Showing posts with label ကိုယ်တိုင်ရေးဝတ္ထုတို. Show all posts
Showing posts with label ကိုယ်တိုင်ရေးဝတ္ထုတို. Show all posts

Saturday, December 10, 2011

ကျမနှင့် လပြည့်ည

ဝိုင်းစက်နေသော လပြည့်ဝန်းကို ငေးကြည့်နေရင်း ဆွဲငင်အားကောင်းကောင်းနှင့် ညှို့ငင် ဆွဲယူလိုက်သည့် ဆွဲအားတခုနောက်သို့ လိုက်ပါသွားမိလျက်သား ဖြစ်နေပေသည်။ ထိုဆွဲငင်အားက ကျမ၏ မြည်ဟီး တမ်းတသံတွေကို ခေါ်ဆောင်သွားသတဲ့လား။ ကျမပြောချင်သည့် ရင်ထဲကအသံ၊ ကျမကြားချင်သည့် စကားလုံးတွေကို ဆွဲငင်သယ်ဆောင် ပေးနိုင်မှာတဲ့လား။

သည်လိုဆိုလျှင်တော့ ကျမအတွက် အဓိပ္ပါယ်ပြည့်ဝတဲ့ တန်ဖိုးရှိတဲ့ လပြည့်ညတခု ဖြစ်မှာအမှန်ပေါ့။ တကယ်တော့ လပြည့်ဝန်းကြီးကို တရှိုက်မက်မက် ငေးမော မကြည့်မိသည်မှာ အချိန်ကာလအားဖြင့် အတော်ပင် ကြာမြင့်နေပေပြီ။

ယနေ့လို လပြည့်ညတညမှာပေါ့။

ကျမအလုပ်လုပ်သော အလုပ်တွင် အရေးကြီးအလုပ်တချို့ကြောင့် ညဘက်တွင်ပါ အလုပ်လုပ်ပြီး အိပ်ရမည့် အခြေအနေ ဖြစ်လာပေသည်။ ကျမမှာ လုပ်ရမည့် လုပ်ဖေါ်ကိုင်ဖက်များ ရှိနေသော်လည်း သူ့ကို အထူးတလည် အနားတွင် ရှိနေစေချင်သည်မှာ ကျမ၏ စိတ်ဓါတ် ပျော့ညံ့မှုကြောင့်လား။ အားငယ်တတ်မှုတခု ကျမစိတ်တွင် ကိန်းအောင်းနေခဲ့ပြီလား။ သူတပါးကို အားကိုးချင်သောစိတ်များ ပေါက်ဖွားလာခဲ့ပြီလား၊ ဆိုသည့် အတွေးများ ထင်ဟပ်လာခဲ့ပါသည်။

သေချာ ရေရာသော အဖြေတခုကိုဖြင့် ကျမနှလုံးသားထဲတွင် နက်ရှိုင်းစွာ စုတ်ချက်ရေးဆွဲမိခဲ့လေပြီ။

သူ့ကိုကျမက “ဒီည အလုပ်များလို့ ရုံးမှာ အိပ်ရတော့မယ်၊ အဲဒါ ညဘက်စောင့်ပေးပါလားလို့” အားကိုးတကြီးပြောတော့ သူကလည်း “စောင့်ပေးမှာပေါ့တဲ့”

ကျမ တဒင်္ဂ ငေးငိုင်သွားမိတယ်၊ ကျမလုပ်ရပ်က ဟုတ်ပါရဲ့လား၊ အဝေးမှာ ရှိနေသောသူကို စောင့်ပေးဆိုခြင်းမှာ ဘယ်ကဲ့သို့သော အကြောင်းကြောင့်ပါလဲ။

“သူသာစောင့်နေမယ်ဆိုတဲ့ အသိတခုက ကျမရင်ထဲထိ တိုးဝင်စူးနစ်သွားခဲ့ပါတယ်”

ဟုတ်သည်။

သူရှိနေသည်ဟု စိတ်ထဲတွေးကြည့်ရုံနှင့် ကြောက်စိတ်များ လွင့်စင်ပပျောက် သွားခဲ့ပြီး အားအင်အပြည့် ဖြစ်ခဲ့လေသည်။ သူ့၏စကားသံကပင်လျှင် ကျမအတွက် အားကိုးရာတခု ဖြစ်ခဲ့လေသည်။ သူပေးပို့သော စာလေး တကြောင်းကပင် ကျမအတွက် အားထားရာတခု ဖြစ်ခဲ့လေသည်။ လူချင်းမနီးသော်လည်း စိတ်ချင်းဖြင့်ပင် အသံနှင့် ဆက်သွယ်လျက် သူ၏ အားပေးမှုများကြားတွင် ကျမ နွေးထွေးစွာ အရည်ပျော်ခဲ့ရပေသည်။

ကျမ အလုပ်လုပ်နေရင်း သူရှိနေသည်ဆိုသည့် ယုံကြည်မှုတခုထဲနှင့် ကျမအလုပ်တွင် ခွန်အားအပြည့်နှင့် လုပ်နိုင်ခဲ့လေသည်။ ညတညလုံးနီးပါး အရေးကြီးသည့် အလုပ်ကို လုပ်နေသည့်ကြားမှပင် သူ အိပ်ပျော်နေပြီလား၊ ကျမအတွက် အိပ်ရေးပျက်သွားခဲ့ပြီလား၊ ဆိုသည်က အတွေးထဲ ပေါ်လာသောအခါ သူ့ကိုဒုက္ခ ပေးခဲ့မိလေပြီဟု ကျမကိုယ်ကျမ မှားမှန်းသိခဲ့ပါသည်။ သို့သော်လည်း သူအိပ်သွားမှာကိုပင် ကြောက်မိနေပါသည်။ သူအိပ်သွားလျှင်ပင် ကျမနှင့် အဝေးဆုံး ရောက်သွားတော့မလိုထိအောင် ဖြစ်ခဲ့ပါသည်။

သည်လောက်ထိ ကျမစိတ်ကို ဖမ်းယူနိုင်ခဲ့သည်မှာ ဘာကြောင့်လဲဟု ကျမ ရှက်ရွံ့စွာ မေးခွန်းထုတ်ခဲ့ဖူးပါသည်။

ကျမအလုပ်ရှုပ်နေရင်း သူ့ဆီသို့ စာတိုလေးများ ပို့ပေးနေခဲ့ပါသည်။ သူလည်း ကျမကြောင့် အိပ်ရေးပျက်ခဲ့ရပြီပဲ။ ကျမရဲ့ အားပေးနှစ်သိမ့်သံလေးက သူ့အတွက် အဓိပ္ပါယ် ရှိသော စကားသံလေးတခု ဖြစ်စေချင်ခဲ့ပါသည်။

ယခင်နေ့ရက်များကကဲ့သို့ စကားမပြောနိုင်သော်လည်း ကျမဘေးနားတွင် သူရှိနေသည်ဆိုသည့် စိတ်ခွန်အားတခုထဲနှင့် အရာရာကို လုပ်နိုင်စွမ်း ရှိခဲ့လေသည်။

ကျမက “ အိပ်ချင်ပြီလား၊ အိပ်တော့လေ” လို့ ဆိုတော့ သူ့အသံက အိပ်ချင်နေပေမယ့် မအိပ်ချင်သေးကြောင်း ဆိုတော့ ကျမတယောက် ကျိတ်ပြီး ဝမ်းသာနေခဲ့ပါသည်။

သူလည်း နောက်တနေ့ အလုပ်လုပ်ရမှာ ဖြစ်သောကြောင့် သူ့ကို အိပ်ရန် ကျမပြောတော့ ကျမအတွက် စိတ်မချစွာ ဖြစ်ခဲ့သည်ကိုလည်း ကျမမမေ့ပါ။

