလဲ ဟူသည့် အတွေးက ကျမ၏ စိတ်နှလုံးကို ပြင်းပြင်းထန်ထန် လာရောက် ရိုက်ခတ် နေပါသည်။ အောင်မြေနင်းပြီး အောင်မြင်မှုတွေ ရရှိထားသည့် နေရာတစ်ခုအတွင်း နေထိုင်နေသော သူတစ်ယောက် ဖြစ်နေပါလျက် သူ့အနေဖြင့် မည်သည့် အခန်းမှ ပါဝင်ခဲ့ပါသနည်း ဟူသည့် အတွေးကို တွေးရင်း တရားဓမ္မဖြင့် အမှန်တရား တစ်ခုဘက်မှာပင် ရှိနေမှာပါဟု အကောင်းမြင် ယူဆရင်း သူနေထိုင်သည့် အောင်မြေတစ်နေရာ အတွက် ဂုဏ်ယူနေမိပါသည်။

မှားခြင်း မှန်ခြင်း ဆိုသည်မှာ တစ်ဦးနှင့်တစ်ဦး အယူအဆ၊ နေထိုင်ပုံခြင်းရာများ၊ လက်တွေ့ဓမ္မဓိဌာန်ကျမှုများ၊ မိမိဘဝပေး အခြေအနေများ၊ ပတ်ဝန်းကျင်မှ တန်ပြန်မှုများ၊ ဝေဖန်ဆန်းစစ်နိုင်မှုများ၊ အသိပညာများ၊ မှတဆင့် လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးအတွင်းတွင် နေထိုင်နေကြရသည့် တည်ဆောက်မှုပုံစံများထိ အလွန်ကျယ်ပြန့်လှပါသည်။

လူ့အဖွဲ့အစည်းကြီးတစ်ခုအတွင်း တစ်ဦနှင့်တစ်ဦး၊ လူများစုမှ လူနည်းစု၊ အင်အားကြီးတစ်ခုမှ အင်အားငယ်တစ်ခု၊ အာဏာကြီးသူမှ အာဏာမဲ့သူ၊ လက်နက်ရှိသူမှ လက်နက်မဲ့သူ၊ ပညာတတ်မှ ပညာချို့တဲ့သူ၊ ငွေကြေးချမ်းသာသူများမှ ဆင်းရဲသူများ သို့ မတရား အမူအကျင့်များဖြင့် လူမဆန်စွာ နိုင်ထက်စီးနင်း ပြုမူ လိုမှုများပါဝင်ပေသည်။

ယင်းသို့ ပြုမူပုံများကိုကြည့်၍ မှားခြင်း မှန်ခြင်းကို ဝေဖန်ပိုင်းခြား စဉ်းစားတတ်ပြီး မှန်ကန်သည့်ဘက်မှ နေ၍ မှန်ကန်သည့်အလုပ်ကို ကြောင်းကျိုးသင့်လျော်စွာ မျှမျှတတ ပြုမူရပေမည်ဟု ကျမ ယုံကြည်ပါသည်။ ကျမယုံကြည်သည့်အတိုင်း ယုံကြည်လိမ့်မည်ဟု တထစ်ချ မှတ်ယူနေမိသည်မှာလည်း လွန်မည်မထင်ပါ။

ပညာသင်နေစဉ် ကာလတွင်ပင် အမှန်တရားကို ခွဲခြားတတ်နေပြီးဖြစ်သော သူတစ်ယောက်သည် လက်တွေ့ဘဝတွင်လည်း အမှားအမှန်ကို ပိုင်းခြားတတ်နေပေလိမ့်မည်။ မတရားမှုများကို ငုံ့ခံမနေတတ်သော သူများ၏ အမူအယာ၊ စိတ်နှလုံး နူးညံ့မှု၊ လွတ်လပ်စွာ တွေးခေါ်မှု တို့ဖြင့် ပြည့်နေသောသူ၏ အကျင့်သည် မည်သည့်အချိန်မှာဖြစ်ဖြစ် အကြောက်တရားနှင့် ကင်းဝေးနေပေလိမ့်မည်။

လိုချင်ပြင်းပြသော စိတ်၊ လုပ်ချင်စိတ်နှင့် မှန်ကန်သည့်ခံယူချက် ကြီးမားသောသူ၏စိတ်က အကြောက်တရားကို ဖုံးလွှမ်း သွားပေလိမ့်မည်။ တခါတရံတွင် အကြောက်တရားကြောင့် မိမိကြောက်သောအရာ၏ သားကောင်ဖြစ်သွားခဲ့ရခြင်းလည်း ရှိတတ်သည် မဟုတ်လား။

အောင်မြေတစ်နေရာတွင် ခြေချခွင့်ရနေသော သူသည် အမှန်တရားဖြင့် ဂုဏ်သိက္ခာရှိစွာ နေထိုင်သည် ဆိုသည်ပင်လျှင် ထိုနေရာသည် သူ၏အောင်မြေ ဖြစ်နေပေလိမ့်မည်။ လူ့လောကတွင် နေထိုင်စဉ် မိမိနေထိုင်ခွင့် ရနေသော နေရာသည် မိမိ၏ အောင်မြေဖြစ်ရန် လိုအပ်လှပေသည်။

ထိုနေရာတွင် ဓမ္မတစ်ခုအတွက်. တရားမျှတမှုအတွက်. အမှန်တရားဖြင့် ပြည့်နှက်နေမည့် ရပ်ဝန်းတစ်ခုကို တည်တံ့နေစေရန် .. အစဉ်ကြိုးပမ်းရပေလိမ့်မည်။ စီးချင်းထိုးလျှင်လည်း ထိုးရပေလိမ့်မည်။

အောင်မြေတစ်ခုပေါ်တွင် နေထိုင်သော်လည်း သူ၏လုပ်ရပ်နှင့် အပြုအမူများသည် လူအများ၏ ပြစ်တင်ကဲ့ရဲ့စရာ၊ ဓမ္မဘက်မှ ရဲရဲမလျှောက်ရဲသော သူတစ်ယောက် ဖြစ်ခဲ့လျှင်ဖြင့် နေထိုင်ရာ နေရာတွင် လိပ်ပြာမလုံမည့် သူအဖြစ်နှင့် အကျည်းတန် နေပေလိမ့်မည်။ အကျည်းတန်သူများ များပြားနေသော နေရာတစ်ခုသည် ဘယ်သောအခါမှ အောင်မြေတစ်ခု ဖြစ်လာမည် မဟုတ်ပေ။ ဘဝတလျှောက်တွင် မိမိတစ်ယောက်တည်း အတွက်သာ ကြည့်တတ်ပြီး အများအတွက်၊ လောက ဝန်းကျင်အတွက် အနှစ်သာရမရှိသူ ဖြစ်နေမှာကို ကျမ ထိတ်လန့်မိသည်မှာ ဆိုဖွယ်ရာ မရှိတော့.။

အောင်မြေတစ်ခုပေါ်တွင် နေထိုင်နေသောသူသည် ဝန်းကျင်အတွင်းတွင် မျှတမှုရှိသော.၊ အမှန်တရားကို မြတ်နိုးသော၊ ကိုယ်ချင်းစာစိတ် အပြည့်ရှိသော၊ အပြန်အလှန် တန်ဖိုးထားမှုရှိသော၊ လေးစားမှုရှိသော၊ စည်းကမ်းရှိသော၊ မေတ္တာများနှင့် ပြည့်ဝနေသော သူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု အကြွင်းမဲ့ ယုံကြည်ပါသည်။ ကျမ ယုံကြည်သည့်အတိုင်း ဖြစ်နေမည်ဟု ကျမ ရည်မှန်း မျှော်လင့်မိပါသည်.။

လူ့လောက လူ့အဖွဲ့အစည်းတွင် နေထိုင်စဉ် အချိန်ကာလအတွင်း မိမိနေထိုင်ခွင့် ရနေသော နေရာတွင် မိမိနှင့်အတူ လောကလူ့အဖွဲ့အတွင်းရှိ လူအများ၏ အောင်မြေ အဖြစ် ဖန်တီးနိုင်ကြပါစေ...ဟု..။


Thursday, August 11, 2011

အို...ကောင်းကင်

နှလုံးသားထဲမှာ စူးနစ်နေဆဲ မြှားချက်ဒဏ်ရာလေးတွေနဲ့ ဝေးကွာမှုဆိုတဲ့ ခါးသီး နာကျင်စရာတွေကို ကောင်းကင်ကျယ်ကြီးရဲ့ တနေရာလေးမှာ ရေးချခွင့်ရချင်တယ်.။ ထင်ကျန်ရစ်မခံမယ့် ကောင်းကင်ကြီးရဲ့ တုံ့ပြန်မှုက ကိုယ့်အတွက် နေရာတနေရာလေးအဖြစ် လက်ခံပေးနိုင်ခဲ့ရဲ့လား မသေချာပေမယ့် ချွေးသိပ်ပေးနိုင်မယ့် အရာလေးတော့ ဖြစ်နေပေးပါ အို...ကောင်းကင်။

စက္ကန့်နဲ့အမျှ ဖြစ်ပြီးတိုင်း ပျက်တတ်တဲ့ အနတ္တတရားကို လက်ခံပေးနိုင်တဲ့ ငြိမ်သက်တည်ကြည်တဲ့ စိတ်တစုံကို ပေးပါ အို...ကောင်းကင်။

ဖြစ်ချင်တိုင်း မဖြစ်တတ်တဲ့ အိပ်မက်တွေကို ဆက်လက် အကောင်အထည်ဖေါ် ရေးဆွဲနိုင်ဖို့ ကြမ်းချင်တိုင်းကြမ်းတဲ့ စုတ်တံလေးတခုကို ပေးပါ အို...ကောင်းကင်။

တခါတရံ စိတ်အားငယ်မှုတွေ ဖြစ်လာတိုင်း ရဲရဲရင့်ရင့် ဖြတ်သန်းခဲ့ကြတဲ့ သမိုင်းထဲက ပုဂ္ဂိုလ်တွေကို သတိရပေးဖို့ ခွန်အားတရပ်ကို ပေးပါ အို...ကောင်းကင်။

