Showing posts with label ရောက်တတ်ရာရာ. Show all posts
Showing posts with label ရောက်တတ်ရာရာ. Show all posts

Tuesday, October 19, 2010

လက်ကနဲပေမဲ့

တကိုယ်တည်း တီးတိုးရေရွတ်သံ မှတပါး ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်လာတဲ့ လေတိုးသံကိုတောင် မကြားနိုင် လောက်အောင် သစ်ရွက်လေး ကြွေကျတာတောင်မှ မတွေ့မြင်နိုင် လောက်အောင်……… သက်ပြင်းရှည်ကြီးကို အခါခါချလို့ လှိုက်ဖိုမောဟိုက် နေတဲ့ ကျမတယောက်က လွဲလို့….

အနီးဝန်းကျင်မှာ ဘာဆိုဘာမှ မမြင်နိုင် လောက်အောင် ပိတ်မှောင် နေတာလား.. ဒါမှမဟုတ် အလင်းရောင် ကင်းမဲ့ သွားလောက်အောင်… အသိ စွမ်းအင်တွေ အားနည်း သွားလောက်အောင်… မျက်လုံး စွမ်းအင်ကပဲေ၀၀ါး သွားခဲ့လေပြီလား… ဒါမှမဟုတ် အသိ စွမ်းအင်တွေ လျော့ကျ သွားခဲ့ပြီလား…..။

အို…. မျက်လုံး အနီးတ၀ိုက်က တဆစ်ဆစ် နာကျင်နေပါလား….!

မျက်လုံးနား တ၀ိုက်က နာကျင်နေတာထက် ရင်ထဲမှာ မနာကျင်ဖို့… ဦးနှောက်ထဲက အသိ စွမ်းအင်တွေ မပျောက်သွားဖို့.. ဘယ်လိုသတ္တိတွေ.. အင်အားတွေ.. စိတ်ခွန်အား တွေနဲ့ ယှဉ်ပြိုင် နေရအုံးမှာပါလဲ…!

ဟင့်အင်း….ကျမရဲ့ အကြည့်တွေ အားလုံးကတော့ မှောင်အတိ ကျနေပြီ… ဘာကြောင့်လဲ… ဘာကြောင့်များပါလဲ…

အသိလေး တချက် ၀င်လာတဲ့ အခိုက်အတန့် ယောင်ရမ်းလို့ မျက်လုံးလေးကို ကိုင်ကြည့်လိုက်တဲ့ အခါမှာ ဘယ်လို အရာနဲ့များ ဖုံးအုပ် ထားခဲ့တာပါလိမ့်…..

အို…….. မဖြစ်နိုင်ပါဘူးးးးးးးးးးးးး

အမှောင်ထုကြီးက လွှမ်းမိုးထားပါလား……..

အမှောင်ထု ထဲမှာ စမ်းတ၀ါးဝါးနဲ့ လှမ်းလျှောက် လာရင်း ဘယ်ကို သွားနေတာပါလိမ့်.. ဘယ်ကိုဦးတည်ပြီး ရွေ့လျားနေတာ ပါလိမ့်.. ဘာကိုလိုချင်လို့ သွားနေတာ ပါလိမ့်လို့... ပြန်စဉ်းစားရင်း… ရုတ်တရက် အလင်းရောင်လေး တချက် လက်ကနဲ တွေ့လိုက်ရတယ်..!!!