သူက “ ကောင်းပြီ၊ ဒါဆို အိပ်တော့မယ်၊ မနက်ကျမှ ပြန်တွေ့ကြတာပေါ့တဲ့”

ဆုတောင်းလေ့ မရှိတတ်သော ကျမသည် “အိပ်မက်လှလှမက်ပါစေ” လို့ သူ့ကို ဆုတောင်းပေးလိုက်ပါသည်။ “ကျေးဇူးတင်ပါတယ်” လို့ ပြောချင်ပေမယ့် သူမကြိုက်မှာစိုးသည့်အတွက် စိတ်ထဲမှပင် ကျေးဇူးတင်ခဲ့ပါသည်။

သူအိပ်သွားပြီဟု သိလိုက်သည့်အချိန်လေးအတွင်းမှာပဲ ကျမစိတ်များ မထင်မှတ်စွာ ယိုင်နဲ့သွားခဲ့လေသည်။ ကျမ၏စိတ်သည် သူရှိနေသည့်ဆိုသည့် စိတ်တခုထဲနှင့် လုပ်နိုင်စွမ်းအားများ ရရှိလာခဲ့သည်ကို သိရပြီး သူမရှိတော့ဘူးဟု သိလိုက်ရပြန်သောအခါ စိတ်စွမ်းအားများ လျော့ကျသွားသည်ကိုပါ သိရှိလိုက်ရပေသည်။

စိတ်သည် အရာရာကို လွှမ်းမိုးချုပ်ကိုင်နိုင်ပေသည်ကိုး။

ကျမနှင့် အလုပ်လုပ်သည့် လုပ်ဖေါ်ကိုင်ဖက် ညီမလေးက “မမ၊ ခနအိပ်လိုက်ရအောင်၊ မနက်စောစော ဧည့်သည်တချို့နဲ့ တွေ့ရအုံးမယ်လေ” ဟုဆိုလာသောအခါ

“အင်း အိပ်မယ်လေ ညီမလေး” ဟု ချိနဲ့နဲ့ ပြန်ဖြေလိုက်ပြီး

နာရီကို ကြည့်လိုက်သောအခါ မနက် လေးနာရီထိုးဖို့ ဆယ်မိနစ်ပဲလိုတော့သည်ကို တွေ့လိုက်ရသည့် အခိုက် မနက် အလုပ်ဆင်းရမည့် သူ့အတွက် အလုပ် လုပ်နိုင်ပါ့မလားဟု စိုးရိမ်သွားခဲ့မိပါသည်။

“အင်း အိပ်လိုက်တာ ကောင်းပါတယ်၊ တော်ကြာ ဧည့်သည့်နဲ့တွေ့ရင် အိပ်ငိုက်နေအုံးမယ်လို့” ကျမ ပြုံး၍ ပြောလိုက်ပြီး ထိုညီမလေးကို မလုံမလဲ ကြည့်လိုက်မိပါသည်။

အိပ်ယာထက်တွင် နောက်တနေ့ လုပ်ရမည့် အလုပ်များကို တွေးတောရင်း အလုပ်များသည့် အတွက် သေချာ မကြည့်လိုက်ရသည့် လပြည့်ဝန်းကြီးကို တမ်းတ လွမ်းဆွတ်နေမိပါသည်။

ဒီနေ့လည်း ထိုကဲ့သို့ လပြည့်ညလေးတည ကုန်ဆုံးသွားခဲ့ပြန်ပြီ။။။


Monday, June 28, 2010

တံတိုင်းတခု…

ပြတင်းပေါက်က တဆင့် လွင့်စင် ဖြာကျလာတဲ့ မိုးစက် မိုးပေါက်လေးတွေကို ကြည့်နေရင်း မျက်နှာပေါ်ကို မိုးရေ တချို့ ကပ်ငြိ စွန်းပေလို့ စိုထိုင်းစ ပြုလာပါပြီကော…။ ရင်ထဲမှာလည်း မျက်ရည်မိုးတွေ တစိမ့်စိမ့် ရွာနေတာကိုတော့ ကိုယ်တိုင်ကလွဲလို့ ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူးလေ..။

ဘယ်လောက်ကြာသွားလည်း မသိလိုက်ပေမဲ့ ဟိုးလွန်ခဲ့တဲ့ တချိန်က ခုလို မိုးရွာနေတဲ့ နေရာလေး တခုကို အမှတ်မထင် ရောက်သွားတာကို အမှတ်ထင်ထင် သိလိုက်ရတယ်..။

`ပလုံ´ …….`ပလုံ´……..`ပလုံ´…………

ရေကန်ထဲကို စိတ်ရှိလက်ရှိ ပစ်ပေါက်နေတဲ့ ခဲလေးတွေကို ကြည့်ပြီး ပစ်ပေါက်ပါစေ ဆိုပြီး ကြည့်နေတဲ့ `ကို့´ ကို ကျေးဇူးတင်မိတယ်.။ စိတ်ရှိတိုင်း လုပ်ခွင့်ပေးလို့ပါ…။

အို……… ကျမ စိတ်သက်သာရာရအောင် လုပ်နေတာကို ထိုင်ကြည့်နေတဲ့ `ကို့´ ကို ထပ်ပြီး ကျေးဇူးတင်နေမိတယ်.။

လောလောဆယ် ကျမကို မတားကြပါနဲ့ လွတ်လွတ်လပ်လပ် လုပ်ခွင့်ပြုပါလို့ စိတ်ထဲကနေ အထပ်ထပ် တောင်းဆိုနေမိတယ်……..။ ငိုချင်ရင်လည်း အားရအောင် ငိုလိုက်ပါ……. စိတ်ကိုမထိန်းထားနဲ့တဲ့……..

တဒင်္ဂ ငြိမ်သက်သွားမိတယ်……. ထိန်းချုပ်ထားရင်းနဲ့ အလိုအလျောက် မျက်ရည်တွေ ကျလာပြီးမှ ရှိုက်ကြီးတငင် ငိုချလိုက်မိတော့တယ်..။ ကျမကို နောက်ဆုံးအနေနဲ့ အားရအောင် ငိုခွင့်ပြုပါ………။

ဟုတ်တယ်…… နက်ဖန်ဆို `ကို´က ကျမနဲ့ အဝေးဆုံး နေရာတခုကို ထွက်သွားတော့မှာပဲလေ..။ တားပိုင်ခွင့် မရှိတဲ့ ကျမကို ငိုခွင့်ပြုရုံ ငိုခွင့်ပြုကြပါ..။

ဝေးတယ်ဆိုတာကို ပထမဆုံးအကြိမ် ခံစားရတဲ့ ခံစားမှု တရပ်အနေနဲ့ ဝေးကွာခြင်း ဒုက္ခကို ဘယ်လောက်ထိ ခံစားနေရအုံးမှာလဲ မသိပေမဲ့ သေချာတာကတော့ ကျမတို့ကို ဝေးကွာမှုဆိုတဲ့ တံတိုင်းကြီး တခုက ခြားနားထားလိုက်ကြပြီ…။

ဝေးကွာမှု ဆိုတဲ့ တံတိုင်းကြီးက ဘယ်လိုတံတိုင်းကြီးလဲ…… ကျမဖြင့် မုန်းလိုက်တာ……… ဘယ်လို အကြောင်းကြောင့် ကျမတို့ နှစ်ဦးကို ခွဲခွါခဲ့ရတာလဲ………

တံတိုင်းကြီးရဲ့ နောက်မှာရော ဘာတွေရှိနေလဲ… ရှိနေတဲ့ အရာတွေထဲမှာတော့ ဓနဂုဏ် အင်အားတွေ ပါနေမယ်ဆိုတာ…. !!!

