Tuesday, October 19, 2010

လက်ကနဲပေမဲ့

တကိုယ်တည်း တီးတိုးရေရွတ်သံ မှတပါး ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်လာတဲ့ လေတိုးသံကိုတောင် မကြားနိုင် လောက်အောင် သစ်ရွက်လေး ကြွေကျတာတောင်မှ မတွေ့မြင်နိုင် လောက်အောင်……… သက်ပြင်းရှည်ကြီးကို အခါခါချလို့ လှိုက်ဖိုမောဟိုက် နေတဲ့ ကျမတယောက်က လွဲလို့….

အနီးဝန်းကျင်မှာ ဘာဆိုဘာမှ မမြင်နိုင် လောက်အောင် ပိတ်မှောင် နေတာလား.. ဒါမှမဟုတ် အလင်းရောင် ကင်းမဲ့ သွားလောက်အောင်… အသိ စွမ်းအင်တွေ အားနည်း သွားလောက်အောင်… မျက်လုံး စွမ်းအင်ကပဲေ၀၀ါး သွားခဲ့လေပြီလား… ဒါမှမဟုတ် အသိ စွမ်းအင်တွေ လျော့ကျ သွားခဲ့ပြီလား…..။

အို…. မျက်လုံး အနီးတ၀ိုက်က တဆစ်ဆစ် နာကျင်နေပါလား….!

မျက်လုံးနား တ၀ိုက်က နာကျင်နေတာထက် ရင်ထဲမှာ မနာကျင်ဖို့… ဦးနှောက်ထဲက အသိ စွမ်းအင်တွေ မပျောက်သွားဖို့.. ဘယ်လိုသတ္တိတွေ.. အင်အားတွေ.. စိတ်ခွန်အား တွေနဲ့ ယှဉ်ပြိုင် နေရအုံးမှာပါလဲ…!

ဟင့်အင်း….ကျမရဲ့ အကြည့်တွေ အားလုံးကတော့ မှောင်အတိ ကျနေပြီ… ဘာကြောင့်လဲ… ဘာကြောင့်များပါလဲ…

အသိလေး တချက် ၀င်လာတဲ့ အခိုက်အတန့် ယောင်ရမ်းလို့ မျက်လုံးလေးကို ကိုင်ကြည့်လိုက်တဲ့ အခါမှာ ဘယ်လို အရာနဲ့များ ဖုံးအုပ် ထားခဲ့တာပါလိမ့်…..

အို…….. မဖြစ်နိုင်ပါဘူးးးးးးးးးးးးး

အမှောင်ထုကြီးက လွှမ်းမိုးထားပါလား……..

အမှောင်ထု ထဲမှာ စမ်းတ၀ါးဝါးနဲ့ လှမ်းလျှောက် လာရင်း ဘယ်ကို သွားနေတာပါလိမ့်.. ဘယ်ကိုဦးတည်ပြီး ရွေ့လျားနေတာ ပါလိမ့်.. ဘာကိုလိုချင်လို့ သွားနေတာ ပါလိမ့်လို့... ပြန်စဉ်းစားရင်း… ရုတ်တရက် အလင်းရောင်လေး တချက် လက်ကနဲ တွေ့လိုက်ရတယ်..!!!

အလင်းရောင်လေး နောက်ကို တကောက်ကောက် လိုက်ကြည့်ရင်း မသေချာ မရေရာတဲ့ မှုန်ဝါးေ၀၀ါး နေတဲ့ အရာလေး တခုနောက်ကို လိုက်နေမိသလိုများလား..။

သေချာ ကြည့်တော့မှ သိပ်ကို ကြည်လင် ၀င်းပတဲ့ လင်းရောင်တန်းလေး တခုပါလား…….။

ကြည်လင်ဝင်းပတဲ့ လင်းရောင်တန်းလေးရဲ့ နောက်မှာ ကပ်ပါသွားတဲ့ ကျမရဲ့ စိတ်ခွန်အား တွေကလည်း မယုံကြည်နိုင်စွာ အားအင် တက်ကြွလို့ ပင်ပန်းမှုကိုတောင် မခံစားရအောင် လိုက်ပါသွားခဲ့မိတယ်..။

ဒီအလင်းရောင်တန်း လေးက ဘယ်နေရာမှာမှ ဆုံးသွားမှာပါလိမ့်…. ဖြစ်နိုင်ရင် မဆုံးနိုင်တဲ့ နေရာလေး အထိ ကျမ လိုက်ပါသွား ဖြစ်တော့မယ်… အလင်းရောင်လေးရဲ့ ကြည်လင် ၀င်းပတဲ့ အလင်းတန်းလေး တခုကလွဲလို့ ဘာဆိုဘာမှ မြင်ခွင့် မရှိတော့ရင်တောင် ကျမလေ အလင်းတန်းလေး နောက်ကိုပဲ လိုက်နေပါရစေတော့……!

ဒါဟာ ကျမရဲ့ အသိ စိတ်အင်အားတွေ အားနည်းပြီး ပျောက်သွားခဲ့လို့လား....!

ဟင့်အင်းးး မဟုတ်ပါဘူး..

ကျမလေ..!!!!

ဒီအလင်းရောင်လေးကို သိပ်ကို မြတ်နိုး နေခဲ့သလို… ကျမရဲ့ အမှောင်ထုကြီးကို အလင်းရောင်လေး ပေးခဲ့လို့ပေါ့..

သေချာတာကတော့ ကျမတယောက်… အမှောင်ထုနဲ့ ဝေးရာ အလင်းရောင်လေး အရပ်ဆီသို့ ဦးတည်ခုတ်မောင်းလျက်….

Saturday, October 9, 2010

ရုပ်ကြွင်းလေးတခု

ရင်ထဲတနေရာက မျှော်လင့်ခြင်း အိပ်မက်တွေဖြစ်တဲ့ အိပ်မက်တွေသာ မက်ခွင့် ရမယ်ဆိုရင်….. ညတိုင်း မက်လိုက်ချင်ပါရဲ့…
ရာသီတွေ..........
နှစ်တွေ..............
လတွေ...............
ရက်တွေ.............သာ ကူးပြောင်းခဲ့ပေမဲ့ ရစ်မူးနေတဲ့ ပုံရိပ်တွေနဲ့ အေးစက်စက် နှလုံးသားကို ပြန်လို့ တူးဖေါ်လိုက်တဲ့ အခါမှာတော့….

လွမ်းစရာအိပ်မက်တွေ တနင့်တပိုး လွယ်ထားရတဲ့ သက်ရှိ တယောက်ရဲ့ ခါးသီးစရာ ရုပ်ကြွင်းတွေက လှောင်ပြောင်နေ သယောင်ယောင်….

ရုပ်ကြွင်းတွေကို ပြန်လို့ တူးဖေါ် ကြည့်လိုက်တဲ့ အခါမှာတော့ လတ်ဆတ်နေဆဲလား… ပုပ်သိုးနေတဲ့ ရုပ်ကြွင်းလား… နာကျင်မှုတွေနဲ့ အေးခဲ မာကျောသွားပြီဖြစ်တဲ့ အရာလေး တခုမျှပဲလား… ဒါမှမဟုတ် တကယ့်ကို သက်မဲ့ ရုပ်ကြွင်းတခုလေပဲလား…. ဝေခွဲမရနိုင်လောက်အောင် ဘယ်လိုအရာတွေက ပြုမူလိုက်ကြပြီလဲ..။

ပြုမူလိုက်ကြတဲ့ အရာလေး တခုနောက်ကို ခြေရာခံ လိုက်ကြည့်ရင်း လိုက်ကြည့်ရင်းနဲ့ ဟိုး….. အတိတ် ကမ္ဘာတခုဆီကို ရောက်သွားခဲ့ပေါ့..။ ဘာတွေများ ရှိခဲ့ပါလိမ့်….

အတိတ်ရဲ့ ကမ္ဘာငယ်လေးထဲမှာ ချစ်ခြင်းမေတ္တာတွေ အပြည့်.. ကြည်နူးမှု အပြည့်… အားအင်အပြည့်… ယုံကြည်ချက်အပြည့်… ပျော်ရွှင်စရာအပြည့်… မျှော်လင့်ချက်အပြည့်…နဲ့ ရဲရဲ လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေနဲ့ လျှောက်နေခဲ့တာကို တွေ့ရတဲ့ အခိုက် နှလုံးသွေး တဒင်္ဂ ရပ်တန့်သွားခဲ့တယ်…!

