Thursday, November 26, 2009

ချစ်ခင်တဲ့ သူငယ်ချင်းတွေနဲ့အမှတ်တရ

ကျွန်မ ဒီနေ့ စိတ်တွေရှုပ်ထွေးနေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အလုပ်တွေ လည်း များနေတာ တကြောင်း မိဘ နဲ့ ညီမလေးကို လွမ်းတာက တကြောင်းပေါ့။ တခါတလေ ဒီလိုပါပဲ ကိုယ့်မွေးရပ်မြေနဲ့ ဝေးနေတဲ့ အချိန်မှာ နေ ရတာ တခုခု လိုနေသလိုပဲ။

အဲဒီ အချိန်မှာတော့ ကျွန်မက ညီအမလို တိုင်ပင်လို့ရတဲ့ သူငယ်ချင်းတွေ ကို အရမ်း သတိရတယ်။ သူတို့ကို ရင်ဖွင့်ချင်တယ်။ ကျွန်မတို့ဟာ တွေ့လိုက်ရင် ကိုယ့်မိသားစု အကြောင်း၊ ကိုယ့်အကြောင်း ပြောရတာနဲ့တင် မကုန်နိုင် ပါဘူး။ အခုတော့ တခါတရံမှ အဆက်အသွယ် ရတဲ့ သူငယ်ချင်း တွေနဲ့ ကိုယ့်အကြောင်း၊ သူ့တို့ အကြောင်း ပြောကြရင်း ကိုယ့်ရဲ့ ဆရာမတွေ၊ ဆရာတွေအကြောင်း၊ ကိုယ်ချစ်ခင်တဲ့ သူတွေ အကြောင်း မေးရတယ်။ သူငယ်ချင်း တွေကလည်း ကိုယ့်လိုပဲ ကျွန်မကို အရမ်း တွေ့ချင် နေတာပါ။ သူတို့လည်း ကိုယ့်ကို သူတို့ အကြောင်း ပြောချင်နေတာပေါ့။ အဲဒီအခါ ကျောင်းတက်ခဲ့တဲ့ အချိန်ကိုပြန်ရောက် သွားချင် မိတယ်။ ကျောင်းတက် နေတုန်း ကတော့ သူငယ်ချင်း တွေ နေ့တိုင်း တွေ့နေရပြီး ပြောစရာ စကားကလည်း ဘယ်တော့မှ မကုန်နိုင်ပါ ဘူးလေ။

ဒီအချိန်ဆို အလွမ်းဆုံး ကတော့ ကျိုက်ထီးရိုး ဘုရားပါပဲ။ သူငယ်ချင်းတွေ ကျိုက်ထီးရိုး ဘုရား သွားခဲ့ကြတာ ကို ပြန်မြင်ယောင် နေမိတယ်။ ရန်ကုန်ကနေ ဘုရားဖူးကားကြီးနဲ့ သွားရင် ကျိုက်ထီးရိုး ကင်ပွန်းစခန်း အထိ ရောက်ပါတယ်။ ကင်ပွန်းစခန်း ကနေ ဘုရားပေါ်ကို သူငယ်ချင်း တစု ခြေလျင် ခရီး ဆက်ကြပါတယ်။ တောင် ပေါ်ကို ကားနဲ့ တက်ရမှာ ကြောက်တဲ့ သူငယ်ချင်း တွေကို ယောက်ျားလေး သူငယ်ချင်း နှစ်ယောက် ကလည်း အလိုက်တသိနဲ့ လိုက် ပေးကြပါတယ်။ ကင်ပွန်းစခန်း ကနေ စပြီး လျှောက်တယ် ဆိုရင်ပဲ သူငယ်ချင်းထဲက ကျွန်မတို့ နောက်ခေါ်တဲ့ နာမည် (ဟာကျူလီ ငပျော့) ဆိုတဲ့ တယောက်က ထိုင်ချလိုက်ပြီး ငိုပါ တော့တယ်။

