သာယာဝပြောပြီး အေးချမ်းမှု ရှိသည့် ပတ်ဝန်းကျင်တစ်ခုက ကျွန်မကို ဆီးကြိုထွေးပွေ့နေလေသည်။ ကျွန်မဘေးနားကို ငဲ့ကြည့်လိုက်သည့်အချိန်တွင် ချစ်ခင်သော မိသားစုများက နွေးထွေးသော အပြုံးများနှင့် ဝန်းရံလျက် ရှိသည်ကို တွေ့လိုက်ရလေသည်။ သူတို့အကြည့်မှ ရုန်းထွက်လိုက်ပြီး ဝန်းကျင် အနှံ့ တစ်စုံတစ်ခုကို လှည့်ပတ် ရှာဖွေနေမိသည်။ ကျွန်မရှာဖွေနေသော အရာကို နှစ်ပေါင်းများစွာက ကျွန်မတို့ လူ့အဖွဲ့အစည်းကြီးမှ လူအများလည်း ရှာဖွေနေခဲ့ကြလိမ့်မည်။
ကျွန်မသည် ဝန်းကျင်အတွင်းမှ မျက်နှာစိမ်းလူများ၊ မိုးထိအောင်မြင့်မားနေသော တိုက်တာအဆောက်အုံများ၊ တစ်ယောက်နှင့်တစ်ယောက် အကြင်နာ မေတ္တာတရားများ၊ ရိုးသားသော မျက်ဝန်းများ၊ စိမ်းလန်းစိုပြည်လျက်ရှိသော သဘာဝတောတောင်များ၊ ချမ်းမြေ့မှုရှိကြသော ကလေးငယ်များ၊ လွတ်လပ်သော ဟန်ပန်အမူအယာများ ကိုတွေ့ရသည့်အခိုက် ကျွန်မ၏ ဘယ်ဘက်ရင်အုံအတွင်း စူးရှနာကျင်သော ဝေဒနာ တစ်ရပ်ကို ခံစားမိလိုက်သည်။
အသက်ရှူဖို့ပင်မေ့လျော့နေခဲ့သော ကျွန်မသည် ကျွန်မဘေးနား ဝန်းကျင်မှမြင်တွေ့ခဲ့ရသော အရာ များကိုဝေဒနာများ ကြားမှမြင်တွေ့ခဲ့ရသည်။ ထို့ကြောင့်ပင် ကျွန်မချစ်သော သူများကို မေ့လျော့နေခဲ့လေသည်။ အလိုလို ကျဆင်းလာသော မျက်ရည်စ များကြောင့် ချစ်ခင်သူများ၏ အထိတ်တလန့် အမေးအောက်တွင် ကျွန်မတစ်ယောက် အသက်ရှူရန် သတိ ဝင်လာခဲ့တော့သည်။
ကျွန်မချစ်ခင် တန်ဖိုးထားသော ကျွန်မ၏ ဝန်းကျင်လေးတစ်ခုကို ယခုကဲ့သို့သော အခြေအနေတွင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရသည့်အတွက် ခံစားခဲ့ရသော နာကျင်မှု များကိုပင် မေ့ပျောက်ခဲ့ရပြီး ချစ်ခင်သော သူများကိုပင် မေ့လျော့ခဲ့ရခြင်း ဖြစ်လေသည်။ ကျွန်မ၏ အတွေးထဲတွင် ယခုလို မှန်ကန်သည့် ဝန်းကျင်တစ်ခု၏ အမိုးအောက်တွင် ရှိနေသော လူသားများသည်လည်း ဤဝန်းကျင်ကို တန်ဖိုးထားနိုင်သော၊ ဝန်းကျင်၏ အနာဂတ်ကို လှပအောင်ဆေးရောင်ခြယ်နိုင်သော ကိုယ်ပိုင် စုတ်တံလေးများ ဖြင့် ပြည့်နှက်နေပေလိမ့်မည်။
ကျွန်မသည်လည်း ကိုယ်ပိုင် စုတ်တံလေးတစ်ချောင်းနှင့် ကျွန်မ၏ ဝန်းကျင်နှင့်အတူ လောက ဝန်းကျင်လေးကိုပါ ကျွန်မချစ်သော ချစ်သူများနှင့်အတူ လှပအောင် ပန်းချီကား တစ်ချပ်ကို ဆေးချယ်ချင်ပါသည်။ ထို့အတူ ကျွန်မဘေးတွင် ရှိနေသော လူသားများကိုလည်း ကိုယ်ပိုင် စုတ်တံလေးများနှင် လှပစွာဆေးခြယ်နေကြပြီး သက်ဝင်လှပနေသော ပန်းချီကားချပ်ကြီး တစ်ခုကိုလည်း မြင်တွေ့ခွင့်ရချင်ပါသည်။
ကျွန်မ၏ မျက်ဝန်းထဲတွင် လှပခန့်ညားသော ပန်းချီကားချပ်ကြီး တစ်ခုက သက်ဝင် နေပြီး အရာအားလုံး၏ ဆေးစက်များက ထပ်၍ ထပ်၍......
ခြယ်မှုန်းထားသော ပန်းချီကားကြီးက ဝံ့ကြွား နေရာယူလျက် ရှိနေတော့သည်။
ခြယ်မှုန်းထားသော ပန်းချီကားကြီးက ဝံ့ကြွား နေရာယူလျက် ရှိနေတော့သည်။








