Showing posts with label အတွေးအမြင်. Show all posts
Showing posts with label အတွေးအမြင်. Show all posts

Friday, June 27, 2014

ကျွန်မဖွင့်လိုက်မိသော စိတ်တစ်စုံ

လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသည့်စကားလုံးသည် လောကအတွင်း ရှင်သန်နေထိုင်ကြသော သက်ရှိ လူသားများ၏ ဖြစ်တည်မှု တစ်ခုပင်..။ လူ့ဘဝ နေ့စဉ်ကျင်လည် နေရသည့် အခိုက် ဘေးနားဝန်းကျင်တွင် ရှိနေသော သူများနှင့် ဆက်ဆံပြောဆို နေကြစဉ်အတွင်း မိမိစိတ်နှင့် သဟဇာတ ဖြစ်မည့်သူများ၊ မိမိနှင့် ယုံကြည်ချက် မတူနိုင်မည့် သူများ၊ ကိုယ်ကျိုးရှာသည့်သူများ၊ အခြားသူများနှင့် မျှမျှတတ ဆက်ဆံတတ်သူများ ကို အများအပြား တွေ့နေရပေမည်.

အချိန်နှင့်အမျှ  မိမိဘဝ လူနေမှု အတွက် ကြိုးစားနေကြသူ အများအပြား၏ စိတ်တွင်း ခံစားချက် များမှာလည်း အဘယ်ကဲ့သို့ တူနိုင် ပါမည်လဲ။ တစ်ယောက်ချင်းစီ၏ နောက်ခံ အကြောင်းအရာများ ကွဲပြားခြားနား ကြသလို ရှေ့ဆက် လျှောက်နေရသည့် အခြေအနေသည်လည်း မတူနိုင်ကြပေ။ ထိုသို့ မတူနိုင်သောလမ်းပေါ်တွင် လျှောက်လှမ်းနေရသည့် အလျောက် စိတ်အခြေခံများသည်လည်း မတူနိုင်ကြ.။ တချို့မှာ ဘဝ၏ စေခိုင်းရာအတိုင်း လိုက်ပါနေရသောကြောင့် စိတ်စေရာ၏ ဆန့်ကျင်ဘက် အခြေအနေတွင် ရှိနေပေလိမ့်မည်။

ငယ်စဉ်ဘဝဖြစ်တည် လာခဲ့ကြရသော ပတ်ဝန်းကျင် မှ တုံ့ပြန်မှုများ၊ အသိုင်းအဝိုင်းများ၏ တန်ပြန် ဆက်ဆံမှုများ ကြောင့် တချို့သူများ စိတ်အခြေ ပြောင်းလဲ သွားကြရပေသည်။ အေးဆက်ဆက် တုံ့ပြန်မှုများကြောင့် ဘဝတလျှောက်လုံး ယုံကြည်မှု အားနည်း သွားကြသူ များလည်း ရှိလေသည်။ မိသားစု အဝန်းအဝိုင်းများ၏ နွေးထွေး ဆက်ဆံမှုသည် များစွာ အရေးကြီးပေသည်။ ထိုသို့ နွေးထွေးစွာနေခဲ့ ကြရသော သူများသည် ဘဝ တလျှောက်လုံးတွင် မိမိကိုယ်တိုင် ယုံကြည်မှု ကို တည်ဆောက်နိုင်ပြီး အောင်မြင်နေ ကြပေသည်။ ထိုသူများသည် မိမိစိတ်ကို မိမိ အောင်နိုင်သူများ ဖြစ်သွားကြလေသည်။
 
ထိုကဲ့သို့ ငယ်ဘဝကြောင့် ဖြစ်ပေါ်လာရသော အပြုအမူများ. စိတ်ခံစားချက်များ. သည် လူတိုင်းကို မဆိုလိုသော်လည်း လူအတော် များများတွင် ဖြစ်လေ့ ရှိသည်ကို တွေ့မြင် ရလေသည်။
 
တချို့သော သူ၏စိတ်သည် အသက်အရွယ် အရပြောင်းလဲ သွားတတ်ကြသည်။ ထိုပြောင်းလဲမှုသည် ငဲ့ညှာတတ်သော အခြေခံ ဇာစ်မြစ်မှ ပေါက်ဖွားလာခဲ့ကြလေသည်။ စာနာ နားလည် ပေးနိုင်သောစိတ် ရှိသူသည် သူ၏ ငယ်ဘဝ တွေ့ကြုံမှုများကို နမူနာယူပြီး တပါးသူအပေါ် မျှတစွာ စဉ်းစားပေးနိုင်သူ ဖြစ်လာသည်။ သူတပါး အခက်အခဲများကို ကိုယ်နှင့်ဖြစ်စေ၊ စိတ်နှင့်ဖြစ်စေ မိမိပြုလုပ်နိုင်ရာ ကို တနည်းနည်းဖြင့် ဖြည့်ဆည်း ပေးနေသူများ ဖြစ်သည်။

တပါးသူ၏ စိတ်ကို ဖျက်ဆီး ပစ်တတ်ကြသူ များလည်း ရှိပါသေးသည်။ ထိုသူ၏ စိတ်အရင်းခံမှာ ကောင်းခြင်းဆိုးခြင်း ကို ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ တပါးသူ၏စိတ် မှာတော့ ပျက်ဆီး သွားပေသည်။ ထိုသူ၏စိတ်သည် အထီကျန်စွာ ဖြတ်သန်း လာခဲ့သော ဝန်းကျင်၏ ရိုက်ခတ်မှု တစ်ခု ကြောင့် ဖြစ်ပေလိမ့်မည်..။ 

မိမိ၏စိတ်လောဘကြောင့် သူတပါး၏စိတ် လမ်းခင်းပေးခဲ့ရခြင်းပင်....။ 

ငယ်ဘဝတလျှောက် ချမ်းသာစွာနေရပြီး သူတပါး၏ ခက်ခဲ ဆင်းရဲမှုကို ခံစား နားလည်ပေးနိုင်သူ များမှာလည်း လေးစားစရာ ကောင်းလှပေသည်။

လူတိုင်းသည် အသက်ရှင် နေထိုင်စဉ်အတွင်း ကြိုးစား လှုပ်ရှားနေကြရသော်လည်း ဘဝ၏ အခြေအနေအရ ပြည့်စုံ ချမ်းသာသည်ဖြစ်စေ၊ ရုန်းကန် နေကြရသည်ဖြစ်စေ၊ အခက်အခဲ များစွာ ရှိသော်လည်း လူ့လောကရှိ လူ့အန္ဓများ၏ နိုင်လိုမင်းထက် ပြုမူမှုများကို လျစ်လျူ မပြုပဲ ဖိနှိပ်ခံရသူများဘက်မှ ရပ်တည်ပေးသူများ လည်း ရှိလေသည်။ ထိုသူတို့၏ မူလရင်းခံ စိတ်နှလုံးသည် နူးညံ့မှု ပြယုဂ်တစ်ခု ဖြစ်သော မှန်သောဘက်မှ တွေးခေါ် စဉ်းစားပေးတတ်သူများပင် 

မိဘရင်ငွေ့အောက်မှ သာယာသော လမ်းတွင် လျှောက်လှမ်း လာရသော သူတချို့၏ စိတ်အခြေခံသည် အကောင်းမြင်သော စိတ်ဖြင့် ရှုမြင် တတ်ကြလေသည်။  မိဘနှင့်အတူ မနေခဲ့ရသော တချို့သော သူများမှာမူ  အားငယ်တတ်သည့် စိတ်ဖြင့် ကြီးပြင်းလာခဲ့ပြီး စိတ်အလို မကျမှုများ ဖြစ်ခဲ့ကြလေသည်။ မောင်နှမ အချင်းချင်းကြားတွင်လည်း မိဘဆွေမျိုးများ၏ ခွဲခြား ဆက်ဆံမှုကြောင့် မတူသော သဘောထားများနှင့် ကြီးပြင်းလာခဲ့ပြီး စိတ်ဒဏ်ရာ ရခဲ့ကြပေသည်။ သူတို့၏ စိတ်ဒဏ်ရာကို သူတပါးအပေါ် ဖုံးလွှမ်း ပုံချရင်း ကုစားကြပြန်သည်။ ထိုသို့ ကုစားမှုသည် သူတပါး၏ဘဝနှင့်စိတ် ကို ဒဏ်ရာပေးသကဲ့သို့ ဖြစ်နေသည်ကို မသိဟန်ဆောင်နေတတ်ကြသည်။ သူတို့၏ စိတ်ကို အကောင်းမြင်တတ်သော စိတ်များဖြစ်ပေါ်လာရန် ထိုသို့သော ခွဲခြားဆက်ဆံမှုများ မရှိအောင် ဆက်ဆံပြောဆို သင့်ပေသည်။ 

နွေးထွေးသော. မေတ္တာတရားများ ပြည့်နှက်နေသော ဝန်းကျင် တစ်ခုတွင် နေထိုင်ခွင့်ရကြရန် အုပ်မိုးပေးသင့် ပါသည်။ သို့မှသာ ပတ်ဝန်းကျင်တွင် အကောင်းမြင်တတ်သော မိမိကိုယ်ကိုယ် အားကိုးတတ်သော ယုံကြည်မှု ရှိသော သူများ များပြား လာပေလိမ့်မည်။ ထိုနှင့်အတူ တပြိုက်နက်တည်း မှာပင် မိမိကိုယ်ကိုယ် တာဝန်သိတတ်သော၊ တာဝန်သိမှုနှင့်အတူ တာဝန်ယူနိုင်သော၊ သူတပါး၏ ကိုယ်၊ စိတ်၊ နှလုံး၊ ခံစားမှုကို လေးစား တန်ဖိုးထား၍ ကိုယ်ချင်းစာနိုင်သော၊ လူ့ယဉ်ကျေးမှုကို နားလည်လာသော သူများ ဖြစ်လာနိုင်ပေလိမ့်မည်။

ကျွန်မ ယုံကြည်ခဲ့လေသောစိတ်.. ကျွန်မ လေးစားခဲ့သောစိတ်.. ကျွန်မနှလုံးသားကို ကိုင်လှုပ်ခဲ့လေသောစိတ်. ကျွန်မအတွက် ခွန်အားတစ်ခု ဖြစ်စေခဲ့သောစိတ်..  ကျွန်မဝိညဉ်အတွင်းသို့ ခိုလှုံခဲ့လေသောစိတ်.. 

ထို စိတ်တစ်စုံ သည်ကား....

Monday, July 2, 2012

အောင်မြင်ခြင်း နှင့် ရှုံးနိမ့်ခြင်း

လူတို့၏ သတ်မှတ်ချက် အတိုင်းအတာအရ အောင်မြင်သောသူ၊ ရှုံးနိမ့်သောသူ၊ များအဖြစ် လောကဇာတ်ခုံပေါ်တွင် အလှည့်ကျ နေရာပေးနေရပေသည်။ ဘဝတစ်ကွေ့၏ အလှည့်အပြောင်း၊ အချိန်နှင့် အခြေအနေ၊ ကြိုးစားမှု အနေအထား များနှင့် ပြောင်းလဲခြင်းကသာ မပြောင်းလဲသော နိယာမတစ်ခု အရ အောင်မြင်မှုမှ ရှုံးနိမ့်မှု၊ ရှုံးနိမ့်မှု မှ အောင်မြင်မှု အဖြစ် အပြောင်းအလဲများကို အမြဲ ကြုံဆုံ နေရပေမည်။ အစဉ်သဖြင့် အောင်မြင်မှု မရှိနိုင်သလို ကျရှုံးခြင်းလည်း အစဉ် မရှိနိုင်ပေ။ ရှုံးနိမ့်မှုမှ အောင်မြင်မှု သို့ တက်လှမ်းရသည့်အခါ ဖြစ်ပေါ်လာသည့် ခံစားချက်သည် ပျော်ရွှင်ဖွယ် ခံစားချက်ဖြစ်မည်မှာ မလွဲဧကန်ပင်.။

အောင်မြင်မှု မှ ရှုံးနိမ့်မှု အဖြစ် လက်ခံရသည့်အခါတွင် ခံစားရမည့် ခံစားချက်သည် လူတစ်ဦးစီ၏ နူးညံ့သိမ်မွေ့မှု နှင့် ခံနိုင်ရည်ရှိမှု၊ အတွေ့အကြုံ ရင့်ကျက်မှု တို့အလိုက် မတူညီစွာ ခံစား ရပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ရှုံးနိမ့်မှုကို အဘယ်လူသားကမျှ လွယ်လင့်တကူ လက်ခံနိုင်မည် မဟုတ်ပေ။

တခါတရံ မည်မျှပင် ကြိုးစား အားထုတ်စေကာမူ ရှုံးနိမ့်ခြင်း များနှင့် ရင်ဆိုင်ရသည့်အခါ ပို၍ဝမ်းနည်း နာကျင်ရပေသည်။ ထိုသို့ ဖြစ်လာသည့်အခါ မိမိရှုံးနိမ့်ရသည့် အကြောင်းရင်းသည် မည်သည့်အတွက်ကြောင့် ဖြစ်သလဲ ဆိုသည်ကို ပြန်လည် တွေးတောသင့်ပေသည်။

အစုအဖွဲ့အပေါင်းနှင့် ယှဉ်ပြိုင်ရသည့် ယှဉ်ပြိုင်မှုမျိုးတွင် ရှုံးနိမ့်ခဲ့ရသည့်အခါ ရှုံးနိမ့်မှု၏ နောက်ကွယ်တွင် တစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှုနှင့် နားလည်မှု၊ အချင်းချင်း အပေးအယူ မျှတမှု၊ တကိုယ်ကောင်းမဆန်မှု၊ တာဝန်သိမှုနှင့် တာဝန်ယူနိုင်မှု၊ တာဝန်ဆောင်နိုင်မှု၊ ဇွဲရှိမှု များ မည်မျှ လိုအပ်နေသလဲဟု သုံးသပ်ရပေမည်။ တပြိုင်နက်တည်းမှာပင် တခြားသော အစုအဖွဲ့အပေါ်တွင် အနိုင်ရလိုမှု မကြီးခြင်း၊ တဘက်သတ် အနိုင်မကျင့်ခြင်း၊ မျှတစွာ အပြန်အလှန် ဆက်ဆံခြင်း၊ လေးစားမှုရှိခြင်း၊ များလည်း ရှိနေပါရဲ့လားဟု ဆန်းစစ်ရပေမည်။ ရှုံးနိမ့်မှု၏ ရလာဒ်ကို အသေအချာ ပိုင်းခြားစဉ်းစားသင့်ပေသည်။

မိမိနှင့်အတူ အဖွဲ့အပေါင်းတစ်ခု၏ အောင်မြင်ခြင်းသည် ဂုဏ်သိက္ခာရှိသော အောင်မြင်မှု ဖြစ်ရပေမည်။ ရှုံးနိမ့်သည့်အခါတွင်လည်း ဂုဏ်သိက္ခာရှိသော ရှုံးနိမ့်မှု ဖြစ်ရပေမည်။ ဂုဏ်သိက္ခာရှိသော ရှုံးနိမ့်မှုတစ်ခုသည် ရှုံးနိမ့်မှုဖြစ်သော်လည်း လေးစားစရာကောင်းပြီး လှပသက်ဝင်နေလိမ့်မည်။

တစ်ဦးချင်းယှဉ်ပြိုင်ရသည့် ပြိုင်ပွဲမျိုးတွင် ရှုံးနိမ့်သည့်အခါ မိမိ၏ လိုအပ်ချက်ကို ကိုယ်တိုင်လွတ်လပ်စွာ ဝေဖန်ပိုင်းခြားခွင့် ရှိပေသည်။ အပြုသဘောဆောင်သည့် ဝေဖန်မှုမျိုးကို လက်ခံရပေမည်။ ထိုအခါ လိုအပ်သည့် အရာကို မှန်မှန်ကန်ကန် သဘောပေါက် သိရှိ၍ ပြန်လည်ပြုပြင် ကြိုးစားပြီး အောင်မြင်မှုကို ရရှိနိုင်ပါမည်။ ထိုအောင်မြင်မှုကိုလည်း ဆက်လက်တည်တံ့နေစေရန် အစဉ်ကြိုးစားနေရပေမည်။ လောကသဘောတရားအရ အစဉ်အမြဲ အောင်မြင်ခြင်း၊ အစဉ်အမြဲ ရှုံးနိမ့်ခြင်း မရှိသော်လည်း  မည်သူမဆို အောင်မြင်ခြင်း ဆိုသည်ကို နှစ်သက်သဖြင့် အောင်မြင်မှုရရန် တစိုက်မတ်မတ် အားထုတ်နေရပေလိမ့်မည်။

ပြိုင်ပွဲတစ်ခုကို စတင်ယှဉ်ပြိုင်ရသည့် အခြေအနေ၊ အချိန်အခါမျိုးတွင်လည်း အတွေ့အကြုံ မရင့်ကျက်သေးသဖြင့် အောင်မြင်မှုကို လက်ခံ နိုင်သော်လည်း ရှုံးနိမ့်မှုကို လက်ခံနိုင်ရန် ခက်ခဲပေသည်။ ထိုသို့ ရှုံးနိမ့်လာလျှင် ရှုံးနိမ့်မှုကို လက်ခံနိုင်ရန် ပြင်ဆင်ထားသင့်သည်။ ရှုံးနိမ့်ခြင်း၏ လက္ခဏာအဖြစ် တစ်ချို့သောသူ၏ မျက်ရည်စက်များ၊ ဝမ်းနည်းဖွယ်စကားလုံးများ၊ ကို သတိထားပြုပြင်သင့်သည်။ ထိုရှုံးနိမ့်မှုမှ သင်ခန်းစာကောင်းများ ရယူတတ်ရန်သာ အရေးကြီးလှပေသည်။ ထိုသင်ခန်းစာသည် ဘဝတစ်ခု၏ ပြိုင်ပွဲတိုင်းတွင် အသုံးဝင်မည့် လက်နက်ကောင်းတစ်ခု ဖြစ်ပေလိမ့်မည်။ မှန်မှန်ကန်ကန်၊ မျှမျှတတ၊ ဖြူစင်မှုနှင့် တရားသော လက်နက်ဖြစ်ရပေမည်။

အောင်မြင်ခဲ့လျှင်လည်း ထိုအောင်မြင်မှုတွင် မိန်းမောမနေပဲ အောင်မြင်မှု၏အကြောင်းရင်းသည်  ပြိုင်ပွဲတိုင်းတွင် အောင်မြင်နိုင်ရန် နည်းလမ်းကောင်းတစ်ခု ခြေလှမ်းတစ်ခုပင် ဖြစ်သည်ဟု နှလုံးသွင်း ထားရပေမည်။ အောင်မြင်မှု၏ အကြောင်းရင်းကို အချိန်နှင့်အမျှ သင်ကြားလေ့ကျင့်ရင်း ရှုံးနိမ့်မှုကို အကာအကွယ် ယူရပေမည်။

အောင်မြင်မှု၊ ရှုံးနိမ့်မှု တိုင်း၏ နောက်ကွယ်တွင် ရှိနေသော အကြောင်းရင်းများကို မှန်မှန်ကန်ကန်နှင့် သဘောပေါက် နားလည်စွာ ရှာဖွေနိုင်ပြီး၊ ထိုရှာဖွေမှုများထဲမှ အကောင်းဆုံး နည်းလမ်းနှင့် တရားမျှတစွာ ပြင်ဆင်လေ့လာနိုင်ပြီး၊ ဘဝတိုက်ပွဲများတွင်လည်း တပါးသူအပေါ်၊ တခြားသော ဝန်းကျင်တစ်ခုအပေါ် မထိခိုက်၊ မနာကျင်စေပဲ အကောင်းဆုံး အောင်မြင်မှုများ ပွေ့ပိုက် ထားနိုင်စေရန် မျှော်လင့်မိပါသည်။

