Showing posts with label ဝတ္ထုမဆန်သော ဝတ္ထု. Show all posts
Showing posts with label ဝတ္ထုမဆန်သော ဝတ္ထု. Show all posts

Saturday, November 2, 2013

လေတချက်အဝေ့...

အချိန်ကာလကား တရွေ့ရွေ့ ထွက်ခွါလို့...။

ဘယ်ဘက်ရင်ဘတ်ဆီမှ စူးကနဲ နာကျင်မှုတို့ ပြေပျောက်သွားပြီလား ဟု မေးခွန်းထုတ်မိခိုက်.. သူနဲ့အတူ ကုန်ဆုံးခဲ့ဖူးသော အချိန်လေး တစ်ခုဆီသို့ .... ကျွန်မ ရောက်ရှိသွားလေသည်။ ထိုအချိန်တစ်ခုကို မေ့ပစ်ချင်နေခဲ့သော ကျွန်မသည် သူနှင့်အတူ ပြောခဲ့ဖူးသော စကားများနှင့် သူ့စာမျက်နှာများကိုလည်း တမင် မေ့ပစ်ထားခဲ့သည်မှာ အချိန်ကာလ တစ်ခုသို့ပင် ချဉ်းနင်းဝင်ရောက်ခဲ့ပေသည်။ ထိုအတောအတွင်း ကျွန်မ၏ စိတ်သည် အရာရာကို ပို၍နူးညံ့စွာ ရင်ဆိုင်ရဲလာခဲ့ပေသည်။ နှလုံးအိမ်မှတဆင့် စီးမျောလာသည့် ပူလောင်လှသောအရာကို သစ္စာတရားဖြင့် အေးငြိမ်းအောင် ကြိုးစားခဲ့ရသည်မှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။
 
သူနှင့်ပက်သက်သမျှ အရာအားလုံးကို မေ့ပစ်မှသာ ကျွန်မအတွက် အကောင်းဆုံးဖြစ်လိမ့်မည်ဟု ကိုယ့်ကိုယ်ကို သတိပေးရင်း အချိန်ကာလကို ရင်ဆိုင် ကျော်လွှားခဲ့ရသည်မှာ ကျွန်မအတွက် အခက်ခဲဆုံးနှင့် အပင်ပန်းဆုံး ကာလများ ဖြစ်ခဲ့လေသည်။ ကျွန်မအပေါ် သူ၏ တုံ့ပြန်မှုသည် ရိုးသားမှုလား၊ အားနာမှုများနှင့် အလိုက်သင့် ဆက်ဆံရေးလား၊ သူ့အတွက် လိုအပ်နေသော စကားပြောဖေါ်လား ဆိုသည်ကို တွေးပင် မတွေးမိခဲ့သည်မှာ သူ့အပေါ် ထားရှိခဲ့သော ကျွန်မ၏ အရိုးသားဆုံး မေတ္တာတရား တစ်ခုဖြစ်သည်ဟု ကျွန်မပြောရဲပါသည်။

သူနှင့်အတူ ရှိခဲ့ဖူးသော စာမျက်နှာထက်တွင် အပြန်အလှန်ပြောဆိုခဲ့သော စကားလုံးများအကြား၊ တခါတရံ ငြင်းခုန်မှုများအကြား၊ အမြင်ချင်း ဖလှယ်မှုများအကြား၊ စာနာ နားလည်မှုများနှင့် အရှုံးပေးခဲ့ဖူးသော အချိန်လေးတစ်ခုကို မေ့ပစ်ချင်ပါသည်။ နောက်ဆုံး ပြောခဲ့ဖူးသည့် ကျွန်မ အကြားချင်ဆုံး စကားတစ်ခွန်းကို မေ့ပစ်ချင်ပါသည်။ ရိုးသားမှုနှင့် စစ်မှန်သော နှုတ်ထွက် စကားလုံးအဖြစ် ယုံကြည်မိသော စကားလုံးများကိုလည်း မေ့ပစ်ချင်ပါသည်။ ထို့ထက် သူနှင့် ပက်သက်ခဲ့သော အမှတ်တရ အားလုံးကို မေ့ပစ်ချင်ပါသည်။  ထို့အတွက် အချိန်ကာလ တစ်ခု လိုအပ်ကောင်း လိုအပ် ပါလိမ့်မည်။ ကျိန်းသေသည်မှာ ထိုအချိန်ကာလသည် ကျွန်မအတွက် အခက်ခဲဆုံးတစ်ခု ဖြစ်ခဲ့သော်လည်း မည်သည့်အရာကိုမှ အဆိုးမြင်စိတ် မထားတတ်ခြင်းကြောင့် ဒေါသဖြစ်မှုများနှင့် အတ္တကြီးမားမှုများ မရှိခဲ့သည့် အတွက် ငြိမ်းချမ်းသော ကာလ တစ်ခုကို ပြန်လည် ရောက်ခဲ့သည်မှာလည်း သိပ်ကြာလှခြင်း မရှိခဲ့..။

