Showing posts with label မွေးနေ့အမှတ်တရ. Show all posts
Showing posts with label မွေးနေ့အမှတ်တရ. Show all posts

Friday, August 15, 2014

အဆုံးသတ်ခရီး မသိသော ကျွန်မ…

အဆုံးရှိနေတဲ့ လမ်းမတစ်ခုပေါ်မှာ လျှောက်လှမ်းနေသော ကျွန်မ.. မိုင်တိုင်တစ်ခု အဝင်. ကျွန်မကိုယ်ထဲတွင် စီးဝင်နေသော အရာသည်...

တန်ဖိုး.... တစ်ခု။

ဆက်၍ဆက်၍ သွားရအုံးမည့် ခရီးစဉ်သည် ကျွန်မအတွက် ဘယ်အချိန်မှာများ အဆုံးသတ်မလဲ ဆိုတာကို မသိနိုင်ခဲ့ပါ. သိနိုင်မည့် နည်းလမ်းကိုလည်း မရှာဖွေနိုင်သေး။ မဖြစ်မနေလို့ နာမည်တပ်ပြီး အတ္တတွေ တပွေ့တပိုက်နှင့် လောကလမ်းပေါ်မှာ သွားလာနေပြီး သိနိုင်မည့် နည်းလမ်းရှိသည်ကိုလည်း သိနေပါလျှက် ဘယ်အတွက်ကြောင့်များ ယခုချိန်ထိ မရှာသေးသလဲ လို့ ကျွန်မကိုယ်ကို မေးခွန်း ထုတ်နေမိသည်။ မရှာဖွေနိုင်သေးသော်လည်း အသိကို သတိဖြင့် ကျင့်ကြံ နေနိုင်လျှင် အထောက်အပံ့ဖြစ်နေအုံးမည်။ အငိုမဆုံးနိုင်သော အဆိပ်သင့် လူသားတစ်ဦးဖြစ်ခိုက် နေညိုချိန်ကို ကျွန်မအနေနဲ့ မဖြစ်မနေ ရင်ဆိုင်ရအုံးမည်။

ထိုအချိန်ကို ကျွန်မသည် ရဲရဲရင့်ရင့် ရင်ဆိုင်ကျော်ဖြတ်နိုင်အောင် ကြံ့ခိုင်နိုင်အောင် ကျွန်မအတွက် ဘာတွေများ ပြင်ဆင်ပြီးပြီလဲဟု အထပ်ထပ်တွေးနေမိသည်။  အတွေးနှင့်အတူ မွန်းကျပ်နေသော ရင်တွင်းတနေရာမှ ဆွဲကိုင်လှုပ်သလို တင်းကျပ်မှုသည် နှလုံးသွေး အကြည်ဓါတ်၏ လှုံ့ဆော်မှုကြောင့် ခံစားသိ တစ်ခုပင်။ ကျွန်မ၏ ခရီးဆုံးသည် ဘယ်အချိန် ဘယ်နေရာ ဘယ်လိုသော အကြောင်းတရားများနဲ့ ထွက်ခွာသွားရမလဲ မသိနိုင်သော တနေ့နေ့ တချိန်ချိန် ရှောင်လွဲ မရနိုင်သော အရာဖြစ်သော် လည်း မေ့လျော့နေ မိခြင်းသည် ကျွန်မ၏အတ္တ တစ်ခုပင်...။

မသိနိုင်သော အရာများနှင့် ပြည့်နှက်နေသော လူ့ဘဝရခိုက် မတူညီနိုင်သော အရာများကို ညှိနှိုင်းနေထိုင်နိုင်ခြင်းသည်လည်း လှပ သက်ဝင်သော အနုပညာရပ် တစ်ခုပင်..။ ထို အနုပညာရပ်တစ်ခုကို တည်ဆောက်ခြင်းသည် လှပသော အနာဂတ်တစ်ခုကို အုတ်မြစ်ချ တည်ဆောက်ခြင်းပင်..ဖြစ်လေသည်။ လှပသော အနာဂတ် အဆောက်အဦး တစ်ခု ဖြစ်ရန် ကျွန်မသည်လည်း အုတ်တစ်ချပ် သဲတစ်ပွင့် အဖြစ် ကျွန်မ တန်ဖိုးထားပါသည်။ တခြားသူများ ပါဝင်နိုင်မည့် မတူညီနိုင်သော အရာများကိုလည်း ကျွန်မ တန်ဖိုးထား ပါသည်။ ထိုအဆောက်အဦးသည် တစ်ဦးချင်း၏ မတူညီမှုများနှင့် တည်ဆောက် ထားကြသော နေခြည်ဖြာအောက်  နွေးထွေးမှု များနှင့် ပြည့်နေသော အာရုဏ်ဦး ပန်းချီကားတစ်ချပ်..။ 


မတူညီမှုများနှင့် တည်ဆောက်မည့် အဆောက်အဦးဆိုသည်မှာ မတရားမှုများ ကျူးးလွန်ပြီး ဖိနှိပ်မှုများနှင့် ရက်စက်စွာ တည်ဆောက်မည့် သွေးစွန်းသောလက်များကို ကျွန်မ လက်ခံမည်မဟုတ်..။ သွေးစွန်းနေမည့် အဆောက်အဦး၊ သွေးညှီနံ့နှင့် ပြည့်နေမည့် အဆောက်အဦး ကို ကျွန်မ နှစ်လိုမည်မဟုတ်..။ မတရားမှုများ ပြုလုပ်နေသူများနှင့် မည်သည့်အခါမျှ တူညီနိုင်လိမ့်မည် မဟုတ်..။ ပြေပျောက်မှုမရှိမည့် အစွန်းအထင်းများသည် လှပသော အဆောက်အဦး တစ်ခု မဖြစ်ပါ...။ လှပမွေးကြိုင်နေသော အဆောက်အဦးသည်သာ ဘဝများစွာ၏ အလင်းရောင် ဖြစ်ပေလိမ့်မည်။