အလင်းရောင်လေး နောက်ကို တကောက်ကောက် လိုက်ကြည့်ရင်း မသေချာ မရေရာတဲ့ မှုန်ဝါးေ၀၀ါး နေတဲ့ အရာလေး တခုနောက်ကို လိုက်နေမိသလိုများလား..။

သေချာ ကြည့်တော့မှ သိပ်ကို ကြည်လင် ၀င်းပတဲ့ လင်းရောင်တန်းလေး တခုပါလား…….။

ကြည်လင်ဝင်းပတဲ့ လင်းရောင်တန်းလေးရဲ့ နောက်မှာ ကပ်ပါသွားတဲ့ ကျမရဲ့ စိတ်ခွန်အား တွေကလည်း မယုံကြည်နိုင်စွာ အားအင် တက်ကြွလို့ ပင်ပန်းမှုကိုတောင် မခံစားရအောင် လိုက်ပါသွားခဲ့မိတယ်..။

ဒီအလင်းရောင်တန်း လေးက ဘယ်နေရာမှာမှ ဆုံးသွားမှာပါလိမ့်…. ဖြစ်နိုင်ရင် မဆုံးနိုင်တဲ့ နေရာလေး အထိ ကျမ လိုက်ပါသွား ဖြစ်တော့မယ်… အလင်းရောင်လေးရဲ့ ကြည်လင် ၀င်းပတဲ့ အလင်းတန်းလေး တခုကလွဲလို့ ဘာဆိုဘာမှ မြင်ခွင့် မရှိတော့ရင်တောင် ကျမလေ အလင်းတန်းလေး နောက်ကိုပဲ လိုက်နေပါရစေတော့……!

ဒါဟာ ကျမရဲ့ အသိ စိတ်အင်အားတွေ အားနည်းပြီး ပျောက်သွားခဲ့လို့လား....!

ဟင့်အင်းးး မဟုတ်ပါဘူး..

ကျမလေ..!!!!

ဒီအလင်းရောင်လေးကို သိပ်ကို မြတ်နိုး နေခဲ့သလို… ကျမရဲ့ အမှောင်ထုကြီးကို အလင်းရောင်လေး ပေးခဲ့လို့ပေါ့..

သေချာတာကတော့ ကျမတယောက်… အမှောင်ထုနဲ့ ဝေးရာ အလင်းရောင်လေး အရပ်ဆီသို့ ဦးတည်ခုတ်မောင်းလျက်….

Friday, July 16, 2010

ခဏတာ...


ကျမတို့ရုံးမှာ ဘယ်နေရာက လာမှန်းမသိတဲ့ ကြောင်လေးတွေက တော်တော့်ကို ကြောက်ရွံ့တတ်ပါတယ်.။ ကျမလည်း အချိန်တန်ရင် ထမင်းလေးကျွေးလိုက် မုန့်လေးကျွေးလိုက်နဲ့ သူတို့နဲ့ ဆက်ဆံရေး အဆင်ပြေအောင် ချစ်ကြည်ရေးရအောင် လုပ်ရပါတော့တယ်..။ တဖြည်းဖြည်းတော့ သူတို့လည်း ယဉ်ပါးလာပြီး ကြောက်တာလည်း လျော့လာပါတယ်.။

ကျမ ရုံးဆင်းရင် ကြောင်လေးတွေ အတွက် ထမင်းလေးကို နယ်ပြီး ထားခဲ့ပါတယ်.။ ခုဆို နေ့လည် ကျမတို့ ထမင်းစားနေရင်တောင် ခပ်လှမ်းလှမ်းကနေ `ညောင်..ညောင်..´ ဆိုပြီး တောင်းတတ်နေပါပြီ.။ လွန်ခဲ့တဲ့ တပတ်ကတော့ အငယ်ဆုံးကြောင်လေး တကောင်ပျောက်သွားခဲ့ပါတယ်..။ ထင်တာတော့ အငယ်ဆုံး အသေးဆုံးလေးဖြစ်ပြီး သေသွားတယ်လို့ ယူဆလိုက်ရတာပေါ့.။ ဒါနဲ့ သုံးကောင်ပဲ ကျန်ခဲ့ပါတယ်..။ သုံးကောင်ထဲမှာ တကောင်က အ၀ါရောင် ချစ်စရာလေးနဲ့ ချောချောလေးလည်း ပါပါတယ်.။

