Showing posts with label တက်ဂ်ပိုစ့်. Show all posts
Showing posts with label တက်ဂ်ပိုစ့်. Show all posts

Tuesday, December 25, 2012

ရူးသွပ်ရင် ဖြစ်မယ် (တဂ်ပိုစ့်)

လူ့ဘဝ ဖြစ်တည်လာတဲ့ အခိုက် ငယ်စဉ်တောင်ကျေး ကလေးအရွယ်ကစပြီး နေ့စဉ် ကျင်လည်နေရတဲ့ လောက ပတ်ဝန်းကျင်မှာ နေသားတကျဖြစ်အောင် နေတတ်ဖို့ ကြိုးစားနေကြရတယ်။ ဘဝရပ်တည် ရှင်သန်ဖို့ အတွက် ရုန်းကန် လှုပ်ရှားနေကြရတယ်။ ပတ်ဝန်းကျင် အဝန်းအဝိုင်းကို လှပအောင်လည်း တန်ဆာ ဆင်ကြရတယ်။ မိသားစုကိုလည် နွေးထွေး ပေးကြရတယ်။ မိမိ တန်ဖိုးထားရတဲ့ သူတွေအတွက် နှလုံးသားနဲ့ အုပ်မိုးပြီး မေတ္တာတရား ပေးကြရတယ်.။

တစ်ဦးချင်းစီရဲ့ ငယ်ဘဝမှာ ရူးသွပ်တဲ့ အရာတွေ ရှိခဲ့ကြပါတယ်..။ မိမိ စိတ်တည်ရာကို လုပ်ဖို့ စိတ်အားထက်သန်စွာနဲ့ ကြိုးစားခဲ့ကြဖူးပါတယ်။ တကယ့်ကို လုပ်ချင်တာတွေကို ရူးသွပ်စွာနဲ့ လုပ်ချင်ခဲ့ကြတယ်။ တချို့သူတွေရဲ့ ငယ်ဘဝရူးသွပ်မှုက ပတ်ဝန်းကျင်ရဲ့ ပြောင်းလဲမှုကြောင့် မှေးမှိန် သွားခဲ့ရတာမျိုး ဖြစ်တတ်ပါတယ်။ မိသားစုရဲ့ အလိုအရ ပြောင်းလဲခဲ့ ကြရတယ်.။ ကျေးဇူးတရားတွေရဲ့ လွန်ဆွဲမှုကြောင့်  ဝေးခဲ့ကြရတယ်။

တခါတရံမှာ ငယ်ဘဝထဲက ရူးသွပ်စွာ ရှိလာခဲ့တဲ့ အရာတွေက အရွယ်ရောက်လာတဲ့အခါမှာ လျော့ပါး သွားတတ် ကြတာမျိုးလည်းဖြစ်တတ်ပါတယ်. အဲဒါကို တကယ့်ရူးသွပ်မှု မဟုတ်ဘူးလို့ ပြောရင်လည်း တစ်စိတ်တစ်ပိုင်းတော့ မှန်ကန်ပါလိမ့်မယ်။ ငယ်ဘဝမှာ မိမိရဲ့ ရူးသွပ်မှုက ပကာသနမပါပဲ အရောင်ဆိုးမထားတဲ့ အဖြူရောင်တစ်ခု ဖြစ်နေလို့ပါ.။

အရွယ်ရောက်လာတဲ့အခါမှာ မိမိ ရူးသွပ်တဲ့အရာတွေက ဘယ်လိုအသုံးဝင်ပြီး အကျိုးပြုမလဲ.။ မိမိတစ်ယောက်ထဲအတွက် အကျိုးပြုမှာလား. တပါးသူတွေအတွက် အကျိုးရှိမှာလား. လူ့အဖွဲ့အစည်း တစ်ခုလုံးအတွက် အကျိုးပြုနိုင်မလား. မေးခွန်းပေါင်းများစွာ ထုတ်နေမိတယ်.။ မိမိ ရူးသွပ်ခဲ့ရတဲ့ ရူးသွပ်မှုက အကျိုးပြုနိုင်တဲ့ အရာဖြစ်ခဲ့မယ်. ပတ်ဝန်းကျင်ကလည်း မြေတောင်မြှောက်ပေးခဲ့မယ်. တကယ့်ကို ရူးသွပ်ခဲ့ရတယ်အရာဆိုရင် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး.။ အနည်းဆုံးတော့ မိမိရူးသွပ်မှုက သူတပါးအတွက် အဆိပ်အတောက်မဖြစ်ပဲ မိမိတကိုယ်စာ စိတ်ချမ်းမြေ့မှု ရှိနိုင်မယ်ဆိုရင်လည်း မိမိရဲ့ ရူးသွပ်မှုက အကျိုးရှိတဲ့အရာ တစ်ခု ဖြစ်ပါလိမ့်မယ်.။

ဘဝရပ်တည်ရေးအတွက် မိမိရဲ့ ရူးသွပ်မှုတွေနဲ့ ဝေးကွာခဲ့ကြရတယ်.။ တချို့သူတွေရဲ့ ရူးသွပ်မှုက ဘဝရှင်သန်ရပ်တည်ရေးအတွက် လမ်းကြောင်းပေးနိုင်တဲ့ အရာမျိုး ဖြစ်တတ်ကြပါတယ်.။ ဆန္ဒပြည့်ဝတဲ့ ရူးသွပ်မှု တခုပေါ့..။ 

တချို့သူတွေက မိမိရဲ့ ရူးသွပ်မှုကိုပဲ ဦးစားပေးပြီး ဘယ်လိုအခက်အခဲဖြစ်ဖြစ် မဖြစ်မနေ ကြိုးစားခဲ့ကြသူတွေကို တွေ့ရတတ်ပါတယ်။ သူတို့က သူတို့ရဲ့ စိတ်ကို လွတ်လပ်တဲ့ စိတ်နဲ့ အုပ်မိုးထားနိုင်ခဲ့တဲ့ သူတွေပေါ့..။ တခြားသော အရာတွေထက် မိမိရူးသွပ်မှုကိုသာ အလေးထားပြီး လုပ်ခဲ့ကြလို့ အောင်မြင်မှုတွေရှိသလို ရုန်းကန်နေကြဆဲ သူတွေလည်း ရှိကြတယ်.။ ရုပ်ဝတ္ထု ပစ္စည်း မကြွယ်ဝရင်နေပါစေ စိတ်ချမ်းသာပြီး လွတ်လပ်မှုတွေနဲ့ ငြိမ်းချမ်းနေလိမ့်မယ်လို့ ယုံကြည်ရမယ့် သူမျိုးတွေပေါ့.။

အခြေအနေ၊ အချိန်အခါ၊ ခင်မင်ရင်းနှီးမှုတွေနဲ့ မလွန်ဆန်နိုင်တဲ့ လောကအခြေအနေကြောင့်  မိမိရဲ့ ရူးသွပ်မှုတွေကို ဘေးဖယ် ထားခဲ့ ကြရတယ်။ မမေ့နိုင်ပေမယ့် မေ့ပျောက်ချင်ဟန်ဆောင် နေခဲ့ကြရတယ်။ ရူးရူးသွပ်သွပ် ဖြစ်ချင်တဲ့ ဆန္ဒတွေကို မျိုသိပ်ခဲ့ကြရတယ်။ လက်တွေ့ ရင်ဆိုင်ရမယ့် လောကဓံကပေးတဲ့ ရိုက်ခတ်မှုတွေနဲ့ လုံးထွေးနေခဲ့ရတယ်.။ အဲဒီအချိန်မှာ မိမိရဲ့ ရူးသွပ်စွာရှိခဲ့တဲ့ အရာကို တခြားသော သူတွေအတွက် .. ဒါမှမဟုတ် မိမိရဲ့အတ္တအတွက် ဖုံးလွှမ်းခဲ့ကြရတယ်.။ မိမိရဲ့ ရူးသွပ်မှုတွေကို ဘဝရှင်သန် ရပ်တည်ရေးဆိုတဲ့ ပကာသန မှုံနံသာတွေနဲ့ ချယ်ထားခြင်းခံခဲ့ကြရတယ်။ 

အဲဒီလို မိမိအတ္တ၊ သူတပါးတွေရဲ့ အတ္တတွေကိုသာ မိမိရဲ့ ရူးသွပ်မှုနဲ့ ဖယ်ရှားနိုင်ခဲ့မယ်ဆိုရင် လောကကြီးကို အောင်နိုင်ပြီး မိမိရဲ့ စိတ်ကို မိမိ အောင်နိုင်တဲ့သူဖြစ်ပြီလေ..။ 