 
လျှောက်လှမ်းနေသော လမ်းခရီးပေါ်တွင် ကျွန်မ၏ခြေလှမ်းများက အများသူ အတွက် ခလုတ်ကန်သင်း မဖြစ်ပဲ အလင်းရောင် ပေးနိုင်ရန် ကျွန်မ မျှော်လင့်မိပါသည်။ လူတစ်ဦးချင်းစီ၏ ဆုပ်ကိုင်ထားသော တန်ဖိုးထားမှုများ မတူညီသည့် အလျောက် တစ်ဦး၏တန်ဖိုးနှင့် တစ်ဦး၏အပြုအမူများကို ဝင်ရောက် ခံစားပေးနိုင်ပြီး တန်ဖိုးထားနိုင်သူဖြစ်ရန် အရေးကြီးပါသည်။ တစ်ဦးနှင့်တစ်ဦးတို့၏ အရည်အသွေး၊ ပင်ကိုယ်စွမ်းရည်၊ ကြိုက်နှစ်သက်မှု၊ အလေ့အထ၊ ယုံကြည်မှု၊ စဉ်းစားတွေးခေါ်မှု တို့သည်လည်း မတူညီနိုင်ကြ..။ ထိုသူတို့၏ တန်ဖိုးထား မတူညီနိုင်မှုကို နားလည်မှု ပေးနိုင်ရန်လည်း လိုပေသည်။ တပါးသူတန်ဖိုးထားသော အရာကို ကျွန်မလေးစား တန်ဖိုးထားတတ်ရန် သတိပြုမိ ပါသည်။ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် တန်ဖိုးထားမှ ထိုတန်ဖိုးကို လေးစားနိုင်ပါမှ အဇ္ဖျ တ္တ တွင်း ဖြူ စင်သန့်ရှင်းပြီး ပဋိပက္ခ ငြိမ်းအေးပေလိမ့်မည်။ 

ထိုသည်ပင် အဆုံးရှိနေသော လမ်းခရီးကို လျှောက်လှမ်းနေသည့် ကျွန်မ၏ တန်ဖိုးထားမှု တစ်ခုပင်..။ 


အဆုံးရှိနေတဲ့ လမ်းတစ်ခုမှာ
အငိုမဆုံးတဲ့.
အဆိပ်သင့်ခဲ့တဲ့.
ခဏတာ လူသားဖြစ်ခိုက်
နေညိုချိန်အရောက်
သွားဖို့ ပြင်ဆင်.
အပြစ်မဲ့ အဆုံးသတ်လူသားအဖြစ်
ငါ ခံယူအံ့......။
 

သြဂတ်(စ်) အလယ် က လူ

ဘယ်တော့မှ မသေတဲ့
သံယောဇဉ်အထပ်ထပ်နဲ့
ရှင်သန်နေဆဲ ရင်းနှီးမှုတစ်စုံဟာ
ကမ္ဘာကို တစ်ခြမ်းစီ
မျှထမ်းနေကြသလိုမျိုး...
ခပ်ရိုးရိုး စကားလုံးတွေနဲ့ပဲ
တစ်ယောက်ကို
တစ်ယောက် ကောက်ယူ မွေးစားရင်း
အသွေးအသားချင်း
လဲလှယ်ထားတယ်။

သူမ...
မြင့်မြတ်ဖြူစင်ခြင်းဟာ...
သူ့
ကိုယ်ကျင့်တရားကို ခြယ်မှုန်းတောက်ပ
လူသားဆန်မှုဇာတ်ခုံမှာ အလှပဆုံး က, တယ်..
တိမ်ကို စား နှလုံးသားကို
အဖြူဆုံး ဆေးကြောဖို့
သူမဟာ သြဂတ်(စ်) ကို ခါးလယ်က
နင်းပြီး မွေးလာတယ်။
 
နတ်ကြီးတဲ့ သြဂတ်(စ်) ဟာ
သူမရဲ့ မွေးဖွားခြင်းနဲ့ အတူ
တိတ်ဆိတ်ပေးရတယ်
ဆူပူတဲ့ သြဂတ်(စ်) ဟာ
သူမရဲ့ ရှင်သန်ခြင်းနဲ့
အတူ ငြိမ်းချမ်းပေးရတယ်
ကြေကွဲတဲ့ သြဂတ်(စ်) ဟာ
သူမရဲ့ ဖြစ်တည်ခြင်းနဲ့
အတူ ပျော်ရွှင်နေရတယ်..
 
အဲလိုနဲ့
သြဂတ်(စ်) ကလေး လိမ္မာ လာတယ်။
ဒီကမ္ဘာမှာ သူမနဲ့ တူတာ..
သူမသာလျှင် ဖြစ်တယ် ဆိုတာ
သူမ ဘာသာ မြင်အောင်ကြည့်လို့...
အတိ လောင်ကျွမ်းဆဲ
စစ်မြေပြင်တွေကိုလဲ
ကရုဏာ မျက်ဝန်းတွေနဲ့ ထပ်တလဲလဲ
ရှုမြင် ရှုတ်ချ....
နောက် သြဂတ်(စ်)
ကျရင် ငြိမ်းချမ်းရမယ်... လို့...
သူမ ရေရွတ်နေရော့သလား။
 
စကားတွေ ရှိတယ်..
စာတွေ ရှိတယ်..
နှလုံးသားတွေ ရှိတယ်...
မပြောပဲလဲ ကြားနိုင်တယ်..
မရေးပဲလဲ ဖတ်နိုင်တယ်..
ရင်မခုန်ပဲ ခံစားနိုင်တယ်။
 
အဲလို သူမဟာ
နောက် သြဂတ်(စ်) မှာ..
ကိုယ့်ကိုယ်ကိုယ်
ထပ်ပြီး မွေးဖွားပြပါလိမ့်ဦးမယ်။
 
