Monday, August 30, 2010

သိမှု အသိ နဲ့ မသိမှု အသိ

တခါတရံ သိမှု အသိနဲ့ မသိမှု အသိဆိုတဲ့ တူညီမှု မရှိတဲ့ အသိတွေကြောင့် ရင်ထဲထိအောင် ရှိုက်တုန်လို့ လှုပ်ရှား သွားခဲ့ကြရတယ်။

ရံဖန်ရံခါ လူသားတွေဟာ လောဘတွေ တပွေ့တပိုက်နဲ့ ဖြစ်ချင်ဇောတွေ မနိုင်မနင်းနဲ့ ရလေ ပိုလိုအပ်လေ ဆိုသလို ဖြစ်ကြရတယ်။ ဒါကလည်း ဖြစ်လေ့ ဖြစ်ထ ရှိတတ်တဲ့ လူ့သဘာဝကြောင့်ပါ။

သိမှုနဲ့ မသိမှု အသိ ကို သိလိုက်ပြီဆိုတဲ့ အသိလေး တချက် ၀င်လာပြီဆိုရင်တော့…..

လောဘကို လောဘလို့ သိလိုက်တဲ့ အသိလေး တချက်ကြောင့်....ပေါ့.... လိုချင် တပ်မက်တဲ့ ရုပ်ဝတ္ထု ပစ္စည်းတွေ၊ ဂုဏ်ရှိန်တွေ၊ သြဇာ ကြီးမား ချင်မှုတွေ၊ ဖြစ်ချင် လွန်းအားကြီးတဲ့ စိတ်ဆန္ဒတွေ၊ တပါးသူနဲ့ တုပြိုင်ချင်မှုတွေ၊…….တွေဟာ တဒင်္ဂ ငြိမ်သက်လို့..!

မသိမှု အသိလို့ အသိဝင် လိုက်တဲ့ အချိန် တွေဝေမိသွားတာ…

ဒါဟာ မလိုချင်လို့ နောက်ဆုတ် လိုက်တာလား… တပါးသူ အတွက် ငဲ့ညှာ လိုက်တာလား… လိုအပ်နေသူတွေ အတွက် ဝေဌ လိုက်တာလား… မိမိ သိလိုက်တဲ့ အသိတခု အတွက် အရှုံးပေး လိုက်တာလား…. ဖြစ်ချင်တဲ့ ဆန္ဒတွေကို ရိုက်ချိုး ပစ်လိုက်ခြင်းလား…. ဒါမှမဟုတ် လောဘကို မျက်ကွယ်ပြုလို့ အံတုလိုက်ခြင်းလား….!

မသိမှုကို မသိမှု အသိလို့ သိလိုက်တာဟာ အကောင်းဆုံး အသိတခု ဖြစ်ဖို့ ဖန်တီး ပုံဖေါ်လိုက်ခြင်းပါပဲ..။ အဲဒီအခါ ဖြစ်ပေါ်လာမဲ့ ပုံရိပ် ပန်းချီ တချပ်ဟာ အလင်းအမှောင် ညီမျှမှုကြောင့် စိုပြေ စိမ်းလန်းပြီး သာယာ လှပတဲ့ ပန်းချီကား တချပ် အဖြစ် မြင်တွေ့ရမှာပါ..။

မသိမှု အသိကို မသိမှုလို့ မသိတဲ့ အချိန်ကာလမှာတော့….

မလိုလားအပ်တဲ့ လောဘဇောကြောင့် သိမှုတွေ ပိန်းပိတ် မှောင်ဖုံးပြီး မသိမှုမှိုင်း တွေဟာ မသိမသာဖြစ်ဖြစ်..၊ သိသိသာသာပဲ ဖြစ်ဖြစ်… ကြီးစိုး ချယ်လှယ် လာလိမ့်မယ်။

သိမှုကို လောဘ အမိုက်မှောင်ကြီးက ဖုံးလွှမ်း သွားတဲ့အခါမှာတော့ မသိမှုတွေသာ ကြောက်စရာ ကောင်းလောက်အောင် ထင်ပေါ်လာခဲ့ကြတယ်.။