ကျွန်မ တို့လည်း ဘာလုပ်ရမှန်း မသိအောင် ဖြစ်သွားပြီး ဘာဖြစ်လဲ မေးတော့ ငါမတက်နိုင်တော့ ဘူးတဲ့။ ကြည့်လိုက်တော့ ကင်ပွန်းစခန်း က ဈေးဆိုင် တွေတောင် မဆုံးသေးပါဘူး။ ကျွန်မတို့လည်း ငိုအားထက် ရည်အားသန် သူ့ကို အားပေးရတာ အခုမှ အစပဲ ရှိသေးတယ်လို့။ ဈေးဆိုင်တွေတောင် မဆုံးသေးဘူး လို့ ဆိုတော့ အငို ရပ်သွားပါတယ်။ အဲဒါနဲ့ ယောက်ျားလေး သူငယ်ချင်းနှစ်ယောက် က မတက်နိုင်လည်း ကိစ္စ မရှိဘူး ကားနဲ့ တက်ကြမယ် ဆိုပြီး ချော့ပါတယ်။ ကားနဲ့ တက်ရမှာကို ပိုကြောက်တော့ ရပါတယ် ဖြည်းဖြည်းချင်း တက်ပါ့မယ်တဲ့။ အဲဒါနဲ့ ဆက်တက်ခဲ့ကြတာ နောက်တော့လည်း သူက ကျွန်မတို့ ထက်တောင် ရှေ့ရောက် နေပြန်ပါတယ်။


ယောက်ျားလေး သူငယ်ချင်းနှစ်ယောက် ကလည်း ရီစရာတွေ ပြောလိုက်၊ ကျွန်မ တို့ကို အားပေးလိုက် နဲ့ တက်ခဲ့ကြပါတယ်။ တလမ်းလုံး လည်း အစားတွေ စားလိုက်၊ ရေသောက်လိုက်၊ တဲလေး တွေတွေ့ရင် ထိုင်ပြီး နားလိုက်ကြနဲ့ ပျော်စရာပါပဲ။ နားတဲ့ အချိန်က များနေလို့ ယောက်ျားလေး နှစ်ယောက်က ခနခန သတိပေး ရပါတယ်။ ဘုရားပေါ် ကို နောက်ကျမှာ စိုးလို့တဲ့လေ။ သူတို့ နှစ်ယောက် လောလို့သာ ကျွန်မ တို့လည်း အချိန်မီ ဘုရားပေါ်ကို ရောက်ခဲ့ကြတယ်။ သွားတဲ့ လမ်းတလျှောက် လုံး ကျွန်မတို့ မိန်းကလေး တွေက ပိုက်ဆံလည်း မကိုင်ရ၊ ဘာမှ မပူပင်ရပါဘူး။ ယောက်ျာလေး သူငယ်ချင်း နှစ်ယောက်က အစအဆုံး အကုန် လုပ်ပေးပါတယ်။ ပိုက်ဆံ ကအစ သူတို့ပဲ စီစဉ်ပါတယ်။ ကျွန်မတို့တွေ ကတော့ အချိန်တန်ရင် စားလိုက်ကြ၊ သုံးလိုက်ကြနဲ့ သူတို့က နောက်က လိုက်ရှင်းပါတယ်။ ကျွန်မတို့တွေ ဘာမှ မလုပ်ရပါဘူး။ တည်းခိုခန်း ကလည်း သူတို့ပဲ စီစဉ်လို့ စိတ် ချမ်းချမ်းသာသာ နဲ့ တည်းခိုခဲ့ ရပါတယ်။ တော်တော်လေး ကို အားကိုးရတဲ့ သူငယ်ချင်း တွေပါ။

ကျွန်မတို့လည်း နေလိုက်ကြတာ ဘုရားပေါ်မှာ သုံးည အိပ်ခဲ့ကြတယ်။ ဘုရားပေါ်မှာ တညအိပ်ပြီး နောက် တနေ့ မိုးလင်းတော့ ရေတံခွန်ကို သွားကြမယ်တဲ့။ ကျွန်မတို့ ကတော့ သူတို့ပြောတဲ့ အတိုင်း သွားမယ်ဆို သွားလိုက် တာပဲ။ အဲဒါနဲ့ ရေတံခွန်ကို သွားလိုက်တာ ပထမ ရသေ့တောင် ကိုပြန်ဆင်းပြီး ဘုရား ရှီခိုးကြပါတယ်။ ပြီးမှ ရေတံခွန် ကိုသွားကြတာ တောင်တွေကို တက်လိုက်ရတာ ဘယ်နှစ်တောင် မှန်းကို မသိ တော့ပါဘူး။ စကား တပြောပြောနဲ့ မောမော ပန်းပန်း တက်ခဲ့ကြတာ ပျော်လို့ပေါ့။ နေ့လည်မှာ ဘုန်းကြီး ကျောင်းတကျောင်း တွေ့တော့ ဆာဆာနဲ့ ထမင်းဝင် စားကြရတယ်။ ဘုန်းကြီးကျောင်း က ဟင်းပေါင်းနဲ့ ပဲငပိနဲ့ စားလို့ ကောင်းလိုက်တာ။ စားသောက်ပြီး ဘုန်းကြီးကို ၀တ္ထုငွေ ကပ်ပြီး ပြန်ခရီး ဆက်ကြတယ်။ တက်လိုက် ဆင်းလိုက်နဲ့ တောင်တွေ ကလည်း များလိုက်တာ လို့ စဉ်းစားမိတယ်။ ညနေစောင်း ရောက်တော့ ဘုန်းကြီး ကျောင်းတကျောင်း တွေ့ပြန်တယ်။

