Tuesday, May 25, 2010

မှိုင်းညို့ညို့..


အလင်းရောင် တဖြည်းဖြည်း ပျောက်လို့ အမှောင်ဘက် ကမ်းဆီကို ချဉ်းကပ် လာနေတဲ့အချိန်မှာ..။

ပူပြင်းလှတဲ့ ရာသီ အခြေအနေကနေ တလှမ်းချင်း အအေးဓါတ်ကို ကူးပြောင်းလို့…။

ကောင်းကင် တခွင်လုံး မှိုင်းညို့ အုံ့မှောင်မှုနဲ့ အတူ ကျမရဲ့ စိတ်အစဉ် တွေကလည်း ကောင်းကင်ကြီးနဲ့ အပြိုင် မှိုင်းညို့ အုံ့မှောင်ပြီး ရွာတော့မဲ့ဟန် နဲ့ ပြိုဆင်းတဲ့ ဟန်ပန်နဲ့……..

စိတ်ဆိုတာကလည်း ပျံ့လွင့်လွယ်၊ ပြောင်းလဲလွယ်၊ ပြန်တော့ တခဏ အတွင်းမှာပဲ ကမ္ဘာ လောကကြီးရဲ့ နေရာစုံကို တမုဟုတ်ချင်း ရောက်သွားပါ လေရောလား။

စိတ်သွားတိုင်း ကိုယ်ပါနိုင်ရင် ၀မ်းသာမဲ့ လူသားကလည်း ကျမ ဖြစ်နေပါရော….။

ကျမ နှစ်ခြိုက်ရတဲ့ နေရာလေး တခုဆီကို ရောက်သွားလိုက်တာ…

နေ့တိုင်းလို အမြဲ သတိရနေတဲ့ သိပ်ချစ်ရတဲ့ သူငယ်ချင်းတွေ ရှိတဲ့ဆီကို အလျင်အမြန် ရောက်သွား မိတယ်။

စိန်ပန်းပင် တွေ ရဲနေအောင် ပွင့်နေတဲ့၊ မြေသင်းနံ့လေး သင်းနေတဲ့ တက္ကသီလာ မြကျွန်းသာ ကျောင်းကြီးထဲက လမ်းပေါ်မှာ သူငယ်ချင်းတွေနဲ့ အတူ လမ်းလျှောက်လို့.။

အလို…. လမ်းတလျှောက်လုံး စိန်ပန်းပွင့်လေးတွေ ကြွေကျနေလိုက်တာ.. ရဲနေတာပါပဲလား…

သူငယ်ချင်း အားလုံးရဲ့ မျက်ဝန်းလေး တွေကလည်း တောက်ပတဲ့ အရောင်တွေနဲ့ အပြုံးပန်းတွေ ဝေဆာ နေလိုက်တာ အနာဂတ်လမ်းဆီကို ဦးမော့လို့…..။ အချိန်ကြာလာတာနဲ့ အမျှ ကျမတို့ သူငယ်ချင်းတွေရဲ့ ကြိုးစားမှု ရလာဒ်တွေနဲ့ ရင့်သန်မှုတွေကလည်း အားကောင်း လာတယ်လေ။ ရင်ထဲမှာ ဖြစ်တည်နေတဲ့ ရည်မှန်းချက် တွေက နီးသထက် နီးလာရင်း… သူငယ်ချင်း အားလုံးရဲ့ ရင်ထဲမှာလည်း နွေးထွေးမှု ကိုယ်စီ ရင်ဝယ်ပိုက်လို့…။

စိတ်ကူးတွေ တသီတသန်းကြီးနဲ့ လျှောက်လာ လိုက်တာ စာသင်ခန်းမထဲကိုတောင် ရောက်လာ လုနီးပြီပဲ..။ အတန်းထဲကို ရောက်တယ် ဆိုရင်ပဲ ဆရာမရဲ့ စာသင်သံက ကျမရဲ့ စိတ်ကူး ပုံရိပ်တွေကို သိမ်းသွင်းထား လိုက်တာ… တချက်တချက် တော့လည်း စာသင်ခန်းရဲ့ အပြင်ကို ပျံ့လွင့်လို့…။ ကျမဘေးနားမှာ ထိုင်နေတဲ့ သူငယ်ချင်းကို ကြည့်လိုက်တော့ စာထဲမှာ စိတ်ဝင်စား နေလိုက်တာလေ…။ အဲဒီအချိန်မှာ သူ့ရဲ့ စိတ်တွေရော အပြင်ကို ပျံ့လွင့် မနေဘူးလားလို့ တွေးကြည့်ရင်း ကျမရဲ့ စိတ်ကသာ ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ ဖြစ်နေပါပေါ့ လို့ တွေးရင်းနဲ့...။