တကယ်ဆို နှုတ်ဆက် လက်ပြ ထွက်ခွါသွားမှာကို မကြည့်လို မမြင်လိုလို့ `ကို´ သွားမဲ့ နေ့မှာ လိုက်မပို့တော့ဖို့ ဆုံးဖြတ်ထားပြီးသား..။

ဟုတ်တယ်…….. ကျမဆိုတဲ့ ကျမကလည်း… လေ…

ကျမကို အရင် နှုတ်ဆက် ထွက်သွားမှာကို မလိုလားတဲ့ သူ..။ ကျမရှေ့က ထွက်ခွါသွားမှာကို မကြည့်ချင်တဲ့သူ…။ အတ္တကြီးတဲ့သူပေါ့…။ ကျမကသာ နှုတ်ဆက် ထွက်သွားချင်သူ.. ကျမသာ ဦးဆုံး ထွက်သွားချင်သူ.. ကျမသာ ဦးဆုံး နှုတ်ဆက်ချင်သူ..

ဒါကြောင့် `ကို´ ကလည်း ကျမ လိုက်မပို့တာကို နားလည် စာနာနိုင်ခဲ့တာပေါ့…။

`ကို´ ကလည်း ကျမကို ကျန်းမာရေး ဂရုစိုက်ဖို့.. သူခေါ်ရင် သူ့နောက်ကို လိုက်ဖို့ အဆင်သင့် လုပ်ထားဖို့ .. မှာတမ်းချွေနေလေရဲ့…

ဘယ်လိုပဲဖြစ်ဖြစ် ကျမအနေနဲ့ `ကို့´ နောက်ကို ဘယ်တော့မှ လိုက်ဖြစ်မှာ မဟုတ်ဘူး ဆိုတာ သိနေလေတော့….

`ကို့´ ကိုလည်း ကျမ မလိုက်ဖြစ်မဲ့ အကြောင်း ပြောမထွက်ရက်ဘူးလေ..။

`ကို´ ပြောတဲ့ စကားလုံးတိုင်း ကျမ နားထောင်နိုင်စွမ်း မရှိတာကို ခွင့်လွှတ် နားလည်စေချင်တာ ကလွဲလို့…

သေချာတာကတော့ တံတိုင်းကြီးရဲ့ နောက်ကွယ်က မာယာထောင်ချောက်တွေနဲ့ ပြည့်နှက်နေမဲ့ နေရာတွေထဲမှာ ကူးခပ်ဖို့ စိတ်အင်အား ရှိမှာ မဟုတ်လို့ပါ `ကို…´။

Monday, April 26, 2010

အနှောင်အဖွဲ့


ကြာနေပြီဖြစ်သော ဟောင်းနွမ်းနေတဲ့ ဗူးလေးတဗူးကို ဘီဒိုထဲကနေ အမှတ်မထင် ထုတ်ကြည့်လိုက်မိတယ်။

အော်………

ဒီဗူးလေးကို မထုတ်ကြည့်ဖြစ်ခဲ့တာ ဆယ်စုနှစ်တောင် ကျော်လာခဲ့ပေါ့…

အဟောင်းကို အသစ်မဖြစ်ချင်တာရယ်၊ အတိတ်ကို မေ့ပစ်လိုက်ချင်တာရယ် ကြောင့် ဗီဒိုအံဆွဲ တနေရာမှာ ခိုလှုံခွင့်ပေးထားခဲ့တာ…

ဗူးလေးထဲမှာတော့ မျက်စိနဲ့မြင်နိုင်တဲ့ ဒိုင်ယာရီ စာအုပ်လေး တအုပ်၊ ပုလဲလက်ကောက်လေးတရံ၊ ရေသံပုတီးလေးတကုံးနဲ့ မျက်စိနဲ့ မမြင်နိုင်တဲ့ ချစ်ခြင်းမေတ္တာတွေပေါ့………

အရာရာကို အသစ်ကနေ ပြန်စလို့ ရမယ်ဆိုရင် ပြန်စချင်ပါတယ်လို့ ဆိုရင် မှားများသွားပြီလား….

မသေချာ မရေရာတဲ့ မျှော်လင့်ချက်တွေနဲ့ ရှင်သန်နေရတာထက် စာရင် ပြတ်ပြတ်သားသား ဘ၀တခုကို လက်တွေ့တည်ဆောက် လိုက်တာက အကောင်းဆုံးပဲ မဟုတ်လား…။ အဲဒီ မသေချာတဲ့ မျှော်လင့်ချက်တွေကြောင့်ပဲ ရယူ ပိုင်ဆိုင်လိုစိတ်တွေ အားကြီးလာရင်း တဖြည်းဖြည်းနဲ့ နာကျင်မှုတွေသာ တိုးလာပါရဲ့.။

တကယ်တော့လည်း ကိုခန့်ရယ်… မင်းနဲ့ပက်သက်ပြီး မျှော်လင့်ချက်တွေ ဆိတ်သုဉ်း ပျောက်ကွယ်သွားခဲ့တာ ဆယ်စုနှစ်ကျော် ကြာခဲ့ကြပေါ့..

ဲဒီ ပျောက်ကွယ်နေတဲ့ မျှော်လင့်ချက် တွေထဲမှာလည်း နေသားတကျ ဖြစ်အောင် ဖန်တီးပေးခဲ့တာကိုး……

အဲဒီနေ့က မိုးတွေရွာမနေခဲ့သလို နှင်းတွေလည်း ကျမနေခဲ့ပါဘူးလေ….

တို့ထိုင်နေကျ (ကန်တင်း)ဆိုင်လေးထဲကို မင်းဝင်လာခဲ့တယ်လေ.၊ တို့ဘေးနားက ၀ိုင်းမှာ ထိုင်ပြီး တို့ကို ကြည့်နေခဲ့တာကို နောက်ကျမှ သိခဲ့ရတယ်။ ရှင်းသန့်နေတဲ့ မင်းရဲ့မျက်နှာနဲ့ အလိုက် ကတ္တီပါ ဖိနပ်စီးတတ်တဲ့ မင်းကို တို့နောက်ကျမှ မှတ်မိခဲ့တယ်။ နောက်မှ သိလိုက်ရတာက တို့ထက် အတန်း တနှစ်ကြီးပြီး တို့နဲ့မေဂျာတူတယ် ဆိုတာပါပဲ။ နေ့တိုင်း တို့ထိုင်နေကျ နေရာလေးကို အမြဲ လာထိုင်တတ်ပြီး တို့သူငယ်ချင်းတွေက တဆင့် တို့ကို ခင်ခွင့်တောင်းခဲ့တာ၊ တို့နဲ့ ရင်းနှီးခွင့် တောင်းခဲ့တာကို… အဲဒီထဲကသာ ခင်မင်ခွင့် မပေးဖြစ်ခဲ့ရင်ပေါ့…

ဒီလိုနဲ့ပဲ နေ့စဉ် တွေ့မြင်နေကြ ကန်တင်းလေးထဲမှာ…. စာသင်ခန်းရှေ့မှာ…. တို့ကို ကြံဖန် စကားလာပြောတတ်တဲ့ မင်းကို တို့ကလည်း အားနာနာနဲ့ စကားပြန်ပြောမိသလို မထင်မှတ်ပဲ ခင်မင်မိကြတယ်လေ။ တို့သူငယ်ချင်းတွေထဲက တယောက်က မင်းကို ကန်းတင်းထဲက မင်းထိုင်မဲ့ခုံမှာ `ဆေးလိပ်မသောက်ရဘူးနော်… ကျမ်းမာရေးကို ထိခိုက်လိမ့်မယ်´ လို့ စာရွက်လေး ပေါ်မှာ ရေးပြီး ချပေးခဲ့တာကို အမှတ်ရမိတယ်။ ပြီးတော့ အနောက်က လိုက်လာပြီး မင်းက `ဆေးလိပ်မသောက်တော့ဘူးနော်´တဲ့….။ တို့ကတော့ ငေးပြီးတော့သာ ကျန်နေခဲ့မိတယ်..။ မင်းသူငယ်ချင်းတွေကလည်း တို့ကို မင်းနဲ့ သဘောတူလို့….. အမျိုးမျိုး နီးစပ်အောင် အကြောင်းရှာကြတာ တို့သိတာပေါ့..။