Saturday, May 12, 2012

အစစ်လား အတုအယောင်လား

လောကဝန်းကျင်အတွင်းတွင် မည်သည့်အရာက အစစ်လား မည်သည့်အရာက အယောင်ဆောင်ထားသောအစစ် (အတုအယောင်) ဟု ထင်ရသည့်အရာလား ဆိုသည်မှာ ဝေခွဲမရနိုင်ခဲ့ပါ။ ထိုအရာကပင် ကျမစိတ်ကို စိန်ခေါ်နေသော အရာဖြစ်ခဲ့သည်ဟု သိလာရပါသည်။ မည်မျှပင် ကျမကို စိန်ခေါ်နေပါစေ ကျမ၏စိတ် မယိမ်းမယိုင်ပဲ မည်မျှကာလထိ ရပ်တည်ထားနိုင်ပါ့မလဲ ဆိုသည်ကိုလည်း ကျမ၏ရှေ့ဆက်ရမည့်ခရီးကို ကြိုတင်မမြင်ရသည့်အတွက် ကျမမသိနိုင်ခဲ့ပါ။ ကျိန်းသေသည်မှာ လူတစ်ယောက်၏ စိတ်အခြေခံသည် အမှန်တကယ် စစ်မှန်ခြင်း၊ အယောင်ဆောင်ထားသော အစစ်ဖြစ်ခြင်း ဆိုသည်ကိုပင် ကျမစိတ်တွင် ကိန်းအောင်းမနေခဲ့ပါ။ 

အထူးသဖြင့် လူသားများ၏ အတွင်းစိတ်သဏ္ဍာန်ထဲတွင် ရှိနေမည့် သဘောထားများ၊ တုံ့ပြန်လာမှုများကို အစစ်အတုဟု ခွဲခြားရလောက်အောင် ကျမစိတ်တွင် ယုံမှားသံသယ ရှိမနေခဲ့ပါ။ မျက်စိနှင့်မြင်နိုင်စွမ်းရှိမည့် အရာများကို အစစ်လား အယောင်ဆောင်ထားသော အစစ်လား ဆိုသည်ကို တိုင်းတာရန် လွယ်ကူနိုင်သော်လည်း စိတ်၏ဖြစ်တည်မှုတစ်ခုကိုဖြင့် အစစ်လား အယောင်ဆောင်ထားသော အစစ်လားဆိုသည်ကို ဘယ်သောအခါမှ သံသယဖြင့် မထင်မှတ်ခဲ့ပါ။ ဒါကိုပင် ကျမကို အယုံလွယ်သူဟု သတ်မှတ်လျှင်လည်း ခံယူရပါမည်။ 

အယောင်ဆောင်ထားသော အစစ်ဆိုသည်မှာလည်း အစစ်အတိုင်းကဲ့သို့ပင် ပုံရိပ်တည်ရှိနေပြီး တချို့အရာများမှာ အစစ်ထက်ပင် ပုံသဏ္ဍာန်ကြီးသယောင်. စစ်မှန်သော သဘောထားရှိသူထက်ပင် ပို၍ စိတ်ထားစစ်စစ် ရှိသယောင် ရှိနေတတ်သည်ကို တွေ့လာရပါသည်။ အချိန်ကာလတစ်ခုကို လွန်မြောက်မှသာလျှင် ထိုအယောင်ဆောင်ထားသော အစစ်ဆိုသည်မှာ ပုံရိပ်ယောင်တစ်ခု ဖြစ်မှန်းမသိ ဖြစ်လာခဲ့လေသည်။ ထိုသူတို့သည် ကြာရှည် အယောင်ဆောင် မထားနိုင်သော သူများဖြစ်ပေလိမ့်မည်။ မည်သို့ပင်ရှိစေ အယောင်ဆောင်ခြင်းဆိုသည်မှာ မည်သည့်အတိုင်းအတာ၊ အချိန်မည်မျှကြာ အထိ ထိန်းထားနိုင်ပါမည်လဲ ဆိုသည်ကိုလည်း ကျမ သိချင်ခဲ့ပါသည်။ သေချာသည်ကတော့ အသက်ရှင်နေထိုင်နေစဉ် ကာလတစ်ခုပတ်လုံး အယောင်ဆောင်ခြင်းကို ထိန်းထားနိုင်ကြသည်လား။ သို့မဟုတ် တစ်ဦးတစ်ယောက်အတွက် ခေတ္တ အယောင်ဆောင်ထားရခြင်းလား. အခြေအနေတစ်ခုအတွက်လား. ကိုယ်ကျိုးအတွက်လား. သူတပါး၏ စိတ်ချမ်းမြေ့စေမှုအတွက် ဆိုသည့် ယောင်ချာချာ စိတ်ကူးအတွက်လား. ဆိုသည့်  အကြောင်းများကြောင့်လားဟု ကျမတွေးမိခဲ့ပါသည်။ အချို့အတွက်မူ အယောင်ဆောင်ခြင်း အတုအယောင် ဆိုသည်ကိုပင် အစစ်ဖြစ်သည်ဟု အခိုင်အမာ ယူဆသွားခြင်းလည်း ဖြစ်နိုင်ပါသေးသည်။ 

အချို့သူများကမူ ဆက်ဆံရသည့် တဘက်သား၏ ပြုမူပုံအရ အယောင်ဆောင်ထားသော စိတ်အတုဖြင့် တန်ပြန်ခဲ့ကြပေသည်။ ထိုသို့သော ဆက်ဆံမှုမျိုးသည် ဘဝတခုအတွက် နေထိုင်ရမည့် အချိန်ကာလတွင် ယုံကြည်မှု ဆိတ်သုဉ်းပြီး စစ်မှန်သော တန်ဖိုးရှိမည့် စိတ်ထားတစ်ခု ဖြစ်လာမည် မဟုတ်တော့ပေ။ ဆက်ဆံရေးကို ရေရှည်ထိန်းသိမ်းထားနိုင်ရန် တစ်ဦးနှင့်တစ်ဦး၊ လူမှုတစ်ဖွဲ့နှင့်တစ်ဖွဲ့ ယုံကြည်မှုရရန် စစ်မှန်သော စိတ်အစစ်ဖြင့် ဦးစွာတည်ဆောက်ရပေသည်။ ဆက်ဆံမှု အစမပျိုးခင်မှာပင် အယောင်ဆောင်ထားသော စိတ်အတုများဖြင့် ဖြစ်စေ ရည်ရွယ်ချက်ရှိရှိ ဆက်ဆံမည်ဆိုလျှင် ဘယ်သောအခါမှ စစ်မှန်သော အရာတစ်ခုကို ရလာမည်မဟုတ်ပေ။ ထိုသို့သော  စိတ်အတုများဖြင့် နေထိုင်နေသော သူများတွင်လည်း အစစ်လား၊ အယောင်ဆောင်ထားသောအစစ် (အတုအယောင်) လား၊ ဆိုသည်ကိုပင် ခွဲခြား မသိမြင်နိုင်တော့ပဲ သက်ရှိလူသားများ ကြိုက်နှစ်သက်သည့် အစစ်ဟူသော ဝေါဟာရ တစ်ခုအနေဖြင့်ပင် အယောင်ဆောင်ထားသော စိတ်ဖြင့် ခရီးဆက်လျှောက်နေပေလိမ့်မည်။ 

ပို၍ဆိုးသည်ကား မိမိကိုယ်တိုင် အယောင်ဆောင်ခြင်းပင် ဖြစ်ပေလိမ့်မည်။ မိမိ၏စိတ်နှလုံး၊ မိမိ၏အရိပ်၊ မိမိ၏ သစ္စာတရား၊ မိမိ၏မေတ္တာတရားကို အယောင်ဆောင်ထားမိလျှင် မိမိကိုယ်တိုင်ပင် ချေဖျက်ရပေမည်.။ အယောင်ဆောင်ထားသော စိတ်တစ်စုံကြောင့် မိမိမဟုတ်သော အခြားတစ်ယောက်. လူ့အဖွဲ့အစည်းအတွင်း တွင် နာကျင်စရာ၊ ဆုံးရှုံးစရာများ ဖြစ်နိုင်လာလိမ့်မည်။ 

စိတ်နှလုံး စစ်မှန်မှု နှင့် အတုအယောင်ကို သက်ရှိလူသားများသည် မည်ကဲ့သို့ ပေတံဖြင့် တိုင်းတာကြသနည်း။ မိမိအပေါ်တွင် မိမိလိုလားမည့် အပြုအမူဖြင့် ပြောဆိုဆက်ဆံသည်ကို အစစ်အမှန်ဟု ပြောနိုင်ပါမည်လား၊ သို့မဟုတ် မိမိမလိုလားမည့် ထိုသူ၏အတုံ့အပြန်ကိုကြည့်၍ အတုအယောင်ရှိသော စိတ်ဟု ပြောဆိုကြမည်လား။ ကနဦး ပြောဆိုဆက်ဆံနေစဉ်တွင် မိမိ၏စိတ်အတွင်း အမှန်တကယ် လိုလားသည့်စိတ်၊ အမှန်တကယ် မလိုလားသည့်စိတ်၊ အမှန်တကယ် ပြုမူဆက်ဆံလိုသောစိတ်၊ အမှန်တကယ် မဆက်ဆံချင်သောစိတ်၊ အမှန်တကယ် ထားနိုင်သော မေတ္တာတရားစိတ်၊ အမှန်တကယ် မထားနိုင်သော မေတ္တာတရားစိတ်၊ အမှန်တကယ် မထားနိုင်သော အမူအယာရှိခဲ့လျှင်လည်း မထားနိုင်သည့်စိတ်၊ များဖြင့် ဆက်ဆံခဲ့မည်ဆိုလျှင် အစစ်နှင့် အတုအယောင် ကို ခွဲခြားနိုင်ပေမည်။ မိမိ၏စိတ်တွင် ထင်ဟပ်လာသည့်စိတ်. မိမိ၏စိတ်အရင်းခံဖြင့်သာ တုံပြန်ပြောဆိုသင့်ပေသည်။ သို့မဟုတ်ပါက တဘက်လူသား၏ စိတ်တွင် မိမိပြောဆိုဆက်ဆံနေသည့် စိတ်ကို အစစ်ဟုသာ ထင်နေခဲ့ပြီး အချိန်ကာလ တစ်ခုကို ရောက်ခဲ့၍ မိမိပြောဆိုဆက်ဆံခဲ့သော စိတ်သည် အစစ်အမှန်မဟုတ်ပဲ တဘက်သားအပေါ် အတုအယောင်စိတ် ဖြစ်နေခဲ့သည်ကို သိရှိခံစားခဲ့လျှင် အတိုင်းအဆမရှိ ဝမ်းနည်းကြေကွဲ နာကျင်ရလိမ့်မည်။ ထိုသို့ ဝမ်းနည်းနာကျင်မှုမျိုးကို မိမိမခံစားချင်သလို မိမိမဟုတ်သော သူတပါးကိုလည်း မခံစားရစေရန် မိမိကပင် နေထိုင်ဆက်ဆံတတ်ရန် အထူးလိုအပ်လှပေသည်။ မိမိ၏ စိတ်ရင်းစိတ်မှန် စိတ်အစစ်ဖြင့် တပါးသူ၏ စိတ်နှလုံးကို တန်ဖိုးထားရပေမည်။ 

အယောင်ဆောင်ထားသောစိတ်ဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတုံ့ပြန်မိစေရန်၊ အတုအယောင်စိတ်ဖြင့် မပြုမူ မဆက်ဆံမိစေရန်၊ မိမိကိုယ်တိုင် သတိပေးရင်း စစ်မှန်သော စာနာမှုများ ပြည့်နှက်နေသော စိတ်တစ်စုံဖြင့် စိတ်ရင်းအမှန်အတိုင်း မပြောင်းမလဲသော စိတ်အစစ်များကို ပိုက်ထွေး၍ လောကဝန်းကျင်တွင် အလှဆင် ပြုမူနိုင်ကြရန် စာစုလေးဖြင့် ဆန္ဒပြုရည်မှန်းပါသည်။။။

Thursday, February 9, 2012

အတွေးနှင့် အသက်ဆက်သူများ

သက်ရှိလူသားတစ်ယောက်၏ အတွေးထဲတွင် စီးမြောနစ်ဝင်နေသော အရာသည် ထိုသူ၏ နှလုံးသားထဲတွင် စွဲနစ်နေသော ပုံရိပ်အချို့ပင် ဖြစ်ပေလိမ့်မည်။ ထိုပုံရိပ်မှ ထင်ဟပ်လာသော အရာအချို့ကို စာရွက်ပေါ်တွင်အစက်ချမလား၊ သံစဉ်တေးသွားအဖြစ် သီဆိုဖေါ်ကျူးလေမလား၊ ကဗျာအဖြစ် အသွင်ပြောင်းလေမလား၊ ပန်းချီအဖြစ် ပုံဖေါ်ဆွဲခြစ်လေမလား၊ စာတပုဒ်အဖြစ် ချပြလေမလား၊ စသည်ဖြင့် ဘဝတစ်ခုကို အမျိုးမျိုးသော ပုံသဏ္ဍာန်များဖြင့် အကောင်အထည်ဖေါ်ကြမည် ဖြစ်ပေသည်။

လွတ်လပ်သော လူသားတစ်ယောက်ဖြစ်ခဲ့လျှင်ပေါ့။

လွတ်လပ်သော လူသားတစ်ယောက်တွင် ရှိနေသော အတွေးတခုကို လုပ်ဆောင် ကြိုးပမ်းခွင့် ရမည် ဖြစ်သော်လည်း ကိုယ်အားဖြင့် လွတ်လပ်မှုမရှိသော သူတစ်ယောက်၏ အတွေးတခုကို မည်ကဲ့သို့ ဖြစ်မြောက်အောင် လုပ်ခွင့်ရှိပါမည်လဲ။ သို့သော် ကိုယ်အားဖြင့် လွတ်လပ်မှု မရှိသော်လည်း စိတ်လွတ်လပ်မှု ရှိနေသော လူသားတစ်ယောက်၏ အတွေးကို မည်သူတစ်ဦးတစ်ယောက်မျှ ချုပ်နှောင်ထား၍ ရမည်မဟုတ်ပေ။ ကိုယ်အားဖြင့် လွတ်လပ်မှုရှိလာသော အချိန်တခုတွင် သူ၏အတွေးကို တည်ဆောက်နိုင်မည်မှာ မလွဲဧကန်ပင်။ ထိုကဲ့သို့ လုပ်ဆောင်မည်ဟူသည့် အတွေးတစ်ခုထဲနှင့်ပင် အသက်ဆက်ရှင်နိုင်ရန် အင်အားတစ်ခု ရခဲ့ပေလိမ့်မည်။ အတွေးနှင့်ပင် အသက်ဆက်လက် ရှင်သန်ရန် စိတ်ခွန်အား ရခဲ့ပေမည်။

ကိုယ်အားဖြင့် လွတ်လပ်မှုမရှိသော သူတစ်ဦးသည်အတွေးဖြင့်ပင် အသက်ကိုဆက်၍ မျှော်လင့်ချက်တခုဖြင့် အချိန်ကာလကို မျောလွင့်ရင်း ကုန်လွန်ခဲ့ရပေလိမ့်မည်။ ထိုအတွေးဖြင့်ပင် တွေးမိသမျှများကို စိတ်ကူးဖြင့်ပင် ထုဆစ်ရင်း မိမိ၏စိတ်ကို အတွေးဖြင့်ပင် ကုစားရပေမည်။ ထိုသူ၏အတွေးထဲတွင် လှပသော အနာဂတ်တခု ရှိနေပေလိ့မ်မည်။ ရိုးရှင်းသော အတွေးတခုတွင် ကိုယ်ချင်းစာတရားများ ပြည့်နှက်နေသော လူ့ဘောင်လောကလေးတခုကို တည်ထောင်နေပေလိမ့်မည်။ စိမ်းစိုလန်းဆန်းသော ဥယျာဉ်ကြီးတစ်ခုကို ဖန်တီးနေပေလိမ့်မည်။ မျှတသော ဝန်းကျင်တစ်ခုဖြစ်လာရန် ကြိုးပမ်းနေပေလိမ့်မည်။

ကိုယ်ခန္ဓာကို နှောင်ဖွဲ့ထားခြင်းခံရသော သူသည် လေးဘက်လေးတန် ပိတ်လှောင်နေသော နံရံလေးဘက်၏ အခန်းတခုထဲတွင် မှုန်ပြပြ အလင်းရောင်တခု ရှိချင်ရှိမည်၊ သို့မဟုတ် မှောင်ပိန်းနေပြီး အလင်းရောင်မရှိသော အခန်းတခု ဖြစ်ချင်ဖြစ်နေလိမ့်မည်၊ မည်သို့ပင်ဖြစ်စေကာမူ ကိုယ်ခန္ဓာကို နှောင်ဖွဲ့ထားသော်လည်း နှလုံးသား ဝိညဉ်တခုကိုတော့ အဘယ်အရာကမျှ ချုပ်နှောင်၍ ရမည်မဟုတ်ပါ။ ထိုသူ၏ စိတ်၊ ထိုသူ၏ အတွေးသည် လွတ်လပ်စွာဖြင့် ဖြန့်ကျက် နေပေလိမ့်မည်။ အတွေးဖြင့်ပင် လုပ်စရာ ရှိသည်များကို ထွင်းထုနေပေလိမ့်မည်။


ကိုယ်လွတ်လပ်မှု ရှိလာသော အချိန်တွင် မိမိ၏ အတွေးများကို စိတ်စွမ်းအားရှိသလောက် လုပ်ဆောင်နိုင်မည် ဖြစ်ပေမည်။ ထိုအချိန်ကာလသည် အလွန် ကြည်နူးစရာကောင်းပြီး တန်ဖိုးရှိသော နေ့ရက်များ ဖြစ်ပေလိမ့်မည်။ မိမိကဲ့သို့ လူသားများကို စိတ်နှလုံး ချမ်းအေးစေနိုင်အောင် လုပ်ဆောင် ပေးခွင့်ရမည့် အတွေးထဲမှ အတွေးတစ်ခု ဖြစ်နေလိမ့်မည်ဟု ယုံကြည်မိပါသည်။ ထိုယုံကြည်မှုနှင့်အတူ ထပ်ဆင့်၍ အတွေးထဲမှ အတွေးများကိုလည်း လုပ်ဆောင်နိုင်ခွင့်ရ ကြမည်ဟု တောင့်တမိပါသည်။

လူတစ်ယောက်၏ အတွေးထဲတွင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဆိုသော ကာလသုံးပါး၏ အကြောင်းခြင်းရာ များကား အုပ်မိုးထားပေလိမ့်မည်။ အတိတ်ကာလက ဖြစ်ပျက်ခဲ့သော ကောင်းခြင်း ဆိုးခြင်းများကို တွေးတောရင်း၊ ပြင်ဆင်ပြုပြင်စရာ ရှိသည်များကို ပြုပြင်ရင်း ပစ္စုပ္ပန်ကာလတွင် အကောင်းဆုံး နေထိုင်ကြလျှင် အေးချမ်းသော အတိတ် ကာလတခုကို ပိုင်ဆိုင်ခွင့် ရမည်ဖြစ်ပေမည်။

လွတ်လပ်သော ဘဝလေးတစ်ခုတွင် လွတ်လပ်သော အတွေးများစီကုံးကာ လင်းရောင်ပေးနိုင်သော လက်တစ်စုံ ပိုင်ဆိုင်သူအဖြစ် အသက်ဆက်နိုင်သူ လူသားတစ်ဦး အနေနှင့် လျှောက်လှမ်းခွင့် ရနိုင်ကြစေရန် မျှော်မှန်း ရည်သန်မိပါသည်။။။


Saturday, October 29, 2011

မှတ်မိခြင်း၏နောက်ကွယ်

ငယ်ဘဝတွင် မိမိ၏မှတ်မိခြင်း စွမ်းရည်သည် အကြောင်းအရာကိစ္စများ၊ သင်ကြားနေသော ပညာရပ်များ၊ ကိန်းဂဏန်းများကို မမေ့မလျော့ပဲ အမြဲမှတ်မိ နေတတ် ခဲ့သည်ကို ပြန်စဉ်းစားလိုက်တိုင်း တရက်ပြီးတရက် ကုန်ဆုံးခဲ့သော အချိန်ကာလ၏ တိုက်စားမှုဒဏ်ကြောင့် မှတ်မိမှုစွမ်းအား ယိုယွင်းလာတတ်သည်မှာ သဘာဝတရားကြောင်း အရဆိုပြီး လက်ခံရတော့မှာလား။ အသက်အရွယ်အရ တာဝန်ဝတ္တရားများနှင့် နေထိုင်မှုဘဝ အတွက် ပြေးလွှား နေကြရသောကြောင့် မှတ်မိမှုစွမ်းအား လျော့ကျလာ သည်လည်း ရှိနိုင်ပါသည်။