အေးလေ……. ကျမရဲ့ စိတ်ကသာ ဟိုးးးးးး ဟိုး….. အဝေးတွေထိ သွားနေတာလေ..။

ဆရာမ စာသင်ချိန် အပြီးမှာတော့ ကျမရဲ့ မျောလွင့်နေတဲ့ စိတ်ကို လိုက်လံ ဖမ်းဆုပ်ရင်း နောက်ဝင်လာမဲ့ ဆရာကို စောင့်မျှော် နေမိတယ်..။ စာသင်မဲ့ ဆရာကို မျှော်နေရင်းကပဲ စိတ်တွေက ဘယ်ကို ရောက်သွား မိပါလိမ့်..။ အို… ပြန်လို့ စုစည်းဦးမှ… စုစည်းဦးမှ…ပဲ...။

ဟော…. ဆရာတောင် အတန်းထဲကို ၀င်လာနေပြီ..။ ကျမတို့ သူငယ်ချင်း အားလုံး ဆရာရဲ့ သင်ကြားမှု အောက်မှာ နာခံရင်း စိတ်ကိုတော့ အဝေး မရောက်အောင် ထိန်းချုပ်ရင်းပေါ့…။

စာသင်တဲ့ အချိန် အပြီးမှာတော့ စိတ်ကို တခါပြန်စုစီး…. ပြန်ထုတ်ပိုး…. မလို့ လုပ်နေတုန်း ဗြုန်းဆို… မိုးအကြီးအကျယ် ရွာချလိုက်တာ… မှိုင်းညို့ညို့ ဖြစ်နေတာကနေ ခုတော့ သူ့တာဝန် သူ ကျေပွန်အောင် ထမ်းဆောင်လို့….

သေချာ ပြန်စဉ်းစားပြီးတဲ့ အချိန် စိတ်ကို သေချာ ပြန်စုစီးပြီး ပြန်ထုတ်ပိုးပြီးတဲ့ အချိန်မှာတော့ ကျမတယောက် စိတ်ကူးအယဉ်လွန်နေတာပဲ…. အဲဒီတော့မှ အိမ်ပြင်ဘက်ကို ကြည့်လိုက်တာ အိုးးးးးးး မိုးတွေ သည်းသည်း မည်းမည်းနဲ့ အရမ်းရွာနေတာပါရောလား…….။

Wednesday, May 19, 2010

အမှောင်မှ အလင်း….


မှောက်မိုက်နေတဲ့ နေရာ ရပ်ဝန်းလေး တခုထဲ ကနေ အလင်းရောင်နဲ့ ပြည့်စုံနေတဲ့ နေရာ ရပ်ဝန်းလေး တခုကို ကြည့်လိုက်တဲ့ အခါ ခံစား သိရှိလိုက်ရတာက အလင်းထဲမှာ ရှိနေတဲ့ သက်ရှိ သက်မဲ့ အရာတွေ အားလုံးကို တွေ့မြင်လိုက်ရတယ်။ အဲဒီအခါ ကိုယ်က အမှောင်ထဲကနေ အလင်းထဲက အရာအားလုံးကို မြင်နေရတဲ့အခါမှာ ၀မ်းသာသလိုလို၊ ကျေနပ်မှု ရှိသလိုလို ပီတိ ဖြစ်တတ်ကြတယ်။

အလင်းထဲမှာ ရှိနေတဲ့ သက်ရှိ သက်မဲ့ ၀တ္ထု ပစ္စည်းတွေကို အမှောင်ထဲကနေ ကြည့်ချင်သလို ကြည့်လို့ ရနေတာ ဆိုပြီးတော့လည်း အမှောင်ထဲမှာပဲ လမ်းလျှောက်ချင်ကြပြန်တယ်။

တခါတရံတော့လည်း အမှောင်ထဲက လူဟာ အလင်းထဲမှာ ရှိနေတဲ့ လူတွေရဲ့ လှုပ်ရှားမှု၊ ပြောဆိုမှု၊ နေထိုင်မှု၊ စတာတွေ ကို ကြည့်ပြီး အမှောင်ထဲမှာပဲ လှုပ်ရှားကြပြန်တယ်။ ဒါတွေကို ကြည့်ပြီး အမှောင်ထဲက လူဟာ အလင်းထဲက လူထက် အစစအရာရာ သာနေတယ်လို့ ထင်မြင်မိပေမဲ့ တကယ်တော့ ဆန့်ကျင်ဘက် တေးသွားတပုဒ်လို ပါပဲ။

