Tuesday, May 24, 2011

မတူညီမှုထဲမှ တူညီသူ

မတူညီဘူးလို့ ထင်နေတဲ့
တူညီသူတွေရဲ့ လှည့်ကွက်တွေကို
တွေ့လိုက်ရတဲ့အခိုက်
အံ့သြတုန်လှုပ်မှု ရိုက်ခတ်သံက
ရင်ကိုထိုးဖေါက် စူးနစ်စေခဲ့ပြီ။
ခေတ်တခေတ်ရဲ့ လူ့သမိုင်းမှာ
ရလိုမှု အနာဂတ်
ခြောက်လှန့်မှုနဲ့ ဝိုးတဝါး ဝေဝဲ
ညတည
တွေ့မြင်မှု အပြင်အဆင်မျိုးနဲ့
ခြယ်မှုန်းခြယ်သ တစ္ဆေတကောင်ရဲ့ည..။

တူညီမှုတွေများနေတဲ့ ရေစီးကြောင်းထဲ
မတူညီသူတွေသာ ရှိခဲ့ရင်ဆိုတဲ့
ရီစရာကောင်းတဲ့
ခြောက်ကပ်ကပ် အက်ကွဲသံကို
အမှန်တရားတခုအဖြစ် လက်ခံဖို့
အဝေးဆုံးကို ထွက်ပြေးချင်ခဲ့ပြီ။
လျှပ်တပြက် မွှေနှောက်ခဲ့တဲ့
ခြစ်ရာတခုပေါ်မှာ
ရှောင်ကွင်းသွားတတ်ဖို့တော့
အခက်ခဲဆုံးအရာတခုရဲ့ နှစ်ဆယ့်လေးနာရီ..။

မတူညီမှုတွေထဲက တူညီသူတယောက်ရဲ့
မသိမှုရဲ့ သိမှုကို
အကျဉ်းအကျပ်ထဲမှ
အဖြေရှာခိုက်
ဟိုး….
ကျောက်ခေတ်လူသားတို့ရဲ့ ကျောက်စာထိုးသံနဲ့အတူ
မွေးဖွားရှင်သန်လာမယ့်…နေ့။

Tuesday, May 10, 2011

ဘလော့ရေးသူများသို့စာလေးတစောင်-နုနုရည်(အင်းဝ)

ဆရာမနုနုရည်(အင်းဝ)က ဘလော့ဂါတွေအတွက် စာတစောင် ပို့ပေးထားတယ် ဆိုပြီး မြစ်ကျိုးအင်းက ပြောလာပါတယ်။ ဘလော့ဂါတွေဆီ ပို့ပေးပြီး ဘလော့တွေမှာလည်း တင်စေချင်တယ်ဆိုတာ သိခဲ့ရတယ်။ ဘလော့ဂါတွေအပေါ် ထားတဲ့ ဆရာမရဲ့ သဘောထားကိုလည်း သိခဲ့ရပါတယ်။ ဘလော့ရေးသူတွေကို ချစ်ခင်တဲ့ အတွက်လည်း ကြည်နူးမိပါတယ်.။ ဆရာမရဲ့ အားပေးစကားလေးတွေ.၊ ဘလော့အပေါ်ထားရှိတဲ့ အားထားမှုတွေက ကျမတို့အတွက် စိတ်ခွန်အား တရပ်လည်း ဖြစ်စေခဲ့ပါတယ်။

"ရသစာပေဆိုတာ လူ့ယဉ်ကျေးမှုကြီး တခုလုံးပျောက်ကွယ်မသွားသရွေ့ အမြဲရှိနေမှာပါ" လို့ ဆရာမနုနုရည်(အင်းဝ) ရဲ့ စကားလေးကသာ နှလုံးသားကို ကြီးစိုးနေတော့တယ်။




Monday, May 9, 2011

ကြွေးဟောင်းဆပ်ခွင့် ရပါရစေအမေ...