နေ့လည်ခင်း တနေ့မှာတော့ ကျမ ထမင်းစားနေတုန်း အ၀ါရောင် ကြောင်လေးက ကျမကို အဝေးကနေ အစာလှမ်းတောင်းပါတယ်.။ ကျမလည်း မြန်မြန် ထမင်းနယ်ကျွေး လိုက်ရတာပေါ့..။ ကြောင်လေးတွေက သိပ်မကြောက်တော့ပေမဲ့ သူတို့ကို ကြည့်နေရင် မစားပဲ ထွက်ပြေးသွားတတ်တယ်.။ ဒါနဲ့ ကျမလည်း ကျွေးပြီး ရှောင်နေလိုက်ရတယ်.။ ညနေဘက် ကျမရုံးမဆင်းခင် ထမင်းနယ်ပြီး ကျွေးထားခဲ့ပြန်တာပေါ့.။

နောက်နေ့ ကျမ ရုံးကိုအလာမှာတော့ ရုံးရှေ့မှာ ချစ်စရာ အ၀ါရောင် ကြောင်လေး သေဆုံးနေတာကို တွေ့လိုက်ရတော့ ရင်ထဲမှာ တမျိုးကြီး ဖြစ်သွားခဲ့ရတယ်.။ မနေ့ကပဲ အကောင်းကြီးရှိသေးတယ်. ရောဂါဖြစ်တာလည်း မတွေ့မိပါဘူး ဆိုပြီး စဉ်းစားနေတာပေါ့..။ ဘာဖြစ်လို့များလဲ.. ဘာကောင်ကိုက်လိုက်လို့လဲ.. ခန္ဓာကိုယ်မှာလည်း ကိုက်ရာ မတွေ့မိပါဘူး.. နဲ့ ဘာဖြစ်လို့ သေသွားမှန်းကို မသိလိုက်ရဘူး..။

ဒါနဲ့ပဲ ကြောင်လေး နှစ်ကောင်ပဲ ကျန်တာပေါ့..။

ကြောင်လေးနှစ်ကောင်လည်း ဆော့လိုက်..စားလိုက်နဲ့ ကြည့်ရတာ ကောင်းကောင်းမွန်မွန် ပုံစံပါပဲ.။ ဒီနေ့ မနက် ရုံးလာတော့ ကြောင်လေး နှစ်ကောင် ရုံးရှေ့မှာ ကွေးလို့.။ ကျမလည်း ၀င်လာရော သူတို့ပုံစံ အတိုင်း ထပြေးကြပါတယ်.။ တကောင်က မပြေးတော့ ဘာဖြစ်လည်းမသိဘူးဆိုပြီး `မ´လိုက်တာ အကြောလိုက် သွားပါတယ်.။ မထနိုင်တော့ပါဘူး.. ကျမလည်း လန့်ပြီး တခြားသူတွေကို ခေါ်ပြပြီး ဘာဖြစ်လည်း မသိဘူး ဆိုပြီး ပြလိုက်တော့ သေတော့မလား မသိဘူးတဲ့.။

ဟင်.. မနေ့ကပဲ အကောင်းကြီး ရှိသေးတယ်.. ဘာဖြစ်လဲမသိဘူးပေါ့..။ ကျမရဲ့ လုပ်ဖေါ်ကိုင်ဖက် ညီမလေးရောက်တော့ (အဲဒီညီမလေးက ကြောင်မွေးဖူးတဲ့သူ ဆိုတော့ ကျွမ်းကျင်ပါတယ်) သူက ကြည့်ပြီး ကြောင်ကြီး ကိုက်လားမသိဘူးတဲ့..ပြောပြီး နနွင်းလူးပေး နနွင်းတိုက် လုပ်ပါတယ်. ကျမကတော့ ကြောင်နဲ့ပက်သက်ပြီး အကျွမ်းတ၀င် မရှိလေတော့ ဘေးနားကနေပဲပေါ့..