ရပ်တန့်နေခဲ့တဲ့ နှလုံးသွေးထဲကို အသစ်တဖန် လောင်းလိုက်တာကလည်း ချစ်ခြင်းမေတ္တာ တွေပဲ ဖြစ်နေခဲ့ပြန်တယ်..။

ဟိုးအတိတ် ကမ္ဘာလေးဆီက ထင်ကျန်ခဲ့တဲ့ ရုပ်ကြွင်းတခုကို ကောက်ယူလိုက်တဲ့ အခါမှာတော့ ဘာနဲ့မှ ဆေးရည်မစိမ်ထားတဲ့ ရုပ်ကြွင်းတခု အဖြစ်နဲ့သာ ဆီးကြိုနေလေရဲ့…။

အတိတ် ကမ္ဘာဆီက ရုပ်ကြွင်းလေးကို နေသားတကျ ပြန်ထားခဲ့ရင်း ကိုယ့်ရဲ့ ကမ္ဘာသစ် လာရာလမ်းကို ငေးမောလို့နေရင်း…..

ညနေခင်း ဆည်းဆာလေး တခုကိုတောင် ရောက်လာတော့မှာပဲ… လှပတဲ့ ညနေခင်း ဆည်းဆာလေးတခုကို ဖြတ်ကျော်ပြီးချိန် မှာတော့ မျှော်လင့် တောင့်တမိတဲ့ အိပ်မက်ကလေး... မက်မယ့် နေရာလေး တခုကို ဦးမော့လို့.. ဒီနေရာလေးကို သံသယကင်းကင်းနဲ့ ရောက်ဖို့ ဟိုးအတိတ်က ရုပ်ကြွင်းလေး ရှိရာ ကမ္ဘာငယ်လေး တခုဆီကိုတောင် သွားခဲ့ရသေးတာပဲ…!

သံသယကင်းကင်းနဲ့ ဆေးရည်မစိမ်ထားတဲ့ ရုပ်ကြွင်းလေးကိုတော့ လှပသေသပ်စွာ ထုပ်ပိုးပြီး နေသားတကျ ပြန်ထားခဲ့ပါတယ်လေ…။

ကမ္ဘာသစ်လေးဆီက ရုပ်ကြွင်းလေးလည်း လှပသပ်ရပ်စွာနဲ့ ကမ္ဘာမြေပြင် တနေရာမှာ သန့်ရှင်း လတ်ဆတ်နေမယ့် အရောင်ဆိုးဆေး မပါတဲ့ စိတ်ဆန္ဒတွေနဲ့ ထုပ်ပိုးထားတဲ့ အလတ်ဆတ် အရှင်းသန့်ဆုံး အိပ်မက်တွေနဲ့သာ မက်ခွင့် ရနိုင်ဖို့ ခွန်အားတစုံကို တိုင်တည်ရင်း ရုပ်ကြွင်းလေး တခုကို ငုံကြည့်မိလေရဲ့...!!!

Wednesday, October 6, 2010

လောင်မြိုက်စေခဲ့လေသလား…

ကမ္ဘာမြေပေါ်မှာ နေထိုင်နေကြတဲ့ လူသားတွေရဲ့ စိတ်ထဲမှာ တစုံတခုအတွက်.. တစုံတရာသော မေးခွန်းတွေ အတွက်… တစုံတရာသော မမျှတမှုတွေ အတွက်… `……………တွေ´ အတွက် လောင်မြိုက်နေကြရပါလား…။

ရင်ထဲ၊ နှလုံးသားထဲမှာ တစုံတရာသော အကြောင်းအရာတွေအတွက် လောင်မြိုက်ခဲ့ကြရတယ်။

ဘယ်လောက်များ လောင်မြိုက်မှုတွေ များခဲ့ရပါပြီလဲ…!

သူတပါးရဲ့ အပြောအဆို၊ အပြုအမူ၊ စိတ်နေစိတ်ထားတွေနဲ့ အကျင့်အကြံ တွေကြောင့် လောင်မြိုက် ကြရတယ်။ မိမိကြောင့် `ငါ´ မဟုတ်တဲ့ သူတပါးအပေါ် လောင်မြိုက်မှုတွေများ ပေးခဲ့မိလေ သလားးးးးး

မိမိရဲ့ မသိလို့ပဲဖြစ်ဖြစ်၊ သိလို့ပဲဖြစ်ဖြစ်၊ ကိုယ် စိတ်နှလုံး၊ အပြုအမူ၊ အပြောအဆို၊ ဟန်ပန် တွေကြောင့် တပါးသူရဲ့ စိတ်မှာ မလောင်ကျွမ်းစေချင်ပါဘူး..။ တခါတရံမှာ မိမိရဲ့ အပြောအဆိုလေး တခုကြောင့်…. စိတ်ကူးလေး တခုကြောင့်… တပါးသူကို ပြင်းထန် လောင်မြိုက် သွားစေနိုင်ပါတယ်..။

မိမိရဲ့ သိလိုစိတ် မေးခွန်းတွေကြောင့်လည်း သူတပါးရဲ့ ရင်ထဲမှာ လောင်မြိုက်မှုတွေ ဖြစ်သွားစေနိုင်ပါတယ်.။ သူတပါးရဲ့ စိတ် မလောင်မြိုက်စေဖို့ မပြောသင့်တာကို မပြောမိဖို့၊ မမေးသင့်တာကို မမေးမိဖို့လည်း လိုပါတယ်။

မိမိရဲ့ အမေးတခွန်းကြောင့် တပါးသူမှာ မဖြေချင်ပေမဲ့. ဖြေခဲ့ကြရတဲ့ အဖြေလေးတွေ အတွက် ဘယ်လောက်တောင် လောင်မြိုက်သွားခဲ့ရပြီလဲ……။ မပြောချင်ပေမဲ့ ပြောခဲ့ကြရပြီ….။ မဖြေချင်ပေမဲ့လည်း ဖြေလိုက်ကြရပြီ…။ ဖြေလိုက်ရပေမဲ့.. ပြောလိုက်ရပေမဲ့ တပါးသူမှာတော့ အဖြေတခုအတွက် လောင်မြိုက်မှုတွေ ဖြစ်သွားခဲ့လိမ့်မယ်။ အဲဒီအခါ သူတပါးရဲ့စိတ် လောင်မြိုက်သွားခဲ့လား ဆိုတာ သတိပြုမိ လိုက်ပါရဲ့လား…။ သတိပြုမိ ခဲ့ရင်လည်း လောင်မြိုက်မှု အတွက် ကိုယ်ချင်းစာစိတ် ရှိခဲ့ ပါ့မလားလို့ တွေးမိတယ်…။

လောင်မြိုက်သွားမှု အတွက် ဘယ်လိုမျိုး ရေချမ်းလေးနဲ့ ပြန်ပြီး ဖျန်းပက် ပေးနိုင်ပါ့မလဲ…။ ဖျန်းပက်ပေးတယ် ဆိုအုံးတော့… လောင်မြိုက်ခဲ့တဲ့ အပူရှိန်ရဲ့ ပူပြင်းမှုလေးတွေကတော့ ထင်ကျန်နေခဲ့အုံးမှာပဲလေ..။

ဒါကြောင့် သူတပါး အဖြေခက်မယ့် မေးခွန်းမျိုးကို မမေးမိဖို့.. မသိချင်ဖို့ ကြိုးစားရလိမ့်မယ်..။ သူတပါး အဖြေခက်မယ့် မေးခွန်းမျိုးကို မသိသား ဆိုးရွားစွာနဲ့ ဘာကြောင့်များ ဆက်ပြီး မေးအုံးမှာလဲ…။

သူတပါးရဲ့စိတ် မလောင်မြိုက်စေဖို့ နေထိုင်နိုင်တာလည်း လောကလူ့ဘောင်အတွက် လှပတဲ့ အနုပညာ ဖန်တီးခြင်း တမျိုးပါပဲလေ...။

မိမိလည်း တပါးသူ အဖြေခက်စေမယ့် မေးခွန်းမျိုးတွေ မေးခဲ့မိလေသလားလို့ တမျှော်ကြီး စဉ်းစားနေရင်း အတွေး ရေယာဉ်ကြောကြီးထဲ မျောချင်တိုင်း မျောနေလေတော့တယ်…။

Friday, October 1, 2010

ဘ၀တခု ဖြတ်ကျော်ချိန်မှာ...

လူတိုင်း လူတိုင်း... မလွဲမသွေ ရှောင်လွဲလို့ မရနိုင်တဲ့ အရိပ်သဖွယ် လိုက်နေတာ ကတော့ အို၊ နာ၊ သေတဲ့..။

ဒီစကားလုံးလေးကို ဟိုးးးးးးးးး ငယ်ငယ် စာအုပ်လေးတွေမှာ ဖတ်ဖူး၊ မြင်ဖူးနေခဲ့တယ်.။

နုပျိုတဲ့အရွယ်ကနေ တဖြည်းဖြည်း အသက်အရွယ် ကြီးလို့ ရင့်ကျက်လာပြီး အိုမင်းတဲ့ ဘ၀ကြီးကို မရောက်ချင်ပေမဲ့ ရောက်ရှိလာကြရမယ်.။ အိုမင်းတဲ့ဘ၀တခုကို ရောက်ပြီဆိုရင်…… မိမိရဲ့ဘေးမှာ ဘယ်လိုအရာတွေ… ဘယ်လို တရားတွေနဲ့ ၀န်းရံ နေပါ့မလဲ…။ အကောင်းဆုံး အဖေါ်က ဘာဖြစ်လိမ့်မလဲ…။

တွေးကြည့်ရုံနဲ့တင် ကြက်သီးထစရာ!!!!!