မေ့လျော့သည်မှာ ခင်မင်ခဲ့ဖူးသော သူတယောက်၏ အမည်နာမ၊ ဆရာသမား၏ အမည်နာမ၊ သင်ကြားနေရသော ပညာတခု၊ မိမိပညာ၏ လက်ခံနိုင်မှု၊ လက်တလော လုပ်ကိုင်နေသော အခြင်းအရာတခုကို မေ့လျော့ခဲ့သလား၊ သူတပါး၏ ကျေးဇူး သိတတ်မှုနှင့် နားလည်မှုတို့ ကို မေ့လျော့ခဲ့သလား၊ ဒါမှမဟုတ် မိမိကို တန်ဖိုးထားသောသူ၏ တစုံတရာ သိတတ်မှုအပေါ် မှတ်မိနိုင်မှုမရှိပဲ မေ့လျော့နေခဲ့ခြင်းလား။ မမှတ်မိသလို မေ့လျော့ ဟန်ဆောင်နေခဲ့ခြင်း ရှိနေသောသူများနှင့် ရင်ဆိုင်တိုးဝှေ့ရသော အခါတွင်လည်း နှလုံးသားထဲတွင် ထင်ကျန်ရစ်ခဲ့သော နာကျင်မှုတို့ကို မသိခြင်းကြောင့်သာ ဖြစ်မှာပါပဲဟု ဖြေတွေးတွေးရင်း ကုစားခဲ့ရပါသည်။

အချိန်ကာလ ကြာမြင့်မှု တခုကြောင့် မှတ်မိခြင်း စွမ်းအင် လျော့ကျသည်မှာ ဖြစ်နိုင်သော်လည်း ကာလတို တခုအတွင်းမှာပင် မှတ်မိနိုင်ခြင်း မရှိပဲ မမှတ်မိတော့ဘူးဟု လွယ်ကူစွာ ပြောဆိုလိုက်ခြင်းသည် ထိုသူ၏ လေးစားမှု မရှိခဲ့ခြင်းကြောင့်သာ ဖြစ်နိုင်သည်ဟု နားလည်မိပါသည်။

မတွေ့ဖြစ်တာကြာနေသော သူတယောက်က မိမိ၏နာမည်ကို မှတ်မိစွာ ခေါ်ဆို လိုက်သောအခါ ဖေါ်မပြနိုင်သော ဝမ်းသာပီတိ ဖြစ်ခဲ့ကြပေလိမ့်မည်။ သူငယ်ချင်းကလည်း မိမိသူငယ်ချင်း၏ မှတ်မိနေမှုကို မျှော်လင့်မိပေလိမ့်မည်။ လောကလမ်းပေါ်တွင် သူငယ်ချင်းအချို့နှင့် တွေ့ဆုံခဲ့လျှင်သော်မှ ထိုသူငယ်ချင်း၏ အမည်နာမကို မမှတ်မိပဲ မေ့လျော့နေခဲ့မိလျှင် မှတ်မိဥာဏ် စွမ်းအားကိုပဲ အပြစ်တင်ရမှာလား၊ မှတ်မိနိုင်မည့် ခြေရာ မထင် ကျန်ခဲ့၍လားဟု မိမိကိုယ်တိုင် အဖြေထုတ်ရလိမ့်မည်။ ထို့အတူ ဆရာသမားများက မိမိတပည့် မိမိကို မှတ်မိနေခြင်းမျိုးကို တောင့်တမိပေလိမ့်မည်။ တပည့်တယောက်ကလည်း မိမိဆရာ မိမိအပေါ် မှတ်မိနေခြင်းမျိုးကို လိုလားမိမှာ အမှန်ပင် ဖြစ်ပေသည်။

သူတပါးက မိမိ၏ အမည်နာမကို မှတ်မိနေခြင်း၊ မိမိအလေးထားသော အရာများကို မှတ်မိနေခြင်း၊ မိမိလေးစားသောအရာများကို မှတ်မိနေခြင်း၊ မိမိလျှောက်လှမ်းနေသော လမ်းကို မှတ်မိနေခြင်း သည် ထိုသူ့အပေါ်တွင် ခင်မင်စွာနှင့် မှတ်မိစွဲထင်စရာ ပို၍ ဖြစ်လာပေလိမ့်မည်။

ထိုကဲ့သို့ မိမိအပေါ် မှတ်မိနေခြင်းကို လူသားတိုင်း လိုလားမိမှာပင်၊ မှတ်မိနေသည် ဆိုကထဲက ဘာကြောင့် မှတ်မိနေခြင်းလဲ ဆိုသည့် အဖြေက ကပ်ပါနေပါသည်၊ မိမိ၏ ထူးခြားသည့် အပြုအမူတွေကြောင့်လား၊ မမေ့နိုင်မည့် တန်ဖိုးထားစရာ အကြောင်းရင်းကြောင့်လား၊ တပါးသူက မိမိကို မှတ်မိနေခြင်းမှာ မိမိတွင်ရှိသော အရည်အချင်း တခုခုကြောင့်လား၊ မိမိ၏ မျှခြေတခုသည် တပါးသူ၏စိတ်ထဲတွင် စွဲထင်စရာ တရားမျှမှုတွေ ဖြစ်သွားခဲ့လို့လား။ ထို့ပြင် ခက်ခဲသော အခြေအနေတခုနှင့် အတူဖြတ်ကျော်ခဲ့ရသော အခါတွင် မမေ့မလျော့ မှတ်မိ နေတတ်ခဲ့ပါသည်။ ထို မှတ်မိနေခြင်းမှာ ခက်ခဲ ရုန်းကန်ခဲ့ရသည့် အခြေအနေ၏ အရိပ်ကြောင့်ပင် ဖြစ်ပေလိမ့်မည်။ တခါတရံ အလွယ်တကူ ဖြတ်ကျော်ခဲ့ကြသော အခြေအနေထက် ခက်ခက်ခဲခဲနှင့် ဖြတ်ကျော်ခဲ့ကြသည့် အခြေအနေတခုကို ပို၍ မှတ်မိစေပါလိမ့်မည်။

မှတ်မိခြင်း၏နောက်ကွယ်တွင် ထိုသူ၏ ခင်မင်မှု၊ တွယ်တာမှု၊ တန်ဖိုးထားမှု၊ လေးစားမှု၊ သတိရှိမှု၊ သိတတ်မှု၊ အလေးအနက်ထားမှု၊ အသိအမှတ်ပြုမှု တို့များစွာ ပါသည်ဟု ကျမ လေးနက်စွာ ယုံကြည်ပါသည်။ ထိုအရေးပါသောအရာများ မပါခဲ့၍သာ မှတ်မိခြင်းစွမ်းရည် လျော့နည်းပြီး မေ့လျော့ခြင်းဖြစ်သည်ဟု ကျမတွေးမြင်မိပါသည်။


Wednesday, February 9, 2011

အပေးအယူ

တခါတရံမှာ သိပ်ကို အပေးအယူဆန်တဲ့ ဝန်းကျင်လေးတခုကို အမှတ်မထင်ပဲဖြစ်ဖြစ်၊ အမှတ်ထင်ထင်ပဲဖြစ်ဖြစ် ပြုမူဖြစ်ခဲ့ကြတယ်။

တဦးကတဦးကို တစုံတခုသော အတိုင်းအတာ… တစုံတခုသော သက်မဲ့ပစ္စည်း…. တစုံတခုသော ပေးဆပ်မှုတွေကြောင့် တဖန်ပြန်လို့ ယူရမယ့် သဘောက အပေးအယူ ဝတ္တရားဆန်နေသလို ဖြစ်နေပါ့လား။

တချို့ကတော့ ကိုယ်ကပေးတာထက် အဆများစွာကို ပြန်လိုချင်သူ.. ဒါမှမဟုတ် ကိုယ်ပေးသလောက်ပဲ ပြန်လိုချင်သူ… ကိုယ်ဒါပေးလို့ ဒါပဲပြန်လိုချင်သူ…တွေလည်း ရှိလေရဲ့…။

တချို့ကတော့ ကိုယ့်ကိုပေးတာထက် ပိုလို့ပြန်ပေးချင်သူ… ကိုယ့်ကိုမပေးခဲ့ရင်လည်း ကိုယ်ကပေးချင်နေသူ..တွေလည်း ရှိရဲ့..။

တကယ်ဆို တစုံတခုကို ပေးတယ်ဆိုထဲက တစုံတခုကို ပြန်လိုချင်သူတွေပါပဲ.. ဒါကိုပဲ လောကရဲ့ သဘာဝတရားကြီးပါလို့ ဇွတ်မှိတ် သတ်မှတ်လိုက်ရတော့မှာလား.။

ပေးတယ်ဆိုတာ တပါးသူအတွက် အချိန်လား.. ပစ္စည်းဥစ္စာလား.. ပညာလား… မျက်စိနဲ့ မမြင်နိုင်ပေမယ့် ရင်နဲ့ရင်းပြီး ပေးဖြစ်ခဲ့တဲ့ ချစ်ခြင်းမေတ္တာလား.. ယုံကြည်မှုလား.. နားလည်မှုလား.. သစ္စာတရားလား..။

တပါးသူကို ပေးလိုက်တဲ့ အရာတခုအတွက်နဲ့ တန်ဖိုးတူ အရာတခုကို ပြန်လိုချင်တဲ့ စိတ်တွေနဲ့ မျှော်လင့်ရတဲ့ ပင်ပန်းမှုဒဏ်ကိုလည်း တွေ့ကြုံနေကြရတာပဲလေ.။ ဒါမှမဟုတ် တပါးသူဆီက အကျိုးအမြတ် တစုံတရာကို ရယူလိုဇောနဲ့ ကိုယ်ကအရင် တစုံတရာကို ပေးခဲ့တာကရော စစ်မှန်တဲ့ စေတနာဖြစ်နိုင်ပါ့မလား။ ကိုယ်က ဦးစွာ ပေးခဲ့တဲ့ အရာတခုအပေါ်မှာ တန်ပြန်လိုချင်မှု မရှိတဲ့ စိတ်လေးသာ ဆုပ်ကိုင်ထားနိုင်ရင် အကောင်းသားပေါ့..။

လူတဦးကတဦးအပေါ်မှာ ပေးခဲ့ကြတဲ့ မျက်စိနဲ့မြင်ရတဲ့ အရာပဲဖြစ်ဖြစ်၊ မျက်စိနဲ့မမြင်နိုင်တဲ့ အရာပဲဖြစ်ဖြစ် အရာတခုရဲ့ နောက်ကွယ်မှာ စေတနာတွေ မေတ္တာတွေ ကပ်ငြိပါလာကြမှာပါ။ ကပ်ငြိနေတဲ့ မေတ္တာတရား. ကရုဏာတရားတွေပေါ်မှာ မျှော်လင့်ချက်၊ နှောင်ကြိုးတွေ.. တုံ့ပြန်မှု အတုံအလှည့်တွေသာ မထားရှိခဲ့ရင် သိပ်ကို အေးချမ်းသာယာတဲ့ အလှတရာလေး တွေနဲ့ ပြည့်နှက်နေမယ့် ဝန်းကျင်လေးတခု ရှင်သန်လာမှာပါ။

ကိုယ်ပေးခဲ့တဲ့ အပေးတခုအပေါ်မှာ ပြန်လို့ရယူလိုစိတ် မရှိခဲ့ကြရင်. ကိုယ်ရယူခဲ့တဲ့ အယူတခု အပေါ်မှာ ပြန်လို့ ပေးကိုပေးရမယ်ဆိုတဲ့ စိတ်နဲ့ ဝန်ပိမနေစေခဲ့မယ်ဆိုရင်လည်း…. လူသား တဦးရဲ့စိတ် ပေါ့ပါးလန်းဆန်း သွားစေရဲ့…။

စစ်မှန်တဲ့ စေတနာ မေတ္တာတွေပါတဲ့ ပေးဆပ်မှု တခုအပေါ်မှာ ပြန်ရယူလိုစိတ် စိုးစဉ်းမျှ မရှိခဲ့ကြတာကရော ဘယ်လို အကြောင်းကြောင့်ပါလိမ့်.။ ပြန်ရယူလိုစိတ် မရှိခဲ့တဲ့ အရင်းခံစိတ်လေးကို နားလည်ပေးနိုင်ခဲ့ရင် ပေးဆပ်ခဲ့တဲ့ ပေးဆပ်မှု အတွက် ကျေနပ်နေမှာအမှန်ပါ..။

အနှောင်အဖွဲ့မပါတဲ့ စေတနာ… ချစ်ခြင်းမေတ္တာတွေပါတဲ့ ပေးဆပ်မှုတခု.. သိတတ်မှုတခု.အပေါ်မှာ ရယူခဲ့တဲ့ သူရဲ့ ရိုးသားမှုကသာ အခရာ မဟုတ်ပါလား…!

အပေးအယူတွေနဲ့ ပြည့်နှက်နေတဲ့ ဝန်းကျင်လေးထဲကနေ ထွက်ပြေးလွတ်မြောက်ချင်မိတယ်.။

Tuesday, January 25, 2011

မတူသောအတ္တသဏ္ဍန်များ

တိမ်တွေကင်းစင်လို့ ထိန်ထိန်သာနေတဲ့ လမင်းကြီးရဲ့ လင်းရောင်ခြည် အမိုးအောက်မှာ ဟိုတစု ဒီတစု ဟိုတယောက် ဒီတယောက်နဲ့ ဥဒဟို သွားလာနေကြတဲ့ အတ္တ၀တ်ရုံလွှာ လွှမ်းခြုံထားကြတဲ့ ၀တ်ရုံလွှာတွေနဲ့ လူသားတွေ…. လူသားတွေ………လူသားတွေ!!!

ဝတ်ရုံလွှာတွေရဲ့ အရောင်အဆင်းနဲ့ ပုံသဏ္ဍာန်တွေကတော့ မတူကြပါကလား.။ တချို့ကျတော့လည်း ၀တ်ရုံလွှာအထူကြီးတွေနဲ့ အထပ်ထပ်ဝတ်ထားလို့။ တချို့ကျတော့လည်း တထပ်တည်းပေါ့။ တချို့တွေရဲ့ ၀တ်ရုံလွှာတွေကတော့ လှပအသက်ဝင်နေသလို… တချို့တွေကတော့ မလှမပမသပ်မရပ်နဲ့…။

ဘယ်လိုပဲဖြစ်ဖြစ် ၀တ်ရုံလွှာတွေကို ၀တ်ထားကြရမှာ ပါပဲလား.. မဖြစ်မနေ ၀တ်ကြရမှာလား.. တွေးတောရင်း… လမင်းကြီးရဲ့ အလင်းရောင်အောက်မှာ ရောနှော သွားလာနေမိတယ်။

တချို့တွေကတော့ ၀တ်ရုံလွှာကြီးကို ၀တ်ရတာကိုပဲ ဂုဏ်ယူပီတိဖြစ်နေကြလေရဲ့..။ ၀တ်ရုံလွှာကြီးရဲ့ တန်ဖိုးက ဘယ်လောက်များ ကြီးကျယ်ခမ်းနားနေလို့ပါလိမ့်.။ မိမိရဲ့ ၀တ်ရုံလွှာကိုပဲကြည့်ပြီး ကြည်နူးနေသလို သူတပါးရဲ့ ၀တ်ရုံလွှာတွေကို ကြည့်ရတာ စိတ်ချမ်းမြေ့စရာကောင်းနေပါရဲ့လား..။ မိမိရဲ့ ၀တ်ရုံလွှာက တပါးသူကို မထိခိုက်ပဲ တန်ဖိုးရှိပြီး လှပအသက်ဝင်နေပါရဲ့လား။

ဘာပဲဖြစ်ဖြစ် လူသားအားလုံးရဲ့ မတူသော ၀တ်ရုံလွှာတွေကို ကြည့်မိရင်း ၀တ်ရုံလွှာမ၀တ်ထားကြတဲ့ တချို့သောလူတွေရဲ့ ပုံရိပ်လွှာကို မြင်ဖြစ်အောင် မြင်လိုက်မိတယ်။ တချို့ကျတော့လည်း ဘာလို့များ ၀တ်ရုံလွှာတွေကို မ၀တ်ထားကြပါလိမ့်။ မိမိကိုယ်တိုင်က ၀တ်ချင်စိတ်မရှိလို့ပေလား.. တပါးသူနဲ့ မတူရလေအောင် မ၀တ်ထားခြင်းပေလား… ၀တ်ထားခြင်းကို မနှစ်သက်လို့ပေလား… လားပေါင်းများစွာ စဉ်းစားရင်းနဲ့…!!!

တချို့ရဲ့ ၀တ်ရုံလွှာတွေကတော့ ကြည့်ကောင်းရုံတင်မက တန်ဖိုးရှိမယ့် ၀တ်ရုံလွှာကောင်းလို့ အထင်ရောက်စေမယ့် ၀တ်ရုံလွှာကြီးတွေနဲ့.။ တချို့ဝတ်ရုံလွှာတွေနဲ့ တချို့ဝတ်ရုံလွှာတွေကတော့ တူညီနေတာကို တွေ့ရပြန်တယ်။ တူညီနေတာက အရောင်အဆင်းလား. တန်ဖိုးလား.. ပုံသဏ္ဍာန်လား… ကြီးမြတ်မှုလား…. အံဝင်နေမှုကြောင့်များလား…… !

တချို့ကျတော့လည်း ၀တ်ရုံလွှာကြီးကို ၀တ်ဆင်ပြီး လွင့်မျော သွားနေတဲ့ တိမ်လွှာနောက်ကို လိုက်လို့.. တချို့ကျတော့လည်း မသေချာ မရေရာတဲ့ လမ်းခရီးနောက်မှာ မျောပါလို့.. တချို့ကျတော့လည်း လွန်ဆန်ခွင့် မရှိတဲ့ အချိန်ကာလနောက်ကို လိုက်ရင်း.... တချို့ကျတော့လည်း မျှော်လင့်ချက် ရေစီးကြောင်းနောက်ကို လိုက်ပါလို့….

တချို့ကတော့ ၀တ်ရုံလွှာကြီးကို တထပ်ပြီးတထပ် ထပ်လို့သာ ၀တ်နေတော့တယ်။ အထပ်ထပ်သော ၀တ်ရုံလွှာကြီးတွေနဲ့ အနေအထိုင် ကျပ်တည်းမယ့် အဖြစ်ကိုလည်း တွေးကြည့်မိပါရဲ့။ ဘာလို့များအထပ်ထပ် ၀တ်နေကြပါလိမ့်။

တပါးသူရဲ့ ရိုးစင်းတဲ့ ၀တ်ရုံလွှာကို မိမိရဲ့ ရိုးစင်းတဲ့ ၀တ်ရုံလွှာနဲ့ ခြယ်မှုန်းပြီး တန်ဖိုးရှိတဲ့ အရာလေးတခု ဖန်တီးခွင့်သာ ရခဲ့မယ်ဆိုရင်ပေါ့.။

လူသားအားလုံးလည်း တပါးသူရဲ့ ၀တ်ရုံလွှာကို မထိခိုက်တဲ့ တန်ဖိုးရှိ ရိုးစင်းလှတဲ့ ၀တ်ရုံလွှာမျိုးကို ၀တ်ဆင်နိုင်ကြဖို့ ရည်သန်မိပါတယ်။

ကျမလည်း ကျမရဲ့ ၀တ်ရုံလွှာကို မသက်မသာ ငုံ့ကြည့်မိလေရဲ့!!!!!

Monday, December 6, 2010

ဆန္ဒရောင်စုံ

မပီဝိုးတ၀ါး ဆန္ဒတွေနဲ့ ထင်ရှားပြတ်သားလှတဲ့ ဆန္ဒ တွေကြား လွန်ဆွဲပွဲတခုမှာ ဘာကိုများ ကြားခံတခု ထားနေမိပါလိမ့်။

မတူညီစွာ ကွဲလွဲခွင့်ရှိနိုင်တဲ့ ဆန္ဒတွေကို အချိန်တခုမှာ အံထုတ်ဖို့ အခွင့်ရှိခဲ့မယ်ဆိုရင်ပေါ့…။

အရောင်အသွေး စုံလင်တဲ့ ဆန္ဒရောင်စုံ ပန်းချီကားချပ်ကြီး တချပ်ရဲ့အလယ်ဗဟိုမှာ ဥဒဟို သွားလာ လှုပ်ရှားနေသူတွေ…. ဖြည်းဖြည်း အေးဆေးစွာ သွားလာနေသူတွေ…. လောဘတကြီး မောဟိုက် သွားလာနေသူတွေ….. ပင်ပန်းတကြီး သွားလာနေသူတွေ….. အတ္တတခုတည်း အတွက် သွားလာနေသူတွေ….. အတ္တပရ မျှတစွာ သွားလာနေသူတွေ…..  ယုံကြည်ဆန္ဒရှိရာကို သွားလာနေသူတွေ….. နဲ့ ပျားပန်းခတ်မျှ..!!!