လူသားတိုင်း မိမိ ရူးသွပ်ခဲ့ရတဲ့ ရူးသွပ်မှုတွေနဲ့ လှပစွာ တန်ဆာဆင်နိုင်ကြစေလို့ ဆန္ဒပြုရင်း...။ 

ဆရာဝမိုးနိုင် (မုံရွာ) ရဲ့ "ရူးသွပ်ရင် ဖြစ်မယ်" တဂ်ပိုစ့်လေးကို အချိန်အတော်ကြီး ကြာမှ ရေးခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်။
 

Saturday, March 10, 2012

ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင်(တဂ် ပို့စ်)

ဘလော့ဂါ သက်တန့်နဲ့ ညီမငယ် မဒမ်ကိုးတို့ တဂ်ထားတဲ့ ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင်မှာ ပြောပြခွင့်ရတဲ့ အတွက်ကျေးဇူးတင်ပါတယ်။

၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။

Sim Card (ဆင်းမ်ကဒ်) တန်ဖိုးကိုပြောတာလို့ သဘောပေါက်မိပါတယ်။ နိုင်ငံတကာမှာတော့ ဆင်းမ်ကဒ်တစ်ခုရဲ့ တန်ဖိုးက အဲလောက်တန်ဖိုးမရှိတဲ့အတွက် နှစ်သိန်းဝန်းကျင်ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ မမြင်မိပါဘူး။ ဖုန်းအလုံးကတော့ ကောင်းရင်ကောင်းသလို တန်ဖိုးအမျိုးမျိုးရှိတဲ့ အတွက် သင့်တော်သလို သုံးနိုင်ပါတယ်။ ဆင်းမ်ကဒ်ကို နှစ်သိန်းဝန်းကျင်နဲ့ ဝယ်ရတာဆိုရင် တန်ဖိုးအရမ်း ကြီးလွန်းနေပါတယ်။


၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။

စနစ်ကျ စည်းကမ်းရှိတဲ့ ဦးဆောင်မှုကောင်းတဲ့သူတွေနဲ့အတူ လက်တွဲလုပ်မယ်ဆိုရင် အများပြည်သူအတွက် အကျိုးရှိမယ့် အလုပ်တစ်ခု ဖြစ်မယ်လို့ မြင်ပါတယ်။

၃ ။ ငါးထောင်တန်ဖုန်း ပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီး လွှတ်တော်ကို တင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။

တရားမျှတမှုရှိဖို့ အဓိကကျပါတယ်။ လူအဖွဲ့အစည်းတစ်ခုမှာ တရားမျှတဖို့၊ လေးစားရမယ့် ဥပဒေကို လေးစားဖို့၊ လူလူချင်း တန်ဖိုးထားဖို့၊ လူသားတစ်ဦးရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်တတ်ဖို့၊ လူတွေရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးကို လေးစား လိုက်နာတတ်မယ်ဆိုရင် မှန်ကန်ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းကြီးတစ်ခု ဖြစ်လာမှာပါ။ အဲလို ကောင်းမွန်မှန်ကန်တဲ့ လူ့အဖွဲ့အစည်းကြီးကသာ မျှတမှုရှိတဲ့ ဝန်းကျင်တစ်ခုကို ဆောက်တည်ပြီး လူသားတွေရဲ့ ရပိုင်ခွင့်တွေကို ပေးနိုင်မယ်လို့ ယုံကြည်မိပါတယ်။

၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။

ပြည်သူအားလုံးတန်းတူညီမျှ တယ်လီဖုန်း အသုံးပြုနိုင်လာခဲ့ရင်ဆိုတဲ့ စိတ်ကူး အိပ်မက်လေးနဲ့တင် ဝမ်းသာပျော်ရွှင်ပြီး ငါးထောင်တန်ဖုန်းများ ပေါ်ပေါက်လာဖို့ ကြိုဆိုလိုက်ပါတယ်။

၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။

ဆက်သွယ်ရေး ဧရိယာ၊ ဆက်သွယ်ရေး ပစ္စည်းတွေနဲ့ ဆက်သွယ်ရေး ကွန်ယက်ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ကောင်းမွန် လျင်မြန်စွာ လုပ်ကိုင်နိုင်ဖို့ မျှော်လင့်မိပါတယ်။ လူသားတစ်ဦးနဲ့တစ်ဦး ဆက်သွယ်ရေး အဆင်ပြေဖို့၊ ပြားလာတဲ့ ကမ္ဘာကြီးပေါ်မှာ လူသားတစ်ဦးနဲ့တစ်ဦး အနီးကပ်ဆုံး ခင်မင်နိုင်ပြီး အလွမ်းပြေစေနိုင်ဖို့၊ လုပ်ငန်းဆောင်တာတွေ မြန်မြန်ဆန်ဆန် သိလာဖို့၊ သတင်း အချက်အလက်တွေကို မျှဝေဖို့၊ သဘာဝ ပတ်ဝန်းကျင်ကြောင့် ရုတ်တရက် ကျရောက်လာမယ့် ဘေးအန္တရာယ်တွေကို ကြိုတင်သိရှိနိုင်ဖို့၊ အရေးကြီးတဲ့ အခြေအနေအချိန်မှာ အလျင်အမြန် ဆက်သွယ်နိုင်ဖို့၊ သေရေးရှင်ရေးတမျှ ဖြစ်ပြီး အရေးကြီးလာခဲ့ရင် ဆက်သွယ်ဖို့၊ ဆက်သွယ်ရေး ကိရိယာဆိုတာ လိုအပ်ပါတယ်။ အရေးပါတဲ့ ဆက်သွယ်ရေး ကိရိယာတဖြစ်လဲ တယ်လီဖုန်းကို အသုံးပြုပြီး ဆက်သွယ်တဲ့အခါ အရည်အသွေးပြည့်မှီပြီး အမြဲတမ်း ဖုန်းလိုင်းကောင်းဖို့ အရေးကြီးပါတယ်။ ဒါမှလည်း စိတ်ချမ်းသာစွာနဲ့ အလွယ်တကူ ဆက်သွယ်နိုင်မှာပါ။ ဆက်သွယ်ရေး ကိရိယာ တယ်လီဖုန်းကို မတန်တဆ ဈေးနှုန်းမြှင့်ထားလို့ လူတန်းစားခွဲခြားထားပြီး အရေအတွက် နည်းလွန်းလှတဲ့ လူဦးရေလောက်သာ ကိုင်နိုင်တဲ့အတွက် ဆင်းမ်ကဒ်တစ်ခုရဲ့ တန်ဖိုး ငါးထောင်သာဖြစ်ခဲ့မယ်ဆိုရင် နိုင်ငံတကာမှာ လူတိုင်းကိုင်နိုင်တဲ့ ဖုန်းတစ်လုံးကို မိမိတို့ တိုင်းပြည်မှာရှိကြတဲ့ ပြည်သူတွေလည်း အသုံးပြုနိုင်လာမှာကို တွေးမြင်မိပါတယ်။

ငါးထောင်တန်ဖုန်းများ ပေါ်ပေါက်လာအောင် ကြိုးပမ်းဆောင်ရွက်နေသူ အားလုံးကို လေးစားရင်း၊ ဖုန်းလိုင်းကောင်းကောင်းနဲ့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ပြည်သူအားလုံးရဲ့ လက်ထဲကတဆင့် နှလုံးသားများ ပြုံးပျော်နိုင်ဖို့ ဆန္ဒပြုမိပါတယ်။


Friday, December 23, 2011

ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ်

ခရစ်စမတ် သစ်ပင်လေးမျာဖြင့် ထူးခြားဆန်းသစ်စွာ အလှဆင်ယင်ခြင်း မရှိသောအိမ်လေးတခုထဲတွင် အချိန်ကာလများ တရွေ့ရွေ့စီးမျောရင်း ကုန်ဆုံးခဲ့ရပါသည်။ တခါတရံတွင် နှင်းခဲများ ဖုံးလွှမ်းလျက်ရှိသော အေးချမ်းမည်ဟု ထင်ရသည့် နေရာလေးများကို သွား၍ နှင်းခဲလေးများနှင့် တို့ထိကစားချင်ပါသည်၊ နှင်းခဲလေးများကို ကိုင်လိုက်လျှင် အေးစက်စွာ ကျင်ကနဲဖြစ်သွားမည့် ရသလေးတခုကို မက်မက်မောမော ခံစားကြည့်ချင်ပါသည်။ ဘယ်လောက်ပင် နှင်းကို တမ်းတစေကာမူနှင်းခဲများကျနေခြင်းမရှိသော မြူများဆိုင်းနေသည့် နေရာလေးတခုတွင်ပင် အေးချမ်းသည့် ဥတုလေးတခုအဖြစ် ထွေးပိုက်ပြီး ကုန်ဆုံးနေခဲ့ရပါသည်။ ကျမ မပိုင်ဆိုင်သော အချိန်တခုကို ရွေးချယ်ခွင့် ရှိမည်ဆိုလျှင် နှင်းများ အဆုပ်လိုက် ကျနေပြီး တဖြောက်ဖြောက် ကျနေမည့် နှင်းမှုန်များကြား အေးခဲနေသော နေရာလေးတခုတွင် ပြေးလွှား ဆော့ကစားရင်း ခနတာ နားခိုချင်ပါသည်။