ဒါပေမဲ့လည်း တို့သိတာတော့ ဘယ်လောက်ပဲ မေတ္တာရှိနေနေ ကံတရား ဆိုတာကလည်း ရှိသေးတာကလား…။

ဘာပဲဖြစ်ဖြစ် တို့စိတ်ချမ်းသာ ချင်တယ် ကိုခန့်ရေ……..။ စစ်မှန်တဲ့ မေတ္တာတွေနဲ့ အတူ တို့ကလည်း သစ္စာရှိစွာနဲ့ ပြန်လို့ တုံ့ပြန်ချင်ပါတယ်..။ တို့ကလည်း လူတယောက်ကို လွယ်လွယ်နဲ့ မချစ်နိုင်သလို လွယ်လွယ်နဲ့ မေ့မသွားနိုင်တဲ့သူ မို့လို့ပါ…။ တို့ရင်ထဲကို လွယ်လွယ်နဲ့ ၀င်လို့မရသလို ရင်ထဲကနေ လွယ်လွယ်နဲ့ ထုတ်ဖို့ ခက်ခဲတဲ့ သူတယောက်လို့ ကိုယ့်ကိုကိုယ် သိနေလို့ပါ…။

တစတစနဲ့ တို့ရင်ထဲ မင်းဝင်လာတာကို သိလာခဲ့တယ်လေ…။

ဒီလိုနဲ့ပဲ မင်းနဲ့ကိုယ် လူသိရှင်ကြား ချစ်သူတွေ ဖြစ်လာခဲ့ကြတယ်။ တို့က သူငယ်ချင်းတွေနဲ့ မခွဲမခွာ အတူ နေလို့ မင်းမနာလို ဖြစ်ခဲ့တာ… သူငယ်ချင်းတွေကလည်း သူတို့နဲ့ အတူ မနေရင် စိတ်မကောင်း မနာလို ဖြစ်ခဲ့ကြတာ တို့ကတော့ ကြားထဲကနေ ဘယ်သူ့ကိုမှ မနာလို မဖြစ်ရအောင်.. စိတ်မကောင်း မဖြစ်ရအောင် တို့နေပေးခဲ့ပါတယ်လေ…။ တို့က သူငယ်ချင်းတွေကို ချစ်သလို မင်းကိုလည်း စိတ်မကောင်း မဖြစ်စေချင်တာပါ ကိုခန့်ရယ်…………….

တို့ရဲ့ အားလုံးကို စိတ်ချမ်းသာစေချင်တဲ့ စိတ်ကို အသိအမှတ် မပြုခဲ့ပါလား....

ဘာမဟုတ်တဲ့ ကိစ္စလေးတွေကြောင့်လည်း ပဋိပက္ခ မဖြစ်ချင်ပါဘူး ကိုခန့်ရယ်…………။ ဒါပေမဲ့လည်း မနာလိုများခဲ့တဲ့သူ… ကိုယ်ကလွဲလို့ တခြားသူနဲ့ ခင်တာကို မလိုချင်တဲ့သူနဲ့ တို့ဘာဆက်လုပ်ရမလဲ…….၊ စိတ်ရှုပ်ရတာကို လက်မခံချင်တဲ့သူအနေနဲ့ သိပ်ကို ခက်ခဲတဲ့ အဖြစ်အပျက်တွေနဲ့ လုံးပန်းခဲ့ရတယ်ဆိုရင် တို့ဘာဆက်လုပ်သင့်သလဲဟင်…….။

တဘက်က ချစ်သူ…တခြား တဘက်ကလည်း သိပ်ကိုချစ်ခင်ရတဲ့ သူငယ်ချင်းတွေ..……

တို့ ဘာလုပ်ရမလဲ…………………

သူငယ်ချင်းတွေနဲ့ ချစ်သူနဲ့ လွန်ဆွဲပွဲတခုလို့ ပြောရင်လည်း မမှားပါဘူးလေ….

မင်းနဲ့တို့ရဲ့ ဆက်ဆံရေးက အဲဒီထဲက မသေချာ မရေရာခဲ့ပါဘူးလေ..။ ဒါပေမဲ့လည်း တို့က ရှေ့ဆက်တိုးပြီးတော့သာ အဆင်ပြေမဲ့ ဆက်ဆံရေး တရပ် ဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။ တို့ကို မေတ္တာ နှောင်ကြိုးတွေက တုတ်နှောင်ထားခဲ့ ပြီးပြီကိုးးးးးးးး.

ဖြစ်ပြီးရင် ပျက်ရမယ်ဆိုတဲ့ ထုံးကို နှလုံးမူနိုင်ခဲ့ရင် တို့ရဲ့ အခြေအနေ က ပုံမှန်ထက် ဆိုးမှာ မဟုတ်ပါဘူးလို့.။ တို့နှစ်ယောက် ဘယ်လိုပုံစံမျိုးနဲ့မှ မဝေးချင်ပါဘူးလို့ ပြောရင် မင်းယုံမှာ မဟုတ်ဘူး ဆိုတာ တို့သိပါတယ်။ မင်းကလည်း တို့ကို မင်းထက် သူငယ်ချင်းတွေ အပေါ် ပိုချစ်ခင်တဲ့သူ အဖြစ် သတ်မှတ်ခဲ့တာကိုး။

တခြားသူ အမြင်မှာ တို့သူငယ်ချင်းတွေကြောင့် ပြောင်းလဲခဲ့တာပါလို့ ပြောတာကို တို့လက်မခံပါဘူး ကိုခန့်ရေ..။ အဓိကက တို့နှစ်ယောက်နဲ့ပဲ သက်ဆိုင်တဲ့ ကိစ္စ တခုဖြစ်နေလို့ပါ။ ဘယ်သူတွေ ဘယ်လောက်ပဲ ဖျက်ဖျက် တို့နှစ်ယောက် မပျက်ဖို့သာ အဓိက မဟုတ်လား။ ဒါပေမဲ့လည်း မာနကြီးတဲ့တို့နဲ့ အလျှော့မပေးတတ်တဲ့ မင်းနဲ့ ဘယ်လိုမှ ပေါင်းစည်းလို့ မရဘူးဆိုတာကို တို့ သိလို့နေပါပြီ။။။ ဒါကြောင့်လည်း မသေချာတဲ့ မျှော်လင့်ချက်တွေနဲ့ ကိုယ့်ကိုကိုယ် မတုတ်နှောင်ချင်လို့ပါ ကိုခန့်ရေ….။

ဘယ်လိုပဲ ဖြစ်ဖြစ် ရင်ထဲ တနေရာမှာ တသက်စာ အတွက် ခိုင်ခိုင်မာမာ ရှိခဲ့တာပါလို့ ပြောရင် မင်း ရီနေမလား..။ လှောင်ပြောင်တဲ့ အကြည့်တွေနဲ့ တို့ကို ကြည့်နေမလား..။ ရိတိတိနဲ့များ ဘာတွေပြန်ပြောနေမလဲ..။ မယုံကြည်နိုင်ပါဘူးလို့များ ပြောနေမလား..။

ဆိုတာ…………….ကို…….