မုန်တိုင်းထန်လာခဲ့ရင် ပျက်စီးယိုယွင်းသွားမယ့် အရာတွေအတွက် အံတုနိုင်စွမ်းရှိပြီး ပြန်လည် တည်ဆောက်ပေးနိုင်ဖို့ အလင်းရောင်လေးတခု ဖန်တီးပေးနိုင်စွမ်းကို ပေးပါ အို...ကောင်းကင်။

ဖြစ်တည်မှုတခုအရ လိုအပ်လာတဲ့ အရာတိုင်းကို တရားမျှတစွာနဲ့ ဆောင်ယူနိုင်စွမ်းရှိအောင် မပြောင်းလဲမယိမ်းယိုင်တဲ့ ခိုင်မြဲတဲ့ စိတ်ထားလေးတခုကို ပေးပါ အို...ကောင်းကင်။

ဖြေရှင်းခွင့်မရနိုင်တဲ့ ရှိုက်သံတချို့ရဲ့ လျှို့ဝှက်သင်္ကေတလေးတွေကိုလည်း ထုတ်ယူဖေါ်ထုတ်နိုင်စွမ်းရှိတဲ့ သတ္တိကိုပေးပါ အို...ကောင်းကင်။

ကြောက်ရွံ့မှုတွေနဲ့ ရင်ဆိုင်တိုးဝှေ့ရတဲ့အခါ လိပ်ပြာသန့်စွာ ဖယ်ရှားထုတ်ပစ်နိုင်တဲ့ ရဲရင့်မှန်ကန်ခြင်း သစ္စာတရားကို ပေးပါ အို...ကောင်းကင်။

ဟန်ဆောင်မှုတွေနဲ့ မာယာစကားသုံးတိုင်း ရိုးသားစွာနဲ့ ထိန်းချုပ်ပေးနိုင်မယ့် စကားလေးတလုံးကို ပေးပါ အို...ကောင်းကင်။

လဲကျရှုံးနိမ့်မှုဆိုတဲ့ ပညတ်ချက်တခုကို လက်ခံခဲ့ရတဲ့အခါ တဖန် ပြန်လည် တည့်မတ် နိုင်တဲ့ ခြေထောက်လေးတစုံကို ပေးပါ အို...ကောင်းကင်။

ဘဝရဲ့အမောတွေကို လုံခြုံစွာနဲ့ ထွေးပွေ့ပေးနိုင်တဲ့ လက်တစုံကို ပေးပါ အို...ကောင်းကင်။

ကန္တာရလမ်းခရီးပေါ်မှာ ရေလေးတပေါက် ချပေးနိုင်ပြီး နားခိုစရာအရိပ်လေးတခု ပေးနိုင်စွမ်းကို ပေးပါ အို...ကောင်းကင်။

ကြုံတွေ့ရတတ်တဲ့ ကျိန်စာတခု အတွက်လည်း အမြန်ဆုံး လွင့်စင်ပပျောက်အောင် လုပ်ဆောင် ပေးနိုင်တဲ့ မေတ္တာအစွမ်းကို ပေးပါ အို...ကောင်းကင်။

အထပ်ထပ်ရစ်ပတ်လာတတ်တဲ့ နှောင်ကြိုးတခုကို ဖြေလျော့ပေးနိုင်ပြီး မျှဝေခံစားပေးနိုင်တဲ့ ခက်ခဲလှတဲ့ ကိုယ်ချင်းစာစိတ်လေးတခုကို ပေးပါ အို...ကောင်းကင်။

အမှန်တရားအတွက် မားမားမတ်မတ် ရပ်တည်ပေးနိုင်ပြီး ရင်ထဲထိသိဝင် ခံစားစီးဆင်းစေမယ့် ဖြူစင်တဲ့ပညာတခုနဲ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တခုကို ဝံ့ဝံ့ထည်ထည်ပြသနိုင်အောင် သိစိတ်လေး တခုပေးနိုင်စွမ်းကို ပေးပါ အို...ကောင်းကင်။

Monday, September 13, 2010

ကုန်ဆုံးသွားခဲ့ပြန်သော တနင်္ဂနွေ

တပတ်ပြီးတပတ် ကုန်ဆုံးသွားခဲ့သော တနင်္ဂနွေများကို ဖြတ်ကျော်ရင်း ရင်ထဲကို ရောက်ရှိလာတဲ့ အမှတ်မထင်မှုများက ပြန်လို့ အမှတ်ထင်ထင် ဖြစ်လာပြန်ပါကော…။

တခါတရံ တော့လည်း ဘာမှမဟုတ်ပဲ ကုန်ဆုံး သွားခဲ့တယ်..။ တခါတရံတော့ အမှတ် ထင်စရာ အဖြစ်အပျက် တွေနဲ့ ကုန်ဆုံး သွားခဲ့ရ ပြန်တယ်.။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ အမှတ်မထင်ရော.. အမှတ်ထင်စရာ တွေပါ နောက်ဆုံးတော့ ပုံရိပ်လွှာ အဖြစ်နဲ့သာ ကျန်ခဲ့တာ ကိုတော့ ရင်ထဲ တနေရာမှာ ခိုအောင်းနေတဲ့ ပုံရိပ်လွှာ လေးက ဘယ်လိုမှ မငြင်းနိုင်ပါဘူး..။ ပုံရိပ်လွှာလေးကိုပဲ အမြတ်တနိုးနဲ့ သိမ်းထားခွင့် လေး ရနေတာကိုပဲ ကျေးဇူးတင်ရမလိုလို..ဖြစ်သေး။

တနင်္ဂနွေ တရက်……

ထုံးစံအတိုင်း မနက် မိုးလင်းတာနဲ့…. ဦးနှောက်ထဲ အတွေး ရောက်လာတာက စာအုပ်တွေ…..

ဖြတ်ဆို ဘေးနားကို ကြည့်လိုက်တော့ ညက ဖတ်လက်စ စာအုပ်ကြီးက ဆီးကြိုလို့..

အော်.. ညက စာဖတ်ရင်းနဲ့ အိပ်ပျော်သွားခဲ့တာကိုးးးးး။

နားရက်လေးမှာ ဘာလုပ်ရမလဲ… စဉ်းစားရင်း စိတ်ကတော့ နေရာအနှံ့ကို ရောက်သွားခဲ့ပြန်ပြီ။ မြန်လိုက်တဲ့ စိတ်…ပါလား…၊ မနည်းလိုက်ဖမ်း… နေရ……..တယ်…၊ သတိနဲ့ ပြန်စုစည်းလိုက်တော့ ထိရှလွယ်တဲ့ စိတ်တစုံသာ ပြန်ရောက်လာခဲ့…ပေါ့ !!!

စိတ်ကို အနားပေးဖို့ အတွက် ညက ဖတ်လက်စ စာအုပ်ကို ယူပြီး ဖတ်နေ လိုက်တော့တယ်…။

ဟင့်အင်းးးးးးးးးးး တခါတရံ မကုန်ချင်တဲ့ နေ့တွေအတွက်… သဘာဝ တရားကြီးကို ဆန့်ကျင်လို့ အိပ်မက် မက်နေလိုက်တာ.။ မကုန်ချင်ပေမဲ့… မရောက်ချင်ပေမဲ့… ပြောင်းလဲနေတဲ့ အချိန် အတိုင်း စီးမြဲ စီးသွားနေတဲ့ ကာလ အတိုင်း လိုက်လံ စီးမျော သွားရတာပဲလေ..။ စီးမျော သွားနေတဲ့ အချိန်လေး တွေကိုပဲ ဘယ်လို ကုန်ဆုံးခဲ့ပြန်ပြီလဲ..။ တန်ဖိုးရှိရှိနဲ့ ကုန်ဆုံး သွားခဲ့တာလား……. ဘာမှ မလုပ်လိုက်ရပဲ ကုန်ဆုံး သွားခဲ့တာလား….. မိမိအတွက်ရော သူတပါး အတွက်ရော ဘာတွေ လုပ်ပေးပြီး ကုန်ဆုံး သွားခဲ့တာလဲ….. `လားးးးးးး´ပေါင်းများစွာနဲ့…….!

ကုန်ဆုံး သွားခဲ့တဲ့ အချိန်တွေ အတွက်… စိတ်ထဲမှာ ကြည်နူးနေခဲ့တဲ့ အရာတွေ ဘယ်လောက်ရှိ သွားခဲ့သလဲ… ၀မ်းနည်းစရာတွေ ဘယ်လောက်များ ရှိနေခဲ့သလဲ…. ၀မ်းသာစရာတွေ ရှိနေခဲ့ပါရဲ့လား…. အားရကျေနပ်မှုရော ရှိခဲ့ရဲ့လား….လို့ ပြန်တွေးကြည့်တော့ ပြန်မရနိုင်တဲ့.. ပြန်လိုချင်ခဲ့တဲ့ အချိန်လေး တချိန်ချိန် ရှိခဲ့တာတော့ သေချာခဲ့ပါတယ်…။ အဲဒီ အချိန်လေးကို ပြန်တမ်းတရင်း ကုန်ဆုံးခဲ့ရတဲ့ အချိန်တွေကို နှမြောမိသလိုလို ဖြစ်မိတယ်…။

တဖန် ထပ်ပြီး ကုန်ဆုံးမဲ့ ကာလတွေအတွက် ဘယ်လိုသော အစဉ်အလာ တွေနဲ့ တိုးဝှေ့ပြီး ဆက်မက်ခွင့် ရှိပါသေးသလဲ…!!!

ဆက်မက်ခွင့် ရှိအုံးမယ်ဆိုရင်... ကမ္ဘာမြေပြင်ရဲ့ ဟိုးးးးးးးးးးအဝေးဆုံးကို သွားပြီး ဖြစ်ခွင့်ရမယ့် အရာတွေအတွက် ဘာများ ပေးဆပ်ရအုံးမလဲ ဆိုတာ မေးလိုက်ချင်ပါရဲ့……!

အနည်းဆုံးတော့ ယုံကြည်မှုနဲ့ တည်ဆောက်ခဲ့တဲ့ ယုံကြည်ချက်… ခရီးလမ်း ပန်းတိုင်ကို ရောက်ဖို့အတွက်…၊ ရဖို့အတွက်… ပေးဆပ်ရမယ့် အရာတွေကိုတော့ ပြောပြပေးပါ………!