ဘယ်လောက်ပဲ လောဘ ဖုံးလွှမ်းလွှမ်း အင်အား ထုထည်ကြီးမားတဲ့ သိမှု (အသိဥာဏ်) နဲ့ ထိန်းချုပ်ပြီး ကောင်းသောဘက်ကို ဦးတည်တဲ့ အသိလေး တချက် လင်းလက်ခဲ့မယ် ဆိုရင် ဖြစ်ပေါ်လာမဲ့ ခံစားချက်ကလည်း ဖြူစင် အေးမြတဲ့ ပီတိ အဖြစ် အေးချမ်းစွာ စီးဆင်း နေမဲ့ စမ်းချောင်းလေး သဖွယ် ကြည်နူးမှုကို ပေးစွမ်း နိုင်မှာပါ။

မသိမှုတွေ နဲ့သာ ပြည့်နှက် နေခဲ့မယ်ဆိုရင် လူသား အားလုံး အတွက်လည်း အကြီးမားဆုံး အန္တရာယ် ဖြစ်လာခဲ့လိမ့်မယ်.။ မသိမှုတွေ သာ ရှိနေတဲ့ အတွက် သိမှုဆိုတာ ဘာလဲလို့ မသိတော့ပဲ သိမှု ယောင်ယောင် ဖြစ်လာကြတာလည်း အများကြီး ရှိပါတယ်။

တချို့သော သူတွေကတော့ တပါးသူရဲ့ အခြေအနေနဲ့ နေထိုင်မှု တွေကို ပြိုင်ဘက်သဖွယ် သဘောထားပြီး သိမှု ဆိုတဲ့ ဥာဏ်ပညာကို မေ့လျော့ နေတတ်ပြီး မသိမှုသာ စိုးမိုးလို့ ပြိုင်ဘက် တပါးသူရဲ့ သားကောင် ဖြစ်မှန်းမသိ ဖြစ်သွားကြရတယ်။

ဒါဟာ သိမှုကို မသိမှုက အောင်နိုင်သွားတဲ့အတွက် သိမှုဟာ မသိမှုရဲ့ သားကောင် ဖြစ်သွားတာပဲလေ။

မသိမှု ကလည်း လောဘတွေ များသထက်များ၊ ဖြစ်ချင်တာတွေ များသထက်များ၊ သာလွန်ချင်တာတွေ များသထက်များ၊ သူတပါးထက် လိုအပ်ချက်တွေ များသထက်များ ရာကနေ မသိမှုတွေ ကြီးထွား လာရတာပဲ…။

သိမှု အသိလေး တချက် လက်ကနဲ လင်းလက်လာတဲ့ အချိန်ဟာ ဘယ်လို အချိန်ပါလိမ့်လို့…….

အထပ်ထပ် တွေးတောကြည့်ရင်း...

တချို့ကတော့ မသိမှု အမိုက်မှောင်ကို မသိလို့…. တချို့ကတော့ သိပေမဲ့ လောဘဇော ကြောင့် မသိမှု အသိ မှောင်ထဲမှာ လူးလား ကူးခတ် နေလေရဲ့….

အသိတွေထဲမှာမှ... မသိမှု အသိ ဆိုတဲ့ ရှုပ်ထွေးလှတဲ့ ၀င်္ကဘာတော ထဲမှာ တ၀ဲလည်လည် ဖြစ်မနေပဲ သိမှု အသိနဲ့ မသိမှု အသိ ကို ဝေဖန် ပိုင်းခြား နားလည်နိုင်စွမ်း ရှိသောသူသာ ဖြစ်ပါရစေ..။

လူသားတိုင်း လူသားတိုင်းလည်း သိမှု အသိဆိုတဲ့ အလင်းရောင် တွေနဲ့သာ လောကကြီးမှာ ရှိနေတဲ့ လူသား အားလုံးကို အလှပန်း ဆင်နိုင်ကြ ပါစေလို့ ဆန္ဒ ပြုရင်း....