တို့သိချင်နေခဲ့ပါတယ်…… ကိုခန့်ရယ်….။

ဒါပေမဲ့ အချုပ်အနှောင် ဘ၀က ကင်းလွတ်ခွင့် ရခဲ့တဲ့ အတွက်တော့ မင်းကို တသက်စာ ကျေးဇူးတင်မိ နေမှာပါ…။ တို့က အချုပ်အနှောင် ကင်းပြီး လွတ်လပ်တဲ့ ဘ၀ကို တရှိုက် မက်မက် မက်မောလို့ပါကွယ်…။ ဒါကြောင့်လည်း အချစ်ထက် လွတ်လပ်တဲ့ ရင်းနှီးခင်မင် ပွင့်လင်းမှုကို ပိုပြီး ဦးစားပေးခဲ့တာပေါ့။။။

ဒါကြောင့်လည်း မင်းက ပိုပြီး နာကျည်း သွားခဲ့တယ်မလား….။

မင်းတို့ကို တသက်စာ နာကျည်း လိုက်ပါတော့..။ ဘယ်တော့မှ ခွင့်မလွှတ်ပါနဲ့တော့… ကိုခန့်.............

တို့လည်း အနှောင်အဖွဲ့ က လွတ်ကင်းခွင့် ရသွားခဲ့ပါပြီ.....။

Monday, February 15, 2010

အလွမ်းဒဏ်ရာ

စာအုပ်လေးထဲက ဖုန်းနံပတ်ကို နှိပ်ရင်း ရင်ခုန်စွာ နဲ့ အသံကို နားစွင့် နေမိတယ်….
တဘက်က `ဟဲလို´ တဲ့….။ ဒါ သူ့ အသံပဲ……. ရင်ထဲမှာ တဒိတ်ဒိတ် နဲ့ ဘာပြောရမှန်း မသိအောင် ဆွံ့အ သွားခဲ့တာ တလောကလုံး ဗြောင်းဆန် သွားခဲ့တာပေါ့……….။ နှလုံးသွေး တွေ ဆူပွက် လို့ ……….

ခနကြာတော့ `ဟဲလို…..ဟဲလို….´ `ဘယ်သူ ပါလဲတဲ့´…….. ။ စိတ်ကို ပြန်စုစီး လိုက်ပေမဲ့ ရင်ခုန် နေတာကတော့ လျော့မသွား ပါလား…။

ခန နေတော့မှ ဒီဘက်ကနေ `ဟဲလို… `ကို………. လား´ အခုပြောနေတာ `ထား´ ပါလို့ ပြောတော့ ကျွန်တော့ အသိတွေ ထဲမှာ `ထား´ ဆိုတဲ့ နာမည် မရှိ ပါဘူးတဲ့။

ဟုတ်မှာပါ…….. ထားက စပြီး မိတ်ဆက် တာပါလို့ ဆိုတော့ ဘယ်က လဲတဲ့။ ကျွန်တော့ အိမ်နားကလားတဲ့။ ဘာပြောရမှန်း မသိအောင် ဖြစ်သွားခဲ့တဲ့ `ထား´ ကို နားလည် ပေးမယ်လို့ ကိုယ့်ဘက်ကိုယ် တွေးတဲ့ အတွေးလေး တခုကို တွေးနေ မိသေးတယ်။

ဒီလိုနဲ့ပဲ `ထား´ တို့ နှစ်ယောက် ဟာ ဖုန်းလေးထဲ ကနေ ခင်မင်မှု အစ ပျိုးခဲ့ကြ တယ်နော်…။ နေ့တိုင်း နီးပါး ဖုန်းဆက် ဖြစ်တဲ့ `ထား´ တို့ နှစ်ယောက် လည်း တစစနဲ့ ခင်မင် လာခဲ့ကြပြီး သူ့ အကြောင်း ကိုယ့် အကြောင်း လေးတွေပါ ပြော ဖြစ်နေခဲ့ ကြပြီနော်…။ တကယ်တော့ သူ့အကြောင်း တော်တော် များများ ကိုသိထားပြီး `ထား´ အကြောင်းကို မသိခဲ့တဲ့ သူ့ကိုတော့ ရင်ထဲကနေ တောင်းပန် နေမိတယ်…။

တကယ်တော့ `ထား´ ကို သိသွားမှာ ကို စိုးရိမ် ခဲ့တဲ့ သူတယောက်ပါ `ကို´……..။

`ကို့´ ကို စတွေ့တွေ့ချင်း သတိထား မိပြီး ရင်ခုန် ခဲ့ရတဲ့ အတွက်… ပြီတော့ နေ့တိုင်း နီးပါး တွေ့ဖြစ် နေခဲ့တဲ့ အတွက် ပဲပေါ့…။ `ကို´ ကတော့ ဘယ်လိုမှ ထင်မထားတဲ့ သူတယောက် ဖြစ်နေမှာ မို့လို့လေ။ ဘယ်လိုမှ မထင်ရ လောက်အောင် `ထား´ က `ကို့´ ကို တွေ့ရင် မသိချင် ယောင်ဆောင်ပြီး ဘာမှ မဟုတ်တဲ့သူ၊ သူ့ကိုလည်း ဘာ ခံစားချက်မှ မရှိသယောင် ဖြစ်နေတဲ့ သူ မို့လို့လေ။ ဒါပေမဲ့လည်း ရင်ထဲမှာတော့ `ကို´ မသိတဲ့ ခံစားမှု မျိုးနဲ့ ဘယ်လောက်တောင် နက်နက် ရှိုင်းရှိုင်း ဖြစ်နေပြီလဲ ဆိုတာ `ထား´ ကလွဲလို့ ဘယ်သူမှ မသိနိုင်ပါဘူးလေ…!!!!!

ဘယ် ဘ၀ က ၀ဋ်ကြွေးကြောင့် ဒီလို အခြေအနေ ဖြစ်ရတာပါလိမ့်….။

`ထား´ ရဲ့ ရင်ထဲမှာလည်း `ကို့´ ကို သိစေချင်တာပေါ့။ ဒါပေမဲ့လည်း `ထား´ မပြောရဲဘူး `ကို´….။ နေ့တိုင်းတွေ့နေရတဲ့ အနေအထား လေးကိုပဲ တန်ဖိုးထားပြီး ပျော်ရွှင် နေမိတယ်လေ။ `ထား´ သိပ်ကို ဟန်ဆောင် ကောင်းခဲ့ ပါတယ်နော်။ `ထား´ ကို ဘယ်သူဆိုတာ သိပ်သိချင် နေခဲ့တဲ့ `ကို့´ ကိုလည်း `ထား´ ပါလို့ ရဲရဲ ၀ံ့ဝံ့ ထုတ်ဖေါ် ပြောပြချင် တာပေါ့။ ဒါပေမဲ့ `ထား´ ကိုသိရင် စိမ်းကားသွားမှာ… မုန်းသွားမှာ… ကို မလိုအပ်ပဲ စိုးရိမ်နေ မိတယ်.။

ဖုန်းလေးထဲ ကနေ `ကို´က `ကို´ဖတ်တဲ့ ၀တ္ထုလေးကို တညလုံး ပြောပြခဲ့တာ မိုးစင်စင် လင်းမှ ပြီးတော့တယ်လေ။ `ကို´ က `ထား´ ကို အပြင်မှာ သိပ်ကို တွေ့ချင်တဲ့ အကြောင်း ပြောတော့ `ထား´ ရင်မော လိုက်ရတာလေ..။ တနေ့ တွေ့ကြ မှာပေါ့လို့ ပြောခဲ့တဲ့ `ထား´ ကို ဘယ် တနေ့လဲ… ကမ္ဘာလဆန်း တရက်နေ့လား… လို့ ပြောခဲ့တဲ့ `ကို့´ စကားကို နားထောင်ပြီး `ထား´ စိတ်မကောင်း ဖြစ်ခဲ့ ရပါတယ်။

`ထား´ `ကို့´ ကို တွေ့နိုင် ဖို့ သတ္တိတွေ မွေးမြူ ရအုံးမယ်လေ…။

တကယ်တော့ `ထား´ က `ကို့´ ကို နေ့တိုင်း တွေ့နေရတယ်။ `ကို့´ ဘက်ကလည်း တွေ့ချင် နေမှာပဲ ဆိုပြီး `ထား´ လည်း ထပ်တူ ခံစား ခဲ့ရပါတယ်။

ဖုန်းလေးထဲကနေ `ကို့´ အသံ ကို ကြားနေရရင် ကိုပဲ စိတ်ချမ်းသာ နေရပြီလေ !!!

