Showing posts with label ပေးစာ. Show all posts
Showing posts with label ပေးစာ. Show all posts

Tuesday, March 1, 2011

သူငယ်ချင်း မဲ့…

ရင်ထဲကနေ ပြင်းပြတဲ့ ဝေဒနာတွေ ခံစားရတိုင်း…..

ရင်နှင့်အမျှ ဖြစ်ပေါ်လာတဲ့ အငွေ့အသက်လေးတွေ ထိတွေ့ခံစားမိတိုင်း…..

မတူညီတဲ့ စိတ်အခြေရှိတဲ့ သူတွေကို တွေ့မြင်ရလေတိုင်း…..

ဝေခွဲရခက်တဲ့ အရာတွေနဲ့ ရင်ဆိုင်ရတိုင်း…..

တစုံတရာနာကျင်မှုတွေနဲ့ တိုးဝှေ့ရတိုင်း…..

ရင်းနှီးမှုမရှိတဲ့…. ရွေးချယ်ရမှု ဆိုတဲ့ စကားလုံးနဲ့ ရှောင်လွှဲလို့မရခဲ့တိုင်း….

မာယာစကားလုံးတွေနဲ့ ခြောက်လှန့်ခံလိုက်ရတိုင်း…..

ဘေးနားမှာ…. “နင်…..တို့” များ ရှိနေလေမလားလို့ ကြည့်လိုက်တိုင်း.. မောဟိုက်နေတဲ့ ရင်ခွင်တစုံကသာ ဆီးကြိုနေခဲ့တယ်.!

~~~~~~~~~

တခါတရံမှာတော့.. အတူတကွ ဖူးမြော်ခဲ့ကြတဲ့ ဆံတော်ရှင် ကျိုက်ထီးရိုးက အေးချမ်းလှတဲ့ ဆည်းလည်းသံတွေကို ကြားယောင်မိလေတိုင်း အိပ်မက်ရှည်ကြီးထဲက လန့်နိုးနေခဲ့ရသလိုပါပဲ.!

“ဘယ်လောက် ခက်ခဲကြမ်းတမ်းပါစေ..” အတူတူသာ ရင်ဆိုင်ရမယ်ဆို ဖြေရှင်း ခရီးဆက်ခဲ့ကြတဲ့ နေ့ရက်တွေကို ဘယ်လိုနေ့ရက်တွေနဲ့ အစားထိုး မေ့ပစ်လို့ ရနိုင်ပါ့မလဲ..!

ပူပြင်းတဲ့ နွေရာသီမှာ ခြေရာချင်း ထပ်ခဲ့ကြသလို မိုးရေစက်လေးတွေရဲ့ အောက်မှာလည်း ခြေရာ ထပ်ခဲ့ကြဖူးတယ်…. အေးချမ်းတဲ့ ဆောင်းမှာလည်း ခြေရာချင်းတွေ ထပ်ခဲ့ကြဖူးတယ်... ခြေရာချင်း ထပ်ခဲ့ကြတဲ့ နေရာလေးတွေကို တမ်းတမိလေတိုင်း အလိုလို ကျလာတတ်တဲ့ မျက်ရည်တွေ ကိုတော့ မတား..ပါ.. ရစေနဲ့..!

ဆွတ်ပျံ့လွမ်းမောဖွယ်ရာ နေရာလေးမှာ ဖြူစင်တဲ့ မေတ္တာတရားတွေနဲ့ တွယ်နှောင်ခဲ့ကြတဲ့ အချိန်လေးတခုကိုလည်း မရနိုင်တော့မှန်း သိပေမယ့် ပြန်လိုချင်နေမိတယ်..............!

“ငါ…….တို့တွေ”.. တယောက်ရဲ့ လိုအပ်ချက်လေးတွေကို တယောက်က ပွင့်လင်းရင်းနှီးစွာနဲ့ ပြောဆို အဖြေရှာခဲ့ကြပြီး ပြင်ခဲ့တာလေးတွေကို စဉ်းစားလိုက်တိုင်း ခုချိန်မှာ “ငါ့…..”ရဲ့ လိုအပ်နေတဲ့ လိုအပ်ချက်လေး တွေကို ပြင်ဆင်ပေးဖို့ အတွက် တောင့်တမိလိုက်တာ…!