ချစ်ခြင်းများစွာဖြင့်
မောင်ငယ် လက်ဝဲ

ဘလော့ဂါ ကဗျာဆရာလက်ဝဲ  ရဲ့ တတိယအကြိမ် မွေးနေ့အမှတ်တရလက်ဆောင်

Friday, August 16, 2013

သြဂုတ်စ်တစ္ဆေ

သြဂုတ်စ်ဟာ တစ္ဆေတစ်ကောင်လို့ပဲ
ငါ့ကိုပွေ့ဖက်တယ်
သူရဲ့မိုးသားမည်းမည်းတွေနဲ့
သူရဲ့မှိုင်းညှို့နေတဲ့တိမ်သားထူထူတွေနဲ့
သြဂုတ်စ်ဟာ ကမ္ဘာစစ်ကိုအဆုံးသတ်ခဲ့တဲ့
အနူမြူဗုံးနှစ်လုံးအောက်မှာ အရပ်သားတွေသေကြရတာမျိုး
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအောက်မှာ
အပြစ်မဲ့ကျောင်းသားတွေစတေးရတာမျိုး
သြဂုတ်စ်ဟာ စာမျက်နှာတွေပေါ်မှာမည်းနက်နေတယ်
သြဂုတ်စ်ဟာ ဘာအကြောင်းပြချက်မှမရှိရင်လည်း
ငါတို့ချစ်တဲ့သူတွေကို ခေါ်ခေါ်သွားတတ်တယ်
မငြိမ်းချမ်းသေးတဲ့ ကမ္ဘာကြီးမှာ အနူမြူစီမံကိန်းတွေ ခြောက်လှန့်သလို
မငြိမ်းချမ်းတဲ့ ငါ့ဘ၀ကိုလည်း
သြဂုတ်စ်တစ္ဆေက သက္ကရ်ဇ်ဆိုတဲ့စကားလုံး
ခဏခဏ လူဘ၀ထဲပစ်ချတယ်…။
ဘယ်လိုယုံကြည်ရမှာလည်း ပျော်ရွှင်မှုချည်းသက်သက်ရှိမယ်လို့
ပြက္ခဒိန်ထဲက ဖျက်ပစ်လို့မရတဲ့ အမည်းစက်တွေလို့
မိုးသားတွေနဲ့ရောထွေးသွားတဲ့မျက်ရည်စတွေ
မီးလုံးမှိန်မှိန်လေးအောက်မှာ အေးစက်သွားတဲ့ကဗျာတွေ
အငွေ့ပျံသွားတဲ့သီချင်း
ပြန့်ကျဲလွင့်စင်နေတဲ့ဝါကျတွေ
အမေ့ဝမ်းခေါင်းထဲက မွေးဖွားလာတယ်ဆိုတာ
မီးခိုးခေါင်းတိုင်ကြီးတစ်ခုကနေ ပြန်ထွက်သွားဖို့
ဘ၀ဟာ ရယ်မောလိုက် နာကျင်လိုက်…
မိုးစက်တွေစဲသွားရင် သက်တံ့မှာအသက်ရှုမှားမိမှာပဲ
ဒီအချိန်မှာတော့ သြဂုတ်စ်ကတစ္ဆေတစ်ကောင်လို…။

မိုးလှိုင်ည

အစ်မရေ... ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေ..။

ကဗျာဆရာ ကိုမိုးလှိုင်ညရဲ့ မွေးနေ့အမှတ်တရ ကဗျာလေးပါ။

Thursday, August 15, 2013

ငြိမ်းချမ်းရေးခေါင်းစဉ်အောက်က သူမ

ဆေးစက်ကလေးတွေ...
မင်ရည်ကလေးတွေ..
ခဲတံကလေးတွေ ... နဲ့...
ရင်ဘတ် တွေ အများကြီးကို
သူမ က ရေးခြစ်/လိမ်းခြယ်တယ်..။

သူမ ထုဆစ်ပုံဖော်တဲ့..
ယုံကြည်မှု အဟုန်ဟာ...
သူမ ချစ်ခင် မြတ်နိုးရတဲ့..
အဝိုင်းအဝန်းလေးကို
အုပ်မိုး လွှမ်းခြုံထားတယ်..။

အဲလိုနဲ့..
သူမမှာရှိတဲ့....
တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းက
စုတ်ချက်ကြမ်းတဲ့ သမိုင်းကို
ပုံဖော်ထားရဲ့..
သူမမှာ ရှိတဲ့...
စူးစူးရဲရဲ အကြည့်တွေက..
သူမ ယုံကြည်တန်ဖိုးထားတဲ့..
အနီရောင်ခြယ် အနုပညာကို..
အလံထူဖို့ ကြိုးစားလိမ့်မယ်။

သူမဟာ...
နာမ်စားတစ်ခု ဆိုတာထက် ပိုခဲ့တယ်..
ဖယောင်းမီးဆန်ဆန်..
အရည်ပျော်.. လောင်ကျွမ်းပြီး
လောကကို အလင်းပေးလိုခဲ့တယ်...
လွတ်လပ်/ ငြိမ်းချမ်းဖို့ သူမဟာ..
မြင့်မား/ခိုင်မာတဲ့ သက်တံ့ရောင် တံတားတစ်စင်း
ဖြစ်ချင်ခဲ့တယ်...
သူမဟာ.... လူ ပီ သ ချင် ခဲ့ တယ်။

သူမ ခံယူ/ဆောက်တည်ထားတဲ့ ကိုယ်ကျင့်တရား
သူမ လေးစား/မြတ်နိုးတဲ့ အနုပညာ
သူမ ချစ်ခင်/တွယ်တာတဲ့ အဝိုင်းအဝန်းများနဲ့အတူ
သူမ လှမ်းယူ ပွေ့ဖက်တော့မယ့် အနာဂါတ်ကို
သူမ ရဲ့ တစ်နှစ်တာ ခရီးရဲ့.. ဒီနေ့က စပြီး...
ငြိမ်းချမ်းစေလိုက်ပါတော့မယ်..
သူမထံ ဆုတောင်းပေးသံ အချို့နဲ့..
သူမကိုယ်သူမ...
အေး... ချမ်း... ပစ်.. လိုက် .. ပါ.. တော့.. မယ်.. ။

(အမ သဒ္ဓါ အတွက် ဒုတိယအကြိမ် မွေးနေ့အမှတ်တရလက်ဆောင်)
လက်ဝဲ 

  
ဘလော့ဂါ ကဗျာဆရာ လက်ဝဲ ရဲ့ မွေးနေ့အမှတ်တရ ကဗျာ.. 

