Tuesday, October 19, 2010

လက်ကနဲပေမဲ့

တကိုယ်တည်း တီးတိုးရေရွတ်သံ မှတပါး ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်လာတဲ့ လေတိုးသံကိုတောင် မကြားနိုင် လောက်အောင် သစ်ရွက်လေး ကြွေကျတာတောင်မှ မတွေ့မြင်နိုင် လောက်အောင်……… သက်ပြင်းရှည်ကြီးကို အခါခါချလို့ လှိုက်ဖိုမောဟိုက် နေတဲ့ ကျမတယောက်က လွဲလို့….

အနီးဝန်းကျင်မှာ ဘာဆိုဘာမှ မမြင်နိုင် လောက်အောင် ပိတ်မှောင် နေတာလား.. ဒါမှမဟုတ် အလင်းရောင် ကင်းမဲ့ သွားလောက်အောင်… အသိ စွမ်းအင်တွေ အားနည်း သွားလောက်အောင်… မျက်လုံး စွမ်းအင်ကပဲေ၀၀ါး သွားခဲ့လေပြီလား… ဒါမှမဟုတ် အသိ စွမ်းအင်တွေ လျော့ကျ သွားခဲ့ပြီလား…..။

အို…. မျက်လုံး အနီးတ၀ိုက်က တဆစ်ဆစ် နာကျင်နေပါလား….!

မျက်လုံးနား တ၀ိုက်က နာကျင်နေတာထက် ရင်ထဲမှာ မနာကျင်ဖို့… ဦးနှောက်ထဲက အသိ စွမ်းအင်တွေ မပျောက်သွားဖို့.. ဘယ်လိုသတ္တိတွေ.. အင်အားတွေ.. စိတ်ခွန်အား တွေနဲ့ ယှဉ်ပြိုင် နေရအုံးမှာပါလဲ…!

ဟင့်အင်း….ကျမရဲ့ အကြည့်တွေ အားလုံးကတော့ မှောင်အတိ ကျနေပြီ… ဘာကြောင့်လဲ… ဘာကြောင့်များပါလဲ…

အသိလေး တချက် ၀င်လာတဲ့ အခိုက်အတန့် ယောင်ရမ်းလို့ မျက်လုံးလေးကို ကိုင်ကြည့်လိုက်တဲ့ အခါမှာ ဘယ်လို အရာနဲ့များ ဖုံးအုပ် ထားခဲ့တာပါလိမ့်…..

အို…….. မဖြစ်နိုင်ပါဘူးးးးးးးးးးးးး

အမှောင်ထုကြီးက လွှမ်းမိုးထားပါလား……..

အမှောင်ထု ထဲမှာ စမ်းတ၀ါးဝါးနဲ့ လှမ်းလျှောက် လာရင်း ဘယ်ကို သွားနေတာပါလိမ့်.. ဘယ်ကိုဦးတည်ပြီး ရွေ့လျားနေတာ ပါလိမ့်.. ဘာကိုလိုချင်လို့ သွားနေတာ ပါလိမ့်လို့... ပြန်စဉ်းစားရင်း… ရုတ်တရက် အလင်းရောင်လေး တချက် လက်ကနဲ တွေ့လိုက်ရတယ်..!!!

အလင်းရောင်လေး နောက်ကို တကောက်ကောက် လိုက်ကြည့်ရင်း မသေချာ မရေရာတဲ့ မှုန်ဝါးေ၀၀ါး နေတဲ့ အရာလေး တခုနောက်ကို လိုက်နေမိသလိုများလား..။

သေချာ ကြည့်တော့မှ သိပ်ကို ကြည်လင် ၀င်းပတဲ့ လင်းရောင်တန်းလေး တခုပါလား…….။

ကြည်လင်ဝင်းပတဲ့ လင်းရောင်တန်းလေးရဲ့ နောက်မှာ ကပ်ပါသွားတဲ့ ကျမရဲ့ စိတ်ခွန်အား တွေကလည်း မယုံကြည်နိုင်စွာ အားအင် တက်ကြွလို့ ပင်ပန်းမှုကိုတောင် မခံစားရအောင် လိုက်ပါသွားခဲ့မိတယ်..။