မိုးတွေအုံ့မှိုင်းပြီး မိုးကောင်ကင်ကြီးရဲ့အစိတ်အပိုင်းတခုမှာ ရွာမလိုဟန်ပြင်တဲ့ မိုးရိပ်မိုးယောင်။ တချက်တချက်
မိုးကြိုးပစ်လိုက်တဲ့ အသံကြောင့် ပတ်ဝန်းကျင်တခုလုံး မိုးချိန်းသံတွေ မြည်ဟီးနေတယ်.။ သစ်ပင်တွေကလည်း လေယူရာယိမ်းနွဲ့လို့ မိုးချိန်းသံကိုလိုက်ပြီး နောက်ယောင်ခံလေသယောင်..။

မိုးကုတ်စက်ဝိုင်းတခုရဲ့ နေရာလေးတခုမှာ မိုးချိန်းသံကိုမှ မကြားရလောက်အောင် ငေးမောနေတဲ့ သူတယောက်။ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်သံကြောင့် တချက်တချက် သတိဝင်လာခိုက် မော့ကြည့်လိုက်တော့ ဝိုးတဝါးမပီပြင်တဲ့ ပုံရိပ်လေး...။ တဖြည်းဖြည်း နီးကပ်လာသလို ဖြစ်လာလိုက်.. ဝေးကွာသွားလိုက်နဲ့.. ကျမရဲ့ ရင်ထဲမှာတော့ ဘယ်တော့မှ ပျောက်ကွယ်မသွားမယ့် အမေရဲ့ရုပ်ရည်.. အမေ့ရဲ့ ဟန်ပန်. အသွင်အပြင်. အမေ့ရဲ့ အပြုံး. အမေရဲ့ မေတ္တာတရား. အမေ့ရဲ့ အင်အား. အမေ့ရဲ့ ခွန်အား..တခုက အုပ်မိုးလို့။ အမေ့ရဲ့ စကားသံအောက်မှာ မျောပါစီးဆင်းလို့။

မိုးနဲ့အတူ ကျမရဲ့ ရင်ထဲအသည်းထဲက အလိုအလျောက် စီးမြောဖြစ်တည်လာတဲ့ မျက်ရည်စက်.၊ ကျလာတဲ့အခိုက် တဆစ်ဆစ် နာကျင်နေတဲ့ နှလုံးအိမ်ထဲက အရိုးသားဆုံး သန္ဓေတည်နေတဲ့ မြစ်တစင်း။ အပေးအယူသဘောမရှိ. မေတ္တာတရား ကြီးမားပြီး စောင့်ရှောက် ထိန်းသိမ်းပေးတဲ့ အမေရဲ့အကြင်နာတရားအောက်မှာ ကျမတယောက် နားခိုခဲ့ရတယ်။ တမ်းတလိုက်တိုင်း ဘေးနားမှာ အမြဲတည်ရှိနေတဲ့ အမေ၊ စိတ်ပူပန်စွာ နေတဲ့အမေ၊ ဟန်ဆောင်မှုတွေနဲ့ တိုးဝှေ့ရတိုင်း သတိရနေခဲ့ပေမယ့် ဘယ်တော့မှ ပြောမထွက်ဖြစ်ခဲ့တဲ့ ကျမ.၊ ၊ ကြွေးဟောင်းမဆပ်နိုင်သေးတဲ့ ကျမ.။ တခါတရံ ဝမ်းနည်းမှုတွေနဲ့ ခြောက်လှန့်ခံရတဲ့အခါ အမေ့ရဲ့ မျက်ဝန်းလေးက ကျမအတွက် ခွန်အားတခု.။ အမေ့ရဲ့အင်အားတခုက ကျမရဲ့ အင်အားတခု.၊ အမေ့ရဲ့ စကားလေးတခွန်းက ကျမအတွက် စိတ်ခွန်အား.၊ အမေ့ရဲ့ ဖြူစင်မှုက ကျမရဲ့ ဖြူစင်မှု.၊ အမေ့ရဲ့ သတ္တိက ကျမရဲ့ သတ္တိ.၊ အမေ့ရဲ့ အသက်ရှူလိုက်တိုင်းမှာ ကျမစည်းချက်လိုက်လို့.၊ အမေ့ကို တမ်းတမ်းတတ သတိရနေတယ်။

ကမ္ဘာမြေရဲ့ တနေရာစီမှာ ရပ်တည်နေရပေမယ့် တူညီတဲ့ သံစဉ်ဖွေရှာမှုတွေမှာ နှလုံးသားချင်း ထပ်တူကျ ခုန်နေခဲ့တယ်။ ဝေးကွာမှု အမိုးကြီးအောက်မှာ အသက်ကြီးလာတဲ့ ကျမအမေရဲ့ ပုံရိပ်က နုပျိုလန်းဆန်း တက်ကြွဆဲ.။ အနီးဆုံး နှလုံးခုန်သံနဲ့ အတူ ကျမရဲ့ အမေကို ကြွေးဟောင်းဆပ်ခွင့် ရပါရစေ...။