မိမိရော….. အိုမင်းလာတဲ့ အချိန်တခုကို ရောက်ရင် ဘာတွေနဲ့ ရင်ဆိုင်ရမလဲ… စိတ်ခွန်အားတွေရော အားကောင်းပါ့မလား… စိတ်ချမ်းမြေ့စရာ ကောင်းတဲ့… သာယာလှပတဲ့ ၀န်းကျင်လေးထဲမှာ တရားမျှတစွာနဲ့ အိုမင်းလှတဲ့ ဘ၀လေးကို ဖြတ်ကျော်နိုင်ပါ့မလား……….

တပါးသူရဲ့ အိုမင်းလှတဲ့ ဘ၀လေးတွေကိုလည်း ကိုယ်ချင်းစာတရားထားနိုင်ပြီး ဘယ်လို ပုံသဏ္ဍာန်မျိုးနဲ့ ၀န်းရံ ပေးနိုင်ပါ့မလဲ…။ အိုမင်းလာတဲ့ အချိန်လေးမှာ အထီးကျန်ဆန်မှုတွေကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးနိုင်ပြီး စောင့်ရှောက်ပေးနိုင်မယ့် ခွန်အားတွေရော ရှိနေပါပြီလား…။

နုပျိုတဲ့ ဘ၀လေးကနေ အိုမင်းတဲ့ ဘ၀တခုကို လိုချင်တပ်မက်မိမှာ မဟုတ်သလို အိုမင်းတဲ့ ဘ၀လေး ရောက်ခဲ့ရင်လည်း ကိုယ်၊ စိတ်၊ နှလုံး ကျန်းမာစွာနဲ့ ရှိနိုင်ဖို့ အရေးကြီးပါတယ်..။ အဲလို ကိုယ်၊ စိတ် ကျန်းမာစွာ ရှိနိုင်ဖို့အတွက် ငယ်ရွယ်တဲ့သူတွေက ဖေးမတွဲကူဖို့…. အားလပ်တဲ့ အချိန်လေးတွေမှာ အတူတကွ အဖေါ်ပြုပေးဖို့… စိတ်အားဖြည့်ပေးဖို့…. တယောက်တည်း ရှိနေတဲ့ အချိန်လေးတွေမှာလည်း ကိုယ်တိုင် စိတ်ပျော်ရွှင်မှုလေးတွေနဲ့ နေထိုင်နိုင်အောင် ပြုလုပ် စွမ်းဆောင် ပေးနိုင်ခဲ့ရင်.. အိုမင်းနေတဲ့ အဘိုးအဘွားတွေ အတွက် တတ်နိုင်သလောက်လေး လုပ်ပေးနိုင်ခဲ့ရင်…ပေါ့။

အဓိကက စိတ်ကျန်းမာနေရင် အရာအားလုံးနီးပါးလည်း ကျန်းမာနိုင်မယ်လို့ ထင်ပါတယ်။ အသက်အရွယ် ကြီးသူတွေကို ဦးစားပေး ဆက်ဆံတတ်ဖို့လည်း လိုမယ်ထင်ပါတယ်။ မေတ္တာတွေ ပေးတတ်ဖို့ လိုပါတယ်..။

အိုမင်းတဲ့ အသက်အရွယ်ကြီးသူတွေကို ကူညီစောင့်ရှောက်ပြီး မိမိရဲ့ ပေးဆပ်နိုင်တဲ့ ပေးဆပ်မှုလေးတွေနဲ့ ဖြည့်ဆည်းပေးပြီး လုပ်ပေးနေတ STA အဖွဲ့လေးတခု ပွင့်ဖူးလာတာကလည်း ကမ္ဘာမြေပြင် အတွက် လှပတဲ့ သက်ဝင် လှုပ်ရှားမှုလေး တခုပါပဲ..။

မိမိတို့ရဲ့ မိသားစုအတွင်း... မိမိတို့ရဲ့ ပတ်ဝန်းကျင် အ၀န်းအ၀ိုင်းအတွင်း... မှာ သက်ကြီးရွယ်အို အဘိုးအဘွားများအား တတ်အားသရွေ့ ဖေးမကူညီ စောင့်ရှောက်ရင်း... မေတ္တာတွေ ဝေမျှပေးရင်း... အိုမင်းနေတဲ့ ဘ၀တွေကို အားအင်ဖြစ်စေမယ့်.. ကြည်နူးမှုတွေ ဖြစ်စေမယ့်... အကြင်နာ မေတ္တာများ ပေးနိုင်ကြဖို့ ရည်သန်မျှော်တွေးရင်းးး

အောက်တိုဘာလ(၁) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့မှာ အသက်အရွယ်ကြီးမြတ်သူ ဘိုးဘွားတို့အား လက်ဆယ်ဖြာမိုး ရှီခိုးဦးချလျက်..

Monday, September 13, 2010

ကုန်ဆုံးသွားခဲ့ပြန်သော တနင်္ဂနွေ

တပတ်ပြီးတပတ် ကုန်ဆုံးသွားခဲ့သော တနင်္ဂနွေများကို ဖြတ်ကျော်ရင်း ရင်ထဲကို ရောက်ရှိလာတဲ့ အမှတ်မထင်မှုများက ပြန်လို့ အမှတ်ထင်ထင် ဖြစ်လာပြန်ပါကော…။

တခါတရံ တော့လည်း ဘာမှမဟုတ်ပဲ ကုန်ဆုံး သွားခဲ့တယ်..။ တခါတရံတော့ အမှတ် ထင်စရာ အဖြစ်အပျက် တွေနဲ့ ကုန်ဆုံး သွားခဲ့ရ ပြန်တယ်.။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ အမှတ်မထင်ရော.. အမှတ်ထင်စရာ တွေပါ နောက်ဆုံးတော့ ပုံရိပ်လွှာ အဖြစ်နဲ့သာ ကျန်ခဲ့တာ ကိုတော့ ရင်ထဲ တနေရာမှာ ခိုအောင်းနေတဲ့ ပုံရိပ်လွှာ လေးက ဘယ်လိုမှ မငြင်းနိုင်ပါဘူး..။ ပုံရိပ်လွှာလေးကိုပဲ အမြတ်တနိုးနဲ့ သိမ်းထားခွင့် လေး ရနေတာကိုပဲ ကျေးဇူးတင်ရမလိုလို..ဖြစ်သေး။

တနင်္ဂနွေ တရက်……

ထုံးစံအတိုင်း မနက် မိုးလင်းတာနဲ့…. ဦးနှောက်ထဲ အတွေး ရောက်လာတာက စာအုပ်တွေ…..

ဖြတ်ဆို ဘေးနားကို ကြည့်လိုက်တော့ ညက ဖတ်လက်စ စာအုပ်ကြီးက ဆီးကြိုလို့..

အော်.. ညက စာဖတ်ရင်းနဲ့ အိပ်ပျော်သွားခဲ့တာကိုးးးးး။

နားရက်လေးမှာ ဘာလုပ်ရမလဲ… စဉ်းစားရင်း စိတ်ကတော့ နေရာအနှံ့ကို ရောက်သွားခဲ့ပြန်ပြီ။ မြန်လိုက်တဲ့ စိတ်…ပါလား…၊ မနည်းလိုက်ဖမ်း… နေရ……..တယ်…၊ သတိနဲ့ ပြန်စုစည်းလိုက်တော့ ထိရှလွယ်တဲ့ စိတ်တစုံသာ ပြန်ရောက်လာခဲ့…ပေါ့ !!!

စိတ်ကို အနားပေးဖို့ အတွက် ညက ဖတ်လက်စ စာအုပ်ကို ယူပြီး ဖတ်နေ လိုက်တော့တယ်…။

ဟင့်အင်းးးးးးးးးးး တခါတရံ မကုန်ချင်တဲ့ နေ့တွေအတွက်… သဘာဝ တရားကြီးကို ဆန့်ကျင်လို့ အိပ်မက် မက်နေလိုက်တာ.။ မကုန်ချင်ပေမဲ့… မရောက်ချင်ပေမဲ့… ပြောင်းလဲနေတဲ့ အချိန် အတိုင်း စီးမြဲ စီးသွားနေတဲ့ ကာလ အတိုင်း လိုက်လံ စီးမျော သွားရတာပဲလေ..။ စီးမျော သွားနေတဲ့ အချိန်လေး တွေကိုပဲ ဘယ်လို ကုန်ဆုံးခဲ့ပြန်ပြီလဲ..။ တန်ဖိုးရှိရှိနဲ့ ကုန်ဆုံး သွားခဲ့တာလား……. ဘာမှ မလုပ်လိုက်ရပဲ ကုန်ဆုံး သွားခဲ့တာလား….. မိမိအတွက်ရော သူတပါး အတွက်ရော ဘာတွေ လုပ်ပေးပြီး ကုန်ဆုံး သွားခဲ့တာလဲ….. `လားးးးးးး´ပေါင်းများစွာနဲ့…….!