ရောက်ရောက်ချင်း ဘုန်းကြီးက ဌက်ပျောသီး တွေ ချကျွေးလို့ ဆာဆာနဲ့ စားကြတယ်။ ပြီးတော့ ရေတံခွန်ကို ဆက် သွားကြတယ်။ ရေတံခွန် မှာ ခနနေပြီး ဘုရားပေါ် ပြန်သွားမယ် ဆိုတော့ တောင်ထပ် တက်ရမယ်တဲ့။ ကြည့်လိုက်တော့ တောင်ကလည်း မက်စောက် လိုက်တာ။ ယောက်ျားလေး နှစ်ယောက်က ကျွန်မတို့ကို တက်နိုင် ပါ့မလားတဲ့။ ကျွန်မ တို့လည်း အရှုံး မပေးပဲ ရတယ်၊ တက်နိုင်တယ် လို့ပြောတော့ ဒါဆို တက်ကြမယ် ဆိုပြီး တက်ကြပါတယ်။ သူတို့ ပြောသလိုပဲ တောင်ကလည်း မတ်လိုက်တာ တောင်နဲ့ မျက်နှာ နဲ့တောင် ထိလုမတတ် ပါပဲ။ တဖြည်းဖြည်းနဲ့ ဘုရား ရင်ပြင်တော်ကို ရောက်မှပဲ စိတ်အေး ရပါတယ်။ တည်းခိုခန်း ပြန်ပြီးနား၊ ထမင်း သွားစားကြပြီး view point ဆိုင်ကို သွားထိုင်ကြတယ်။ အဲဒီ ဆိုင်လေးက ထိုင်လို့ ကောင်းတယ်။ တနေ့လုံး မောပန်းသမျှ ဒီဆိုင်လေး ရောက်မှပဲ အနားယူ ရပါတယ်။

(ခရီးကြမ်းကြီးကို ကျော်ဖြတ်ပြီးသွားခဲ့ကြတဲ့ ရေတံခွန်)

နောက်မှ သိရတာက ရေတံခွန်က ခရီးတော့ ကြမ်းတယ်။ သိပ်အဝေးကြီးတော့ မဟုတ်ပါဘူးတဲ့။ သူတို့တွေ လမ်းမှားပြီး သွားလို့ ဒီလောက် ကြာနေတာတဲ့။ သူတို့ ကတော့ မှင်သေသေနဲ့ သူတို့ မမှားသလိုပဲ။ ကျွန်မ တို့ကို စိတ်ပူမှာ စိုးလို့ ဘာမှ မပြောပါဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီနေ့က တောင်တွေ တတောင်တက် တတောင်ဆင်းနဲ့ သွားခဲ့ကြတာ၊ ချောက်ကမ်းပါးနား ကနေ အသဲ တထိပ်ထိပ်နဲ့ သွားခဲ့ကြတာ ဘယ်တော့မှ မမေ့နိုင် တော့ပါဘူး။ တဦးနဲ့တဦး လည်း ပိုလို့ ရင်းနှီးချစ်ခင် သွားကြတယ်။ နောက်တနေ့ တော့ တောင်တက်ထားတဲ့ အရှိန်နဲ့ ဘယ်မှ မသွားနိုင်တော ပါဘူး။ တည်းခိုခန်း မှာပဲ နားနေကြရတယ်။