Saturday, May 7, 2011

အတ္တနဲ့သာ ကဗျာဖွဲ့

အတ္တနဲ့သာ လုပ်
အတ္တနဲ့သာ ပြော
အတ္တနဲ့သာ နေ
အတ္တနဲ့သာ သွား
အတ္တနဲ့သာ ရေး
အတ္တနဲ့သာ ငွေ့ရည်ဖွဲ့
အတ္တနဲ့သာ အသက်ဆက်
အတ္တနဲ့သာ နေသားကျခဲ့။

နှလုံးသားထဲက ယုံကြည်ချက်
သွေးစက်....တွေ
ဖေါက်စားခံရတဲ့ အခိုက်
အတ္တဆိုတာ ဘယ်မှာမှန်း မသိခဲ့။

လုပ်ယူမထားတဲ့
ဖြစ်တည်မှု အမြုတေလေးတခုကို
လုယူခံရတဲ့ အခိုက်
အတ္တဆိုတာ ထားရမှန်း မသိခဲ့။

ခြောက်သွေ့အက်ကွဲနေတဲ့
ညမှောင်မှောင်မှာ
သွေးစက်...နဲ့
အမြုတေလေး..ကို
မေတ္တာတရား
သစ္စာတရား
သိက္ခာတခု
ဆန္ဒတစုံ
ရိုးသားမှု.....ရယ်လို့
ရိုးသား ဖြူစင်လေဟန်
ခေါင်းစဉ်တပ်ထားတဲ့
အတ္တ..တွေနဲ့ ပြန်ယူချင်ခဲ့။

........
အတ္တဆိုတဲ့
အတ္တတွေနဲ့သာ ကဗျာဖွဲ့သီနေလေရော့။။။

Wednesday, May 4, 2011

သေကြသူများ

အီဂျစ်က လူတွေ သေတယ်တဲ့
လစ်ဗျားက လူတွေ သေတယ်တဲ့
ဆီးရီးယားက လူတွေ သေတယ်တဲ့
တိဘက်ဘုန်းကြီး သေတယ်တဲ့
ဂျပန်က လူတွေ သေတယ်တဲ့
အိုစမာဘင်လာဒင် သေတယ်တဲ့

ဧရာဝတီက လူတွေ သေတယ်တဲ့
ရခိုင်ပြည်က လူတွေ သေတယ်တဲ့
ရှမ်းပြည်တာလေက လူတွေ သေတယ်တဲ့
ဦးမိုးဟိန်း(သားဂျာနယ်ကျော်) သေတယ်တဲ့
စာရေးဆရာကြီး ပါရဂူ သေတယ်တဲ့
မုန်တိုင်းသင့် ရေလုပ်သားတွေ သေတယ်တဲ့

မသိတဲ့သူတွေ သေတယ်
သိတဲ့သူတွေ သေတယ်
လူ့အဖိုးတန်တွေ သေတယ်
လူ့အန္ဓတွေ သေတယ်
မသေစေချင်တဲ့ သူတွေ သေတယ်

မေတ္တာ သေတယ်
သစ္စာ သေတယ်
ရိုးသားမှုတွေ သေတယ်
တရားမျှတမှုတွေ သေတယ်

တချို့က ယုံကြည်မှု သေတယ်
တချို့က မျှော်လင့်ချက် သေတယ်
တချို့က စကားသေတယ်
တချို့က ဘဝ သေတယ်
တချို့က စိတ်သေတယ်
တချို့က နာမည်သေတယ်
တချို့က ထပ်ကာထပ်ကာ သေနေတယ်.

သေ..
သေ...
သေ....
သေခြင်းရဲ့ နောက်ကွယ်က
ထင်ကျန်ရစ်မယ့် ပုံရိပ်က
သေဆုံးခြင်းမရှိတဲ့ မသေဆုံးသောအဖြစ်နဲ့သာ.။

(ကဗျာလေးရဲ့ ခေါင်းစဉ်နာမည်လေး ရွေးပေးခဲ့တဲ့ ဘလော့ဂါ ဦးမင်းဒင် ကို ကျေးဇူးတင်ပါတယ်။)