ကိုယ်တိုင်က ရိုးသား ဖြူစင်တဲ့ စိတ်ရှိတဲ့သူဟာ အမြဲတမ်း အမှောင်လောက ကမ္ဘာကြီးထဲမှာပဲ ရှိမနေကြဘူးလို့ ထင်မိတယ်။ တကယ်တော့ အမှောင်ထဲက လူဟာ အလင်းရောင်ထဲကို ခနဖြစ်ဖြစ် ၀င်ကြည့်မိခဲ့ရင် အလင်းရောင်ထဲက လူတွေရဲ့ ခံစားချက်၊ အလင်းရောင်ထဲက လူတွေရဲ့ နှလုံးသွေးကို သိနားလည်ပြီး သဘောပေါက် သွားမှာပါ။

လူတွေရဲ့ ဘ၀ တသက်တာ ဆိုတာ အချိန်အတိုင်းအတာ တခုအနေနဲ့ သိပ်ကို တိုတောင်း လွန်းလှပါတယ်။ ဒါကြောင့် အမှောင်ထဲမှာ ရှိနေတဲ့ လူတွေဟာ အမှောင်ထဲမှာပဲ စီးမျော နစ်ဝင်မနေပဲ အလင်းရှိတဲ့ နေရာလေးတခု၊ ဒါမှမဟုတ် အလင်းရောင် ရပ်ဝန်းထဲကို ၀င်လာခဲ့မယ်ဆိုရင် တန်ဖိုး ရှိတဲ့ အချိန်တခုကို ဖြတ်ကျော် သွားနိုင်မှာပါ။ အဲလို တန်ဖိုးရှိတဲ့ အချိန်တခု ကို ဖြတ်သွားရမဲ့ ဘ၀ ယာဉ်ရထားကြီး ပေါ်မှာလည်း ပျော်ရွှင် ကြည်နူးမှုတွေနဲ့ အတူ လောကကြီးရဲ့ ကောင်းကျိုးတွေကို သယ်ပိုးရွက်ဆောင်နိုင်ပြီး လူမှုဘ၀ ဖူလှုံမှု တွေနဲ့ အဖေါ်ကောင်းတွေကို ပိုင်ဆိုင်ကြရမှာ မလွဲဧကန်ပါပဲ..။

အခု အခြေအနေမှာ ဆိုရင် လူတော်တော် များများက အမှောင်လောကထဲမှာပဲ ကျင့်သား ရသလို ဖြစ်နေကြပြန်တယ်။ အလင်းထဲမှာ ဆိုရင် ရင်ဆိုင်ရမဲ့ ပြဿနာတွေ၊ ပြောဆိုရမဲ့ စကားအသွားအလာတွေ နဲ့ တည့်တည့် တိုးနိုင်၊ တည့်တည့် ရင်ဆိုင် ရနိုင်ပါတယ်။ ဒါပေမဲ့လည်း အလင်းထဲကနေ ပြဿနာ တခုကို ရင်ဆိုင် ဖြေရှင်း လိုက်နိုင်တာက ပိုလို့ မြင့်မြတ်ပါတယ်။

အမှန်တော့ အမှောင် ဘ၀ ထဲကနေ အလင်းရောင် ဘ၀ထဲကို ၀င်ကြည့် လိုက်မယ်ဆိုရင် ဘ၀မှာ မမြင်နိုင်တဲ့ ရင်းနှီးမှုတွေ၊ မကြားဖူးသေးတဲ့ အတွေ့အကြုံတွေ၊ အဆက်အသွယ်တွေ၊ တန်ဖိုး မဖြတ်နိုင်တဲ့ ကုသိုလ်စိတ်တွေ၊ မကြုံဖူးသေးတဲ့ ဘ၀ အခြေအနေတွေ နဲ့ တွေ့ကြုံလာမှာပါ။ ဒါကိုက ဘ၀မှာ သိပ်ကို တန်ဖိုးရှိတဲ့ အချိန်တခုကို ကျော်ဖြတ်သွားနိုင်ပြီပေါ့။