`ကို´ ကလည်း တနေ့ ထက် တနေ့ အပြင်မှာ တွေ့ဖို့ တောင်းဆို လာတဲ့ အခါ `ထား´ ဘက် က အမြဲ နှုတ်ဆွံ့အ သွားခဲ့ ရတာပဲနော်…။ `ကို့´ ဘက်က တခါတရံ စိတ်မရှည်တဲ့ လေသံ ဖြစ်သွားတာ `ထား´ သိလိုက်ပေမဲ့ မသိ ဟန်ဆောင် လုပ်လိုက်ရတယ်`ကို´….!!!!!။

တခါတလေ တော့လည်း `ကို´ က `ထား´ တွေ့ချင်တဲ့ အချိန်ကျမှပဲ တွေ့ကြရအောင် ပါတဲ့။ အဲလို ပြောပြန်တော့လည်း `ထား´ က ကျေးဇူး တင်ရပါတယ်။ တခါတခါ တော့လည်း `ထား´ ဘက်က မှားနေပြီလားလို့ စဉ်းစားမိတယ်. ။

လူတယောက် ကို စိတ်ဆင်းရဲ စရာတွေ များလုပ်နေ မိပြီလား လို့ပါ..။

ဒါပေမဲ့ `ထား´ ဘက်ကလည်း မပျက်မကွက် ဖုန်းဆက်ဆဲ၊ မွေးနေ့မှာ လက်ဆောင်ပေးဆဲ၊ ချစ်သူများနေ့မှာ လက်ဆောင်ပေးဆဲ ပါပဲ…။

`ကို့´ ဘက်က `ထား´ ကို မှတ်မှတ်ရရ လက်ဆောင် ပေးဖူး တယ်နော်။ `ကို´ တို့ သူငယ်ချင်း တစု ကျိုက်ထီးရိုး ဘုရား ဖူး သွားမယ် ဆိုပြီး `ထား´ ကို ပြောလာပါတယ်။ `ထား´ အတွက် လက်ဆောင် ဘာဝယ်ခဲ့ရမလဲတဲ့….။ `ထား´ ရင်ထဲမှာ ပြောမပြ တတ်လောက်အောင် ၀မ်းသာသွားတာ…!!!!!! `ထား` ကလည်း `ကို…´ ကြိုက်တာ ၀ယ်လာခဲ့ပါလို့ ပြန်ပြော လိုက်တာပေါ့.။

ဟုတ်တယ်…`ထား´ ကစပြီး ဘာလက်ဆောင် ပေးပါ ဆိုတာထက် `ကို´ စိတ်ကူးနဲ့ ၀ယ်လာပြီး ပေးမဲ့ လက်ဆောင်ကို `ထား´ ပို မြတ်နိုး လို့ပါ `ကို´ ….။

`ကို´ ဘာများ ပေးမလဲ ဆိုတဲ့ မျှော်လင့်စိတ် နဲ့ `ထား´ မှာ တွေးပြီး ပျော်နေရပါပြီ။ `ကို´ ပြန်ရောက်ပြီ ဆိုတော့ `ကို´ က `ထား´ အတွက် လက်ဆောင် ပါတယ်တဲ့….။ စာတိုက် ကနေပဲ `ထား´ ကို ပို့ပေးပါလို့ ဆိုတော့ ပို့လိုက် ပါမယ်တဲ့….။ နောက်တနေ့ မှာတော့ `ထား´ ဆီကို ပါဆယ် ထုပ် ရောက်လာ ပါတယ်.။ `ထား´ လည်း မ၀ံ့မရဲ နဲ့ ပါဆယ်ထုပ် ကို ကြည့်ပြီး မှင်သက် သွားမိတယ်..

`ကို´ တကယ် လက်ဆောင် ၀ယ်လာတာ ပါလား ဆိုပြီး… ပြီးတော့ ၀မ်းနည်းမှု က ထိန်းမရ တော့ပဲ မျက်ရည်မိုး တွေ ဖြိုင်ဖြိုင် ကျလာတယ်..။ မိုးကောင်းကင်ကြီး တခုလုံး မှောင်မည်းနေ သလိုပါပဲ…`ထား´ ရဲ့ ရင်ထဲမှာလည်း အရာ အားလုံး မှောင်အတိ ကျလို့….

ရင်ခုန်စွာ နဲ့…. သိချင်နေတဲ့ ပါဆယ်ထုပ် ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တော့ ပန်းလေးတွေ ထိုးထားပြီး သိပ်လှပတဲ့ ရိုးရာ ချည် အင်္ကျီ လေး တထည် ဖြစ်နေပါတယ်..။ အရောင်လေး ကလည်း `ထား´ သိပ်ကြိုက်တဲ့ အရောင်လေး ဖြစ်နေတဲ့ အတွက် ပိုလို့ အံ့အား သင့်မိတယ်လေ။ ညဘက် မှာတော့ `ကို့´ ဆီကို လက်ဆောင်ထုပ် ရောက်တဲ့ အကြောင်း ဖုန်းဆက်တော့ ကျွန်တော် ၀ယ်လာတဲ့ လက်ဆောင်ကို ကြိုက်ရဲ့လားတဲ့……..။ `ထား´ ၀မ်းသာလွန်းလို့… ဘာပြော ရမှန်း မသိတော့အောင် ဖြစ်သွားခဲ့ တယ်နော်…. !!

ဒီလိုပါပဲ `ကို´ နဲ့ ပက်သက်ရင် အလိုလို ကျလာတတ်တဲ့ ပုလဲလုံးတွေ ကိုသာ သီကုံး ထားမယ် ဆိုရင် ကမာကောင်လေး တွေတောင် သဘောကျမယ် ထင်ပါရဲ့ ….!!!

တနေ့မှာတော့…. `ကို´ က အပြင်မှာ တွေ့ဖို့ အတင်း တောင်းဆိုတော့ `ထား´ အားလည်းနာ၊ စိတ်လည်း မကောင်းတာနဲ့ တွေ့ဖို့ ချိန်းလိုက် ပါတယ်…။ တွေ့မဲ့ နေရာ ကတော့ တခြား မဟုတ်ပါဘူး… အီကို ကျောင်းတော်ကြီး မှာပေါ့……..။

နေရာ ဒေသ သေချာ ပြောပြပြီး ချိန်းကြတာပေါ့..။ အမှန်တကယ် `ထား´ လည်း မရောက်ဖူးတဲ့ နေရာ တခု ပါပဲလေ…။ တခုသော နေ့ရဲ့ နေ့လည် ၁၂ နာရီ မှာ `ထား´ တို့ ချိန်းခဲ့ ကြတာပေါ့။ `ထား´ ကို တွေ့ဖို့ ကားတွေ ကိုယ်စီနဲ့ ထွက်သွား ကြတဲ့ `ကို´ တို့ သူငယ်ချင်း တွေကို ကြည့်ပြီး သက်ပြင်း ရှည်ကြီး တခု ကိုသာ ချနေမိ တော့တယ်။