ပေးဆပ်ရမယ့် အရာတွေ အတွက်လည်း စိတ်ခွန်အား များသထက် များလာစေမယ့် စွမ်းဆောင် နိုင်ခွင့်ကိုသာ ပေးပါလေ..။

ဘာပဲဖြစ်ဖြစ် တနင်္ဂနွေ တရက်တော့ ကုန်ဆုံးသွားခဲ့ပြန်ပြီ...!!!!!

Tuesday, June 1, 2010

တဘ၀စာဖြစ်ခွင့်ပေးပါ….

အဲဒီနေ့ကိုတော့ တသက် ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ မတွေ့နိုင်တော့ ပါဘူးလို့ ထင်နေတဲ့ ချစ်ရတဲ့ ချစ်သူ နဲ့ ဆုံတွေခွင့် ရခဲ့လို့ပါ။ ကိုယ့်ကိုကိုယ်တောင် သံယောဇဉ် ရှိခဲ့ဖူး ပါတယ်ဆိုတာတောင် မေ့ထားခဲ့တာကိုး…. ချစ်သူ…….။

မတွေ့ခဲ့ရတဲ့ နှစ်တွေက ဆယ်စုနှစ် နှစ်ခုနီးပါး ရှိသွားခဲ့ပြီ ချစ်သူ……..။

ကျမရဲ့ စိတ်အစဉ် ကလည်း ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၁၈ နှစ်လောက်ကို ပြန်ပြောင်း ရောက်သွားခဲ့တယ်…။

ကျမရဲ့ ရင်ထဲမှာ မပြောင်းမလဲ တည်ရှိနေခဲ့တဲ့ စိတ်ကူးတွေက မယိမ်းမယိုင် ဆက်လက်ပြီး တည်ရှိမြဲပဲလေ…။ ရင်ထဲမှာ သန္ဓေတည်လာခဲ့တာ တဖြည်းဖြည်းနဲ့ ထုထည် ကြီးမားရင်း ကြီးမားရင်း အမြစ်တွယ်လာခဲ့ရတယ်။ အမြစ် ဆိုတာ နှုတ်ရ ခက်သလို ရင်ထဲက အစိုင်အခဲ အမြစ်ကြီးကလည်း ပိုလို့တောင် နှုတ်ရ ခက်ခဲ့တာပေါ့ ချစ်သူ……….။

တကယ်တော့ ဘ၀မှာ ကိုယ်ဖြစ်စေချင်သလို ဖြစ်မယ်၊ ဆုတောင်းတိုင်းသာ ပြည့်ဝမယ်ဆို ချစ်သူရဲ့ ချစ်ခြင်းကိုပဲ လိုလားတောင့်တမိ ပါတယ် ချစ်သူ………။

ဘ၀ဆိုတဲ့ လမ်းကြောင်းကြီးပေါ်မှာ တခါတလေ တော့လည်း အလိုက်သင့် လှုပ်ရှားလို့.. တခါတလေတော့လည်း စိတ်ထဲပေါ်လာတဲ့အတိုင်း လုပ်ကြည့်လို့… တခါတလေတော့လည်း ထိန်းချုပ်မှု ဆိုတဲ့ ခေါင်းစဉ်တခု အောက်မှာပေါ့… တခါတလေတော့လည်း မျက်ရည်ကိုသာ အဖေါ်ပြုလို့… တခါတလေတော့လည်း ကြိတ်ခံစားလို့… တခါတလေတော့လည်း ဘ၀ရဲ့ လှုပ်ရှားမှုတွေကို အားဖြည့်လို့… တခါတလေ တော့လည်း ဦးနှောက်ရဲ့ ခေါ်ဆောင်မှုနောက်ကို အလိုက်သင့် လိုက်လျောလို့… တခါတလေ တော့လည်း ဦးနှောက်နဲ့ စိတ် ရဲ့ လွန်ဆွဲပွဲ တခုလည်း ဖြစ်နေလေရဲ့… တခါတလေ တော့လည်း နှလုံးသားရဲ့ စေစားမှု ဒဏ်ကြောင့် မျောပါသွားလေရဲ့… တခါတလေတော့လည်း ပညတ်ချက်တွေ များလွန်းလို့ အဝေးကို ထွက်ပြေး သွားလိုက်ချင်ရဲ့…. ချစ်သူ….

တခါတလေတော့လည်း လူ့ဘ၀ကြီးမှာ မထင်မှတ်စရာ အကြောင်း ကိစ္စတွေ၊ မျှော်လင့် မထားတဲ့ ဖြစ်ရပ်တွေ၊ မျှော်လင့် မထားတဲ့ အခြေအနေတွေကြောင့် ပြန်ဆုံ တွေ့ခဲ့ရတယ် ချစ်သူ…။

>ပြန်ဆုံတဲ့ အချိန်မှာလည်း မပြောင်းလဲတဲ့ အခြေအနေတွေ၊ ဟိုးအရင်က အခြေအနေ အတိုင်း ချစ်သူကို တွေ့လိုက်ရလို့ ကျမ ရင်ထဲမှာ ဖေါ်ပြလို့ မရလောက်အောင် အံ့သြမှုတွေ၊ ၀မ်းသာမှုတွေနဲ့ အတူ ပိုင်ဆိုင်လို စိတ်တွေ ဖြစ်သွားခဲ့ရတယ်။

မတွေ့ရတာ ဆယ်စုနှစ်တွေ ကြာရှည် ပေမဲ့လည်း နှလုံးသားမှာ ထင်ကျန်နေတဲ့ ပုံရိပ်တွေ၊ စစ်မှန်တဲ့ ချစ်ခြင်း မေတ္တာတရားတွေ၊ သံယောဇဉ် ကြီးမားတဲ့ စိတ်ခံစားမှုတွေက မပြောင်းလဲခဲ့ပါဘူး ချစ်သူ…။ ရာသီ အလီလီ ပြောင်းခဲ့ပေမဲ့ မပြောင်းခဲ့တာက ကျမရဲ့ စိတ်ကူးပေါ့ ချစ်သူ…။ အဲဒီ စိတ်ကူးတွေက နုပျိုလန်းဆန်းဆဲပါ ချစ်သူ… ကျမကိုတော့ အတိတ် တစ္ဆေ ခြောက်လှန့် နေပြီလေ …။

ဒီ ခံစားမှုတွေကို နားလည်နိုင်ပါ့မလား... ချစ်သူ….!

နားလည်နိုင်ပါစေလို့လည်း မရဲတရဲ မျှော်လင့်မိလေရဲ့…!

ကျမရဲ့ စိတ်ခံစားမှု မပေါ်လွင်သရွေ့၊ စိတ်ထဲမှာပဲ ထားတတ်တဲ့ အကျင့်ရှိသရွေ့၊ မဖေါ်ပြသရွေ့တော့ အရာရာဟာ ဝေးနေအုံးမယ် ထင်ပါရဲ့….

ဝေးတယ်ဆိုတာ!!!!!!!!!

စိတ်ချင်းဝေးတာလား…….. လူချင်းဝေးတာလား…… နှလုံးသားချင်း ဝေးတာလား…….. ယုံကြည်ချက်ချင်း ဝေးတာလား…….. ခံယူချက်ချင်း ဝေးတာလား……… နားလည်မှုချင်း ဝေးတာလား……….. သဘောထားချင်း ဝေးတာလား…….. ၀ါဒချင်း ဝေးတာလား……. အယူအဆချင်း ဝေးတာလား……… !

လူချင်းဝေးတာကို ဝေးတယ်လို့ဆိုရင် လူချင်းမဝေးပဲ စိတ်သဘောချင်း ဝေးတာ ကိုရော နီးတယ်လို့ ပြောလို့ရပါရဲ့လား…………!

အရေးကြီးတာကတော့ စိတ်ချင်း နီးနေတာ… ခံယူချက်ချင်း နီးနေတာ… အယူအဆချင်း နီးနေတာ… သဘောထားချင်း နီးနေတာ… ယုံကြည်ချက်ချင်း နီးနေတာ… သာ အခရာကျတယ်လို့ ဆိုရင်ရော လက်ခံနိုင်ပါ့မလား………….!

ဒါကို လက်ခံနိုင်မယ် ဆိုရင် လူချင်း အနေ ဝေးပေမဲ့ စိတ်ကူးစိတ်သန်းချင်း၊ ခံယူချက်ချင်း၊ ယုံကြည်ချက်ချင်း၊ အပြုအမူချင်း နီးနေရင် နှလုံးသားချင်း၊ ရင်ခုန်သံချင်း နီးနိုင်မယ်လို့ ယုံကြည်မိပါရဲ့…။

တယောက်နဲ့ တယောက် နားလည်မှုတွေနဲ့ ဆက်ဆံနိုင်မယ် ဆိုရင်လည်း နီးနေကြတဲ့ သူတွေ ဖြစ်လာကြမယ် မဟုတ်လား။ ကျမရဲ့ နားလည်မှုတွေနဲ့ ချစ်သူရဲ့ နားလည်မှုတွေကို အပြန်အလှန် အမှီသဟဲ ပြုရင်း လောကကောင်းကျိုးတွေကို သယ်ပိုးဆောင်ရွက် ပေးချင်နေမိတယ် ချစ်သူ……။

ဒါပေမဲ့လည်း တယောက်နဲ့ တယောက် ချစ်နေကြပြီဆိုရင် အရာအားလုံး နီးနေတာသာ အကောင်းဆုံးပေါ့… လူချင်းလည်း နီးချင်တယ်… စိတ်ချင်းလည်း နီးချင်တယ်… အယူအဆချင်းလည်း နီးချင်တယ်… နားလည်မှုတွေလည်း နီးချင်တယ်… သဘောထားချင်းလည်း နီးချင်တယ်… ခံယူချက်ချင်းလည်း နီးချင်တယ်… ယုံကြည်ချက်ချင်းလည်း နီးချင်တယ်… ချစ်သူ!