တယောက်နဲ့ တယောက်ရဲ့ ဆန္ဒရောင်စုံ ကားချပ်လေးတွေကို ငေးကြည့်နေရင်းးးးးးး တချို့တချို့ရဲ့ ရင်ထဲကနေ ပေါက်ဖွားလာတဲ့ ဆန္ဒတွေက အရောင်စုံလှပါလား.. တကယ့်ကို ငွါးငွါးစွင့်စွင့်နဲ့ အသွေးစုံလင်လှတဲ့ ပန်းချီကား တချပ်ကို ငေးမောနေရသလိုပါပဲ.. ငေးကြည့်နေရင်း တချို့ဆန္ဒလေးတွေက ဖြူဖြူစင်စင်နဲ့ ဖြစ်လာသမျှ အရာအားလုံးကို ဆန္ဒလေးအတိုင်း အကောင်အထည်ဖေါ်ဖို့ တာဆူနေကြလေရဲ့..။ ဒီထဲမှာတော့ ဟောင်းနွမ်းသွားပြီဖြစ်တဲ့ အရောင်မှိန်ဖျော့ဖျော့ လေးတွေကလည်း ဟိုတကွက် ဒီတကွက် ပြန့်ကျဲလို့..။ အရောင်မှိန်သွားပေမယ့် အရာလေးတော့ ရှိနေဆဲပဲမဟုတ်လား.. ရှိနေဆဲ အရာလေးပေါ်ကို အရောင်တခု ထပ်ထည့်ဖြစ်ခဲ့ရင်… ပိုလို့ထင်ရှား ပေါ်လွင်နိုင်မှာပေါ့.။

တခါတရံမှာတော့ ကျင်လည် သွားလာနေကြရတဲ့ ပတ်ဝန်းကျင် အ၀န်းအ၀ိုင်းထဲမှာ တချိန်တည်းမှာဖြစ်ဖြစ် တနေရာတည်းမှာဖြစ်ဖြစ် လူများစွာရဲ့ ဆန္ဒရောင်စုံတွေကို ဖွင့်လှစ်ဟတဲ့အခါ တပါးသူအတွက် ၀န်ထုပ်ဝန်ပိုးများ ဖြစ်သွားခဲ့လေမလား တွေးတောကြည့်ရင်း မိမိရဲ့ဆန္ဒကိုတော့ မျိုသိပ် နောက်ဆုတ်လိုက်တဲ့ အခါ တပါးသူရဲ့ လုပ်အားခွန်အားနဲ့ စိတ်ခွန်အားလေးတွေ ပေါ့ပါးကြည်လင် သွားစေရဲ့။

များပြားလှတဲ့ ဆန္ဒရောင်စုံတွေ ကျပ်ညပ် ပိတ်လှောင် နေတဲ့ထဲမှာ တန်ပြန် တုံ့ပြန်ခွင့် ပြုဖို့.... ခက်ခဲနေသူ တယောက်အတွက် မိမိရဲ့ဆန္ဒကိုပါ ထပ်လောင်း ဖြည့်ရင်းနဲ့တော့ တပါးသူရဲ့ သက်ပြင်းချလိုက်တဲ့ ရင်မောသံကို မပြုလုပ်မိဖို့ အသိအားလေး လင်းလက်ခွင့်ပြုပါ..။

သဘာဝတရားအရ လူသားတိုင်း လူသားတိုင်းရဲ့ ကိုယ်စီစိတ်ထဲမှာတော့ ဆန္ဒရောင်စုံ ရှိကြမှာ ဧကန်ဖြစ်ပေမယ့် မိမိရဲ့ ဆန္ဒရောင်စုံတွေကို အချိန်နေရာ ဒေသနဲ့ အခြေအနေကို လိုက်ပြီးသာ ဖွင့်ထုတ် တတ်ခဲ့မယ်ဆိုရင် လှပတဲ့ ရောင်စုံ ပန်းချီကားတချပ် အဖြစ် သက်ဝင်လှုပ်ရှားပြီး အနာအဆာကင်းမယ့် စိတ်တစုံကို ဖန်တီး တည်ဆောက်နိုင်မှာ..။

ဆန္ဒတစုံရဲ့ ဖြစ်တည်မှုတိုင်းကို နှိုင်းနှိုင်းဆဆနဲ့ ချွေချဖြစ်တဲ့ အခါတိုင်း တပါးသောသူရဲ့ ဆန္ဒတွေကိုလည်း လေးစား အသိမှတ်ပြု ချွေချခွင့်ပြုရင်း…

နှလုံးသားထဲကို ၀င်ရောက်နေတဲ့ တစုံတရာ ဆန္ဒအစစ်အမှန်အတွက် ရင်ဘတ်ထဲကနေ ထွက်ကျလာမယ့် လေးနက်မှု ရှိတဲ့ ဆန္ဒရောင်စုံလေးတွေကို စုပ်ချက် ကောင်းကောင်းနဲ့ ရေးဆွဲဖို့ ယုံကြည်နားလည်မှုတွေနဲ့ ရင်းထားရတဲ့ အရာတွေကလည်း အများသားပါကလား….!

ပန်းချီကားချပ်လေး တခုကို အရောင်အသွေး စုံစုံလင်လင်နဲ့ ဆေးသားလှပအောင်….. ဆွဲနေဆဲ သူတယောက်ကတော့ဖြင့်....!!!!!

Wednesday, October 6, 2010

လောင်မြိုက်စေခဲ့လေသလား…

ကမ္ဘာမြေပေါ်မှာ နေထိုင်နေကြတဲ့ လူသားတွေရဲ့ စိတ်ထဲမှာ တစုံတခုအတွက်.. တစုံတရာသော မေးခွန်းတွေ အတွက်… တစုံတရာသော မမျှတမှုတွေ အတွက်… `……………တွေ´ အတွက် လောင်မြိုက်နေကြရပါလား…။

ရင်ထဲ၊ နှလုံးသားထဲမှာ တစုံတရာသော အကြောင်းအရာတွေအတွက် လောင်မြိုက်ခဲ့ကြရတယ်။

ဘယ်လောက်များ လောင်မြိုက်မှုတွေ များခဲ့ရပါပြီလဲ…!

သူတပါးရဲ့ အပြောအဆို၊ အပြုအမူ၊ စိတ်နေစိတ်ထားတွေနဲ့ အကျင့်အကြံ တွေကြောင့် လောင်မြိုက် ကြရတယ်။ မိမိကြောင့် `ငါ´ မဟုတ်တဲ့ သူတပါးအပေါ် လောင်မြိုက်မှုတွေများ ပေးခဲ့မိလေ သလားးးးးး

မိမိရဲ့ မသိလို့ပဲဖြစ်ဖြစ်၊ သိလို့ပဲဖြစ်ဖြစ်၊ ကိုယ် စိတ်နှလုံး၊ အပြုအမူ၊ အပြောအဆို၊ ဟန်ပန် တွေကြောင့် တပါးသူရဲ့ စိတ်မှာ မလောင်ကျွမ်းစေချင်ပါဘူး..။ တခါတရံမှာ မိမိရဲ့ အပြောအဆိုလေး တခုကြောင့်…. စိတ်ကူးလေး တခုကြောင့်… တပါးသူကို ပြင်းထန် လောင်မြိုက် သွားစေနိုင်ပါတယ်..။

မိမိရဲ့ သိလိုစိတ် မေးခွန်းတွေကြောင့်လည်း သူတပါးရဲ့ ရင်ထဲမှာ လောင်မြိုက်မှုတွေ ဖြစ်သွားစေနိုင်ပါတယ်.။ သူတပါးရဲ့ စိတ် မလောင်မြိုက်စေဖို့ မပြောသင့်တာကို မပြောမိဖို့၊ မမေးသင့်တာကို မမေးမိဖို့လည်း လိုပါတယ်။

မိမိရဲ့ အမေးတခွန်းကြောင့် တပါးသူမှာ မဖြေချင်ပေမဲ့. ဖြေခဲ့ကြရတဲ့ အဖြေလေးတွေ အတွက် ဘယ်လောက်တောင် လောင်မြိုက်သွားခဲ့ရပြီလဲ……။ မပြောချင်ပေမဲ့ ပြောခဲ့ကြရပြီ….။ မဖြေချင်ပေမဲ့လည်း ဖြေလိုက်ကြရပြီ…။ ဖြေလိုက်ရပေမဲ့.. ပြောလိုက်ရပေမဲ့ တပါးသူမှာတော့ အဖြေတခုအတွက် လောင်မြိုက်မှုတွေ ဖြစ်သွားခဲ့လိမ့်မယ်။ အဲဒီအခါ သူတပါးရဲ့စိတ် လောင်မြိုက်သွားခဲ့လား ဆိုတာ သတိပြုမိ လိုက်ပါရဲ့လား…။ သတိပြုမိ ခဲ့ရင်လည်း လောင်မြိုက်မှု အတွက် ကိုယ်ချင်းစာစိတ် ရှိခဲ့ ပါ့မလားလို့ တွေးမိတယ်…။

လောင်မြိုက်သွားမှု အတွက် ဘယ်လိုမျိုး ရေချမ်းလေးနဲ့ ပြန်ပြီး ဖျန်းပက် ပေးနိုင်ပါ့မလဲ…။ ဖျန်းပက်ပေးတယ် ဆိုအုံးတော့… လောင်မြိုက်ခဲ့တဲ့ အပူရှိန်ရဲ့ ပူပြင်းမှုလေးတွေကတော့ ထင်ကျန်နေခဲ့အုံးမှာပဲလေ..။

ဒါကြောင့် သူတပါး အဖြေခက်မယ့် မေးခွန်းမျိုးကို မမေးမိဖို့.. မသိချင်ဖို့ ကြိုးစားရလိမ့်မယ်..။ သူတပါး အဖြေခက်မယ့် မေးခွန်းမျိုးကို မသိသား ဆိုးရွားစွာနဲ့ ဘာကြောင့်များ ဆက်ပြီး မေးအုံးမှာလဲ…။

သူတပါးရဲ့စိတ် မလောင်မြိုက်စေဖို့ နေထိုင်နိုင်တာလည်း လောကလူ့ဘောင်အတွက် လှပတဲ့ အနုပညာ ဖန်တီးခြင်း တမျိုးပါပဲလေ...။

မိမိလည်း တပါးသူ အဖြေခက်စေမယ့် မေးခွန်းမျိုးတွေ မေးခဲ့မိလေသလားလို့ တမျှော်ကြီး စဉ်းစားနေရင်း အတွေး ရေယာဉ်ကြောကြီးထဲ မျောချင်တိုင်း မျောနေလေတော့တယ်…။

Monday, August 30, 2010

သိမှု အသိ နဲ့ မသိမှု အသိ

တခါတရံ သိမှု အသိနဲ့ မသိမှု အသိဆိုတဲ့ တူညီမှု မရှိတဲ့ အသိတွေကြောင့် ရင်ထဲထိအောင် ရှိုက်တုန်လို့ လှုပ်ရှား သွားခဲ့ကြရတယ်။

ရံဖန်ရံခါ လူသားတွေဟာ လောဘတွေ တပွေ့တပိုက်နဲ့ ဖြစ်ချင်ဇောတွေ မနိုင်မနင်းနဲ့ ရလေ ပိုလိုအပ်လေ ဆိုသလို ဖြစ်ကြရတယ်။ ဒါကလည်း ဖြစ်လေ့ ဖြစ်ထ ရှိတတ်တဲ့ လူ့သဘာဝကြောင့်ပါ။

သိမှုနဲ့ မသိမှု အသိ ကို သိလိုက်ပြီဆိုတဲ့ အသိလေး တချက် ၀င်လာပြီဆိုရင်တော့…..

လောဘကို လောဘလို့ သိလိုက်တဲ့ အသိလေး တချက်ကြောင့်....ပေါ့.... လိုချင် တပ်မက်တဲ့ ရုပ်ဝတ္ထု ပစ္စည်းတွေ၊ ဂုဏ်ရှိန်တွေ၊ သြဇာ ကြီးမား ချင်မှုတွေ၊ ဖြစ်ချင် လွန်းအားကြီးတဲ့ စိတ်ဆန္ဒတွေ၊ တပါးသူနဲ့ တုပြိုင်ချင်မှုတွေ၊…….တွေဟာ တဒင်္ဂ ငြိမ်သက်လို့..!

မသိမှု အသိလို့ အသိဝင် လိုက်တဲ့ အချိန် တွေဝေမိသွားတာ…

ဒါဟာ မလိုချင်လို့ နောက်ဆုတ် လိုက်တာလား… တပါးသူ အတွက် ငဲ့ညှာ လိုက်တာလား… လိုအပ်နေသူတွေ အတွက် ဝေဌ လိုက်တာလား… မိမိ သိလိုက်တဲ့ အသိတခု အတွက် အရှုံးပေး လိုက်တာလား…. ဖြစ်ချင်တဲ့ ဆန္ဒတွေကို ရိုက်ချိုး ပစ်လိုက်ခြင်းလား…. ဒါမှမဟုတ် လောဘကို မျက်ကွယ်ပြုလို့ အံတုလိုက်ခြင်းလား….!

မသိမှုကို မသိမှု အသိလို့ သိလိုက်တာဟာ အကောင်းဆုံး အသိတခု ဖြစ်ဖို့ ဖန်တီး ပုံဖေါ်လိုက်ခြင်းပါပဲ..။ အဲဒီအခါ ဖြစ်ပေါ်လာမဲ့ ပုံရိပ် ပန်းချီ တချပ်ဟာ အလင်းအမှောင် ညီမျှမှုကြောင့် စိုပြေ စိမ်းလန်းပြီး သာယာ လှပတဲ့ ပန်းချီကား တချပ် အဖြစ် မြင်တွေ့ရမှာပါ..။

မသိမှု အသိကို မသိမှုလို့ မသိတဲ့ အချိန်ကာလမှာတော့….

မလိုလားအပ်တဲ့ လောဘဇောကြောင့် သိမှုတွေ ပိန်းပိတ် မှောင်ဖုံးပြီး မသိမှုမှိုင်း တွေဟာ မသိမသာဖြစ်ဖြစ်..၊ သိသိသာသာပဲ ဖြစ်ဖြစ်… ကြီးစိုး ချယ်လှယ် လာလိမ့်မယ်။

သိမှုကို လောဘ အမိုက်မှောင်ကြီးက ဖုံးလွှမ်း သွားတဲ့အခါမှာတော့ မသိမှုတွေသာ ကြောက်စရာ ကောင်းလောက်အောင် ထင်ပေါ်လာခဲ့ကြတယ်.။

ဘယ်လောက်ပဲ လောဘ ဖုံးလွှမ်းလွှမ်း အင်အား ထုထည်ကြီးမားတဲ့ သိမှု (အသိဥာဏ်) နဲ့ ထိန်းချုပ်ပြီး ကောင်းသောဘက်ကို ဦးတည်တဲ့ အသိလေး တချက် လင်းလက်ခဲ့မယ် ဆိုရင် ဖြစ်ပေါ်လာမဲ့ ခံစားချက်ကလည်း ဖြူစင် အေးမြတဲ့ ပီတိ အဖြစ် အေးချမ်းစွာ စီးဆင်း နေမဲ့ စမ်းချောင်းလေး သဖွယ် ကြည်နူးမှုကို ပေးစွမ်း နိုင်မှာပါ။

မသိမှုတွေ နဲ့သာ ပြည့်နှက် နေခဲ့မယ်ဆိုရင် လူသား အားလုံး အတွက်လည်း အကြီးမားဆုံး အန္တရာယ် ဖြစ်လာခဲ့လိမ့်မယ်.။ မသိမှုတွေ သာ ရှိနေတဲ့ အတွက် သိမှုဆိုတာ ဘာလဲလို့ မသိတော့ပဲ သိမှု ယောင်ယောင် ဖြစ်လာကြတာလည်း အများကြီး ရှိပါတယ်။

တချို့သော သူတွေကတော့ တပါးသူရဲ့ အခြေအနေနဲ့ နေထိုင်မှု တွေကို ပြိုင်ဘက်သဖွယ် သဘောထားပြီး သိမှု ဆိုတဲ့ ဥာဏ်ပညာကို မေ့လျော့ နေတတ်ပြီး မသိမှုသာ စိုးမိုးလို့ ပြိုင်ဘက် တပါးသူရဲ့ သားကောင် ဖြစ်မှန်းမသိ ဖြစ်သွားကြရတယ်။

ဒါဟာ သိမှုကို မသိမှုက အောင်နိုင်သွားတဲ့အတွက် သိမှုဟာ မသိမှုရဲ့ သားကောင် ဖြစ်သွားတာပဲလေ။

မသိမှု ကလည်း လောဘတွေ များသထက်များ၊ ဖြစ်ချင်တာတွေ များသထက်များ၊ သာလွန်ချင်တာတွေ များသထက်များ၊ သူတပါးထက် လိုအပ်ချက်တွေ များသထက်များ ရာကနေ မသိမှုတွေ ကြီးထွား လာရတာပဲ…။

သိမှု အသိလေး တချက် လက်ကနဲ လင်းလက်လာတဲ့ အချိန်ဟာ ဘယ်လို အချိန်ပါလိမ့်လို့…….

အထပ်ထပ် တွေးတောကြည့်ရင်း...

တချို့ကတော့ မသိမှု အမိုက်မှောင်ကို မသိလို့…. တချို့ကတော့ သိပေမဲ့ လောဘဇော ကြောင့် မသိမှု အသိ မှောင်ထဲမှာ လူးလား ကူးခတ် နေလေရဲ့….

အသိတွေထဲမှာမှ... မသိမှု အသိ ဆိုတဲ့ ရှုပ်ထွေးလှတဲ့ ၀င်္ကဘာတော ထဲမှာ တ၀ဲလည်လည် ဖြစ်မနေပဲ သိမှု အသိနဲ့ မသိမှု အသိ ကို ဝေဖန် ပိုင်းခြား နားလည်နိုင်စွမ်း ရှိသောသူသာ ဖြစ်ပါရစေ..။

လူသားတိုင်း လူသားတိုင်းလည်း သိမှု အသိဆိုတဲ့ အလင်းရောင် တွေနဲ့သာ လောကကြီးမှာ ရှိနေတဲ့ လူသား အားလုံးကို အလှပန်း ဆင်နိုင်ကြ ပါစေလို့ ဆန္ဒ ပြုရင်း....

