Wednesday, April 13, 2011

အဆိပ်…

“ငါ့..” အတ္တအတွက်

ငါ… ကိုယ်တိုင် သောက်သုံးနေတဲ့

အရာတခု


တိုးဝှေ့ဝင်လာတဲ့…

အသိနဲ့ကြည့်လိုက်တော့

အဆိပ်တခွက်ဖြစ်နေပေါ့….!


အဆိပ်ပေါ် အဆိပ်ချင်းထပ်လို့

အဆိပ်ချင်းထိတဲ့ ထိခတ်မှုကြောင့်

တချို့နေရာ… အရည်ပျော်…..

တချို့နေရာ… အငွေ့ပျံ…..

တချို့နေရာ…. ပုပ်ပွ…..အံ့မူးမူး


သတိဝင်ခိုက်….

“ငါ…”………….

ဖြေဆေးရှာဖို့

အမောတကော ပြေးလွှားနေမိ


ဟော……..

ငါ… ရှာဖွေသောက်သုံးခဲ့တဲ့

ဖြေဆေးမှာလည်း

အဆိပ်တွေ ပါနေလေရဲ့…!

…………………….!


“ငါ…” ……..


အငမ်းမရ သောက်သုံးခဲ့တဲ့

အဆိပ်ရည်အတွက်

အဆိပ်..ဖြေဆေးအတွက်

ငါ့.. ကိုယ်ငါ ဒဏ်ခတ်တယ်…!

ငါ့… ကိုယ်ငါ ပြစ်ဒဏ်ချလိုက်တယ်…!

Saturday, April 9, 2011

သမီးအတွက် ကဗျာ...

သမီးအတွက် ကဗျာ

မြစ်တမြစ်ဟာ သူ့နှလုံးသားနဲ့ သူစီးရတာ ..

အဲဒီမြစ်ဟာ သမီးဖြစ်စေ ....။


ကမာပုလဲ
မတ်လ ၂၀၁၁။


ကျမအတွက် ကဗျာလေးတပုဒ်ကို ဘဝတခုလုံးအတွက် ကိုယ်စားပြု ခံစားသက်ဝင်နိုင်ပြီး နူးညံ့ညင်သာစွာနဲ့ တန်ဖိုးရှိရှိ စီးမျောသွားနိုင်အောင် ရင်နဲ့ရင်းပြီးရေးပေးခဲ့တဲ့ ကဗျာအရေးကောင်းပြီး ဘဝရဲ့ဝေဒနာတွေ.. ဘဝရဲ့ နာကျင်မှုတွေ... ဘဝမှာ အကောင်းဆုံး ဆက်လက် ရှင်သန်လိုစိတ်တွေ... ဘဝရဲ့ အတ္တတွေ.... ကို ကဗျာအဖြစ် အသွင်ပြောင်းလို့ ထုဆစ်ရှင်သန်နေတဲ့ အကိုလို လေးစားချစ်ခင်ရတဲ့ ကမာပုလဲ ကို ဘလော့ပေါ်ကနေ ကျေးဇူးတင်တာထက် ပိုတယ်ဆိုတာ ပြောပါရစေ.။

Wednesday, April 6, 2011

ထွက်သွားခဲ့သော်ငြား…

မဖိတ်ခေါ်ပါပဲ ဘယ်နေရာကနေ ရောက်လာမှန်းမသိတဲ့ ကြောင်လေးတွေကို အသက်ဆက်ရှင်နိုင်ဖို့ အစာလေးကျွေးရင်း အမျိုးအမည်မသိတဲ့ ရင်းနှီးမှုတခုနဲ့ ရင်ဆိုင်ခဲ့ရတယ်။

ကျမရေးခဲ့ဖူးတဲ့… ကြောင်လေးတွေထဲက တကောင်ပြီးတကောင် သေသွားခဲ့ပေမယ့် နောက်ဆုံး ကံကောင်းလှစွာ မသေပဲ ကျန်ခဲ့တဲ့ ကြောင်လေးတကောင်ကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်ရင်း နေလာလိုက်တာ….. ။

ကျန်ခဲ့တဲ့ ကြောင်လေး ကိုလည်း ဘယ်အချိန်မှာ ဘာဖြစ်ပြီး သေအုံးမလဲဆိုပြီး စောင့်ကြည့် နေခဲ့ရတယ်.။ အဲဒီ ကြောင်လေးကလည်း ထမင်းစားချိန်ဆို ကျမကို တွေ့လိုက်တာနဲ့ ထမင်းတောင်းတတ်နေခဲ့ပြီ.... ကြောက်တဲ့ စိတ်လည်း သိပ်မရှိတော့ပဲ ယဉ်ပါးလာခဲ့ပြီ.. ကျမကလည်း အချိန်မှန် ထမင်းလေးကျွေးလို့ ကြောင်လေးကို တကြည့်ကြည့်နဲ့..... ထမင်းစားရဲ့လား......ပေါ့.။ ရင်းနှီးမှုတခု အတွက် တထပ်ရစ်ခဲ့ရတယ်..။ ကျမရဲ့ရုံးပိတ်ရက်မှာ ကြောင်လေးအတွက် စိတ်ပူပန်နေတတ်ခဲ့ပြီ..။ ရင်းနှီးမှုတခုအတွက် တထပ်တိုးခဲ့ ရပြန်ပြီပေါ့….။

ဟန်ဆောင်မှုမပါပဲ စစ်မှန်တဲ့ သဘောထားနဲ့ ထပ်ခါထပ်ခါ တိုးလာတဲ့ ရင်းနှီးမှု တခုကြောင့်…. ကြောင်လေး အတွက် ဘာကြောင့်များ စိတ်ပူနေရသလဲလို့လည်း တွေးတောနေမိသေး..။

တနေ့ပြီးတနေ့ တိုးလာတဲ့ ရင်းနှီးမှုအတွက် ပူပန်မှုဆိုတဲ့ အကျိုးဆက်တခုကလည်း ကိန်းအောင်းလာမိခဲ့ပေါ့..။

အချိန်ကြာလာတာနဲ့အမျှ တုံ့ပြန်ဖြစ်ခဲ့တဲ့ စိတ်လေးတခုကြောင့် တချိန်ချိန်မှာ ပြန်ပြီး ရစ်ပတ်ခံရမယ့် စိတ်တခုကို ခံစားခဲ့ရမယ်ဆိုတာ သိခဲ့ရင် ခုလောက်ရင်းနှီးမှုထားခဲ့မိပါ့မလား…။