ကျမလည်း တိရစ္ဆာန်ဆေးခန်း သွားပြမယ်ဆိုပြီး သူငယ်ချင်းညီမလေး တယောက် လှမ်းခေါ်လိုက်ပါတယ်။ အဲဒီညီမလေးက ခနနေ လာမယ်တဲ့.။ ကြောင်လေးကို ထားခဲ့ပြီး ကျမလည်း အဲဒီညီမလေး မလာခင် အလုပ်လုပ်နေလိုက်ပါတယ်.။ ညီမလေး လာလို့ သွားကြည့်လိုက်တော့ ကြောင်လေး သေနေပါပြီ။။ ညီမလေးရေ ဆေးခန်းသွားလို့ မရတော့ဘူး ကြောင်လေး သေသွားပြီလို့ ပြောလိုက်ရတယ်.။ ကျမလည်း စိတ်ထဲမှာ ဆေးခန်း သွားပြလိုက်ရင်တော့ ကောင်းသွားမှာပဲ ဆိုပြီး ထင်ထားတာလေ.။ ကြောင်လေး သက်သာအောင် ဆရာဝန်ဆီမှာ ကုမယ်ဆိုပြီး.... နောက်ကျသွားလို့လားနဲ့ စိတ်မကောင်းစွာပေါ့..။

လုပ်ဖေါ်ကိုင်ဖက် ညီမလေးကတော့ ကြောင်လေးတွေက အဲလိုပဲ သေသွားတတ်တယ်တဲ့.။ ခုတော့ တကောင်တည်း အဖေါ်မဲ့စွာ ကျန်နေခဲ့ပြီပေါ့..။ ခါတိုင်းဆို သူတို့လေးတွေ တတွဲတွဲနဲ့ ပြေးလိုက်လွှားလိုက်နဲ့ ဆော့နေကြတာ..။ ကျန်ခဲ့တဲ့ တကောင်လည်း ဘယ်လိုများ ဖြစ်အုံးမလဲ ဆိုပြီး တွေးပူနေမိတယ်..။ အဲဒီ ကြောင်လေးကို ကြည့်လိုက်တော့ နားလည်သလိုလို မှိုင်လို့….

ကျမ ဘယ်တုန်းကမှ တိရစ္ဆာန် မမွေးဖူးခဲ့သလို ချစ်လည်း မချစ်တတ်ခဲ့ပါဘူး..။ ဒါပေမဲ့ သတ္တ၀ါလေး တွေကိုတော့ သနားတယ်.။ ကျွေးတယ်.။

ဘာပဲဖြစ်ဖြစ် ခနတာ တွေ့ခဲ့ရတဲ့ အတောအတွင်း သံယောဇဉ် ဖြစ်သွားခဲ့ရတယ်..။

ခုတော့ တရားသဘောအတိုင်း တနေ့မှာ ဒီလိုပဲ အားလုံး မလွဲမသွေ သွားကြရမဲ့ ခရီးလမ်းပါလားလို့ သံဝေဂသာ ထပ်ပွါး မိတော့တယ်...။