ပြင်းထန်လွန်းတဲ့ နေရောင်ခြည် အောက်မှာ နှလုံးသွေးတွေ ပွက်ပွက်ဆူလို့ နှုတ်ခမ်း ပေါက်ထွက်မတတ် အံကို တင်းတင်း ကြိတ်ထားတဲ့ `ထား´ ကို နားလည်ပေးနိုင် ပါစေ လို့သာ ဆုတောင်း မိနေ တော့တယ်။ တကယ်တော့ `ထား´… ချိန်းတဲ့ နေရာ ကို သွားဖို့ သတ္တိ မရှိခဲ့ ပါဘူး `ကို…´………။

ဘယ်လိုပဲ ဖြစ်ဖြစ် `ကို..´ တယောက် စိတ်ဆိုးသွား မှာပဲ ဆိုတဲ့ အသိက ရင်ဝကို ဆောင့်လို့ စည်းချက် မမှန်တဲ့ ရင်ခုန်နှုန်း တွေကသာ စိုးမိုး နေတော့တယ်…။

>ညနေ ဖုန်းဆက်တော့ `ထား´ ကို မတွေ့ဘူးတဲ့။ `ထား´ မလာခဲ့တာ လားတဲ့..။

`ထား´ မညာခဲ့ ပါဘူး `ကို´ ….။

အဲလို ဆိုတော့လည်း နောက်မှ တွေ့ကြတာ ပေါ့တဲ့။ `ထား´ တွေ့ချင်တဲ့ အချိန် ကျမှပဲ တွေ့ကြတာပေါ့တဲ့…။

တဒင်္ဂ နှုတ်ဆွံ့ လို့…..!

ကျေးဇူး တင်ပါတယ်`ကို.´။ `ထား´ ကို အပြည့်အ၀ နားလည်ပေး တဲ့အတွက်ပေါ့…။

မထင်မှတ်တဲ့ အခြေအနေ တခုကြောင့် `ထား´ ကို `ကို.´ သိသွားခဲ့တဲ့ နေ့ကိုတော့ တသက် မေ့လို့ ရမှာ မဟုတ်တော့ ပါဘူး `ကို´…။

အဲဒီနေ့က `ထား´ သိပ်ချစ်ရတဲ့ အဖွား ဆုံးတဲ့ နေ့တနေ့မှာပေါ့။ `ထား´ ပြောပြ တော့ `ကို…´ သိသွားတယ်လေ။ `ထား´ သူငယ်ချင်းတွေက `ကို´ `ကို့.´ သူငယ်ချင်းတွေနဲ့ ရောက်လာခဲ့ ကြတယ် လို့ ပြောတော့ … `ထား´ အံ့သြ ၀မ်းသာ ဖြစ်ရပါတယ်။

နောက်နေ့တွေ မှာလည်း ဖုန်းထဲကနေ ကျန်းမာရေး ဂရုစိုက်ဖို့၊ ကျောင်းစာတွေ စိတ်မပူဖို့၊ ပြောတာတွေ စုံနေတာပဲ.။ `ထား´ ၀မ်းလည်းသာပါတယ်။ ဂရုတစိုက် ရှိတဲ့အတွက်ကြောင့်ပါ။ ဒါပေမဲ့`ထား´ အားတုံ့ အားနာ ဖြစ်ရပါတယ်`ကို.´…..။

`ထား´ ကို စိတ်မဆိုး ပါစေနဲ့ လို့သာ အထပ်ထပ် ဆုတောင်း နေမိတော့တယ်။

`ထား´ ဘက်ကလည်း အရင် အတိုင်း မသိသလို ဆက်ဆံ ခဲ့တဲ့အတွက် `ကို´ တယောက် ဘယ်လောက်တောင် ထိခိုက်သွားလဲ ဆိုတာ……..

`ထား´ မသိစေချင်လို့ `ကို့´ ဘက်ကလည်း မသိသလို ဆက်ဆံပေးခဲ့ တဲ့အတွက်….

အမြဲတမ်း နီးပါး နားလည်မှု တွေနဲ့ ပြည့်နေတဲ့ `ကို့´ ရဲ့ ပြောဆို ဆက်ဆံမှု တွေအတွက်……

နောင်ဘ၀ ဆိုတာ ရှိခဲ့ရင်ပေါ့…..

ချစ်ခြင်းတွေနဲ့ ပြည့်နေတဲ့၊ နားလည်မှု တွေနဲ့ ဆက်ဆံတတ်တဲ့၊ အမြတ်တနိုး တန်ဖိုးထားပြီး သိပ်ကို ချစ်ခဲ့ရတဲ့ `ကို…´ နဲ့ ဆုံစည်းခွင့်လေး ရရပါလို၏ လို့သာ ဆုတောင်း လိုက်ပါရစေတော့ ………!!!!!

Saturday, January 23, 2010

ဒိုင်ယာရီဟောင်း

မောင်… ဒီနေ့ ဘာလို့ နောက်ကျနေတာလဲ……!

မောင် ဒီနေ့ အတန်းချိန် အပြည့် တက်နေလို့ပါကွာ…။ မနက်ဖန် စောစော လာခဲ့ပါ့မယ်။ ပြီးရော..။ အမြဲတမ်းလိုလို နောက်ကျ တက်တဲ့ မောင့်ကို ကျမ ကလည်း ခွင့်လွှတ် နေကြပါ။

မောင်က ကျမအိမ်ရဲ့ ဘေးနားက အိမ်မှာ လာနေတာပါ။ ဘေးနားက အိမ်က ကောင်လေးက တဦးတည်းသော သားပါ။

မောင်က ကျမအိမ်ဘေးက ကောင်လေးရဲ့ သူငယ်ချင်းပေါ့။ မောင်က နယ်ကမို့လို့ ဘေးနားက ကောင်လေးအိမ်မှာ လာနေတာ။ သူတို့က အင်ဂျင်နီယာ တက်နေသူ တွေမို့လို့ စာတွေ များပါတယ်။ တခါတရံ ကျမ စာမေးပွဲနဲ့ မောင်တို့ရဲ့ စာမေးပွဲက တိုက်ဆိုင် နေတတ်ပြန်တယ်လေ။ မအိပ်ပဲ စာလုပ် နေကြတဲ့ မောင်တို့ သူငယ်ချင်း တွေ ဆူဆူ ညံညံ နဲ့ပေါ့။

မောင်ဟာ သူများအိမ်မှာ မျက်နှာငယ်ငယ်နဲ့ နေနေရတာပါ။ ကျမက မောင့်ကိုကြည့်ပြီး စိတ်မကောင်း ဖြစ်နေကျပေါ။့ တခါတရံ မှာတော့ မောင်နေတဲ့ အိမ်က မောင့် သူငယ်ချင်း အမေရဲ့ ပြောဆိုမှု တွေကို ကြည့်ပြီးလည်း စိတ်မကောင်း ဖြစ်ရပါတယ် မောင်….။

ဒါဟာလည်း ကျမ မောင့်ကို ချစ်ဖို့အတွက် ဖြစ်လာတဲ့ အကြောင်း တရပ်များ ဖြစ်နေမလား မောင် …………….။

တဖြည်းဖြည်းနဲ့ ကျမဟာ မောင့် ကို အခွင့်အရေးတွေ ပေးမိနေတယ်။

တနေ့ မောင်က ကျမကို ချစ်ခွင့် ပန်လာပါတယ်။ သူငယ်ချင်းတွေကို ဒီအကြောင်း ပြောပြတော့ သူငယ်ချင်းတွေက သဘောမတူ ကြဘူးလေ။ နယ်ကမို့လို့ သူ့အကြောင်းလဲ မသိဘူးတဲ့။ ကျမ ကတော့ ဘယ်သူတွေ ဘာပြောပြော မောင့်ကို ချစ်ဖို့ ဆုံးဖြတ်ခဲ့တယ်။

