Tuesday, April 3, 2012

အောင်မြေတစ်နေရာမှ ...လွမ်းချင်း သို့

မိုးယံထက်ထိ အောင်မြင်မှုအသံများ ကြားနေရသည့် အောင်မြေတစ်နေရာတွင် ဘာတွေများ လုပ်နေပါ့မလဲ ဟူသည့် အတွေးက ကျမ၏ စိတ်နှလုံးကို ပြင်းပြင်းထန်ထန် လာရောက် ရိုက်ခတ် နေပါသည်။ အောင်မြေနင်းပြီး အောင်မြင်မှုတွေ ရရှိထားသည့် နေရာတစ်ခုအတွင်း နေထိုင်နေသော သူတစ်ယောက် ဖြစ်နေပါလျက် သူ့အနေဖြင့် မည်သည့် အခန်းမှ ပါဝင်ခဲ့ပါသနည်း ဟူသည့် အတွေးကို တွေးရင်း တရားဓမ္မဖြင့် အမှန်တရား တစ်ခုဘက်မှာပင် ရှိနေမှာပါဟု အကောင်းမြင် ယူဆရင်း သူနေထိုင်သည့် အောင်မြေတစ်နေရာ အတွက် ဂုဏ်ယူနေမိပါသည်။

မှားခြင်း မှန်ခြင်း ဆိုသည်မှာ တစ်ဦးနှင့်တစ်ဦး အယူအဆ၊ နေထိုင်ပုံခြင်းရာများ၊ လက်တွေ့ဓမ္မဓိဌာန်ကျမှုများ၊ မိမိဘဝပေး အခြေအနေများ၊ ပတ်ဝန်းကျင်မှ တန်ပြန်မှုများ၊ ဝေဖန်ဆန်းစစ်နိုင်မှုများ၊ အသိပညာများ၊ မှတဆင့် လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးအတွင်းတွင် နေထိုင်နေကြရသည့် တည်ဆောက်မှုပုံစံများထိ အလွန်ကျယ်ပြန့်လှပါသည်။

လူ့အဖွဲ့အစည်းကြီးတစ်ခုအတွင်း တစ်ဦနှင့်တစ်ဦး၊ လူများစုမှ လူနည်းစု၊ အင်အားကြီးတစ်ခုမှ အင်အားငယ်တစ်ခု၊ အာဏာကြီးသူမှ အာဏာမဲ့သူ၊ လက်နက်ရှိသူမှ လက်နက်မဲ့သူ၊ ပညာတတ်မှ ပညာချို့တဲ့သူ၊ ငွေကြေးချမ်းသာသူများမှ ဆင်းရဲသူများ သို့ မတရား အမူအကျင့်များဖြင့် လူမဆန်စွာ နိုင်ထက်စီးနင်း ပြုမူ လိုမှုများပါဝင်ပေသည်။

ယင်းသို့ ပြုမူပုံများကိုကြည့်၍ မှားခြင်း မှန်ခြင်းကို ဝေဖန်ပိုင်းခြား စဉ်းစားတတ်ပြီး မှန်ကန်သည့်ဘက်မှ နေ၍ မှန်ကန်သည့်အလုပ်ကို ကြောင်းကျိုးသင့်လျော်စွာ မျှမျှတတ ပြုမူရပေမည်ဟု ကျမ ယုံကြည်ပါသည်။ ကျမယုံကြည်သည့်အတိုင်း ယုံကြည်လိမ့်မည်ဟု တထစ်ချ မှတ်ယူနေမိသည်မှာလည်း လွန်မည်မထင်ပါ။

ပညာသင်နေစဉ် ကာလတွင်ပင် အမှန်တရားကို ခွဲခြားတတ်နေပြီးဖြစ်သော သူတစ်ယောက်သည် လက်တွေ့ဘဝတွင်လည်း အမှားအမှန်ကို ပိုင်းခြားတတ်နေပေလိမ့်မည်။ မတရားမှုများကို ငုံ့ခံမနေတတ်သော သူများ၏ အမူအယာ၊ စိတ်နှလုံး နူးညံ့မှု၊ လွတ်လပ်စွာ တွေးခေါ်မှု တို့ဖြင့် ပြည့်နေသောသူ၏ အကျင့်သည် မည်သည့်အချိန်မှာဖြစ်ဖြစ် အကြောက်တရားနှင့် ကင်းဝေးနေပေလိမ့်မည်။