အရာအားလုံး နီးနေချင်းကသာ ရေရှည်အတွက် အကောင်းဆုံး ဘ၀တွေကို ဖန်တီးနိုင်မယ် မဟုတ်လား…။

တယောက်နဲ့တယောက် နားလည်မှုတွေနဲ့ `….. နီးချင်းတွေနဲ့သာ´ ရှိနေမယ်ဆိုရင် ဘာတွေပဲ ဖြစ်ဖြစ်၊ ဘယ်လို အခက်အခဲပဲ ဖြစ်ဖြစ်၊ ဘယ်လို ပြဿနာပဲ ဖြစ်ဖြစ်၊ အတူ ကျော်ဖြတ် သွားနိုင်မှာပါ..။

ဝါသနာ အရသော်လည်းကောင်း၊ စိတ်ဝင်စားမှု အရသော်လည်းကောင်း၊ အများအကျိုး လိုလားမှု အရသော်လည်းကောင်း၊ ဖြစ်ချင်စိတ် ပြင်းထန်မှု အရသော်လည်းကောင်း၊ ပြုလုပ်ရမဲ့ အလုပ်တွေမှာ အနီးဆုံး လုပ်ခွင့်ရရင်၊ အကောင်းဆုံး ဖြစ်အောင် ကျမ အစွမ်းကုန် လုပ်နေမှာပါ ချစ်သူ…..။

ချစ်သူ. စိတ်ချမ်းသာအောင် ချစ်သူ ဖြစ်စေချင်တဲ့ အတိုင်း ဖြစ်မြောက်အောင် လုပ်ဖို့ ရည်ရွယ်ပြီးသားပါ..။

လူတယောက်နဲ့ တယောက်ရဲ့ နီးချင်း ဝေးချင်း ဆိုတာကလည်း ကံဆိုတဲ့ ဖူးစာရှင် ဇာတ်ဆရာ အလိုကျ ကကြရမှာ ဖြစ်တယ်လေ…။

ဒါကြောင့် လူတယောက်နဲ့ တယောက် နီးချင်း ဝေးချင်းထက် စိတ်ဓါတ်နဲ့ လုပ်ရပ်ကသာ အဓိက ဖြစ်မယ်လို့လည်း အားတင်း ထားပါတယ် ချစ်သူ…။ စိတ်ဓါတ်ရေးရာ နီးဖို့နဲ့ လုပ်နေတဲ့ လုပ်ရပ်တွေက နီးနေဖို့ လိုလားမိတယ်…။

အရာရာ နီးနေနိုင်ပါစေလို့ စိတ်ကူးထဲက ပုံရိပ်အတိုင်း ဖြစ်လာဖို့ ရောင်နီဦး အလင်းဖြာ ထွက်ပေါ်လာမဲ့ အချိန်ကိုလည်း မျှော်လင့် တမ်းတမိရင်း…:100%;" >ဘ၀အဆက်ဆက် မတောင်းဆိုလိုပါဘူး.. ချစ်သူ…
ဒါပေမဲ့ ကျမကို ချစ်သူရဲ့ တဘ၀စာတော့……

ဖြစ်ခွင့်ပေးပါ……….. ချစ်သူ
ဖြစ်ခွင့်ပေးပါ…………………….. ချစ်သူ
ဖြစ်ခွင့်ပေးပါ…………………………………… ချစ်သူ!!!!!!!!

Thursday, February 4, 2010

ခေါင်းဆောင် ဆိုတာ...

ခေါင်းဆောင် တယောက်မှာ ဘယ်လို အရည်အချင်းမျိုး ရှိရမှာလဲ…။
အထက်တန်း ကျောင်း မှာဆို အတန်း တတန်းမှာ ကျောင်းသား ခေါင်းဆောင် ဆိုတာ ရှိပါတယ်။ ကျောင်းသား ခေါင်းဆောင်က အတန်းရဲ့ ကိစ္စ တော်တော် များများကို တာဝန်ယူ ကြရပါတယ်။ တနေ့တာ အတန်းထဲမှာ လိုအပ်ချက်တွေကို လုပ်ဆောင်ရ ပါတယ်။ ဆရာ.ဆရာမတွေ လုပ်ခိုင်း သမျှကိုလည်း လုပ်ပေးကြရ ပါတယ်။ ပြီးတော့ လုပ်ပေးနိုင်တဲ့ အရည်အချင်းမျိုး ရှိတဲ့သူကိုပဲ အတန်း ခေါင်းဆောင် အဖြစ် လုပ်ခိုင်းကြတာ များပါတယ်။ တနှစ် ပြီးသွားလို့ နောက်တနှစ် တက်တဲ့ အခါမှာလည်း မနှစ်က အတန်း ခေါင်းဆောင် ကိုပဲ ပြန်ရွေး ကြတာ များပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရဲ့ အရည်အချင်း ကိုသိနေလို့ပါ.။ အတန်း တတန်းရဲ့ ခေါင်းဆောင် ဟာ ဦးဆောင်လုပ်တတ်ပြီး တော်တော် များများကို အနစ်နာခံ တတ်တဲ့စိတ် နဲ့ လုပ်ကြရ ပါတယ်။ စာဘက်မှာလည်း တော်နေရပါတယ်။

တက္ကသိုလ် မှာလည်း အတန်းတတန်း ရဲ့ ခေါင်းဆောင် ကိုရွေးချယ် ကြတဲ့ အခါ ဦးဆောင် လုပ်တတ်ပြီး အနစ်နာ ခံတတ်တဲ့စိတ် အများအလုပ် ကို စဉ်းစဉ်း စားစားနဲ့ လုပ်တတ်တဲ့ သူကိုပဲ ရွေးချယ် ကြပါတယ်။ တက္ကသိုလ် ကျတော့ အလုပ်တွေ ပိုများလာ ပါတယ်…။ အနုပညာ… အားကစား… ကြက်ခြေနီ… ပျော်ပွဲ ရွှင်ပွဲ… ဆရာ ကန်တော့ပွဲ… ဆရာ. ဆရာမတွေ အတန်းချိန်… အများကြီးပါပဲ…. အတန်းရဲ့ ခေါင်းဆောင် `အီးစီ´ ကပဲ လုပ်ရပါတယ်။ သူတို့ကို ကြည့်လိုက်ရင် အမြဲ အလုပ်တွေ များပြီး အတန်းချိန်လည်း မှန်မှန် တက်ရပြန် ပါတယ်။ `အီးစီ´ လုပ်ပြီး အတန်း မမှန်ရင်လည်း ဆရာ. ဆရာမ တွေရဲ့ ဆူပူတာကို ခံရမှာ မို့လို့ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် အတန်းခေါင်းဆောင် `အီးစီ´ လုပ်တဲ့ သူတွေ ကို အလွန်ပဲ ချီးကျူးမိပါတယ်. တော်တော် များများကို လုပ်နိုင် ကြလို့ပါ။

ကျမတို့ ကျောင်းတက် တုန်းက ပရက်တီကယ် လုပ်ရတဲ့ အတန်းထဲမှာ လေးဖွဲ့ ရှိပါတယ်။ တဖွဲ့ကို ဆရာ.. ဆရာမ တယောက်စီ ရှိပါတယ်…။ ပြီးတော့မှ ပါမောက္ခ ရှိပါတယ်..။ တဖွဲ့စီ လုပ်ရတာ တွေကတော့ မတူကြပါဘူး။

ကျမ ကျောင်းတက်တဲ့ တလျှောက် လေးစား ကြည်ငြိုမိပြီး အင်မတန်မှ ခေါင်းဆောင်ကောင်း ပီသတဲ့ ဆရာမ (အဲဒီ ဆရာမက ဒေါက်တာ တယောက်ပါ) နဲ့ အတူတူ လက်တွဲ ခဲ့ဖူးတယ်။ လက်တွဲခဲ့တယ် ဆိုတာက ကျမတို့ စာတန်း ပြုစုတော့ အဲဒီ ဆရာမက ကျမတို့အဖွဲ့ မဟုတ်ပဲ နောက်တဖွဲ့ရဲ့ ခေါင်းဆောင် ဆရာမ တယောက် ပါ။ ဒါပေမဲ့ တခန်းထဲမှာ အတူတူ လုပ်ကြရတော့ ကိုယ့်ဆရာမရင်း တယောက်လို ခင်မင် မိကြပါတယ်။ စာမေးစရာ ရှိရင် လည်း သူ့ဆရာမ ကိုယ့်ဆရာမ မခွဲခြားပဲ မေးကြပါတယ်။ စစခြင်း ပရက်တီကယ် မှာ လိုအပ်တဲ့ ပစ္စည်း တွေကိုလည်း ဆရာမ ကိုယ်တိုင် ၀ယ်လာပြီး အားလုံးကို ပေးပါတယ်။ သမီးတို့ လိုတာတွေ ၀ယ်လာပြီ ယူလိုက်တဲ့။ ပရက်တီကယ် အခန်း ထဲက တပည့်တွေ အာလုံး ပရက်တီကယ် လုပ်ဖို့ အတွက် ၀ယ်လာတာပါ.။ ကျမတို့လည်း အားနာနာနဲ့ပဲ ယူလိုက်ကြတာပေါ့။ ဆရာမ အရမ်း ကျေးဇူးတင်လိုက် တာပေါ့…။

တနေ့..... ကျမတို့ အဖွဲ့ ပေါင်းခံတဲ့ အလုပ် လုပ်တဲ့ ကိစ္စ ပြီးသွားတဲ့ အချိန်မှာတော့ ……..!!!