အလင်းထဲမှာ နေပြီးတော့လည်း အလင်းထဲမှာ ရှိနေကြတဲ့ လူတွေရဲ့ ပကတိ ရိုးသားဟန်၊ ဖြူစင်ဟန်၊ ပြောဆိုဟန်၊ လှုပ်ရှားမှုဟန်၊ တွေးခေါ်ဟန်၊ နေထိုင်ဟန်၊ တွေကို လက်တွေ့ ကြည့်ရှု လက်တွေ့ ရင်ဆိုင် တွေ့ကြုံ ရမှာပါ။ ပညာရည် ပြည့်ဝတဲ့ သူတွေဆီကနေ ပညာယူလို့ တိုးတက် လျှောက်လှမ်းနိုင်ကြမယ်။ အသိဥာဏ် ပြည့်ဝတဲ့ သူတွေဆီကနေ မသိသေးတဲ့ အကြောင်းချင်းရာတွေကို သိရှိ နားလည်နိုင်ကြမယ်။

အမှောင်ဘ၀ထဲမှာပဲ နေပြီး အမှောင်ထဲမှာ ရှိနေတဲ့ လူတွေဟာ အမှောင်ထဲမှာပဲ ဖြတ်သန်းနေကြတဲ့ လူတွေကို မြင်နိုင်ပါ့မလား…။

ကျမဟာ အမှောင်ကြောက်တတ်သူ ဆိုတော့ အလင်းထဲမှာပဲ နေပြီး အလင်းကိုပဲ ကြည့်နေချင်တယ်။

အလင်းရောင် ရပ်ဝန်း ထဲမှာ ရပ်တည်နေပြီး အလင်းရောင် ရပ်ဝန်းထဲမှာ ရှိနေတဲ့ လူတွေကို အပြုံးပန်းတွေ ဝေေ၀ဆာဆာနဲ့ စိတ်ရင်းအမှန် အတိုင်း ပြောဆို ဆက်ဆံ၊ အသိပညာတွေ ဖလှယ် နိုင်ကြပြီး၊ တူညီတဲ့ ဘ၀လမ်းကြောင်းထဲမှာ တူညီတဲ့ စိတ်ကောင်းစိတ်မြတ်တွေနဲ့ စိမ်းလန်း ဝေဖြာ အလှဆင် နိုင်ကြပါစေလို့ ရင်ထဲ တနေရာကနေ လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုရင်း…..။

Friday, May 14, 2010

ရေရှားပါးမှု ကိုဖြေရှင်းဖို့…


မြန်မာနိုင်ငံမှာ ရာသီဥတု ပူပြင်းလာတာနဲ့ အမျှ သောက်သုံးရေရှားပါးမှု၊ ရေပြတ်လပ်မှု ပြဿနာကလည်း တစတစနဲ့ တိုးလိုးသာ လာနေတော့တယ်။ ဟိုနားမှာ ရေရှားပါး၊ ဒီနားမှာတော့ ရေပြတ်သွားပြန်ပြီ… ဟိုရွာမှာလည်း ရေတွေ ခန်းကုန်ပြီနဲ့ အဝေးကနေ ကြားနေရ၊ မြင်နေရ တာ တကယ်တော့ စိတ်ထိခိုက်လှပါတယ်။ ကိုယ့်ရဲ့ နိုင်ငံမှာ ရေရှားပါးမှု ပြဿနာက အရင်တုန်းက သိပ်မကြားဖူးပေမဲ့ ခုလို သဘာဝ ပတ်ဝန်းကျင် ဆုံးရှုံးလို့၊ သစ်တောတွေ ပြုန်းတီးလာတာနဲ့ အမျှ ရာသီဥတုရဲ့ ဖေါက်လွဲဖေါက်ပြန် ကိုလည်း တနင့်တပိုး ခံစားကြရပြန်ပါတယ်။

တခါမှ မကြုံဖူးတဲ့ အဖြစ်တွေက.. ကန်တွေ ရေခန်းတာ၊ ရေအိုင်တွေ ရေခန်းတာ၊ အဲဒါ တွေဟာ ဘာကြောင့်လဲ…။

ကျမတို့ဟာ အမိနိုင်ငံနဲ့ ဝေးနေတဲ့ နေရာ တခုမှာ ရောက်နေပေမဲ့ ကိုယ့်နိုင်ငံရဲ့ အခက်အခဲတွေကို တတ်နိုင်သရွေ့ ပါဝင်နိုင်မယ်ဆိုရင်….