ဒီအလင်းရောင်တန်း လေးက ဘယ်နေရာမှာမှ ဆုံးသွားမှာပါလိမ့်…. ဖြစ်နိုင်ရင် မဆုံးနိုင်တဲ့ နေရာလေး အထိ ကျမ လိုက်ပါသွား ဖြစ်တော့မယ်… အလင်းရောင်လေးရဲ့ ကြည်လင် ၀င်းပတဲ့ အလင်းတန်းလေး တခုကလွဲလို့ ဘာဆိုဘာမှ မြင်ခွင့် မရှိတော့ရင်တောင် ကျမလေ အလင်းတန်းလေး နောက်ကိုပဲ လိုက်နေပါရစေတော့……!

ဒါဟာ ကျမရဲ့ အသိ စိတ်အင်အားတွေ အားနည်းပြီး ပျောက်သွားခဲ့လို့လား....!

ဟင့်အင်းးး မဟုတ်ပါဘူး..

ကျမလေ..!!!!

ဒီအလင်းရောင်လေးကို သိပ်ကို မြတ်နိုး နေခဲ့သလို… ကျမရဲ့ အမှောင်ထုကြီးကို အလင်းရောင်လေး ပေးခဲ့လို့ပေါ့..

သေချာတာကတော့ ကျမတယောက်… အမှောင်ထုနဲ့ ဝေးရာ အလင်းရောင်လေး အရပ်ဆီသို့ ဦးတည်ခုတ်မောင်းလျက်….

Saturday, October 9, 2010

ရုပ်ကြွင်းလေးတခု

ရင်ထဲတနေရာက မျှော်လင့်ခြင်း အိပ်မက်တွေဖြစ်တဲ့ အိပ်မက်တွေသာ မက်ခွင့် ရမယ်ဆိုရင်….. ညတိုင်း မက်လိုက်ချင်ပါရဲ့…
ရာသီတွေ..........
နှစ်တွေ..............
လတွေ...............
ရက်တွေ.............သာ ကူးပြောင်းခဲ့ပေမဲ့ ရစ်မူးနေတဲ့ ပုံရိပ်တွေနဲ့ အေးစက်စက် နှလုံးသားကို ပြန်လို့ တူးဖေါ်လိုက်တဲ့ အခါမှာတော့….

လွမ်းစရာအိပ်မက်တွေ တနင့်တပိုး လွယ်ထားရတဲ့ သက်ရှိ တယောက်ရဲ့ ခါးသီးစရာ ရုပ်ကြွင်းတွေက လှောင်ပြောင်နေ သယောင်ယောင်….

ရုပ်ကြွင်းတွေကို ပြန်လို့ တူးဖေါ် ကြည့်လိုက်တဲ့ အခါမှာတော့ လတ်ဆတ်နေဆဲလား… ပုပ်သိုးနေတဲ့ ရုပ်ကြွင်းလား… နာကျင်မှုတွေနဲ့ အေးခဲ မာကျောသွားပြီဖြစ်တဲ့ အရာလေး တခုမျှပဲလား… ဒါမှမဟုတ် တကယ့်ကို သက်မဲ့ ရုပ်ကြွင်းတခုလေပဲလား…. ဝေခွဲမရနိုင်လောက်အောင် ဘယ်လိုအရာတွေက ပြုမူလိုက်ကြပြီလဲ..။

ပြုမူလိုက်ကြတဲ့ အရာလေး တခုနောက်ကို ခြေရာခံ လိုက်ကြည့်ရင်း လိုက်ကြည့်ရင်းနဲ့ ဟိုး….. အတိတ် ကမ္ဘာတခုဆီကို ရောက်သွားခဲ့ပေါ့..။ ဘာတွေများ ရှိခဲ့ပါလိမ့်….