ကုန်ဆုံး သွားခဲ့တဲ့ အချိန်တွေ အတွက်… စိတ်ထဲမှာ ကြည်နူးနေခဲ့တဲ့ အရာတွေ ဘယ်လောက်ရှိ သွားခဲ့သလဲ… ၀မ်းနည်းစရာတွေ ဘယ်လောက်များ ရှိနေခဲ့သလဲ…. ၀မ်းသာစရာတွေ ရှိနေခဲ့ပါရဲ့လား…. အားရကျေနပ်မှုရော ရှိခဲ့ရဲ့လား….လို့ ပြန်တွေးကြည့်တော့ ပြန်မရနိုင်တဲ့.. ပြန်လိုချင်ခဲ့တဲ့ အချိန်လေး တချိန်ချိန် ရှိခဲ့တာတော့ သေချာခဲ့ပါတယ်…။ အဲဒီ အချိန်လေးကို ပြန်တမ်းတရင်း ကုန်ဆုံးခဲ့ရတဲ့ အချိန်တွေကို နှမြောမိသလိုလို ဖြစ်မိတယ်…။

တဖန် ထပ်ပြီး ကုန်ဆုံးမဲ့ ကာလတွေအတွက် ဘယ်လိုသော အစဉ်အလာ တွေနဲ့ တိုးဝှေ့ပြီး ဆက်မက်ခွင့် ရှိပါသေးသလဲ…!!!

ဆက်မက်ခွင့် ရှိအုံးမယ်ဆိုရင်... ကမ္ဘာမြေပြင်ရဲ့ ဟိုးးးးးးးးးးအဝေးဆုံးကို သွားပြီး ဖြစ်ခွင့်ရမယ့် အရာတွေအတွက် ဘာများ ပေးဆပ်ရအုံးမလဲ ဆိုတာ မေးလိုက်ချင်ပါရဲ့……!

အနည်းဆုံးတော့ ယုံကြည်မှုနဲ့ တည်ဆောက်ခဲ့တဲ့ ယုံကြည်ချက်… ခရီးလမ်း ပန်းတိုင်ကို ရောက်ဖို့အတွက်…၊ ရဖို့အတွက်… ပေးဆပ်ရမယ့် အရာတွေကိုတော့ ပြောပြပေးပါ………!

ပေးဆပ်ရမယ့် အရာတွေ အတွက်လည်း စိတ်ခွန်အား များသထက် များလာစေမယ့် စွမ်းဆောင် နိုင်ခွင့်ကိုသာ ပေးပါလေ..။

ဘာပဲဖြစ်ဖြစ် တနင်္ဂနွေ တရက်တော့ ကုန်ဆုံးသွားခဲ့ပြန်ပြီ...!!!!!

Monday, August 30, 2010

သိမှု အသိ နဲ့ မသိမှု အသိ

တခါတရံ သိမှု အသိနဲ့ မသိမှု အသိဆိုတဲ့ တူညီမှု မရှိတဲ့ အသိတွေကြောင့် ရင်ထဲထိအောင် ရှိုက်တုန်လို့ လှုပ်ရှား သွားခဲ့ကြရတယ်။

ရံဖန်ရံခါ လူသားတွေဟာ လောဘတွေ တပွေ့တပိုက်နဲ့ ဖြစ်ချင်ဇောတွေ မနိုင်မနင်းနဲ့ ရလေ ပိုလိုအပ်လေ ဆိုသလို ဖြစ်ကြရတယ်။ ဒါကလည်း ဖြစ်လေ့ ဖြစ်ထ ရှိတတ်တဲ့ လူ့သဘာဝကြောင့်ပါ။

သိမှုနဲ့ မသိမှု အသိ ကို သိလိုက်ပြီဆိုတဲ့ အသိလေး တချက် ၀င်လာပြီဆိုရင်တော့…..

လောဘကို လောဘလို့ သိလိုက်တဲ့ အသိလေး တချက်ကြောင့်....ပေါ့.... လိုချင် တပ်မက်တဲ့ ရုပ်ဝတ္ထု ပစ္စည်းတွေ၊ ဂုဏ်ရှိန်တွေ၊ သြဇာ ကြီးမား ချင်မှုတွေ၊ ဖြစ်ချင် လွန်းအားကြီးတဲ့ စိတ်ဆန္ဒတွေ၊ တပါးသူနဲ့ တုပြိုင်ချင်မှုတွေ၊…….တွေဟာ တဒင်္ဂ ငြိမ်သက်လို့..!

မသိမှု အသိလို့ အသိဝင် လိုက်တဲ့ အချိန် တွေဝေမိသွားတာ…

ဒါဟာ မလိုချင်လို့ နောက်ဆုတ် လိုက်တာလား… တပါးသူ အတွက် ငဲ့ညှာ လိုက်တာလား… လိုအပ်နေသူတွေ အတွက် ဝေဌ လိုက်တာလား… မိမိ သိလိုက်တဲ့ အသိတခု အတွက် အရှုံးပေး လိုက်တာလား…. ဖြစ်ချင်တဲ့ ဆန္ဒတွေကို ရိုက်ချိုး ပစ်လိုက်ခြင်းလား…. ဒါမှမဟုတ် လောဘကို မျက်ကွယ်ပြုလို့ အံတုလိုက်ခြင်းလား….!

မသိမှုကို မသိမှု အသိလို့ သိလိုက်တာဟာ အကောင်းဆုံး အသိတခု ဖြစ်ဖို့ ဖန်တီး ပုံဖေါ်လိုက်ခြင်းပါပဲ..။ အဲဒီအခါ ဖြစ်ပေါ်လာမဲ့ ပုံရိပ် ပန်းချီ တချပ်ဟာ အလင်းအမှောင် ညီမျှမှုကြောင့် စိုပြေ စိမ်းလန်းပြီး သာယာ လှပတဲ့ ပန်းချီကား တချပ် အဖြစ် မြင်တွေ့ရမှာပါ..။

မသိမှု အသိကို မသိမှုလို့ မသိတဲ့ အချိန်ကာလမှာတော့….

မလိုလားအပ်တဲ့ လောဘဇောကြောင့် သိမှုတွေ ပိန်းပိတ် မှောင်ဖုံးပြီး မသိမှုမှိုင်း တွေဟာ မသိမသာဖြစ်ဖြစ်..၊ သိသိသာသာပဲ ဖြစ်ဖြစ်… ကြီးစိုး ချယ်လှယ် လာလိမ့်မယ်။

သိမှုကို လောဘ အမိုက်မှောင်ကြီးက ဖုံးလွှမ်း သွားတဲ့အခါမှာတော့ မသိမှုတွေသာ ကြောက်စရာ ကောင်းလောက်အောင် ထင်ပေါ်လာခဲ့ကြတယ်.။

ဘယ်လောက်ပဲ လောဘ ဖုံးလွှမ်းလွှမ်း အင်အား ထုထည်ကြီးမားတဲ့ သိမှု (အသိဥာဏ်) နဲ့ ထိန်းချုပ်ပြီး ကောင်းသောဘက်ကို ဦးတည်တဲ့ အသိလေး တချက် လင်းလက်ခဲ့မယ် ဆိုရင် ဖြစ်ပေါ်လာမဲ့ ခံစားချက်ကလည်း ဖြူစင် အေးမြတဲ့ ပီတိ အဖြစ် အေးချမ်းစွာ စီးဆင်း နေမဲ့ စမ်းချောင်းလေး သဖွယ် ကြည်နူးမှုကို ပေးစွမ်း နိုင်မှာပါ။

မသိမှုတွေ နဲ့သာ ပြည့်နှက် နေခဲ့မယ်ဆိုရင် လူသား အားလုံး အတွက်လည်း အကြီးမားဆုံး အန္တရာယ် ဖြစ်လာခဲ့လိမ့်မယ်.။ မသိမှုတွေ သာ ရှိနေတဲ့ အတွက် သိမှုဆိုတာ ဘာလဲလို့ မသိတော့ပဲ သိမှု ယောင်ယောင် ဖြစ်လာကြတာလည်း အများကြီး ရှိပါတယ်။

တချို့သော သူတွေကတော့ တပါးသူရဲ့ အခြေအနေနဲ့ နေထိုင်မှု တွေကို ပြိုင်ဘက်သဖွယ် သဘောထားပြီး သိမှု ဆိုတဲ့ ဥာဏ်ပညာကို မေ့လျော့ နေတတ်ပြီး မသိမှုသာ စိုးမိုးလို့ ပြိုင်ဘက် တပါးသူရဲ့ သားကောင် ဖြစ်မှန်းမသိ ဖြစ်သွားကြရတယ်။

ဒါဟာ သိမှုကို မသိမှုက အောင်နိုင်သွားတဲ့အတွက် သိမှုဟာ မသိမှုရဲ့ သားကောင် ဖြစ်သွားတာပဲလေ။

မသိမှု ကလည်း လောဘတွေ များသထက်များ၊ ဖြစ်ချင်တာတွေ များသထက်များ၊ သာလွန်ချင်တာတွေ များသထက်များ၊ သူတပါးထက် လိုအပ်ချက်တွေ များသထက်များ ရာကနေ မသိမှုတွေ ကြီးထွား လာရတာပဲ…။

သိမှု အသိလေး တချက် လက်ကနဲ လင်းလက်လာတဲ့ အချိန်ဟာ ဘယ်လို အချိန်ပါလိမ့်လို့…….