ကျမလည်း မိတ်ဆွေတွေ တချို့နဲ့ တိုင်ပင်ရင်း ရေရှားပါးမှု၊ ရေပြတ်လပ်မှု အတွက် မေးမြန်းစုံစမ်းရင်း လတ်တလော ရေပြတ်လပ်မှု အတွက် ကူညီ ဖြေရှင်းပေးနေတဲ့ STA အဖွဲ့နဲ့ ပေါင်းပြီး ရေလှူဒါန်း နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

လတ်တလော ခံစားနေရတဲ့ ရေပြတ်လပ်မှု ဘေးဒုက္ခဆိုးကြီးနဲ့ သောက်သုံးရေ ရှားပါးမှု တို့အတွက် ရေလှူဒါန်း နိုင်ဖို့ ဖိတ်ခေါ်ပါရစေ..။

Wednesday, May 12, 2010

ပျောက်ရှခဲ့တဲ့ စကားလုံးများ


တခါတရံ ရင်ထဲမှာ ပြောချင်တဲ့ စကားလုံးလေးတွေက ရင်ထဲမှာပဲ ပျောက်သွားခဲ့ရတယ်။ တခါတရံတော့ ပြောချင်တဲ့ စကားလုံးလေးတွေက စကားလုံးတွေအဖြစ် ပါးစပ်ထဲကနေ နူးညံ့ သိမ်မွေ့စွာနဲ့ ထွက်ကျ လာတတ်တယ်။ တခါတရံတော့ လည်ချောင်းဝမှာတင် တစ်ဆို့လို့…။ တခါတရံတော့ စကားလုံးလေးတွေကနေ သံစဉ် ရှာဖွေပြီး ရှတတဲ့ သီချင်းတွေ အဖြစ် သီဆိုလို့.။ ကလောင်သွားထက်တဲ့ သူတွေကတော့ စာလုံးလေးတွေအဖြစ် တနေရာရာမှာ အစက်ချလို့ပေါ့..။ စုတ်ချက် ကျွမ်းကျင်တဲ့သူတွေ ကတော့ ပန်းချီ အဖြစ် အသက်သွင်းလို့...။ တခါတရံတော့ ကဗျာ ခံစားမှုတွေ အဖြစ် နူးညံ့လှပ သပ်ရပ်စွာနဲ့ ခံစားမှုလေးတွေ သီကုံးလို့ပေါ့.။ တခါတရံတော့ အိပ်မက်အဖြစ် ပုံစံပြောင်းလို့ပေါ့..။

ကိုယ်ပြောချင်တဲ့ စကားလုံးလေးတွေကို အမျိုးမျိုးသော ပုံသဏ္ဍာန်တွေနဲ့ ကိုယ်တိုင် ဖေါ်ကျူး၊ ကိုယ်တိုင် အဓိပ္ပါယ် ဖွင့်ဆို၊ ကိုယ်တိုင် ရေးစပ်၊ ကိုယ်တိုင် ဖွင့်ဟ၊ ကိုယ်တိုင် ခံစား၊ ကိုယ်တိုင် သီကျူး၊ ကိုယ်တိုင် သီဆို၊ ကိုယ်တိုင် ရေးဖွဲ့၊ ကိုယ်တိုင် ဖွေရှာလို့..

တနည်းနည်းနဲ့ ကိုယ်ရင်ထဲက ထွက်ကျလာမဲ့ နက်နဲလှတဲ့ စကားလုံးတွေကို တစုံတခုသော နည်းလမ်း တခု အနေနဲ့ သီကုံး ရတာကိုက ကိုယ့်အတွက်တော့ ရုပ်လုံးပေါ်သွားခဲ့ရပြီ။

ကိုယ်ထွင်းလိုက်တဲ့ ရုပ်လုံးလေး၊ ကိုယ်အစက်ချတဲ့ ဆေးစက်လေးတွေဆိုတာ စကားလုံးတွေကနေ ရုပ်လုံးလေးတွေ၊ အစက်လေးတွေ အဖြစ် ရင်ထဲမှာ ဖြစ်တည်နေတဲ့ အစိုင်အခဲ တခုကို ပြင်ပမှာ အစက်ချလိုက်တာပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရင်ထဲက စကားလုံးလေးတွေကို ရင်ထဲမှာ သိမ်းထားတာထက် တနေရာရာမှာ ဖတ်ခွင့် ၊ နားဆင်ခွင့်၊ ကြည့်ခွင့်၊ ကြုံရတာလည်း ကောင်းသော အစက်ချခြင်းလေး တမျိုးပေါ့။