လိုချင်ပြင်းပြသော စိတ်၊ လုပ်ချင်စိတ်နှင့် မှန်ကန်သည့်ခံယူချက် ကြီးမားသောသူ၏စိတ်က အကြောက်တရားကို ဖုံးလွှမ်း သွားပေလိမ့်မည်။ တခါတရံတွင် အကြောက်တရားကြောင့် မိမိကြောက်သောအရာ၏ သားကောင်ဖြစ်သွားခဲ့ရခြင်းလည်း ရှိတတ်သည် မဟုတ်လား။

အောင်မြေတစ်နေရာတွင် ခြေချခွင့်ရနေသော သူသည် အမှန်တရားဖြင့် ဂုဏ်သိက္ခာရှိစွာ နေထိုင်သည် ဆိုသည်ပင်လျှင် ထိုနေရာသည် သူ၏အောင်မြေ ဖြစ်နေပေလိမ့်မည်။ လူ့လောကတွင် နေထိုင်စဉ် မိမိနေထိုင်ခွင့် ရနေသော နေရာသည် မိမိ၏ အောင်မြေဖြစ်ရန် လိုအပ်လှပေသည်။

ထိုနေရာတွင် ဓမ္မတစ်ခုအတွက်. တရားမျှတမှုအတွက်. အမှန်တရားဖြင့် ပြည့်နှက်နေမည့် ရပ်ဝန်းတစ်ခုကို တည်တံ့နေစေရန် .. အစဉ်ကြိုးပမ်းရပေလိမ့်မည်။ စီးချင်းထိုးလျှင်လည်း ထိုးရပေလိမ့်မည်။

အောင်မြေတစ်ခုပေါ်တွင် နေထိုင်သော်လည်း သူ၏လုပ်ရပ်နှင့် အပြုအမူများသည် လူအများ၏ ပြစ်တင်ကဲ့ရဲ့စရာ၊ ဓမ္မဘက်မှ ရဲရဲမလျှောက်ရဲသော သူတစ်ယောက် ဖြစ်ခဲ့လျှင်ဖြင့် နေထိုင်ရာ နေရာတွင် လိပ်ပြာမလုံမည့် သူအဖြစ်နှင့် အကျည်းတန် နေပေလိမ့်မည်။ အကျည်းတန်သူများ များပြားနေသော နေရာတစ်ခုသည် ဘယ်သောအခါမှ အောင်မြေတစ်ခု ဖြစ်လာမည် မဟုတ်ပေ။ ဘဝတလျှောက်တွင် မိမိတစ်ယောက်တည်း အတွက်သာ ကြည့်တတ်ပြီး အများအတွက်၊ လောက ဝန်းကျင်အတွက် အနှစ်သာရမရှိသူ ဖြစ်နေမှာကို ကျမ ထိတ်လန့်မိသည်မှာ ဆိုဖွယ်ရာ မရှိတော့.။

အောင်မြေတစ်ခုပေါ်တွင် နေထိုင်နေသောသူသည် ဝန်းကျင်အတွင်းတွင် မျှတမှုရှိသော.၊ အမှန်တရားကို မြတ်နိုးသော၊ ကိုယ်ချင်းစာစိတ် အပြည့်ရှိသော၊ အပြန်အလှန် တန်ဖိုးထားမှုရှိသော၊ လေးစားမှုရှိသော၊ စည်းကမ်းရှိသော၊ မေတ္တာများနှင့် ပြည့်ဝနေသော သူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု အကြွင်းမဲ့ ယုံကြည်ပါသည်။ ကျမ ယုံကြည်သည့်အတိုင်း ဖြစ်နေမည်ဟု ကျမ ရည်မှန်း မျှော်လင့်မိပါသည်.။

လူ့လောက လူ့အဖွဲ့အစည်းတွင် နေထိုင်စဉ် အချိန်ကာလအတွင်း မိမိနေထိုင်ခွင့် ရနေသော နေရာတွင် မိမိနှင့်အတူ လောကလူ့အဖွဲ့အတွင်းရှိ လူအများ၏ အောင်မြေ အဖြစ် ဖန်တီးနိုင်ကြပါစေ...ဟု..။