Wednesday, August 15, 2012

အလွှာပါးလေးတစ်ချပ်

ကမ္ဘာမြေတစ်နေရာလေးမှာ အမှတ်တမဲ့အဖြစ် မှတ်မှတ်ရရ ရောက်ရှိလာခဲ့တဲ့ အလွှာပါးလေးတစ်ချပ်..။

ဘယ်နေရာကနေ လာမှန်းမသိခဲ့တဲ့ အလွှာလေးတစ်ချပ်က နောက်ဆုံးဘယ်နေရာမှာများ အဆုံးသတ် ပျောက်ကွယ်မလဲ ဆိုတာလည်း သိမနေခဲ့ပါဘူး။ အဆုံးသတ်ရမယ့် နေရာလေးတစ်ခုနဲ့ အဆုံးသတ်မယ့် အချိန်ဆိုတာကိုသာ သိနေခဲ့မယ်ဆိုရင်.. အဲဒီ အလွှာလေးရဲ့ သိမှုတစ်ချို့ကို ဖမ်းဆုပ်လိုက်ချင်ပါရဲ့..။ အလွှာပါးလေးပေါ်မှာ ဘယ်လိုအရာတွေက နေရာယူထားကြမလဲ.
 
အဆုံးသတ်မသိတဲ့ အရာတစ်ခုနဲ့အတူ ဖြစ်တည်ခွင့် ရလာခဲ့တဲ့အခိုက် လက်ရှိ အလွှာပါးလေးရဲ့ နေထိုင်ခွင့်လေးကရော၊ ကမ္ဘာမြေပေါ်မှာ ဘာတွေခြွေချ ထားခဲ့မှာလဲ..၊ ဘာတွေချန်ထား ရစ်ခဲ့မှာလဲ..၊ 

အလွှာပါးလေးတစ်ချပ်ကြောင့် လောကလေးထဲမှာ ဘာတွေများ အခြေတိုးမြင့်မှာလဲ.. မပြောင်းလဲပဲ ရှိနေမလား. ပိုလို့ဆုတ်ယုတ်သွားလေမလား. အလွှာပါးလေးတစ်ချပ်ကြောင့် တခြားသော အရာတွေအတွက် ဝန်ပိလေးလံစေမှာလား၊ အလွှာပါးလေးရဲ့ တစ်နေရာစာအတွက် တစ်ခုသော အရာအတွက် ဘယ်လိုစိန်ခေါ်ခြင်းတွေပဲ ရှိနေပါစေလေ. အလွှာပါးလေးရဲ့ တုံ့ပြန်မှုတစ်ချက်က အရာရာကိုကျော်လွှား အံတုနိုင်မယ့် မျှတမှုမရှိ ခက်ခဲတဲ့ အကျပ်အတည်း အမိုးတစ်ခုအောက်မှာ ဖြစ်နေပေမယ့် တန်ပြန်တိုးဝှေ့ပြီး အမှန်တရားကို ရဲရဲဝံ့ဝံ့ ဖေါ်ထုတ်နေမယ့် သတ္တိတစ်ခု အလွှာပါးလေး တစ်ချပ်လုံးမှာ စီးဝင်နေမှာပါ။
 
ကောင်းခြင်းဆိုခြင်း ရောပြွန်းနေတယ်ဆိုတာ နိယာမသဘောတစ်ခု ဖြစ်ပေမယ့် အလွှာလေးတစ်ချပ်ကတော့ ကောင်းခြင်းတွေပဲ အုပ်မိုးထားချင်ခဲ့တယ်၊ ကမ္ဘာမြေပေါ်မှာ သင်းပျံ့တဲ့ရနံ့တွေ ထုံမွှမ်းပြီး အလှဆင်နေချင်တယ်၊ အလင်းရောင် ထိန်ငြီးနေတဲ့ လောကလေးတစ်ခု ဖန်တီးပေးနေချင်တယ်၊ အလွှာလေးထဲမှာ ရှိနေတဲ့ ဝတ်ရည်လေးတွေကို သောက်သုံးခွင့်ရစေချင်တယ်၊ ဝတ်ရည်လေးကြောင့် အင်အားတစ်ရပ် အဖြစ် ကြီးထွားပြီး တန်ပြန် အင်အားသစ်တွေ တိုးပွားစေချင်တယ်၊

အလွှာလေးတစ်ချပ်က သူလိုချင်တဲ့ အရာတွေကို စိတ်ထဲက တလိုက်ရုံနဲ့ အရာအားလုံး ဖြစ်လာအောင် ပြုလုပ်ပေးနိုင်မယ့် အာလာဒင်ဆီမီးခွက်လေး  တစ်လုံးကိုလည်း မျှော်လင့် တမ်းတ မိနေသေးတယ်။

ဘယ်ကနေလာမှန်းမသိ. ဘယ်နေရာကို သွားရမှန်းမသိ.. ဘယ်လိုအကြောင်းနဲ့ ပျောက်ကွယ် သွားရမှန်းမသိ.. ဘယ်နေရာမှာ စွန့်လွှတ် လိုက်ရမှန်းမသိတဲ့ အလွှာလေးတစ်ချပ်က ကမ္ဘာ့မြေပြင် တစ်နေရာ လောကလေးထဲမှာ ရှိနေခဲ့ပြီး မသိတဲ့အရာတွေကို သိအောင် ရှာဖွေဖို့တော့ မရှည်လျားတဲ့ ခရီးတစ်ခု ထွက်ဖို့ ပြင်နေရပြီ။။။

ကြိုးနှင့် ချည်သော... (လက်ဝဲ ရဲ့မွေးနေ့ကဗျာ)

အတွေးနဲ့ အသက်ဆက်သူများရဲ့ ရင်ဘတ်ကို
ဖွင့်ဟ လှပ်ကြည့်ဖို့ ကြိုးစားမိသူ လေလား
သူမ သဘောထားကြီးထားတဲ့ လောကကြီးဟာ
သူမကို ပြန်ပြီး သဘောထားကြီးနေပြန်လေသလား
ကြည့်....
ကဗျာဆန်တဲ့ နေ့တွေမှာ...
သူမနဲ့ အတူ တစ်လောကလုံးက
မီးအိမ်လေးတွေကို ဆွဲ........ လို့။