နောက်တနေ့ မှာတော့ မသွားရ သေးတဲ့ ကျီးကန်းပါးစပ် ဘက်ကို သွားပါတယ်။ ပြန်လာပြီးတော့ တနေ့လုံး နားလိုက်ကြပါတယ်။ ညဘက် မှာတော့ ဘုရားရှီခိုး ပုတီးစိပ်ပေါ့။ နောက်တနေ့ မနက် အစောကြီး ဘုရားပေါ် ကနေ ပြန်ဆင်း လာတာ အသွား တုန်းကထက် မြန်ပြီး ပြေးဆင်းကြတာ တောင်အောက်ကို စောလို့ ရောက်နေ တော့တယ်။ တောင်အောက် ကင်ပွန်းစခန်း ရောက်တော့ ထမင်းစားကြပြီး ခနနေတော့ ကားပြန်စီး လာကြတယ်။ တလမ်းလုံး အတွေး ကိုယ်စီနဲ့ ငြိမ်ချက်သား ကောင်းပြီး လိုက်လာကြတယ်။ အပြန် ခရီးမှာတော့ တယောက်နဲ့ တယောက် အနစ်နာခံ တတ်တဲ့စိတ်တွေ၊ လိုက်လျော တတ်တာတွေ၊ သည်းခံ တတ်တဲ့ စိတ်တွေ ကိုယ်စီနဲ့ ပိုလို့ ချစ်ခင် ခဲ့ကြတယ်။

ကျွန်မ စဉ်းစား လိုက်တိုင်း မျက်ရည်ကျ ရတယ်။ ကိုယ်ချစ်တဲ့ သူတွေနဲ့ ကိုယ်ချစ်တဲ့ နေရာလေး ကို ခွဲခဲ့ရ လို့ပေါ့။ ဒါပေမဲ့ လောလောဆယ် ကိုယ်နေရတဲ့ နေရာမှာ ကြိုးစားခွင့် ရပြီး ကိုယ်ချစ်တဲ့ နေရာလေး အတွက် တခုခု အကျိုးပြု နိုင်မယ်ဆို နေရ ကျိုးနပ်ပါပြီ။

Monday, November 23, 2009

ကိုမင်းကိုနိုင်မွေးနေ့အမှတ်တရ


ကိုမင်းကိုနိုင်ရဲ့ (၄၇) နှစ်ပြည့်မွေးနေ့မှာ နိုင်ငံတကာ ကျောင်းသားများသို့ ဆိုပြီး သူကိုယ်တိုင် နှုတ်ခွန်းဆက်စကား ပြောလိုက်ပါတယ်။ အော် သူကိုယ်တိုင်ကတော့ အားလုံးနဲ့ဝေးတဲ့နေရာမှာ အကျဉ်းကျ ခံနေရတယ်။ ကိုမင်းကိုနိုင်ရဲ့ တိုင်းပြည်အပေါ် ကိုယ်ကျိုးစွန့်လွှတ်မှု၊ အသက်ကို ပဓာနမထားပဲ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေတာဟာ ကျွန်မတို့ရဲ့ ရင်ထဲမှာ ဂုဏ်ယူစရာ၊ အတုယူစရာ ဖြစ်ခဲ့ပါတယ်။ ကိုမင်းကိုနိုင်ရဲ့ လူငယ်ဘ၀တလျှောက် သက်တမ်းမှာ အနှစ်နှစ်ဆယ်နီးပါး အကျဉ်းချထားခဲ့ကြတယ်။ အခုလည်း (၆၄)နှစ် ထပ်ပြီး အကျဉ်းချထားလိုက်ပြန်ပြီ။ လူကိုသာ အကျဉ်းချထားလို့ရမယ်၊ စိတ်ဓါတ်ကို တော့ ဘယ်တော့မှာ အကျဉ်းချထားလို့မရပါဘူး။

ကိုမင်းကိုနိုင် အမြန်ဆုံးလွတ်မြောက်ပြီး တိုင်းပြည်အကျိုးကို အကောင်းဆုံး ထမ်းရွက်နိုင်ပါစေ။ ၀ါသနာပါတဲ့ အနုပညာအလုပ်ကိုလည်း ပုံဖေါ်နိုင် ပါစေ။ ညီအကိုမောင်နှမအားလုံး လူထုအားလုံးရဲ့ အားပေးကူညီမှုနဲ့ မေတ္တာကို ထာဝရရရှိနေမှာပါ။