အတိတ်ရဲ့ ကမ္ဘာငယ်လေးထဲမှာ ချစ်ခြင်းမေတ္တာတွေ အပြည့်.. ကြည်နူးမှု အပြည့်… အားအင်အပြည့်… ယုံကြည်ချက်အပြည့်… ပျော်ရွှင်စရာအပြည့်… မျှော်လင့်ချက်အပြည့်…နဲ့ ရဲရဲ လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေနဲ့ လျှောက်နေခဲ့တာကို တွေ့ရတဲ့ အခိုက် နှလုံးသွေး တဒင်္ဂ ရပ်တန့်သွားခဲ့တယ်…!

ရပ်တန့်နေခဲ့တဲ့ နှလုံးသွေးထဲကို အသစ်တဖန် လောင်းလိုက်တာကလည်း ချစ်ခြင်းမေတ္တာ တွေပဲ ဖြစ်နေခဲ့ပြန်တယ်..။

ဟိုးအတိတ် ကမ္ဘာလေးဆီက ထင်ကျန်ခဲ့တဲ့ ရုပ်ကြွင်းတခုကို ကောက်ယူလိုက်တဲ့ အခါမှာတော့ ဘာနဲ့မှ ဆေးရည်မစိမ်ထားတဲ့ ရုပ်ကြွင်းတခု အဖြစ်နဲ့သာ ဆီးကြိုနေလေရဲ့…။

အတိတ် ကမ္ဘာဆီက ရုပ်ကြွင်းလေးကို နေသားတကျ ပြန်ထားခဲ့ရင်း ကိုယ့်ရဲ့ ကမ္ဘာသစ် လာရာလမ်းကို ငေးမောလို့နေရင်း…..

ညနေခင်း ဆည်းဆာလေး တခုကိုတောင် ရောက်လာတော့မှာပဲ… လှပတဲ့ ညနေခင်း ဆည်းဆာလေးတခုကို ဖြတ်ကျော်ပြီးချိန် မှာတော့ မျှော်လင့် တောင့်တမိတဲ့ အိပ်မက်ကလေး... မက်မယ့် နေရာလေး တခုကို ဦးမော့လို့.. ဒီနေရာလေးကို သံသယကင်းကင်းနဲ့ ရောက်ဖို့ ဟိုးအတိတ်က ရုပ်ကြွင်းလေး ရှိရာ ကမ္ဘာငယ်လေး တခုဆီကိုတောင် သွားခဲ့ရသေးတာပဲ…!

သံသယကင်းကင်းနဲ့ ဆေးရည်မစိမ်ထားတဲ့ ရုပ်ကြွင်းလေးကိုတော့ လှပသေသပ်စွာ ထုပ်ပိုးပြီး နေသားတကျ ပြန်ထားခဲ့ပါတယ်လေ…။

ကမ္ဘာသစ်လေးဆီက ရုပ်ကြွင်းလေးလည်း လှပသပ်ရပ်စွာနဲ့ ကမ္ဘာမြေပြင် တနေရာမှာ သန့်ရှင်း လတ်ဆတ်နေမယ့် အရောင်ဆိုးဆေး မပါတဲ့ စိတ်ဆန္ဒတွေနဲ့ ထုပ်ပိုးထားတဲ့ အလတ်ဆတ် အရှင်းသန့်ဆုံး အိပ်မက်တွေနဲ့သာ မက်ခွင့် ရနိုင်ဖို့ ခွန်အားတစုံကို တိုင်တည်ရင်း ရုပ်ကြွင်းလေး တခုကို ငုံကြည့်မိလေရဲ့...!!!