များပြားလှသော တာဝန်ဝတ္တရားများနှင့် နေရသော အချိန်တခုကို မိမိကိုယ်တိုင် နှစ်သက်စွာ ဆုပ်ထားမိရဲ့သား ရှိနေသော ကျမသည် အနားယူရန် အချိန်လေးတခုကို နှစ်နှစ်ကာကာ လိုချင်ခဲ့မိပါသည်။ ထို့ကြောင့်ပင် တပါးသူများ၏ တခမ်းတနား လှပစွာ ကျင်းပကြသော ခရစ်စမတ်ကဲ့သို့နေ့မျိုး၊ နှစ်သစ်ကူးကဲ့သို့ညမျိုးကို ပျော်ရွှင်ဖွယ်ရာများဖြင့် ကုန်ဆုံးချင်ခဲ့ပါသည်။ ခရီးထွက်ရခြင်းကို ပျော်မွေ့သော၊ ဝါသနာပါသော ကျမသည် အခြေအနေပေးလျှင် ယခုလို ခရစ်စမတ်နေ့လေးကို ခရီးထွက်ခြင်းဖြင့် ဖြတ်သန်းချင်ပါသည်။ ကျမချစ်ခင်သော သူတချို့ကို ခရစ်စမတ်ကဒ်လေးများ ပေးခဲ့ဖူးသည်ကို စဉ်းစားရင်း ယခုအချိန်တွင် ကျမချစ်မြတ်နိုးသောသူကို ခရစ်စမတ်လက်ဆောင်လေးအဖြစ် ချမ်းအေးသော ညနေခင်းလေးတွင် နွေးထွေးမှုရှိမည့် အမှတ်တရလေးတခုကို ပေးချင်နေမိပါသည်။ ပြီးလျှင် ကျမချစ်ခင်သော သူတချို့ကို ခရစ်စမတ် ပန်းစည်းလေးများပေးပြီး သူတို့၏ ပျော်ရွှင်မှုအပြုံးလေးများကို မြင်တွေ့ချင်နေပါသည်။


*********


လောကဓါတ်တခွင်လုံး စိမ့်အေးပြီး ချမ်းအေးနေသည့်အခိုက် ကုန်လွန်ခဲ့ပြီးသော ပြက္ခဒိန်စာရွက်လေး တရွက်ပေါ်က ရက်လေးတရက်တွင် ကံ့ကော်ပန်းများ အဆုပ်လိုက်ပွင့်ပြီး ရေတမာနံ့လေး သင်းနေသော လမ်းကလေးပေါ်တွင် ခြွေချခဲ့ဖူးသည့် ပြန်မရနိုင်တော့မည့် ခြေရာလေးများကို တမ်းတနေမိသည့်အခိုက် အနွေးထည်ထူထူ ဝတ်ဆင်ထားသော သူတယောက်၏ ချိုသာသော အပြုံးလေးတခုအောက်တွင် နှလုံးသွေးများ ရပ်တန့်တော့မလောက်ဖြစ်ခဲ့ပြီး သူ၏စကားသံများကြားတွင် နူးညံ့စွာ ပျော်ဝင်စီးဆင်း ခဲ့ဖူးသည်ကို ပြန်လည် မြင်ယောင်နေရင်း ရှတသော သံစဉ်တခုအောက်တွင် နင့်ကနဲ နာကျင်ခဲ့ရပါသည်။


*********


နှစ်သစ်တခုကို ကြိုဆိုသည့်ညတွင် ကျမချစ်မြတ်နိုးသော၊ ကျမချစ်ခင်သော သူများနှင့် မီးဖိုလေးနားတွင် သီချင်းများ သီဆိုရင်း ရင်ခုန်စွာနှင့် အတူရှိနေချင်ပါသည်။ သို့သော် အိပ်မက်တခုအနေနှင့်သာ ဖြစ်မည်ဟု တွေးတောမိသောအခါ နှလုံးသား တနေရာတွင် စူးနစ်မှုတခု အဖြစ်နှင့်သာ လက်ခံခဲ့မိပါသည်။ အထက်တန်းကျောင်းသူဘဝတွင် သူငယ်ချင်းတယောက်ဆီမှ နှစ်သစ်ကူးလက်ဆောင်အဖြစ် ရခဲ့ဖူးသော ဒိုင်ယာရီစာအုပ်လေးတအုပ်၊ အနီရောင်ဆေးခြယ်ထားသော ကဒ်လေးတခုနှင့် ပိုက်ဆံအိတ်ဖြူလွလွလေးသည် ယနေ့တိုင် ကျမဗီဒိုလေးထဲတွင် ခိုအောင်းနေဆဲ ရှိနေပါသည်။


နှစ်ဟောင်းတခုကို ဝှေ့ယမ်းနှုတ်ဆက်ပြီး နှစ်သစ်တခု၏ စာမျက်နှာ ထက်တွင် ကောင်းသောခြင်းရာများဖြင့် ရေးဆွဲနိုင်ရန် ပြင်ဆင်ခဲ့ပြီးပြီလား ဆိုသည်ကို ကျမ ကိုယ်တိုင် မေးခွန်းထုတ်နေမိပါသည်။


အကယ်၍သာ နှစ်သစ်တခု၏ စာမျက်နှာထက်တွင် သပ်ရပ်လှပစွာ ခြယ်မှုန်းချင်သော ကျမသည် ချမ်းအေးလွန်းလှသည့် အချိန်လေးတခုတွင် အေးချမ်းငြိမ်းအေးစွာ အနားယူ အိပ်စက်ခွင့်မရသည့်၊ စာသင်ခန်းများကို ကျောခိုင်း၍ ပြေးလွှားနေကြရပြီး အကြောက်တရားများနှင့် ပြည့်လျှံနေရသည့် မျက်ဝန်းများ၏ နောက်ကွယ်မှ မျက်ရည်စက်များ သုတ်ပေးခွင့်ရရန် တောင့်တနေမိပါသည်။။။

ချစ်ရတဲ့ နမ်း(အဖြူရောင်နတ်သမီး) နဲ့ ညီမငယ် ကန်ဒီ တို့ရဲ့ ခရစ်စမတ်နဲ့ နှစ်သစ်ကူးလေးအတွက် အမှတ်တရ တဂ်ပိုစ့်လေးပါ။


Tuesday, September 13, 2011

ဘလောဂ့်ဂါဆိုတာ ဘာလဲ...

အိမ်အပြင်ဘက်ဆီမှ တဖြောက်ဖြောက်ကျလာတဲ့ ရေစက်ရေပေါက်လေးရဲ့ အသံက ပတ်ဝန်းကျင်တခုလုံး လွှမ်းခြုံနေခဲ့တယ်။ ကောင်းကင်တခွင်လုံး မည်းမှောင်လို့ မှိတ်တုတ်မှိတ်တုတ် လက်နေတဲ့ ကြယ်လေးတွေလည်း ပုန်းနေကြတယ်နဲ့တူပါရဲ့။

ကျမတယောက် ကွန်ပြူတာဖွင့်ရင်း ပေါ်ထွက်လာတဲ့ screen ကိုငေးကြည့်လိုက်တာ အချိန် ဘယ်လောက်ကြာသွားလဲ မသိခဲ့ပါဘူး။

mozilla firefox ကိုဖွင့်လို့ လက်ကအလိုလို ရိုက်လိုက်မိတာကတော့. ကမ္ဘာကြီးထဲမှာ ချိတ်ဆက်ထားတဲ့ ကွန်ရက်တွေထဲက ကျမရဲ့ကွန်ရက်လေး တခုဆီကိုပေါ့။ အဲဒီကွန်ရက်လေးကို ကျမက သိပ်ကို နှစ်သက်မြတ်နိုးတာ။ ကွန်ရက်လေးကို ချိတ်ဆက်ထားတဲ့ အခြားအခြားသော သူတွေ ပိုင်ဆိုင်ကြတဲ့ ကွန်ရက်လေးတွေ ကိုလည်း နှစ်သက်တတ်တာ ကြာခဲ့ပါပြီ။