Thursday, June 17, 2010

ကျမချောင်းနေရတဲ့ ကြောင်လေးများ


ကျမတို့ရုံးမှာ လွန်ခဲ့တဲ့ ခြောက်လလောက်က ဘယ်ကမှန်းမသိတဲ့ ကြောင်နှစ်ကောင် ရောက်လာပါတယ်.။ ကြည့်လိုက်တော့ ကြောင်တွေက ကြောက်ကြောက်ရွံ့ရွံ့ ပုံလေးတွေနဲ့..။ ဒါနဲ့ ကျမက ညနေ တညနေမှာ ကြောင်လေးတွေ စားဖို့ ထမင်းလေးနယ်ပြီး ကျွေးမလို့ လုပ်တော့ ကျမကိုလည်း မြင်ရော အပြင်းအထန် ထွက်ပြေးလိုက်တာ တကောင်က သစ်ပင်ပေါ် အတင်းတက်ပြေးတာ အလယ်လောက်ရောက်တော့ ပြုတ်ကျပါရော… ပြုတ်ကျတာတောင် ထပ်ပြီး သစ်ပင်ပေါ်ရအောင် တက်ပြေးပြီး ဟိုဘက်ခြံထဲ ပြေးသွားတယ်… နောက်တကောက်ကတော့ ခြံအုတ်တံတိုင်းပေါ် တက်ပြေးလိုက်တာ… ဟိုဘက်ခြံထဲပဲ ရောက်သွားရော.. ကျမမှာသာ အငေးသားနဲ့ ဘာဖြစ်လို့ ထွက်ပြေးတာလဲ မသိဘူးဆိုပြီး တကိုယ်တည်း မေးခွန်းထုတ်နေမိတာပေါ့..။

သူတို့ ဆာမှာစိုးလို့ ကျွေးချင်လို့ လာကျွေးတာကို ကျမကိုမြင်တာနဲ့ ထွက်ပြေးလိုက်တာ အလုအယက်ပါလား……..။

ဒါနဲ့ပဲ ကျမတယောက် ကြောင်ကြောက်ကြီး ဖြစ်သွားပါတော့တယ်..။ ရုံးက လူတွေက နင် ကြောင်ကို သွားမကျွေးနဲ့တော့.. ကြောင်တွေလည်း မမြင်စေနဲ့တော့တဲ့.. ကိုင်း…. မခက်ပေဘူးလား…..

ရုံးမှာ ရှိတဲ့ မိန်းခလေး နှစ်ယောက်လုံးကို ကြောင်ကလည်း အကြောက်ကြီး ကြောက်နေလေတော့ ကျမတို့ နှစ်ယောက်ကလည်း ခပ်ဝေးဝေးပဲ နေဖြစ်ပါတယ်..။ ဟုတ်တယ်… ကြောင်တွေကလည်း ကျမတို့ နှစ်ယောက်ကို မမြင်လိုက်နဲ့.. မြင်တာနဲ့ ထွက်ပြေးတော့တာပဲ..။ သိပ်မကြာပါဘူး… အဲဒီကြောင်နှစ်ကောင်လုံး ပျောက်သွားလိုက်တာ ပြန်မလာတော့ဘူး..။ ကျမတို့နှစ်ယောက်ကြောင့်ပဲ ပြန်မလာတော့သလိုလို ဖြစ်သွားတော့တာပေါ့……..။ ဘယ်ကမှန်း မသိရောက်လာပြီး ဘယ်ကိုပြန်သွားမှန်းလည်း မသိရပါလား…။

အော်… လွန်ခဲ့တဲ့ လကတော့ အဲဒီ် ကြောင်နှစ်ကောင် ပြန်ရောက်လာပြီး ကြောင်လေးတွေ လေးကောင် ပေါက်ပါရော…။ ရုံးက ပြောပြန်ရော.. ကျမတို့ကို သွားမကြည့်နဲ့တဲ့.. နောက်ထပ် ထွက်ပြေး သွားအုံးမယ်တဲ့လေ… (အဲလို နာမည်ရတာ…….).

ကြောင်လေးတွေ ကလည်း သူ့မိခင် ကြောင်မလေး လိုပဲ ကြောက်တတ် လိုက်တာ..။ ကျမတို့မှာ ကြောင်လေးတွေကို ကြည့်ချင်လို့ သွားချောင်းလိုက်.. ကြောင်လေးတွေက ထွက်ပြေးသွားလိုက်နဲ့ တခါတလေ စိန်ပြေးတမ်း ကစားနေသလိုတောင် ဖြစ်ရတယ်.။