အမှတ်တရများသည် မေ့ပစ်ကောင်းသော အရာတစ်ခု မဟုတ်နိုင်သော်လည်း ပူလောင်သော သတိရ တမ်းတခြင်းမျိုး မရှိတော့သော ကျွန်မစိတ်သည် တန်ပြန်ရိုက်ခတ် ခံခဲ့ရသော စိတ်ကြောင့်ပင် ဖြစ်ပေလိမ့်မည် ဟု ကျွန်မ ယုံကြည်နေမိသည်...။ 

လူတိုင်းသည် မိမိ ပျော်ရွှင်မှုကို မိမိကိုယ်တိုင်  ရှာဖွေ ကြရမည်ပင်...။ ထို ပျော်ရွှင်မှုက သူတပါး၏ ကိုယ် နှင့် စိတ် ကို ထိခိုက် ဒဏ်ရာ ရခြင်းမျိုး မဖြစ်စေလျှင် အကောင်းဆုံး ဖြစ်မည်ဟု မိမိကိုယ်ကိုပင် သတိပေးမိပါသည်.။ ထိုသို့ ဆင်ခြင်နိုင်သည့် အရာ တစ်ခု လူ့ဘဝအတွက် အဖိုးတန်ခြင်းတစ်ခု ကျွန်မနှလုံးသားတွင်း ကိန်းအောင်းခဲ့သည်ကိုပင် ကျွန်မ ကျေနပ် နေမိလေသည်။ သူတပါး၏ ပျော်ရွှင်မှုကို မြင်လျှင် ခံစားကူးစက်တတ်သော ကျွန်မသည် သူ့ပျော်ရွှင်မှုအတွက် ရွေးချယ်မှုကို ကျွန်မ လေးစားပါသည်။

သူနှင့်ကျွန်မကို ဆုံဆည်းခွင့်မပေးခဲ့သော ကံတရားတစ်ခုက သူ၏ ပျော်ရွှင်မှု ဖြစ်ခဲ့လျှင် ကျွန်မ ကျေနပ်မိနေမည် ပင်.............။

လေတချက် အဝေ့ မှာတောင်
လှိုင်းက သက်ငြိမ်စီးဆင်းလို့
နိယာမအတိုင်း မြောပါလို့ .....


Wednesday, June 22, 2011

ရင်၌ဖြစ်တည်မှု

အိပ်မက်တွေနဲ့အတူ ဖျက်ကနဲ လန့်နိုးလာခဲ့တယ်။ ဝန်းကျင်ကိုကြည့်လိုက်တော့ မှောင်ရီပျိုးနေတဲ့ အရိပ်အယောင်က အုပ်မိုးထားလို့..။ အိပ်ယာနံဘေးက ဖုန်းလေးကို ကောက်ကိုင်ပြီး မှောင်နေတဲ့အချိန်တခုရဲ့ သတ်မှတ်ချိန်လေးကို ကြည့်မိတော့ မနက် လေးနာရီတောင်မခွဲသေး။ ကျမမက်တဲ့အိပ်မက်တွေကို မှတ်မိတဲ့စွမ်းရည် ပျောက်ဆုံးကုန်တာ ကြာလှပြီ။ တဘက်ကလည်း အိပ်မက်တွေကို မမှတ်မိတော့တာက တမျိုးကောင်းတယ်လို့ ဖြေတွေးတွေးလိုက်မိတယ်။ ကောင်းခြင်း၊ ဆိုးခြင်းရယ်လို့ အထင်ရောက်စရာ သတ်မှတ်ကြတဲ့ အိပ်မက်ရဲ့ နောက်ဆက်တွဲ ဖြစ်ပျက်မှုတွေကို စဉ်းစားစရာ မလိုတော့ဘူး။