ကွန်ရက်တွေထဲမှာ ဘာတွေရှိလို့ နှစ်သက်ခဲ့တာပါလိမ့်။ ကွန်ရက်တွေထဲမှာ နူးညံ့တဲ့ အလှတရားတွေ၊ အနုပညာတွေ အများကြီးရှိနေခဲ့တယ်။ ပုံသဏ္ဍာန်မတူညီစွာ ရှိနေခဲ့ကြတဲ့ ကွန်ရက်လေးတွေထဲမှာ ကျမအတွက်၊ အခြားသော ကွန်ရက်လေးကို ချစ်ခင်နှစ်သက်သူ ပုံဖေါ်ဖန်တီးနေကြတဲ့ ကွန်ရက်ပိုင်ရှင်တွေ အတွက်၊ တနည်းတဖုံ တန်ဖိုးရှိစွာ ဆင်ယင်နေတဲ့ စာပေဆိုင်ရာ၊ ကဗျာ၊ အက်ဆေး၊ ဝတ္ထု၊ ပန်းချီ၊ ခံစားချက်၊ အတွေ့အကြုံ၊ ဗဟုသုတ၊ စိတ်ကိုသတိပြုမိဖို့ အသိတရားလေးများ၊ ဖတ်ချင်စရာ ဖတ်လို့ရနိုင်တဲ့ ရှားပါးစာအုပ်ကြီးများ၊ ဝါသနာလေးများ၊ တနေ့တာ ဒိုင်ယာရီလေးများ၊ စီးနင်းမျောပါနေရတဲ့ ဘဝရဲ့အလင်းရောင်များ၊ စိတ်ဝိညဉ်များ၊ နိုင်ငံတကာ သိမှတ်ဖွယ်ရာများ၊ ကိုယ်သိထားသလို အများသိပါစေဆိုတဲ့ စိတ်လေးနဲ့ မျှဝေပေးထားတဲ့ နည်းပညာလေးများ၊ ဆုံးမစာလေးများ၊ စိတ်အာဟာရဖြစ်စေမယ့် စာစုလေးများ..

အို။။။။ အများကြီးပါပဲလား။

ကျမလေ ကွန်ရက်လေး တခုထဲ ဝင်ကြည့်လိုက် ဖတ်လိုက်၊ နောက်ကွန်ရက်လေး တခုဝင်ကြည့်လိုက် ဖတ်လိုက်၊ ခံစားရစရာလေးတွေ ဖတ်ရင်း ထပ်တူခံစားလိုက်၊ ပြုံးစရာလေးတွေ ပြုံးလိုက်၊ မှတ်သား စရာလေးတွေကို မှတ်သားလိုက်နဲ့ ရသမျိုးစုံ ခံစားနေရတဲ့ ကျမစိတ်၊ ကွန်ရက်လေးတွေထဲက ရုန်းမထွက်နိုင်တော့ပါဘူး။

ကျမက ကွန်ရက်လေးထဲက ပင့်ကူလေးတကောင်နဲ့ တူနေလေရဲ့။

ကွန်ရက်လေးတွေထဲမှာ မြှုပ်နှံထားတဲ့ အချိန်ကာလတခုထဲက တတ်နိုင်သမျှ ရုန်းထွက်ခဲ့ရင်း ကျမရဲ့ကွန်ရက်လေးဆီကို တဖန်ပြန်ရောက်လာခဲ့တယ်။ ကွန်ရက်လေးထဲမှာ ကျမရဲ့ ဝိညဉ်၊ ကျမရဲ့ နှလုံးသားထဲက စီးမျောလာတဲ့ စုတ်ချက်လေးတွေကို ယှက်နွယ် တည်ဆောက်ရအုံးမယ်။

ပင့်ကူလေးရဲ့ခန္ဓာကိုယ်အတွင်းကနေ ထွက်ကျလာတဲ့ နူးညံ့သောအမျှင်လေးတွေကို လှပသပ်ရပ်စွာ တည်ဆောက်နေရင်း အခြားသော ကွန်ရက်လေးတွေရဲ့ သက်ဝင်မှုတွေ ဖန်တီးမျှဝေပေးနေတာကို အလေးထားနေမိတယ်။

ကွန်ရက်တခုဖြစ်တဲ့ ပင့်ကူအိမ်လေးကို အလှဆုံးခြယ်သချင်တဲ့ ပင့်ကူအိမ်လေးရဲ့အလယ်က ပင့်ကူလေးရဲ့ စိတ်ကူးကို တန်ဖိုးရှိ ပုံရိပ်စစ်တခုအဖြစ်။။။


"ဘလောဂ့်ဂါဆိုတာဘာလဲ'' ဆိုတဲ့ ခေါင်းစည်းလေးကို ဘလောဂ့်ဂါ နတ်ဆိုးလေး၊ မင်းဧရာ၊ မောင်(စွယ်စုံကျမ်း)၊ ပဥာက်၊ မဒမ်ကိုး၊ jasmine တို့က ရေးပေးဖို့ ပြောတဲ့အတွက် ကျမခံစားရသမျှလေးကို ရေးမိခြင်းပါ။

Wednesday, August 31, 2011

blog day အမှတ်တရ

ဘလော့ဂ်ဒေး ဖြစ်ပေါ်လာခြင်းက တခြားသောတိုင်းပြည်တွေနဲ့ စိတ်ဝင်စားစရာဒေသတွေက ဘလော့ဂါတွေရဲ့ယုံကြည်မှုနဲ့ ဖေါ်ကျူးထားတဲ့ အသိအမှတ်ပြုတဲ့နေ့လေးတခု ဖြစ်တယ်လို့ ဘလော့ဒေးရဲ့ ဝက်ဆိုဒ်မှာ ပြောပြထားပါတယ်။ အဲဒီနေ့မှာပဲ ဘလော့ဂါတွေက သူတို့ဆီအလည်လာကြတဲ့  တခြားဘလော့ဂါတွေနဲ့ မိတ်ဆက်ပေးပြီး ဘလော့အသစ် ၅ခုနဲ့လည်း မိတ်ဆက်ပေးရမယ်။ ဒီလိုနဲ့ ဘလော့ကိုလာဖတ်တဲ့သူတွေက ယခင်မသိခဲ့တဲ့ ဘလော့တွေ၊ ဘလော့အသစ်တွေကို ရင်းနှီးကျွမ်းဝင်သိရှိပြီး ဖတ်လို့ရတာပေါ့။

တကမ္ဘာလုံးမှာရှိတဲ့ ဘလော့ဂါတွေဟာ သူတို့ရဲ့မတူတဲ့ ယဉ်ကျေးမှု၊ မတူတဲ့ ရပ်တည်မှု၊ မတူတဲ့ရှုထောင့်ရှိတဲ့ ဘလော့အသစ်၅ခုနဲ့ မိတ်ဆက်ပေးရမယ်။ ဘလော့ဂါအသစ်အသစ်တွေကို ဘလော့ဂါအဟောင်း အဟောင်းတွေက လက်ဆင့်ကမ်း ကြိုဆိုရင်း၊ တဦးကိုတဦး ရင်းနှီးစွာပြောဆိုရင်း၊ ဘလော့လောကလေးထဲက ဘလော့ရေးသူ အချင်းချင်း နားလည်ချစ်ခင်မှုတွေနဲ့ ဘလော့လောကကြီးလည်း တိုးတက်လာမှာပါ။ ဘလော့ဒေးကို အများသိအောင်ဆိုပြီး သြဂုတ်လ ၃၁ရက်နေ့ကို သတ်မှတ်ထားခဲ့ပါတယ်။

အထိမ်းအမှတ်လေးအဖြစ် သတ်မှတ်ထားတဲ့ "blog day"မှာ အမှတ်တရရေးပေးဖို့ လေးစားရတဲ့အကို ကိုအောင်(ပျူနိုင်ငံ) က တဂ်ထားပါတယ်။