ဟိုတနေ့ ညနေကလည်း ကြောင်လေးတွေ အားလုံး ၀ရန်တာပေါ်မှာ ရှိနေတာနဲ့ နီးနီးလေးတော့ သွားမကြည့်ရဲဘူးပေါ့..။ အောက်ကနေ ချောင်းတာ ကြောင်လေးတွေကလည်း သူ့အမေအပေါ်ကနေ ပြန်ချောင်းလိုက် ကျမက ဟိုဘက်ပုန်းနေလိုက် ကြောင်လေးကလည်း တိုင်ဘေးနား သွားပြီး ပြန်ချောင်းလိုက်နဲ့…။ ကျမနဲ့ ကြောင်လေးတွေနဲ့ ချောင်းတိုင်း ဆော့သလိုတောင် ဖြစ်နေကြတယ်..။ ကြောင်လေးတွေကလည်း ကျမကို အကဲခတ်ပေါ့… ဘာများလုပ်မလဲဆိုပြီး..။

မနေ့ညနေကတော့ ကျမပြန်ခါနီး ကြောင်လေးတွေကို တခါ သွားချောင်းသေးတယ်…။ ကျမကိုလည်း မြင်ရော ကြောင်ပေါက်လေး လေးကောင်လုံး စတိုခန်းထဲ ပြန်ပြေးလိုက်ကြတာ.။ ကျမလည်း ဘီစကွတ် ယူလာပြီး ချေပြီးတော့မှ သူတို့စားတဲ့ ပန်းကန်ထဲ ထည့်ပေးထားလိုက်တယ်.. ပြီှးတော့ ပြန်လာပြီး ကွယ်ရာကနေ ချောင်းတာပေါ့..။ သူတို့တွေ ဟိုကြည့်ဒီကြည့်နဲ့ ထွက်လာကြတယ်.. ပြီးတော့ ပန်းကန်ထဲက ဘီစကွတ်တွေ တကြွတ်ကြွတ်နဲ့ ၀ါးနေလိုက်တာ….. အဲဒီတော့မှ သူတို့ ဘီစကွတ်စားသားပဲ… ဆိုပြီး နောက်ထပ် ကျွေးဖို့ ထပ်ယူလာတော့ ပြန်ပြီးထွက်ပြေး သွားတယ်..။ ဒါနဲ့ပဲ ပန်းကန်ထဲ ထည့်ထား ခဲ့လိုက်ပြီးတော့ ကြောင်လေးတွေကို ပြန်ချောင်းတာပေါ့… ကျမလည်း သူတို့ စားနေတာကို ပီတိဖြစ်ပြီး ချောင်းနေလိုက်တာ..

အဲ.. တော်တော်ကြာတော့မှ ကျမ ခြံရဲ့ အုတ်တံတိုင်းပေါ် ကြည့်မိလိုက်တာ…

အလို…. ကြောင်လေးတွေရဲ့ အမေက ကျမကို သေချာကြည့်နေတာကိုး…။ ကြောင်လေးတွေကို ကြည့်လိုက် ကျမကို ကြည့်နေလိုက်နဲ့.. သူလည်း လာမစားဘူးလေ…။ ကြောင်လေးတွေကို ဘာများလုပ်မလဲလို့ ကျမရဲ့ အရိပ်အခြေ ကိုစောင့်ကြည့်နေပုံရတယ်..။ ကျမသာ သူ့ကလေးတွေကို တခုခု လုပ်မယ်ဆိုရင် ဘာများပြန်လုပ်မလဲ မသိဘူးနော်..။ ကျမမှာလည်း ရဲရဲတင်းတင်း မကျွေးရတော့ ခုလိုပဲ ချောင်းမြောင်းပြီး ကျွေးရပေအုံးမယ်..။ ကျမရဲ့ ကြောင်ချောင်းရတဲ့ အဖြစ်လည်း တဒုက္ခပါလားလို့သာ ညည်းချင်း ထုတ်ပြီး ထပ်ပြီး ချောင်းပေရအုံးမှာပေါ့...။

Monday, December 14, 2009

ဖြစ်ချင်တိုင်းမဖြစ်ကြရ…..