“ငါ့…..ရဲ့” ပုံရိပ်တွေကို မျှဝေခံစားစေရင်း “နင်……တို့” ရဲ့ တားမြစ်သံလေးတွေ…. အားပေး စကားသံလေးတွေ…. အပြုံးလေးတွေ….. အကြံဥာဏ်လေးတွေ…… ရီမောသံလေးတွေ …… နှစ်သိမ့်မှုပေးတဲ့ ပြောဆိုသံလေးတွေ……. နဲ့ “ငါ…..” အားအင်ဖြစ်စေဖို့ စိတ်ကူး အဖြစ်နဲ့ပဲ သိုဝှက် သိမ်းဆည်းပြီး ခရီးဆက်နေတတ်ခဲ့ပါပြီ…!!!

စိတ်ကူးနဲ့ လက်တွေ့ဘဝကို ထုဆစ်ပုံဖေါ်တဲ့အခါမှာ ထပ်တူမကျတတ်တဲ့ အရာလေးတွေ ရှိတယ်ဆိုတာကိုလည်း “နင်… …တို့” နားလည် သိတတ်နေလောက်ပါပြီ…!

ဟန်ဆောင်ကမ္ဘာရဲ့ တဘက်ခြမ်းမှာ “ငါ….တို့..” အားလုံး အတူတူ တည်ငြိမ်အေးချမ်းစွာနဲ့ အဆိပ်အတောက်ကင်းကင်း ဖြတ်ကျော်ချင်တဲ့ စိတ်လေးကတော့ မပြောင်းမလဲ တည်တံ့နေမှာပါ.!

“ငါ…”လေ.... ထပ်တူမကျတဲ့ အခိုက်အတန့် လေးတွေမှာတော့ ကလောင်တံကိုကိုင်ပြီး ထိုးဆွနေတတ်ခဲ့ပြီလေ…!

ခုချိန်မှာတော့……………..
“ငါ…” က…….. သူငယ်ချင်းမဲ့နေတဲ့ လူသားတဦး…!!!!!

Tuesday, November 30, 2010

………´ အတွက်

အဝေးဆုံး ခရီးကို ကြောက်သတဲ့လား…….´

တခါတရံမှာ ဖြစ်ပေါ်လာတဲ့ အခြေအနေ အရေးကိစ္စတွေအရ အဝေးဆုံး ခရီးကိုလည်း သွားနေရအုံးမှာပဲ..။ အဓိကကတော့ ခရီးလမ်း ဝေးပေမယ့် သွားရတဲ့လမ်းကြောင်း ချောမွေ့ချင်မှ ချောမွေ့မှာ ဖြစ်ပေမယ့် အောင်မြင်ချင်တဲ့ဘ၀… ရှင်သန်လွတ်မြောက်ချင်တဲ့ သတ္တိ… တွေကို ရင်ခွင်မှာ ပိုက်ပြီး အဝေးဆုံးခရီးကို သွားနေရအုံးမှာပဲပေါ့.။

အဝေးဆုံး ခရီးကို ကြောက်ပြီး နီးနီးလေးမှာ ရှိတဲ့ ခရီးလေး တထောက်ကိုတော့ အစမ်းအနေနဲ့ပဲ ဖြစ်ဖြစ် မလျှောက်လှမ်းချင်ပါနဲ့..။

သွားနေရမယ့် ခရီးလမ်းကြီးက ဘ၀အတွက်လား……. အမှန်တရား အတွက်လား….. ယုံကြည်ချက် အတွက်လား….. အချစ်အတွက်ပေပဲလား…… ဆိုတာ သေချာသိဖို့ အတွက် စိတ်ကို တည်ငြိမ်စွာထားရင်း အမှန်တကယ် လိုအပ်ပြီး တန်ဖိုးရှိတဲ့... ဖြစ်ချင်တဲ့... ဆန္ဒတစုံကို ထွေးပွေ့ရင်း အဓိပ္ပါယ်ရှိတဲ့ လမ်းပေါ်မှာ တလှမ်းချင်း တလှမ်းချင်း ကြိုးစား လျှောက်လှမ်းရလိမ့်မယ်။