မြစ်ဖျားခံရာ...
ကျမ.. ၂၀၀၇ နိုဝင်ဘာလလောက်မှာမှ ဘလော့စာမျက်နှာတွေကို လိုက်လံဖတ်ရှုဖို့ အခွင့်ရခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျမရဲ့သူငယ်ချင်းတချို့က ဘလော့စာမျက်နှာတွေမှာ ဖန်တီးရေးသားနေခဲ့ပြီ။ အဲဒီထဲကတချို့လည်း အကြောင်းအမျိုးမျိုးကြောင့် ဘလော့မရေးဖြစ်တော့ပါဘူး။ ဖတ်ဖြစ်တဲ့ဘလော့တွေက ဗဟုသုတရစရာ. ဒေသဆိုင်ရာ စိတ်ဝင်စားဖွယ်ပုံဖေါ်မှုလေးတွေ၊ စိတ်ခွန်အားရစရာ ဘာသာပြန်ပိုစ့်လေးတွေ၊ ငယ်ဘဝလေးမှာ မတည့်ကြတဲ့ ကလေးတွေရဲ့ အပြုအမူလေးတွေ၊ နူးနူးညံ့ညံ့ ညင်ညင်သာသာလေးတွေ ခံစားရေးသားထားတာတွေ၊ ပျော်စရာလေးတွေအဖြစ် ဖန်တီးရေးသားထားတာတွေ၊ ကျမအတွက် ငယ်ဘဝလေးတွေကို တဖန်ပြန်လည် လွမ်းဆွတ်စေခဲ့ပြီး ခံစားချက်လေးတွေကို ပေးစွမ်းစေခဲ့ပါတယ်။ ခံစားချက်ကဗျာလေးတွေ၊ ဘဝကဗျာလေးတွေကို အလေးပေးရေးသားတတ်တဲ့ ကဗျာလေးတွေက ကျမအတွက် ကဗျာလေးတွေဖတ်ရင်း တူညီတဲ့ခံစားချက်လေးတွေ ခံစားခဲ့ရပါတယ်။ သာသနာ့တာဝန် ထမ်းဆောင်ရင်း ဘာသာရေးဆိုင်ရာ အကျိုးပြုနေတာတွေ၊ ဗဟုသုတရစရာ အကြောင်းလေးတွေ၊ စားသောက်စရာလေးတွေကို ခုံမင်စဖွယ် ရေးသားထားတာလေးတွေ၊ နည်းပညာဆိုင်ရာ ဗဟုသုတအဖြစ် ရေးသားတင်ပြထားတာလေးတွေ၊ ရှားပါးစာအုပ်ကြီးတွေကို အချိန်ပေးပြီး ရိုက်နှိပ်တင်ပြထားတာလေးတွေ၊ အချစ်ကဗျာလေးတွေနဲ့၊ လွမ်းစရာဘဝလေးတွေ၊ ဘဝအတွေ့အကြုံလေးတွေ၊ လုပ်ငန်းအတွေ့အကြုံလေးတွေ၊ ဓါတ်ပုံအမျိုးမျိုး မျှဝေထားတာတွေ၊ နေထိုင်ရာ နေရာဒေသလေးတွေရဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာလေးတွေ၊ ကဗျာလေးတွေ၊ တက္ကသိုလ်ဘဝလေးတွေကို ရေးသားထားတဲ့ စာပေမျိုးစုံကို ဖတ်ခဲ့ရပါတယ်။ တခါတရံ ဘလော့လေးကိုဖတ်နေရင်း ဘလော့လေးထဲက တက္ကသိုလ်နဲ့ဆိုင်တဲ့ သီချင်းလေးကို ဖွင့်ပြီး နားထောင်ဖြစ်ခဲ့တယ်။ ကျမအတွက် လွမ်းမောဖွယ်ရာ တက္ကသိုလ်ဘဝလေးကို ခံစားခဲ့ရတယ်။ ခေတ်အခြေအနေရဲ့ တစိတ်တဒေသကို ဖေါ်ကျူးသီကုံး ထားတာလေးတွေ ကလည်း ရင်နဲ့အမျှ ထပ်တူကျခဲ့တယ်၊ ကျမအတွက် ရသမျိုးစုံ ပေးစွမ်းခဲ့တဲ့ ဘလော့လောကကြီးတခုပါ။ ဘလော့ပေါ်မှာ စာမရေးပေမယ့် ဘလော့ဂါတွေရေးတဲ့ ဘလော့တွေအများကြီးမှာ နေ့တဓူဝ စာတွေဖတ်ဖြစ်ခဲ့တယ်။ ဖတ်ရင်းဖတ်ရင်းနဲ့လည်း ဘလော့လေးမှာ စာရေးချင်တဲ့စိတ်လေးက လွှမ်းမိုးလာခဲ့ပါတယ်။ ဒါပေမယ့် အချိန်နဲ့ နည်းပညာဆိုင်ရာ ချို့တဲ့သူတယောက်ဖြစ်လေတော့ တော်တော်နဲ့ မလုပ်ဖြစ်ခဲ့ပါဘူး။ ဘလော့လောကကြီးထဲမှာ ပုံသဏ္ဍာန်မတူညီစွာ အကျိုးပြုနေကြတဲ့ ဘလော့ဂါအားလုံးကို ဘလော့ဂါအဖြစ် မခံယူဝံ့တဲ့ ကျမသဒ္ဓါလှိုင်းက ကျေးဇူးတင် လေးစားဦးညွှတ်နေမှာပါ။

ဘလော့တခုအစပြုခဲ့..
အကိုရင်းတယောက်လို ချစ်ခင်ရတဲ့ အကိုဘလော့ဂါတယောက်ကို အပူကပ်ပါတော့တယ်။ ဘလော့တခု အမြန်ဆုံးလုပ်ပေးဖို့ပါ။ သူကလည်း အလုပ်မအားတဲ့သူဆိုတော့ တော်တော်နဲ့မလုပ်ပေးဖြစ်ပါဘူး။ ကျမကလည်း မလုပ်ပေးမချင်း နားပူနားဆာလုပ်ပါတယ်။ ၂၀၀၈ခုနှစ် နိုဝင်ဘာလမှာတော့ ကျမကို ဘလော့လေး စလုပ်ပေးခဲ့ပါတယ်။ ဦးဆုံး ဘလော့ရဲ့ ခေါင်းစည်းလေးကို ကျမအကြိုက် ပုံလေးရှာစေပြီးမှ နာမည်လေးထည့်ပြီး လှပအောင် ပြင်ဆင်ပေးပါတယ်။ တနေ့လုံးလုပ်ပေးပြီး စိတ်ကြိုက်ဖြစ်ပြီဆိုမှ ပိုစ့်တင်ဖို့တွေ၊ ဓါတ်ပုံတင်ဖို့တွေ ဘယ်လိုတင်ရတယ် ဆိုတာကိုပြပေးခဲ့တယ်။ ကျန်တာတွေလည်း လုပ်ရင်းနဲ့ တတ်သွားလိမ့်မယ်တဲ့။ မနက်ဖန်မှာ ဆက်ပြီးပြပေးအုံးမယ်လို့ ပြောပါတယ်။ ကျမလည်း ဘလော့လေးအတွက် အတွေးနယ်ချဲ့ရင်း မနက်ဖန်မှာ ထပ်လုပ်မယ့် အရာလေးတွေအတွက် ကြိုတင်ဝမ်းသာနေခဲ့တယ်။ အဲဒီညမှာပဲ (ကျမရဲ့ နှလုံးသားထဲက စီးမျောလာမယ့် အရာလေးတွေကို သိမ်းဆည်းထားပြီး မျှဝေပေးမယ့်) ဘလော့လေးကို လုပ်ပေးတဲ့ ကျမရဲ့အကိုဘလော့ဂါတယောက် ဦးနှောက်သွေးကြောပြတ်ပြီး ရုတ်တရက် ဆုံးပါးသွားခဲ့ပါတယ်။ အကိုဘလော့ဂါ ဖန်တီးပေးခဲ့တဲ့ ကျမဘလော့လေးထဲမှာ စာတပုဒ်မှ မတင်ရသေးပါဘူး၊ ကျမရဲ့ဘလော့လေးကိုကြည့်ပြီး စိတ်မကောင်းခြင်းများစွာနဲ့ ဘာမှဆက်မလုပ်နိုင်ခဲ့ပါဘူး။ ဘလော့လေး ဖွင့်လိုက်တိုင်း အကိုဘလော့ဂါကိုသာ သတိရလာတာမို့ ပြန်ပြန်ပိတ်ပစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ ကျမဘလော့လေးကို လုံးဝမကြည့်တော့ပဲ ပစ်ထားခဲ့တာ တနှစ်နီးပါးကြာပြီး ပျက်သွားခဲ့ပါတော့တယ်။ ကျမဘလော့လေးမှာ စာမရေးဖြစ်ပေမယ့် ဘလော့ဂါတွေရေးတဲ့ စာတွေကိုတော့ အမြဲဖတ်ဖြစ်နေခဲ့ပါတယ်။ တနှစ်အကြာ ၂၀၀၉ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့မှာ ကျမဘလော့လေးကို ကြိုးစားပြီး ပြန်လည် အကောင်အထည်ဖေါ်ခဲ့ပါတယ်။ (အကိုဘလော့ဂါတွေ့ရင် ဝမ်းသာနေမယ်လို့ ယုံကြည်ပါတယ်။) တတ်သလောက်သာ လုပ်ထားခဲ့တာမို့ ကျမကိုယ်တိုင် စိတ်တိုင်းကျမှုမရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း စာရေးချင်တဲ့ စိတ်ကသာ လွှမ်းမိုးနေလေတော့ ဆက်ပြီး ရေးနေခဲ့ပါတယ်။