ယနေ့ မြန်မာပြည်က လူတွေဟာ ကိုယ်ဖြစ်ချင်တာနဲ့ လုပ်နေရတာ နဲ့ တထပ်တည်း ကျဖို့ ခက်ခဲ ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စနစ် ကြောင့်ပါပဲ။ ကွန်ပြူတာ နဲ့ ဘွဲ့ရတဲ့ သူတွေက လည်း စာရင်းကိုင် လုပ်လိုလုပ်၊ သချာင်္နဲ့ ဘွဲ့ရတဲ့ သူတွေက လည်း ကွန်ပြူတာ နဲ့လုပ်လို လုပ်နဲ့ တခြားစီ ဖြစ်နေကြ တယ်နော်။


ယနေ့ ဘွဲ့ရ လူငယ် တွေကလည်း နိုင်ငံခြား ထွက်ပြီး အလုပ်လုပ် နေတဲ့ အခြေအနေ ရောက်နေ ကြရတာကိုး။ အဲဒီတော့ ရတဲ့ ဘွဲ့နဲ့ လုပ်ရတဲ့ အလုပ်နဲ့ မတူနိုင် တော့ဘူးလေ။ သူငယ်ချင်းထဲက တယောက်က ဓါတုဗေဒ (ဂုဏ်ထူးတန်း) နဲ့ ဘွဲ့ရပြီး ခေါင်းလျှော်တဲ့ ဆိုင်ဖွင့်ပြီး ခေါင်းလျှော် နေရတယ်။ ဒါဟာ ဘယ်လိုမှ မအပ်ဆက် ပါဘူး။ ဒါပေမဲ့ လည်း လတ်တလော စီးပွားရေး အရ လုပ်နေရ တာပဲလေ။ ၀ါသနာ ပါချင် မှလည်း ပါနိုင်တယ်။


အမှန်မှာ တော့ ဓါတုဗေဒ နဲ့ ဘွဲ့ရတဲ့ သူတယောက် ဟာ သူနဲ့ သက်ဆိုင်တဲ့ ရေသန့် တို့လို… စက်ရုံမှာလို… သုတေသန တွေမှာ ဓါတ်ခွဲခန်း တွေမှာလို… ရှိသင့်တာပေါ့။ ကိုယ့်ရဲ့ ပညာနဲ့ ကိုယ်လုပ်နေရတဲ့ အလုပ် တခြားစီ ပါလားလို့ တွေးမိလိုက် တဲ့အခါ… အရာ အားလုံးကို လိုက်လျော ညီထွေအောင် လုပ်နေရတဲ့ အခါ တွေမှာ တိုးတက်မှု မရှိနိုင်ဘူး လို့ ထင်တယ်လေ။ ကိုယ်လည်းပဲ ဒီလိုပဲ ၀ါသနာ ပါတာနဲ့ ရတဲ့ ဘွဲ့နဲ့ လုပ်ရတဲ့ အလုပ်နဲ့ တခြားစီ ပါပဲ။


ဒါပေမဲ့ ရတဲ့ ဘွဲ့နဲ့လည်း နောင်တချိန် အကျိုးပြုနိုင် အောင် အခု လုပ်နေရတဲ့ အလုပ် နဲ့လည်း အဆင်ပြေ အောင် နေရတာ ပါပဲ။ သူငယ်ချင်း အများစု ကတော့ တက္ကသိုလ် ဆရာမ အဖြစ် ရပ်တည်ကျတော့ သူတို့ ကတော့ လိုက်လျော ညီထွေ ရှိတာပေါ့။ သူဌေး မဖြစ်ပေမဲ့ ကိုယ်ရတဲ့ ဘွဲ့နဲ့စာပြန်သင် ရတော့ အကျိုးရှိ တာပေါ့။ အများကြီး လည်း တိုးတက် နိုင်တယ်လေ။