Monday, August 16, 2010

အက်ဆစ်ထက်ပြင်းမယ့်အဆိပ်

လူသားတွေဟာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေရတယ် ဆိုတာ ကိုတော့ ငြင်းဆိုလို့ မရနိုင်ပါဘူး.။ တချို့ကလည်း ဒါလုပ်လိုက်မှ တစုံတခု ပြောင်းလဲသွားမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့….။ တချို့ကလည်း ပြောင်းလဲသွားမလား ဒါမှမဟုတ် ပိုကောင်း သွားနိုင်မလားဆိုပြီး မျှော်လင့်ချက်ကြီးကြီးနဲ့….။ တချို့ကလည်း ဒါလုပ်ပေမဲ့လည်း ပြောင်းလဲသွားမှာ မဟုတ်ပါဘူး ဆိုတဲ့ တိကျလှတဲ့ မျှော်လင့်ချက်နဲ့….။

တချို့သော အရေးကြီးဆုံးအရာတွေဟာ ဒါလုပ်လိုက်ပေမဲ့ ထင်ထား မျှော်လင့်ထားသလို ကောင်းတဲ့ ပြောင်းလဲမှုမျိုး ဖြစ်လာချင်မှာ ဖြစ်လာမှာပါ…။

ဒါဟာ ဘယ်လိုဖြစ်လို့လဲ…

ကောင်းသော ပြောင်းလဲခြင်းတွေကို ပြောင်းလဲပေးနိုင်မဲ့ အရာဟာ အသိဥာဏ် ပညာပြည့်ဝပြီး မှန်ကန်မျှတမှု ရှိတဲ့ လူသားဆန်တဲ့ လူသား ဖြစ်နေလို့ပါပဲ.။ အဲလို အရေးကြီးတဲ့ လူသားတွေကမှ ကောင်းသော ပြောင်းလဲမှုတွေကို ပြုပြင် ပြောင်းလဲ ပေးနိုင်မှာလေ… ။ ပြောင်းလဲပေးနိုင်မယ့် လူသားဟာ ဘ၀တန်ဖိုးကို နားလည်ပြီး လူသားဆန်တဲ့ လူသားသာ ဖြစ်ခဲ့မယ်ဆိုရင် ကောင်းသော ပြောင်းလဲမှုမျိုးတွေကို ပြောင်းလဲပေးဖို့ စိတ်ဆန္ဒလည်း ရှိနေမှာပါ…။

ဒါလုပ်လိုက်လို့ ပြောင်းလဲသွားနိုင်မလား.. မပြောင်းလဲသွားနိုင်ဘူးလား… ပိုဆိုးလာနိုင်မလား ဆိုတဲ့ ကိစ္စတွေမှာတော့ လူသားတွေရဲ့ မြင့်မြတ်လှတဲ့ စိတ်ဓါတ် နဲ့ သေသပ် လှပစွာ ချည်နှောင်ထားတဲ့ သစ္စာကြိုးလေးသာ အဓိကပါ…။ အဲဒီကြိုးလေးသာ မခိုင်ခဲ့ရင်တော့….!

ပြောင်းလဲသွားနိုင်တယ်လို့ ယူဆနေတဲ့ အရာတွေရဲ့ နောက်ကွယ်မှာလည်း အဆိပ်ထက် ပြင်းတဲ့ အဆိပ်တွေ ကပ်ပါလာခဲ့ရင်……..! ကောင်းသော ပြောင်းလဲမှုမျိုးထက် ဆိုးတဲ့ အဆိုးရွားဆုံး ပြောင်းလဲမှုမျိုး ဖြစ်သွားမှာ မုချဧကန်ပါ…။

အဆိပ်တွေနဲ့ ပြည့်နေမဲ့ ပြောင်းလဲမှုမျိုးကို လူသားဆန်တဲ့ လူသားတွေက ဘယ်လို လိုချင်တပ်မက်မိမှာပါလိမ့်…!!!

တစုံတခုကို အပြင်းအထန် ပြောင်းလဲချင်ဇောနဲ့ တခုခုကို လုပ်လိုက်တဲ့ အခြေအနေတွေမှာ အရေးကြီးတာက လွတ်လပ် မျှတပြီး ကိုယ်ချင်းစာတရားနဲ့ ပြည့်စုံတဲ့ ဗြဟ္မစိုတရားကို လက်ကိုင်ထားနိုင်တဲ့ ကောင်းမွန်လှတဲ့ စိတ်စေတနာကောင်းလေးတွေကို အခြေခံပြီးမှ လုပ်ကိုင် ပြုမူသင့်ပါတယ်…

မျှတမှု မရှိတဲ့ လုပ်ရပ်တွေ… `ငါ´ဆိုတဲ့ အတ္တကြီးကိုပဲ ဆုပ်ကိုင်ပြီး `ဒါပဲဖြစ်ရမယ်´ ဆိုတဲ့ လူသားမဆန်တဲ့ စိတ်ရိုင်းတွေ…. `ငါ´ ပြောတဲ့ သြဇာကိုပဲ နာခံရမယ်ဆိုတဲ့ တကိုယ်ကောင်းဆန်မှုတွေ…. ကိုယ်ချင်းစာတရား ခေါင်းပါးပြီး တပါးသူရဲ့ ဝေဒနာကို မသိကျိုးကျွန် ပြုမူမှုတွေ…. လောဘဇောကြီးပြီး လိုချင်တပ်မက်မှု လွန်ကဲနေမှုတွေ….. နဲ့ ခန္ဓာကိုယ်ထဲမှာ မွှန်းထုံထားမယ်ဆိုတဲ့ လူသားတွေသာ ဖြစ်နေခဲ့မယ်ဆိုရင်တော့ ကောင်းသော ပြောင်းလဲခြင်းတွေ ဖြစ်လာမှာ မဟုတ်သလို မျှော်လင့်ထားနေခဲ့တဲ့ ပြောင်းလဲခြင်းတွေဟာ အက်ဆစ်ထက် ပြင်းတဲ့ အဆိပ်တွေနဲ့ ပြည့်နေပြီး အချည်းနှီး ဖြစ်မှာ မြေကြီးလက်ခတ် မလွဲပါပဲ..။

ကောင်းသော ပြောင်းလဲမှုမျိုးကို လိုချင် မျှော်လင့်နေတဲ့ လူသားတွေဟာလည်း မိမိကိုယ်တိုင် ကောင်းသော ပြောင်းလဲမှုမျိုးကို ဘယ်လိုပုံစံလုပ်မှ ပြောင်းလဲမလည်း ဆိုတာ သိနားလည်ခဲ့ရင်….!

မိမိ ကိုယ်တိုင်လည်း ကောင်းသော ပြောင်းလဲမှုမျိုးကို လိုချင် တပ်မက်မိလေတော့……!!!

Saturday, July 31, 2010

အဓိပ္ပါယ်ရှိပါရဲ့လား…


အဓိပ္ပါယ်ပြည့်ဝတဲ့ တခုသော နေရာလေးကို ရောက်သွား ခဲ့ရပြန်တယ်..။ ဒါဟာ တစုံတခု အတွက် ခံပြင်းမှု၊ အလိုမကျမှု၊ အပေါ်စီးဆန်မှု၊ အနိုင်ကျင့်ခံလိုက်ရမှု၊ ဆိုတဲ့ အမျိုးမျိုးသော `………..မှု´ တွေကြောင့် ပဲလေ.။

စိတ်ကို ဖြူစင်အောင် ဆုံးမနေတဲ့ ကြားထဲမှာပဲ တခါတရံ ဖြူစင်တဲ့ စိတ်ရဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ `စိတ်´လောကကြီးထဲ ခေါ်ဆောင် သွားခံခဲ့ရတာ ကိုတော့ မငြင်းဆို နိုင်ပါဘူး…။ အဲဒီ အခါမှာ ဆန့်ကျင်ဘက် `စိတ်´ ထဲ ရောက်နေပြီ ဆိုတာ သိလိုက်တာနဲ့ တပြိုင်နက် စိတ်ကို အလျင်အမြန် ဖမ်းဆုပ်ပြီး ဖြူစင်တဲ့ စိတ် ဆီကို ဦးတည် ခုတ်မောင်းလို့..။

အဓိကက စိတ်ကို အနိုင်ကျင့် မခံရဖို့ အရေးကြီးပါတယ်..။ တပါးသူရဲ့ အဓိပ္ပါယ် အပြည့်နဲ့ လျှောက်လှမ်းနေတဲ့ စိတ် ကို အနိုင်မကျင့်မိဖို့ ပိုအရေးကြီး ပြန်ပါတယ်။

တချို့ကျတော့လည်း မိမိ လုပ်လိုက်မိတဲ့ ကိစ္စ တရပ်က တပါးသူရဲ့ စိတ် အပေါ်မှာ ဘယ်လောက်ထိ အနိုင်ယူ လိုက်တယ်ဆိုတာ မသိလိုက်တာလား… မသိချင်ယောင်ဆောင် လိုက်တာလား…! ဒါမှ မဟုတ် `အကျင့်´ပါ နေလို့ ပါလို့ ဖြေရှင်းနိုင်မဲ့…. ဒိုင်း သဖွယ် အကာအကွယ် ယူနေကြတာများလား….!

တချို့ကျတော့လည်း မိမိ လုပ်လိုက်မိတဲ့ ကိစ္စတိုင်း မှန်ကန် ပြည့်ဝ မျှတ နေပါတယ်လို့ ယူဆ မိကောင်း ယူဆလို့ ဖြစ်ပါလိမ့်မယ်..!

တချို့ကျတော့လည်း မိမိကြောင့် တပါးသူရဲ့စိတ် ထိခိုက်ရှနာ သွားမှာကိုပဲ စိုးရိမ်လွန်း ကြပြန်တယ်.။ တပါးသူရဲ့ စိတ် အခြေ ကို အမြဲ ဖတ်နေဖြစ်တဲ့ သူမျိုးပဲ..။ အဲဒီအခါ မိမိဘက်က တခုခု လွန်ကဲသွားရင်တောင် ချက်ခြင်း ပြင်ပြီး မိမိစိတ် မခံနိုင်မဲ့ လုပ်ရပ်မျိုးကနေ မလုပ်ဖြစ်တော့မဲ့သူ တယောက် ဖြစ်သွားရလိမ့်မယ်…!

တချို့ကျတော့လည်း တပါးသူရဲ့ စိတ်ကို မသိလိုက် မသိပါသာ နေတတ်တဲ့ သူမျိုးမို့ ထူးခြားတဲ့ လက္ခဏာ မဖြစ်မိမူပဲ မိမိရဲ့ စိတ်သွားရာ လမ်းအတိုင်း ချောမွေ့လို့….!

ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ… အခက်ခဲဆုံးလို့ ယူဆရတဲ့ မိမိ နဲ့ သူတပါး စိတ် ကို တန်ဖိုးထားတတ်ဖို့၊ လေးစားတတ်ဖို့၊ မျှဝေ ခံစား နားလည်ပေးတတ်ဖို့…!

အဓိပ္ပါယ် ပြည့်ဝတဲ့ နေရာလေး တခုမှာ ကိုယ်စိတ် နှလုံး စိတ်ခွန်အား မှန်ကန် ပြည့်ဝစွာနဲ့ ၀န်းကျင် ပတ်လည်မှာလည်း ဖြူစင်သော စိတ်ထားများ ပိုင်ဆိုင်ထားသူများ နဲ့သာ ဆုံတွေ့ခွင့် ရရပါလို၏။

သူတပါးရဲ့ ကိုယ် စိတ် နှလုံးကို.... နာကျင် ထိခိုက် ခံစားရစေမဲ့ လုပ်ရပ်… အနိုင်ကျင့် လိုက်တဲ့ အပြုအမူ လုပ်ရပ်… အနိုင်ကျင့် လိုက်တဲ့ စကား အပြောအဆို လုပ်ရပ်… လှပတဲ့ အနာဂတ်လေး ပျက်စီး သွားမဲ့ လုပ်ရပ်…မျိုး မလုပ်ဖြစ် ခဲ့ရင် အပြန်အလှန် သန့်ရှင်း စင်ကြယ်တဲ့` စိတ်´တွေ ထွန်းလင်း တောက်ပ နေမှာပါ…။

ထိုထိုသော ဖြူစင်သော စိတ်ရဲ့ ဆန့်ကျင်ဘက် ဖြစ်စေမဲ့ စိတ်မျိုး… မိမိကိုယ်.. မိမိစိတ် ၌ ဘယ်သောအခါမှ.. ဘယ်လိုကဲ့သို့သော အခြေအနေ… မျိုးမှာမှ သန္ဓေမတည် မိဖို့ သာ ငါ့အား စွမ်းဆောင် ပေးပါလေ……..!!!!!

Friday, July 9, 2010

နေရာလေး…..တခု

နေရာလေး.. တခုကို ရောက်ဖူးကြတဲ့ သူတိုင်း…၊ ရောက်ခဲ့ကြတဲ့ သူတိုင်း…၊ ရောက်နေကြတဲ့ သူတိုင်း… အဲဒီ နေရာလေး…တခု ရဲ့ ပိုင်ဆိုင်မှု တန်ခိုး အင်အား အရ အသိပညာ၊ ကျော်စောမှု၊ အတိမ်အနက်၊ အာဏာ တန်ခိုး၊ သြဇာ၊ လောဘ၊ ဒေါသ၊ မုဒိတာ၊ မာနတံခွန်၊ သည်းခံနိုင်စွမ်း၊ ဆင်ခြင်နိုင်မှု၊ ရောင့်ရဲနိုင်မှု၊ ………. တွေက ကိုယ်ခန္ဓာ အနှံ့အပြား ပျံ့နှံ့ ၀င်ရောက် လာတာ သဘာဝ တရားကြီးကပဲ ခြယ်လှယ် လိုက်လို့များလား…။


ဒါမှမဟုတ် မိမိရဲ့ ကိုယ်ပိုင် ဦးနှောက် စေစားရာ နောက်ကို လိုက်မိသွားလို့များလား……..။

အဲဒီ နေရာလေး တခုကလည်း ပုထုဇဉ် လူသားတိုင်းလိုလို ရောက်ဖူးချင်ကြ၊ ကြုံတွေ့ချင်ကြ၊ ပိုင်ဆိုင်ချင်ကြနဲ့…….. အလုအယက်တောင် ဖြစ်နေသေး………!!

နေရာလေး.. တခု….. က ဘယ်လောက်တောင် တန်ခိုးတွေကြီးပြီး တန်ဖိုးတွေ ရှိနေလို့များလဲ……….။

တစုံတခု အထိ သြဇာတန်ခိုးနဲ့ တန်ဖိုးရှိလို့လည်း ရောက်ချင်ကြတာလို့ ယုံကြည်ပါတယ်…..။

နေရာလေး..တခု ရဲ့ သက်တမ်း အနေနဲ့ရော ဘယ်လောက်တောင် ကြာမြင့်မှာလဲ………။

နေရာလေး..တခုက တကယ် စစ်မှန်တဲ့ ခံစားချက်၊ ပျော်ရွှင်မှု တွေကို ပေးနိုင်မှာလား……။

နေရာလေး...တခု တဲ့လား!!!!!

နေရာလေး..တခုကို ရောက်နေတဲ့ သူအတွက်ပဲ ပျော်ရွှင်နိုင်ပြီး တခြား သူတွေအားလုံး အတွက် ဆန့်ကျင်ဘက် ဖြစ်နေမယ် ဆိုရင်ရော အဲဒီ နေရာလေး တခုက တန်ဖိုးရှိတဲ့ နေရာလေး..တခု ဟုတ်ပါတော့မလား..!

နေရာလေး..တခုမှာ ရောက်နေတဲ့ သူအနေနဲ့လည်း ၀န်းကျင်က တခြား သူတွေကို ပြည့်ဝတဲ့ သဘောထား မှန်ကန်မှုတွေ..၊ မေတ္တာတရားတွေ…၊ ကြင်နာမှုတွေ…၊ မျှတမှုတွေ..၊ ကိုယ်ချင်းစာ တရားတွေ… ကို......မပေးနိုင်ခဲ့ရင်…

ပေးဖို့အတွက် စိတ်အင်အားတွေ မရှိခဲ့ဘူးဆိုရင်… တန်ဖိုးကြီးပြီး လှပတန်ခိုးရှိတဲ့ လူ့ဘောင်အဖွဲ့ကြီးနဲ့လည်း ဝေးကွာလွန်းမက ဝေးကွာသွားရလိမ့်မယ်..။

စစ်မှန် နွေးထွေးပြီး တန်ဖိုးရှိတဲ့ နေရာလေး..တခုမှာ နေဖြစ်ခဲ့ရင် မိမိရဲ့စိတ်လည်း နူးညံ့သိမ်မွေ့ပြီး စစ်မှန်တဲ့ သစ္စာ.. စစ်မှန်တဲ့ မေတ္တာတရားနဲ့ အကြင်နာလက်တစုံ ရှိဖို့ မျှော်လင့် တောင့်တမိပါတယ်..။ မိမိရဲ့စိတ်က အခြားဘက်ကိုသာ ရောက်သွားခဲ့ရင် မိမိနဲ့အတူ မိမိရောက်နေတဲ့ နေရာလေး..တခုရဲ့ တန်ဖိုးလည်း ကျဆင်းသွားပြီး နေရာလေး..တခုရဲ့ နာမည်လည်း မှေးမှိန်လျော့ကျသွားစရာ အကျည်းတန် နေ၀င်ချိန် တွေကသာ ဆီးကြိုနေလိမ့်မယ်..။

နေရာလေး..တခုရဲ့ နာမည်နဲ့ ဂုဏ်ဒြပ်..ကို တန်ဖိုးရှိရှိ မှန်ကန် တည်တံ့စွာ ရပ်တည်နိုင်ဖို့ ဖြည့်စွမ်း ပေးနိုင်တဲ့သူများ ဖြစ်ခဲ့ရင်…..!

လူအများစုဟာ နေရာလေး..တခုရဲ့ ခွန်အား ဒဏ်ကို ခံနိုင်ဖို့အား မရှိလှပါဘူး..နေရာလေး..တခုရဲ့ ဆွဲအားအရ ဆွဲသွားတဲ့ အခြေအနေကိုပဲ လိုက်လျောပြီး ကပြ အသုံးတော် ခံနေကြလေရဲ့..။ ဘယ်လောက်တောင် တန်ခိုးရှိပြီး ခွန်အားကြီးတဲ့ နေရာလေး..တခုပါလဲ..။ တချို့ကျတော့လည်း အဲဒီ နေရာလေး..တခုကို ရောက်သွားတယ် ဆိုတာနဲ့ မိမိရဲ့ မူလ စိတ်ဓါတ် ဇာစ်မြစ်ပါ ပျောက်ဆုံးသွားကြပြီး နေရာလေး..တခုရဲ့ ဒဏ်ကို ရှက်ရံွ့မှု မရှိပဲ ချစားနေကြလေရဲ့..။ တချို့ကတော့ နေရာလေး..တခု ကိုအားကိုးပြီး သကာလ အာဏာ တန်ခိုး ပြချင်တိုင်း ပြနေလေရဲ့..။

တချို့ကလည်း နေရာလေး..တခုကို ရောက်ပြီ ဆိုတာနဲ့ မိမိနဲ့ တူတဲ့ အမျိုးတူ လူသားအားလုံး အပေါ်မှာ မထောက်မညှာ ကြီးစိုးချယ်လှယ် နေတော့တယ်..။

>ဘယ်လိုပဲ ဖြစ်ဖြစ် ဘယ်တော့မှ မတည်မြဲတဲ့ လောကကြီးထဲမှာ ပြောင်းလဲခြင်းကသာ မပြောင်းလဲသော တည်မြဲမှု ဖြစ်နေလေတော့ နေရာလေး..တခု ဆိုတာ လည်း ခဏတာ ရေဗွက် ပမာသာ ဖြစ်တယ်ဆိုတာ လက်ခံ ယုံကြည်ပြီး ပြုမူ နေထိုင် ကျင့်ကြံမယ်ဆိုရင် လူသား အားလုံးအတွက် အကျိုး ဖြစ်ထွန်းစေနိုင်မဲ့ သာယာ ချမ်းအေးတဲ့ လမ်းပေါ်မှာ လျှောက်လှမ်းနိုင်လာကြမှာပါ..

မိမိလည်း စစ်မှန်ပြီး တန်ဖိုးရှိတဲ့ နေရာလေး..တခုပေါ်ကို မျက်စေ့လည် လမ်းမှားလို့ပဲ ဖြစ်ဖြစ်.. ရောက်ခဲ့မယ်ဆိုရင် မှန်ကန်စွာနဲ့ မျှတစွာ. ရပ်တည်နိုင်ပါပြီလား….... အကြင်နာလက်တစုံ ရှိနေပါပြီလား လို့ မေးခွန်းထုတ်ရင်း .…

လူသားတိုင်း မှန်ကန်တဲ့ နေရာလေး..တခုပေါ်မှာ မှန်ကန်စွာ ရပ်တည်နိုင်ပြီး.. ရောက်နေရတဲ့ နေရာလေး..တခုရဲ့ ကာလသက်တမ်း တလျှောက် မည်သူ တစုံတဦးကိုမှ ကိုယ်စိတ်နှလုံး မပျက်စီးစေဖို့ ရည်သန် ဆန္ဒပြုရင်း….