Wednesday, August 25, 2010

တခေတ်တခါက သြဇာထွားခဲ့လေသော…



ကျမဖတ်တဲ့ စာအုပ်တွေထဲက ကျမစိတ်ဝင်စားခဲ့တဲ့ စာအုပ်တအုပ် ကတော့ စာရေးဆရာ ရွှေကျော်ဦး ဘာသာပြန် ရေးသားတဲ့ နာဇီစစ်အကျဉ်းစခန်းနှင့်တော်လှန်ရေးရဲဘော်များ´စာအုပ်ပါ..။ မူရင်း စာအုပ် အမည်ကတော့ Naked Among Wolves ဖြစ်ပြီး မူရင်း ရေးသားသူကတော့ ဂျာမနီနိုင်ငံသား စာရေးဆရာ Bruno Apitz (ဘရူနိုအာပစ်) ပါ..။


Bruno Apitz (ဘရူနိုအာပစ်)

မူရင်း ရေးသားခဲ့တဲ့ စာရေးဆရာကြီး Bruno Apitz (ဘရူနိုအာပစ်) ရဲ့ အထုပ္ပတ္တိကိုလည်း မြန်မာ ဘာသာပြန် ရေးသားထားတဲ့ `နာဇီစစ်အကျဉ်းစခန်းနှင့်တော်လှန်ရေးရဲဘော်များ´ စာအုပ် ထဲကနေ အကျဉ်း ပြန်လည် ဝေမျှပေးလိုက်ပါတယ်။

ဘရူနိုအာပစ် ရေးသားခဲ့တဲ့ Naked Among Wolves စာအုပ်ဟာ အရှေ့ဂျာမနီနိုင်ငံ အမျိုးသားစာပေ ဆုရ စာအုပ်တအုပ် ဖြစ်ခဲ့ပြီး ထင်ရှား ကျော်ကြားခဲ့တဲ့ စာအုပ်တအုပ်ပါ..။ ဘရူနိုအာပစ်ဟာ ဂျာမနီလူမျိုးတဦး ဖြစ်ပြီးတော့ ၁၉၀၀ ခုနှစ် ဧပြီလ ၂၈ ရက်နေ့မှာ ဂျာမနီပြည်၊ လိုက်ဇစ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ `လူ့ခနက်´ အမည်နဲ့ ဖွဲ့စည်းထားတဲ့ ဆိုရှယ်လစ်အလုပ်သမား လူငယ်အဖွဲ့ဝင် ဖြစ်လာပြီး အသက်မွေးဝမ်းကျောင်း ပညာ အဖြစ် ရာဘာဘလောက် တံဆိပ်တုံး ပြုလုပ်တဲ့ ပညာကို သင်ကြားခဲ့ပါတယ်။

၁၉၁၇ ခုနှစ်မှာ စစ်ဆန့်ကျင်ရေး လုပ်ရပ်တွေကြောင့် ၇လကြာ အဖမ်းခံခဲ့ရပြီးတော့ ၁၉၁၉ မှာတော့ သပိတ်မှောက် ဆန္ဒပြပွဲမှာ ပါဝင်တဲ့ အတွက် အစိုးရရဲ့ ပြင်းပြင်းထန်ထန် သတိပေးခြင်းကို ခံခဲ့ရပါတယ်။ ၁၉၃၃ မှာ နာဇီက သူ့ကို ပထမအကြိမ် ဖမ်းဆီးခဲ့ပြီး အကျဉ်းစခန်းမှာ ၃လ ကြာ ခဲ့ပါတယ်။ အဲဒီနှစ် နိုဝင်ဘာမှာပဲ ဘရူနိုအာပစ်ဟာ ဒုတိယ အကြိမ် ဖမ်းဆီးခံခဲ့ရပြန်ပါတယ်။ အဲဒီအခါမှာတော့ ၂နှစ် ၁၀လ ကြာခဲ့ပြီး အကျဉ်းစခန်း အပြင်ဘက်ကို ပြန်ရောက်မလာတော့ပဲ `ဘူခင်ဝေါ´ အကျဉ်းစခန်း ရှိရာကို ပို့ဆောင်ခြင်း ခံခဲ့ရပါတယ်။ `ဘူခင်ဝေါ´ စစ်အကျဉ်းစခန်းထဲမှာ ၁၉၄၅ ခုနှစ်အထိ `အနိုင်´ နိုင်ငံ ရဲဘော်များနဲ့အတူ နှိပ်စက် ညှင်းပမ်းမှု အမျိုးမျိုးကို ဝေတူ မျှတူ ခံစားခဲ့ပါတယ်။