အို.... ကောင်းကင် တဲ့
မျက်လုံးကို မှိတ်ထားလေမလား
ခေါင်းမော့ ထားလေမလား
လက်ချောင်းလေးတွေချင်း ယှက်ပြီး
ရင်ဘတ်မှာ ကပ်ထားလေမလား
အမှန်တရား/ ငြိမ်းချမ်းမှု/ စစ်မှန်မှု/.....
ရင်ထဲကနေ တောင်းဆုတွေ ပြုနေလေမလား
သစ္စာ ကို သူမ လက်ဖြန့် တောင်းနေရှာတာပါ
အို ကောင်းကင်.... တဲ့။

ယုံကြည်ရာ၊ စွဲလမ်းရာ၊ ရပ်တည်ရာ အတွက်
မြို့ပျက်ညကြီးထဲမှာတောင်
သူမဟာ သမာသမတ်ကျကျ
စည်းစနစ်ရဲ့ မျဉ်းဖြူလွလွလေးပေါ်မှာ
ကျွန်တော့် ကို ရပ်ပြ နေတယ်။

သူမက လေ
“ဟိုးမှာ...
ဆက်လျှောက် သွားကွဲ့
အဲဒီလမ်းမှာ
အမှန်တရား/ ငြိမ်းချမ်းမှု/ စစ်မှန်မှု/.....”
အဲဒီ ညွှန်ပြမှုတွေအတွက်
အရာရာကို ကျွန်တော်
အံတုဖို့ ဖြစ်လာခဲ့ရတယ်။    ။

အမ သဒ္ဓါလှိုင်း မွေးနေ့ အတွက် အမှတ်တရ ကဗျာ

လက်ဝဲ

ဘလော့ဂါ ကဗျာဆရာ လက်ဝဲ ရဲ့ မွေးနေ့အမှတ်တရ ကဗျာလေးပါ။

Friday, March 12, 2010

ဘဘဦးဝင်းတင်မွေးနေ့

ဘဘ ဟံသာဝတီဦးဝင်းတင် ရဲ့ အသက်(၈၀) နှစ်ပြည့် မွေးနေ့
လေးစားရတဲ့ ဘဘဦးဝင်းတင်

ဘဘ ဦးဝင်းတင် သက်ကျော် ရာကျော်ရှည်ပြီး အန္တရယ် ခတ်သိမ်း ကင်းငြိမ်းလို့ ဘဘရဲ့ ရည်မှန်းချက်တွေ၊ ဆန္ဒတွေ အားလုံး အမြန်ဆုံး ပြည့်ဝနိုင် ပါစေလို့ ဆုမွန်ကောင်း တောင်းရင်း…..။
ဘဘရဲ့ မွေးနေ့မှာ အကျဉ်းထောင်တွင်း ရေးသားခဲ့တဲ့ `ကျားရဲ´ ကဗျာလေးကို ဂုဏ်ပြု ဖေါ်ပြ လိုက်ပါရစေ…။
ကျားရဲ
နေပြင်းလျှင်၊ နှင်းမှုန်လျှင်
ဆွေ့ဆွေ့ခုန်၊ အိုက်လိုအိုက်
ခိုက်ခိုက်တုန် ချမ်းလိုချမ်း။

အခန်းကျဉ်းကျဉ်း
အလင်းမ၀င် လေမ၀င်
နေမမြင် လမမြင်
လူမမြင် သူမမြင်မှာ
ထိုင်လျှင်ထိုင် မထိုင်လျှင်ငေး။
အိပ်လျှင်အိပ်၊ အအိပ်လျှင်တွေး။

သတင်းမေးဖို့ ဝေးရော
သီချင်းကလေးမှ မဆိုရ။
စာဖတ်ဖို့ ဝေးရော
ကဗျာကလေးမှ မစပ်ရ။

တရားဟောဖို့ဝေးရော
စကားလေးမှ မပြောရ။

အဟောသိကံ သံသရာ
ငါ့ကမ္ဘာ ပိစိကွေး
အခန်းကျဉ်းကလေး ပတ်လျှောက်လိုက်
သံတံခါးဝ ရပ်လိုက်
တမတ်တပ်တပ် တနေကုန်။
မနေ့ကလည်း တနေကုန်
ဒီနေ့လည်း တနေကုန်ပြန်
နက်ဖြန်လည်း ကုန်ဦးမယ်။

ကုန် ကုန် ကုန်
ကုန်ချင်သလောက် ကုန်စမ်း။

တရက်ကုန်မလား။ တသက် ကုန်မလား။
တလကုန်မလား။ တဘ၀ကုန်မလား။
တနှစ်ကုန်မလား။
တခေတ်ကုန်မလား။
အားမလျှော့ဘူး။ မပျော့ဘူး။
ပေဖြစ်တော့ ခံမယ်။
တူဖြစ်တော့ နှံမယ်။

အမှန်တရား တို့ဘက်မှာ ရှိတယ်။
ကာလယန္တရား တို့ဘက်မှာ ရှိတယ်။
ရှင်တော်ဘုရား တို့ဘက်မှာ ရှိတယ်။
သိကြရဲ့လား ဟား ဟား ဟား ဟား။

တိရိစ္ဆာန် ရုံက ကျားလို
လှောင်အိမ်ထဲမှာ တလွန့်လွန့်နဲ့
ကျားညွန့်တုံးတွေ ထင်နေသလား။
မှားလိုက်တဲ့အမြင်
ဟားတိုက်လို့ ရယ်ချင်စရာ။
အ၀ါပေါ်မှာ အနက်စင်း
မပျက်မယွင်း ကွက်ကွက်ကွင်း။