ဆယ်တန်း အောင်ပြီးရင် ဘာ ဆက်တက်မလဲ…….ဘွဲ့ရပြီး ဘာလုပ်မလဲ လို့ စဉ်းစားကြတယ်….. အဲဒီတော့ မိဘ တွေက လည်း ဆေးလိုင်း၊ အင်ဂျင်နီယာလိုင်း ၀င်စေချင် ကြတယ်။ ဒါတွေနဲ့ ဘွဲ့ရပြီးရင် အဆင်ပြေနိုင် တယ်လေ။ အဲဒီတော့ ၀ါသနာ မပါနဲ့ပဲလည်း မိဘတွေက ဆရာဝန်လိုင်း တက်စေချင်ကြလို့ တက်ခဲ့ကြရ… တက်နေကြရတဲ့ သူတွေလည်း အများကြီးရှိတယ်။ ၀ါသနာ မပါပဲ တက်ကြရတော့ လည်း ထူးချွန်သင့် သလောက် မထူးချွန်နိုင် ကြဘူးလို့ ထင်တယ်။ တချို့ ကျတော့ လည်း ဘွဲ့ရရင်ပြီးရော တက်လိုက်တာပဲ။


ပြီးမှ ကြုံတဲ့ အလုပ် ၀င်လုပ် ကြတယ်။ ဘာတွေများ လာသလဲ ဆိုတော့ ပုဂ္ဂလိက သင်တန်းတွေ အများကြီး ဖွင့်လာ ကြတယ်။ ဒါကလည်း အများစု ကတော့ ပိုက်ဆံရှိ သားသမီးတွေပဲ တက်နိုင်တဲ့ သင်တန်း တွေလေ။ အဲဒီအခါ ပိုက်ဆံ ရှိတဲ့ သူတွေ ကိုတော့ အဲဒီ သင်တန်း တွေမှာပဲ အများဆုံး တွေ့ရတတ်တယ်။ ပြီးတော့ နိုင်ငံခြား စာမေးပွဲတွေဖြေ၊ နိုင်ငံခြားမှာ ပညာတွေ သင်လို့ အလားအလာ ကောင်းသွား တာပေါ့။ တစတစ ကိုယ့်နိုင်ငံရဲ့ အပြင်ဘက် ကို ရောက်သွားရ တာပဲလေ။


ဖြစ်ချင်တာ မဖြစ်ကြရတဲ့ အခြေအနေမှာ လုပ်နေကြရတဲ့ အလုပ်ကိုပဲ အစွမ်းကုန် ကြိုးစားပြီး နေသွားမယ် ဆိုရင် ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှု ကိုတော့ မလွဲမသွေ ရနေမှာပါ။

Saturday, November 7, 2009

အစပြုခဲ့သော..

ဒီနေ့ ၂၀၀၉ခုနှစ် နိုဝင်ဘာ(၇) ရက်နေ့ ဘလော့လေးမှာ စပြီ ခြေရာချခဲ့တယ်။ ခံစားချက်တွေ ဝေမျှရာ ဝန်းကျင်လေးတစ်ခု၊ တခါတရံ ဗဟုသုတ တိုက်ကျွေးရာ၊ တခါတရံ လှုပ်ရှားမှုလေးတစ်ခု၊ တခါတရံ ကျမရဲ့အတွေးအမြင်လေးတွေ ဖလှယ်ရာ နေရာလေးတစ်ခု၊ စိတ်ခွန်အားဖြစ်စေမယ့် ရသလေးတစ်ခု၊ ဘဝတိုက်ပွဲရဲ့ အစိတ်အပိုင်းလေးတစ်ခုအဖြစ် တည်နေရာ၊ စိတ်ကူးလေးတွေကို ပုံဖေါ်နေမယ့် အလွမ်းရပ်ဝန်းလေး တစ်ခု၊ ....ပေါ့။