စစ်ကြီးပြီးလို့ စစ်အကျဉ်းစခန်း ကနေ လွတ်မြောက် လာပြီးတဲ့အခါ ဘရူနိုအာပစ် ဟာ လိုက်ဇစ်မြို့မှာ ကြီးကြပ် အုပ်ချုပ်ရေး မန်နေဂျာ အလုပ်ကို ၀င်လုပ်ပြီး DEFA (ဒေဖာ) ရုပ်ရှင် ကုမ္ပဏီအတွက် ပြဇာတ်များကို ရေးသားစီစဉ် ထုတ်လုပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘရူနိုအာပစ်ရဲ့ ပြဇာတ်အချို့ ဇာတ်ခုံပေါ်မှာ ပြသခွင့် မရခဲ့ပါဘူး.။ တချိန်ထဲမှာလည်း ရေဒီယိုပြဇာတ် အချို့ကို ရေးသားခဲ့ပါတယ်။
၁၉၅၅ ခုနှစ်မှာ Naked Among Wolves စာအုပ်ကို စတင်ရေးသားပြီးတော့ ၁၉၅၈ ခုနှစ်မှာ စာအုပ်အဖြစ်နဲ့ ထုတ်ဝေ ဖြန့်ချိခဲ့ပါတယ်။ ဒီစာအုပ်ကို ရုပ်ရှင်ရိုက်တဲ့အခါမှာ စာရေးဆရာကြီး ဘရူနိုအာပစ် ကိုယ်တိုင် ပါဝင် သရုပ်ဆောင် ခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်မှာတော့ ဇာတ်ကားထဲက ဇာတ်ကောင်တွေနဲ့ အတူ ဘရူနိုအာပစ်လည်း ရုပ်ရှင်ဆုကို ရရှိခဲ့ပါတယ်။

ဘရူနိုအာပစ်ဟာ ၁၉၅၅ ခုနှစ် ကတည်းက ဘာလင်မြို့ကို ပြောင်းပြီး စာပေ ရေးသားတဲ့ အလုပ်တခုကိုပဲ လုပ်ကိုင်ခဲ့ပါတယ်။ Naked Among Wolves စာအုပ်ကြောင့် ကမ္ဘာကျော် စာရေးဆရာကြီး တဦး ဖြစ်လာခဲ့ပါတယ်.။ စာအုပ်ကို ဘာသာပေါင်း ၂၅ ဘာသာ ပြန်ဆိုပြီး နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ ထုတ်ဝေခဲ့ပါတယ်။ စာရေးဆရာ ဘရူနိုအာပစ်ဟာ ၁၉၇၉ ဧပြီလ ၇ရက်နေ့မှာ အရှေ့ဂျာမနီ ဘာလင်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ်အတွင်းက နာမည်ကျော်ကြားခဲ့တဲ့ အကျဉ်းစခန်းတွေထဲမှာ`ဘူခင်ဝေါ´ အကျဉ်းစခန်းဆိုတာ လူစိတ် အကင်းမဲ့ဆုံးအကျင့်၊ စိတ်ရိုင်းတွေနဲ့ လူလူချင်း အရက်စက် အကြမ်းကြုတ်ဆုံး ညှင်းပမ်း သတ်ဖြတ်ခဲ့တဲ့ လူ့သမိုင်းရဲ့ အမဲစက်ကြီးတွေထဲက တခုဖြစ်ခဲ့ပါတယ်..။

`ဘူခင်ဝေါ´ အကျဉ်းစခန်းဂိတ်

`ဘူခင်ဝေါ´ စစ်တန်းလျားများ

ဘူခင်ဝေါ´စခန်းထဲက သုံ့ပန်း တွေဟာ သိပ္ပံပညာရဲ့ စမ်းသပ်ခံ ပစ္စည်းတွေ အဖြစ်နဲ့ အသက်ကို စတေးပြီး အစမ်းသပ် ခံခဲ့ကြရတယ်။ နာဇီစစ်အကျဉ်းစခန်းနှင့် တော်လှန်ရေးရဲဘော်များ စာအုပ်ထဲ မှာတော့ နာမည်ဆိုး နဲ့ ထင်ရှားတဲ့ `ဘူခင်ဝေါ´ အကျဉ်းစခန်း ရဲ့ ပုံရိပ်ကို ထင်ထင်ရှားရှား ပြသထားပါတယ်။ ပြီး.. လူစိတ်ရှိတဲ့ သူတွေနဲ့ သားရိုင်းစိတ်ရှိတဲ့ သူတွေရဲ့ ကွဲပြား ခြားနားပုံ တွေကို ဖေါ်ပြထားတယ်။

(ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းက ဥရောပတိုက်ကြီး တခုလုံးကို စိုးမိုးအုပ်ချုပ်ရန် အားထုတ်ခဲ့သူ စစ်အာဏာရှင်ကြီး အဒေါ့ဖ်ဟစ်တလာ)

(`ဘူခင်ဝေါ´ စစ်အကျဉ်းစခန်းကို စီမံ အုပ်ချုပ်ရန် ဟစ်တလာ၏ အထူး အာဏာကုန် ပေးအပ်ခြင်း ခံရသော ဗိုလ်ချုပ်ကြီး) ဒုတိယ ကမ္ဘာစစ်အတွင်းက စစ်အာဏာရှင်ကြီး ဟစ်တလာ၏ လက်ရုံးတဆူ ဖြစ်သော ဗိုလ်ချုပ်ကြီး ဟင်းမလား

ဒုတိကမ္ဘာစစ်ကြီးအတွင်းက နာဇီစစ်အာဏာရှင် ဟစ်တလာ၏ စစ်သားများ တန်းစီစစ်ရေးပြနေသည့်ပုံ

`ဘူခင်ဝေါ´ စစ်အကျဉ်းစခန်းမှ အကျဉ်းသားများ

`ဘူခင်ဝေါ´ စစ်အကျဉ်းစခန်းမှ အကျဉ်းသားများ

`ဘူခင်ဝေါ´ စစ်အကျဉ်းစခန်း အတွင်း နှိပ်စက်ညှင်းပန်းမှုဒဏ်ကို ခံစားနေရသောပုံ

နှစ်ဆယ်ရာစုနှစ်မှာ ဟစ်တလာရဲ့ တတိယ ဂျာမန်နိုင်ငံတော်ဟာ ကမ္ဘာ့သမိုင်းမှာ မရှိခဲ့ဖူးတဲ့ နည်းမျိုးစုံတွေနဲ့ နာဇီဝါဒ ဆန့်ကျင်သူတွေကို ညှင်းပန်းနှိပ်စက်ခဲ့တယ်.။

`ဘူခင်ဝေါ´ အကျဉ်းစခန်းမှာ့ ဥရောပတိုက် `အနိုင်´ နိုင်ငံမှ အကျဉ်းသားများက သူတို့ဘ၀ လွတ်မြောက်ရေးနှင့် သူတို့နှင့်အတူ အချုပ်နှောင်ခံနေရသော အပြစ်မဲ့ ခလေးတယောက် အသက်မသေရေး အတွက် ဖိနှိပ်မှု အမျိုးမျိုး၊ ညှင်းပန်းမှု အမျိုးမျိုးများ ကြားမှာ ရုန်းကန် လှုပ်ရှားခဲ့ကြရတယ်.။ ညှင်းပန်း နှိပ်စက်မှုများကို အညံ့မခံ.. ဆင်းရဲမှုနဲ့ ပင်ပန်းမှုတွေကို ပဓါနမထားပဲ သက်စွန့် ကာကွယ်ခဲ့ကြတယ်။ နောက်ဆုံးအောင်ပွဲခံရမဲ့ သူတွေဟာ ငါတို့ပဲ ဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ခံယူချက်တွေနဲ့ နာဇီဟစ်တလာရဲ့ ဖိနှိပ်ရက်စက်မှုတွေကို အောင်ပွဲရတဲ့အထိ တွန်းလှန် ဖြိုလှဲပစ်နိုင်ခဲ့ကြတယ်..။

`ဘူခင်ဝေါ´ စစ်အကျဉ်းစခန်းရှိ အကျဉ်းသားများ အနက် နှိပ်စက်ညှင်းပမ်းမှုအမျိုးမျိုးကို ရှေ့ဆုံးတန်းကခံစားသွားရသော တော်လှန်ရေးရဲဘော်များ၏ အမှတ်တရကျောက်ရုပ်ပုံ