တရက်မှာတော့ ထမင်းစားချိန်ထိ ကြောင်လေးကို မတွေ့ခဲ့ရဘူး.။ ဘယ်များသွားနေပါလိမ့်ဆိုပြီး ကျွေးနေကျ အတိုင်း ထမင်းကျွေးထား လိုက်တယ်။ နောက်နေ့မနက်ထိ ကြောင်လေး မရောက်လာခဲ့ဘူး.. ခန ဘယ်များ သွားနေပါလိမ့်ဆိုပြီး မျှော်နေမိတယ်.။ တရက်ပြီးတရက် တလပြီးတလ ကုန်ဆုံး သွားပေမယ့် ရောက်မလာတော့တဲ့ ကြောင်လေးတကောင်ကို စိတ်ပူပန်စွာ တွေးတောရင်း ကိုယ့်ကို ရစ်ပတ်ခဲ့တဲ့ စိတ်တခုကိုပဲ အသေအချာ ဆွဲထုတ်နေမိတယ်… ။

မဖိတ်ခေါ်ပဲ ရောက်လာခဲ့ပြီး နှင်မထုတ်ပဲ ပြန်ထွက်သွားခဲ့တဲ့ ကြောင်လေးကို တနေရာစာ ပေးထားခဲ့မိတဲ့ အတွက် ရလာခဲ့တဲ့ ပူပန်မှုတခုကိုပဲ ဖျောက်ပစ်လိုက်ရတော့မလား…။

ပူပန်မှုဆိုတဲ့စိတ်ကို စိတ်ထဲမှာမထားပဲ မောင်းထုတ်တတ်ခဲ့ပြီလား..ဆိုတာ မသေချာခဲ့ပါဘူး။

ပူပန်မှုဆိုတဲ့စိတ်က ထားချင်သလိုထား ထုတ်လိုက်ချင်သလို ထုတ်လိုက်လို့ရော ရပါရဲ့လား..။

“အဲလိုသာ စိတ်ထဲကနေ မောင်းထုတ်တတ်ခဲ့မယ်ဆိုရင်… အစထဲက ဖြစ်ပေါ်ခဲ့တဲ့ ရင်းနှီးမှုဆိုတဲ့စိတ်က တကယ် စစ်မှန်ခဲ့ပါရဲ့လား.. မောင်းထုတ်လို့ ရခဲ့မယ်ဆိုရင်လည်း… လုပ်ယူထားခဲ့တဲ့ ဟန်ဆောင်ရင်းနှီးမှုတခုနဲ့ အစပြုခဲ့မိလို့သာပေါ့.။ ”...

ခင်မင်ရင်းနှီးမှုတခုဆိုတာ အလိုအလျောက်ဖြစ်ပေါ်လာတတ်သလား.. ဒါမှမဟုတ် ကိုယ့်ကိုတခုခုပေးခဲ့လို့ ရင်းနှီးမှုဆိုတာ ဖြစ်ပေါ်လာခဲ့တာလား…. တဘက်သားမှာ ရှိနေခဲ့တဲ့ အမူအကျင့်ကိုကြည့်ပြီး ရင်းနှီးမှုဆိုတာ ဖြစ်ပေါ်လာခဲ့တာလား…… ဒါမှမဟုတ် မိမိအတွက် အကျိုးရှိစေမယ့် တဘက်သားမှာ ရှိနေတဲ့ တစုံတရာအတွက်ကြောင့် ရင်းနှီးမှုဆိုတာကို လုပ်ယူခဲ့ခြင်းလား…….

“မိမိအတွက် အကျိုးတစုံတရာမှ မရှိပေမယ့်လည်း စစ်မှန်တဲ့ ရင်းနှီးမှုဆိုတာ မဖြစ်ပေါ်နိုင်ဘူးလား…...”


ကျမအတွက်တော့ ရင်းနှီးမှုဆိုတာ ဟန်ဆောင်မှုမပါ အရောင်ဆိုးမထားတဲ့ ဘာမျှော်လင့်ချက်မှမရှိပဲ ငြိမ်းချမ်းခြင်းနဲ့ အေးမြခြင်းတွေကို ဖေါ်ဆောင်ပေးတဲ့ သန့်စင်ကျစ်လစ်တဲ့ အမြုတေလေး တခုပါ..။ အဲဒီ အမြုတေလေးတခုက တထပ်ပြီးတထပ် ရစ်ပတ်လာတဲ့ ရင်းနှီးမှု ထုထည်ကြီးကနေ မေတ္တာကို အရင်းခံပြီး ဆင်းသက်လာခဲ့တဲ့ ဖြူစင်တဲ့ စိတ်ထားတခုနဲ့ ဖြစ်ပေါ်ခဲ့ရတာပါ.။

အလွယ်တကူနဲ့ ဖြစ်ပေါ်လာခဲ့တာတော့ မဟုတ်ပါဘူး.။ တထပ်ပြီးတထပ်ရစ်ပတ် နှောင်တွယ်မိပြီးမှ ရင်းနှီးမှုအမြုတေလေးတခု ခက်ခက်ခဲခဲ ဖြစ်လာခဲ့ရတယ်.။ ခက်ခက်ခဲခဲ ဖြစ်ပေါ်ခဲ့တဲ့ မေတ္တာတွေနဲ့ ပျိုးထောင်ပြီး ရလာခဲ့တဲ့ အမြုတေလေးတခုက အလွယ်တကူ ပျက်စီးယိုယွင်းမသွားနိုင်ပါဘူး. ဆက်လက်ခိုင်မြဲပြီး ကြာရှည်သိမ်းထားနိုင်မှာပါ.။

ဒါကြောင့် ခက်ခက်ခဲခဲနဲ့ ယုံကြည်စွာ ပျိုးထောင် တည်ဆောင်ခွင့်ရခဲ့တဲ့ စစ်မှန်တဲ့ ခင်မင် ရင်းနှီးမှုကနေ ပေါက်ဖွားခဲ့တဲ့ မေတ္တာတရားကို တားဆီးမောင်းထုတ်လိုက်ဖို့ ဘယ်လိုအချိန်အခါ… အခြေအနေမျိုးမှာမှ ဖြစ်လာနိုင်မှာ မဟုတ်တော့ပါဘူး.။

“ကျမရဲ့ တစုံတခုအပေါ် ရင်းနှီးမှု အားနည်းလွန်းတဲ့ အတွက် ခက်ခက်ခဲခဲနဲ့ ရင်းနှီးမှုအဖြစ် ဖြစ်ပေါ်ခဲ့တဲ့ အမြုတေလေး ကလည်း ကျမနှလုံးသွေးတွေ စီးမျောနေသရွေ့ ပြင်ပအန္တရာယ် ဘယ်လောက်ပဲ ဝင်လာပါစေ… မေတ္တာတွေနဲ့ လွှမ်းခြုံထားတဲ့ လတ်ဆတ်တဲ့ အမြုတေလေး အဖြစ် ဆက်လက် ရှင်သန်မြဲ ရှင်သန်နေမှာပါ......!!! ”

Saturday, March 5, 2011

စီရင်ပိုင်ခွင့်….