တချို့သောသူတို့ မက်ကြတဲ့အိပ်မက်ကို အကောင်း.အဆိုးလို့ ပြောနေကြပြီး ဘယ်တော့ဘာဖြစ်မလဲဆိုတဲ့ မလိုလားအပ်တဲ့ အရာတွေအတွက် ဘယ်လိုမျိုးက နှစ်သိမ့်ဖြေရှင်းခွင့် ပေးနိုင်ကြမှာပါလိမ့်လို့ တွေးနေမိတယ်။ အိပ်မပျော်တော့တဲ့ သူတယောက်အတွက် မိုးစင်စင်လင်းဖို့ အချိန်အတော်ကြာ စောင့်စားရုံမှတပါး အခြားလုပ်စရာမရှိခဲ့ပါ။

လင်းရောင်ခြည်လေး ထွက်ပေါ်လာတဲ့အခါမှာ လုပ်နေကျအလုပ်ဖြစ်တဲ့ ရေချိုးခန်းဝင်.. ဘုရားရှီခိုး.... ပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်... အနည်းအကျဉ်းစားဖို့တခုခုလုပ်...ဖို့ အစပျိုးနေခိုက်... ရုတ်တရက် ဖုန်းလာတဲ့ အသံကြောင့် အပြေးအလွှား အပေါ်ကိုလှမ်းတက်လာခဲ့တယ်။ ဖုန်းသံလေးကြားတာနဲ့တင် ဘယ်သူဆက်တယ်ဆိုတာ သိနေပေမယ့် မနက်စောစော ဆက်တဲ့အတွက် စိတ်ပူနေမိတယ်။ ပူပန်တတ်တဲ့ စိတ်တခုအတွက် တခါတရံ အလဟဿလိုမျိုး ဖြစ်သွားခဲ့ရတဲ့ ထုံပေပေ ခပ်ဟဟ ရီမောသံလေးတွေကြောင့် နောက်တခါ ပူပန်တတ်တဲ့စိတ် မဖြစ်အောင် နေမယ်ဆိုတဲ့ မာကျောကျော နှလုံးသားဟန်မျိုးနဲ့ ဖုံးထားခဲ့မိတယ်။ မသိကျိုးကျွန်မှုရဲ့အောက်မှာလည်း ပြားပြား ဝပ်သွားခဲ့ရဖူးပါတယ်။

"ဟယ်လို"... လို့ ကျမအစချီတော့

တဘက်ကအသံကြားရုံနဲ့ တခုခုဖြစ်နေပြီဆိုတာ သိပေမယ့် ကျမကစပြီး မမေးလိုခဲ့ပါ. တခုခုဆိုတာ စိတ်ကိုအခြေခံတဲ့ ပင်ပန်းနွမ်းနယ်မှုကတဆင့် ဖြစ်တည်လာရတဲ့ အားငယ်မှုဆိုတာ သိတာပေါ့။ ရင်းနှီးကျွမ်းဝင်စရာတွေနဲ့ အဝေးကြီးမှာရှိနေတဲ့ သူတယောက်ရဲ့ ရိုက်ခတ်လာတဲ့ သံစဉ်ကို ခံစားဖူးနေလို့ပါ။ တယောက်တည်းတည်း ဖြစ်နေကျပေမယ့် ရံဖန်ရံခါမှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ တယောက်တည်းပါလားဆိုတဲ့ အားငယ်စရာအတွေးမျိုး ဝင်လာတဲ့အခါမှာ ကိုယ့်ရဲ့ ပင်ပန်းမှုကို ဖေးမနားလည်ပေးနိုင်မယ့် သူတယောက်ကို အရင်ဆုံး သတိရတတ်ကြသလို ကျမကိုဦးဆုံး သတိရလိုက်တာများလား။ တဘက်ကပြောနေတဲ့ခံစားမှုတွေကို နားထောင်ရင်း ကျမလည်း နားလည်မှုတွေနဲ့ ထပ်တူခံစားရပါတယ်။