စာလေးတပုဒ်ရေးပြီးတိုင်း အလေးထား လာဖတ်ကြပြီး ရင်တွင်းစကားလေးတွေ ပြောသွားတဲ့၊ ဘလော့ဂါမောင်နှမများအားလုံး၊ ဖတ်သော်လည်း မပြောဖြစ်ခဲ့တဲ့၊ ပြောလို့မရခဲ့တဲ့ စာဖတ်သူမိတ်ဆွေများ အားလုံးကလည်း ကျမရဲ့ နှလုံးသားထဲမှာ ထင်ကျန်ရစ်နေမယ့် မှတ်ကျောက်လေးတွေပါ။ ဘလော့မှာ စာရေးနေရင်း ညီအမသဖွယ်၊ မောင်နှမသဖွယ် ချစ်ခင်ရတဲ့ ဘလော့ဂါမောင်နှမတွေရဲ့ အားပေးစကား. ခင်မင်နှစ်လိုဖွယ် နွေးထွေးတဲ့ မေတ္တာတွေကြောင့် စိတ်ခွန်အားတွေ ပိုလို့ ရရှိလာခဲ့ပါတယ်။

ဘဝလေးတခုမှာ မှတ်မှတ်ရရအဖြစ်...
ကျမဘလော့လေး ၂၀၁၀ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့မှာ တနှစ်ပြည့်တဲ့အတွက် ခင်မင်လေးစားရတဲ့ ဘလော့ဂါမောင်နှမတွေကို အမှတ်တရရေးပေးဖို့ တောင်းခဲ့ပါတယ်။ ကျမဘလော့လေး မလှမပဖြစ်နေရှာလို့ ဘလော့တနှစ်ပြည့်လေးအမှီ လှပသွားအောင် ပြင်ဆင်ပေးခဲ့တဲ့အတွက် ကျမတယောက် အပျော်ကြီးပျော်ခဲ့တာကို ဘယ်တော့မှ မမေ့နိုင်ပါဘူး။ ကျမကြိုက်တဲ့ အရောင်၊ အပြင်အဆင်လေးတွေနဲ့ ကျမစိတ်ကြိုက် ပုံသွင်းပေးခဲ့ပါတယ်။ ကျမဘလော့ တနှစ်ပြည့်အတွက် စိတ်ခွန်အားဖြစ်စေမယ့် စာစုလေးတွေ၊ ကဗျာလေးတွေ၊ ရှေ့ခရီးဆက်ဖို့ အားပေးစကားလေးတွေ၊ တွေးခေါ်ထင်မြင်မှုလေးတွေ၊ သရုပ်ဖေါ်မှုလေးတွေ၊ ပုံဖေါ်ပေးမှုလေးတွေနဲ့ ဘလော့တနှစ်ပြည့်အမှတ်တရ အဖြစ် ရေးသားသီကုံးပေးခဲ့တဲ့ ချစ်ခင်ရတဲ့ ဘလော့ဂါ ညလင်းအိမ်မာန်လှိုင်းငယ်မကေအမချစ်ဏီလင်းညိုအဖြူရောင်နတ်သမီးကိုဇော် သော်ဇင် နေဝသန်မချော(အစိမ်းရောင်လွင်ပြင်)လင်းခေတ်ဒီနို(ဗညား) နှင်းနဲ့မာယာအင်ကြင်းသန့်မမမြသွေး မြစ်ကျိုးအင်းကိုရင်နော်ခင်လေးငယ်အမမေငြိမ်းအကိုအောင်သာငယ်၊ ကမာပုလဲ၊ နွေဆူးလကာင်္ တို့ရဲ့ အမှတ်တရစာစုလေးတွေ၊ အမှတ်တရကဗျာလေးတွေက စာမျက်နှာပေါ်တင်မက ကျမရဲ့ရင်ထဲအထိမှာပါ ထာဝစဉ်ကိန်းအောင်းနေမှာပါ။ အဲဒီအချိန်မှာ အကိုကြီးကိုကြီးကျောက်ကတော့ ဆေးတွေစားရင်း ရောဂါရဲ့ဒဏ်ကို အံတုနေရလို့ ကျမအတွက် ဘလော့အမှတ်တရလေး မရေးပေးနိုင်ခဲ့တာကို တောင်းပန်စကားပြောခဲ့ပါတယ်။

၂၀၁၁ ခုနှစ်အတွင်းမှာ နောက်ထပ် ဘလော့ဂါမောင်နှမအသစ်တွေနဲ့ ထပ်ပြီးခင်မင်ခွင့် ရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။

ဘလော့ဒေးအတွက် မိတ်ဆက်ပေးချင်တဲ့ ဘလော့တွေက...
အတွေးလေးတွေကို ငြိမ်းချမ်းစွာရေးတတ်၊ စစ်ကိုမကြိုက်တဲ့ ငြိမ်းချမ်းမှုတွေစိုးမိုးပြီး အနာဂတ်လူငယ်များကို ပညာနဲ့ဦးဆောင်စေချင်တဲ့ ပညာအလင်းရောင်ဆောင်ပေးသော ဆရာငြိမ်းစိုးဦးဘလော့လေးပါ။
http://nyeinsoeoo.multiply.com/

လူငယ်တယောက်ဖြစ်ပေမယ့် တရားဒေသနာ၊ ဆရာတော်တွေရဲ့ အဆုံးအမလေးတွေကို တန်ဖိုးရှိစွာ ဝေမျှပေးနေတဲ့ ဘလော့လေးပါ။
http://htikeoo.blogspot.com

တမူထူးခြားတဲ့ရေးဟန်လေးတွေနဲ့ ကဗျာ၊ ဝတ္ထုတိုလေးတွေကို သဘာဝကျကျ ရေးထားတဲ့ ဘလော့လေးပါ။
https://lunnsetnoemyat.wordpress.com/

ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါးလေးတွေအပြင် ကွန်ပျူတာဆိုင်ရာ နည်းပညာလေးတွေ အသုံးပြုပုံလေးတွေ ကိုပါ လမ်းညွှန်ပေးထားတဲ့ ဘလော့လေးပါ။
http://nyimoe.blogspot.com

ညက်ညက်ညောညော အတွေးကောင်းလေးတွေနဲ့ ပညာအသိလေးတွေ ပေးထားတဲ့ဘလော့လေးပါ။
http://www.uphonedhartu.com/


ဘလော့ဒေးအမှတ်တရနေ့လေးမှာ..
ဘလော့လောကလေးထဲမှာ ဘလော့ဂါတယောက်အဖြစ် ရဲရဲရင့်ရင့် တာဝန်ကျေစွာ ဖြတ်သန်းခဲ့တဲ့ ဘလော့ဂါနေဘုန်းလတ်ကို ဘလော့စာမျက်နှာလေးမှာ ဝါသနာပါရာ အနုပညာနဲ့လွတ်လပ်စွာ ရှင်သန်ခွင့်ရစေချင်ပါတယ်။
ဘလော့ဂါအားလုံး လွတ်လပ်ပျော်ရွှင်စွာနဲ့ သုတရသ စာပေတွေကို ဝေမျှပေးနိုင်ကြပါစေလို့ ဆန္ဒပြုဆုမွန်တောင်းပါတယ်။
သတိရစွာ ရေးပေးဖို့ပြောတဲ့ ကိုအောင်(ပျူနိုင်ငံ)၊ အဖြူရောင်နတ်သမီးတို့ကိုလည်း အမှတ်တရ ကျေးဇူးတင်ပါတယ်။

ဘလော့ဒေးအမှတ်တရလေးအတွက် ရေးပေးဖို့ သော်ဇင် ကိုတဂ်ပါတယ်။

(ခင်မင်ရတဲ့ မိတ်ဆွေဘလော့ဂါတွေ များနေတာကြောင့် တယောက်ချင်းစီရဲ့ နာမည်လေးတွေ မရေးပေးနိုင်ခဲ့တာကို ခွင့်လွှတ်နားလည်ပေးပါလို့ တောင်းပန်ပါရစေ။)

Monday, March 22, 2010

`အသိတရား´ ဆိုတာ

`အသိတရား´ ဆိုတာ ဘာလဲလို့ မေးခွန်း ထုတ်ကြည့်လိုက်တော့..

`အသိတရား´ ရှိပါတယ်……… `အသိတရား´ မရှိပါဘူး ဆိုတာတွေ တွေ့လာရတော့…….