အရှင်းသား မလွဲသရွေ့
အထင်းသား စွဲသရွေ့
ကျားရဲဟာ ကျားရဲ။
ငါလည်း အဲဒီလိုပဲကွ ဟေ့။ ။

ဘဘ ကျန်းမာရေး ကောင်းမွန်ပါစေ...။

Saturday, February 13, 2010

တိုင်းပြည် ဂုဏ်ဆောင် ဇာနည်ဖွား

မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
ဒီကနေ့ ဖေဖေါ်ဝါရီလ(၁၃) ရက်နေ့ဟာ မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မွေးနေ့ ဖြစ်ပါတယ်။ ဒီနေ့ကို မြန်မာနိုင်ငံ ရဲ့ ကလေးများနေ့ အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ် ပွဲတွေကို မြန်မာနိုင်ငံ တ၀န်းမှာ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပလေ့ ရှိခဲ့ကြတယ်။ အခုတော့ ဗိုလ်ချုပ်ရဲ့ မွေးနေ့ ဆိုင်ရာ အခမ်းအနားတွေ တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ် လာခဲ့ ရပါတယ်။
ဒီတော့ နောင်လာ နောက်သားတွေ အနေနဲ့ ကိုယ့်နိုင်ငံ လွတ်လပ်ရေး ရအောင် လုပ်ပေးခဲ့တဲ့ ခေါင်းဆောင် တယောက်ရဲ့ အကြောင်းတွေကို သိဖို့ ဘယ်လောက် အရေးကြီးပါသလဲ။
ဗိုလ်ချုပ် ကြေးရုပ်
မြန်မာနိုင်ငံမှာ သမိုင်း ကထိက လုပ်ခဲ့ဖူးပြီး အခုတော့ အမေရိကန် ပြည်ထောင်စု အီလီနွိုင်းပြည်နယ် ဂျတ်ဒ်ဆင် (Judson) တက္ကသိုလ်မှာ သမိုင်း ပါမောက္ခလုပ်နေတဲ့ ဒေါက်တာ နော်အိန်ဂျလင်းက ဘာကြောင့် အရေးကြီးတယ် ဆိုတာ ခုလို ပြောပြပါတယ်။
“ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ကိုတော့ တိုင်းပြည်က သိသင့်တယ်၊ ကလေးတွေလည်း သိသင့်တယ်၊ ပညာတတ် တွေလည်း သိသင့်တယ်။ ကိုယ့်ရဲ့သမိုင်း အမွေအနှစ်က ကိုယ်က ထုတ်ဖော်ပြီးတော့ သိမှသာ၊ ပြောနိုင်မှ သာလျှင် အခြား ကမ္ဘာမှာရှိတဲ့ တိုင်းပြည်တွေကလည်း ကိုယ့်လူမျိုးကို ရိုသေမယ်၊ အသိအမှတ်ပြုမှာပေါ့။ ကိုယ်ကမ အသိအမှတ် မပြုရင် အခြား လူတွေကလည်း ကိုယ့်ကို ဘယ်လို အသိအမှတ်ပြုမလဲ။ ဗိုလ်ချုပ်အောင်ဆန်း တောင်မှ မသိခဲ့လို့ရှိရင် ဒီတိုင်းပြည်က ဘယ်သူ ထောင်ခဲ့မှန်းတောင် သူတို့ သိမှာ မဟုတ်ဘူး။ ကိုယ့်ရဲ့သမိုင်းအစကိုလည်း သူတို့ မသိဘူးဖြစ်မယ်။

“ဗိုလ်ချုပ်အောင်ဆန်း ထူထောင်တဲ့ မြန်မာနိုင်ငံဟာ တကယ်တော့ အရေးကြီးတဲ့ ကဏ္ဍမှာ ပါခဲ့တယ်။ အဲဒါကြောင့် ကိုယ့်တိုင်းပြည်မှာ ကလေးတွေက ဒါကို သိခဲ့လို့ရှိရင် နိုင်ငံရဲ့ ရှေ့ရေးအတွက် အလားအလာ ပိုကောင်းနိုင်တယ်၊ ပြီးတော့ ဒီတိုင်းပြည်ကို လည်း ပိုချစ်ပြီးတော့ ပိုပြီးတော့ တိုးတက်အောင် လုပ်ချင်စိတ်တွေ ရှိလာမယ်ပေါ့။ သူတို့ကို နောက်ကနေ တွန်းအားပေးတဲ့ သဘော ဖြစ်နိုင်မယ်။

“ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို မသိရင်တော့ သူတို့အတွက်က ကြည့်စရာ နမူနာ စံပြလူ မရှိဘူး။ ကျန်တဲ့လူတွေကို လျှောက်ကြည့်ပြီး ပတ်ဝန်းကျင်မှာ ကိုယ့်လူမျိုးထက် အခြား ကောင်းတဲ့လူမျိုးရဲ့ ခေါင်းဆောင် တွေကိုပဲ အားကိုး အထင်ကြီးပြီး အဲဒီလူမျိုး တွေကို ပိုအထင်ကြီးသွားမှာလည်း ဖြစ်နိုင်ပါတယ်။ တိုင်းပြည်ကို ချစ်တဲ့စိတ်ကလည်း လျော့သွားနိုင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်ရဲ့တိုင်းပြည်မှာ လူတော်လူကောင်း “ပညာတတ် အဆင့်တွေမှာပါ လုံးဝ မသိရဘူး ဆိုကတည်းက ဒီတိုင်းပြည်ကို တည်ထောင်ခဲ့တဲ့ လူရဲ့ သမိုင်းက လုံးဝ ပျောက်သွားပြီပေါ့။ တိုင်းပြည် တည်ထောင်တဲ့ လူရဲ့ သမိုင်းပျောက်ရင် တိုင်းပြည်ပျောက်တာနဲ့ အတူတူပဲလေ။ ဘာဖြစ်လို့လဲဆိုတော ကိုယ့်သမိုင်းကို ကိုယ်ဖျောက်ပစ်တဲ့ဟာက ကိုယ့်ရဲ့ဇာစ်မြစ်က ပျောက်သွားတာပေါ့။ အမွေအနှစ် ပျောက်သွားတဲ့ သဘောပါပဲ။ ဗိုလ်ချုပ်အောင်ဆန်း လက်ထက်မှာ ဆိုရင် သူက တိုင်းပြည်မှာရှိတဲ့ တိုင်းရင်းသား အားလုံးကို စည်းရုံးနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။

