လူတိုင်းလူတိုင်းဟာ လောကကြီးထဲကို စပြီးရောက်လာပြီ ဆိုကတည်းက တာဝန်ကိုယ်စီ ပါလာပါပြီ။ ဒီတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ဖို့လည်း ကြိုးစားရပါပြီ။ ငယ်စဉ်ကလေးဘ၀ ကျောင်းစတက်ပြီ ဆိုတာနဲ့ စာသင်ဖို့ တာဝန်ရှိလာပါပြီ။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ် အဆင်ဆင့် အောင်မြင်အောင် လုပ်ကြရပြီလေ….. အဲဒီအခါ မိမိတာဝန်ကို မိမိကျေပွန်အောင် မလုပ်နိုင်ခဲ့ရင် အောင်မြင်မှု ဆိုတာ ရလာမှာမဟုတ်ပါဘူး။ မိဘကလည်း မိဘတာဝန် ကျေပွန်အောင် အစွမ်းကုန် မေတ္တာထားပြီး ပေးဆပ်ကြပါတယ်။ မိဘတိုင်းကတော့ သားသမီးအပေါ်မှာ တာဝန်ကျေတာထက် အများကြီးပိုပါတယ်။ (သားသမီးတွေကသာ ဘယ်လောက် တာဝန်ကျေအောင် လုပ်နိုင်ကြပါပြီလဲလို့………)။ အဲဒီလိုပဲ အလုပ်သမားကလည်း အလုပ်သမားတာဝန်၊ ဆရာဝန်ကလည်း ဆရာဝန်တာဝန်၊ လယ်သမားကလည်း လယ်သမားတာဝန်၊ ကျောင်းသားကလည်း ကျောင်းသားတာဝန် သူ့နေရာနဲ့သူ တာဝန်တွေ ထမ်းနေရတာပါပဲ။
ကျောင်းပြီးလို့ လုပ်ငန်းခွင် ၀င်ကြရပါပြီ။ မိမိရဲ့လုပ်ငန်းခွင်ထဲမှာလည်း မိမိတာဝန်ကျေပွန်ဖို့ လိုပါတယ်။ ဒါမှလည်း မိမိရဲ့လုပ်ငန်းကို မိမိလေးစားရာ၊ မြှင့်တင်ရာ ရောက်မှာပေါ့…….. မိမိရဲ့တာဝန်ကို မိမိမကျေပွန်တာကို အခြားသူတွေ မသိခဲ့ရင်တောင် မိမိကိုယ် မိမိတော့ သိနေကြမှာပါ။ ဒါဆိုရင် ကိုယ့်ကိုကိုယ် တခုခု လိုအပ်နေပြီလို့ ခံစားကြရမယ် ထင်ပါတယ်။ အဲဒီလို မခံစားမိပဲ နေနိုင်တဲ့သူဆိုရင်လည်း တာဝန်ကို မသိလို့ မဟုတ်ပဲ မသိချင်ဟန်ဆောင်တာမျိုးပဲ ဖြစ်ပါလိမ့်မယ်။ ဘယ်လိုလူမျိုးမဆို ကိုယ့်တာဝန်ကို ကျေပွန်အောင် လုပ်နိုင်ခြင်းကသာ လူပီသတဲ့ လူသားတယောက် ဖြစ်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါမှလည်း အဆင့်ဆင့် တိုးတက်ပြောင်းလဲလာမဲ့ လူမှုအဖွဲ့အစည်း ဖြစ်လာမှာပါ…..
မိမိတာဝန်ကို မိမိကျေပွန်အောင် လုပ်နိုင်မှ အများတာဝန်ကိုလည်း ကျေပွန်အောင် လုပ်ဆောင်နိုင်လာကြမှာပါ။ မိမိတာဝန်ကိုမှ မိမိမကျေပွန်တဲ့သူဟာ အများတာဝန်ကို လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ အရေးကြီးတာကတော့ မိမိရဲ့စိတ်ကသာ အဓိက ဖြစ်ပါတယ်..... စိတ်ကသာ တာဝန်ဆိုတာကို အလိုလို သိနေမယ်ဆိုရင် အလုပ်ကိုလည်း အလိုအလျောက် လုပ်နိုင်လာမယ်လို့ ထင်ပါတယ်။ မိမိရဲ့ အသိစိတ်နဲ့ မိမိလုပ်တာသာ ပိုကောင်းပါတယ်။ မိမိတာဝန်ကို မိမိထမ်းဆောင်နိုင်ပြီဆိုရင် အများအတွက်လည်း လုပ်နိုင်လာပါပြီ.....
မိမိ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးအတွက် တာဝန်ထမ်းဆောင်နေတဲ့ သူတွေကိုတော့ ရင်ထဲက လေးလေးနက်နက် လေးစားဂုဏ်ယူနေမိတယ်…..။
ကိုယ်ထမ်းဆောင်ရမဲ့ တာဝန်ကို မယူပဲ နေတဲ့သူဟာ လူ့လောကကြီးကနေ တဖြည်းဖြည်း ဝေးရာကို သွားနေတာနဲ့ တူသွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်တာဝန်ကို ကျေပွန်အောင် အစွမ်းကုန်ကြိုးစားရင်း ကိုယ့်ရဲ့ လူ့အဖွဲ့ကြီး တရပ်လုံးကို အလှဆင်ကြပါစို့နော်………

3 comments:
ကိုယ့်တာဝန်ကိုယ်သိဖို့ အသိတရားမျှဝေပေးထားတာ ကျေးဇူးပါ သဒ္ဓါရေ.. လူတိုင်းတာဝန်ကိုယ်စီသိကြရင် ပျော်စရာ ကမ္ဘာကြီး ဖြစ်လာမှာပါ..
မမရေ...
ကိုယ့်တာဝန်ကိုယ်သိဖို့ အရမ်းအရေးကြိးတာပေါ့
ချစ်တဲ့
လုံလုံ
မသန္တာရေ...”တာဝန်ဆိုတာ” ကို လာဖတ်ပါတယ်။ ကောင်းလိုက်တာ။ အတွေးတွေက ကောင်းလာပါတယ်။ ဆက်ရေးပါနော်။ အားရင် လာဖတ်ပါတယ်။ တာဝန်တွေကို မပျက်မကွက် ထမ်းဆောင်းနိုင်ပါစေခင်ဗျာ။
Post a Comment