Wednesday, October 6, 2010

လောင်မြိုက်စေခဲ့လေသလား…

ကမ္ဘာမြေပေါ်မှာ နေထိုင်နေကြတဲ့ လူသားတွေရဲ့ စိတ်ထဲမှာ တစုံတခုအတွက်.. တစုံတရာသော မေးခွန်းတွေ အတွက်… တစုံတရာသော မမျှတမှုတွေ အတွက်… `……………တွေ´ အတွက် လောင်မြိုက်နေကြရပါလား…။

ရင်ထဲ၊ နှလုံးသားထဲမှာ တစုံတရာသော အကြောင်းအရာတွေအတွက် လောင်မြိုက်ခဲ့ကြရတယ်။

ဘယ်လောက်များ လောင်မြိုက်မှုတွေ များခဲ့ရပါပြီလဲ…!

သူတပါးရဲ့ အပြောအဆို၊ အပြုအမူ၊ စိတ်နေစိတ်ထားတွေနဲ့ အကျင့်အကြံ တွေကြောင့် လောင်မြိုက် ကြရတယ်။ မိမိကြောင့် `ငါ´ မဟုတ်တဲ့ သူတပါးအပေါ် လောင်မြိုက်မှုတွေများ ပေးခဲ့မိလေ သလားးးးးး

မိမိရဲ့ မသိလို့ပဲဖြစ်ဖြစ်၊ သိလို့ပဲဖြစ်ဖြစ်၊ ကိုယ် စိတ်နှလုံး၊ အပြုအမူ၊ အပြောအဆို၊ ဟန်ပန် တွေကြောင့် တပါးသူရဲ့ စိတ်မှာ မလောင်ကျွမ်းစေချင်ပါဘူး..။ တခါတရံမှာ မိမိရဲ့ အပြောအဆိုလေး တခုကြောင့်…. စိတ်ကူးလေး တခုကြောင့်… တပါးသူကို ပြင်းထန် လောင်မြိုက် သွားစေနိုင်ပါတယ်..။

မိမိရဲ့ သိလိုစိတ် မေးခွန်းတွေကြောင့်လည်း သူတပါးရဲ့ ရင်ထဲမှာ လောင်မြိုက်မှုတွေ ဖြစ်သွားစေနိုင်ပါတယ်.။ သူတပါးရဲ့ စိတ် မလောင်မြိုက်စေဖို့ မပြောသင့်တာကို မပြောမိဖို့၊ မမေးသင့်တာကို မမေးမိဖို့လည်း လိုပါတယ်။

မိမိရဲ့ အမေးတခွန်းကြောင့် တပါးသူမှာ မဖြေချင်ပေမဲ့. ဖြေခဲ့ကြရတဲ့ အဖြေလေးတွေ အတွက် ဘယ်လောက်တောင် လောင်မြိုက်သွားခဲ့ရပြီလဲ……။ မပြောချင်ပေမဲ့ ပြောခဲ့ကြရပြီ….။ မဖြေချင်ပေမဲ့လည်း ဖြေလိုက်ကြရပြီ…။ ဖြေလိုက်ရပေမဲ့.. ပြောလိုက်ရပေမဲ့ တပါးသူမှာတော့ အဖြေတခုအတွက် လောင်မြိုက်မှုတွေ ဖြစ်သွားခဲ့လိမ့်မယ်။ အဲဒီအခါ သူတပါးရဲ့စိတ် လောင်မြိုက်သွားခဲ့လား ဆိုတာ သတိပြုမိ လိုက်ပါရဲ့လား…။ သတိပြုမိ ခဲ့ရင်လည်း လောင်မြိုက်မှု အတွက် ကိုယ်ချင်းစာစိတ် ရှိခဲ့ ပါ့မလားလို့ တွေးမိတယ်…။