စီရင်ပိုင်ခွင့်…. တဲ့လား……….
ဘာကိုစီရင်ခွင့်….. ရမှာတဲ့လဲ……..!

ကိုယ်တိုင် ယုံကြည်… ဖေါက်ထွက်ခဲ့တဲ့ ရပ်ဝန်းလေးတခုကိုလား…
ကိုယ်တိုင် စိုက်ထူ ရွက်လွှင့်နေတဲ့ အဆစ်အပိုင်းလေးတခုကိုလား….

တပါးသူရဲ့ ရွေးချယ်ပိုင်ခွင့်မှာ နေရာယူဖို့....လား……….
တပါးသူရဲ့ လွတ်လပ်ပျံသန်းမှုမှာ ခိုနားဖို့.....လား……………
တပါးသူရဲ့ ရယ်မောသံလေးတွေကို ရပ်တန့်ပစ်ဖို့......လား……….
…………………….

မဖြစ်မနေဆိုတဲ့ သတ်မှတ်ချက်တခု… ရဲ့…
နောက်ကွယ်က… မာယာမျက်နှာဖုံး..
ဟန်ဆောင်ကမ္ဘာ….
ဆိုတဲ့…..
……………………………..
ခြောက်ကပ်ကပ် နဲ့….. မေတ္တာတရား…တွေ.. ပါးရှား…တဲ့
ခေတ်ပျက်ကြီးထဲမှာမှ..
ငါ..ဆိုတဲ့…ငါကလည်း…
စီရင်ချင်သေး..
!!!

တကယ်တော့…..
ဘယ်အရာကိုမှ………..
စီရင်ပိုင်ခွင့်………မရှိတဲ့…..
လူသားတဦး.. အဖြစ်နဲ့……….
စီရင်ပိုင်ခွင့်......ကို
စီရင်နေလေရဲ့…!!!!!

Tuesday, March 1, 2011

သူငယ်ချင်း မဲ့…

ရင်ထဲကနေ ပြင်းပြတဲ့ ဝေဒနာတွေ ခံစားရတိုင်း…..

ရင်နှင့်အမျှ ဖြစ်ပေါ်လာတဲ့ အငွေ့အသက်လေးတွေ ထိတွေ့ခံစားမိတိုင်း…..

မတူညီတဲ့ စိတ်အခြေရှိတဲ့ သူတွေကို တွေ့မြင်ရလေတိုင်း…..

ဝေခွဲရခက်တဲ့ အရာတွေနဲ့ ရင်ဆိုင်ရတိုင်း…..

တစုံတရာနာကျင်မှုတွေနဲ့ တိုးဝှေ့ရတိုင်း…..

ရင်းနှီးမှုမရှိတဲ့…. ရွေးချယ်ရမှု ဆိုတဲ့ စကားလုံးနဲ့ ရှောင်လွှဲလို့မရခဲ့တိုင်း….

မာယာစကားလုံးတွေနဲ့ ခြောက်လှန့်ခံလိုက်ရတိုင်း…..