Saturday, July 3, 2010

ငယ်ဘ၀ ရူးသွပ်မှု…

ငယ်ဘ၀ရဲ့ အပိုင်းအစလေး တွေကို ပြန်ပုံဖေါ်ကြည့်မယ် ဆိုရင် လူတိုင်းလူတိုင်းမှာ ဖြူစင်တဲ့ ရူးသွပ်မှု တခုစီတော့ ရှိခဲ့ကြတယ်..။

ကဗျာမြတ်နိုးလို့ ကဗျာရူးသွပ်တဲ့သူ၊ စာပေ ရူးသွပ်တဲ့သူ၊ အားကစား ရူးသွပ်တဲ့သူ၊ ငါးလေးတွေကို တယုတယ မွေးပြီး ရူးသွပ်တဲ့သူ၊ အနုပညာ ဗီဇအရ အနုပညာ ရူးသွပ်ခုံမင်တဲ့သူ၊ အနုပညာထဲကမှ ဂစ်တာတီးတာ ရူးသွပ်တဲ့သူ၊ သီချင်းဆို ရူးသွပ်တဲ့သူ၊ အကကို ရူးသွပ်တဲ့သူ၊ ကျောင်းဆရာမတွေ ကို အားကျပြီး စာသင်ချင်လို့ ဆရာမ ရူးသွပ်ခဲ့တဲ့သူ…………… စတဲ့ ရူးသွပ် ခုံမင်ခဲ့တဲ့သူတွေ အများကြီး…… ရှိခဲ့ကြတယ်…!!!

ငယ်ဘ၀ တခု.....

ကဗျာမြတ်နိုးတဲ့ သူတွေ အချင်းချင်း ကိုယ့်ရဲ့ ကဗျာဖန်တီးမှုတွေကို စာအုပ်လေးတွေ အဖြစ် ပုံနှိပ်လို့…၊ ၀တ္ထုတိုလေးတွေ ရေးပြီး မ၀ံ့မရဲနဲ့ မဂ္ဂဇင်းထဲမှာ ဖေါ်ပြခွင့်ရဖို့ ကြိုးစားပမ်းစား…၊ အားကစား ခုံမင်သူတွေထဲမှာတော့ ဘောလုံး ချစ်သူတွေက ကျောင်းပေါင်းစုံဘောလုံး၊ မြို့နယ်ဘောလုံး၊ နောက်နိုင်ငံကျော်အထိ ဘောလုံးသမားကောင်း အဖြစ် စိတ်ကူးဖန်တီးလို့..၊ တိရစ္ဆာန်လေးတွေကို ချစ်ခင်ကြတဲ့ သူတွေ.. မွေးမြူချင်တဲ့ သူတွေထဲမှာမှ ငါးလေးတွေ မွေးချင်တဲ့သူတွေက ငါးကန်လေးတွေ လှလှပပ လုပ်ပြီး ငါးလေးတွေကိုမွေးလို့…၊ အနုပညာ ဗီဇ ထက်သန်သူတွေက ထက်သန်ရာ ထက်သန်ရာ ဘက်မှာ စိတ်ပါလက်ပါ ဖန်တီးလို့..၊ စာသင်ကြားချင်သူတွေ ကတော့ အခြေအနေ ပေးရင်ပေးသလို စာသင်ကြားပေးလို့..

တချို့ကတော့ ငယ်ဘ၀ရဲ့ ပုံရိပ်တွေ ပျောက်ကွယ် သွားခဲ့ကြရတယ်.။ ဒါပဲ ဖြစ်ရမယ် ဆိုတဲ့ တင်းကျပ်တဲ့ ဘောင်အတွင်းမှာ မဖြစ်မနေ ပြုလုပ်နေ ကြရတာတွေ…..ဒုနဲ့ဒေး……..!

ဒါပေမဲ့ အသက်အရွယ် ကြီးလာပေမဲ့ ငယ်ဘ၀ရဲ့ စိတ်ကူးအိပ်မက်၊ ရူးသွပ်မှု တွေက မပျောက်မပျက် ရင်ထဲတနေရာမှာ ဖြစ်တည်နေတာကိုတော့ ဘယ်လိုအရာကမှ တားဖြစ်နိုင်စွမ်း မရှိကြပါဘူး.။

ဘ၀ရဲ့ စိန်ခေါ်မှုတွေကြောင့် လမ်းကြောင်း ဦးတည်ချက် ပြောင်းသွားပေမဲ့ ငယ်ဘ၀ရဲ့ ရူးသွပ် ခုံမင်မှုတွေကို အခြေအနေ ပေးရင်ပေးသလို ထုဆစ်ချင်ကြတယ်… သီကုံးချင်ကြတယ်…။

တချို့ကတော့ ငယ်ဘ၀ရဲ့ ရူးသွပ်မှု အတိုင်း မျောပါ နစ်ဝင်ရင်း အောင်မြင်မှုတွေ တနင့်တပိုးနဲ့…။

ငယ်ဘ၀ရဲ့ ရူးသွပ်မှု လမ်းကြောင်းကနေ သွေဖီ သွားခဲ့ရပေမဲ့ ဖြစ်တည်ခဲ့ရတဲ့ ဘ၀ ထဲမှာ စိတ်ကူးစိတ်သန်း ထက်သန်စွာ အကောင်းဆုံး လုပ်ဆောင်ချက်တွေနဲ့ လျှောက်လှမ်းနိုင် မယ်ဆိုရင် တချိန်တုန်းက မက်ခဲ့..ရူးသွပ်ခဲ့ရတဲ့ ငယ်ဘ၀ ပုံရိပ်တွေလည်း ထပ်ချပ်မကွာ လိုက်လာမှာပါ..

တချို့ကတော့ ငယ်ဘ၀ ရူးသွပ်ခုံမင်မှုတွေက ဘ၀ရဲ့ ရိုက်ခတ်မှုဒဏ်တွေ၊ ဘ၀ရဲ့ ရေစီးကြောင်းဒဏ်တွေကြောင့် မှုန်မှိုင်း ပျောက်ပျက်ခဲ့ရပြီး နှမြောစရာ ကောင်းစွာနဲ့ လွင့်စင် သွားခဲ့ကြရတယ်…။

တချို့ကလည်း လှိုင်းတံပိုး ဘယ်လောက်ပင် ထန်ထန် ဆိုတဲ့ စိတ်ဓါတ် အားမာန် နဲ့ ငယ်ဘ၀ ရူးသွပ်မှုကို မဖြစ်မနေ တည်ဆောက်ပြီး ကူးခတ်နေကြတယ်..

တချိန်က ရူးသွပ်ခဲ့ရတဲ့ ငယ်ဘ၀ရဲ့ အိပ်မက်တွေကို အကောင်အထည် မဖေါ်နိုင်ပေမဲ့ ပစ္စပ္ပုန်မှာ တွေ့ကြုံ လှုပ်ရှားနေထိုင်နေရတဲ့ ဘ၀လေးကိုပဲ မိမိအပါအ၀င်.. မိမိဝန်းကျင်လှပ သပ်ရပ်အောင်..၊ အကောင်းဆုံး တည်ဆောက်နိုင်ပြီး အနာဂတ်အတွက် လှပတဲ့ လူ့အဖွဲ့အစည်း တခု ဖြစ်လာအောင် ပြုစု ပျိုးထောင်နေရင်း ငယ်ဘ၀ ရူးသွပ်ခုံမင်မှုတွေကိုလည်း အလှဆင် နိုင်ကြပါစေလို့ ရည်ရွယ်ရင်း…

ကျမရဲ့ တချိန်က ငယ်ဘ၀ ရူးသွပ်မှုလည်း ကျမနဲ့အတူ ဖြစ်တည်ခွင့် မရခဲ့ရရှာ….!!!!!

Wednesday, June 9, 2010

လွဲနေသည့် ဆုံမှတ်များ

ဘဝ လမ်းကြောင်းကြီးထဲတွင် မိမိရည်မှန်းသော ဆုံမှတ်တခု ရှိကြပါသည်။ ရှိလည်း ရှိနေအုံးမည် ဖြစ်ပါသည်။ လူတယောက်၏ ဆုံမှတ် ဆီသို့သွားရန် အကွာအဝေး၊ စိတ်ဓါတ်ကြံ့ခိုင်မှု၊ တန်ဖိုး၊ အတိမ်အနက်၊ အရည်အသွေး၊ အသိပညာ၊ အတတ်ပညာ၊ ရဲရင့်မှု၊ ကိုယ်ကျင့်တရား၊ သိက္ခာတရား၊ မေတ္တာတရား၊ သည်းခံခြင်း၊ ဖြူစင်မှု၊ သစ္စာရှိမှု၊ ဆိုသည့် ကကွက် ပုံစံများ အမျိုးမျိုး ရှိကြမည် ဖြစ်သည်။ ကိုယ်တိုင် သတ်မှတ်ထားသည့် ဆုံမှတ်တွင် မိမိအကျိုးတခုတည်း အတွက် ဆုံမှတ်၊ သို့မဟုတ် သူတပါးအကျိုးအတွက် ဆုံမှတ်၊ မိမိနှင့်သူတပါး အကျိုးဖြစ်စေမည့် ဆုံမှတ်၊ ဆိုသည့် ဆုံမှတ်များ ရှိကြသည်။ မည်သို့ပင်ဖြစ်စေ ဆုံမှတ်တခုကို ရောက်ရှိရန် မျှတသော နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေကြရမည် ဖြစ်သည်။


ဆုံမှတ်။


မည်ကဲ့သို့သော ဆုံမှတ်ဖြစ်ပါမည်နည်း၊ မိမိ၏ ဘဝသက်တမ်းတလျှောက် အဓိကကျမည့် ဆုံမှတ်ကို သွားရန်အတွက် မည်ကဲ့သို့သော အရည်အသွေးများ လိုအပ်ပါမည်နည်း၊ မည်ကဲ့သို့ ကြိုးစားပြီး ရောက်အောင် သွားပါမည်နည်း၊ မည်ကဲ့သို့ လမ်းကြောင်းနှင့် ရောက်အောင် သွားပါမည်နည်း။ မိမိ၏ ဆုံမှတ်ကို အမှန်တကယ် သိအောင်လုပ်ပြီး လိုအပ်မည့် အရာဟူသမျှကို အသိပညာရှိရှိ ဇွဲသတ္တိရှိရှိဖြင့် သွားပြီး အရောက်လှမ်းရပါမည်။ မည်သူတဦးတယောက်မျှ မိမိဆုံမှတ်နှင့် လွဲချင်သောသူ မရှိနိုင်ပါ။ မိမိမျှော်လင့်မထားသော်လည်း မိမိမလိုချင်သော်လည်း လွဲသွားသော ဆုံမှတ်၊ လွဲနေသော ဆုံမှတ်၊ ဆုံးရှုံးသွားသော ဆုံမှတ်များ တွေ့ကြရပါလိမ့်မည်။ မိမိကိုယ်တိုင် မည်မျှပင် ကြိုးစားကြိုးစား လွဲသွားသော ဆုံမှတ်များ ဒုနဲ့ဒေး ရှိနေပါသည်။ ဆုံမှတ်ကို သွားရန် ဆူးညောင့်ခလုတ်များသည် အထင်းသား ရှိနေပါလိမ့်မည်။ ဟန်ဆောင်မှုတွေသည် များနေပါလိမ့်မည်။ မာယာ ထောင်ချောက်များ အထပ်ထပ် ကာဆီးထားပါလိမ့်မည်။ ဆုံမှတ်နှင့် လွဲသွားလျှင်လည်း စိတ်ဓါတ် ခိုင်ခိုင်မာမာ အဓိကထားပြီး နေထိုင်တတ်ရန် ကြိုးစားရပါမည်။ လွဲသွားသည့် အခါတွင်လည်း မည်သူ့ကြောင့်ထက် ဘာကြောင့်ဆိုတာကသာ အရေးကြီးပါသည်။ ဘာကြောင့်ဆိုသည့် အဖြေကို သိပြီးလျှင် လျှောက်ရမည့် လမ်းကြောင်း လွယ်ကူသွားပါလိမ့်မည်။ အဖြေ သိရန်သာ ဦးဆုံး ကြိုးပမ်းကြရမည် ဖြစ်ပါသည်။


သို့ဖြစ်လျှင်


မိမိသွားရမည့် လမ်းကြောင်း လွဲနေပြီလား၊ သွားနေသည့် လမ်းကြောင်းတလျှောက် ဦးတည့်ရာ လျှောက်သွားနေမိပြီလား၊ ငေးငိုင်နေမိပြီလား၊ သွားနေသည့် လမ်းကြောင်း မှားနေပြီလား၊ တပါးသူ လျှောက်လှမ်းမှုကိုသာ ကြည့်နေမိပြီလား၊ သို့မဟုတ် တပါးသူ၏ လျှောက်လှမ်းမှု နောက်မှ လိုက်နေမိပြီလား၊ ချော်လဲရောထိုင် နေမိပြီလား၊ ချော်လဲခဲ့သည်ဆိုလျှင် ကိုယ်ကိုယ်တိုင် ပြန်ထပြန်မတ်ပြီး ပြန်လျှောက်လှမ်းနိုင်ရမည်။ သွားနေသည့် လမ်းကြောင်း မညီညာ၍လား၊ သို့ဖြစ်လျှင် ညီညာ ချောမွေ့ရန် လုပ်ရပေလိမ့်မည်။ အဓိကမှာ ကိုယ်သတ်မှတ်ထားသည့် ဆုံမှတ် တခုကို သိက္ခာရှိရှိ၊ ဖြူစင်မှုရှိရှိ ရောက်ရမည် ဖြစ်ပေသည်။ မိမိ၏ ဆုံမှတ်ကိုဖြင့် ရောက်ပါ၏၊ မိမိ၏ အတ္တ တခုတည်းကိုသာ ရှေ့တန်းတင်ပြီး ရောက်ရမည့် ဆုံမှတ်မျိုးကို သတိရှိရှိ ဖယ်ရှားနိုင်ရပေမည်။ မိမိ၏ ကိုယ်ကျင့်တရား၊ မိမိ၏ သိက္ခာဖြင့် အလဲအလှယ် လုပ်လိုက်ရမည့် ဆုံမှတ်မျိုး၊ ရိုးသားဖြူစင်မှုကို ဟားတိုက်ခံလိုက်ရပြီးမှ ရလာမည့် ဆုံမှတ်မျိုး၊ ယုံကြည်မှုကို တိုက်စားသွားမည့် ဆုံမှတ်မျိုး၊ မေတ္တာတရားကို ချနင်းခံရမည့် ဆုံမှတ်မျိုး၊ သစ္စာတရားကို ဖုံးလွှမ်းခံရမည့် ဆုံမှတ်မျိုး၊ ထိုကဲ့သို့သော ဆုံမှတ်မျိုးများနှင့် ရင်ဆိုင်ကြရသည့်အခါ မိမိ၏ စိတ်အခြေနှင့်ပင် တန်ပြန်တိုက်ခိုက်ရပေလိမ့်မည်။


မိမိလိုချင်နေသည့် ဆုံမှတ် တခုတည်းကိုသာ ကြည့်ပြီး သူတပါး၏ လမ်းကြောင်းကို နင်းသွားရမည့် အဖြစ်မျိုး မပြုလုပ်မိရန်၊ သူတပါး မြတ်နိုးနေသည့် အရာကိစ္စ ဟူသမျှကို တလေးတစားနှင့် ရှောင်ကျဉ်သွားနိုင်ရန်၊ သူတပါး လေးစားသော အရာကိစ္စများကို မိမိကလည်း တန်ဖိုးထား လေးစားတတ်ရန် လိုအပ်ပေမည်။ မိမိလိုချင်နေသည့် ဆုံမှတ်တခုကိုဖြင့် ရောက်ပါ၏၊ သို့သော် သူတပါး လေးစားမြတ်နိုးသည့် အရာတခုကို ဖျက်ဆီးလိုက်ရမည့် အဖြစ်များ၊ သူတပါး စိတ်ထိခိုက်ရမည့် အဖြစ်များ၊ ဝါသနာကို ဟန့်တားလိုက်စေမည့် အဖြစ်များ၊ ဖြူစင်သည့် စိတ်လေးတခုကို အရောင်ဆိုးလိုက်သည့် အဖြစ်များ ဖြစ်ခဲ့လျှင်လည်း မိမိ၏ ဆုံမှတ်သည် စိတ်ချမ်းသာရမည့် ဆုံမှတ်တခု ဖြစ်လာမည် မဟုတ်ပေ။ ဆုံမှတ်တခုကို ရောက်ရန်အတွက် စိတ်ချမ်းသာပြီး မိမိကိုယ်တိုင် လွတ်လပ် ပျော်ရွှင်နိုင်မည့်၊ စိတ်ပေါ့ပါး လန်းဆန်းနိုင်မည့်၊ တပါးသူ မထိခိုက်နိုင်မည့်၊ လမ်းကြောင်း ဖြစ်ရန် လိုအပ်ပါသည်။ မည်သူတဦးတယောက်မျှ ဆုံမှတ်နှင့် မလွဲချင်ကြပေ။ သို့သော်လည်း လွဲပြီးရင်း လွဲနေရသည့် ဆုံမှတ်များလည်း ရှိမည် ဖြစ်ပါသည်။ ရှိလည်း ရှိနေဆဲ ဖြစ်ပါသည်။


ဆုံမှတ်တခုကို မရောက်မီ မဖြစ်နိုင်ပါဘူးဆိုသည့် မရေရာသော အကြောင်းပြချက်များနှင့် လမ်းကြောင်းသွေဖီခြင်းမရှိပဲ မိမိရည်ရွယ်ရာ ဆုံမှတ်တခုသာ မဟာအင်အားတခု ဖြစ်သည်ဆိုကာ အသက်ရှူလိုက်တိုင်းမှာ စည်းချက်ကျနေရပေလိမ့်မည်။ စည်းချက်လိုက်တိုင်းတွင် အင်အားအသိ တိုးလို့ တိုးလို့ ရလာလျှင် မည်မျှ ကောင်းပေမည်နည်း။



ဆုံမှတ်နှင့် လွဲသည့် အခိုက်အတန့်တွင်လည်း စိတ်ဓါတ်မကျ၍ သတ္တိရှိရှိ စိတ်ခွန်အား အပြည့်ဖြင့် ရင်ဆိုင် ကျော်လွှားနိုင်ပြီး တချိန်တွင် မလွဲမသွေ ဆုံမှတ်ကို ရောက်ရမည် ဆိုသည်ကို ယုံကြည်ပြီး ဆက်လက်ကြိုးစားပါလျှင် အရာအားလုံး လွယ်ကူချောမွေ့စွာ အောင်မြင်နိုင်မည် ဖြစ်ပေသည်။


အားလုံးသော သူများ ရည်မှန်းထားသည့် ဆုံမှတ် လမ်းကြောင်းပေါ်သို့ တန်ဖိုးရှိရှိ၊ အဓိပ္ပါယ်ရှိရှိ၊ မှန်ကန်သည့် လမ်းကြောင်းတခုဖြင့် အရောက်လှမ်းနိုင်ပြီး လူမှုအကျိုးများကို ပုံသဏ္ဍာန်မတူစွာ ဖေးမလက်တွဲ၍ ဘဝအမောများ ပြေပျောက်ရန် ရည်သန် ဆန္ဒပြုမိပါသည်။။။

Wednesday, May 19, 2010

အမှောင်မှ အလင်း….