ကျမတို့ ပရက်တီကယ် အခန်းထဲမှာ သုံးတဲ့ မီးဖို အကြီးကြီး ရှိပါတယ်။ ပစ္စည်းတွေ ဆေးကြောပြီးရင် ခြောက်အောင် အဲဒီ မီးဖိုကြီးထဲမှာ ထည့်ထား ရပါတယ်။ ပြာဖြစ်အောင် အထိလုပ်ဖို့ ဆိုရင် အဲဒီ မီးဖိုကြီးထဲမှာ အနည်းဆုံး ၄၈ နာရီ ထည့်ထား ရပါတယ်။ အရမ်း ပူလို့ အနားကို သိပ်မကပ်နိုင်ပါဘူး။ ကျမတို့အဖွဲ့ ပေါင်းခံတဲ့ အလှည့် အပြီးမှာ ကျမက ပစ္စည်းတွေကို ဆေးကြောပြီး မီးဖိုကြီးထဲထည့် နေတုန်း ၀ုန်းဆိုတဲ့ အသံကြောင့် လှည့်ကြည့် လိုက်တဲ့အခါ မထင်မှတ်ထားတဲ့ မီးလုံးကြီး တလုံး တွေ့လိုက်ရပါတယ်။ နောက်တဖွဲ့ ပေါင်းခံ နေတုန်း အခန်းမသင့်လို့ မီးထလောင် တာပါ။ အဲဒီ အချိန်မှာ အခန်းထဲမှာ ဆရာ…မရှိပဲ ဆရာမ နှစ်ယောက်ပဲ ရှိပါတယ်။ ကျောင်းသားကျောင်းသူတွေ ထဲမှာ ဆိုရင် ယောက်ျားလေး တယောက်ပဲ ရှိပါတယ်။

ကျမတို့အဖွဲ့ရဲ့ ခေါင်းဆောင် ဆရာမ…ရယ်… နောက်တဖွဲ့ရဲ့ ခေါင်းဆောင် ဆရာမ (ကျမ လေးစားခဲ့ရတဲ့ ဆရာမပေါ့) ရယ် ရှိနေ ကြပါတယ်။ အခု ရေးနေတုန်းကိုပဲ ဆရာမရဲ့ မျက်နှာလေးကို ပြေးပြီး မြင်ယောင် နေမိတယ်။ ပထမတော့ ဘာလုပ်ရမှန်း မသိအောင် ဖြစ်နေတုန်း…… အဲဒီ ဆရာမက ပေါင်းခံထားတဲ့ ကိရိယာကို အရင်ဆုံး သွားပြီး ဆွဲဖြုတ် လိုက်ပါတယ်။ ဒါပေမဲ့ မီးက တော်တော်လေး ကူးစက် နေပါပြီ။ အဲဒီ အချိန်မှာ ကျမတို့အဖွဲ့ ဆရာမက သူ့ရဲ့ ပစ္စည်းတွေ အကုန်ယူပြီး ဘာမှလည်း မကူညီနိုင်ပဲ အခန်းထဲက ထွက်သွားမှ ဖြစ်မယ် ဆိုပြီး ထွက်သွားပါ တော့တယ်။ အခန်းထဲမှာ ကလည်း လောင်စာ ပစ္စည်းတွေက အများကြီး ဆိုတော့ ငြှိမ်းလို့မှ ရပါ့မလား ဆိုပြီး ရင်တွေ တဒိတ်ဒိတ်နဲ့ပေါ့……..။

ကျမတို့ တွေက အခန်းထဲမှာ ရှိတဲ့ အ၀တ်တွေနဲ့ ရေစွတ်ပြီး လိုက်ဖုန်းလိုက်၊ ရေနဲ့ ငြှိမ်းလိုက်၊ ပက်လိုက်.နဲ့.. မီးက ကျမတို့ စားပွဲ အရှည်ကြီး အပေါ် မျက်နှာပြင် တလျှောက် ကူးသွားလိုက်နဲ့ ဘယ်လိုမှ မရတော့ ပါဘူး။ မီးက ငြိမ်းသွားလိုက်၊ ဟိုဘက် ကို ပြန်ကူးသွားလိုက်နဲ့.... ဆရာမ ကလည်း သမီးတို့ စိတ်မပူနဲ့ ဆိုပြီး သူ့ကိုယ်သူ ဂရုမစိုက်ပဲ တပည့်တွေနဲ့ အတူ ရသမျှ ငြှိမ်းသတ် နေလိုက်တာ… တော်တော် ကြီးကြာမှ မီးငြိမ်း သွားပါတော့တယ်။ အဲဒီတော့မှ အားလုံးလည်း အသက်ရှုဖို့ သတိရကြပြီး ကြည့်လိုက်တော့ တခန်းလုံး ရေတွေနဲ့ စိုရွှဲ နေပါတယ်…။ မီးငြိမ်းတော့မှ ကျမတို့တွေ တယောက်နဲ့ တယောက် ဖက်ပြီး ၀မ်းနည်း နေလိုက်တာများ…။ တော်တော်နဲ့ စကားလည်း မပြောနိုင် ကြပါဘူး။ မီးသာ မငြိမ်းခဲ့ရင် ဆိုတဲ့ အတွေးနဲ့ပေါ့…..။ ကျမတို့အဖွဲ့ ခေါင်းဆောင် ဆရာမ ကတော့ မီးငြိမ်းမှပဲ အတန်းထဲကို ပြန်လာ ပါတယ်… ။

ကျမတို့တတွေ ဆရာမကို စိတ်ပူ လိုက်တာလေ။ ဆရာမလက်ကတော့ မီးအရှိန်ရယ် ပေါင်းခံ အိုးကို ဖြုတ်လိုက်တဲ့ အရှိန်ရယ်ကြောင့် လက်လောင် သွားပါတယ်။ ကျမတို့က စိတ်ပူပြီး ညဘက် ဖုန်းဆက်တော့ လည်း ဘာမှ မပူနဲ့ ဆရာမ ဘာမှ မဖြစ်ပါဘူး တဲ့လေ..။ ကျမဖြင့် ဆရာမရဲ့ စိတ်ဓါတ်နဲ့ အသိ၊ ခေါင်းဆောင် တယောက်ရဲ့ အနစ်နာခံမှု၊ တပည့်တွေ အပေါ် သက်ညှာမှု၊ နားလည်မှု၊ အန္တရာယ် နဲ့ ကြုံလာခဲ့တဲ့ အခါ ရဲရဲရင့်ရင့် ရင်ဆိုင်တာ… တွေကို သိလိုက်ရတဲ့ အခါ ကြက်သီး ထသွားမိတယ်။ ပြီးတော့ မတူညီတဲ့ စိတ်ဓါတ်ရှိတဲ့ သူတွေကိုလည်း တွေ့လိုက် ရတယ်။ ဆရာမနဲ့ ကျမတို့တွေလည်း ပိုလို့ ရင်းနှီး ချစ်ခင် သွားကြတယ်လေ…။ ကျမကတော့ ဆရာမစိတ်ဓါတ်ကို အားကျ လေးစားလိုက်တာ…။

ကျမတို့တွေ ညီညီ ညွတ်ညွတ်နဲ့ စုပေါင်းပြီး လုပ်လိုက်တဲ့ အတွက် မီးကို အနိုင်ရ လိုက်တာပါ…..။

ကျမ ဆိုရင်ရော ဆရာမ လို စိတ်ဓါတ်မျိုး ထားနိုင်ပါ့မလား……!!! အတွေးထဲမှာ နစ်မြောရင်း….!!!

ဒီစာစုလေးနဲ့ ကျမ လေးစား ချစ်ခင်ခဲ့ ရတဲ့ ဆရာမ ကို သတိတရနဲ့ ကန်တော့ လိုက်ပါတယ်.။

Monday, December 21, 2009

အိပ်မက်…..မက်ခဲ့တယ်…..

`ပဲပြုတ်…ပဲပြုတ်…´ဆိုတဲ့ အသံကြောင့် ကျမ လန့်နိုးလာခဲ့တယ်။ ဘေးနားက နာရီ ကိုကြည့်လိုက်တော့ မနက် ၆နာရီ တောင်ထိုးတော့ မှာပဲ။ ဟာ…၇နာရီဆို အတန်းချိန် စတော့မှာ မြန်မြန် ထပြင်ဆင်ပြီး ကျောင်းသွား ရအုံးမယ်။ ညက စာကြည့်တာ အတော် ညဥ့်နက် သွားတာကိုး။ မထချင် ထချင်နဲ့ ထပြီး ရေချိုးပြင်ဆင် ရအုံးမယ်။ ဒီမနက် တော့ မနက်စာ စားဖို့ အချိန် မရတော့ဘူးပဲ။ ဖေကြီးကို မနက်စာ ကျောင်းမှာပဲ စားတော့မယ် ဆိုပြီး ပြောတော့ ဖေကြီးက ဗိုက်ဆာ နေလိမ့်မယ်တဲ့။ နည်းနည်း စားသွား ဆိုတော့ စိတ်ကျေနပ်အောင် နည်းနည်းစား လိုက်ရတယ်။ ပြီးတော့ ကမန်းကတန်း အိမ်က ထွက်လာခဲ့တယ်။ လမ်းရောက်တော့မှ လေအဝေ့တချက် ခပ်ကြမ်းကြမ်း တိုက်လိုက်တဲ့ အခါ စိမ့်ပြီး အေးသွားတယ်။ အဲဒီတော့မှ ကြည့်လိုက်တော့ သြော်…ဒီနေ့ အနွေးထည် ၀တ်မလာမိ ပါလားလို့။

ကားဂိတ်မှာ ကားစောင့်နေရင်း ဟိုကြည့် ဒီကြည့်နဲ့ ကားရောက် လာတော့ ကားပေါ်တက် လိုက်တယ်။ လမ်းတလျှောက်လုံး အအေးဒဏ် ခံစားရင်း စာသင်မဲ့ ဆရာမဆီ ကိုသာ စိတ်က ရောက်နေတယ်။ ၇နာရီ သင်မဲ့ ဆရာမက စာအသင်အပြ အရမ်း ကောင်းတယ်။ စိတ်ကူးရင်းနဲ့ စီးလာလိုက်တာ မြေနီကုန်းကျော် လို့ လှည်းတန်းတောင် ရောက်ခါနီးပြီပဲ။ ကားပေါ်က ဆင်းဖို့ အဆင်သင့် ရပ်နေ လိုက်တယ်။ လှည်းတန်း မှတ်တိုင် ရောက်တော့ ကားပေါ်က ဆင်းပြီး ခပ်သုတ်သုတ် လျှောက်လာရင်း ဒီအချိန်ဆို အတန်းထဲမှာ စာသင်နေလောက် ပြီလို့ တွေးရင်း လျှောက်လာ ခဲ့တယ်။ အတန်းထဲ မသွားခင် စာကြည့်တိုက် ရှေ့မှာ သူငယ်ချင်းတွေ ဆုံနေကြ ဆိုတော့ သူတို့တွေ ငါ့ကို စောင့်နေလောက် ပြီပေါ့။ တမျှော်မျှော်နဲ့ စောင့်နေကြတဲ့ သူတို့က လည်း ကိုယ့်ကို တွေ့တော့ ဘာဖြစ်လို့ နောက်ကျတာ လည်းတဲ့။ ကျမလည်း သူတို့ အမေးကို မဖြေတော့ပဲ လာ…လာ အတန်းထဲ မြန်မြန် သွားကြမယ်ဆိုပြီး ထွက်ခဲ့ကြတယ်။ လမ်းတလမ်းလုံး လည်း ကံ့ကော်ပန်း ရနံတွေ မွှေးပျံ့ နေလိုက်တာ…