ဘေးနားမှာ…. “နင်…..တို့” များ ရှိနေလေမလားလို့ ကြည့်လိုက်တိုင်း.. မောဟိုက်နေတဲ့ ရင်ခွင်တစုံကသာ ဆီးကြိုနေခဲ့တယ်.!

~~~~~~~~~

တခါတရံမှာတော့.. အတူတကွ ဖူးမြော်ခဲ့ကြတဲ့ ဆံတော်ရှင် ကျိုက်ထီးရိုးက အေးချမ်းလှတဲ့ ဆည်းလည်းသံတွေကို ကြားယောင်မိလေတိုင်း အိပ်မက်ရှည်ကြီးထဲက လန့်နိုးနေခဲ့ရသလိုပါပဲ.!

“ဘယ်လောက် ခက်ခဲကြမ်းတမ်းပါစေ..” အတူတူသာ ရင်ဆိုင်ရမယ်ဆို ဖြေရှင်း ခရီးဆက်ခဲ့ကြတဲ့ နေ့ရက်တွေကို ဘယ်လိုနေ့ရက်တွေနဲ့ အစားထိုး မေ့ပစ်လို့ ရနိုင်ပါ့မလဲ..!

ပူပြင်းတဲ့ နွေရာသီမှာ ခြေရာချင်း ထပ်ခဲ့ကြသလို မိုးရေစက်လေးတွေရဲ့ အောက်မှာလည်း ခြေရာ ထပ်ခဲ့ကြဖူးတယ်…. အေးချမ်းတဲ့ ဆောင်းမှာလည်း ခြေရာချင်းတွေ ထပ်ခဲ့ကြဖူးတယ်... ခြေရာချင်း ထပ်ခဲ့ကြတဲ့ နေရာလေးတွေကို တမ်းတမိလေတိုင်း အလိုလို ကျလာတတ်တဲ့ မျက်ရည်တွေ ကိုတော့ မတား..ပါ.. ရစေနဲ့..!

ဆွတ်ပျံ့လွမ်းမောဖွယ်ရာ နေရာလေးမှာ ဖြူစင်တဲ့ မေတ္တာတရားတွေနဲ့ တွယ်နှောင်ခဲ့ကြတဲ့ အချိန်လေးတခုကိုလည်း မရနိုင်တော့မှန်း သိပေမယ့် ပြန်လိုချင်နေမိတယ်..............!

“ငါ…….တို့တွေ”.. တယောက်ရဲ့ လိုအပ်ချက်လေးတွေကို တယောက်က ပွင့်လင်းရင်းနှီးစွာနဲ့ ပြောဆို အဖြေရှာခဲ့ကြပြီး ပြင်ခဲ့တာလေးတွေကို စဉ်းစားလိုက်တိုင်း ခုချိန်မှာ “ငါ့…..”ရဲ့ လိုအပ်နေတဲ့ လိုအပ်ချက်လေး တွေကို ပြင်ဆင်ပေးဖို့ အတွက် တောင့်တမိလိုက်တာ…!

“ငါ့…..ရဲ့” ပုံရိပ်တွေကို မျှဝေခံစားစေရင်း “နင်……တို့” ရဲ့ တားမြစ်သံလေးတွေ…. အားပေး စကားသံလေးတွေ…. အပြုံးလေးတွေ….. အကြံဥာဏ်လေးတွေ…… ရီမောသံလေးတွေ …… နှစ်သိမ့်မှုပေးတဲ့ ပြောဆိုသံလေးတွေ……. နဲ့ “ငါ…..” အားအင်ဖြစ်စေဖို့ စိတ်ကူး အဖြစ်နဲ့ပဲ သိုဝှက် သိမ်းဆည်းပြီး ခရီးဆက်နေတတ်ခဲ့ပါပြီ…!!!

စိတ်ကူးနဲ့ လက်တွေ့ဘဝကို ထုဆစ်ပုံဖေါ်တဲ့အခါမှာ ထပ်တူမကျတတ်တဲ့ အရာလေးတွေ ရှိတယ်ဆိုတာကိုလည်း “နင်… …တို့” နားလည် သိတတ်နေလောက်ပါပြီ…!

ဟန်ဆောင်ကမ္ဘာရဲ့ တဘက်ခြမ်းမှာ “ငါ….တို့..” အားလုံး အတူတူ တည်ငြိမ်အေးချမ်းစွာနဲ့ အဆိပ်အတောက်ကင်းကင်း ဖြတ်ကျော်ချင်တဲ့ စိတ်လေးကတော့ မပြောင်းမလဲ တည်တံ့နေမှာပါ.!

“ငါ…”လေ.... ထပ်တူမကျတဲ့ အခိုက်အတန့် လေးတွေမှာတော့ ကလောင်တံကိုကိုင်ပြီး ထိုးဆွနေတတ်ခဲ့ပြီလေ…!

ခုချိန်မှာတော့……………..
“ငါ…” က…….. သူငယ်ချင်းမဲ့နေတဲ့ လူသားတဦး…!!!!!

Thursday, February 17, 2011

ချစ်သူသိစေ…

အတိတ်က နေ့လေးတနေ့မှာ နှလုံးသားထဲမှာရှိတဲ့ အတိုင်း အသံတိတ်နဲ့ ရိုးသားစွာ ဝန်ခံခဲ့ဖူးတယ်။

ကောင်းကင်ပြင်ကို မော့ကြည့်လိုက်တော့ မှိတ်တုတ်မှိတ်တုတ် လက်နေရှာတဲ့ ကြယ်လေးကလွဲလို့ ပကတိညိုမည်း နေလိုက်တာ။ ဒီအချိန် ချစ်သူ နားခိုရာ နေရာလေးမှာလည်း ခုလိုပဲ တူညီတဲ့ ကောင်းကင် ညိုမှောင်မှောင်ကြီးပဲ အုပ်မိုးထားနေမှာပဲ ဆိုတာ တွေးရင်း တောင်ပံဖြန့်ကျက်လို့ နှလုံးသားချင်း နီးနေခဲ့တယ်..။

ချစ်သူကရော ဘာတွေကိုတွေးတော နေမှာပါလိမ့်..။

ဘဝတကွေ့မှာ သင်ကြားခဲ့ရတဲ့ ပညာရေး ခန်းမကြီးထဲမှာ မေးခွန်းတွေကို ခက်ခဲစွာနဲ့ အတူဖြေဆိုခဲ့ကြတဲ့ နေ့တွေကိုလား…. လက်တွေ့ခန်းမထဲမှာ အရောင်မပြောင်းလဲခြင်းကို ရှာဖွေခဲ့ရတဲ့ နေ့ရက်တွေကိုလား…. ချစ်သူကိုယ်တိုင် ပေးခဲ့ဖူးတဲ့ အရာလေးတခုလား…… ဒါမှမဟုတ် ချစ်သူရခဲ့ဖူးတဲ့ မြတ်နိုးစရာ အရာလေးတခုလား…….. မျက်ဝန်းလေးထဲမှာ အမှတ်မထင် တွေ့ခဲ့ဖူးတဲ့ ကြင်နာခြင်း အရိပ်အယောင်လား……… အေးချမ်းဖွယ် ကံ့ကော်ရွာလေးထဲက လက်ဖက်ရည် ချိုပေါ့ကျ တခွက်ကိုလား…….

ရေတမာပင်လေးတွေ တန်းစီနေတဲ့ ရှည်လျားတဲ့လမ်းလေးမှာ ဘယ်တော့မှ ပျောက်ကွယ် မသွားမယ့် ခြေရာလေးတွေ... ရှိနေအုံးမယ်ထင်ပါရဲ့.....။

ချိုမြိန်တဲ့ စကားသံလေးတွေကို ကျေးဌက်လေးတွေက မှတ်မိ တေးဆိုနေမယ့် တေးဆိုသံလေးတွေကိုလည်း ကြားယောင်တုန်းပါ ချစ်သူ....။

ချစ်သူရဲ့ အပြုံးလေးကို တမ်းတလိုက်တိုင်း ကြည်နူးမှုနဲ့ အလွမ်းတို့ ပေါင်းစပ်ဖွဲ့သီလို့…..

ချစ်သူဝါသနာပါရာမှာ ကျမရဲ့ အားပေးမှုက ချစ်သူအတွက် အင်အားတရပ် အဖြစ် ရပ်တည်ခွင့် ရခဲ့တာကို ပြန်လည်တွေးတောရုံ တွေးတောမိတဲ့အခိုက် ဘေးနားကို ငဲ့ကြည့်လိုက်တော့ ဗလာ ……. သက်သက် ….......။

ကောင်းကင်အမိုးကြီး တခုထဲအောက်မှာ မတူညီတဲ့ ခေါင်းစဉ်တွေနဲ့ လွင့်မြောနေကြရပေမယ့် တချို့သော တူညီမှုတွေရဲ့ အောက်မှာတော့ ထပ်တူကျခဲ့ဖူးပါတယ်.။

~~~~~~~~~~~~

နံနက်ခင်းရဲ့ လေနုအေးက ကျမရဲ့ ဆံနွယ်လေးတွေကို တိုးဝှေ့လာတိုင်း ချစ်သူနဲ့ ပက်သက်တဲ့ အတွေးတွေကလည်း လွင့်ပျံ့လာခဲ့တာကိုတော့ ချစ်သူနားလည်နိုင်မယ်ထင်ပါရဲ့။ ချစ်သူ မကြားနိုင်ပေမယ့်.. ချစ်သူ မမြင်နိုင်ပေမယ့်…. ကျမကတော့ စကားတွေ အများကြီးပြောနေမိတယ်.။ ကျမရဲ့ဝန်ခံမှုကို ချစ်သူသိနိုင်ဖို့ ခပ်တိုးတိုး ရေရွတ်သံလေးက လေနဲ့အတူ ပါမသွားခဲ့ပါဘူး..။

