Friday, July 9, 2010

နေရာလေး…..တခု

နေရာလေး.. တခုကို ရောက်ဖူးကြတဲ့ သူတိုင်း…၊ ရောက်ခဲ့ကြတဲ့ သူတိုင်း…၊ ရောက်နေကြတဲ့ သူတိုင်း… အဲဒီ နေရာလေး…တခု ရဲ့ ပိုင်ဆိုင်မှု တန်ခိုး အင်အား အရ အသိပညာ၊ ကျော်စောမှု၊ အတိမ်အနက်၊ အာဏာ တန်ခိုး၊ သြဇာ၊ လောဘ၊ ဒေါသ၊ မုဒိတာ၊ မာနတံခွန်၊ သည်းခံနိုင်စွမ်း၊ ဆင်ခြင်နိုင်မှု၊ ရောင့်ရဲနိုင်မှု၊ ………. တွေက ကိုယ်ခန္ဓာ အနှံ့အပြား ပျံ့နှံ့ ၀င်ရောက် လာတာ သဘာဝ တရားကြီးကပဲ ခြယ်လှယ် လိုက်လို့များလား…။


ဒါမှမဟုတ် မိမိရဲ့ ကိုယ်ပိုင် ဦးနှောက် စေစားရာ နောက်ကို လိုက်မိသွားလို့များလား……..။

အဲဒီ နေရာလေး တခုကလည်း ပုထုဇဉ် လူသားတိုင်းလိုလို ရောက်ဖူးချင်ကြ၊ ကြုံတွေ့ချင်ကြ၊ ပိုင်ဆိုင်ချင်ကြနဲ့…….. အလုအယက်တောင် ဖြစ်နေသေး………!!

နေရာလေး.. တခု….. က ဘယ်လောက်တောင် တန်ခိုးတွေကြီးပြီး တန်ဖိုးတွေ ရှိနေလို့များလဲ……….။

တစုံတခု အထိ သြဇာတန်ခိုးနဲ့ တန်ဖိုးရှိလို့လည်း ရောက်ချင်ကြတာလို့ ယုံကြည်ပါတယ်…..။

နေရာလေး..တခု ရဲ့ သက်တမ်း အနေနဲ့ရော ဘယ်လောက်တောင် ကြာမြင့်မှာလဲ………။

နေရာလေး..တခုက တကယ် စစ်မှန်တဲ့ ခံစားချက်၊ ပျော်ရွှင်မှု တွေကို ပေးနိုင်မှာလား……။

နေရာလေး...တခု တဲ့လား!!!!!

နေရာလေး..တခုကို ရောက်နေတဲ့ သူအတွက်ပဲ ပျော်ရွှင်နိုင်ပြီး တခြား သူတွေအားလုံး အတွက် ဆန့်ကျင်ဘက် ဖြစ်နေမယ် ဆိုရင်ရော အဲဒီ နေရာလေး တခုက တန်ဖိုးရှိတဲ့ နေရာလေး..တခု ဟုတ်ပါတော့မလား..!

နေရာလေး..တခုမှာ ရောက်နေတဲ့ သူအနေနဲ့လည်း ၀န်းကျင်က တခြား သူတွေကို ပြည့်ဝတဲ့ သဘောထား မှန်ကန်မှုတွေ..၊ မေတ္တာတရားတွေ…၊ ကြင်နာမှုတွေ…၊ မျှတမှုတွေ..၊ ကိုယ်ချင်းစာ တရားတွေ… ကို......မပေးနိုင်ခဲ့ရင်…

ပေးဖို့အတွက် စိတ်အင်အားတွေ မရှိခဲ့ဘူးဆိုရင်… တန်ဖိုးကြီးပြီး လှပတန်ခိုးရှိတဲ့ လူ့ဘောင်အဖွဲ့ကြီးနဲ့လည်း ဝေးကွာလွန်းမက ဝေးကွာသွားရလိမ့်မယ်..။