လိုအပ်သလား မလိုအပ်ဘူးလား ဆိုတဲ့ မရေရာ မသေချာတဲ့ စိတ်အငွေ့အသက်တွေနဲ့တော့ စိတ်ကို မညှိုးနွမ်းချင်ပါနဲ့။

ရည်ရွယ်ချက်မရှိပဲ ရွေ့လျား စီးမျောနေတဲ့ `တိမ်´တွေလို ဖြစ်ချင်ဖြစ်ခဲ့ကြပေမယ့် ခုချိန်မှာတော့ ရည်ရွယ်ချက်ကောင်းတွေကို ဆုပ်ကိုင် ဖန်တီးလုပ်ဆောင် နိုင်တဲ့သူ  တယောက် ဖြစ်ကိုဖြစ်ရမှာပေါ့။

ဒါပေမဲ့…..

အန္တရာယ် ရှိမှန်းသိပေမယ့် ဇွတ်တိုးပြီး လုပ်တတ်ကြတဲ့ သဘာဝတရားလေးတွေ ကိုတော့ သတိလေးနဲ့ ဆင်ခြင် ရလိမ့်မယ်။

မာနဆိုတာကလည်း အမြဲတမ်း ရှိနေဖို့ မသင့်တော်ပါဘူးလေ.. ရှိသင့်တဲ့ နေရာမှာ ထားရမယ့် မာနကို တန်ဖိုးရှိရှိနဲ့ အသုံးပြုရမယ်.. အဲဒီမာနက အသက်လည်း ဖြစ်နိုင်တာပေါ့နော်.။

အမျိုးမျိုးသော စိတ်ကူးယဉ်မှုတွေကို စိတ်ကူးယဉ်ဖူး ကြမှာပါပဲလေ…။ လက်တွေ့ လောကမှာ မရှိသင့်တော့ပေမယ့်လည်း စိတ်ကူးယဉ်ဖူးတဲ့ စိတ်ကူးကောင်းလေးတွေကိုပဲ ဖြစ်မြောက် အောင်မြင်အောင် အကောင်အထည်ဖေါ် ထုဆစ်တတ်ရင်လည်း နေပျော်တဲ့ ဘ၀လေးတခုကို ပိုင်ဆိုင်နိုင်လာမှာပါ။

လျှောက်လှမ်းနေရမယ့် ခရီးဝေးကြီး တလျှောက်မှာ တယောက်တည်း ဖြစ်ချင်ဖြစ်မယ်… စိတ်တူကိုယ်တူ အဖေါ်ကောင်း ပါချင်ပါနိုင်မယ်…. ဒါမှမဟုတ် စိတ်မတူတဲ့ အဖေါ် ပါကောင်းပါနိုင်တာပေါ့… ဘယ်လိုပဲဖြစ်ဖြစ်တော့ မိမိကိုယ်ကို အထီးကျန်နေပါလား ဆိုတဲ့ အတွေးမျိုးနဲ့ မချုပ်နှောင်ထားသင့်ဘူးလေ.။

မိမိနဲ့ စိတ်တူတဲ့ သူတယောက်ဟာ ဘယ်လောက်ပဲ ဝေးနေ ဝေးနေပါစေ.. နီးနီးလေးပါပဲလေ……..!!!

Monday, June 14, 2010

`ငါ…´ ပြန်လာနိုင်ပါတော့မလားးးးးးးးး

`………………..´ ရေ

အိပ်မက်တွေ တပွေ့တပိုက်နဲ့ လှမ်းလျှောက် လာခဲ့တဲ့ ခရီးလမ်းမှာ အနာဂတ် ဆိုတာ မရေရာ မသေချာ ခဲ့ဘူး..။