တချို့ စကားလုံးတွေ ကျတော့လည်း အစက်လေးတွေ ချရတာထက် ရင်ထဲမှာပဲ သိမ်းဆည်း ထားရတာက ခိုင်မာ တည်တံ့ခြင်း တမျိုးပါပဲ။ သိမ်းဆည်းထားရတာ တဖြည်းဖြည်း များလာတော့လည်း ပေါက်ကွဲ ထွက်ကျ လာနိုင်သေးတယ်။ ပေါက်ကွဲ လာမဲ့ စကားစုတွေက ကောင်းသော စကားလုံးတွေ အဖြစ် တည်ရှိဖို့ အရေးကြီးပြန်တယ်။

တခါတရံလည်း ရင်ထဲက စကားလုံးတွေက ရင်ထဲမှာပဲ ပျောက်ရှသွားခဲ့သလို၊ ရင်ထဲမှာပဲ အမာရွတ် ထင်ကျန်ခဲ့ရတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရင်ထဲက စကားလုံးတွေက ဘာကိုရည်ရွယ်ပြီး ဖြစ်တည်လာခဲ့ရတာလဲ။။ ဘယ်လို အကြောင်းကြောင့် ဖြစ်လာခဲ့ရတာလဲ။။ ဘယ်သူ့ကြောင့် ဖြစ်လာခဲ့ရတာလဲ။။ ဆိုတော့…

ရင်ထဲက စကားလုံလေးတွေကိုတော့ သိမ်းထားသင့်တာကို သိမ်းထားပြီး ဖွင့်ဟသင့်တာကို တပါးသူ အတွက် (တပါးသူအတွက် မထိခိုက်ဖူးဆိုရင်ပေါ့) ဖွင့်ဟသင့် ပါတယ်။ မပြောဖြစ်ခဲ့ဖူး ဆိုရင်တော့ တချိန်ချိန်မှာ နောင်တနဲ့အတူ ၀မ်းနည်း ပူဆွေးမှုတွေ၊ နာကျင်မှုတွေကို သာ လက်ခံရလိမ့်မယ်။ ကိုယ့်ရဲ့ ရည်ရွှယ်ချက်အတိုင်း၊ ကိုယ်ရဲ့ စိတ်ရင်းအမှန်အတိုင်း ရင်ထဲကနေ ဖြစ်တည်လာခဲ့တဲ့ စကားလုံးတွေကို ကိုယ်ရည်ရွယ်တဲ့သူကို ထုတ်ဖေါ် ပြောပြသင့်ပါတယ်။

ဒါပေမဲ့လည်း တခါတခါမှာ ကိုယ်ပြောချင်တဲ့ ကိုယ်အလေးထားတဲ့ စကားလုံးတွေဟာ ပြောဖို့ ခက်တဲ့ အခြေအနေမှာ ဖြစ်နေတတ် ကြပြန်တယ်။

အဲဒီ အခြေအနေကို ပြောင်းလဲဖို့တော့ လိုတာပေါ့။ ပြောင်းလဲအောင် လုပ်ဖို့လည်း လိုပါတယ်။

ဒါကြောင့် တန်ဖိုးထားရတဲ့ စကားလေးတခွန်းဟာ တခါတရံမှာတော့ ရင်ထဲမှာပဲ နှမြောစရာကောင်းစွာနဲ့ ပျောက်ရှ ကုန်ကြရတယ်။

ကိုယ်လည်း ရင်ထဲက စကားလုံးတွေ ဘယ်လောက်တောင် ပျောက်ရှကုန်ပြီလဲလို့ အထပ်ထပ် တွေးရင်း….