စစ်မှန် နွေးထွေးပြီး တန်ဖိုးရှိတဲ့ နေရာလေး..တခုမှာ နေဖြစ်ခဲ့ရင် မိမိရဲ့စိတ်လည်း နူးညံ့သိမ်မွေ့ပြီး စစ်မှန်တဲ့ သစ္စာ.. စစ်မှန်တဲ့ မေတ္တာတရားနဲ့ အကြင်နာလက်တစုံ ရှိဖို့ မျှော်လင့် တောင့်တမိပါတယ်..။ မိမိရဲ့စိတ်က အခြားဘက်ကိုသာ ရောက်သွားခဲ့ရင် မိမိနဲ့အတူ မိမိရောက်နေတဲ့ နေရာလေး..တခုရဲ့ တန်ဖိုးလည်း ကျဆင်းသွားပြီး နေရာလေး..တခုရဲ့ နာမည်လည်း မှေးမှိန်လျော့ကျသွားစရာ အကျည်းတန် နေ၀င်ချိန် တွေကသာ ဆီးကြိုနေလိမ့်မယ်..။

နေရာလေး..တခုရဲ့ နာမည်နဲ့ ဂုဏ်ဒြပ်..ကို တန်ဖိုးရှိရှိ မှန်ကန် တည်တံ့စွာ ရပ်တည်နိုင်ဖို့ ဖြည့်စွမ်း ပေးနိုင်တဲ့သူများ ဖြစ်ခဲ့ရင်…..!

လူအများစုဟာ နေရာလေး..တခုရဲ့ ခွန်အား ဒဏ်ကို ခံနိုင်ဖို့အား မရှိလှပါဘူး..နေရာလေး..တခုရဲ့ ဆွဲအားအရ ဆွဲသွားတဲ့ အခြေအနေကိုပဲ လိုက်လျောပြီး ကပြ အသုံးတော် ခံနေကြလေရဲ့..။ ဘယ်လောက်တောင် တန်ခိုးရှိပြီး ခွန်အားကြီးတဲ့ နေရာလေး..တခုပါလဲ..။ တချို့ကျတော့လည်း အဲဒီ နေရာလေး..တခုကို ရောက်သွားတယ် ဆိုတာနဲ့ မိမိရဲ့ မူလ စိတ်ဓါတ် ဇာစ်မြစ်ပါ ပျောက်ဆုံးသွားကြပြီး နေရာလေး..တခုရဲ့ ဒဏ်ကို ရှက်ရံွ့မှု မရှိပဲ ချစားနေကြလေရဲ့..။ တချို့ကတော့ နေရာလေး..တခု ကိုအားကိုးပြီး သကာလ အာဏာ တန်ခိုး ပြချင်တိုင်း ပြနေလေရဲ့..။

တချို့ကလည်း နေရာလေး..တခုကို ရောက်ပြီ ဆိုတာနဲ့ မိမိနဲ့ တူတဲ့ အမျိုးတူ လူသားအားလုံး အပေါ်မှာ မထောက်မညှာ ကြီးစိုးချယ်လှယ် နေတော့တယ်..။

>ဘယ်လိုပဲ ဖြစ်ဖြစ် ဘယ်တော့မှ မတည်မြဲတဲ့ လောကကြီးထဲမှာ ပြောင်းလဲခြင်းကသာ မပြောင်းလဲသော တည်မြဲမှု ဖြစ်နေလေတော့ နေရာလေး..တခု ဆိုတာ လည်း ခဏတာ ရေဗွက် ပမာသာ ဖြစ်တယ်ဆိုတာ လက်ခံ ယုံကြည်ပြီး ပြုမူ နေထိုင် ကျင့်ကြံမယ်ဆိုရင် လူသား အားလုံးအတွက် အကျိုး ဖြစ်ထွန်းစေနိုင်မဲ့ သာယာ ချမ်းအေးတဲ့ လမ်းပေါ်မှာ လျှောက်လှမ်းနိုင်လာကြမှာပါ..