အကျဉ်းသားများရဲ့ တော်လှန်ရေးအသိ၊ ဇွဲသတ္တိ၊ အညံ့မခံတဲ့ စိတ်ဓါတ်၊ နာဇီရန်သူကို အမြစ်ပြတ် ချေမှုန်းတဲ့ စိတ်ဓါတ် တွေကြောင့် တော်လှန်ရေး အောင်ပွဲ ရတဲ့အထိ ဆင်နွှဲ နိုင်ခဲ့ကြပါတယ်။

ဘယ်လိုပဲ တန်ခိုး သြဇာ ထွားခဲ့..ထွားခဲ့.. ဘယ်လိုပဲ အနိုင်ယူ နှိပ်စက်ခဲ့…နှိပ်စက်ခဲ့…မတည်မြဲတဲ့ လောကကြီး မှာ နောက်ဆုံး သွားရာလမ်း ဖြစ်တဲ့ သေဆုံးခြင်း နိယာမကိုတော့ တန်ခိုးသြဇာ ကြီးပါတယ် ဆိုတဲ့ သြဇာရှင်ကြီး တွေဟာ ဘယ်လို တန်ခိုးသြဇာမျိုး နဲ့မှ အနိုင်မယူခဲ့နိုင်ပါဘူး…!!!

ကိုးကား...စာရေးဆရာရွှေကျော်ဦး ၏ `နာဇီစစ်အကျဉ်းစခန်းနှင့် တော်လှန်ရေးရဲဘော်များ´ စာအုပ်မှ

Monday, August 16, 2010

အက်ဆစ်ထက်ပြင်းမယ့်အဆိပ်

လူသားတွေဟာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေရတယ် ဆိုတာ ကိုတော့ ငြင်းဆိုလို့ မရနိုင်ပါဘူး.။ တချို့ကလည်း ဒါလုပ်လိုက်မှ တစုံတခု ပြောင်းလဲသွားမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့….။ တချို့ကလည်း ပြောင်းလဲသွားမလား ဒါမှမဟုတ် ပိုကောင်း သွားနိုင်မလားဆိုပြီး မျှော်လင့်ချက်ကြီးကြီးနဲ့….။ တချို့ကလည်း ဒါလုပ်ပေမဲ့လည်း ပြောင်းလဲသွားမှာ မဟုတ်ပါဘူး ဆိုတဲ့ တိကျလှတဲ့ မျှော်လင့်ချက်နဲ့….။

တချို့သော အရေးကြီးဆုံးအရာတွေဟာ ဒါလုပ်လိုက်ပေမဲ့ ထင်ထား မျှော်လင့်ထားသလို ကောင်းတဲ့ ပြောင်းလဲမှုမျိုး ဖြစ်လာချင်မှာ ဖြစ်လာမှာပါ…။

ဒါဟာ ဘယ်လိုဖြစ်လို့လဲ…

ကောင်းသော ပြောင်းလဲခြင်းတွေကို ပြောင်းလဲပေးနိုင်မဲ့ အရာဟာ အသိဥာဏ် ပညာပြည့်ဝပြီး မှန်ကန်မျှတမှု ရှိတဲ့ လူသားဆန်တဲ့ လူသား ဖြစ်နေလို့ပါပဲ.။ အဲလို အရေးကြီးတဲ့ လူသားတွေကမှ ကောင်းသော ပြောင်းလဲမှုတွေကို ပြုပြင် ပြောင်းလဲ ပေးနိုင်မှာလေ… ။ ပြောင်းလဲပေးနိုင်မယ့် လူသားဟာ ဘ၀တန်ဖိုးကို နားလည်ပြီး လူသားဆန်တဲ့ လူသားသာ ဖြစ်ခဲ့မယ်ဆိုရင် ကောင်းသော ပြောင်းလဲမှုမျိုးတွေကို ပြောင်းလဲပေးဖို့ စိတ်ဆန္ဒလည်း ရှိနေမှာပါ…။

ဒါလုပ်လိုက်လို့ ပြောင်းလဲသွားနိုင်မလား.. မပြောင်းလဲသွားနိုင်ဘူးလား… ပိုဆိုးလာနိုင်မလား ဆိုတဲ့ ကိစ္စတွေမှာတော့ လူသားတွေရဲ့ မြင့်မြတ်လှတဲ့ စိတ်ဓါတ် နဲ့ သေသပ် လှပစွာ ချည်နှောင်ထားတဲ့ သစ္စာကြိုးလေးသာ အဓိကပါ…။ အဲဒီကြိုးလေးသာ မခိုင်ခဲ့ရင်တော့….!