“အဲလို တိုင်းရင်းသား အားလုံးကို တန်းတူရည်တူ အခွင့်အရေး အတူတူပေးဖို့ စည်းရုံး နိုင်ခဲ့လို့ လူတွေကလည်း သူ့ကို ယုံကြည်ခဲ့တယ်၊ အားကိုးခဲ့တယ်။ အဲဒီလို ယုံကြည် အားကိုးခဲ့တဲ့ လူကြီးမျိုးကို တိုင်းပြည်မှာရှိဖို့ အစိုးရအဖွဲ့အစည်းမျိုးနဲ့ အဲဒီလိုလူမျိုးနဲ့တည်ထောင်နိုင်ဖို့ ဆိုတာ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ကဏ္ဍဖြစ်တယ်။

“အဲဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို မသိဘဲနဲ့ သမိုင်းကိုလည်း မသိတော့ဘူး။ ဗမာပြည်ဟာ ဘယ်လောက် အထိ ကမ္ဘာမှာ တန်းတူရှိခဲ့တယ် ဆိုတာ လည်း မသိဘူး ဆိုရင်တော့ ဒီလို အခြေအနေမျိုး ပြန်ရောက်အောင် လုပ်ချင်စိတ်လည်း ရှိမှာ မဟုတ်တော့ဘူး။ ခေတ်ကမ္ဘာ တိုးတက် နေပေမယ့် မြန်မာပြည် ကတော့ ဆက်ပြီး တိုးတက်စရာလမ်း မရှိတော့ ဘူးပေါ့။”

Aung San and the struggle for Burmese Independence ဆိုတဲ့စာအုပ်ကိုလည်း ရေးသားခဲ့တဲ့ သူတဦးလည်း ဖြစ်ပါတယ်ရှင်....။

ကိုယ့်နိုင်ငံ လွတ်လပ်ရေး ရဖို့ အတွက် အရေးကြီးတဲ့ အခန်း ကဏ္ဍက ပါဝင်ခဲ့တယ် ဆိုတာ နောင်လာ နောက်သားတွေ မသိရလေအောင်၊ မှေးမှိန်အောင် အမျိုးမျိုး ပြုလုပ်နေကြတဲ့ လူတွေကြောင့် ကိုယ့်နိုင်ငံကြီး ဘယ်လောက်တောင် ဆုတ်ယုတ် နေရပါပြီလဲ...။

ကိုယ်လည်း အနည်းဆုံးတော့ ကိုယ့်ဘေးနား ၀န်းကျင်မှာ ရှိတဲ့ ကလေးတွေ၊ လူငယ် လူရွယ်တွေ ကို လက်လှမ်း မီသလောက် ပြောပြ ရင်း ကိုယ့်နိုင်ငံမှာ ဒီလို ခေါင်းဆောင်ကောင်း ရှိခဲ့တယ် ဆိုတာ ဂုဏ်ယူ ပြောဆို နိုင်ကြပါစေလို့ ..........။

ဗိုလ်ချုပ် ၏ ၉၅ နှစ်ပြည့် မွေးနေ့ အမှတ်တရ ဦးညွတ် ဂုဏ်ပြုပါသည်။

Monday, December 21, 2009

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် `ကိုကိုကြီး´ ရဲ့မွေးနေ့


ဒီဇင်ဘာ (၁၈)ရက် နေ့မှာ ကျရောက် ခဲ့တဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် `ကိုကိုကြီး´ရဲ့ (၄ဂ)နှစ်မြောက် မွေးနေ့မှာ သူ့ကို ချစ်တဲ့ မိသားစု တွေနဲ့ နိုင်ငံတကာ က ရဲဘော် မိတ်ဆွေတွေ က ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ မွေးနေ့ရှင် ကတော့ မိသားစုတွေနဲ့ ဝေးရာ မိုင်းဆတ်ထောင် မှာ။ တိုင်းပြည် အပေါ်မှာ ကိုယ်ကျိုးစွန့် အနစ်နာ ခံပြီး သက်စွန့်စံဖျား တိုက်ပွဲဝင် နေတာဟာ နောက် မျိုးဆက်သစ် တွေ အနေနဲ့ အတုယူစရာ၊ ဂုဏ်ယူစရာ ဖြစ်ခဲ့ပါတယ်။


ကျောင်းသား ခေါင်းဆောင် `ကိုကိုကြီး´ ရဲ့ `နိုင်ငံရေး အကျဉ်းသား ဆိုတာ ဘာလဲ…ဘယ်သူ တွေလဲ…´နဲ့ အမေနဲ့ ပက်သက်ပြီး ကိုယ်တိုင် ရေးထားတဲ့ ၀တ္ထု`လားရာ´ဆိုတာ ကို ဒီလင့် မှာ ဖတ်ရှုနိုင် ပါတယ်။


(၄၈)နှစ်မြောက် မွေးနေ့မှ စပြီး အကျဉ်းထောင် မှ အမြန်ဆုံး ပြန်လည် လွတ်မြောက်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ နဲ့ တိုင်းပြည် အကျိုးကို စိတ်ထဲမှာ ရှိတဲ့အတိုင်း လုပ်ဆောင် နိုင်ပါစေ။


တောင်းတဲ့ဆုနဲ့ အမြန်ဆုံး ပြည့်ဝ ရပါလို၏..........

Monday, November 23, 2009

ကိုမင်းကိုနိုင်မွေးနေ့အမှတ်တရ


ကိုမင်းကိုနိုင်ရဲ့ (၄၇) နှစ်ပြည့်မွေးနေ့မှာ နိုင်ငံတကာ ကျောင်းသားများသို့ ဆိုပြီး သူကိုယ်တိုင် နှုတ်ခွန်းဆက်စကား ပြောလိုက်ပါတယ်။ အော် သူကိုယ်တိုင်ကတော့ အားလုံးနဲ့ဝေးတဲ့နေရာမှာ အကျဉ်းကျ ခံနေရတယ်။ ကိုမင်းကိုနိုင်ရဲ့ တိုင်းပြည်အပေါ် ကိုယ်ကျိုးစွန့်လွှတ်မှု၊ အသက်ကို ပဓာနမထားပဲ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေတာဟာ ကျွန်မတို့ရဲ့ ရင်ထဲမှာ ဂုဏ်ယူစရာ၊ အတုယူစရာ ဖြစ်ခဲ့ပါတယ်။ ကိုမင်းကိုနိုင်ရဲ့ လူငယ်ဘ၀တလျှောက် သက်တမ်းမှာ အနှစ်နှစ်ဆယ်နီးပါး အကျဉ်းချထားခဲ့ကြတယ်။ အခုလည်း (၆၄)နှစ် ထပ်ပြီး အကျဉ်းချထားလိုက်ပြန်ပြီ။ လူကိုသာ အကျဉ်းချထားလို့ရမယ်၊ စိတ်ဓါတ်ကို တော့ ဘယ်တော့မှာ အကျဉ်းချထားလို့မရပါဘူး။