မိမိလည်း စစ်မှန်ပြီး တန်ဖိုးရှိတဲ့ နေရာလေး..တခုပေါ်ကို မျက်စေ့လည် လမ်းမှားလို့ပဲ ဖြစ်ဖြစ်.. ရောက်ခဲ့မယ်ဆိုရင် မှန်ကန်စွာနဲ့ မျှတစွာ. ရပ်တည်နိုင်ပါပြီလား….... အကြင်နာလက်တစုံ ရှိနေပါပြီလား လို့ မေးခွန်းထုတ်ရင်း .…

လူသားတိုင်း မှန်ကန်တဲ့ နေရာလေး..တခုပေါ်မှာ မှန်ကန်စွာ ရပ်တည်နိုင်ပြီး.. ရောက်နေရတဲ့ နေရာလေး..တခုရဲ့ ကာလသက်တမ်း တလျှောက် မည်သူ တစုံတဦးကိုမှ ကိုယ်စိတ်နှလုံး မပျက်စီးစေဖို့ ရည်သန် ဆန္ဒပြုရင်း….

27 comments:

Anonymous said...

ငြိမ်းချမ်းအေးမြစေတဲ့ စာစုလေးပဲအစ်မရေ....

မောင်ဘကြိုင်

ရေသန့်  said...

ခဏတာ ရေဗွက်ပမာ နေရာလေးတစ်ခုမှာ မှန်ကန်စွာ
ရပ်တည်နိုင်အောင် နေဖို့ ဆုံးဖြတ်လိုက်ပြီ....
ကျေးဇူးပါ ...

ခိုင်နုငယ် said...

ဟုတ်မ..မသဒ္ဓါရေ.နေရာတစ်ခုကို
ရရှိထားပြီဆိုရင်တော့..နေရာရဲ့တန်ဖိုးလေး
ကိုလည်းသိသင့်တာပေါ့။

အင်ကြင်းသန့် said...

မှန်ပါတယ် မမရေ....ကိုယ်စီရောက်ရှိနေကြတဲ့ နေရာလေးတွေမှာ နေ့စဉ်ရှင်သန် နေထိုင်သွားကြရတဲ့အခါ မည်သူ တစုံတဦးကိုမှ ကိုယ်စိတ်နှလုံး မပျက်စီးစေဖို့ စိတ်ဓါတ်လေးတွေနဲ့ နေသွားသင့်ကြပါတယ်။ ဒီ့ထက်ပိုပြီး ကိုယ်ရထားတဲ့နေရာလေးကနေ အများအတွက်တစ်စုံတစ်ရာ အကျိုးရှိတာလေးကို အနည်းနဲ့အများဆောင်ရွက်နိုင်ကြရင်တော့ ပိုမိုကောင်းမွန်တဲ့ နေထိုင်ခြင်းမျိုးလေး ဖြစ်မယ်လို့ ထင်မိတယ်....

ညီမလေး
ဂျင်း

ကိုဇော် said...

နေရာ အက်ဆေးလေး ကောင်းတယ်ဗျာ။
ဘဝမှာ ဘယ်လောက်ပဲ နေရာလုလု ၊ ဘယ်လောက်ပဲ ကြိုးစားကြိုးစား တကယ်တော့ ၄ ပေ ၊ ၆ ပေ ထက်မပိုပါဘူးလေ။

သော်ဇင်စိုး said...

အေးဗျ... ဒီပို့လေးကိုဖတ်ပြီး ကျနော်လည်း ကိုယ့်ကိုယ်ကိုပြန်မေးကြည့်တယ်.. ကျနော်လည်း ရောက်နေတဲ့နေရာမှာ ဘာတွေ များလုပ်ခဲ့ပြီးပြီလဲပေါ့.. ကျနော်လုပ်ခဲ့တာတွေထက် ကျနော် ဒုက္ခပေးခဲ့တာတွေကတောင် များချင်များနေဦမလားပဲ..
လေးစားလျက်...

Anonymous said...

ညီမ သဒ္ဓါရေ

နေရာ လုပွဲ ကတော့ နေရာတိုင်းမှာ ကျင်းပနေကြတာဘဲ သနားတယ် ညီမရေ
ဘဝ ဆိုတာ ရေပွက် ပမာ တဲ့

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ahphyulay said...