ပြောင်းလဲသွားနိုင်တယ်လို့ ယူဆနေတဲ့ အရာတွေရဲ့ နောက်ကွယ်မှာလည်း အဆိပ်ထက် ပြင်းတဲ့ အဆိပ်တွေ ကပ်ပါလာခဲ့ရင်……..! ကောင်းသော ပြောင်းလဲမှုမျိုးထက် ဆိုးတဲ့ အဆိုးရွားဆုံး ပြောင်းလဲမှုမျိုး ဖြစ်သွားမှာ မုချဧကန်ပါ…။

အဆိပ်တွေနဲ့ ပြည့်နေမဲ့ ပြောင်းလဲမှုမျိုးကို လူသားဆန်တဲ့ လူသားတွေက ဘယ်လို လိုချင်တပ်မက်မိမှာပါလိမ့်…!!!

တစုံတခုကို အပြင်းအထန် ပြောင်းလဲချင်ဇောနဲ့ တခုခုကို လုပ်လိုက်တဲ့ အခြေအနေတွေမှာ အရေးကြီးတာက လွတ်လပ် မျှတပြီး ကိုယ်ချင်းစာတရားနဲ့ ပြည့်စုံတဲ့ ဗြဟ္မစိုတရားကို လက်ကိုင်ထားနိုင်တဲ့ ကောင်းမွန်လှတဲ့ စိတ်စေတနာကောင်းလေးတွေကို အခြေခံပြီးမှ လုပ်ကိုင် ပြုမူသင့်ပါတယ်…

မျှတမှု မရှိတဲ့ လုပ်ရပ်တွေ… `ငါ´ဆိုတဲ့ အတ္တကြီးကိုပဲ ဆုပ်ကိုင်ပြီး `ဒါပဲဖြစ်ရမယ်´ ဆိုတဲ့ လူသားမဆန်တဲ့ စိတ်ရိုင်းတွေ…. `ငါ´ ပြောတဲ့ သြဇာကိုပဲ နာခံရမယ်ဆိုတဲ့ တကိုယ်ကောင်းဆန်မှုတွေ…. ကိုယ်ချင်းစာတရား ခေါင်းပါးပြီး တပါးသူရဲ့ ဝေဒနာကို မသိကျိုးကျွန် ပြုမူမှုတွေ…. လောဘဇောကြီးပြီး လိုချင်တပ်မက်မှု လွန်ကဲနေမှုတွေ….. နဲ့ ခန္ဓာကိုယ်ထဲမှာ မွှန်းထုံထားမယ်ဆိုတဲ့ လူသားတွေသာ ဖြစ်နေခဲ့မယ်ဆိုရင်တော့ ကောင်းသော ပြောင်းလဲခြင်းတွေ ဖြစ်လာမှာ မဟုတ်သလို မျှော်လင့်ထားနေခဲ့တဲ့ ပြောင်းလဲခြင်းတွေဟာ အက်ဆစ်ထက် ပြင်းတဲ့ အဆိပ်တွေနဲ့ ပြည့်နေပြီး အချည်းနှီး ဖြစ်မှာ မြေကြီးလက်ခတ် မလွဲပါပဲ..။

ကောင်းသော ပြောင်းလဲမှုမျိုးကို လိုချင် မျှော်လင့်နေတဲ့ လူသားတွေဟာလည်း မိမိကိုယ်တိုင် ကောင်းသော ပြောင်းလဲမှုမျိုးကို ဘယ်လိုပုံစံလုပ်မှ ပြောင်းလဲမလည်း ဆိုတာ သိနားလည်ခဲ့ရင်….!

မိမိ ကိုယ်တိုင်လည်း ကောင်းသော ပြောင်းလဲမှုမျိုးကို လိုချင် တပ်မက်မိလေတော့……!!!