အတန်းထဲ ရောက်တော့ ဆရာမက စာသင်နေပါပြီ။ ကျမတို့လည်း ခပ်ရို့ရို့ ၀င်ထိုင်ရင်း စာအုပ် ထုတ်ပြီး မှတ်စုလိုက် ရေးလိုက်တယ်။ ဒီလိုနဲ့ တချိန်ပြီး တချိန် သင်လိုက်တာ နေ့လည် ၁၂နာရီတောင် ထိုးသွားပြီ။ ဗိုက်ထဲ ကလည်း ဆာလိုက်တာ။ ဒီနေ့တော့ ၁နာရီဆို အတန်းချိန် ပြီးပြီ ဆိုတော့ သူငယ်ချင်းတွေ တနေရာရာ သွားဖို့ စိတ်ကူးထား ကြတယ်။ ၁နာရီ ထိုးလို့ စာသင်ချိန်လည်း ပြီးရော သူငယ်ချင်းတွေ ရှစ်မိုင် လမ်းဆုံက (junction 8) ကို သွားခဲ့ကြတယ်။ တလမ်းလုံး စကားတွတ် ထိုးပြီး မတွေ့ရတာ အတော်ကြာ နေကြတဲ့ သူတွေလိုပဲ။ (junction 8) မရောက်ခင် ထမင်းသုပ်ဆိုင် ကောင်းတယ်။ ၀င်စားကြမယ် ဆိုပြီး စားကြတယ်။ ပြီးတော့မှ (junction 8) ကို လာကြပြီး လျှောက်ကြည့်ကြ လိုတာတွေ ၀ယ်ကြတယ်။ (junction 8) ထဲက (J Donut) မှာ အအေးဝင် သောက်လိုက် ကြသေးတယ်။ ပြီး ဘယ်သွားအုံးမလဲ ဆိုတော့ ကျမက စာအုပ်တန်းဘက် ကို သွားချင်တယ် ပြောတော့ အားလုံး ကလည်း တညီတညွတ်တည်း သွားမယ်တဲ့။ အဲဒါနဲ့ (junction 8) ထဲက ပြန်ထွက်လာပြီး ရန်ကုန်မြို့ထဲ ဘက်ကို ကားစီး လာခဲ့ကြတယ်။

စာအုပ်တန်း မှာ တဆိုင်ဝင် တဆိုင်ထွက် နဲ့ စာအုပ်တွေ ကြည့်ရတာ အရမ်း ကောင်းတာပဲ။ နောက်ဆုံး `အမေ့အိမ်´ဆိုင်က ဖတ်ချင်တဲ့ စာအုပ် တချို့  ၀ယ်လာ ခဲ့တယ်။ ပြီးတော့ ဘယ်သွားရင် ကောင်းအုံး မလဲလို့…. တရုတ်တန်း ဘက်ကို သွားကြမယ် ဆိုတော့ အားလုံးက ခေါင်းညိတ် ကြတယ်လေ။ တရုတ်တန်း ဘက်မှာ စားစရာ တွေက အများကြီးလေ။ စာအုပ်တန်း ဘက်က လျှောက်လာရင်း ဆိုင်တန်းတွေ ငေးပြီး လျှောက်လာ လိုက်တာ တရုတ်တန်း ကို ရောက်နေပြီပဲ။ ရောက်တော့ အားလုံး အကြိုက် အရင်ဆုံး ၀က်သား ဒုတ်ထိုး စားကြတယ်။ ဘေးနားမှာ ကြည့်လိုက် တော့ ကော်ပြန့်စိမ်းဆိုင်။ အား… ကော်ပြန့်စိမ်း လည်း စားလိုက် အုံးမယ် ဆိုပြီး စားကြပြန်တယ်။ ပြီးတော့ `ချစ်စရာ´ အအေးဆိုင် ကို လမ်းလျှောက်ကြပြီး ကူလ်ဖီး စားကြတယ်။ သူငယ်ချင်းတွေ ကတော့ ဖါလူဒါ စားတဲ့သူနဲ့ သစ်သီးဖျော်ရည် သောက်တဲ့သူ နဲ့ပေါ့။ ထုံးစံ အတိုင်း သူ့ဟာ ကိုယ်ယူစား ကိုယ့်ဟာ သူယူစားနဲ့ ပျော်စရာ ပေါ့။ အင်း နာရီ ကြည့်လိုက်တော့ ညနေ ၅နာရီ တောင် ထိုးနေပြီပဲ။ ဖေကြီးကို ကြိုပြော ထားရတယ်။ မဟုတ်ရင် ပြန်တာ နောက်ကျလို့ စိတ်ပူ နေအုံးမယ်။ ပြီးတော့မှ လမ်းခွဲပြီး အိမ်ပြန် လာကြတယ်။ ကျန်တဲ့ သူငယ်ချင်းတွေ က လှည်းတန်း နဲ့ အင်းစိန် နဲ့ ကိုးမိုင် နဲ့ပြန်မှာ ဆိုတော့ လမ်းတူကြတယ်။ ကျမ သာ တာမွေဘက် ပြန်မှာ ဆိုတော့ သူတို့နဲ့ မတူ တယောက်တည်း ပြန်လာခဲ့တယ်။

လမ်းတလမ်း လုံးလည်း မနက်ဖန်မှာ လုပ်ရမဲ့ (ပရက်တီကယ်) လက်တွေ့ အကြောင်း စဉ်းစားရင်း အတွေး နယ်ချဲ့  လာခဲ့တာ အိမ်နားကိုတောင် ရောက်ခါနီး လာပြီ။ အင်း… ဒီနေ့တော့ သွားချင်တဲ့ နေရာတွေ သွားလိုက်ရတဲ့ အတွက် စိတ်ချမ်းသာ သွားတယ်။ ဖေကြီးတို့ ကတော့ ထမင်းစားဖို့ စောင့်နေကြမှာ။ အိမ်ရောက်တော့ ဖေကြီးက ပင်ပန်း သွားပြီလားတဲ့။ ပင်ပန်းတာ ပေါ့လို့ ပြန်ပြောတော့ ထမင်းစားကြမယ် တဲ့။ ဆာတော့ မဆာ သေးဘူး။ ဒါပေမဲ့ မစားရင် လည်း စိတ်မကောင်းမှာ စိုးလို့ ၀င်စား လိုက်တယ်။ ထမင်းစားပြီး ခန နားတုန်း ၀ယ်လာတဲ့စာအုပ်တွေ ဖတ်ကြည့်လိုက် အုံးမယ် ဆိုပြီး ဖတ်လိုက်တာ။

တူမလေး က `တီတီကြီး´ သမီး ကျောင်းသွားတော့မယ် `တာ့တာ´ ဆိုတဲ့ အသံကြားမှ ဟင်…. ငါဘယ်ရောက် နေပါလိမ့် လို့ကြည့်လိုက်တော့ …. ကိုယ့်အိမ်၊ ကိုယ့်မြေ မဟုတ်တဲ့ နေရာလေး တခုမှာ အိပ်စက် နေတာပါလား…
အေးစက် နေတဲ့ ပါးပြင်ပေါ် မှာတော့ မျက်ရည်စ တချို့ ……….

Thursday, December 3, 2009

တခါတုန်းက ဒီဇင်ဘာ

(လွမ်းမောစရာ ဘွဲ့နှင်းသဘင်ခန်းမကြီး)

ဒီဇင်ဘာလ ကိုကျွန်မ အရမ်းချစ်တယ်။ ဘာလို့လဲ ဆိုတော့ ကျွန်မကို ချစ်တတ်အောင် လုပ်ခဲ့တဲ့ သူတယောက် ကို တွေ့လိုက်ရလို့ပါ။ ပြီးတော့ ဘ၀မှာ ညီအမ တွေလို အင်မတန် ချစ်ခင်ခဲ့ရတဲ့ သူငယ်ချင်းကောင်း တွေနဲ့ တွေ့ခဲ့ရလို့ ပါပဲ။ ဆောင်းတွင်းရဲ့  ဒီဇင်ဘာလ တလမှာပေါ့….. ကျွန်မတို့ ကျောင်းနှစ်ရှည် ပိတ်ထားပြီး ကျောင်းပြန် ဖွင့်မယ် ဆိုတော့ ကျွန်မ အရမ်းပျော်တာ ပဲလေ။ ဘာဖြစ်လို့လဲ ဆိုတော့ ဂုဏ်ထူးတန်း ကို ရန်ကုန်တက္ကသိုလ်မှာ တက်ခွင့် ရလို့ပါ။ အဲဒီ အချိန်မှာ သူငယ်ချင်း တော်တော် များများနဲ့ ဝေးကွာပြီး သိပ်မရင်နှီးသေး တဲ့ သူငယ်ချင်း တယောက်က ဆက်သွယ်ပြီး ကျောင်းတက်ဖို့ လုပ်ခဲ့ပါတယ်။ ကျောင်းစတက်တဲ့ နေ့မှာ သူငယ်ချင်း နှစ်ယောက် ချိန်းပြီး တက်ရမဲ့ အတန်းကို သွားခဲ့ပါတယ်။