နာကျင်စွာနဲ့ပဲ နှလုံးသွေးတွေ ဗလောင်ဆူကုန်တော့တယ်……..။

Saturday, May 8, 2010

ဘယ်သောအခါမှ ပျောက်ကွယ်မသွားမဲ့ `အမေ´


ကမ္ဘာ့အမေများနေ့မှာ အမေအတွက် ဘယ်လိုဂုဏ်ပြုစာ ရေးရမလဲလို့ တွေးရင်း… တွေးရင်းနဲ့…

ကျမရဲ့ မတောက်တခေါက် စာရေးသားပုံနဲ့ ကျမအမေရဲ့ မေတ္တာကျေးဇူး အနန္တတွေက ကြီးမားလွန်းမက ကြီးမားပြီး နှိုင်းယှဉ်ဖို့ ခိုင်းနှိုင်းလို့ မရလောက်အောင် များပြားလွန်းမက များပြားနေတာကြောင့် ရေးဖို့ အလွန့်ကို မ၀ံ့မရဲ ဖြစ်နေမိပါတယ်..။ ဒါပေမဲ့လည်း အမေများနေ့မှာ အမေအတွက်လည်း တခုခု ဂုဏ်ယူချင်၊ ဂုဏ်ပြုချင်တာကြောင့်လည်း ကျမရဲ့စိတ်ထဲမှာ အတော့်ကိုပဲ မချင့်မရဲ ဖြစ်နေရပြန်တယ်။

ကျမရဲ့ ရေးသားချက်တွေဟာ အမှန်တကယ်တော့ ဆပ်လို့ မကုန်နိုင်တဲ့ ကျေးဇူးရှင် ကျမအမေရဲ့ မေတ္တာနဲ့စာရင် မြူမှုန်လေး တမှုန်စာလောက်ပဲ ရှိမယ်လို့ ယုံကြည်မိတယ်။

ကျမ အမေဟာ သားသမီးတွေ အပေါ်မှာ ငယ်ငယ်ကတည်းက ဘယ်လိုပြုစု ပျိုးထောင်ခဲ့ရလဲဆိုတာ ကျမတို့ မောင်နှမ တွေကအသိဆုံး ဖြစ်နေလို့ပါပဲ………. အမေ။

သားသမီးတွေကို ပညာတတ် ဖြစ်စေချင်လွန်းလို့ အမျိုးမျိုး ကြိုးစားပြီး ပိုပြီး အပင်ပန်းခံခဲ့တာ တွေကိုလည်း ကျမတို့တွေ အသိဆုံးပါပဲ………. အမေ။

မိသားစု အပေါ်မှာလည်း တကယ့်ကို တာဝန်တွေကျေလွန်းလို့ အများရဲ့ အံ့သြ ချီးမွန်းမှုကိုလည်း ခံရတာ မဆန်းပါဘူး………. အမေ။

ဆွေမျိုး မိတ်ဆွေတွေ အပေါ်မှာလည်း အခက်အခဲရှိလာရင် စိတ်အား ထက်ထက်သန်သန် နဲ့ ကူညီဖို့ အဆင်သင့် ဖြစ်နေတယ်ဆိုတာ ကျမတို့တွေ အသိဆုံးပါ.......... အမေ။


မှတ်မှတ်ရရ..

ကျမ ဆယ်တန်းမှာ…

ညဘက် ညဥ့်နက်အောင် စာကျက်တဲ့ကျမကို မအိပ်မချင်း ဘေးနားကနေ စောင့်ပေးပါတယ်။ တရက်မှာ တနေ့လုံး ပင်ပန်းနေတော့ ကျမဘေးနားမှာ လှဲပြီး စောင်လေးခြုံလို့ စောင့်ပေးနေပါတယ်။ ကျမဘေးနားမှာ ခြင်ဆေးလည်း ထွန်းထားပါတယ်။ ကျမက နောက်ကိုလှည့်ကြည့်လိုက်တော့ အမေကို ခြင်ကိုက်မှာစိုးလို့ ခြင်ဆေးခွေကို ကျမအမေရဲ့ ဘေးနားကို ကပ်ပြီးထားလိုက်မိပါတယ်။ တော်တော်ကြာတော့ ကျမအမေက အမလေး ပူလိုက်တာဆိုလို့ ကျမ နောက်လှည့်ကြည့်တော့မှ ကျမအမေရဲ့ ဒူးခေါင်းမှာ ခြင်ဆေးကနေ မီးကူး၊ စောင်ကိုလောင်ပြီး ဒူးခေါင်းကိုလောင်နေပါတယ်။ ဒူးခေါင်း ပူတော့မှ သိပါတယ်။ ဒူးခေါင်းနားက စောင်မှာ အပေါက်ကြီး ဖြစ်သွားပြီး အပူလောင်သွားပါတယ်။ ဒါနဲ့ပဲ နောက်ဆို ခြင်ဆေးကို မထွန်းရဲတော့ပါဘူး။

