ဒီနေ့ ထိတ်လန့်စရာ ကောင်းတဲ့ သတင်းဆိုးတခု ကြားလိုက်ရတယ်။ မဖြစ်ပါစေနဲ့လို့ ဆုတောင်းခဲ့ပေမဲ့ သက်သေ မှတ်တမ်း ဆောင်းပါးလေးတခုက ရင်ထဲကို ထိုးဖေါက်ပြီး ခဏတာ ငြိမ်သက် သွားမိတယ်….။ စိတ်ထဲကလည်း ဟုတ်ပါ့မလားလို့ တွေးမိနေသေးတယ်။ ပြီးတော့မှ အသိတခု ၀င်လာပြီး ကာယကံရှင် ကိုယ်တိုင် ရေးထားတာမို့လို့ လွဲစရာ မရှိဘူးလို့ သိလိုက်တဲ့အခါ ၀မ်းနည်းမှုက ဘယ်လိုမှ တားဆီးလို့ မရတောပါ့ဘူး။
တဆက်တည်းမှာပဲ ငယ်ငယ်တုန်းက ပုံရိပ်တွေထဲမှာ `ဦးမိုးဟိန်း (ဂျာနယ်ကျော် မမလေးရဲ့သား)´ ကို မြင်ယောင် သွားမိတယ်။ စိတ်ကောင်းရှိပြီး အင်မတန် ရိုးရိုးသားသား အေးအေးဆေးဆေး နေတတ်တဲ့ သူတယောက်ပါ။ ကျမတို့ ငယ်ငယ်က အိမ်ကို အလည်ရောက်လာရင် လက်ဖက် ကြိုက်တဲ့ ဦးမိုးကို အမေက အမြဲ လက်ဖက်သုပ် ကျွေးတတ်တယ်။ ကျမတို့ သိတတ်စ အရွယ်မှာပဲ ဦးမိုးက သက်သက်လွတ် စားပြီး ဥပုသ် အမြဲစောင့်ပါတယ်…။ အိမ်မှာ စကားပြောကြပြီး အဖေနဲ့ အပြင်ထွက် လက်ဖက်ရည် သောက်ကြတယ်…။ အဲဒီအခါ ကျမတို့ကလည်း ဦးမိုး `တာ့တာ´ အိမ်ကို လာလည်အုံးနော်လို့ အမြဲ ပြောနေကြပါ။ ဦးမိုး ကလည်း အေးအေး လာခဲ့မယ် သမီးရေတဲ့။ ညီမလေးကိုတော့ သူခေါ်နေကျအတိုင်း `ဖွားသီလရှင်လေး´ တာ့တာ နော်တဲ့။ မြင်ယောင် နေမိပါတယ် ဦးမိုးရေ……….။ သတိလည်း ရနေပါတယ်……။ အခုအချိန် ဘေးနားကတောင် အားပေးလို့ မရနိုင်တဲ့ အခြေအနေ မို့လို့ ပိုပြီး ၀မ်းနည်းရပါတယ်…။
အဖေကတော့ အရမ်းချစ်တဲ့ သူငယ်ချင်း အတွက် တော်တော်ခံစား နေရတယ်။ အဖေက ဦးမိုးထက် ကြီးတော့ အမြဲတမ်း အဖေ့ကို ကန်တော့နေကြပါ။ ဘုရားတရားလည်း အလွန် ကိုင်းရှိုင်းပါတယ်။ ဒါကြောင့်လည်း `လည်ချောင်းကင်ဆာ´ လို့ သိလိုက်ပေမဲ့ ထိန်းချုပ်နိုင်စွမ်းရှိပြီး ကိုယ့်ကိုကိုယ် တရားနဲ့ ဖြေသိမ့် နိုင်ခဲ့တယ်တဲ့…။ ဒါပေမဲ့ မိသားစုဝင် တွေကတော့ ဘယ်လို ဖြေဆည်လို့ ရနိုင်မှာလဲ………။ ကျမတို့တောင် စိတ်မကောင်း ဖြစ်ပြီး ဘယ်လို လုပ်ပေးရမလဲ လို့စဉ်းစားနေသေးတာ…။ မိသားစု အရင်းဆိုရင် သိလိုက်တဲ့အချိန် ဘယ်လောက်များ ပူဆွေးသောက ရောက်နေမလဲလို့ တွေးရင်း ပိုလို့ စိတ်မကောင်း ဖြစ်ရပြန်တယ်လေ။ `ကင်ဆာ´ ဆိုတာ ဘယ်လိုမှ ကုလို့ မရနိုင်တော့ဘူး ဆိုတာ သိနေပေမဲ့လည်း ဘာလုပ်ရင် ကောင်းနိုင်မလဲဆိုပြီး တဘက်ကလည်း မဖြစ်နိုင်ပါဘူး ဆိုပြီး လွန်ဆွဲ နေပြန်တယ်။
ဦးမိုးက တရားဘာဝနာ စီးဖြန်းနေသူမို့ တည်တည်ငြိမ်ငြိမ် နဲ့ ရင်ဆိုင်နိုင်ပေမဲ့ ပတ်ဝန်းကျင်က တပည့်တွေ၊ ဆွေမျိုး မိတ်ဆွေတွေ ကတော့ အံ့သြမှုနဲ့ မယုံကြည့်တဲ့သူနဲ့ပေါ့…။ ဘယ်လိုပဲဖြစ်ဖြစ် အတတ်နိုင်ဆုံး နေလို့ရအောင် ဆေးကုနိုင်ဖို့ မျှော်လင့်မိတယ်.။
ဦးမိုးရေ….သမီးတို့ညီအမ နှစ်ယောက်နဲ့ လက်ချင်းချိတ်ပြီး ယုံကြည်ချက်တွေကို အံထုတ်ခဲ့တဲ့ အချိန်ကို အရမ်းလွမ်းမိပါတယ်…။ အဲဒီ မြင်ကွင်းကိုလည်း သမီး ဘယ်တော့မှ မေ့လို့မရပါဘူး။ သမီး အဝေး တနေရာကနေ မျက်ရည်ကျနေရပြီ…။
စိတ်ထဲကလည်း ကလေးတယောက် အတွေးနဲ့ ဘာဖြစ်လို့ ဦးမိုးကိုမှ ဒီလောက် ကြောက်စရာ ကောင်းတဲ့ ကင်ဆာရောဂါ လာဖြစ်ရသလဲ လို့တွေးမိနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှောင်လို့မရတော့တဲ့ ရောဂါကို ဦးမိုးပြောသလို ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ ဥတုလေးပါးနဲ့အညီ နေထိုင်မယ်ဆိုရင် လုံးဝပြန်မကောင်းဘူး ဆိုရင်တောင် ဆိုးဆိုးရွားရွား ခံစားရမှာ မဟုတ်ဘူးလို့ ထင်ပါတယ်…။
အခုတော့ ရောဂါကို အေးအေးသက်သာ နဲ့ရင်ဆိုင်နိုင်ပြီး အတတ်နိုင်ဆုံး နေလို့ရအောင် သမီး အဝေး တနေရာကနေပဲ ဆုတောင်း နေပါတယ်…..။
ဦးမိုးရဲ့ သေခြင်းတရား ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပုံ ဆောင်းပါးလေးကို ဖတ်လို့ရအောင် လင့်လေး ပေးထားပါတယ်.။ ဒီလင့်လေး မှာ ဖတ်ကြည့်လိုက်ပါနော်...။

No comments:
Post a Comment