ရေရွတ်မိတဲ့ စကားသံလေးကို မြတ်နိုးနှစ်ခြိုက်စွာနဲ့ ပုံဖေါ်နေပေမယ့် အဆစ်အပိုင်းလေးတခုအဖြစ် ပိုင်းခြားတတ်အောင် ကျမလေ့ကျင့်တတ်ခဲ့ပြီနဲ့ တူပါရဲ့…။

ခြေချခွင့်မရတော့တဲ့ ချစ်သူရဲ့ နယ်မြေက အငွေ့အသက် ရနံ့လေးတခုကို တေးသီချင်းအဖြစ် နာကျင်စွာ ဟစ်ကြွေး သီဆိုရင်း ရင်ထဲမှာတော့ ငိုကြွေးနေခဲ့ရပြီ ချစ်သူ….။

နှလုံးသားထဲက ရိုးသားစွာနဲ့ ချွေချလိုက်တဲ့ နှလုံးသွေးစက်တွေကတဆင့် ပြိုကျလာတဲ့ မျက်ရည်စက်လေးတွေကိုတော့ ခေါင်းအုံးလေးက သက်သေထူနေလေရဲ့ ချစ်သူ…………!!!

Wednesday, February 9, 2011

အပေးအယူ

တခါတရံမှာ သိပ်ကို အပေးအယူဆန်တဲ့ ဝန်းကျင်လေးတခုကို အမှတ်မထင်ပဲဖြစ်ဖြစ်၊ အမှတ်ထင်ထင်ပဲဖြစ်ဖြစ် ပြုမူဖြစ်ခဲ့ကြတယ်။

တဦးကတဦးကို တစုံတခုသော အတိုင်းအတာ… တစုံတခုသော သက်မဲ့ပစ္စည်း…. တစုံတခုသော ပေးဆပ်မှုတွေကြောင့် တဖန်ပြန်လို့ ယူရမယ့် သဘောက အပေးအယူ ဝတ္တရားဆန်နေသလို ဖြစ်နေပါ့လား။

တချို့ကတော့ ကိုယ်ကပေးတာထက် အဆများစွာကို ပြန်လိုချင်သူ.. ဒါမှမဟုတ် ကိုယ်ပေးသလောက်ပဲ ပြန်လိုချင်သူ… ကိုယ်ဒါပေးလို့ ဒါပဲပြန်လိုချင်သူ…တွေလည်း ရှိလေရဲ့…။

တချို့ကတော့ ကိုယ့်ကိုပေးတာထက် ပိုလို့ပြန်ပေးချင်သူ… ကိုယ့်ကိုမပေးခဲ့ရင်လည်း ကိုယ်ကပေးချင်နေသူ..တွေလည်း ရှိရဲ့..။

တကယ်ဆို တစုံတခုကို ပေးတယ်ဆိုထဲက တစုံတခုကို ပြန်လိုချင်သူတွေပါပဲ.. ဒါကိုပဲ လောကရဲ့ သဘာဝတရားကြီးပါလို့ ဇွတ်မှိတ် သတ်မှတ်လိုက်ရတော့မှာလား.။

ပေးတယ်ဆိုတာ တပါးသူအတွက် အချိန်လား.. ပစ္စည်းဥစ္စာလား.. ပညာလား… မျက်စိနဲ့ မမြင်နိုင်ပေမယ့် ရင်နဲ့ရင်းပြီး ပေးဖြစ်ခဲ့တဲ့ ချစ်ခြင်းမေတ္တာလား.. ယုံကြည်မှုလား.. နားလည်မှုလား.. သစ္စာတရားလား..။

တပါးသူကို ပေးလိုက်တဲ့ အရာတခုအတွက်နဲ့ တန်ဖိုးတူ အရာတခုကို ပြန်လိုချင်တဲ့ စိတ်တွေနဲ့ မျှော်လင့်ရတဲ့ ပင်ပန်းမှုဒဏ်ကိုလည်း တွေ့ကြုံနေကြရတာပဲလေ.။ ဒါမှမဟုတ် တပါးသူဆီက အကျိုးအမြတ် တစုံတရာကို ရယူလိုဇောနဲ့ ကိုယ်ကအရင် တစုံတရာကို ပေးခဲ့တာကရော စစ်မှန်တဲ့ စေတနာဖြစ်နိုင်ပါ့မလား။ ကိုယ်က ဦးစွာ ပေးခဲ့တဲ့ အရာတခုအပေါ်မှာ တန်ပြန်လိုချင်မှု မရှိတဲ့ စိတ်လေးသာ ဆုပ်ကိုင်ထားနိုင်ရင် အကောင်းသားပေါ့..။

လူတဦးကတဦးအပေါ်မှာ ပေးခဲ့ကြတဲ့ မျက်စိနဲ့မြင်ရတဲ့ အရာပဲဖြစ်ဖြစ်၊ မျက်စိနဲ့မမြင်နိုင်တဲ့ အရာပဲဖြစ်ဖြစ် အရာတခုရဲ့ နောက်ကွယ်မှာ စေတနာတွေ မေတ္တာတွေ ကပ်ငြိပါလာကြမှာပါ။ ကပ်ငြိနေတဲ့ မေတ္တာတရား. ကရုဏာတရားတွေပေါ်မှာ မျှော်လင့်ချက်၊ နှောင်ကြိုးတွေ.. တုံ့ပြန်မှု အတုံအလှည့်တွေသာ မထားရှိခဲ့ရင် သိပ်ကို အေးချမ်းသာယာတဲ့ အလှတရာလေး တွေနဲ့ ပြည့်နှက်နေမယ့် ဝန်းကျင်လေးတခု ရှင်သန်လာမှာပါ။

ကိုယ်ပေးခဲ့တဲ့ အပေးတခုအပေါ်မှာ ပြန်လို့ရယူလိုစိတ် မရှိခဲ့ကြရင်. ကိုယ်ရယူခဲ့တဲ့ အယူတခု အပေါ်မှာ ပြန်လို့ ပေးကိုပေးရမယ်ဆိုတဲ့ စိတ်နဲ့ ဝန်ပိမနေစေခဲ့မယ်ဆိုရင်လည်း…. လူသား တဦးရဲ့စိတ် ပေါ့ပါးလန်းဆန်း သွားစေရဲ့…။

စစ်မှန်တဲ့ စေတနာ မေတ္တာတွေပါတဲ့ ပေးဆပ်မှု တခုအပေါ်မှာ ပြန်ရယူလိုစိတ် စိုးစဉ်းမျှ မရှိခဲ့ကြတာကရော ဘယ်လို အကြောင်းကြောင့်ပါလိမ့်.။ ပြန်ရယူလိုစိတ် မရှိခဲ့တဲ့ အရင်းခံစိတ်လေးကို နားလည်ပေးနိုင်ခဲ့ရင် ပေးဆပ်ခဲ့တဲ့ ပေးဆပ်မှု အတွက် ကျေနပ်နေမှာအမှန်ပါ..။

အနှောင်အဖွဲ့မပါတဲ့ စေတနာ… ချစ်ခြင်းမေတ္တာတွေပါတဲ့ ပေးဆပ်မှုတခု.. သိတတ်မှုတခု.အပေါ်မှာ ရယူခဲ့တဲ့ သူရဲ့ ရိုးသားမှုကသာ အခရာ မဟုတ်ပါလား…!