ဟုတ်ပါတယ် ဗျာ...
လူ့ ဘဝ မှာ နေရာ လေး တစ်ခု ရဘို့ က
ပထမ အရေး ကြီး ဆုံး ပါပဲ။
ကိုယ်ရတဲ့  နေရာ လေး ကို လဲ ကိုယ်က
ကျေနပ် တင်းတိမ် ရောင့် ရဲ ဘို့  လိုမယ်ထင်ပါတယ်။

rammavati said...

ဒီပို့စ်လေးကိုဖတ်ပြီး ဌာန နဲ့ ဌာနီဆိုတာကို သွားသတိရမိပါတယ်။

ပါဠိစာပေမှာ ဌာန နဲ့ ဌာနီ ဆိုပြီးရှိတယ်။ ဌာနကတော့ နေရာပေါ့၊ ဌာနီက နေရာမယ် နေတဲ့သူ။
ဌာန ကြောင့် ဌာနီ ဂုဏ်တက်,ဂုဏ်ပျက်နိုင်သလို၊ ဌာနီ ကြောင့်လည်း ဌာနဟာ ဂုဏ်တက်, ဂုဏ်ပျက် နိုင်ပါတယ်။
ကျန်းမာစွာဖြင့် စာတွေဆက်လက်ရေးသားနိုင်ပါစေ--။

သူကြီးမင်း (တုံးဖလား) said...

နေရာလေးတစ်ခုအတွက်ကြောင့် စွန့်လွတ်အနစ်နာခံရသူတွေ၊ နေရာလေးတစ်ခုရဖို့ စွန့်စားကြတဲ့သူတွေ၊ နေရာလေးတစ်ခုကြောင့် ပျက်စီးကြေလွင့်ကြသူတွေ....

တရားသဘောနဲ့ တွေးကြည့်ရင် အချည်းနှီးတွေချည်းပါဘဲလေ။

ပညာပေးလေး ကောင်းလိုက်တာ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ်လက်ရှိရောက်ရာနေရာလေးမှာ ကိုယ့်ဘေးဝန်းကျင်က လူတွေကို မထိခိုက်စေဘဲ.. လောကလူ့ရွာကောင်းကျိုးကို တတ်နိုင်သလောက်လေး လုပ်သွားမယ်ဆိုရင် ဘယ်နေရာမှာဘဲ ရှိနေနေ အရေးမကြီးတော့ဘူး ထင်ပါတယ်..
အရေးကြီးတာ ကိုယ်ဟာ ပါတ်ဝန်းကျင်အတွက် အဆိပ်အတောက်မဖြစ်ဘဲ .. ကောင်းကျိုးပေးဖို့သာ ကြိုးစားသင့်ပါတယ်..

မောင် လေး said...

ရေပွက်ပမာ နေရာလေးမှာ နေသာအောင်၊နေပျော်အောင်
တော့ကြိုးစာနေရတာပါပဲခင်ဗျ။ကိုယ်ရထားတဲ့နေရာက
တခြားသူတွေအတွက် မက်လောက်စရာတော့မဟုတ်
လေတော့ လာလုမှာတော့မပူရဘူးခင်ဗျ။

နေ၀သန် said...

:)).. ဖတ်ရင်းနဲ့ ပြောချင်တာလေးတစ်ခုပေါ်လာတယ်... နို့ပေမေယ့် မပြောတော့ပါဘူး.... အလွန်ကောင်းတဲ့ အတွေးလေးပါ... :D:D

ခင်မင်တဲ့
နေ၀သန်

ဇွန်မ said...

အမရဲ့ 'နေရာလေးတစ်ခု' ဖတ်ရတော့ တခါကဘုန်းဘုန်း တစ်ပါး ဆွမ်းခံကြွရင်း ပြောခဲ့တာလေးကို အမှတ်ရတယ်။
"လူ့ဘဝဆိုတဲ့ တန်ဘိုးရှိတဲ့နေရာကို အခိုက်အတန့်ကလေး ရောက်လာတဲ့သူတိုင်း ဖြူစင်တဲ့ ကာယကံ၊ ဝစီကံ၊ မနောကံ ဆိုတဲ့ ကံသုံးပါးကို ထိန်းသိမ်းနိုင်ရင် လူဖြစ်ရကျိုးနပ်ပြီ" တဲ့ အမရေး)

blackroze said...