မှောက်မိုက်နေတဲ့ နေရာ ရပ်ဝန်းလေး တခုထဲ ကနေ အလင်းရောင်နဲ့ ပြည့်စုံနေတဲ့ နေရာ ရပ်ဝန်းလေး တခုကို ကြည့်လိုက်တဲ့ အခါ ခံစား သိရှိလိုက်ရတာက အလင်းထဲမှာ ရှိနေတဲ့ သက်ရှိ သက်မဲ့ အရာတွေ အားလုံးကို တွေ့မြင်လိုက်ရတယ်။ အဲဒီအခါ ကိုယ်က အမှောင်ထဲကနေ အလင်းထဲက အရာအားလုံးကို မြင်နေရတဲ့အခါမှာ ၀မ်းသာသလိုလို၊ ကျေနပ်မှု ရှိသလိုလို ပီတိ ဖြစ်တတ်ကြတယ်။

အလင်းထဲမှာ ရှိနေတဲ့ သက်ရှိ သက်မဲ့ ၀တ္ထု ပစ္စည်းတွေကို အမှောင်ထဲကနေ ကြည့်ချင်သလို ကြည့်လို့ ရနေတာ ဆိုပြီးတော့လည်း အမှောင်ထဲမှာပဲ လမ်းလျှောက်ချင်ကြပြန်တယ်။

တခါတရံတော့လည်း အမှောင်ထဲက လူဟာ အလင်းထဲမှာ ရှိနေတဲ့ လူတွေရဲ့ လှုပ်ရှားမှု၊ ပြောဆိုမှု၊ နေထိုင်မှု၊ စတာတွေ ကို ကြည့်ပြီး အမှောင်ထဲမှာပဲ လှုပ်ရှားကြပြန်တယ်။ ဒါတွေကို ကြည့်ပြီး အမှောင်ထဲက လူဟာ အလင်းထဲက လူထက် အစစအရာရာ သာနေတယ်လို့ ထင်မြင်မိပေမဲ့ တကယ်တော့ ဆန့်ကျင်ဘက် တေးသွားတပုဒ်လို ပါပဲ။

ကိုယ်တိုင်က ရိုးသား ဖြူစင်တဲ့ စိတ်ရှိတဲ့သူဟာ အမြဲတမ်း အမှောင်လောက ကမ္ဘာကြီးထဲမှာပဲ ရှိမနေကြဘူးလို့ ထင်မိတယ်။ တကယ်တော့ အမှောင်ထဲက လူဟာ အလင်းရောင်ထဲကို ခနဖြစ်ဖြစ် ၀င်ကြည့်မိခဲ့ရင် အလင်းရောင်ထဲက လူတွေရဲ့ ခံစားချက်၊ အလင်းရောင်ထဲက လူတွေရဲ့ နှလုံးသွေးကို သိနားလည်ပြီး သဘောပေါက် သွားမှာပါ။

လူတွေရဲ့ ဘ၀ တသက်တာ ဆိုတာ အချိန်အတိုင်းအတာ တခုအနေနဲ့ သိပ်ကို တိုတောင်း လွန်းလှပါတယ်။ ဒါကြောင့် အမှောင်ထဲမှာ ရှိနေတဲ့ လူတွေဟာ အမှောင်ထဲမှာပဲ စီးမျော နစ်ဝင်မနေပဲ အလင်းရှိတဲ့ နေရာလေးတခု၊ ဒါမှမဟုတ် အလင်းရောင် ရပ်ဝန်းထဲကို ၀င်လာခဲ့မယ်ဆိုရင် တန်ဖိုး ရှိတဲ့ အချိန်တခုကို ဖြတ်ကျော် သွားနိုင်မှာပါ။ အဲလို တန်ဖိုးရှိတဲ့ အချိန်တခု ကို ဖြတ်သွားရမဲ့ ဘ၀ ယာဉ်ရထားကြီး ပေါ်မှာလည်း ပျော်ရွှင် ကြည်နူးမှုတွေနဲ့ အတူ လောကကြီးရဲ့ ကောင်းကျိုးတွေကို သယ်ပိုးရွက်ဆောင်နိုင်ပြီး လူမှုဘ၀ ဖူလှုံမှု တွေနဲ့ အဖေါ်ကောင်းတွေကို ပိုင်ဆိုင်ကြရမှာ မလွဲဧကန်ပါပဲ..။

အခု အခြေအနေမှာ ဆိုရင် လူတော်တော် များများက အမှောင်လောကထဲမှာပဲ ကျင့်သား ရသလို ဖြစ်နေကြပြန်တယ်။ အလင်းထဲမှာ ဆိုရင် ရင်ဆိုင်ရမဲ့ ပြဿနာတွေ၊ ပြောဆိုရမဲ့ စကားအသွားအလာတွေ နဲ့ တည့်တည့် တိုးနိုင်၊ တည့်တည့် ရင်ဆိုင် ရနိုင်ပါတယ်။ ဒါပေမဲ့လည်း အလင်းထဲကနေ ပြဿနာ တခုကို ရင်ဆိုင် ဖြေရှင်း လိုက်နိုင်တာက ပိုလို့ မြင့်မြတ်ပါတယ်။

အမှန်တော့ အမှောင် ဘ၀ ထဲကနေ အလင်းရောင် ဘ၀ထဲကို ၀င်ကြည့် လိုက်မယ်ဆိုရင် ဘ၀မှာ မမြင်နိုင်တဲ့ ရင်းနှီးမှုတွေ၊ မကြားဖူးသေးတဲ့ အတွေ့အကြုံတွေ၊ အဆက်အသွယ်တွေ၊ တန်ဖိုး မဖြတ်နိုင်တဲ့ ကုသိုလ်စိတ်တွေ၊ မကြုံဖူးသေးတဲ့ ဘ၀ အခြေအနေတွေ နဲ့ တွေ့ကြုံလာမှာပါ။ ဒါကိုက ဘ၀မှာ သိပ်ကို တန်ဖိုးရှိတဲ့ အချိန်တခုကို ကျော်ဖြတ်သွားနိုင်ပြီပေါ့။

အလင်းထဲမှာ နေပြီးတော့လည်း အလင်းထဲမှာ ရှိနေကြတဲ့ လူတွေရဲ့ ပကတိ ရိုးသားဟန်၊ ဖြူစင်ဟန်၊ ပြောဆိုဟန်၊ လှုပ်ရှားမှုဟန်၊ တွေးခေါ်ဟန်၊ နေထိုင်ဟန်၊ တွေကို လက်တွေ့ ကြည့်ရှု လက်တွေ့ ရင်ဆိုင် တွေ့ကြုံ ရမှာပါ။ ပညာရည် ပြည့်ဝတဲ့ သူတွေဆီကနေ ပညာယူလို့ တိုးတက် လျှောက်လှမ်းနိုင်ကြမယ်။ အသိဥာဏ် ပြည့်ဝတဲ့ သူတွေဆီကနေ မသိသေးတဲ့ အကြောင်းချင်းရာတွေကို သိရှိ နားလည်နိုင်ကြမယ်။

အမှောင်ဘ၀ထဲမှာပဲ နေပြီး အမှောင်ထဲမှာ ရှိနေတဲ့ လူတွေဟာ အမှောင်ထဲမှာပဲ ဖြတ်သန်းနေကြတဲ့ လူတွေကို မြင်နိုင်ပါ့မလား…။

ကျမဟာ အမှောင်ကြောက်တတ်သူ ဆိုတော့ အလင်းထဲမှာပဲ နေပြီး အလင်းကိုပဲ ကြည့်နေချင်တယ်။

အလင်းရောင် ရပ်ဝန်း ထဲမှာ ရပ်တည်နေပြီး အလင်းရောင် ရပ်ဝန်းထဲမှာ ရှိနေတဲ့ လူတွေကို အပြုံးပန်းတွေ ဝေေ၀ဆာဆာနဲ့ စိတ်ရင်းအမှန် အတိုင်း ပြောဆို ဆက်ဆံ၊ အသိပညာတွေ ဖလှယ် နိုင်ကြပြီး၊ တူညီတဲ့ ဘ၀လမ်းကြောင်းထဲမှာ တူညီတဲ့ စိတ်ကောင်းစိတ်မြတ်တွေနဲ့ စိမ်းလန်း ဝေဖြာ အလှဆင် နိုင်ကြပါစေလို့ ရင်ထဲ တနေရာကနေ လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုရင်း…..။

Tuesday, April 27, 2010

ကြွေးဟောင်းဆပ်ခွင့်ရပြီး ကြွေးသစ်ပေးနိုင်တဲ့သူဖြစ်ရပါလို၏

ကြွေးဟောင်းဆပ်ခွင့်…..

လူတိုင်းလူတိုင်းဟာ ကြွေးဟောင်းဆပ်ခွင့် မရကြပါဘူး။

တချို့ကတော့ ကြွေးဟောင်း ဆပ်ခွင့်ရပေမဲ့ မဆပ်ကြတဲ့သူတွေ..၊ တချို့ကတော့ ဆပ်ခွင့် မရကြသူတွေ..၊ တချို့ကတော့ မဆပ်နိုင်ကြသူတွေ..၊ တချို့ကတော့ ကြွေးဟောင်းကိုပဲ စားသုံးနေသူတွေ..

ကြွေးဟောင်းဆိုတာ မိဘ အပေါ်တင်နေတဲ့ အကြွေးလား.. မိမိကို ကျေးဇူးပြုဖူးသူတွေ အပေါ်တင်နေတဲ့ အကြွေးလား…….

အဲလို ..........`လား´ ပေါင်းများစွာ စဉ်းစားမိပြန်တယ်...။

တချို့က ဆပ်ခွင့်ရပေမဲ့လည်း မိမိရဲ့ အသိဥာဏ် မမြင်မှု အတွက်၊ မိမိရဲ့ လောဘ အတွက်၊ မိမိရဲ့ မေ့လျော့မှု အတွက်၊ မိမိရဲ့ မိုက်မဲမှု အတွက်၊ သူတပါး လွှမ်းမိုးမှု အောက်မှာ နေရတဲ့ အတွက်၊ မိမိ ကိုယ်တိုင်က မဆပ်နိုင်ပါဘူး…. မလုပ်နိုင်ပါဘူးလို့ ထင်မြင်နေတဲ့ အတွက်၊ လူ့ဘောင် လောကကြီးရဲ့ များမြောင်လှတဲ့ ကိစ္စ အထွေထွေနဲ့ ရင်ဆိုင် နေရတဲ့ အတွက်၊ ကျပ်တည်းလှတဲ့ ဘ၀ပေး အခြေအနေ တခုအောက်မှာ နေရတဲ့ အတွက်၊ အဝေးရောက် နေကြတဲ့ အတွက်၊ နီးနေပေမဲ့လည်း မလိုအပ်ဘူးလို့ ထင်နေတဲ့ အတွက်၊ …………… အတွက်တွေ ကြောင့် ကြွေးဟောင်းဆပ်ခွင့် မရကြပါဘူး။

တချို့ကတော့ ဆပ်ခွင့် ကြုံပေမဲ့၊ ဆပ်ခွင့် ရပေမဲ့ မဆပ်ကြသူတွေပေါ့.....

တချို့ကတော့ ဘယ်လိုမှ ဆပ်ခွင့် မရနိုင်ကြသူတွေပေါ့.....

တချို့အနေနဲ့တော့ ကြွေးဟောင်းဆပ်ခွင့် ဆုံးရှုံး နေကြရတာပါ…။ အဲလို ဆုံးရှုံးနေရတဲ့ သူတွေ အနေနဲ့လည်း တနည်းနည်းနဲ့ ဆပ်ခွင့် ရဖို့ ကြိုးစား ရမှာပါ.။

ကြွေးဟောင်း ဆပ်ခွင့် မရကြသူတွေနဲ့ ကြွေးဟောင်း ဆပ်ခွင့် ရပေမဲ့ မေ့လျော့နေတဲ့ သူတွေ……..အမှောင်လမ်းမှာ လျှောက်လှမ်း နေကြသူတွေကို ကြည့်ပြီးတော့လည်း ဆပ်ခွင့်ရစေဖို့ မျှော်လင့် တောင့်တမိတယ်။

ကြွေးဟောင်းဆပ်ခွင့် ရဖို့ ပုံစံ အမျိုးမျိုးနဲ့ လျှောက်လှမ်းနေတဲ့ သူတွေ ရှိသလို ကြွေးဟောင်းဆပ်ခွင့် ရှိပြီး ကြွေးဟောင်း ဆပ်နေသူတွေရဲ့ ပီတိ ဖြစ်စရာ ခြေလှမ်းတွေကလည်း အတုယူစရာလို့ ထင်မြင်မိတယ်။

ကြွေးဟောင်းဆပ်ခွင့် ကြုံတယ်ဆိုကတည်းက ထူးခြားလှတဲ့ ကုသိုလ် အဖြစ်ကို ရောက်နေပါပြီ။

ကြွေးဟောင်းဆပ်ခွင့် ရကြမယ်ဆိုရင်တော့ ဘယ်လို ပုံစံမျိုးနဲ့မဆို ဆပ်နိုင်ကြပါစေ…။

ကြွေဟောင်းဆပ်ခွင့် ရဖို့ မျှော်လင့်တောင့်တသူ အားလုံးလည်း ဆပ်ခွင့် ရနိုင်ကြပါစေလို့…။

ကြွေးသစ်ပေးနိုင်ခွင့်…..

လူတိုင်းနီးပါးဟာ ကြွေးဟောင်းဆပ်ခွင့် မရနိုင်ကြပေမဲ့.. ကြွေးဟောင်းဆပ်ခွင့် မကြုံနိုင်ပေမဲ့.. ကြွေးဟောင်းဆပ်ဖို့ မေ့လျော့နေပေမဲ့...

ကြွေးသစ်ပေးဖို့.. ကြွေးသစ်ချနိုင်ဖို့တော့ လုပ်ကိုင်နိုင်ကြတဲ့ အလုပ်တခုပါပဲ..။(ဒါကလည်း အများအားဖြင့် သားသမီးအပေါ် မှာဆိုရင် ပိုမှန်ကန်ပါတယ်)

ကြွေးသစ်ဆိုတာ မိမိရဲ့ သားသမီး အပေါ် ချမဲ့ ကြွေးသစ်လား.. အလှူဒါနနဲ့ ပက်သက်ပြီး ချမဲ့ ကြွေးသစ်လား.. မိမိရဲ့ ဆွေမျိုး မိတ်ဆွေ အပေါ် ချမဲ့ ကြွေးသစ်လား.. အကူအညီ လိုအပ်နေတဲ့ ပုဂ္ဂိုလ်တွေ အပေါ် ချမဲ့ ကြွေးသစ်လား.. ဒုက္ခရောက်သူ အပေါ်ကို ချမဲ့ ကြွေးသစ်လား..

ငွေအင်အား၊ လူတယောက်ရဲ့ မေတ္တာတရားကို အခြေခံလို့ စိတ်ဓါတ် ခွန်အားနဲ့ ဘယ်အရာ. ဘယ်အလုပ်. ဘယ်နေရာ. ဘယ်အခြေအနေမျိုး. မှာမဆို ကိုယ်ရော စိတ်ပါ ထက်ထက်သန်သန် နဲ့ ကူညီနိုင်တာလည်း ကြွေးသစ် ချခြင်း တမျိုးပဲ မဟုတ်ပါလား..။

မိမိကိုယ်တိုင် မမြင်မိပေမဲ့ မိမိရဲ့ လုပ်ရပ် တခုဟာ သူတပါးရဲ့ လိုအပ်မှု တခုကို ဖြည့်ဆည်းပေးလိုက် ရတာကိုက ကြွေးသစ်ချတာပဲလေ…။

မိမိ ကိုယ်တိုင်ရော ကြွေးဟောင်းဆပ်ခွင့် ရပြီး ကြွေးသစ် ချဖို့ မေတ္တာတွေ.၊ စိတ်ဓါတ် ခွန်အားတွေ ဘယ်လောက်များ ရရှိထားပြီလဲ... ရလာတဲ့ မေတ္တာ ခွန်အားကိုလည်း လက်တွေ့အသုံးချလို့ ရနေပါပြီလား....

ကြွေးဟောင်းကိုပဲ ရိတ်သိမ်းကြပြီး ကြွေးသစ် မျိုးစေ့မချ နိုင်သူတွေ အတွက် မျိုးစေ့ကျဲဖို့ တိုက်တွန်း ဆန္ဒပြုရင်း…

(ယနေ့ ကဆုန်လပြည့် `ဗုဒ္ဓနေ့´ အတွက် ရည်စူးပြီး ရင်ထဲ တနေရာမှာ ခိုအောင်းသွားနိုင်ဖို့ အတွက် မျှော်လင့်ရင်း..)

Friday, April 9, 2010

မျက်နှာဖုံးများနဲ့ကကွက်



မျက်နှာဖုံး………!!!


လူတိုင်း လူတိုင်းမှာ မျက်နှာဖုံး ကိုယ်စီ ရှိကြပြီး အဲဒီ မျက်နှာဖုံး ကိုယ်စီနဲ့ပဲ ကခုန်နေကြ ရတာပါ။ မျက်နှာဖုံး ကလည်း အမျိုးမျိုး ရှိကြလေတော့…… လူတဦးနဲ့ တဦးရဲ့ မျက်နှာဖုံး တွေလည်း တူနိုင်မယ် မထင်ပါဘူး။

တချို့က မင်းသား မျက်နှာဖုံး၊ တချို့က လူကြမ်း မျက်နှာဖုံး၊ တချို့က အပြုံး မျက်နှာဖုံး၊ တချို့က လူချမ်းသာ မျက်နှာဖုံး၊ တချို့က လူဆင်းရဲ မျက်နှာဖုံး၊ တချို့က ဘီလူး မျက်နှာဖုံး၊ တချို့က ဟန်ဆောင် မျက်နှာဖုံး၊ တချို့က အရူး မျက်နှာဖုံး၊ တချို့က အာဏာရ မျက်နှာဖုံး၊ တချို့က ပညာတတ် မျက်နှာဖုံး၊ တချို့က ပညာမဲ့ မျက်နှာဖုံး၊ တချို့က ရိုးသားတဲ့ မျက်နှာဖုံး၊ တချို့က လိမ်ညာတဲ့ မျက်နှာဖုံး၊ တချို့က အပြစ်ကင်းစင်တဲ့ မျက်နှာဖုံး၊ တချို့က အထင်ကြီးနေတဲ့ မျက်နှာဖုံး၊ တချို့က အားငယ်တဲ့ မျက်နှာဖုံး၊ တချို့က မျက်ရည်တွေ လွှမ်းမိုးနေတဲ့ မျက်နှာဖုံး၊ တချို့က ဒေါသတွေနဲ့ မျက်နှာဖုံး………။

များလွန်းလှတဲ့ မျက်နှာဖုံးတွေထဲမှာ ကိုယ်လည်း ဘယ်လို မျက်နှာဖုံးနဲ့ ပါလိမ့်……။

တချို့ကလည်း နေရာ ဒေသ ကိုလိုက်ပြီး မျက်နှာဖုံး အမျိုးမျိုးကို တပ်လို့ ကခုန်နေကြတယ်။ တချို့ကလည်း နေရာ ဒေသ ပြောင်းသွားပေမဲ့ မျက်နှာဖုံး တမျိုးထဲကိုပဲ တပ်ပြီး ကကွက်မျိုးစုံနဲ့ ကကြပြန်တယ်။ တချို့ကလည်း အချိန်ကာလ ကိုလိုက်ပြီး မျက်နှာဖုံး ပြောင်းသွားကြတယ်..။ ဘယ်လိုပဲ မျက်နှာဖုံး ပြောင်းလဲ သွားပါစေ…. အရေးကြီးတာကတော့ မိမိရဲ့ စိတ်နဲ့ တထပ်တည်း ကျနိုင်တဲ့ မျက်နှာဖုံး ဖြစ်ဖို့ လိုပါတယ်။ မိမိရဲ့ စိတ်မပါပဲ သူတပါးရဲ့ လွှမ်းမိုးမှုကြောင့်ပဲ ဖြစ်ဖြစ်၊ သူတပါးရဲ့ ထိန်းချုပ်မှုကြောင့်ပဲ ဖြစ်ဖြစ်၊ ကြောက်စိတ်ကြောင့်ပဲ ဖြစ်ဖြစ်၊ ငွေအင်အားရဲ့ မလွန်ဆန်နိုင်မှုကြောင့်ပဲ ဖြစ်ဖြစ်၊ အတ္တကို ရှေ့တန်းတင်တာကြောင့်ပဲ ဖြစ်ဖြစ်… ဟန်ဆောင် မျက်နှာဖုံး ကိုတပ်ရင် မလှမပနဲ့ အကျည်းတန် မျက်နှာဖုံး ဖြစ်သွားမှာပါ။

မိမိရဲ့ စိတ်နဲ့ ညီမျှနိုင်မဲ့ မျက်နှာဖုံးကို ကိုယ်တိုင် ရွေးချယ်လို့ လှပသေချာ သပ်ရပ်တဲ့ မျက်နှာဖုံး တပ်ဖို့ပါပဲလေ။ တပ်နိုင်ဖို့ စိတ်လည်း ရှိရမှာပါ။ သူတပါး တပ်ခိုင်းတဲ့ မျက်နှာဖုံး ကို မတပ်ဖို့တော့ ကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်း ရှိရမယ်…။

မိမိ ကိုယ်ပိုင် မျက်နှာဖုံး ကို ယုံယုံကြည်ကြည်နဲ့ တပ်ဖို့ လိုအပ်ပါတယ်.။

နေရာ ဒေသ ကိုလိုက်ပြီး မျက်နှာဖုံး ပြောင်းတပ်မယ် ဆိုရင်လည်း မိမိ ကိုယ်တိုင် လှပတဲ့ မျက်နှာဖုံး ဖြစ်ဖို့ကို သေချာ ရွေးချယ်နိုင်ပြီး အများရဲ့ ရှုံ့ချ ကဲ့ရဲ့မှုက လွတ်မှသာ သန့်ရှင်း စင်ကြယ်တဲ့ မျက်နှာဖုံးနဲ့ လူအဖြစ်နဲ့ ရပ်တည်နိုင်ပြီး လှပတဲ့ မျက်နှာဖုံး လူသား ဖြစ်သွားမှာပါ…။

မြို့မျက်နှာဖုံး………

မြို့မျက်နှာဖုံး ဆိုတာလည်း ရှိသေးတာပဲလေ။ မြို့ရဲ့ လူချမ်းသာ အထင်ကရ ပုဂ္ဂိုလ်မျိုး…၊ ဘာဖြစ်လို့များ မြို့မျက်နှာဖုံး လို့ ခေါ်ကြတာလဲ…၊ ဓန အင်အား ချမ်းသာတာ ဖြစ်ချင် ဖြစ်နိုင်မယ်၊ အာဏာ ရှိတာ ဖြစ်ချင် ဖြစ်နိုင်မယ်၊ လူချစ်လူခင် များပြီး အများအကျိုး ကူညီ ဆောင်ရွက် ပေးနိုင်တာ ဖြစ်ချင် ဖြစ်နိုင်မယ်၊ ဓန အင်အားလည်း ချမ်းသာပြီး အများအကျိုး ကူညီပေးနိုင်လို့ ကိုယ်ချင်းစာတရား ရှိတဲ့သူ တယောက် ဖြစ်ချင် ဖြစ်နိုင်မယ်၊ စိတ်ကောင်း နှလုံးကောင်းရှိတဲ့ သူတယောက် ဖြစ်ချင် ဖြစ်နိုင်မယ်………..။

မြို့မျက်နှာဖုံး ဆိုပေမဲ့လည်း လူထုအများရဲ့ ချစ်ခင်မှုကို ပိုင်ဆိုင်ထားနိုင်တဲ့ သူလား…. ဒါမှမဟုတ် အများရဲ့ ရွံရှာ မုန်းတီးမှုကို ပိုင်ဆိုင် ထားတဲ့ သူလား…….။ အများက မလွှဲသာ မရှောင်သာ ချစ်ခင်ချင်ယောင် ဆောင် နေကြရတဲ့ သူလား……။

တချို့ကလည်း အသိအမြင်တွေ ရပြီး ဟန်ဆောင် မျက်နှာဖုံး တွေကို ခွါချလို့ မိမိနဲ့ သက်ဆိုင်တဲ့ မျက်နှာဖုံးကို တပ်ပြီး ပျော်မြူးလို့………!