အဲဒီအချိန်မှာတော့ ကျမက စိတ်ဓါတ်ခိုင်မာတဲ့.. ဘာမဆို အံတုနိုင်တဲ့.. ရဲရဲရင်ဆိုင်နိုင်တဲ့.. သတ္တိတွေအပြည့်နဲ့ သူတယောက် ဖြစ်နေခဲ့တယ်။ တဘက်ကခံစားနေတဲ့ ခံစားမှုတိုင်းကို ကျော်လွှားပေးနိုင်တဲ့ သူတယောက်လည်း ဖြစ်နေချင်ပြန်တယ်။ ကျမကြောင့် စိတ်ပင်ပန်းမှုတွေ သက်သာလာပြီး ခွန်အားတွေကို ရလာစေချင်တယ်. သစ္စာတရားနဲ့ မဝေးကွာတဲ့ သူတယောက်ဖြစ်လို့ ရိုးသားစွာ ပြောဖြစ်ခဲ့တဲ့ အမှန်တရားတွေကို လက်ခံပေးမယ်လို့ ယုံကြည်မိတယ်။

ကျမပြောနေခဲ့တဲ့ စကားတွေက သူ့အတွက် စိတ်ပင်ပန်းမှုလျော့သွားခဲ့သလားဆိုတဲ့ မေးခွန်းတခုအတွက် အဖြေကို သိလိုပေမယ့် မမေးဖြစ်ခဲ့ပါဘူး။ ပြောလိုက်တဲ့ စကားလုံးတလုံးထက် ရင်ထဲကမေတ္တာတရားကြောင့် အလိုအလျောက် ဖြစ်တည်လာမယ့် နွေးထွေးမှုတွေ.. စိတ်ခွန်အားတွေနဲ့ ရှင်သန်စေချင်တယ်။ ဘယ်အခြေအနေမှာဖြစ်ဖြစ်. ဘယ်အရာကပဲ နှောင့်ယှက်နှောင့်ယှက်.. ဘယ်လို အချိန်မှာပဲဖြစ်ဖြစ်.. တိုးဝင်တိုက်ခတ်လာတဲ့ အရာမှန်သမျှကို သိက္ခာရှိရှိနဲ့ ရဲရဲရင်ဆိုင်နိုင်တဲ့ သူတယောက် ဖြစ်စေချင်တယ်။ တခါတရံ ကျမစိတ်အားငယ်ချိန် အားပေးစကားပြောတာလည်း သူပဲ ဖြစ်နေတတ်ပါတယ်။ လိုအပ်ချက်မှန်သမျှကိုလည်း ဖြည့်ဆည်းပြောဆိုပြီး လမ်းညွှန်ပေးတတ်တာလည်း သူပါပဲ။ အဲဒီအခါမှာတော့ ကျမကသူ့ရဲ့ တပည့်လေးတယောက်လို နာခံမယ့်သူလည်းဖြစ်လို့နေရဲ့။

စိတ်အားငယ်မှုတွေကြားမှာ အပြန်အလှန် အားပေးနားလည်မှုတွေနဲ့ ထွင်းဖေါက်မြင်နိုင်တဲ့ နှလုံးသားတစုံအဖြစ် ကမ္ဘာကြီးရဲ့ တနေရာမှာ တန်ဖိုးရှိတဲ့အလွှာလေးတခုအဖြစ် ရပ်တည်ခွင့်ရချင်ပါတယ်။