အပေးအယူတွေနဲ့ ပြည့်နှက်နေတဲ့ ဝန်းကျင်လေးထဲကနေ ထွက်ပြေးလွတ်မြောက်ချင်မိတယ်.။

Tuesday, January 25, 2011

မတူသောအတ္တသဏ္ဍန်များ

တိမ်တွေကင်းစင်လို့ ထိန်ထိန်သာနေတဲ့ လမင်းကြီးရဲ့ လင်းရောင်ခြည် အမိုးအောက်မှာ ဟိုတစု ဒီတစု ဟိုတယောက် ဒီတယောက်နဲ့ ဥဒဟို သွားလာနေကြတဲ့ အတ္တ၀တ်ရုံလွှာ လွှမ်းခြုံထားကြတဲ့ ၀တ်ရုံလွှာတွေနဲ့ လူသားတွေ…. လူသားတွေ………လူသားတွေ!!!

ဝတ်ရုံလွှာတွေရဲ့ အရောင်အဆင်းနဲ့ ပုံသဏ္ဍာန်တွေကတော့ မတူကြပါကလား.။ တချို့ကျတော့လည်း ၀တ်ရုံလွှာအထူကြီးတွေနဲ့ အထပ်ထပ်ဝတ်ထားလို့။ တချို့ကျတော့လည်း တထပ်တည်းပေါ့။ တချို့တွေရဲ့ ၀တ်ရုံလွှာတွေကတော့ လှပအသက်ဝင်နေသလို… တချို့တွေကတော့ မလှမပမသပ်မရပ်နဲ့…။

ဘယ်လိုပဲဖြစ်ဖြစ် ၀တ်ရုံလွှာတွေကို ၀တ်ထားကြရမှာ ပါပဲလား.. မဖြစ်မနေ ၀တ်ကြရမှာလား.. တွေးတောရင်း… လမင်းကြီးရဲ့ အလင်းရောင်အောက်မှာ ရောနှော သွားလာနေမိတယ်။

တချို့တွေကတော့ ၀တ်ရုံလွှာကြီးကို ၀တ်ရတာကိုပဲ ဂုဏ်ယူပီတိဖြစ်နေကြလေရဲ့..။ ၀တ်ရုံလွှာကြီးရဲ့ တန်ဖိုးက ဘယ်လောက်များ ကြီးကျယ်ခမ်းနားနေလို့ပါလိမ့်.။ မိမိရဲ့ ၀တ်ရုံလွှာကိုပဲကြည့်ပြီး ကြည်နူးနေသလို သူတပါးရဲ့ ၀တ်ရုံလွှာတွေကို ကြည့်ရတာ စိတ်ချမ်းမြေ့စရာကောင်းနေပါရဲ့လား..။ မိမိရဲ့ ၀တ်ရုံလွှာက တပါးသူကို မထိခိုက်ပဲ တန်ဖိုးရှိပြီး လှပအသက်ဝင်နေပါရဲ့လား။

ဘာပဲဖြစ်ဖြစ် လူသားအားလုံးရဲ့ မတူသော ၀တ်ရုံလွှာတွေကို ကြည့်မိရင်း ၀တ်ရုံလွှာမ၀တ်ထားကြတဲ့ တချို့သောလူတွေရဲ့ ပုံရိပ်လွှာကို မြင်ဖြစ်အောင် မြင်လိုက်မိတယ်။ တချို့ကျတော့လည်း ဘာလို့များ ၀တ်ရုံလွှာတွေကို မ၀တ်ထားကြပါလိမ့်။ မိမိကိုယ်တိုင်က ၀တ်ချင်စိတ်မရှိလို့ပေလား.. တပါးသူနဲ့ မတူရလေအောင် မ၀တ်ထားခြင်းပေလား… ၀တ်ထားခြင်းကို မနှစ်သက်လို့ပေလား… လားပေါင်းများစွာ စဉ်းစားရင်းနဲ့…!!!

တချို့ရဲ့ ၀တ်ရုံလွှာတွေကတော့ ကြည့်ကောင်းရုံတင်မက တန်ဖိုးရှိမယ့် ၀တ်ရုံလွှာကောင်းလို့ အထင်ရောက်စေမယ့် ၀တ်ရုံလွှာကြီးတွေနဲ့.။ တချို့ဝတ်ရုံလွှာတွေနဲ့ တချို့ဝတ်ရုံလွှာတွေကတော့ တူညီနေတာကို တွေ့ရပြန်တယ်။ တူညီနေတာက အရောင်အဆင်းလား. တန်ဖိုးလား.. ပုံသဏ္ဍာန်လား… ကြီးမြတ်မှုလား…. အံဝင်နေမှုကြောင့်များလား…… !

တချို့ကျတော့လည်း ၀တ်ရုံလွှာကြီးကို ၀တ်ဆင်ပြီး လွင့်မျော သွားနေတဲ့ တိမ်လွှာနောက်ကို လိုက်လို့.. တချို့ကျတော့လည်း မသေချာ မရေရာတဲ့ လမ်းခရီးနောက်မှာ မျောပါလို့.. တချို့ကျတော့လည်း လွန်ဆန်ခွင့် မရှိတဲ့ အချိန်ကာလနောက်ကို လိုက်ရင်း.... တချို့ကျတော့လည်း မျှော်လင့်ချက် ရေစီးကြောင်းနောက်ကို လိုက်ပါလို့….

တချို့ကတော့ ၀တ်ရုံလွှာကြီးကို တထပ်ပြီးတထပ် ထပ်လို့သာ ၀တ်နေတော့တယ်။ အထပ်ထပ်သော ၀တ်ရုံလွှာကြီးတွေနဲ့ အနေအထိုင် ကျပ်တည်းမယ့် အဖြစ်ကိုလည်း တွေးကြည့်မိပါရဲ့။ ဘာလို့များအထပ်ထပ် ၀တ်နေကြပါလိမ့်။

တပါးသူရဲ့ ရိုးစင်းတဲ့ ၀တ်ရုံလွှာကို မိမိရဲ့ ရိုးစင်းတဲ့ ၀တ်ရုံလွှာနဲ့ ခြယ်မှုန်းပြီး တန်ဖိုးရှိတဲ့ အရာလေးတခု ဖန်တီးခွင့်သာ ရခဲ့မယ်ဆိုရင်ပေါ့.။

လူသားအားလုံးလည်း တပါးသူရဲ့ ၀တ်ရုံလွှာကို မထိခိုက်တဲ့ တန်ဖိုးရှိ ရိုးစင်းလှတဲ့ ၀တ်ရုံလွှာမျိုးကို ၀တ်ဆင်နိုင်ကြဖို့ ရည်သန်မိပါတယ်။

ကျမလည်း ကျမရဲ့ ၀တ်ရုံလွှာကို မသက်မသာ ငုံ့ကြည့်မိလေရဲ့!!!!!