မောင်နဲ့ ကျမ ချစ်သူတွေ ဖြစ်ပြီးတော့လည်း သူငယ်ချင်းတွေက ဘာမှ မပြောကြ တော့ပါဘူး။ သူငယ်ချင်းကို ကြည့်ပြီး သူချစ်တဲ့သူနဲ့ ဆိုတော့လည်း စိတ်ချမ်းသာ ပါစေဆိုပြီး ကျမကို အပြစ် မပြောကြတော့ပါဘူး။

နယ်ကဖြစ်တဲ့ မောင့်ကို မိဝေး ဖဝေးနဲ့ မို့လို့ ကျမကပဲ တော်တော် များများ စိတ်ပူပန် ပေးခဲ့ပြီး သူ့အတွက် အစစ အရာရာ လုပ်ပေးခဲ့တယ်။ ကျမကတော့ မောပန်းတယ်လို့ မထင်ပဲ ချစ်တဲ့ စိတ်တခုတည်းနဲ့ ရိုးရိုး သားသား လုပ်ပေးခဲ့တယ်…….မောင်....။

`မောင်……….. ကျမကို တကယ် ချစ်ရဲ့လားလို့ မေးတော့ မောင်က ချစ်တာပေါ့တဲ့…..´ ကျမမှာ မောင့်ကို ကြည့်ပြီး ကြည်ကြည် နူးနူး ကျေနပ် နေခဲ့တာပေါ့………..။

မောင်နဲ့ ပက်သက် သမျှဟာ ကျမနဲ့ ပက်သက် နေသလို…………..၊

အရာရာဟာ ကျမ ရင်ထဲမှာ အလိုအလျောက် ပေါ်လာ နေမြဲပဲ…………………။

မောင့်ရဲ့ သံစဉ်ဟာ ကျမရဲ့ သံစဉ် ပါပဲ………………..။

မောင့်ရဲ့ ဘ၀ဟာ ကျမရဲ့ ဘ၀ ပါပဲ…………..။

ကျမ ရူးသွပ်စွာနဲ့ မောင့်ကို ချစ်ခဲ့ တာပါ…………။

ကျမဟာ မိုက်မဲသူ တယောက်များ ဖြစ်သွားပြီလား……………။

ဘာပဲဖြစ်ဖြစ် မောင်ဟာ ကျမအတွက်တော့ အကောင်းဆုံး အဖေါ်မွန် ပါပဲ………။

မောင်နဲ့ ကျမ ကျောင်းပြီးရင် လက်ထပ်ဖို့ ဆုံးဖြတ်ထားတော့ ကျမကပဲ အစစ ပူပန်နေမိသေး………။ သူ့ကို ကြည့်တော့ သူ့ ၀သီလား……… အေးစက်စက် ……..!!!

ကျောင်းပြီးရင် အလုပ်တခု လုပ်ဖို့ ကျမကပဲ မောင့်အတွက် ရှာဖွေနေမိသေး……၊

မောင် နောက်ဆုံးနှစ် စာမေးပွဲ ဖြေပြီးတော့ ကျမက စာမေးပွဲ မပြီးသေးဘူးလေ….၊ ဒီအကြောင်းအရာက မောင်နဲ့ကျမ ဝေးကွာသွားအောင် လုပ်ခဲ့တဲ့ အခြေအနေ များလား!!!!!

မောင်က စာမေးပွဲ ဖြေပြီးတော့ ကျမကို ချက်ချင်း လက်ထပ်ဖို့ ပြောခဲ့သေးတာပဲ………၊

ဟင့်အင်း……… ကျမ လက်မထပ် နိုင်သေးဘူးမောင်……..၊ အခြေအနေ တခုကိုတော့ စောင့်ရမှာပေါ့…….။ ကျမ စာမေးပွဲ မပြီးသေးဘူးလေ…….. မောင်. ကျမကို နားလည်ပေးပါ……..။

ကျမ စာမေးပွဲ မပြီးခင် မောင်က နယ်ကို ခဏ ပြန်မယ်ဆိုပြီး ပြန်သွားခဲ့ပါတယ်…၊ အဲဒီနေ့ဟာ မောင်နဲ့ကျမ နောက်ဆုံး တွေ့ခဲ့ရတဲ့ ရက်မှန်း သိခဲ့ရင် ကျမမောင့်ကို သွားခွင့်ပြုခဲ့မှာ မဟုတ်ပါဘူး……….မောင်။

မောင် ပြန်လာမဲ့ ရက်ကို စောင့်ရင်း….. တနေ့မှာတော့ ကျမ သတင်း တခုကို ကြားလိုက် ရတယ်လေ။ အဲဒါ ကတော့ မောင်တို့ မြို့ က …. မိန်းကလေး တယောက်နဲ့ မောင် လက်ထပ် သွားပြီတဲ့ ……. !!!!

ကျမ မယုံကြည်ဘူး……မောင်။

ဘာကြောင့်လဲ…….. ကျမကို ထားခဲ့ပြီး တခြား မိန်းကလေး တယောက်နဲ့ လက်ထပ် သွားရလောက်အောင် မောင်ကျမကို မရက်စက် လောက်ပါဘူး…။

တဒင်္ဂ ငြိမ်သက်သွားတဲ့ ကျမ….

ပါးပြင်ပေါ်ကို အလိုလို ကျလာတဲ့ မျက်ရည်……….

မဖြစ်နိုင်ပါဘူး လို့ ရူးသွပ်စွာ ခေါင်းရမ်းခဲ့တဲ့ ကျမ………

ကျမကိုယ် ကျမ ဘယ်လောက် ထိန်းချုပ် ထားနိုင်မှာလဲ………

တခြား မိန်းကလေး နဲ့ လက်ထပ်မယ် ဆိုရင်လည်း ကျမကိုတော့ ရှင်းပြအုံးမှပေါ့……..ဆိုပြီး တွေဝေ နေသေးတဲ့ ကျမ…….

ဒီအချိန်ဆို မောင် ဘာတွေများ လုပ်နေမလဲလို့ စဉ်းစား နေသေးတဲ့ ကျမ……..

မောင့် ကို မမေ့နိုင်ပဲ ဘာဖြစ်လို့များ ကျမ ခေါင်းထဲ ၀င်နေသေးတာ ပါလိမ့်လို့လည်း တွေးမိနေသေးတယ်..။ အော်……… လက်ထပ် သွားပြီးတဲ့ လူတယောက်ကို စဉ်းစားလို့ မသင့်တော် တော့ပါဘူး။

အခုတော့ ကျမကို ထားခဲ့ပြီး သူကတော့ တခြား တယောက်ရဲ့ ရင်ခွင်မှာ ပျော်မွေ့ နေလောက်ပါပြီလေ။

သူဆိုခဲ့တဲ့ ရှတတ သီချင်းသံ တွေလည်း ခုချိန်မှာတော့ ခါးသက် နေလိုက်တာ …………..

နာကျည်းစရာ တွေနဲ့ ကျမကို ထားသွားခဲ့တဲ့ သူ့ကို……….

ရင်ထဲမှာ ဒဏ်ရာ တွေနဲ့ ထားခဲ့တဲ့ သူ့ကို………

ကိုယ်တိုင် ရွေးချယ်ပြီး လျှောက်လှမ်း သွားခဲ့တဲ့ သူ့ကို…..

တချိန် မှာတော့ မုန်းမေ့နိုင်ကောင်းပါရဲ့………………..။

သေချာတာ တခုကတော့ ဒိုင်ယာရီဟောင်း တခုကို စုတ်ဖြဲ လွှင့်ပစ် လိုက်ဖို့ ကျမကို အင်အားသစ် တွေက မွေးဖွား ပေးလိုက်ပြီ !!!!!!!!!