Sunday, November 15, 2009

အချစ်ရဆုံးညီမလေးမွေးနေ့

ဒီနေ့ဟာ အချစ်ဆုံးညီမလေးရဲ့ မွေးနေ့ပါ။

ညီမလေးရေ ဘာလိုလိုနဲ့ အသက်တနှစ်ထပ်ကြီးသွားပြန်ပြီနော်။ ပိုရင့်ကျက်လာရပြီပေါ့။ အကိုနှစ်ယောက်ရှိတဲ့ မမဘ၀မှာတော့ ညီမလေးတယောက်ရလာကတည်းက အရမ်းဝမ်းသာပြီး အရမ်းချစ်ခဲ့ရပါတယ်။ ဘ၀မှာလည်း အကောင်းဆုံးတွေပဲ ဖြစ်စေချင်ခဲ့တယ်။ အသိဥာဏ် ပညာထက်မြက်ပြီး ရင့်ကျက်တဲ့ သူတယောက် ဖြစ်စေချင်ခဲ့တယ်။ စိတ်အခြေခံကောင်းတဲ့ ညီမလေးကလည်း စိတ်ထားကောင်းတဲ့ သူတယောက် ဖြစ်ခဲ့ပါတယ်။

သူငယ်ချင်းတွေအပေါ်မှာလည်း အင်မတန်မှ အနစ်နာခံ အနွံတာခံလို့ အားလုံးရဲ့ ခင်မင်မှုကိုအများဆုံးရခဲ့ပြီး သူငယ်ချင်းအားလုံးရဲ့ တိုင်ပင်စရာ ဖြစ်ခဲ့တာပေါ့။ သူငယ်ချင်းတွေ တခုခုဖြစ်ပြီဆိုရင်လည်း ညီမလေးကိုပဲ တိုင်ပင်လို့ ညီမလေးကပဲ ဖြေရှင်းပေးခဲ့နိုင်တယ်။

အဲဒီအတွက်ကြောင့်လည်း အားလုံးကညီမလေးကို တခြားသူထက် ချင်ကြခင်ကြတာပေါ့။ အိမ်မှာ အငယ်ဆုံး ဆိုတော့ အားလုံးရဲ့ အလိုလိုက်ခြင်းကိုလည်း ခံရတယ်။ ညီမလေးကို ချစ်ကြခင်ကြရင် မမကလည်း အလိုလို ကျေနပ်နေမိတယ်။ အလိုလိုကို ပျော်နေတာပဲ။

ဖေကြီးမိတ်ဆွေဦးမိုးဟိန်း (ဂျာနယ်ကျော်မမလေးရဲ့သား) က အခုထိ ညီမလေးကို ဖွားသီလရှင်လို့ပဲ ခေါ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ညီမလေးမမွေးခင် ဗိုက်ထဲမှာကတည်းက ဖေကြီးက ဒုလ္ဘရဟန်းဝတ် တရားထိုင်၊ ပြီးတော့လည်း ဆေးလိပ်ကို အပြီးဖြတ်လိုက်လို့ပါပဲ။ နှစ်နှစ်သုံးနှစ်အရွယ်ကျတော့လည်း အဖွားနဲ့အတူတူ ဘုန်းကြီးကျောင်းမှာ ဥပုပ်စောင့်ပါတယ်။ ညနေဆိုရင်တော့ ထမင်းစာလို့ တထိုင်ဥပုပ် ဖြစ်သွားပါတယ်။ ပုဝါလေးသိုင်းပြီး အဖွားနဲ့ ဥပုပ်သွားစောင့်တဲ့ပုံစံက တကယ့်ကို လူကြီးလေး တယောက်လို ပါပဲ။ ငယ်ငယ်ကထဲက ဘုရားတရားကို ကိုင်းရှိုင်းတဲ့ ညီမလေးပါ။ အခုချိန်ထိ ငယ်ငယ်တုန်းက ကလေးလေးလိုပဲ မြင်ယောင်ဆဲပဲ ညီမလေးရေ။


(အရုပ်အရမ်းကြိုက်တဲ့ ညီမလေးအတွက်)