Thursday, February 17, 2011

ချစ်သူသိစေ…

အတိတ်က နေ့လေးတနေ့မှာ နှလုံးသားထဲမှာရှိတဲ့ အတိုင်း အသံတိတ်နဲ့ ရိုးသားစွာ ဝန်ခံခဲ့ဖူးတယ်။

ကောင်းကင်ပြင်ကို မော့ကြည့်လိုက်တော့ မှိတ်တုတ်မှိတ်တုတ် လက်နေရှာတဲ့ ကြယ်လေးကလွဲလို့ ပကတိညိုမည်း နေလိုက်တာ။ ဒီအချိန် ချစ်သူ နားခိုရာ နေရာလေးမှာလည်း ခုလိုပဲ တူညီတဲ့ ကောင်းကင် ညိုမှောင်မှောင်ကြီးပဲ အုပ်မိုးထားနေမှာပဲ ဆိုတာ တွေးရင်း တောင်ပံဖြန့်ကျက်လို့ နှလုံးသားချင်း နီးနေခဲ့တယ်..။

ချစ်သူကရော ဘာတွေကိုတွေးတော နေမှာပါလိမ့်..။

ဘဝတကွေ့မှာ သင်ကြားခဲ့ရတဲ့ ပညာရေး ခန်းမကြီးထဲမှာ မေးခွန်းတွေကို ခက်ခဲစွာနဲ့ အတူဖြေဆိုခဲ့ကြတဲ့ နေ့တွေကိုလား…. လက်တွေ့ခန်းမထဲမှာ အရောင်မပြောင်းလဲခြင်းကို ရှာဖွေခဲ့ရတဲ့ နေ့ရက်တွေကိုလား…. ချစ်သူကိုယ်တိုင် ပေးခဲ့ဖူးတဲ့ အရာလေးတခုလား…… ဒါမှမဟုတ် ချစ်သူရခဲ့ဖူးတဲ့ မြတ်နိုးစရာ အရာလေးတခုလား…….. မျက်ဝန်းလေးထဲမှာ အမှတ်မထင် တွေ့ခဲ့ဖူးတဲ့ ကြင်နာခြင်း အရိပ်အယောင်လား……… အေးချမ်းဖွယ် ကံ့ကော်ရွာလေးထဲက လက်ဖက်ရည် ချိုပေါ့ကျ တခွက်ကိုလား…….

ရေတမာပင်လေးတွေ တန်းစီနေတဲ့ ရှည်လျားတဲ့လမ်းလေးမှာ ဘယ်တော့မှ ပျောက်ကွယ် မသွားမယ့် ခြေရာလေးတွေ... ရှိနေအုံးမယ်ထင်ပါရဲ့.....။

ချိုမြိန်တဲ့ စကားသံလေးတွေကို ကျေးဌက်လေးတွေက မှတ်မိ တေးဆိုနေမယ့် တေးဆိုသံလေးတွေကိုလည်း ကြားယောင်တုန်းပါ ချစ်သူ....။

ချစ်သူရဲ့ အပြုံးလေးကို တမ်းတလိုက်တိုင်း ကြည်နူးမှုနဲ့ အလွမ်းတို့ ပေါင်းစပ်ဖွဲ့သီလို့…..

ချစ်သူဝါသနာပါရာမှာ ကျမရဲ့ အားပေးမှုက ချစ်သူအတွက် အင်အားတရပ် အဖြစ် ရပ်တည်ခွင့် ရခဲ့တာကို ပြန်လည်တွေးတောရုံ တွေးတောမိတဲ့အခိုက် ဘေးနားကို ငဲ့ကြည့်လိုက်တော့ ဗလာ ……. သက်သက် ….......။