Tuesday, January 11, 2011

သွားပေအုံးတော့ဒီဇင်ဘာရေ…

ဒီဇင်ဘာရဲ့ ဆောင်းညတွေမှာ အေးအေးချမ်းချမ်း နားခိုချင်ပေမယ့် ရိုက်ခတ်နေတဲ့ လေဆန်ခရီးရဲ့ မမျှတနိုင်တဲ့ ရုန်းကန်မှုတွေကြားမှာ ကျမမေ့ပျောက်ခဲ့ရတယ်.။

ဒီလိုပါပဲ စက္ကန့်ကိုမိနစ်စား မိနစ်ကိုနာရီစား နာရီကိုရက်စား ရက်ကိုလစား လကိုနှစ်စားလို့ ပြက္ခဒိန်စာရွက်ရဲ့ နောက်ဆုံးကို ကျမ ငေးမောလွမ်းဆွတ်စွာနဲ့ကြည့်ပြီး နှစ်သစ်ပြက္ခဒိန်ကို ချိတ်မိလိုက်တဲ့အချိန်မှာ အမျိုးအမည် မသိတဲ့ ဝေဒနာလေးတခုက ရင်ထဲကို စူးစူးနစ်နစ် စိုက်ဝင်သွားတော့တယ်.။

ကျမရင်ကို လက်နဲ့ဖိပြီး ခနတာ နားလိုက်တဲ့အချိန်မှာတော့ ပြေးလွှားနေကြတဲ့သူတွေ..၊ အလုပ်လုပ်ရင်း မောနေကြတဲ့သူတွေ၊ လုပ်အားတန်ဖိုးနဲ့မမျှတဲ့ ခွန်အားတွေကို ပေးဆပ်နေရသူတွေ၊ မျှော်လင့်ချက်ကို ရင်မှာပိုက်ပြီး ကြိုးစားနေကြတဲ့သူတွေ၊ မိဘနဲ့ သားသမီးများ ဝေးကွာနေကြသူတွေ၊ လွမ်းမောနေရတဲ့သူတွေ၊ ယုံကြည်ချက်ကို မစွန့်လွှတ်ပဲ အသက်ဆက်နေသူတွေ၊ သစ္စာတရားကို အခြေခံပြီး ခရီးဆက်နေသူတွေ၊ မိမိရဲ့ မမျှတနိုင်တဲ့ အတ္တမာန်တခုတည်းအတွက်ကြောင့် မိမိမဟုတ်တဲ့ သူတပါးတွေအတွက် ကိုယ်စိတ် နှလုံးဆင်းရဲနေရသူတွေ..၊ ………….တွေ အမျိုးမျိုးသော ပုံရိပ်တွေက ရိပ်ကနဲ ရိပ်ကနဲ ပါလားးးးးးးး

မြူတွေဆိုင်းနေပြီး နှင်းဖွဲဖွဲလေးကျနေတဲ့ နေရာလေးတခုမှာတော့ အအေးဒဏ်ကို ခါးသက်ရှတစွာ ခံစားရင်း ပေါ်လာတဲ့ ပုံရိပ်လေးတွေကို နှမြောတသ နာကျင်စွာနဲ့ပဲ ခနတာ ဘေးဖယ်ထားကြည့်လိုက်မိတယ်…။ 

နှင်းဖွဲဖွဲလေးအောက်မှာ ကိုယ်ပေါ်ကိုကပ်ငြိလာတဲ့ နှင်းစက်လေးတွေကို လက်နဲ့တို့ထိ ဖယ်ရှားလိုက်တိုင်း ဘာလို့များ မျက်ရည်စတို့ စွတ်စိုလာမိပါလိမ့်..။ ပျောက်ရှခဲ့ဖူးတဲ့ ရနံ့လေးကြောင့်လား…. ရှုံးနိမ့်ခဲ့ဖူးတဲ့ စစ်ပွဲမှာ ခါးသီးတဲ့ဘ၀ကို မျိုချပစ်ခဲ့ရလို့လား…… သေချာသိနိုင်မယ့် အဖြေတခုက နှင်းတွေထဲမှာပဲ အရည်ပျော်သွားခဲ့ပြီပဲ…။

နှင်းလေးတွေကို ထိတွေ့ခွင့်ရနိုင်သေးသရွေ့ တွေ့ထိချင်တဲ့ ကျမ… ဆောင်းရဲ့ အေးစိမ့်မှုနဲ့အတူ ခိုဝင်နားချင်တဲ့ ကျမ… ရင်ဆိုင်ရတဲ့ ခရီးက ချမ်းအေးပေမယ့် ဒီဇင်ဘာဆောင်းရဲ့ အေးချမ်းလှပတဲ့ အခြားဘက်မှာပေါ့.။

အလေးထားတန်ဖိုးထားခဲ့ရပြီး ၀မ်းသာပီတိနဲ့ ကုန်လွန်ခဲ့ဖူးတဲ့ အချိန်လေးတွေကို နှမြောတသစွာနဲ့ တမ်းတကြေကွဲနေရုံ… အဖြူရောင်အိပ်မက်လေးကို ပြန်လည်တမ်းတရုံ…. နဲ့ မလိုချင်တော့တဲ့ ဒဏ်ရာအပိုင်းအစလေးတွေ… ကို မြူနှင်းတွေကြားမှာ ခြေရာဖျောက်လိုက်ရတော့မယ်..။

သဘာဝတရားကြီးကို လွန်ဆန်ချင်တဲ့ စိတ်တွေနဲ့ မလိုချင်တော့တဲ့ နာရီတွေကိုတော့ ဘာနဲ့လျော်ကြေး သတ်မှတ်ရမှာပါလိမ့်…။