`အသိတရား´ ရှိချင်ယောင်ဆောင် နေတဲ့ သူတွေ…. `အသိတရား´ နဲ့ လက်တွေ့ လုပ်ဆောင်ချက်တွေ ကို လုပ်နေတဲ့ သူတွေ……

`အသိတရား´ ဆိုတာကို နားမလည်ကြတဲ့ သူတွေ………… `အသိတရား´ ရှိတဲ့ သူတွေကို အားကျ အတုယူပြီး `အသိတရား´ ရှိလာကြသူတွေ…

`အသိတရား´ ရဲ့ အရေးပါမှု ကို သဘောပေါက်ပြီး `အသိတရား´ ကို လက်ခံလာ ကြသူတွေ……

`အသိတရား´ ဆိုတာကို သိပေမဲ့ မျက်စိမှိတ်ပြီး ဇွတ်တရွတ် လုပ်နေသူတွေ……

`အသိတရား´ ကို အခြေပြုလို့ ဖြစ်လာသမျှ တွေကို ဝေဖန် ပိုင်းခြားပြီး မှန်မှန်ကန်ကန် သတ္တိရှိရှိ လုပ်ဆောင်နေသူတွေ…..

`အသိတရား´ ရှိတယ်.. မရှိဘူး ဆိုတာ အသက်အရွယ်၊ မွေးရာပါ ဗီဇ၊ ပတ်ဝန်းကျင် အခြေအနေ၊ တပါးသူရဲ့ အနေအထား တွေကြောင့် ဖြစ်ပေါ်ကြတာလား…။

လူတချို့ကို အခြေပြုလို့ `အသိတရား´ ဆိုတာ ဖြစ်ပေါ်ကြတာလား..။

အဲလို `လား………….´ ပေါင်းများစွာ ထဲမှာ `အသိတရား´ ဆိုတာ လည်း ပေါက်ဖွား သွားကြတာလား..။

လူ့အဖွဲ့ကြီးထဲမှာ ပြောလေ့ ရှိကြတာက ဒီလူက တော်တော် အသိတရား ရှိတာပဲ။ ဒီလူကတော့ တော်တော် အသိတရား မဲ့တာပဲတဲ့..။

ဘာကို ကြည့်ပြီး ကောက်ချက်ချ ကြတာလဲလို့ ဆိုတော့ အဲဒီလူရဲ့ အပြောအဆို၊ အပြုအမူ၊ အနေအထိုင်၊ လူမှု ဆက်ဆံရေး၊ ကိုယ်ကျင့်တရား၊ အလုပ်အကိုင်၊ တာဝန် သိမှု တွေနဲ့ ယူဆလို့ ရပါတယ်။ ဘာကြောင့်ပဲ ဖြစ်ဖြစ် လူဆိုတာ အသိပညာ ဥာဏ်ရှိကြတဲ့ သူတွေ ဖြစ်လေတော့ စိတ်ရဲ့ အခြေခံ ကိုက `အသိတရား ဆိုတာ´ ရှိသင့်တဲ့ အရာတခုပါ…။ သင်ယူလို့ ရတဲ့ ပညာတခုတော့ မဟုတ်ပါဘူးလေ.။

တချို့လူတွေ ကျတော့လည်း လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ၊ ကောက်ကျစ် လိမ်လည်မှု တွေကြောင့် `အသိတရား´ တွေ ယိမ်းယိုင် သွားကြပြန်တယ်။ မိမိရဲ့ ရလိုမှု တခုတည်း အတွက် လည်း `အသိတရား´ မဲ့သွား တတ်ကြတယ်။

ကိုယ့်ရဲ့ `အသိတရား´ မဲ့မှုကြောင့် သူတပါး အကျိုးစီးပွား ပျက်စီးမှု၊ စိတ်ထိခိုက် ဖြစ်စေမှု၊ ဆုံးရှုံးမှု၊ တွေ မဖြစ်အောင် အမြဲ သတိထားဖို့ လိုတာပေါ့.။ကိုယ့်ရဲ့ `အသိတရား´ တခုဟာ သူတပါး အတွက် အကျိုးရှိမဲ့..၊ စိတ်ဓါတ် ခွန်အား ပြည့်ဝမဲ့...၊ အောင်မြင်မှုတွေနဲ့ ကြုံတွေ့ရမဲ့...၊ ထူးခြားလှတဲ့ အသိတရား တခု ပေးစွမ်းနိုင်မဲ့...၊ `အသိတရား´ ဖြစ်ဖို့သာ အဓိကပါ.။

`အသိတရား´ ရှိခြင်းဟာ လူတယောက်ရဲ့ တန်ခိုး ပါလို့ ပြောရင် `အသိတရား´ မရှိခြင်းဟာ တန်ခိုး မရှိခြင်းပဲပေါ့။ `အသိတရား´ မရှိတဲ့ အတွက် မလုပ်သင့်တာကို လုပ်မိကြ၊ မပြောသင့်တာကို ပြောမိကြ၊ မလိုချင်သင့်တာကို လိုချင်မိကြ၊ မပြုလုပ်သင့်တာကို ပြုလုပ်မိကြ၊ မဖြစ်ချင်သင့်တာကို ဖြစ်ချင်ကြ နဲ့ အမှောင်ထဲမှာပဲ လျှောက်နေမိကြတယ်။

`အသိတရား´ ဆိုတာကို မသိယောင်ဆောင်ပြီး လောဘကို ရှေ့တန်းတင်လို့ မဖြစ်သင့်တာ ဖြစ်ကြရတယ်။ အဲလို လူမျိုးကလည်း အကျင့်ပျက်တဲ့ လူမျိုးပဲ…။ မိမိရဲ့ လောဘဇောကြောင့်၊ ဒေါသကြောင့် အမှား အမှန် ခွဲခြား မသိနိုင်တော့ပဲ လုပ်ချင်ရာ လုပ်နေကြတဲ့ `အသိတရား´ မဲ့နေတဲ့ ကိုယ်ချင်းစာ တရား ခေါင်းပါးပြီး အကျင့်ပျက် သူတွေပေါ့။ ဒီလို `အသိတရား´ မဲ့နေတဲ့ လူမျိုးကို ကြည့်လိုက်တော့လည်း အသက်အရွယ်က ငယ်ရွယ်တဲ့ သူမျိုးလည်း မဟုတ်ပေဘူး..။ ဒါကြောင့် ငယ်ရွယ်သူ ဖြစ်ပေမဲ့လည်း `အသိတရား´ နဲ့ ပြည့်စုံတဲ့ စိတ်ဓါတ် ပြည့်ဝတဲ့ သူမျိုးတွေ အများကြီး ရှိပါတယ်။

ဒါကြောင့် `အသိတရား´ နဲ့ ပြည့်စုံတဲ့ တန်ခိုးရှိတဲ့ သူသာ ဖြစ်ဖို့ တောင့်တမိပါရဲ့…။

`အသိတရား´ ဆိုတာ ကို မျှဝေဖို့ စာရေးဖေါ် ရင်ဘတ်ချင်းတူသူ <"href="http://ingjinthant.blogspot.com/">အင်ကြင်း က သတိတရနဲ့ ရေးဖို့ ပြောလို့ တတ်သလောက်လေး ရေးလိုက်ပါတယ်။ မှတ်မှတ်ရရ ရေးဖို့ပြောတဲ့အတွက် ကျေးဇူး.....!!!!!

Wednesday, March 17, 2010

ရင်ထဲက အတွေးစများ…

`ရင်ထဲက အတွေးစများ´ ဆိုပြီး ခင်မင်ရတဲ့ စာရေးဖေါ် href="http://missgreenlady.mylovecafe.net မချော(အစိမ်းရောင်လွင်ပြင်)ကရေးပေးဖို့ ပြောလာပါတယ်။ သတိတရနဲ့ အမှတ်တရ ရေးဖို့ ပြောတဲ့ မချောကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။

လူတိုင်း လူတိုင်းမှာ အတွေးတွေ ကိုယ်စီ ကိုယ်စီနဲ့ ရှင်သန်နေကြတာမလား…။

ကျမရဲ့ ရင်ထဲမှာ အတွေးတွေကလည်း ဟိုတစ…ဒီတစ နဲ့ အများသား….။

ဟိုး ခပ်ငယ်ငယ်ထဲက အတွေးလေးတွေ ရှိခဲ့တာပေါ့။ ဘာလေး လုပ်ချင်တယ်…၊ ဘယ်စာအုပ် ဖတ်ကြည့်ချင်တယ်…၊ ဘယ်ကိုတော့ သွားလိုက်ချင်တယ်…၊ ဘာလေး စားချင်တယ်...၊ စာမေးပွဲကြီးမှာ အဆင့်ကောင်းကောင်းနဲ့ အောင်မြင်ချင်တယ်… နဲ့လေ..။ အတွေး ဆိုတာကလည်း အတိုင်းအတာ မရှိ တွေးလို့ရလေတော့ ကိုယ့်ရဲ့ ဆန္ဒလေးတွေ.. ကိုယ်ဖြစ်ချင်တာတွေက အတွေးထဲမှာ မျောလွင့်ပေါ့.။

တခါတရံတော့လည်း အတွေးလေးတွေ ကိုစုစီးလို့ ၊ ထုပ်ပိုးလို့..၊ အားအင် အပြည့်နဲ့ ချီတက်လို့..

