Thursday, October 11, 2012

အနီရောင် ကြယ်တပွင့်သို့...


မကြွေစေချင်တဲ့ ကြယ်တွေထဲက
ကြယ်တပွင့် ကြွေလွင့်ခဲ့ပေမယ့်..


နယ်ချဲ့ ဆန့်ကျင်ရေး
ဖက်ဆစ် တော်လှန်ရေး
ပြည်တွင်းငြိမ်းချမ်းရေး
ပစ္စည်းမဲ့ ပြည်သူလူထုကြီး
အဖိနှိပ်ခံ ပြည်သူလူထု.. အတွက်
ပုခုံးထက်က သမိုင်းတာဝန်ကိုထမ်း
ရှင်းသန့်  ၀င်းဖန့် တဲ့ သူရဲကောင်း ရနံ့တွေနဲ့
လမ်းပြကြယ် တပွင့် ဖြစ်ခဲ့တဲ့ အဘိုး..ရယ်...

သမိုင်းမှာ
သူရဲကောင်း ကြယ်တွေ
ကြွေဆင်း ခဲ့တယ်ဆိုတာ
ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ.က
(ဆိုင်းစုမှသည် မန်ရှိုးဆီသို့)..
နှလုံးအိမ်ထိ ဆွဲငင်
အလင်းအမှောင် ကွဲပြားခဲ့ရပါတယ် အဘိုး..ရယ်...

ခုဆို
ငြိုမှောင်နေမယ့် ဆိုင်းစု ကောင်းကင်ကြီးနဲ့
သံစဉ်တူ နှလုံးသွေးတွေ..ကို
အနီရောင် ကြယ်တပွင့်က
လွတ်လပ်ခွင့်တွေနဲ့ အတူ အုပ်မိုးလို့.....။

(ရဲဘော်သုံးကျိပ်ဝင် သူရဲကောင်း ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော သို့ သဒ္ဓါလှိုင်း၏ လွမ်းသူ့ ကဗျာခြင်း...)