ကောင်းကင်အမိုးကြီး တခုထဲအောက်မှာ မတူညီတဲ့ ခေါင်းစဉ်တွေနဲ့ လွင့်မြောနေကြရပေမယ့် တချို့သော တူညီမှုတွေရဲ့ အောက်မှာတော့ ထပ်တူကျခဲ့ဖူးပါတယ်.။

~~~~~~~~~~~~

နံနက်ခင်းရဲ့ လေနုအေးက ကျမရဲ့ ဆံနွယ်လေးတွေကို တိုးဝှေ့လာတိုင်း ချစ်သူနဲ့ ပက်သက်တဲ့ အတွေးတွေကလည်း လွင့်ပျံ့လာခဲ့တာကိုတော့ ချစ်သူနားလည်နိုင်မယ်ထင်ပါရဲ့။ ချစ်သူ မကြားနိုင်ပေမယ့်.. ချစ်သူ မမြင်နိုင်ပေမယ့်…. ကျမကတော့ စကားတွေ အများကြီးပြောနေမိတယ်.။ ကျမရဲ့ဝန်ခံမှုကို ချစ်သူသိနိုင်ဖို့ ခပ်တိုးတိုး ရေရွတ်သံလေးက လေနဲ့အတူ ပါမသွားခဲ့ပါဘူး..။

ရေရွတ်မိတဲ့ စကားသံလေးကို မြတ်နိုးနှစ်ခြိုက်စွာနဲ့ ပုံဖေါ်နေပေမယ့် အဆစ်အပိုင်းလေးတခုအဖြစ် ပိုင်းခြားတတ်အောင် ကျမလေ့ကျင့်တတ်ခဲ့ပြီနဲ့ တူပါရဲ့…။

ခြေချခွင့်မရတော့တဲ့ ချစ်သူရဲ့ နယ်မြေက အငွေ့အသက် ရနံ့လေးတခုကို တေးသီချင်းအဖြစ် နာကျင်စွာ ဟစ်ကြွေး သီဆိုရင်း ရင်ထဲမှာတော့ ငိုကြွေးနေခဲ့ရပြီ ချစ်သူ….။

နှလုံးသားထဲက ရိုးသားစွာနဲ့ ချွေချလိုက်တဲ့ နှလုံးသွေးစက်တွေကတဆင့် ပြိုကျလာတဲ့ မျက်ရည်စက်လေးတွေကိုတော့ ခေါင်းအုံးလေးက သက်သေထူနေလေရဲ့ ချစ်သူ…………!!!

Saturday, October 9, 2010

ရုပ်ကြွင်းလေးတခု

ရင်ထဲတနေရာက မျှော်လင့်ခြင်း အိပ်မက်တွေဖြစ်တဲ့ အိပ်မက်တွေသာ မက်ခွင့် ရမယ်ဆိုရင်….. ညတိုင်း မက်လိုက်ချင်ပါရဲ့…
ရာသီတွေ..........
နှစ်တွေ..............
လတွေ...............
ရက်တွေ.............သာ ကူးပြောင်းခဲ့ပေမဲ့ ရစ်မူးနေတဲ့ ပုံရိပ်တွေနဲ့ အေးစက်စက် နှလုံးသားကို ပြန်လို့ တူးဖေါ်လိုက်တဲ့ အခါမှာတော့….

လွမ်းစရာအိပ်မက်တွေ တနင့်တပိုး လွယ်ထားရတဲ့ သက်ရှိ တယောက်ရဲ့ ခါးသီးစရာ ရုပ်ကြွင်းတွေက လှောင်ပြောင်နေ သယောင်ယောင်….

ရုပ်ကြွင်းတွေကို ပြန်လို့ တူးဖေါ် ကြည့်လိုက်တဲ့ အခါမှာတော့ လတ်ဆတ်နေဆဲလား… ပုပ်သိုးနေတဲ့ ရုပ်ကြွင်းလား… နာကျင်မှုတွေနဲ့ အေးခဲ မာကျောသွားပြီဖြစ်တဲ့ အရာလေး တခုမျှပဲလား… ဒါမှမဟုတ် တကယ့်ကို သက်မဲ့ ရုပ်ကြွင်းတခုလေပဲလား…. ဝေခွဲမရနိုင်လောက်အောင် ဘယ်လိုအရာတွေက ပြုမူလိုက်ကြပြီလဲ..။