ညီမလေးရဲ့ မွေးနေ့တိုင်းအတူတူ ရှိနေကြပါ။ ဒီနှစ်မှာတော့ အဝေးကို ရောက်နေကြပြီ။ အဝေးကနေပဲ ဆုတွေတောင်းပေးတော့မယ်နော်။

မိဘကိုလည်း အလုပ်အကျွေးပြုနိုင်ပါစေ။ စိတ်ထဲရှိတဲ့အတိုင်း လုပ်ကိုင်နိုင်ပါစေ။ အဖြစ်ချင်ဆုံးဆန္ဒတွေအားလုံး အမြန်ပြည့်ဝပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ လိုရာပြည့်စုံပြီး သာသနာပြုနိုင်သော သူဖြစ်ပါစေ။

မမ

Monday, November 9, 2009

အမှိုက်ပုံသို့ အလည်တခေါက်

ဒီအမှိုက်ပုံပေါ်မှာ အိမ်လေးတွေ အများကြီးရှိတယ် ကျွန်မတက်လို့မရခဲ့တဲ့ နေရာလေးပေါ့။
(ရင်နင့်အောင် ခံစားရတဲ့ ပုံလေးပေါ့)

ဒီကလေး ဘာတွေ စဉ်းစားနေပါလိမ့်လို့ တွေးနေတာ
လူတွေရဲ့ ဘ၀တွေ ဘာကြောင့် မတူညီရတာလဲ……….ကျွန်မအထပ်ထပ် စဉ်းစားကြည့်တယ်။ စနစ်ဆိုးကြီးရဲ့ သားကောင်တွေ အဖြစ် ဘယ်အချိန်အထိ နေရအုံးမှာလဲ။ ကျွန်မတို့ရင်ဘတ်ချင်းတူတဲ့သူတွေပေါ့။ မဲဆောက်မြို့ ရဲ့ အမှိုက်ပုံဆိုတာကို သွားခဲ့ကြတယ်။ အမှိုက်ပုံမှာ ဘယ်သူတွေ နေကြတာလဲ။ ဘာကြောင့်ဒီလောက်ဆိုးရွားတဲ့ နေရာမှာနေနေကြတာလဲ ဆိုတာ ကျွန်မ အရမ်းသိချင်တာကြာခဲ့ပါပြီ။ ဒီနေ့မှာတော့ ကျွန်မရဲ့  ဆန္ဒပြည့်ဝသွားခဲ့ပါတယ်။ အမှိုက်ပုံက မဲဆောက်မြို့ ကနေ တော်တော်ဝေးဝေးမှာ ရှိပါတယ်။ အရမ်းသွားချင်နေတဲ့ ကျွန်မတလမ်းလုံးရင်တွေခုန်လိုပေါ့။ တလမ်းလုံးလည်း ရောက်ပြီလား ရောက်ပြီလားနဲ့ မေးနေလိုက်တာ မရောက်သေးပါဘူးဆိုပြီး ပြောယူရပါတယ်။

အမှိုက်ပုံရှိတဲ့ နေရာရဲ့လမ်းထိပ်မှာပဲ အနံ့ဆိုးဆိုးကို ရလိုက်ပါတယ်။ ကျွန်မ တို့ကားကိုဝင်လာပြီး အမှိုက်ပုံနားမရောက်ခင် ကားကိုရပ်လိုက်တော့ ကလေးတသိုက်နဲ့ အမျိုးသမီးတွေကို တွေ့လိုက်တယ်။ အမှိုက်တွေပြည့်နေတဲ့ ကန်ကိုလည်း တွေ့ရပါတယ်။ အနားမှာ ကျောင်းလေးတကျောင်း ကိုတွေ့တယ်။ မေးကြည့်တော့ ဒီက ကလေးတွေတက်တဲ့ကျောင်းပါတဲ့။ ကျွန်မတို့လည်းပါလာတဲ့ မုန့်တချို့ ကို ဝေပေးတော့ လက်အုပ်လေးတွေချီပြီး ` ဆ၀ါဒီ ခပ်´ တဲ့။ တချို့ကလေးက ပေးတာတောင် မယူပါဘူး။ အတင်းပေးမှပဲ ယူပါတော့တယ်။ ကျွန်မရင်ထဲ နင့်နေအောင် ခံစားလိုက်ရတယ်။ ကလေးတွေမှာ ဖိနပ်တောင်မရှိကြပါဘူး။ အမှိုက်ပုံအမြင့်ကြီးမှာ အိမ်လေးတွေအများကြီးတွေ့လိုက်ရတယ်။ အိမ်ခြေစုစုပေါင်း တရာကျော်တယ်တဲ့။ ဒါဆို လူဦးရေကို ခန့်မှန်းကြည့်လိုက်တော့ လေးရာကျော်နိုင်တာပေါ့။