အဲဒီတုန်းက ရန်ကုန်တက္ကသိုလ် ထဲမှာ သူငယ်ချင်း နှစ်ယောက် မျက်စိသူငယ် နားသူငယ်နဲ့ပေါ။့ ကျွန်မတို့ ဓါတုဗေဒမေဂျာ (ဂုဏ်ထူတန်း)မှာ ကျောင်းသား အားလုံး နှစ်ရာကျော် ရှိပါတယ်။ စတက်တဲ့ နေ့မှာပဲ သူ့ကို သတိ ထားလိုက်မိ ပါတယ်။ အနွေးထည် ထူထူဝတ်ထားတဲ့ သူ့ကို အားလုံး ထဲမှာ အမှတ် ထင်ထင် တွေ့လိုက်ရတယ်။ ပြုံးပြီး သူငယ်ချင်းတွေနဲ့ စကားပြောနေတဲ့ သူ့ကို ရင်ထဲမှာ တသက်စာ အမှတ်ရသွားစေတာ ကတော့ မေ့လို့ မရပါဘူး။ အဲဒီလိုနဲ့ ကျောင်းတက်ခဲ့တာ စစပိုင်း သူငယ်ချင်း နှစ်ယောက်ထဲ ရှိတဲ့ ကျွန်မတို့ တော်တော် ပျင်းခဲ့တာ။ နှစ်ယောက်ထဲ ဆိုတော့ ဘယ်မှလဲ မသွားဖြစ် သူငယ်ချင်းတွေ ရလာရင် အရမ်း ကောင်းမှာပဲလို့ ပြောနေ ခဲ့ကြတာ။ နောက်ပိုင်း ကျွန်မ အပါအ၀င် မိန်းကလေး သူငယ်ချင်း ခုနှစ်ယောက်နဲ့ ယောက်ျားလေး သူငယ်ချင်း နှစ်ယောက် ရပြီး ညီအမ မက ချစ်ခင် ခဲ့ကြတာ အခုထိပါပဲ။

တယောက်ရဲ့ အကျိုးကို တယောက်က လိုလားပြီး တိုင်တိုင်ပင်ပင် ချစ်ချစ်ခင်ခင် နဲ့နေကြလို့ တခြား သူတွေရဲ့ တအံ့တသြနဲ့ ချီးမွန်းတာ ကိုလည်း ခံရတဲ့ အထိပါပဲ။ တယောက်က တခုခု လုပ်ချင်တယ်ဆို တယောက်က ဖြည့်ဆည်း ပေးဖို့လဲ ၀န်မလေး ခဲ့ပါဘူး။ ဂုဏ်ထူတန်း ဆိုတော့ စာတွေ ကလည်းများ ပရက်တီကယ် (လက်တွေ့) ချိန်ကလည်း များနဲ့ မနက် ခုနှစ်နာရီ ကစပြီး ကျောင်းတက်ရတာ ညနေ ငါးနာရီမှ ပြီးပါတယ်။ ကျွန်မနဲ့ ပထမဆုံး တွဲတဲ့ သူငယ်ချင်းက လှည်းတန်း(ကမာရွတ်) မှာ နေပါတယ်။ ကျောင်းနဲ့ နီးတော့ သူငယ်ချင်း အားလုံး ရဲ့ဒဏ်ကို အခံရဆုံး ပဲပေါ့။ ကျွန်မတို့တွေ စာမေးပွဲနီးရင် လည်းအားလုံး စုအိပ်ပြီး စာလုပ်ကြရပါတယ်။ အဲဒီ အခါ ဆိုလည်း သူ့အိမ်မှာနေ သူ့အိမ်မှာစားရင်း စိတ် ချမ်းချမ်းသာသာ နဲ့ ဆွေမျိုးရင်း တွေလို နေခဲ့ စားခဲ့ ရပါတယ်။ အဲဒီ သူငယ်ချင်းအိမ် ကလည်း တကယ့် ကို ကျေးဇူးရှင် တွေပါ။ ယောက်ျားလေး နှစ်ယောက် ကလည်း အကိုတွေ လို စောင့်ရှောက်ခဲ့ ချစ်ခင် ခဲ့ကြတယ်။

(ဂျပ်ဆင်ခန်းမကြီးကလည်း အထင်ကရ)

အဲဒီ လိုနဲ့ပဲ ကျွန်မတို့ သူငယ်ချင်းတွေ ကျောင်းမှာဆို နေရာကုန် လျှောက်သွားပြီး မတွေ့ရတဲ့ နေရာ မရှိ သလောက် ပါပဲ။ ဆရာမတွေ ကလည်း သမီးတို့က ရန်ကုန်တက္ကသိုလ် ထဲမှာ တက်ရလို့ အရမ်း ကံကောင်းတဲ့ သူ တွေတဲ့။ ရန်ကုန်တက္ကသိုလ် ထဲမှာ များများသွား ဆိုပြီး ပြောပါတယ်။ ကျွန်မတို့က လည်း ဆရာမ စကားကို မြေ၀ယ်မကျ နားထောင်ပြီး အကုန်လုံးကို လျှောက်သွားတာ ပါပဲ။ စိတ်တူကိုယ်တူနဲ့ ဆိုတော့ ဘာလုပ်လုပ် တတွဲတွဲနဲ့ အရမ်းကို ပျော်စရာ ကောင်းတဲ့နေ့တွေပါ။ သူ့ကို ကြည့်ရတာလည်း သူ့သူငယ်ချင်း တွေနဲ့ အရမ်း ပျော်နေပုံပါပဲ။ သူ့သူငယ်ချင်းတွေ ကလည်း လွတ်လွတ်လပ်လပ် နဲ့ ပျော်ပျော်ရွှင်ရွှင် ပုံစံလေးပါပဲ။ သူ့ကို ကြည့်လိုက်ရင် တော့ အမြဲလိုလို အနွေးထည် ၀တ်ထား တတ်ပါတယ်။

နောက်မှ သိရတာက သူက အားကစားကို လိုက်စားတယ်တဲ့။ အဲဒါကြောင့် အနွေးထည် ကို ၀တ်တာတဲ့။ ဘောလုံး ကန်တာ အရမ်း ကောင်းတယ်လို့ပြောပါတယ်။ ကျွန်မလည်း မယုံတ၀က် နဲ့ ဟုတ်ပါ့မလား လို့ပေါ့။ နောက်ကျမှ ကျောင်းမှာ ဘောလုံးပွဲ လုပ်မှ သူက ဓါတုဗေဒရဲ့ လက်ရွေးစင် တယောက် အဖြစ် ၀င်ကစား တာ ကို တွေ့ရတယ်။ အဲဒီအခါ မှာလည်း ကျွန်မတို့ သူငယ်ချင်း တွေက အမြဲတမ်း အားပေးနေကျပါ။

သူ့သူငယ်ချင်း တွေကလည်း ကျွန်မတို့ သူငယ်ချင်း အုပ်စု ဘောလုံးပွဲကို ရောက်လာတာနဲ့ သူ့ကို `ဟေ့….. မင်းရဲ့အားဆေး ရောက်လာပြီ´ ဆိုပြီး အော်ပါ တော့တယ်။ သူက လည်း အဲဒီ အချိန် ပြုံးပြီး ကြည့်နေ ပါတယ်။ ဘယ်လောက်အရေးကြီးကြီး ဘောလုံးပွဲ ကိုတော့ မရောက်ရောက် အောင် သွားအားပေး ပါတယ်။ အဓိက အသွား ချင်ဆုံး ကတော့ ကျွန်မပါ။ ဘောလုံးပွဲကို အော်ဟစ် အားပေးပြီး နိုင်ရင် တော့ ၀မ်းသာအားရ ပြန်လာ ရတာပေါ့။ ရှုံးတဲ့အခါ မှာတော့ အပြန်လမ်း တလျှောက် ကျွန်မတို့သူငယ်ချင်း အားလုံး စကား မပြောနိုင်ကြပဲ ကိုယ်ရဲ့ မေဂျာ အစား ၀မ်းနည်း နေကြရတာပေါ့။

ကျွန်မတို့မေဂျာကို အမြဲလိုလို အနိုင်ယူတဲ့ ဘောလုံး အသင်းကတော့ `Law (ဥပဒေ) မေဂျာ´ ပါ။ သူတို့နိုင်လို့ ကျွန်မတို့ကို မခံနိုင်အောင် ပြောတဲ့ အခါ ကျွန်မတို့ ကလည်း ပြန်ပြောတာပေါ့။ `အနိုင်အရှုံးက အဓိက မဟုတ်ဘူး၊ ယှဉ်ပြိုင်ခြင်းသာ အဓိက´ ဆိုပြီး မနိုင်နိုင်အောင် ပြောဆိုပါတယ်။ နိုင်တဲ့ အချိန် ဆိုရင်တော့ `ယှဉ်ပြိုင် နိုင်ရမည်´ ဆိုပြီး ပြန်ပြောပါတယ်။ သူဘောလုံး ကန်တာက အရမ်းကြည့်လို့ ကောင်းတယ် လို့ သူငယ်ချင်းတွေ ကို ပြောတော့ သူငယ်ချင်း တွေက အဖြစ်သည်းလွန်းတယ် ဆိုတဲ့ပုံနဲ့ ကျွန်မကို ကြည့်ကြတာပေါ့။ ကျွန်မ ကလည်း ကျွန်မ ပါပဲ လေ။ သူ ဘာလုပ်လုပ် အမြဲကြည့်လို့ ကောင်းနေ တာပဲ။ သူငယ်ချင်းတွေ ကတော့ ကျွန်မကို တခါတလေ အားမလို အားမရ ဖြစ်ကြတယ်။ ဘာဖြစ်လို့ ဒီလောက်တောင် ဖြစ်ရတာလဲ ဆိုတဲ့ ပုံစံနဲ့ပေါ့။