သေချာတာကတော့ ၀မ်းနည်းမှု၊ စိတ်အားငယ်မှု၊ သတိရမှု၊ ခွဲခွါခဲ့ရမှု၊ ဝေးကွာမှု၊ ဆိုတဲ့ ဒဏ်ရာ တွေနဲ့သာ ပြည့်နှက်လို့… ရှေ့မှာ ရင်ဆိုင်ရမဲ့ အရာ မှန်သမျှကို ဘယ်လို သတ္တိ ခွန်အားတွေနဲ့ ရင်ဆိုင် ဖြည့်စွမ်းရမလဲ ဆိုတာသာ အထပ်ထပ် ပေါ်နေခဲ့တော့တယ်…။

ခရီးလမ်းကြမ်းမယ် ဆိုတာ သိပေမဲ့ အမှန်တရား အစိုင်အခဲက ရင်ထဲ၊ နှလုံးသားထဲမှာ ထုဆစ်ပြီးသားမို့ လျှောက်ခဲ့တဲ့လမ်း ဘယ်လောက်ပဲ ကြမ်းကြမ်း၊ ဘယ်လောက်ပဲ ခက်ခဲပါစေ အားတင်းပြီး လျှောက်ဖို့သာ ဇောကပ်နေမိတယ်…။

ဖြစ်ချင်တဲ့ ဆန္ဒတွေက ကိုယ်နဲ့ ရင်းနှီးနေခဲ့ပေမဲ့ ရှေ့မှာ မြင်ရမဲ့ လမ်းက ချောမွေ့ချင်မှ ချောမွေ့မှာ သိပေမဲ့ ဒီလမ်းကိုမှ ရွေးပြီးလျှောက်ခဲ့တာကိုတော့ သိနားလည်ချင်မှ နားလည်ကြမှာပါ….။

အဲဒီ ဖြစ်ချင်ခဲ့တဲ့ ဆန္ဒတွေ အောင်မြင်ဖို့၊ အကောင်အထည်ဖေါ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားရတော့မယ်.. စိတ်ဓါတ်ခိုင်မာရတော့မယ်.. အရာရာ သည်းခံရတော့မယ်… ဆိုတာ တွေကလည်း ရစ်ပတ်ချည်နှောင်လို့….။

အတ္တမပါတဲ့ ဆန္ဒတွေနဲ့ လျှောက်နေတဲ့ လမ်းမှာ အဖုအထစ်တွေ များမယ်… ဆိုတာလည်း မသိမဟုတ်…… ။

မရေရာမှုတွေကို တတ်နိုင်သလောက် မောင်းထုတ်ရင်း သေချာတဲ့ အမှန်တရား ကိုအထပ်ထပ် ထုပ်ပိုးလို့ လျှောက်နေခဲ့ပေါ့…။

`…………..တွေ´ က

နင် ပြန်မလာတော့ဘူးလား တဲ့………….

ဘယ်ဘက်ရင်အုံထဲက တင်းကျပ်မှုတခုက နာနာကျင်ကျင် ဆွဲဆောင့်လိုက်ရင်း စည်းချက် မမှန်တဲ့ ရင်ခုန်သံတွေကြောင့်….ငါ…….. ဘာပြန်ပြောရမလဲ …….။

အဖြေတခု အနေနဲ့ `ငါ….. နာနာကျင်ကျင်... ဟားတိုက် ရယ်မောပစ်ခဲ့တယ်´……….

တနေ့ပေါ့………..???

ဆန္ဒ ရှိနေတဲ့ အရာတွေ၊ ဖြစ်ချင်နေတဲ့ အရာတွေ၊ စိတ်ရှိတိုင်း လုပ်ခွင့်ရဖို့ .… စိတ်ခွန်အား အပြည့်နဲ့ ကြိုးစားတည်ဆောက်ပေါ့….။

ငါ့..ရဲ့ ဆန္ဒ တစုံတရာကို `..........တို့´ ကို သိခွင့်ပေးဖို့၊ သိနားလည်ပေးဖို့လည်း အခြေအနေ မပေးခဲ့လေတော့…

ခုချိန်မှာ `ငါ…တို့တွေ…´ မသိခဲ့တဲ့၊ မသိသေးတဲ့ ခါးသီးတဲ့ ဘ၀တွေ အသေင်္ချေ ရှိနေတယ်လို့ ပြောချင်နေမိတာ ရင်နဲ့အပြည့်ပေါ့…။