ကျောင်းအတွက် ထမင်းဗူး အဆင်သင့် ဖြစ်အောင် အစောကြီး ထချက်၊ မနက်စာ မုန့်စားဖို့ အဆင်သင့် လုပ်ပေးနေရင်းနဲ့တောင် မအားတဲ့ကြားထဲကနေ ကျမတို့လိမ်းဖို့ သနပ်ခါးကလည်း သွေးပေးပြီးသား ပါ။ ကျမတို့ကတော့ အဆင်သင့် လိမ်းရုံပဲပေါ့။ အဲဒီအချိန်တုန်းကတော့ အမေ ဘယ်လောက် ပင်ပန်းမှန်းကို မသိခဲ့ ရရိုး အမှန်ပါ။

ကျမတို့ အရွယ်ရောက် လာတော့လည်း ကျောင်းတက်နေရတဲ့ ကျမတို့တွေ အတွက် ပင်ပန်းခဲ့ရပြန်တာပါပဲ။ ခုချိန်ထိလည်း ကျမတို့တွေ အတွက် ဘေးနားကနေ အားလုံးကို လုပ်ကိုင်ပေးနေတုန်း၊ အကြံဥာဏ်ကောင်းတွေ ပေးနေတုန်းပါ။

သားသမီးတွေ အပေါ် အလွန့်ကို တာဝန်ကျေပွန်သလို ကျမအဖေအပေါ်မှာလည်း အလွန်ကို တာဝန် ကျေပွန်ပြီး ဇနီးကောင်းပီသ ပါတယ်။

ပြီးတော့ ခင်ပွန်း သားသမီးတွေ အပေါ်မှာသာ တာဝန်ကျေပွန်ရုံမက မောင်နှမဆွေမျိုးသားချင်းအပေါ် မှာလည်း အလွန်ကို တာဝန်ကျေပွန်ပါတယ်။ တခါတရံ ကျမတို့တွေက အမေ ပင်ပန်းတာကို ကြည့်ပြီး အားမလို အားမရနဲ့ ပြောမိကြပါတယ်။ ဒါပေမဲ့လည်း ကျမအမေကတော့ ဆွေမျိုးတွေ အခက်အခဲ တခုခု ဖြစ်လာရင် အမြဲ တတ်နိုင်တဲ့ဘက်က ကူညီနေမြဲပဲ။

အပေါင်းအသင်း မိတ်ဆွေတွေ အပေါ်မှာလည်း လိုအပ်လာရင် ကူညီဖို့ အဆင်သင့်ပါပဲ။။ ဒါကြောင့်လည်း မိတ်ဆွေတွေရဲ့ ချစ်ခင်မှုကို အပြည့်အ၀ ခံစားရပြန်ပါတယ်။ ကျမတို့တွေက တခါတလေမှာ အမေကို ကြည့်ပြီး ရင်မောရပါတယ်။ ဘာလို့လဲဆိုတော့ သူများအတွက်ပဲ ပူပန်နေလို့ပါ။။။ သူများက မရှိဘူးလို့ ပြောပြန်ရင်လည်း မရှိရှိတာကို ပေးပြီး ကူညီတတ်မြဲ.. စိတ်ပူပန်မြဲ… ။ ကျမတို့က `မေ´ ဒီလောက်ထိ မပူနေပါနဲ့လို့ ပြောရင်လည်း မရပါဘူး။

အခုတော့ အမေကို စိတ်ချမ်းချမ်း သာသာနဲ့ အပူအပင်ကင်းပြီး နေနိုင်စေဖို့ ကျမအမေကို နှလုံးသားထဲကနေ ဆုတောင်းနေရုံ...

ပြီးတော့ `အမေ´ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာအောင် အစွမ်းကုန် ကြိုးစား နေထိုင် ဆောင်ရွက် ပြီး အမေ ဖြစ်စေချင်တဲ့ သမီးကောင်း တယောက် ဖြစ်စေရပါမယ်လို့လည်း ကတိပြုရင်း...

မေလ(၉) ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အမေများနေ့မှာ အမေများအားလုံး ကျန်းမာ၊ ချမ်းသာ၊ စိတ်ချမ်းသာ၍ ချစ်သော သားသမီးများနဲ့ မခွဲမခွါ အတူ နေထိုင်နိုင်ပါစေ လို့ ဆုတောင်းရင်း လက်ဆယ်ဖြာမိုး ရှီခိုးဦးချ ကန်တော့ပါတယ်။

ကမ္ဘာ့အမေများနေ့ကို ဂုဏ်ပြုရေးသားသည်။