လောင်မြိုက်သွားမှု အတွက် ဘယ်လိုမျိုး ရေချမ်းလေးနဲ့ ပြန်ပြီး ဖျန်းပက် ပေးနိုင်ပါ့မလဲ…။ ဖျန်းပက်ပေးတယ် ဆိုအုံးတော့… လောင်မြိုက်ခဲ့တဲ့ အပူရှိန်ရဲ့ ပူပြင်းမှုလေးတွေကတော့ ထင်ကျန်နေခဲ့အုံးမှာပဲလေ..။

ဒါကြောင့် သူတပါး အဖြေခက်မယ့် မေးခွန်းမျိုးကို မမေးမိဖို့.. မသိချင်ဖို့ ကြိုးစားရလိမ့်မယ်..။ သူတပါး အဖြေခက်မယ့် မေးခွန်းမျိုးကို မသိသား ဆိုးရွားစွာနဲ့ ဘာကြောင့်များ ဆက်ပြီး မေးအုံးမှာလဲ…။

သူတပါးရဲ့စိတ် မလောင်မြိုက်စေဖို့ နေထိုင်နိုင်တာလည်း လောကလူ့ဘောင်အတွက် လှပတဲ့ အနုပညာ ဖန်တီးခြင်း တမျိုးပါပဲလေ...။

မိမိလည်း တပါးသူ အဖြေခက်စေမယ့် မေးခွန်းမျိုးတွေ မေးခဲ့မိလေသလားလို့ တမျှော်ကြီး စဉ်းစားနေရင်း အတွေး ရေယာဉ်ကြောကြီးထဲ မျောချင်တိုင်း မျောနေလေတော့တယ်…။

Friday, October 1, 2010

ဘ၀တခု ဖြတ်ကျော်ချိန်မှာ...

လူတိုင်း လူတိုင်း... မလွဲမသွေ ရှောင်လွဲလို့ မရနိုင်တဲ့ အရိပ်သဖွယ် လိုက်နေတာ ကတော့ အို၊ နာ၊ သေတဲ့..။

ဒီစကားလုံးလေးကို ဟိုးးးးးးးးး ငယ်ငယ် စာအုပ်လေးတွေမှာ ဖတ်ဖူး၊ မြင်ဖူးနေခဲ့တယ်.။

နုပျိုတဲ့အရွယ်ကနေ တဖြည်းဖြည်း အသက်အရွယ် ကြီးလို့ ရင့်ကျက်လာပြီး အိုမင်းတဲ့ ဘ၀ကြီးကို မရောက်ချင်ပေမဲ့ ရောက်ရှိလာကြရမယ်.။ အိုမင်းတဲ့ဘ၀တခုကို ရောက်ပြီဆိုရင်…… မိမိရဲ့ဘေးမှာ ဘယ်လိုအရာတွေ… ဘယ်လို တရားတွေနဲ့ ၀န်းရံ နေပါ့မလဲ…။ အကောင်းဆုံး အဖေါ်က ဘာဖြစ်လိမ့်မလဲ…။

တွေးကြည့်ရုံနဲ့တင် ကြက်သီးထစရာ!!!!!

မိမိရော….. အိုမင်းလာတဲ့ အချိန်တခုကို ရောက်ရင် ဘာတွေနဲ့ ရင်ဆိုင်ရမလဲ… စိတ်ခွန်အားတွေရော အားကောင်းပါ့မလား… စိတ်ချမ်းမြေ့စရာ ကောင်းတဲ့… သာယာလှပတဲ့ ၀န်းကျင်လေးထဲမှာ တရားမျှတစွာနဲ့ အိုမင်းလှတဲ့ ဘ၀လေးကို ဖြတ်ကျော်နိုင်ပါ့မလား……….

