အမှိုက်………..!
အလွန်ရှုပ်ထွေးပြီး ပစ္စည်းမျိုးစုံ စွန့်ပစ်ထားတဲ့ အနံ့အသက် ဆိုးဆိုးရွားရွား အမှိုက်ပုံတပုံကို ပုံဖေါ်ကြည့်မိတဲ့ ကျမတယောက် သက်ပြင်းအခါခါ ချမိ၏။
ဘာကြောင့်ပါလိမ့်…!
နံလည်းနံ… စွန့်ပစ်ပစ္စည်း မျိုးစုံ စွန့်လွှတ် ပစ်ထုတ်ထားသော အမှိုက်ပုံကြီးက ဘယ်လို ကောင်းကျိုးပြုနိုင်မှာတဲ့လဲ..။
စွန့်ပစ် ပစ္စည်းမျိုးစုံ ကနေ အသုံးဝင်မယ့် ပစ္စည်း တခုခုကို တဖန် ပြန်လို့ ထုတ်လုပ် နိုင်သေးတာပဲလေ..။ အမှိုက်ထဲကနေ တန်ဖိုးရှိတဲ့ အရာတခုခုကို ပြန်ရရှိနိုင်တာပေါ့..။
တယောက်နဲ့ တယောက်ရဲ့ အယူအဆ..၊ ခံယူချက်…၊ ထင်မြင်လွဲမှားမှု…၊ ကြွယ်ဝမှု..၊ အသုံးပြုတတ်မှုတွေ…ကြောင့် တန်ဖိုး တက်သွားနိုင်သလို တန်ဖိုးကျအောင်လည်း လုပ်နိုင်တာပဲ..လို့ တွေးမိပြန်တယ်.။ အသုံးပြုတတ်တဲ့သူ တချို့ကြောင့် အမှိုက်တွေထဲကနေ တန်ဖိုးရှိ ပစ္စည်းများကို ပြန်ပြီး ထုတ်လုပ်နိုင်သလို အသုံးမပြုတတ်တဲ့သူ.. အသုံးမချတတ်တဲ့သူ.. အသုံးပြုဖို့ မသက်ဆိုင်သူ… တွေကြောင့်လည်း တန်ဖိုးမရှိပဲ စွန့်ပစ် ပစ္စညှ်း ဖြစ်သွားရပြန်ပေါ့..။
ကျမလေ.. တစုံတယောက်အတွက်… တစုံတခုအတွက်.. တစုံတခုသော ကောင်းကျိုးအတွက် တော့ အမှိုက်တခု ဖြစ်မှာ စိုးရွံ့မိပါတယ်……..။ ၄င်းတို့အတွက် တန်ဖိုးရှိမယ့် အမှိုက်မဟုတ်ပဲ တန်ဖိုးမရှိမယ့် အမှိုက်တခု ဖြစ်မှာကိုပေါ့..။ ကျမကိုယ်တိုင် မသိလိုက်တဲ့ တန်ဖိုးမရှိမယ့် အမှိုက်တခု ဖြစ်ခဲ့မယ် ဆိုရင် ကျမ အလွန့်ကို ၀မ်းနည်း ရပါလိမ့်မယ်..။ ကျမကိုယ်တိုင် သတိမမူလိုက်မိတဲ့ အချိန်ကာလလေးတခုမှာ.. အခြေအနေလေးတခုမှာ.. တန်ဖိုးမရှိမယ့် အမှိုက်တခုအဖြစ် ထင်ဟပ် စေခဲ့မယ်ဆိုရင်ပေါ့..။
ကျမ လုပ်လိုက်တဲ့အလုပ်တခု… ပြုမူလိုက်တဲ့ အပြုအမူလေးတခု.. ပြောလိုက်မိတဲ့ စကားလေးတခု… ကနေ စိတ်ထဲကို စိတ်အမှိုက်တခု အဖြစ် ၀င်ရောက် သွားခဲ့ရပြီလား…။
စိတ်အမှိုက် တခုတဲ့…!!!