အထပ်ထပ် တွေးတောကြည့်ရင်း...

တချို့ကတော့ မသိမှု အမိုက်မှောင်ကို မသိလို့…. တချို့ကတော့ သိပေမဲ့ လောဘဇော ကြောင့် မသိမှု အသိ မှောင်ထဲမှာ လူးလား ကူးခတ် နေလေရဲ့….

အသိတွေထဲမှာမှ... မသိမှု အသိ ဆိုတဲ့ ရှုပ်ထွေးလှတဲ့ ၀င်္ကဘာတော ထဲမှာ တ၀ဲလည်လည် ဖြစ်မနေပဲ သိမှု အသိနဲ့ မသိမှု အသိ ကို ဝေဖန် ပိုင်းခြား နားလည်နိုင်စွမ်း ရှိသောသူသာ ဖြစ်ပါရစေ..။

လူသားတိုင်း လူသားတိုင်းလည်း သိမှု အသိဆိုတဲ့ အလင်းရောင် တွေနဲ့သာ လောကကြီးမှာ ရှိနေတဲ့ လူသား အားလုံးကို အလှပန်း ဆင်နိုင်ကြ ပါစေလို့ ဆန္ဒ ပြုရင်း....

Wednesday, August 25, 2010

တခေတ်တခါက သြဇာထွားခဲ့လေသော…



ကျမဖတ်တဲ့ စာအုပ်တွေထဲက ကျမစိတ်ဝင်စားခဲ့တဲ့ စာအုပ်တအုပ် ကတော့ စာရေးဆရာ ရွှေကျော်ဦး ဘာသာပြန် ရေးသားတဲ့ နာဇီစစ်အကျဉ်းစခန်းနှင့်တော်လှန်ရေးရဲဘော်များ´စာအုပ်ပါ..။ မူရင်း စာအုပ် အမည်ကတော့ Naked Among Wolves ဖြစ်ပြီး မူရင်း ရေးသားသူကတော့ ဂျာမနီနိုင်ငံသား စာရေးဆရာ Bruno Apitz (ဘရူနိုအာပစ်) ပါ..။


Bruno Apitz (ဘရူနိုအာပစ်)

မူရင်း ရေးသားခဲ့တဲ့ စာရေးဆရာကြီး Bruno Apitz (ဘရူနိုအာပစ်) ရဲ့ အထုပ္ပတ္တိကိုလည်း မြန်မာ ဘာသာပြန် ရေးသားထားတဲ့ `နာဇီစစ်အကျဉ်းစခန်းနှင့်တော်လှန်ရေးရဲဘော်များ´ စာအုပ် ထဲကနေ အကျဉ်း ပြန်လည် ဝေမျှပေးလိုက်ပါတယ်။

ဘရူနိုအာပစ် ရေးသားခဲ့တဲ့ Naked Among Wolves စာအုပ်ဟာ အရှေ့ဂျာမနီနိုင်ငံ အမျိုးသားစာပေ ဆုရ စာအုပ်တအုပ် ဖြစ်ခဲ့ပြီး ထင်ရှား ကျော်ကြားခဲ့တဲ့ စာအုပ်တအုပ်ပါ..။ ဘရူနိုအာပစ်ဟာ ဂျာမနီလူမျိုးတဦး ဖြစ်ပြီးတော့ ၁၉၀၀ ခုနှစ် ဧပြီလ ၂၈ ရက်နေ့မှာ ဂျာမနီပြည်၊ လိုက်ဇစ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ `လူ့ခနက်´ အမည်နဲ့ ဖွဲ့စည်းထားတဲ့ ဆိုရှယ်လစ်အလုပ်သမား လူငယ်အဖွဲ့ဝင် ဖြစ်လာပြီး အသက်မွေးဝမ်းကျောင်း ပညာ အဖြစ် ရာဘာဘလောက် တံဆိပ်တုံး ပြုလုပ်တဲ့ ပညာကို သင်ကြားခဲ့ပါတယ်။

၁၉၁၇ ခုနှစ်မှာ စစ်ဆန့်ကျင်ရေး လုပ်ရပ်တွေကြောင့် ၇လကြာ အဖမ်းခံခဲ့ရပြီးတော့ ၁၉၁၉ မှာတော့ သပိတ်မှောက် ဆန္ဒပြပွဲမှာ ပါဝင်တဲ့ အတွက် အစိုးရရဲ့ ပြင်းပြင်းထန်ထန် သတိပေးခြင်းကို ခံခဲ့ရပါတယ်။ ၁၉၃၃ မှာ နာဇီက သူ့ကို ပထမအကြိမ် ဖမ်းဆီးခဲ့ပြီး အကျဉ်းစခန်းမှာ ၃လ ကြာ ခဲ့ပါတယ်။ အဲဒီနှစ် နိုဝင်ဘာမှာပဲ ဘရူနိုအာပစ်ဟာ ဒုတိယ အကြိမ် ဖမ်းဆီးခံခဲ့ရပြန်ပါတယ်။ အဲဒီအခါမှာတော့ ၂နှစ် ၁၀လ ကြာခဲ့ပြီး အကျဉ်းစခန်း အပြင်ဘက်ကို ပြန်ရောက်မလာတော့ပဲ `ဘူခင်ဝေါ´ အကျဉ်းစခန်း ရှိရာကို ပို့ဆောင်ခြင်း ခံခဲ့ရပါတယ်။ `ဘူခင်ဝေါ´ စစ်အကျဉ်းစခန်းထဲမှာ ၁၉၄၅ ခုနှစ်အထိ `အနိုင်´ နိုင်ငံ ရဲဘော်များနဲ့အတူ နှိပ်စက် ညှင်းပမ်းမှု အမျိုးမျိုးကို ဝေတူ မျှတူ ခံစားခဲ့ပါတယ်။

စစ်ကြီးပြီးလို့ စစ်အကျဉ်းစခန်း ကနေ လွတ်မြောက် လာပြီးတဲ့အခါ ဘရူနိုအာပစ် ဟာ လိုက်ဇစ်မြို့မှာ ကြီးကြပ် အုပ်ချုပ်ရေး မန်နေဂျာ အလုပ်ကို ၀င်လုပ်ပြီး DEFA (ဒေဖာ) ရုပ်ရှင် ကုမ္ပဏီအတွက် ပြဇာတ်များကို ရေးသားစီစဉ် ထုတ်လုပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘရူနိုအာပစ်ရဲ့ ပြဇာတ်အချို့ ဇာတ်ခုံပေါ်မှာ ပြသခွင့် မရခဲ့ပါဘူး.။ တချိန်ထဲမှာလည်း ရေဒီယိုပြဇာတ် အချို့ကို ရေးသားခဲ့ပါတယ်။
၁၉၅၅ ခုနှစ်မှာ Naked Among Wolves စာအုပ်ကို စတင်ရေးသားပြီးတော့ ၁၉၅၈ ခုနှစ်မှာ စာအုပ်အဖြစ်နဲ့ ထုတ်ဝေ ဖြန့်ချိခဲ့ပါတယ်။ ဒီစာအုပ်ကို ရုပ်ရှင်ရိုက်တဲ့အခါမှာ စာရေးဆရာကြီး ဘရူနိုအာပစ် ကိုယ်တိုင် ပါဝင် သရုပ်ဆောင် ခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်မှာတော့ ဇာတ်ကားထဲက ဇာတ်ကောင်တွေနဲ့ အတူ ဘရူနိုအာပစ်လည်း ရုပ်ရှင်ဆုကို ရရှိခဲ့ပါတယ်။