တခါတရံ သပ်ရပ် သေချာစွာ စုစီး ထုပ်ပိုးထားတဲ့ အတွေးတွေက ဟိုတစု ဒီတစု ပြန့်ကျဲလို့…..

ပြီးတော့ အသက်အရွယ်၊ နေရာဒေသ၊ အခြေအနေ၊ ဘ၀ အတွေ့အကြုံ ကိုလိုက်ပြီး အတွေးတွေလည်း ပြောင်းလဲ သွားတတ်ပြန်တယ်။

အသက် ကြီးလာတော့လည်း အတွေးတွေက ပြောင်းသွားပြန်ရော…၊ ဘယ်လောက်တောင် အဆုံးမရှိ ကျယ်ပြောလှတဲ့ အတွေးတွေလည်းလို့…၊

တခါတလေ ငယ်ငယ်တုန်းက အတွေးလေးတွေ ပြန်ပေါ်လာတယ်.။

ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေကို ပြန်လို့ တွေးတောမိတယ်......။

ကိုယ်ဖတ်ခဲ့ဖူးခဲ့တဲ့ စာအုပ် တွေထဲက အကြောင်းအရာတွေ၊ ဇာတ်ကောင်တွေ၊ လူနေမှု စရိုက်တွေ၊ ဘ၀ သရုပ်ဖေါ်တွေ…၊ တဦးနဲ့ တဦး သံယောဇဉ် နှောင်ကြိုးတွေ၊ တဦးအပေါ် တဦး ကိုယ်ချင်းစာ တရားတွေ၊ တဦးနဲ့ တဦး အမုန်းတရားတွေ၊ တဦးနဲ့ တဦး သစ္စာ မေတ္တာရှိပုံတွေ ပေါ့…။

(ဂျာနယ်ကျော်မမလေး) ရေးတဲ့ `သူလိုလူ´၊ `ရင်နင့်အောင်မွှေး´၊ `မုန်း၍မဟူ´၊ .........( ကျမ အရမ်းကြိုက် နှစ်သက်တဲ့ စာအုပ်တွေထဲက တချို့ပေါ့)….. ကျမအတွေးထဲမှာ ခုချိန်ထိ စိုးမိုးနေတဲ့ စာအုပ်တွေ… ခုချိန်ထိလည်း ပြန်ဖတ်ပြီး ဘယ်တော့မှ ဖတ်လို့ မရိုးနိုင်တဲ့ စာအုပ်တွေပေါ့။ ဒီစာအုပ်တွေ ထဲကနေ ကျမကို ကောင်းသော လမ်းညွှန်ခြင်းတွေ၊ ကောင်းသော စိတ်တွေ၊ ကောင်းသော အတွေးတွေကို တွေးနိုင်အောင်၊ မွေးမြူနိုင်အောင် မွေးဖွား ပေးခဲ့တဲ့ စာအုပ်တွေထဲက အတွေးတွေပဲပေါ့….။

ဒါကြောင့် ကျမ ကြိုက်နှစ်သက်မိတဲ့၊ ကျမ တန်ဖိုးထားတဲ့ စာအုပ်တွေ ကလည်း ကျမ အတွေးထဲမှာ နေရာ တနေရာ ၀င်ယူထားတဲ့ အရာတခုပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် အတွေးဆိုတာက အကန့်အသတ် မရှိ တွေးချင် တာတွေကို တွေးလို့ ရလေတော့ တခါတခါ ကိုယ်တွေးတဲ့ အရာတခုဟာ ကောင်းတဲ့ အတွေး ဖြစ်ချင်မှ ဖြစ်ကြမှာပါ။ တခါတခါ လောဘကြီးတဲ့ အတွေးမျိုးတွေ…၊ ဖြစ်ချင်တဲ့ကိစ္စတခု ဖြစ်ကိုဖြစ်ရမယ် ဆိုတဲ့ အတွေးမျိုးတွေ…၊ ဒေါသဖြစ်သွားစေမဲ့ အတွေးမျိုးတွေ…၊ သူတပါးကို အနိုင်ယူ လိုတဲ့ အတွေးမျိုးတွေ…၊ သူတပါးကို စိတ် အနှောက် အယှက် ဖြစ်စေမဲ့ အတွေးမျိုးတွေ…၊ ကိုယ့်ရဲ့ အတ္တကိုပဲ ရှေ့တန်းတင်မဲ့ အတွေးမျိုးတွေ… အဲလိုမျိုး ………..အတွေး၊ ………… အတွေး၊ တွေကို မတွေးမိဖို့ အရေးကြီးတယ်လို့ သုံးသပ်မိတယ်။

ဒါကြောင့် သူတပါး အပေါ် အမြင်ရှင်းရှင်းနဲ့ ကြည့်ပြီး ကောင်းတဲ့ စိတ်ထားလေးနဲ့ တွေးတတ်အောင် ကြိုးစားနေတယ်။

တခါတလေ ကျမ အတွက်တော့ သီချင်းလေးတွေ ထဲကလည်း အတွေးကောင်းတွေ ပေါ်လာတတ်တယ်။

ပြီးတော့ လက်တွေ့ ကျတဲ့ အတွေးလေးတွေ တွေးဖို့လည်း လိုတယ်။ မဖြစ်နိုင်မဲ့…၊ အကျိုးမရှိမဲ့ အတွေးမျိုးတွေ တွေးမိလာရင်လည်း ပြန်ပြီး ပြောင်းလဲတွေးတော ရအောင် လုပ်ရမယ်။ ဒီလိုမှ မဟုတ်ရင်လည်း အချိန်ကုန်ပြီး အရာမရောက် ဖြစ်မှာပေါ့။

ကိုယ်လုပ်နေရတဲ့ လုပ်ငန်းတခု၊ ကိုယ်တာဝန်ယူ ထားရတဲ့ အလုပ်တခု ကိုလည်း ပိုလို့ တိုးတက်အောင်၊ အောင်မြင်မှု တွေရအောင်၊ အကျိုးရှိအောင်၊ ဆိုတဲ့ အတွေးလေးကလည်း ကျမရဲ့ အတွေးထဲမှာ နေရာ ၀င်ယူထားတဲ့ အရာ တခု ဖြစ်နေပါတယ်။

ပြီးတော့ ကိုယ်ချစ်ခင်ရတဲ့ သူတွေ၊ ကိုယ်ခင်တွယ်ရတဲ့ နေရာလေး တခု နဲ့ အမြန်ဆုံး ပြန်ဆုံတွေ့ကြဖို့ ကလည်း ကျမရဲ့ အတွေးထဲမှာ တည်တံ့ ခိုမြဲစွာ ၀င်ရောက် နေရာယူထားတဲ့ အတွေး အစိုင်အခဲ တခုပါပဲ။

အခု လောလောဆယ်ကိုပဲ ဟိုး အနာဂတ် လမ်းဆီကို အတွေး ရောက်လို့……. အတွေးထဲမှာ အေးချမ်းတဲ့ သပ်ရပ်လှတဲ့ ခြံဝင်းလေးနဲ့ အိမ်လေး တခုထဲမှာ ကိုယ့်နဲ့အတူ ကိုယ်ပိုင်ဆိုင်ချင်တဲ့ အရာလေးတွေနဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ စာအုပ်တွေနဲ့ ကိုယ်နဲ့ အတူတူ အရာရာကို နားလည်မှု တွေနဲ့ မျှဝေခံစားနိုင်မဲ့ `........´ နဲ့ အေးမြတဲ့ မေတ္တာတွေ ထုံမွမ်းထားတဲ့ အရိပ်လေးထဲမှာ ပျော်မြူးလို့ပေါ့………….!

အရာအားလုံး ကလည်း တရားမျှတမှု တွေနဲ့ ကိုယ်ချင်းစာ တရား တွေနဲ့ လှပတဲ့ လူ့ဘောင် အဖွဲ့ အစည်းကြီးတခု က၀န်းရံလို့...........။

မချောရေ… သဒ္ဓါ့ရဲ့ အတွေးတွေ တော့ရေးလိုက်ပါပြီ။ ဖတ်လို့ မကောင်းခဲ့ရင် သဒ္ဓါရဲ့ စာပေအရေးအသား ညံ့တဲ့အတွက် သည်းခံပြီး ဖတ်ပေးဖို့ ပြောပါရစေ။