အဲဒါနဲ့ ကျွန်မတို့ကို အမှိုက်ပုံပေါ် တက်လို့ရတယ်ပြောတော့ ကျွန်မလည်း အမှိုက်ပုံပေါ်ကို တက်မလို့ သွားလိုက်တာ ခြေထောက်ကြီး ကျွံဝင်သွားလို့ ဆက်မသွားရဲတော့ပဲ အတူပါလာတဲ့ ညီမလေးရဲ့လက်ကို အတင်းဆွဲပြီး ပြန်ထွက်ခဲ့ရတယ်။ သူတို့လေးတွေကို ကြည့်လိုက်တော့ ဖိနပ်မပါပဲ ပြေးတက်ပြေးဆင်းနဲ့ ဒီ အမှိုက်ပုံနဲ့ တော်တော်အကျွမ်းတ၀င် ဖြစ်နေကြပါပြီ။ မိုးတွင်းဆိုရင်တော့ ပိုလို့ဆိုးမဲ့အခြေအနေပါပဲ။ လမ်းကလည်း ရွှံ့တွေနဲ့ ပိုလို့ညစ်ပတ်ပြီး အနံ့အသက်လည်း တော်တော်ဆိုးနေမှာပါ။ ကျန်းမာရေးကို ကြည့်ရင်လည်း ရေရှည်မှာ ရောဂါဖြစ်လာနိုင်ပါတယ်။ ဒါတောင် ဒီမှာ နေနိုင်ကြတာဟာ ဘာကြောင့်လဲ။ မြန်မာနိုင်ငံသားတွေ ဘာလို့ ဒီလောက်ဆိုးရွားတဲ့ အခြေအနေကိုရောက်နေကြတာလဲ။ ဘယ်သူမှတော့ ဒီလိုဆိုးရွားတဲ့နေရာမှာ နေချင်မှာ မဟုတ်ဘူးလို့ထင်ပါတယ်။ ဒါပေမဲ့ အခြေအနေတခုကြောင့် သူတို့တွေ နေနေကြတာပါ။ ဒါဟာ စစ်အုပ်စုမှာ တာဝန်အရှိဆုံးပေါ့။ သူတို့တွေ အာဏာမက်လေ ပြည်သူတွေ ဒုက္ခရောက်လေပေါ့။ ဘာပဲဖြစ်ဖြစ်လေ ကျွန်မတို့အနေနဲ့ တတ်နိုင်တဲ့ဘက်က သူတို့လေးတွေကို တခုခု ကူညီခွင့်ရမယ်ဆိုရင်တော့ ၀မ်းမြောက်မိမှာ အသေအချာပါပဲ။ နောက်တခေါက် အခွင့်အရေးရရင် သွားဖို့ စိတ်ကူးထားမိပါတယ်။

Saturday, November 7, 2009

အစပြုခဲ့သော..

ဒီနေ့ ၂၀၀၉ခုနှစ် နိုဝင်ဘာ(၇) ရက်နေ့ ဘလော့လေးမှာ စပြီ ခြေရာချခဲ့တယ်။ ခံစားချက်တွေ ဝေမျှရာ ဝန်းကျင်လေးတစ်ခု၊ တခါတရံ ဗဟုသုတ တိုက်ကျွေးရာ၊ တခါတရံ လှုပ်ရှားမှုလေးတစ်ခု၊ တခါတရံ ကျမရဲ့အတွေးအမြင်လေးတွေ ဖလှယ်ရာ နေရာလေးတစ်ခု၊ စိတ်ခွန်အားဖြစ်စေမယ့် ရသလေးတစ်ခု၊ ဘဝတိုက်ပွဲရဲ့ အစိတ်အပိုင်းလေးတစ်ခုအဖြစ် တည်နေရာ၊ စိတ်ကူးလေးတွေကို ပုံဖေါ်နေမယ့် အလွမ်းရပ်ဝန်းလေး တစ်ခု၊ ....ပေါ့။