ဘရူနိုအာပစ်ဟာ ၁၉၅၅ ခုနှစ် ကတည်းက ဘာလင်မြို့ကို ပြောင်းပြီး စာပေ ရေးသားတဲ့ အလုပ်တခုကိုပဲ လုပ်ကိုင်ခဲ့ပါတယ်။ Naked Among Wolves စာအုပ်ကြောင့် ကမ္ဘာကျော် စာရေးဆရာကြီး တဦး ဖြစ်လာခဲ့ပါတယ်.။ စာအုပ်ကို ဘာသာပေါင်း ၂၅ ဘာသာ ပြန်ဆိုပြီး နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ ထုတ်ဝေခဲ့ပါတယ်။ စာရေးဆရာ ဘရူနိုအာပစ်ဟာ ၁၉၇၉ ဧပြီလ ၇ရက်နေ့မှာ အရှေ့ဂျာမနီ ဘာလင်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ်အတွင်းက နာမည်ကျော်ကြားခဲ့တဲ့ အကျဉ်းစခန်းတွေထဲမှာ`ဘူခင်ဝေါ´ အကျဉ်းစခန်းဆိုတာ လူစိတ် အကင်းမဲ့ဆုံးအကျင့်၊ စိတ်ရိုင်းတွေနဲ့ လူလူချင်း အရက်စက် အကြမ်းကြုတ်ဆုံး ညှင်းပမ်း သတ်ဖြတ်ခဲ့တဲ့ လူ့သမိုင်းရဲ့ အမဲစက်ကြီးတွေထဲက တခုဖြစ်ခဲ့ပါတယ်..။

`ဘူခင်ဝေါ´ အကျဉ်းစခန်းဂိတ်

`ဘူခင်ဝေါ´ စစ်တန်းလျားများ

ဘူခင်ဝေါ´စခန်းထဲက သုံ့ပန်း တွေဟာ သိပ္ပံပညာရဲ့ စမ်းသပ်ခံ ပစ္စည်းတွေ အဖြစ်နဲ့ အသက်ကို စတေးပြီး အစမ်းသပ် ခံခဲ့ကြရတယ်။ နာဇီစစ်အကျဉ်းစခန်းနှင့် တော်လှန်ရေးရဲဘော်များ စာအုပ်ထဲ မှာတော့ နာမည်ဆိုး နဲ့ ထင်ရှားတဲ့ `ဘူခင်ဝေါ´ အကျဉ်းစခန်း ရဲ့ ပုံရိပ်ကို ထင်ထင်ရှားရှား ပြသထားပါတယ်။ ပြီး.. လူစိတ်ရှိတဲ့ သူတွေနဲ့ သားရိုင်းစိတ်ရှိတဲ့ သူတွေရဲ့ ကွဲပြား ခြားနားပုံ တွေကို ဖေါ်ပြထားတယ်။

(ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းက ဥရောပတိုက်ကြီး တခုလုံးကို စိုးမိုးအုပ်ချုပ်ရန် အားထုတ်ခဲ့သူ စစ်အာဏာရှင်ကြီး အဒေါ့ဖ်ဟစ်တလာ)

(`ဘူခင်ဝေါ´ စစ်အကျဉ်းစခန်းကို စီမံ အုပ်ချုပ်ရန် ဟစ်တလာ၏ အထူး အာဏာကုန် ပေးအပ်ခြင်း ခံရသော ဗိုလ်ချုပ်ကြီး) ဒုတိယ ကမ္ဘာစစ်အတွင်းက စစ်အာဏာရှင်ကြီး ဟစ်တလာ၏ လက်ရုံးတဆူ ဖြစ်သော ဗိုလ်ချုပ်ကြီး ဟင်းမလား

ဒုတိကမ္ဘာစစ်ကြီးအတွင်းက နာဇီစစ်အာဏာရှင် ဟစ်တလာ၏ စစ်သားများ တန်းစီစစ်ရေးပြနေသည့်ပုံ

`ဘူခင်ဝေါ´ စစ်အကျဉ်းစခန်းမှ အကျဉ်းသားများ

`ဘူခင်ဝေါ´ စစ်အကျဉ်းစခန်းမှ အကျဉ်းသားများ

`ဘူခင်ဝေါ´ စစ်အကျဉ်းစခန်း အတွင်း နှိပ်စက်ညှင်းပန်းမှုဒဏ်ကို ခံစားနေရသောပုံ

နှစ်ဆယ်ရာစုနှစ်မှာ ဟစ်တလာရဲ့ တတိယ ဂျာမန်နိုင်ငံတော်ဟာ ကမ္ဘာ့သမိုင်းမှာ မရှိခဲ့ဖူးတဲ့ နည်းမျိုးစုံတွေနဲ့ နာဇီဝါဒ ဆန့်ကျင်သူတွေကို ညှင်းပန်းနှိပ်စက်ခဲ့တယ်.။

`ဘူခင်ဝေါ´ အကျဉ်းစခန်းမှာ့ ဥရောပတိုက် `အနိုင်´ နိုင်ငံမှ အကျဉ်းသားများက သူတို့ဘ၀ လွတ်မြောက်ရေးနှင့် သူတို့နှင့်အတူ အချုပ်နှောင်ခံနေရသော အပြစ်မဲ့ ခလေးတယောက် အသက်မသေရေး အတွက် ဖိနှိပ်မှု အမျိုးမျိုး၊ ညှင်းပန်းမှု အမျိုးမျိုးများ ကြားမှာ ရုန်းကန် လှုပ်ရှားခဲ့ကြရတယ်.။ ညှင်းပန်း နှိပ်စက်မှုများကို အညံ့မခံ.. ဆင်းရဲမှုနဲ့ ပင်ပန်းမှုတွေကို ပဓါနမထားပဲ သက်စွန့် ကာကွယ်ခဲ့ကြတယ်။ နောက်ဆုံးအောင်ပွဲခံရမဲ့ သူတွေဟာ ငါတို့ပဲ ဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ခံယူချက်တွေနဲ့ နာဇီဟစ်တလာရဲ့ ဖိနှိပ်ရက်စက်မှုတွေကို အောင်ပွဲရတဲ့အထိ တွန်းလှန် ဖြိုလှဲပစ်နိုင်ခဲ့ကြတယ်..။

`ဘူခင်ဝေါ´ စစ်အကျဉ်းစခန်းရှိ အကျဉ်းသားများ အနက် နှိပ်စက်ညှင်းပမ်းမှုအမျိုးမျိုးကို ရှေ့ဆုံးတန်းကခံစားသွားရသော တော်လှန်ရေးရဲဘော်များ၏ အမှတ်တရကျောက်ရုပ်ပုံ

အကျဉ်းသားများရဲ့ တော်လှန်ရေးအသိ၊ ဇွဲသတ္တိ၊ အညံ့မခံတဲ့ စိတ်ဓါတ်၊ နာဇီရန်သူကို အမြစ်ပြတ် ချေမှုန်းတဲ့ စိတ်ဓါတ် တွေကြောင့် တော်လှန်ရေး အောင်ပွဲ ရတဲ့အထိ ဆင်နွှဲ နိုင်ခဲ့ကြပါတယ်။

ဘယ်လိုပဲ တန်ခိုး သြဇာ ထွားခဲ့..ထွားခဲ့.. ဘယ်လိုပဲ အနိုင်ယူ နှိပ်စက်ခဲ့…နှိပ်စက်ခဲ့…မတည်မြဲတဲ့ လောကကြီး မှာ နောက်ဆုံး သွားရာလမ်း ဖြစ်တဲ့ သေဆုံးခြင်း နိယာမကိုတော့ တန်ခိုးသြဇာ ကြီးပါတယ် ဆိုတဲ့ သြဇာရှင်ကြီး တွေဟာ ဘယ်လို တန်ခိုးသြဇာမျိုး နဲ့မှ အနိုင်မယူခဲ့နိုင်ပါဘူး…!!!

ကိုးကား...စာရေးဆရာရွှေကျော်ဦး ၏ `နာဇီစစ်အကျဉ်းစခန်းနှင့် တော်လှန်ရေးရဲဘော်များ´ စာအုပ်မှ

Monday, August 16, 2010

အက်ဆစ်ထက်ပြင်းမယ့်အဆိပ်

လူသားတွေဟာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေရတယ် ဆိုတာ ကိုတော့ ငြင်းဆိုလို့ မရနိုင်ပါဘူး.။ တချို့ကလည်း ဒါလုပ်လိုက်မှ တစုံတခု ပြောင်းလဲသွားမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့….။ တချို့ကလည်း ပြောင်းလဲသွားမလား ဒါမှမဟုတ် ပိုကောင်း သွားနိုင်မလားဆိုပြီး မျှော်လင့်ချက်ကြီးကြီးနဲ့….။ တချို့ကလည်း ဒါလုပ်ပေမဲ့လည်း ပြောင်းလဲသွားမှာ မဟုတ်ပါဘူး ဆိုတဲ့ တိကျလှတဲ့ မျှော်လင့်ချက်နဲ့….။

တချို့သော အရေးကြီးဆုံးအရာတွေဟာ ဒါလုပ်လိုက်ပေမဲ့ ထင်ထား မျှော်လင့်ထားသလို ကောင်းတဲ့ ပြောင်းလဲမှုမျိုး ဖြစ်လာချင်မှာ ဖြစ်လာမှာပါ…။