ကိုမင်းကိုနိုင် အမြန်ဆုံးလွတ်မြောက်ပြီး တိုင်းပြည်အကျိုးကို အကောင်းဆုံး ထမ်းရွက်နိုင်ပါစေ။ ၀ါသနာပါတဲ့ အနုပညာအလုပ်ကိုလည်း ပုံဖေါ်နိုင် ပါစေ။ ညီအကိုမောင်နှမအားလုံး လူထုအားလုံးရဲ့ အားပေးကူညီမှုနဲ့ မေတ္တာကို ထာဝရရရှိနေမှာပါ။

Sunday, November 15, 2009

အချစ်ရဆုံးညီမလေးမွေးနေ့

ဒီနေ့ဟာ အချစ်ဆုံးညီမလေးရဲ့ မွေးနေ့ပါ။

ညီမလေးရေ ဘာလိုလိုနဲ့ အသက်တနှစ်ထပ်ကြီးသွားပြန်ပြီနော်။ ပိုရင့်ကျက်လာရပြီပေါ့။ အကိုနှစ်ယောက်ရှိတဲ့ မမဘ၀မှာတော့ ညီမလေးတယောက်ရလာကတည်းက အရမ်းဝမ်းသာပြီး အရမ်းချစ်ခဲ့ရပါတယ်။ ဘ၀မှာလည်း အကောင်းဆုံးတွေပဲ ဖြစ်စေချင်ခဲ့တယ်။ အသိဥာဏ် ပညာထက်မြက်ပြီး ရင့်ကျက်တဲ့ သူတယောက် ဖြစ်စေချင်ခဲ့တယ်။ စိတ်အခြေခံကောင်းတဲ့ ညီမလေးကလည်း စိတ်ထားကောင်းတဲ့ သူတယောက် ဖြစ်ခဲ့ပါတယ်။

သူငယ်ချင်းတွေအပေါ်မှာလည်း အင်မတန်မှ အနစ်နာခံ အနွံတာခံလို့ အားလုံးရဲ့ ခင်မင်မှုကိုအများဆုံးရခဲ့ပြီး သူငယ်ချင်းအားလုံးရဲ့ တိုင်ပင်စရာ ဖြစ်ခဲ့တာပေါ့။ သူငယ်ချင်းတွေ တခုခုဖြစ်ပြီဆိုရင်လည်း ညီမလေးကိုပဲ တိုင်ပင်လို့ ညီမလေးကပဲ ဖြေရှင်းပေးခဲ့နိုင်တယ်။

အဲဒီအတွက်ကြောင့်လည်း အားလုံးကညီမလေးကို တခြားသူထက် ချင်ကြခင်ကြတာပေါ့။ အိမ်မှာ အငယ်ဆုံး ဆိုတော့ အားလုံးရဲ့ အလိုလိုက်ခြင်းကိုလည်း ခံရတယ်။ ညီမလေးကို ချစ်ကြခင်ကြရင် မမကလည်း အလိုလို ကျေနပ်နေမိတယ်။ အလိုလိုကို ပျော်နေတာပဲ။

ဖေကြီးမိတ်ဆွေဦးမိုးဟိန်း (ဂျာနယ်ကျော်မမလေးရဲ့သား) က အခုထိ ညီမလေးကို ဖွားသီလရှင်လို့ပဲ ခေါ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ညီမလေးမမွေးခင် ဗိုက်ထဲမှာကတည်းက ဖေကြီးက ဒုလ္ဘရဟန်းဝတ် တရားထိုင်၊ ပြီးတော့လည်း ဆေးလိပ်ကို အပြီးဖြတ်လိုက်လို့ပါပဲ။ နှစ်နှစ်သုံးနှစ်အရွယ်ကျတော့လည်း အဖွားနဲ့အတူတူ ဘုန်းကြီးကျောင်းမှာ ဥပုပ်စောင့်ပါတယ်။ ညနေဆိုရင်တော့ ထမင်းစာလို့ တထိုင်ဥပုပ် ဖြစ်သွားပါတယ်။ ပုဝါလေးသိုင်းပြီး အဖွားနဲ့ ဥပုပ်သွားစောင့်တဲ့ပုံစံက တကယ့်ကို လူကြီးလေး တယောက်လို ပါပဲ။ ငယ်ငယ်ကထဲက ဘုရားတရားကို ကိုင်းရှိုင်းတဲ့ ညီမလေးပါ။ အခုချိန်ထိ ငယ်ငယ်တုန်းက ကလေးလေးလိုပဲ မြင်ယောင်ဆဲပဲ ညီမလေးရေ။


(အရုပ်အရမ်းကြိုက်တဲ့ ညီမလေးအတွက်)

ညီမလေးရဲ့ မွေးနေ့တိုင်းအတူတူ ရှိနေကြပါ။ ဒီနှစ်မှာတော့ အဝေးကို ရောက်နေကြပြီ။ အဝေးကနေပဲ ဆုတွေတောင်းပေးတော့မယ်နော်။

မိဘကိုလည်း အလုပ်အကျွေးပြုနိုင်ပါစေ။ စိတ်ထဲရှိတဲ့အတိုင်း လုပ်ကိုင်နိုင်ပါစေ။ အဖြစ်ချင်ဆုံးဆန္ဒတွေအားလုံး အမြန်ပြည့်ဝပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ လိုရာပြည့်စုံပြီး သာသနာပြုနိုင်သော သူဖြစ်ပါစေ။

မမ