တကယ်တော့ဘဝထဲမှာကိုယ်အမြဲပိုင်တဲ့
နေရာရယ်လို့မရှိပါဘူး...
လူသားတိုင်းရောက်တဲ့နေရာမှာတခဏတာဘဲ
နေထိုင်ရှင်သန်ခွင့်ရကြတာပါ.....

မယ် said...

ဘယ်နေရာမှာနေရနေရ ကိုယ်နေနေရတဲ့နေရာတစ်ခုကို ကျေနပ်နိုင်ဖို့အရေးကြီးဆုံးထင်ပါတယ်...

မြစ်ကျိုးအင်း said...

မတည်မြဲတဲ့ နိယာမ ကို သတိမပြုမိတော့လည်း တချို့က ရောက်တဲ့နေရာကို မဖယ်ချင်တာနဲ့ သန်းပေါင်းများစွာသော လူတွေ ဒုက္ခရောက်ကြသေးတယ်။

ပုံမှန် said...

နေရာ တစ်ခုဟာ လူတစ်ယောက် အတွက်တော့ အရမ်းအရေးကြီးပါတယ် ဒါပေမဲ့ အဲဒီနေရာလေး တစ်ခုကလည်း ထာဝရ အတွက်တော့ မဟုတ်ပါဘူးနော်..

လသာည said...

နေရာလေးတစ်ခု..
အဲဒီနေရာလေးဟာ လူသားအားလုံး ငြိမ်းချမ်းတဲ့နေရာလေးတစ်ခု..

သွားရအောင်လေ..။ သဒ္ဒါသွားရင် ခေါ်ပါ

ပန်းနုနှင်းဆီ said...

ရောက်တဲ့နေရာလေးမှာ ငြိမ်းချမ်းစွာ ပျော်ရွှင်ချမ်းမြေ့ပါစေ....

ခင်မင်စွာ

သုခုမလေဒီ said...

ပိုစ့်ကောင်းလေးတစ်ပုဒ်ဖတ်သွားပါတယ် သဒ္ဓါလှိုင်း။
ကိုယ်ရတဲ့နေရာလေး တစ်ခုမှာ အဆင်ပြေပျော်ရွှင်ပါစေ။

သိင်္ဂါကျော် said...

အေးချမ်းတဲ့ နေရာလေး တစ်ခုမှာ ဘာမှလည်း မပူမပင်ရ.. ဘယ်သူနဲ့မှလည်း မတိုက်ခိုက်ရပဲ.. ကိုယ်ဝါသနာပါရာတွေ လုပ်ရင်းနဲ့ နေသွားချင်တာပေါ့ သဒ္ဓါရေ..

ကိုအောင် said...

ဖြစ်ရင်တော့ ကောင်းပါတယ်၊ လွယ်တော့ မလွယ်ဘူး။

အနှိုင်းမဲ့ said...

တစ်ကူးတက လာဆုတောင်းပေးတဲ့အတွက်
ကျေးဇူးပါ... :)
နေရာလေးတစ်ခုကြောင့်....
နောက်လဲ ရောက်ဖြစ်တော့မယ်ထင်တယ်...။ :)

ashin kusalasami said...

စဉ်းစားစရာလေးတွေ ချပြသွားတာ ကောင်းပါတယ်...
ဆက်လက်ရေးသားနိုင်ပါစေ...

မေသစ္စာမောင် said...

ဒီပို့စ်လေးကို ဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်။
ဖတ်ရတာ စိတ်ထဲမှာ အေးချမ်းတယ်။ Peaceful writing လို့ ပြောချင်တာပါ....ရိုးရိုး ရှင်းရှင်းလေးနဲ့ လေးနက်တဲ့ အတွေးတွေပေးစေတဲ့ ပို့စ်လေးပါပဲ။

ညလင်းအိမ် said...

နေရာလေးတခု .. ဖတ်လို့ကောင်းတယ်ဗျာ ...
မတည်မြဲတဲ့ လောကကြီးမှာ နေရာမမက်ဖို့က အရေးကြီးတယ်နော် ...