ဒါဟာ ဘယ်လိုဖြစ်လို့လဲ…

ကောင်းသော ပြောင်းလဲခြင်းတွေကို ပြောင်းလဲပေးနိုင်မဲ့ အရာဟာ အသိဥာဏ် ပညာပြည့်ဝပြီး မှန်ကန်မျှတမှု ရှိတဲ့ လူသားဆန်တဲ့ လူသား ဖြစ်နေလို့ပါပဲ.။ အဲလို အရေးကြီးတဲ့ လူသားတွေကမှ ကောင်းသော ပြောင်းလဲမှုတွေကို ပြုပြင် ပြောင်းလဲ ပေးနိုင်မှာလေ… ။ ပြောင်းလဲပေးနိုင်မယ့် လူသားဟာ ဘ၀တန်ဖိုးကို နားလည်ပြီး လူသားဆန်တဲ့ လူသားသာ ဖြစ်ခဲ့မယ်ဆိုရင် ကောင်းသော ပြောင်းလဲမှုမျိုးတွေကို ပြောင်းလဲပေးဖို့ စိတ်ဆန္ဒလည်း ရှိနေမှာပါ…။

ဒါလုပ်လိုက်လို့ ပြောင်းလဲသွားနိုင်မလား.. မပြောင်းလဲသွားနိုင်ဘူးလား… ပိုဆိုးလာနိုင်မလား ဆိုတဲ့ ကိစ္စတွေမှာတော့ လူသားတွေရဲ့ မြင့်မြတ်လှတဲ့ စိတ်ဓါတ် နဲ့ သေသပ် လှပစွာ ချည်နှောင်ထားတဲ့ သစ္စာကြိုးလေးသာ အဓိကပါ…။ အဲဒီကြိုးလေးသာ မခိုင်ခဲ့ရင်တော့….!

ပြောင်းလဲသွားနိုင်တယ်လို့ ယူဆနေတဲ့ အရာတွေရဲ့ နောက်ကွယ်မှာလည်း အဆိပ်ထက် ပြင်းတဲ့ အဆိပ်တွေ ကပ်ပါလာခဲ့ရင်……..! ကောင်းသော ပြောင်းလဲမှုမျိုးထက် ဆိုးတဲ့ အဆိုးရွားဆုံး ပြောင်းလဲမှုမျိုး ဖြစ်သွားမှာ မုချဧကန်ပါ…။

အဆိပ်တွေနဲ့ ပြည့်နေမဲ့ ပြောင်းလဲမှုမျိုးကို လူသားဆန်တဲ့ လူသားတွေက ဘယ်လို လိုချင်တပ်မက်မိမှာပါလိမ့်…!!!

တစုံတခုကို အပြင်းအထန် ပြောင်းလဲချင်ဇောနဲ့ တခုခုကို လုပ်လိုက်တဲ့ အခြေအနေတွေမှာ အရေးကြီးတာက လွတ်လပ် မျှတပြီး ကိုယ်ချင်းစာတရားနဲ့ ပြည့်စုံတဲ့ ဗြဟ္မစိုတရားကို လက်ကိုင်ထားနိုင်တဲ့ ကောင်းမွန်လှတဲ့ စိတ်စေတနာကောင်းလေးတွေကို အခြေခံပြီးမှ လုပ်ကိုင် ပြုမူသင့်ပါတယ်…

မျှတမှု မရှိတဲ့ လုပ်ရပ်တွေ… `ငါ´ဆိုတဲ့ အတ္တကြီးကိုပဲ ဆုပ်ကိုင်ပြီး `ဒါပဲဖြစ်ရမယ်´ ဆိုတဲ့ လူသားမဆန်တဲ့ စိတ်ရိုင်းတွေ…. `ငါ´ ပြောတဲ့ သြဇာကိုပဲ နာခံရမယ်ဆိုတဲ့ တကိုယ်ကောင်းဆန်မှုတွေ…. ကိုယ်ချင်းစာတရား ခေါင်းပါးပြီး တပါးသူရဲ့ ဝေဒနာကို မသိကျိုးကျွန် ပြုမူမှုတွေ…. လောဘဇောကြီးပြီး လိုချင်တပ်မက်မှု လွန်ကဲနေမှုတွေ….. နဲ့ ခန္ဓာကိုယ်ထဲမှာ မွှန်းထုံထားမယ်ဆိုတဲ့ လူသားတွေသာ ဖြစ်နေခဲ့မယ်ဆိုရင်တော့ ကောင်းသော ပြောင်းလဲခြင်းတွေ ဖြစ်လာမှာ မဟုတ်သလို မျှော်လင့်ထားနေခဲ့တဲ့ ပြောင်းလဲခြင်းတွေဟာ အက်ဆစ်ထက် ပြင်းတဲ့ အဆိပ်တွေနဲ့ ပြည့်နေပြီး အချည်းနှီး ဖြစ်မှာ မြေကြီးလက်ခတ် မလွဲပါပဲ..။

ကောင်းသော ပြောင်းလဲမှုမျိုးကို လိုချင် မျှော်လင့်နေတဲ့ လူသားတွေဟာလည်း မိမိကိုယ်တိုင် ကောင်းသော ပြောင်းလဲမှုမျိုးကို ဘယ်လိုပုံစံလုပ်မှ ပြောင်းလဲမလည်း ဆိုတာ သိနားလည်ခဲ့ရင်….!

မိမိ ကိုယ်တိုင်လည်း ကောင်းသော ပြောင်းလဲမှုမျိုးကို လိုချင် တပ်မက်မိလေတော့……!!!

Saturday, July 31, 2010

အဓိပ္ပါယ်ရှိပါရဲ့လား…


အဓိပ္ပါယ်ပြည့်ဝတဲ့ တခုသော နေရာလေးကို ရောက်သွား ခဲ့ရပြန်တယ်..။ ဒါဟာ တစုံတခု အတွက် ခံပြင်းမှု၊ အလိုမကျမှု၊ အပေါ်စီးဆန်မှု၊ အနိုင်ကျင့်ခံလိုက်ရမှု၊ ဆိုတဲ့ အမျိုးမျိုးသော `………..မှု´ တွေကြောင့် ပဲလေ.။

စိတ်ကို ဖြူစင်အောင် ဆုံးမနေတဲ့ ကြားထဲမှာပဲ တခါတရံ ဖြူစင်တဲ့ စိတ်ရဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ `စိတ်´လောကကြီးထဲ ခေါ်ဆောင် သွားခံခဲ့ရတာ ကိုတော့ မငြင်းဆို နိုင်ပါဘူး…။ အဲဒီ အခါမှာ ဆန့်ကျင်ဘက် `စိတ်´ ထဲ ရောက်နေပြီ ဆိုတာ သိလိုက်တာနဲ့ တပြိုင်နက် စိတ်ကို အလျင်အမြန် ဖမ်းဆုပ်ပြီး ဖြူစင်တဲ့ စိတ် ဆီကို ဦးတည် ခုတ်မောင်းလို့..။

အဓိကက စိတ်ကို အနိုင်ကျင့် မခံရဖို့ အရေးကြီးပါတယ်..။ တပါးသူရဲ့ အဓိပ္ပါယ် အပြည့်နဲ့ လျှောက်လှမ်းနေတဲ့ စိတ် ကို အနိုင်မကျင့်မိဖို့ ပိုအရေးကြီး ပြန်ပါတယ်။

တချို့ကျတော့လည်း မိမိ လုပ်လိုက်မိတဲ့ ကိစ္စ တရပ်က တပါးသူရဲ့ စိတ် အပေါ်မှာ ဘယ်လောက်ထိ အနိုင်ယူ လိုက်တယ်ဆိုတာ မသိလိုက်တာလား… မသိချင်ယောင်ဆောင် လိုက်တာလား…! ဒါမှ မဟုတ် `အကျင့်´ပါ နေလို့ ပါလို့ ဖြေရှင်းနိုင်မဲ့…. ဒိုင်း သဖွယ် အကာအကွယ် ယူနေကြတာများလား….!

တချို့ကျတော့လည်း မိမိ လုပ်လိုက်မိတဲ့ ကိစ္စတိုင်း မှန်ကန် ပြည့်ဝ မျှတ နေပါတယ်လို့ ယူဆ မိကောင်း ယူဆလို့ ဖြစ်ပါလိမ့်မယ်..!

တချို့ကျတော့လည်း မိမိကြောင့် တပါးသူရဲ့စိတ် ထိခိုက်ရှနာ သွားမှာကိုပဲ စိုးရိမ်လွန်း ကြပြန်တယ်.။ တပါးသူရဲ့ စိတ် အခြေ ကို အမြဲ ဖတ်နေဖြစ်တဲ့ သူမျိုးပဲ..။ အဲဒီအခါ မိမိဘက်က တခုခု လွန်ကဲသွားရင်တောင် ချက်ခြင်း ပြင်ပြီး မိမိစိတ် မခံနိုင်မဲ့ လုပ်ရပ်မျိုးကနေ မလုပ်ဖြစ်တော့မဲ့သူ တယောက် ဖြစ်သွားရလိမ့်မယ်…!