ကိုင်တွယ် လို့ရနိုင်တဲ့ စွန့်ပစ်ပစ္စည်း အမှိုက်ထက် စိတ်ထဲကို ရောက်သွားခဲ့ရတဲ့ စိတ်အမှိုက် တခုဖြစ်အောင် လုပ်လိုက်မိလေပြီလား…။ စိတ်ထဲကို ရောက်သွားမယ့် အမှိုက်က လူတယောက်ကို ပိုပြီး ဆိုးရွားတဲ့ အနံ့အသက်တွေနဲ့ အမှိုက်တွေ ဖြစ်သွားခဲ့ပြီလား.။ စိတ်ထဲက အမှိုက်ကိုလည်း တဖန်ပြန်ပြီး ရီဆိုက်ကယ်လ် လုပ်လို့ တန်ဖိုးရှိမယ့် စိတ်အသစ်တခုကို တဖန်ပြန်ရနိုင်ပါ့မလား..
တွေးရင်း ကျမ စိုးရိမ်လိုက်တာ.......!!!!!
ရနိုင်ခဲ့ရင်တောင် အသုံးပြုတတ်သူ.. အသုံးပြုဖို့ လက်မတွန့်သူ… အသုံးပြုဖို့ ၀န်မလေးသူ.. အသုံးပြန်ပြုချင်သူ… အသုံးပြုဖို့ စိတ်ဓါတ်ခိုင်မာသူ.. တွေပဲ လုပ်လို့ရနိုင်မှာတဲ့လား..။
တကယ်လို့ စိတ်ထဲ ရောက်လာခဲ့တဲ့ စိတ်အမှိုက်တခုကို ကြာရှည် မထားပဲ ရီဆိုက်ကယ်လ် လုပ်ဖို့အတွက် စိတ်ခွန်အားတွေ… ပံ့ပိုးမှုတွေ… ပညာတန်ခိုးရှိမှုတွေ… အသိဥာဏ်ပညာတွေ… အသုံးပြုတတ်မှုတွေ… အသုံးပြန်ပြုချင်မှုတွေ… နဲ့ ပြန်ပြုပြင်လို့ စိတ်အမှိုက် သရိုက်တွေကို ပြန်လည် သန့်စင်နိုင်အောင် လုပ်နိုင်မှ တန်ဖိုးရှိလာမယ့် သန့်ရှင်းတဲ့ စိတ်တခု ပြန်ဖြစ်လာနိုင်မှာပေါ့.။ စိတ်ထဲက အမှိုက်တွေကို ရီဆိုက်ကယ်လ် လုပ်လို့ ရနိုင်တာတွေ ရှိသလို မရနိုင်တဲ့ အမှိုက်တွေ ပါခဲ့မယ်ဆိုရင် အညစ်အကြေး တချို့ကို ဘယ်လို အရာများနဲ့ ဆေးကြော သန့်စင်နိုင်မှာလဲ..။
စိတ်ထဲက အမှိုက်တွေကို သန့်ရှင်းစင်ကြယ်တဲ့ စိတ်အခြေခံလေးနဲ့ပဲ ဆေးကြောရနိုင်ရမှာပေါ့..။ တစုံတရာအမှိုက်နဲ့ ကင်းဝေးတဲ့ သူတယောက်ကတော့ အနံ့အသက်ကောင်းမွန်ပြီး ကြည်လင်သန့်စင်တဲ့ စိတ်အစုံနဲ့ အရာရာကို အောင်မြင်ကျော်လွှားပြီး မိမိရပ်တည်နေရတဲ့ ၀န်းကျင်လေး တခုမှာ သန့်သန့်ရှင်းရှင်း စိတ်အေးသက်သာစွာနဲ့ ပျော်ရွှင်စွာ အကျိုးပြုနိုင်မှာ ဖြစ်သလို… တပါးသူအပေါ်မှာလည်း အနံ့အသက် ကောင်းမွန်စွာနဲ့ သန့်ရှင်းလှပစွာ တုံ့ပြန်အလှဆင်နိုင်မှာပါ..။
အမှိုက် ဖြစ်ခဲ့မယ် ဆိုရင်တောင် တန်ဖိုးရှိမယ့် အမှိုက်တခု ဖြစ်ပါရစေ…………..!!!