သူ့မွေးနေ့ ရောက်ရင်လည်း ရွှေတိဂုံဘုရား ကိုသွားလို့ သူ့အတွက် ကုသိုလ် ကောင်းမှု လုပ်ပြီး ဆုတွေ တောင်းရတာ အမောပေါ့။ အဲဒီ အခါမှာလည်း သူငယ်ချင်း တွေက ပါရမီဖြည့်ဘက် တွေပဲပေါ့။ ထူးခြားတာ ကတော့ သူ့မွေးနေ့နဲ့ ကျွန်မမွေးနေ့ က တပတ်ပဲ ကွာပါတယ်။ သူနဲ့ ကျွန်မက မွေးရက်လည်း အတူတူပါပဲ။ သူက ကျွန်မထက် တပတ် တိတိ ကြီးတာပေါ့။ အဲဒီအချိန် အတန်း ဘယ်လောက် အရေးကြီးကြီး အတန်းကို ဖျက်ပြီး ဘုရား ကိုတော့ ရောက်အောင် သွားပါတယ်။ သူက အရင်က မွေးနေ့တွေမှာ ဘုရားကို မသွားဖူးဘူးတဲ့။ ကျွန်မတော့ သိပ် မအံ့သြမိ ပါဘူးလေ။ မိခင် မရှိတော့တဲ့ သားတယောက် အတွက်တော့ မေ့ကောင်း မေ့နိုင်ပါမယ်။ မေ့ထား တာ လည်း ဖြစ်နိုင် ပါလိမ့်မယ်။ ကျွန်မ သတိ ပေးမှပဲ ဘုရားကို သွားပါတယ်။ အခုထိလည်း ဝေးနေပေမဲ့ မွေးနေ့မှာ ကုသိုလ် လုပ်ပေးပြီး ဆုတောင်း ပေးပါတယ်။ သူကိုယ်တိုင် တော့ မေ့ကောင်း မေ့နေမှာပါ။

ကျွန်မရဲ့  ခံစားချက် ကတော့ ဘယ်တော့မှ မပြောင်းလဲ ခဲ့ပါဘူး။ ဒီနေ့ထိပါပဲ။ ကျွန်မတို့နှစ်ယောက် ဟာ ဘ၀မှာ အတူ လက်မတွဲခဲ့ရ ပေမဲ့ ချစ်ခြင်း မေတ္တာနဲ့ပဲ လမ်းကွဲခဲ့ ရတာပါ။ ပြန်မဆုံနိုင်တော့ ပေမဲ့ တသတ်တာ ထာဝရ အမှတ် ရနေမှာ ကိုတော့ ရင်ထဲမှာပဲ သိမ်းဆည်းထား လိုက်ပါရစေ။ မဆုံဆည်းခဲ့ပေမဲ့ အမုန်းနဲ့လမ်းခွဲတာ မဟုတ်ပဲ နားလည်မှုတွေနဲ့ လမ်းခွဲခြင်းကသာ အကောင်းဆုံးပဲ မဟုတ်လား။ တကယ်တော့ ကျွန်မတို့နှစ်ယောက်ရဲ့  လမ်းဟာ မတူညီခဲ့ပါဘူး။ မျဉ်းပြိုင်နှစ်ကြောင်း ဟာ ဘယ်တော့မှ မဆုံစည်းနိုင် သလိုပဲပေါ့။ ကျွန်မတို့ master တန်းတက်တဲ့ နှစ်ကုန်မှာတော့ သူနဲ့ သူ့သူငယ်ချင်းတွေ နိုင်ငံခြားကို ထွက်သွား ခဲ့တယ်။

ထွက်ခါနီးမှာ ကျွန်မကို သူသွားမဲ့ အကြောင်းမပြောပြနိုင် လောက်အောင် သူလည်း ခံစား နေရတယ်နဲ့ တူပါတယ်။ နှုတ်လည်း မဆက် နိုင်ပါဘူး။ ကျွန်မ နှုတ်ဆက် တာတောင် သူစကား မပြောနိုင်ပါဘူး။ အဲဒီတုန်းက ခံစားချက် ကတော့ ဘယ်လို ခံစားချက် မျိုးနဲ့မှ မတူပါဘူး။ သူသွားပြီး နောက်နေ့မှာ တော့ စိတ်တွေ ထွေပြားနေတာ နဲ့ မြို့ထဲသွား စာအုပ်ဆိုင် တွေ လျှောက်သွားပြီး စာအုပ်တွေ ၀ယ်လာခဲ့တယ်။ ကျွန်မကို ဆုံးမ လိုက်တဲ့ စာအုပ် ကတော့ ဆရာတော် အရှင်ဆန္ဒာဓိက ရဲ့  (လမ်းခွဲတာ ၀မ်းနည်းစရာလား) စာအုပ်ပါ။ အဲဒီ စာအုပ်ကို ဖတ်ပြီးတဲ့ နောက်မှာတော့ ကျွန်မဟာ စိတ် တည်ငြိမ် လာပြီး တော်တော် နေထိုင်တတ် သွားပါတယ်။

(အခုထိ ကြံ့ ကြံ့ ခံနေတဲ့ သစ်ပုတ်ပင်ကြီး)

အော်………. လူတိုင်း လူတိုင်းဟာ တနေ့မှာ လမ်းခွဲကြရမှာ ပဲတဲ့. ကောင်းသော လမ်းခွဲခြင်းနဲ့ လမ်းခွဲခြင်း ကသာ အကောင်းဆုံး ပါပဲတဲ့။ လူတွေဟာ ဗေဒါပင်လေး တွေပါပဲတဲ့ ကံတရားဆိုတာ ကတော့ လေပါပဲတဲ့။ လေတိုက်တဲ့ အချိန်မှာ ဗေဒါပင်လေး တွေဟာ ဟိုတစု ဒီတစု ဟိုရောက်သွားလိုက် ဒီရောက်လာလိုက် နဲ့ ဟိုဘက်က ဗေဒါပင် အုပ်စုနဲ့ သွားပေါင်း သွားလိုက် တခါ လေတိုက်ရင် ဒီဘက်ကို ရောက်လာလိုက် နဲ့ ဘ၀ကြီးမှာ လည်း ကံတရား အတိုင်း ဟိုလူနဲ့ ဆုံလိုက် နောက်ပြန်ကွဲ သွားလိုက် နောက်ဒီလူနဲ့ ဆုံလိုက် ပြန်ကွဲ သွားလိုက်နဲ့ အားလုံးဟာ ကံတရား အတိုင်း အလိုက်သင့် နေကြရတာပဲတဲ့။ ကျွန်မ အတွက်တော့ အရမ်း အဖိုးတန်တဲ့ အသိ တွေရသွားခဲ့ ပါတယ်။

နောက် စာအုပ်ကတော့ (အနေဝေးပေမဲ့ အဝေးနေမဟုတ်ပါ) တဲ့။ အဲဒီ စာအုပ် ကလည်း အရမ်း ကောင်းပါတယ်။ တယောက်နဲ့ တယောက်ဟာ အနေဝေးတိုင်း အဝေးနေ မဟုတ်ကြပါဘူး။ ရင်ထဲမှာ မေတ္တာနဲ့ နေမယ်ဆိုရင် ဘယ်လောက် ဝေးဝေး မဝေးတော့ ပါဘူး။ မြတ်စွာဘုရားနဲ့ ဝေးပေမဲ့ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားတော်တွေ အတိုင်း လိုက်နာ ကျင့်ကြံမယ် ဆိုရင် မြတ်စွာဘုရားနဲ့ နီးနီးလေး ပါပဲတဲ့။ ကျွန်မ အတွက်တော့ သတိတရနဲ့ အမြဲ လိုက်နာ နေမိပါတယ်။

ဒီလိုပါပဲ အချိန် တန်ရင်တော့ အားလုံးဟာ သူ့ကိစ္စ နဲ့သူ သူ့ခရီးကို သွားနေကြတာပေါ့။


ဘာပဲဖြစ်ဖြစ် ကျွန်မ ကတော့ ဘ၀မှာ ညီအမလို၊ အကောင်းဆုံး မိတ်ဆွေ သူငယ်ချင်းတွေ ရခဲ့အတွက် အရမ်း ကံကောင်းခဲ့ ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အတူတူ တိုင်ပင်ဖေါ် တိုင်ပင်ဖက် အဖြစ်နေ သွားကြရမှာပေါ့။ သူနိုင်ငံခြားက ပြန်ရောက်တဲ့ အခါကျတော့လည်း ကျွန်မက တခြား တနိုင်ငံကို ထွက်ခဲ့ရပြန်တယ်။ ကျွန်မရဲ့ ဘ၀မှာ ဆုံဆည်းတယ် ဆိုတာကို မသိ လောက်အောင်ကို ဖြစ်ခဲ့ရတယ်။

အခုတော့ အတူတူ တက်ခဲ့ကြတဲ့ ကျောင်းကြီး(ရန်ကုန်တက္ကသိုလ်) ကို အရမ်း လွမ်းနေတယ်။ အာစီ(RC)ကို လွမ်းတယ်။ ကျောင်းကြီးထဲက ပရက်တီကယ် (လက်တွေ့)ခန်းကိုလည်း လွမ်းတယ်။ ဘွဲ့နှင်းသဘင် ခန်းမကိုလည်း လွမ်းတယ်။ ဂျပ်ဆင် ကိုလည်း လွမ်းတယ်။ သိပ္ပံဆောင်ကြီး ကိုလည်း လွမ်းတယ်။ ပုဂံလမ်း ကိုလည်း လွမ်းတယ်။ စစ်ကိုင်းလမ်း ကို လည်း လွမ်းတယ်။ နေ့တိုင်း ထိုင်ဖြစ်ခဲ့ကြတဲ့ (ကန့်ဂေါ်ရွာ) ဆိုင် ကိုလည်း လွမ်းတယ်။ တခါတရံ ထိုင်ဖြစ်တဲ့ ၀ိဇ္ဖာကန်တင်း ကိုလည်း လွမ်းတယ်။ အီကို ကန်တင်းကိုလည်း လွမ်းတယ်။ အဓိပတိ လမ်းမ ကိုလည်း လွမ်းတယ်။ သစ်ပုပ်ပင်ကြီး ကိုလည်း လွမ်းတယ်။ ကန့်ဂေါ်ပင် ကိုလည်း လွမ်းတယ်။ ရေတမာပင် ကိုလည်း လွမ်းတယ်။ အားကစား ခန်းမကြီးကိုလည်း လွမ်းတယ်။ စူပါရုဖ်ကား( super roof) နဲ့ ဂျစ်ကား( Shan Star) ကိုလည်း လွမ်းတယ်။ လွမ်းတယ်……… လွမ်းတယ်……..အားလုံးဟာ လွမ်းစရာ ကြီးတွေပါပဲ။ ကိုယ့်နိုင်ငံနဲ့ ဝေးနေတဲ့ အချိန် ပိုပြီး လွမ်းနေမိတယ်................။