တပါးသူရဲ့ အိုမင်းလှတဲ့ ဘ၀လေးတွေကိုလည်း ကိုယ်ချင်းစာတရားထားနိုင်ပြီး ဘယ်လို ပုံသဏ္ဍာန်မျိုးနဲ့ ၀န်းရံ ပေးနိုင်ပါ့မလဲ…။ အိုမင်းလာတဲ့ အချိန်လေးမှာ အထီးကျန်ဆန်မှုတွေကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးနိုင်ပြီး စောင့်ရှောက်ပေးနိုင်မယ့် ခွန်အားတွေရော ရှိနေပါပြီလား…။

နုပျိုတဲ့ ဘ၀လေးကနေ အိုမင်းတဲ့ ဘ၀တခုကို လိုချင်တပ်မက်မိမှာ မဟုတ်သလို အိုမင်းတဲ့ ဘ၀လေး ရောက်ခဲ့ရင်လည်း ကိုယ်၊ စိတ်၊ နှလုံး ကျန်းမာစွာနဲ့ ရှိနိုင်ဖို့ အရေးကြီးပါတယ်..။ အဲလို ကိုယ်၊ စိတ် ကျန်းမာစွာ ရှိနိုင်ဖို့အတွက် ငယ်ရွယ်တဲ့သူတွေက ဖေးမတွဲကူဖို့…. အားလပ်တဲ့ အချိန်လေးတွေမှာ အတူတကွ အဖေါ်ပြုပေးဖို့… စိတ်အားဖြည့်ပေးဖို့…. တယောက်တည်း ရှိနေတဲ့ အချိန်လေးတွေမှာလည်း ကိုယ်တိုင် စိတ်ပျော်ရွှင်မှုလေးတွေနဲ့ နေထိုင်နိုင်အောင် ပြုလုပ် စွမ်းဆောင် ပေးနိုင်ခဲ့ရင်.. အိုမင်းနေတဲ့ အဘိုးအဘွားတွေ အတွက် တတ်နိုင်သလောက်လေး လုပ်ပေးနိုင်ခဲ့ရင်…ပေါ့။

အဓိကက စိတ်ကျန်းမာနေရင် အရာအားလုံးနီးပါးလည်း ကျန်းမာနိုင်မယ်လို့ ထင်ပါတယ်။ အသက်အရွယ် ကြီးသူတွေကို ဦးစားပေး ဆက်ဆံတတ်ဖို့လည်း လိုမယ်ထင်ပါတယ်။ မေတ္တာတွေ ပေးတတ်ဖို့ လိုပါတယ်..။

အိုမင်းတဲ့ အသက်အရွယ်ကြီးသူတွေကို ကူညီစောင့်ရှောက်ပြီး မိမိရဲ့ ပေးဆပ်နိုင်တဲ့ ပေးဆပ်မှုလေးတွေနဲ့ ဖြည့်ဆည်းပေးပြီး လုပ်ပေးနေတ STA အဖွဲ့လေးတခု ပွင့်ဖူးလာတာကလည်း ကမ္ဘာမြေပြင် အတွက် လှပတဲ့ သက်ဝင် လှုပ်ရှားမှုလေး တခုပါပဲ..။

မိမိတို့ရဲ့ မိသားစုအတွင်း... မိမိတို့ရဲ့ ပတ်ဝန်းကျင် အ၀န်းအ၀ိုင်းအတွင်း... မှာ သက်ကြီးရွယ်အို အဘိုးအဘွားများအား တတ်အားသရွေ့ ဖေးမကူညီ စောင့်ရှောက်ရင်း... မေတ္တာတွေ ဝေမျှပေးရင်း... အိုမင်းနေတဲ့ ဘ၀တွေကို အားအင်ဖြစ်စေမယ့်.. ကြည်နူးမှုတွေ ဖြစ်စေမယ့်... အကြင်နာ မေတ္တာများ ပေးနိုင်ကြဖို့ ရည်သန်မျှော်တွေးရင်းးး

အောက်တိုဘာလ(၁) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့မှာ အသက်အရွယ်ကြီးမြတ်သူ ဘိုးဘွားတို့အား လက်ဆယ်ဖြာမိုး ရှီခိုးဦးချလျက်..