တချို့ကျတော့လည်း တပါးသူရဲ့ စိတ်ကို မသိလိုက် မသိပါသာ နေတတ်တဲ့ သူမျိုးမို့ ထူးခြားတဲ့ လက္ခဏာ မဖြစ်မိမူပဲ မိမိရဲ့ စိတ်သွားရာ လမ်းအတိုင်း ချောမွေ့လို့….!

ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ… အခက်ခဲဆုံးလို့ ယူဆရတဲ့ မိမိ နဲ့ သူတပါး စိတ် ကို တန်ဖိုးထားတတ်ဖို့၊ လေးစားတတ်ဖို့၊ မျှဝေ ခံစား နားလည်ပေးတတ်ဖို့…!

အဓိပ္ပါယ် ပြည့်ဝတဲ့ နေရာလေး တခုမှာ ကိုယ်စိတ် နှလုံး စိတ်ခွန်အား မှန်ကန် ပြည့်ဝစွာနဲ့ ၀န်းကျင် ပတ်လည်မှာလည်း ဖြူစင်သော စိတ်ထားများ ပိုင်ဆိုင်ထားသူများ နဲ့သာ ဆုံတွေ့ခွင့် ရရပါလို၏။

သူတပါးရဲ့ ကိုယ် စိတ် နှလုံးကို.... နာကျင် ထိခိုက် ခံစားရစေမဲ့ လုပ်ရပ်… အနိုင်ကျင့် လိုက်တဲ့ အပြုအမူ လုပ်ရပ်… အနိုင်ကျင့် လိုက်တဲ့ စကား အပြောအဆို လုပ်ရပ်… လှပတဲ့ အနာဂတ်လေး ပျက်စီး သွားမဲ့ လုပ်ရပ်…မျိုး မလုပ်ဖြစ် ခဲ့ရင် အပြန်အလှန် သန့်ရှင်း စင်ကြယ်တဲ့` စိတ်´တွေ ထွန်းလင်း တောက်ပ နေမှာပါ…။

ထိုထိုသော ဖြူစင်သော စိတ်ရဲ့ ဆန့်ကျင်ဘက် ဖြစ်စေမဲ့ စိတ်မျိုး… မိမိကိုယ်.. မိမိစိတ် ၌ ဘယ်သောအခါမှ.. ဘယ်လိုကဲ့သို့သော အခြေအနေ… မျိုးမှာမှ သန္ဓေမတည် မိဖို့ သာ ငါ့အား စွမ်းဆောင် ပေးပါလေ……..!!!!!

Wednesday, July 28, 2010

ပုံရိပ်ယောင်…

ရင်ထဲ အနက်ရှိုင်းဆုံး တနေရာမှာ ဖြစ်တည်နေတဲ့ အစိုင်အခဲ ဒြပ်မဲ့တခု…

တကယ်တော့ ကိုင်တွယ် ထိတွေ့ခွင့် ရဖို့ အခွင့်အလမ်း မရှိခဲ့တဲ့ ဒြပ်မဲ့တခု အဖြစ်နဲ့သာ……

ဆိုပေမဲ့.. ကိုင်တွယ် လို့ရတဲ့ ဒြပ်ဝတ္ထုတွေထက် ပါဝါအား ကောင်းတဲ့ ဒြပ်မဲ့ ပုံရိပ်ယောင်လေး တခု…

အတ္တမပါတဲ့ နှလုံးသား ထဲမှာ အဖြူရောင် သံစဉ်တွေနဲ့ ရောယှက်ထားတဲ့ သံစဉ် တေးသွားလေး တပုဒ်က ၀င်ရောက် နေရာယူ စည်းချက် လိုက်လို့…

နှလုံးသား ထဲကို မသိမသာ တိုးဝင်လာတဲ့ ညင်းသဲ့သဲ့ အရိပ်အယောင်လေး တခုကလည်း ဆွတ်ပျံ့ ကြည်နူးစွာ စီးဆင်းလာခဲ့လို့….! ဒါ….. ဒြပ်မဲ့ ပုံရိပ်ယောင်လေး တခုတဲ့လား..!

အသက်ရှူသံ တွေတောင် ကပြောင်းကပြန်နဲ့….!

နှလုံးသွေးကြော တလျှောက် စီးဆင်းလာတဲ့ ပုံရိပ်ယောင်လေး တခုက ဖြတ်ကနဲ ဆိုပေမဲ့ တကယ့်ကို စွဲထင် ကျန်နေခဲ့တဲ့ စစ်မှန်တဲ့ အလင်းတန်းလေး တခုပါလား….။

အဲဒီ အလင်းတန်း လေးတခုကို သိမ်းဆည်းထားနိုင်တဲ့ နေရာလေး တခုကလည်း ဒီနှလုံး သွေးကြောလေး ထဲမှာပဲ ဖြစ်နေလေရဲ့…! နှလုံးသွေးထဲမှာပဲ ပုံရိပ်ယောင်လေး တခုအဖြစ် သိုဝှက် ထားချင် လိုက်တာလေ...

နှလုံးသွေးတွေ ပုံမှန် စီးဆင်းနိုင်မဲ့ ပုံရိပ်ယောင်လေးရဲ့ ကိုယ်ပွားတခု……!!!

ပုံရိပ်ယောင်ရဲ့ အလင်းတန်းလေးကြောင့် မှုန်ဝါး ရီဝေ… အိပ်စက်နေတဲ့ နှလုံးသားလေးလည်း အလင်းရောင်တွေနဲ့ ရှင်သန် နိုးထ စေခဲ့တာပေါ့…။

ိပ်စက်နေတဲ့ နှလုံးသားလေးလည်း ခုတော့… အလင်းတန်းလေးနဲ့ အတူ သစ်လွင် လှပတဲ့ အာရုဏ်ဦး နံနက်ခင်း ကို ကြိုဆိုလို့…!

တခါတရံတော့ ယုံကြည်မှုတွေကို စတေး ပစ်လိုက်တဲ့ အခါ မှာတော့… ပုပ်ပွနေတဲ့ ချစ်ခြင်းမဲ့ အကောင်တကောင် ပုံစံနဲ့ ယိုင်နဲ့ ချိခွေလို့…!

အဲဒီအခါ မှာတော့ ငါ ကိုယ်တိုင် ဆုပ်ကိုင်ထားတဲ့ လေးနက်မှုတွေ… မေတ္တာတရားတွေ… ချစ်ခြင်းတရားတွေ… နားလည်မှုတွေ… ဟာ လွတ်ကျ ထွက်သွားခဲ့ပြန်ပေါ့… !!!

ဒါပေမဲ့လည်း ကိုယ်တိုင်… ယုံကြည် နားလည်မှုတွေနဲ့ တည်ဆောက်ထားခဲ့ပြီး တန်ဖိုးထားရတဲ့ `….´ တွေမို့ တစစီ ပြန်ကောက်ရင်း ပြန်ပုံဖေါ်လို့ ပြန်ထုဆစ်လို့…။

နှလုံးသွေးနဲ့ ရင်းပြီး ပြန်လည် ထုဆစ်တဲ့ အခါမှာတော့ တန်ဖိုးထားရတဲ့ အရာတွေနဲ့ အတူ အလင်းရောင်တွေနဲ့ ပြည့်နှက်နေမဲ့ ပုံရိပ်ယောင် ကမ္ဘာငယ်လေး တခု အနေနဲ့ ၀င့်ဝင့်ကြွားကြွား…

ပုံရိပ်ယောင်လေး က ဒီလောက်တောင်ပဲ တန်ခိုးရှိ သတဲ့လား..!!!

တည်ငြိမ် နက်ရှိုင်းတဲ့ နှလုံးသား ထဲထိ တိုးဝှေ့ ၀င်လို့ အလှပဆုံး ကြယ်ပွင့်လေးတွေနဲ့ ထုံမွှန်းထားတဲ့ ဒြပ်မဲ့ ပုံရိပ်ယောင်လေး အဖြစ် အသိအမှတ် ပြုခဲ့ရပြီ။။။

ပုံရိပ်ယောင်လေး´ ရေ….
ငါ့ရဲ့ ဖြူစင် သန့်ရှင်း စင်ကြယ်တဲ့ နှလုံးသွေးထဲကို နာကျင်မှုတွေနဲ့ အတူ မျက်ရည်မိုးတွေနဲ့ ရောပြွန်းနေမဲ့ အရာတွေနဲ့ စွန်းထင်း ညစ်ပေအောင် မရောထွေး ပစ်လိုက်ပါနဲ့….


တခါက ပုံမှန် လည်ပတ် စီးဆင်း နေတဲ့ နှလုံးသားထဲကို အမှတ် ထင်ထင် ၀င်ရောက်ပြီး နေရာ လာယူ ခဲ့တဲ့ `ပုံရိပ်ယောင်လေး´လေးမို့ ရင်ထဲ နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တနေရာ မှာ ခိုဝင် နားခို ခွင့် ပြုမှာ မို့လို့ပါ…!!!!!