ပြုမူလိုက်ကြတဲ့ အရာလေး တခုနောက်ကို ခြေရာခံ လိုက်ကြည့်ရင်း လိုက်ကြည့်ရင်းနဲ့ ဟိုး….. အတိတ် ကမ္ဘာတခုဆီကို ရောက်သွားခဲ့ပေါ့..။ ဘာတွေများ ရှိခဲ့ပါလိမ့်….

အတိတ်ရဲ့ ကမ္ဘာငယ်လေးထဲမှာ ချစ်ခြင်းမေတ္တာတွေ အပြည့်.. ကြည်နူးမှု အပြည့်… အားအင်အပြည့်… ယုံကြည်ချက်အပြည့်… ပျော်ရွှင်စရာအပြည့်… မျှော်လင့်ချက်အပြည့်…နဲ့ ရဲရဲ လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေနဲ့ လျှောက်နေခဲ့တာကို တွေ့ရတဲ့ အခိုက် နှလုံးသွေး တဒင်္ဂ ရပ်တန့်သွားခဲ့တယ်…!

ရပ်တန့်နေခဲ့တဲ့ နှလုံးသွေးထဲကို အသစ်တဖန် လောင်းလိုက်တာကလည်း ချစ်ခြင်းမေတ္တာ တွေပဲ ဖြစ်နေခဲ့ပြန်တယ်..။

ဟိုးအတိတ် ကမ္ဘာလေးဆီက ထင်ကျန်ခဲ့တဲ့ ရုပ်ကြွင်းတခုကို ကောက်ယူလိုက်တဲ့ အခါမှာတော့ ဘာနဲ့မှ ဆေးရည်မစိမ်ထားတဲ့ ရုပ်ကြွင်းတခု အဖြစ်နဲ့သာ ဆီးကြိုနေလေရဲ့…။

အတိတ် ကမ္ဘာဆီက ရုပ်ကြွင်းလေးကို နေသားတကျ ပြန်ထားခဲ့ရင်း ကိုယ့်ရဲ့ ကမ္ဘာသစ် လာရာလမ်းကို ငေးမောလို့နေရင်း…..

ညနေခင်း ဆည်းဆာလေး တခုကိုတောင် ရောက်လာတော့မှာပဲ… လှပတဲ့ ညနေခင်း ဆည်းဆာလေးတခုကို ဖြတ်ကျော်ပြီးချိန် မှာတော့ မျှော်လင့် တောင့်တမိတဲ့ အိပ်မက်ကလေး... မက်မယ့် နေရာလေး တခုကို ဦးမော့လို့.. ဒီနေရာလေးကို သံသယကင်းကင်းနဲ့ ရောက်ဖို့ ဟိုးအတိတ်က ရုပ်ကြွင်းလေး ရှိရာ ကမ္ဘာငယ်လေး တခုဆီကိုတောင် သွားခဲ့ရသေးတာပဲ…!

သံသယကင်းကင်းနဲ့ ဆေးရည်မစိမ်ထားတဲ့ ရုပ်ကြွင်းလေးကိုတော့ လှပသေသပ်စွာ ထုပ်ပိုးပြီး နေသားတကျ ပြန်ထားခဲ့ပါတယ်လေ…။

ကမ္ဘာသစ်လေးဆီက ရုပ်ကြွင်းလေးလည်း လှပသပ်ရပ်စွာနဲ့ ကမ္ဘာမြေပြင် တနေရာမှာ သန့်ရှင်း လတ်ဆတ်နေမယ့် အရောင်ဆိုးဆေး မပါတဲ့ စိတ်ဆန္ဒတွေနဲ့ ထုပ်ပိုးထားတဲ့ အလတ်ဆတ် အရှင်းသန့်ဆုံး အိပ်မက်တွေနဲ့သာ မက်ခွင့် ရနိုင်ဖို့ ခွန်အားတစုံကို တိုင်တည်ရင်း ရုပ်ကြွင်းလေး တခုကို ငုံကြည့်မိလေရဲ့...!!!