တချို့ကလည်း အသက်အရွယ် ကြီးလာပေမဲ့ ဟန်ဆောင် မျက်နှာဖုံးတွေ၊ တန်ဖိုးမရှိတဲ့ မျက်နှာဖုံးတွေကို တပ်လို့ မိမိရဲ့ အတ္တ ထဲမှာ နောင်တမရ ပျော်မြူး နှစ်ခြိုက် နေဆဲပဲ…….!

တချို့ကလည်း အသက်အရွယ် ငယ်ပေမဲ့ မိမိရဲ့ ကိုယ်ပိုင် မျက်နှာဖုံးနဲ့ မိမိရဲ့ စိတ်နဲ့ထပ်တူကျတဲ့ အများအတွက် တန်ဖိုး ရှိနိုင်မဲ့ မျက်နှာဖုံး တွေ တပ်ပြီး ဘ၀ရဲ့ ကြီးမြတ်မှုကို ခံယူနေလို့………..!

တချို့ကလည်း ပညာတတ်ပေမဲ့ သူတပါးရဲ့ ထိန်းချုပ်မှု အောက်က မလွတ်မြောက်နိုင်ပဲ တပါးသူရဲ့ မျက်နှာဖုံးနဲ့ ကပြ အသုံးတော် ခံလို့………..!


တချို့ကလည်း အခြေအနေ တခုကြောင့် အတတ်ပညာ မရှိပေမဲ့ အသိပညာ ကြွယ်ဝပြီး လူသားတွေ အတွက် အကျိုး ရှိမဲ့ မျက်နှာဖုံး ကိုတပ်လို့ ကြည်နူး ရွှင်လန်း နှစ်ခြိုက်ပြီး လောက လမ်းကြောင်းကြီးပေါ်မှာ အကျိုးရှိရှိ လျှောက်လှမ်းလို့...........!

လူသား အားလုံးလည်း ကိုယ်စီ ကိုယ်စီ လှပ သပ်ရပ် သန့်ရှင်း စင်ကြယ်တဲ့ မျက်နှာဖုံးတွေ နဲ့သာ အလှဆင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း......။

Thursday, March 25, 2010

မှန်မှန်ကန်ကန် ကွက်လပ်ဖြည့်တတ်ပါစေ..

ကျောင်းသားဘ၀…..

ကျောင်းတက်စဉ်က… တောက်လျှောက် သင်ခဲ့ရတဲ့ စာတွေထဲမှာ `လိုအပ်သော နေရာတွင် ကွက်လပ်ဖြည့်ပါ´ ဆိုတဲ့ မေးခွန်း ကို သတိရပြီး အတွေး တခု ၀င်လာခဲ့တယ်။

`ကွက်လပ်ဖြည့်ပါ´ ဆိုတာ စာကြောင်းတကြောင်းမှာ အဓိပ္ပါယ် ပြည့်စုံဖို့ အတွက် လိုအပ်တဲ့ နေရာ ကွက်လပ်မှာ လိုအပ်တဲ့ အကြောင်းအရာ၊ စကားစုလေး ကို မှန်မှန်ကန်ကန် ဖြည့်ပေးခြင်းပါပဲ။ ဒါမှ အဓိပ္ပါယ် ရှိတဲ့ စာကြောင်းတကြောင်း၊ မှန်ကန်တဲ့ စာကြောင်း တကြောင်း ဖြစ်လာမှာပေါ့.။

မှန်မှန်ကန်ကန် နဲ့ လိုအပ်တဲ့ နေရာကို ဖြည့်ပေးဖို့က အရေးကြီးပါတယ်။ မလိုအပ်တဲ့ နေရာမှာ ဖြည့်ပေးလို့ မရသလို၊ လိုအပ်နေတဲ့ နေရာမှာ ဖြည့်ရင်လည်း မှန်မှန်ကန်ကန် ဖြည့်ပေးဖို့ လိုပါတယ်။ တချို့ကလည်း လိုအပ်တဲ့ နေရာမှာ ကိုပဲ မှားယွင်းစွာ ဖြည့်နေတတ်ကြသေးတယ်။ အဓိကက လိုအပ်တဲ့ နေရာ ကွက်လပ်မှာ လိုအပ်နေတာကို မှန်မှန်ကန်ကန် နဲ့ ဖြည့်တတ်ဖို့ပဲလေ..။

ဒီလိုပါပဲ……. လူ့ဘ၀ကြီးမှာလည်း လိုအပ်နေတဲ့ ကွက်လပ်တွေ အများကြီး ရှိပါလိမ့်မယ်။ အဲလို လိုအပ်နေတဲ့ ကွက်လပ်တွေမှာ....၊ လိုအပ်နေတဲ့ နေရာတွေမှာ…. အဓိပ္ပါယ် ရှိတဲ့ အပြုအမူတွေ၊ မှန်ကန်တဲ့ အတွေးအခေါ်တွေ၊ အမှန်တကယ် လိုအပ်နေတဲ့ ရုပ်ဝတ္တု ပစ္စည်းတွေ၊ မှန်ကန်တဲ့ စိတ်ဓါတ် ခွန်အားတွေ၊ မှန်ကန်တဲ့ အကူအညီတွေ၊ မှန်ကန်တဲ့ ကူညီစောင့်ရှောက်မှုတွေ၊ မှန်ကန်တဲ့ ပြုစု စောင့်ရှောက်မှုတွေ၊ မှန်ကန်တဲ့ သင်ကြားမှုတွေ၊ မှန်ကန်တဲ့ ပြောဆိုမှုတွေ၊ မှန်ကန်တဲ့ စိတ်ထားတွေ၊ မှန်ကန်တဲ့ အပြောအဆိုတွေ…၊ `မှန်ကန်တဲ့ …………. တွေ´ ကို လိုအပ်နေတဲ့ နေရာ၊ ကွက်လပ်တွေမှာ လိုအပ်နေတဲ့ နေရာအလိုက် ကွက်လပ်ဖြည့်ပေး တတ်ကြဖို့ အရေးကြီးဆုံးပါပဲ..။

ဒါမှလည်း မှန်ကန်တဲ့ အဓိပ္ပါယ် ပြည့်ဝတဲ့ စာကြောင်းလိုမျိုး အဓိပ္ပါယ် ရှိတဲ့ ဘ၀ စာကြောင်းကြီး ဖြစ်လာမှာပါ..။

လိုအပ်တဲ့ နေရာမှာ မှန်မှန်ကန်ကန် မဖြည့်ဆည်းပဲ မလိုအပ်တဲ့ နေရာမှာ ဖြည့်ခဲ့မယ်ဆိုရင်လည်း အဓိပ္ပါယ် ပြည့်ဝတဲ့ စာကြောင်း၊ အဓိပ္ပါယ် ပြည့်ဝတဲ့ ဘ၀တွေ ဖြစ်လာမှာ မဟုတ်တော့ပါဘူး။

တချို့ ကိစ္စတွေမှာ မလိုအပ်တဲ့ ကွက်လပ် နေရာမှာ ဖြည့်နေကြပြီး လိုအပ်နေတဲ့ ကွက်လပ် နေရာမှာ မဖြည့်ကြတဲ့ အတွက် လွဲချော်မှုတွေ၊ တိမ်းစောင်းမှုတွေ၊ တဦးနဲ့ တဦး နားလည်မှု လွဲတာတွေ၊ မဖြစ်သင့်တာ ဖြစ်ကြရတာတွေ၊ ဆုံးရှုံးမှုတွေ၊ နစ်နာမှုတွေ၊ တဦးနဲ့ တဦး သံသယ ဖြစ်မှုတွေ၊ ယုံကြည်မှု ကင်းမဲ့သွားတာတွေ၊ ခင်မင်မှု ပျက်စီးသွားတာတွေ၊ ဖြစ်သွားကြလိမ့်မယ်….။

လိုအပ်နေတဲ့ ကွက်လပ် နေရာမှာ မှားပြီး ဖြည့်ခဲ့ရင် စာကြောင်းတကြောင်းလုံး မှားသွားလိမ့်မယ်…။ အဲလိုပဲ ဘ၀ကြီးမှာလည်း လိုအပ်နေတဲ့ ကွက်လပ် နေရာမှာ မှားပြီး ဖြည့်ခဲ့ကြရင်….. ဘ၀ စာကြောင်း တကြောင်း မှားရာကနေ ဘ၀ စာမျက်နှာ တခုလုံး မှားသွားနိုင်တယ်လေ…။ မှားတာကို အချိန်မီ သိခဲ့ရင်တော့ ပြန်ပြင်လို့ ရကောင်းရနိုင်ပါတယ်…။ ဒါပေမဲ့ ဖျက်ရာလေးတော့ ကျန်ရင် ကျန်ခဲ့နိုင်တာပေါ့…။

တချို့ကလည်း လက်တွေ့ လုပ်ဆောင်မှု တွေနဲ့ ကွက်လပ် တွေကို ဖြည့်နေကြတယ်။ တချို့ ကလည်း သွယ်ဝိုက်တဲ့ လုပ်ဆောင်ချက် တွေနဲ့ ကွက်လပ် တွေကို ဖြည့်နေကြရတယ်။ တချို့ ကလည်း အပြောအဆို၊ အပြုအမူ၊ စိတ်ကူး စိတ်သန်း၊ တွေနဲ့ ကွက်လပ် တွေကို ဖြည့်နေကြတယ်။

လိုအပ်တဲ့ နေရာမှာ အမျိုးမျိုးသော ပုံစံနဲ့ ကွက်လပ် ဖြည့်ပေး နေကြတဲ့ သူတွေအားလုံးကို လေးစား အတုယူလျက်.....

လိုအပ်တဲ့ ကွက်လပ် နေရာမှာ လိုအပ်တဲ့ အရာကို မှန်မှန်ကန်ကန် ဖြည့်ပေးနိုင်ကြပါစေလို့ ဆန္ဒပြုရင်း…..

Monday, March 15, 2010

အရှုံး၏ ဖြစ်တည်မှု

လောကကြီးမှာ အရှုံးဆိုတာကို ကြောက်ကြတဲ့သူ၊ မတွေ့ချင်တဲ့သူ၊ ရင်မဆိုင်ချင်တဲ့သူ၊ မလိုချင်တဲ့သူ၊ လက်မခံချင်တဲ့သူ ..!!!!! အရှုံးထဲက ရုန်းထွက်ခဲ့တဲ့သူ….! တွေ…ပါပဲ..။

အရှုံးကို လူသားတိုင်း မတောင့်တကြ…။

မတောင့်တပေမဲ့လည်း မိမိရဲ့ သဘောသဘာဝအရ ကြောင့်ပဲဖြစ်ဖြစ်၊ တပါးသူရဲ့ ပယောဂ ကြောင့်ပဲဖြစ်ဖြစ် အရှုံးဆိုတာ ဖြစ်ပေါ်တတ်လေတော့ လူသားတွေ အတွက် လက်ခံရ ခက်ခဲတဲ့ အရာတခု ဖြစ်ခဲ့ပေါ့….။

အရှုံးဆိုတာမှာလည်း အမျိုးမျိုး ရှိကြတာပဲကိုး…။ ကိုယ့်ပညတ်ချက်နဲ့ကိုယ် အဓိပ္ပါယ်ဖွင့်၊ ခေါင်းစဉ်တွေ ဖွင့်လို့ မတူညီတဲ့ ခေါင်းစဉ်တခုအောက်မှာ ရှုံးခြင်း၊ နိုင်ခြင်း ဆိုတာ ကွဲလွဲကြလေတော့ ပုံသဏ္ဍန်လည်း မတူညီ…၊ ခံစားချက်လည်း မတူညီ…၊ အတိုင်းအဆလည်း မတူညီ…၊ အဖြစ်အပျက်ခြင်း မတူညီ…၊ ပြင်းထန်ပုံခြင်းလည်း မတူညီ..၊ လက်ခံပုံခြင်းလည်း မတူညီ နိုင်ကြ…..

ဆိုတော့…..

ပြန်လို့ ကြိုးစားတည်ဆောက် ကြတာမှာလည်း မတူညီနိုင်ဘူးလေ..။

အရေးကြီးတာကတော့ ရှုံးပြီးတဲ့သူဟာ ပြန်လို့ တည့်မတ်နိုင်အောင် ကြိုးစားကြရမှာပေါ့။ ဘ၀မှာ လဲကျဖူးတဲ့သူ၊ ကျရှုံးဖူးတဲ့သူတော့ ရှိကြမှာပါ။ ဒါပေမဲ့ ကျရှုံးပြီးရင်..၊ လဲကျပြီးရင်သာ ပြန်ထူနိုင်အောင်..၊ ပြန်အောင်မြင်နိုင်အောင် ကြိုးစားရမှာပါ။


ကျမ အပါအ၀င် အရှုံးကို မလိုချင်တဲ့ သူတွေဟာ အမြဲ မဟုတ်ခဲ့တာတောင် တခါတော့ အရှုံးနဲ့ ကြုံဖူးခဲ့ကြမှာပါလေ….။ ကြုံလာခဲ့ရတဲ့ အရှုံးကို ဘာကြောင့်ဆိုတာ ဝေခွဲပိုင်းခြားပြီး အသင့်တော်ဆုံး နဲ့ အောင်မြင်အောင် လုပ်ဖို့ပါပဲ..။

တခါတရံတော့လည်း ကိုယ်ကိုယ်တိုင် အရှုံးလို့ ထင်တာတွေဟာ တကယ်တော့ မရှုံးဘူးဆိုတာ တွေ့မြင်ချင်မှ တွေ့နိုင်မှာပါ။ ကိုယ်ကိုယ်တိုင် အောင်မြင်နေပါတယ်..၊ အရှုံးမဟုတ်ပါဘူး… နိုင်နေပါတယ်လို့ ထင်နေတာတွေက ရှုံးနေတာ ဖြစ်ချင်ဖြစ်နေလိမ့်မယ်…။

ဒါပေမဲ့လည်း ကိုယ်အနိုင်ရချင်တဲ့ ကိစ္စတရပ်ဟာ တခြား လူတယောက်မှာ အရှုံးဖြစ်ချင်ဖြစ် သွားလိမ့်မယ်။ အဓိက အရေးကြီးတာက ကိုယ့်ကြောင့်…၊ ကိုယ့်ရဲ့လုပ်ရပ်ကြောင့်…၊ ကိုယ့်ရဲ့ အပြုအမူကြောင့်…၊ ကိုယ့်ခံစားချက် အတွက်ကြောင့်…၊ ကိုယ်လိုချင်တာ တခု အတွက်ကြောင့်…၊ ကိုယ့်ရဲ့ လောဘကြောင့်…၊ ကိုယ့်ရဲ့ မလိုလားအပ်တဲ့ ဒေါသကြောင့်…၊ တခြား သူတယောက် မရှုံးသွားဖို့ပဲ လိုမယ်လေ..။

လူတယောက်ဟာ အမြဲတမ်း ကျရှုံးတဲ့သူတယောက် ဖြစ်နေမှာ မဟုတ်ပါဘူး။ အဲဒီ အရှုံးဆိုတဲ့ အရာတွေထဲကပဲ အကောင်းဆုံး ဖြစ်နိုင်တာတွေ… ရှာတွေ့နိုင်မှာပါ။ အရှုံးထဲကပဲ အရှုံးကို ခွန်အားအဖြစ် မွေးမြူပြီးတော့ ဆက်လက် ရှင်သန်နိုင်အောင် ကြိုးစားရမှာပေါ့.။

အရှုံးကို ပြန်လို့ကုစားတဲ့ အခါမှာ တယောက်နဲ့တယောက်လည်း မတူနိုင်ဘူးလေ။

တချို့က အရှုံးကို လွယ်လွယ်နဲ့ ကုစားလို့ ရနိုင်ပေမဲ့ တချို့အတွက်တော့ လွယ်လွယ်နဲ့ ကုစားဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်…။

ဘ၀ဆိုတဲ့ လောက လမ်းကြောင်းကြီးပေါ်မှာ ကိုယ်တယောက်တည်းသာ မဟုတ်ပါပဲ အရှုံး ဆိုတာ လူတိုင်း တွေ့ကြုံ နိုင်တဲ့ အစက်လေး တစက် ဖြစ်ပါတယ်လို့ ယုံကြည်လိုက်ရင် အရာအားလုံးကို ရင်ဆိုင် ဖြေရှင်းဖို့.. ခွန်အားသစ်တွေ မွေးဖွားဖို့… ကျော်လွှားသွားနိုင်ဖို့… ပြန်လည် ပြုပြင်ဖို့… ပြောင်းလဲပစ်ဖို့… ဆိုတဲ့ အင်အားသစ်တွေ ရဖို့ လွယ်ကူ သွားမှာပါ..။

ရုပ်ဝတ္ထုပစ္စည်းပဲ ဖြစ်ဖြစ်၊ စိတ်နဲ့ ဆိုင်တာပဲ ဖြစ်ဖြစ်၊ ဘယ်လိုမျိုး ဖြစ်ဖြစ် ရှုံးခြင်း၊ နိုင်ခြင်း ဆိုတာ အဓိက မကျစေပဲ ကိုယ်ပြုသမျှ ကိစ္စ ကိုယ်ပဲ ခံစားရတာမို့ သတိလေးနဲ့ ကပ်ပြီး စဉ်းစားချင့်ချိန်တာ အကောင်းဆုံး ဖြစ်မှာပါ..။

အဓိကက ရှုံးပြီးရင်း မရှုံးဖို့ပါပဲလေ……..!!!!!