အဲဒါတွေပြောဖို့ဆို တထောင့်တည ပုံပြင်တောင် မှီနိုင်မယ် မထင်တော့ဘူး….။ `ငါ…´ လေ `………တွေ´ ကို ခါးသီး နာကျင်စရာတွေ ရှိတဲ့ ဘ၀တွေကို မတွေ့နိုင်၊ မသိနိုင်ကြတာကိုတော့ သိလာအောင်၊ နားလည်လာအောင် ပြောချင်နေမိတယ်… ဒါမှလည်း `ငါ..´ ဆိုတဲ့ `ငါ…´ လည်း တစုံတခု အတွက် တာဝန်ကျေတဲ့ သူတယောက် ဖြစ်မှာ….။ `ငါ…´ တာဝန်ကျေတဲ့ သူတယောက်တော့ ဖြစ်ချင်တယ်….။

ဒီလိုမျိုး ဘ၀တွေကို သိနားလည်ခဲ့ရင်၊ စာနာနိုင်ခဲ့ရင် ကိုယ်ကိုယ်တိုင် မတ်နိုင်သမျှလည်း မတ်အောင် လုပ်နေရင်း ဘေးနားဝန်းကျင်က လဲကျနေတဲ့ သူတွေကိုလည်း မတ်နိုင်အောင် ထူပေးသင့်သလောက် ထူပေးနိုင်ဖို့ ခွန်အား သတ္တိတွေ၊ နားလည်မှုတွေ မွေးမြူလာနိုင်လိမ့်မယ်…။

`……….တို့´ တွေ ပြောသလို အရင်ဆုံး ကိုယ်ကိုယ်တိုင် မတ်နိုင်မှ ဖြစ်မှာဆိုတဲ့ စကားကြောင့် ….. ကိုယ်ကိုယ်တိုင်လည်း မတ်မတ်နေနိုင်အောင် ကြိုးစားရင်း ၀န်းကျင်မှာရှိတဲ့ ဘ၀လေးတွေကိုလည်း မတ်မတ် ဖြစ်နေအောင်၊ မတ်မတ်နေနိုင်အောင် ကြိုးစားပေးရလိမ့်မယ်…။

ဟုတ်တယ်လေ… ကိုယ်ကိုယ်တိုင် မတ်မတ်မနေနိုင်ရင် တခြားဘ၀လေး တွေကိုလည်း ဘယ်မှာ မတ်လို့ရအောင် လုပ်နိုင်ပါ့မလဲ…..။ ကိုယ်တယောက်တည်း မတ်နေအောင်ပဲ အရင်ကြိုးစား လိုက်အုံးမယ် ဆိုရင်လည်း ဘယ်အချိန်မှာမှ ကိုယ့်ကိုယ်ကို မတ်နေနိုင်ပြီလို့ သိကြလိမ့်မလဲ… အတောသတ်နိုင်ပါ့မလဲ..။

`………..တို့´ က `ငါ့..´ကို ကောက်ချက်ချတာက သွေးအေးလိုက်တာတဲ့..….။ စိတ်ဓါတ်က မာကျောလိုက်တာတဲ့…။ `..............ငါတို့အားလုံး´ ဘ၀တွေထဲမှာလည်း အထူးဆန်းဆုံးပဲတဲ့……..။

`ငါ….´ ဘာပြန်ပြောရမလဲ…………။

`ငါ့… မှာ `............တို့တွေ´ သိနားလည်လာအောင် လောလောဆယ် ပြန်ပြောဖို့ အကောင်းဆုံး စကားလုံးတွေ ရှာဖွေနေမိတယ်..။

`ငါ..´ ပြောချင်တာက `ငါ..´ အားမာန်အပြည့်၊ ယုံကြည်မှုအပြည့်နဲ့ ယုံကြည်ရာလမ်းကို သစ္စာရှိရှိ၊ သမာဓိရှိရှိနဲ့ ရဲရဲလျှောက်လှမ်း နေပါတယ် ဆိုရင် `……….တို့´တွေ `ငါ့………´ ကို ဘာပြန်ပြောမလဲလို့......။