 မြူမှုန်လေးတွေရဲ့ ခြေသံကို ကြားနေရရုံ….နဲ့ အလွမ်းတွေ ရစ်ပတ်နှောင်တွယ်မိတတ်တဲ့ စိတ်လေးတခုကတော့ ခိုနားတွယ်ရစ်နေဖြစ်အုံးမယ် ထင်ပါရဲ့..။ ခိုနားတွယ်ရစ်နေမယ့် စိတ်လေးတခုကို လွတ်လပ်စွာ ပျံသန်းခွင့်ပြုရင်း မြူတွေဆိုင်းနေတဲ့ နှင်းမှုန်မှုန်လေးကြားထဲ ကျမတယောက် လမ်းဆက်လျှောက်နေမိခဲ့တယ်.။

Monday, December 6, 2010

ဆန္ဒရောင်စုံ

မပီဝိုးတ၀ါး ဆန္ဒတွေနဲ့ ထင်ရှားပြတ်သားလှတဲ့ ဆန္ဒ တွေကြား လွန်ဆွဲပွဲတခုမှာ ဘာကိုများ ကြားခံတခု ထားနေမိပါလိမ့်။

မတူညီစွာ ကွဲလွဲခွင့်ရှိနိုင်တဲ့ ဆန္ဒတွေကို အချိန်တခုမှာ အံထုတ်ဖို့ အခွင့်ရှိခဲ့မယ်ဆိုရင်ပေါ့…။

အရောင်အသွေး စုံလင်တဲ့ ဆန္ဒရောင်စုံ ပန်းချီကားချပ်ကြီး တချပ်ရဲ့အလယ်ဗဟိုမှာ ဥဒဟို သွားလာ လှုပ်ရှားနေသူတွေ…. ဖြည်းဖြည်း အေးဆေးစွာ သွားလာနေသူတွေ…. လောဘတကြီး မောဟိုက် သွားလာနေသူတွေ….. ပင်ပန်းတကြီး သွားလာနေသူတွေ….. အတ္တတခုတည်း အတွက် သွားလာနေသူတွေ….. အတ္တပရ မျှတစွာ သွားလာနေသူတွေ…..  ယုံကြည်ဆန္ဒရှိရာကို သွားလာနေသူတွေ….. နဲ့ ပျားပန်းခတ်မျှ..!!!

တယောက်နဲ့ တယောက်ရဲ့ ဆန္ဒရောင်စုံ ကားချပ်လေးတွေကို ငေးကြည့်နေရင်းးးးးးး တချို့တချို့ရဲ့ ရင်ထဲကနေ ပေါက်ဖွားလာတဲ့ ဆန္ဒတွေက အရောင်စုံလှပါလား.. တကယ့်ကို ငွါးငွါးစွင့်စွင့်နဲ့ အသွေးစုံလင်လှတဲ့ ပန်းချီကား တချပ်ကို ငေးမောနေရသလိုပါပဲ.. ငေးကြည့်နေရင်း တချို့ဆန္ဒလေးတွေက ဖြူဖြူစင်စင်နဲ့ ဖြစ်လာသမျှ အရာအားလုံးကို ဆန္ဒလေးအတိုင်း အကောင်အထည်ဖေါ်ဖို့ တာဆူနေကြလေရဲ့..။ ဒီထဲမှာတော့ ဟောင်းနွမ်းသွားပြီဖြစ်တဲ့ အရောင်မှိန်ဖျော့ဖျော့ လေးတွေကလည်း ဟိုတကွက် ဒီတကွက် ပြန့်ကျဲလို့..။ အရောင်မှိန်သွားပေမယ့် အရာလေးတော့ ရှိနေဆဲပဲမဟုတ်လား.. ရှိနေဆဲ အရာလေးပေါ်ကို အရောင်တခု ထပ်ထည့်ဖြစ်ခဲ့ရင်… ပိုလို့ထင်ရှား ပေါ်လွင်နိုင်မှာပေါ့.။

တခါတရံမှာတော့ ကျင်လည် သွားလာနေကြရတဲ့ ပတ်ဝန်းကျင် အ၀န်းအ၀ိုင်းထဲမှာ တချိန်တည်းမှာဖြစ်ဖြစ် တနေရာတည်းမှာဖြစ်ဖြစ် လူများစွာရဲ့ ဆန္ဒရောင်စုံတွေကို ဖွင့်လှစ်ဟတဲ့အခါ တပါးသူအတွက် ၀န်ထုပ်ဝန်ပိုးများ ဖြစ်သွားခဲ့လေမလား တွေးတောကြည့်ရင်း မိမိရဲ့ဆန္ဒကိုတော့ မျိုသိပ် နောက်ဆုတ်လိုက်တဲ့ အခါ တပါးသူရဲ့ လုပ်အားခွန်အားနဲ့ စိတ်ခွန်အားလေးတွေ ပေါ့ပါးကြည်လင် သွားစေရဲ့။

များပြားလှတဲ့ ဆန္ဒရောင်စုံတွေ ကျပ်ညပ် ပိတ်လှောင် နေတဲ့ထဲမှာ တန်ပြန် တုံ့ပြန်ခွင့် ပြုဖို့.... ခက်ခဲနေသူ တယောက်အတွက် မိမိရဲ့ဆန္ဒကိုပါ ထပ်လောင်း ဖြည့်ရင်းနဲ့တော့ တပါးသူရဲ့ သက်ပြင်းချလိုက်တဲ့ ရင်မောသံကို မပြုလုပ်မိဖို့ အသိအားလေး လင်းလက်ခွင့်ပြုပါ..။

သဘာဝတရားအရ လူသားတိုင်း လူသားတိုင်းရဲ့ ကိုယ်စီစိတ်ထဲမှာတော့ ဆန္ဒရောင်စုံ ရှိကြမှာ ဧကန်ဖြစ်ပေမယ့် မိမိရဲ့ ဆန္ဒရောင်စုံတွေကို အချိန်နေရာ ဒေသနဲ့ အခြေအနေကို လိုက်ပြီးသာ ဖွင့်ထုတ် တတ်ခဲ့မယ်ဆိုရင် လှပတဲ့ ရောင်စုံ ပန်းချီကားတချပ် အဖြစ် သက်ဝင်လှုပ်ရှားပြီး အနာအဆာကင်းမယ့် စိတ်တစုံကို ဖန်တီး တည်ဆောက်နိုင်မှာ..။

ဆန္ဒတစုံရဲ့ ဖြစ်တည်မှုတိုင်းကို နှိုင်းနှိုင်းဆဆနဲ့ ချွေချဖြစ်တဲ့ အခါတိုင်း တပါးသောသူရဲ့ ဆန္ဒတွေကိုလည်း လေးစား အသိမှတ်ပြု ချွေချခွင့်ပြုရင်း…

နှလုံးသားထဲကို ၀င်ရောက်နေတဲ့ တစုံတရာ ဆန္ဒအစစ်အမှန်အတွက် ရင်ဘတ်ထဲကနေ ထွက်ကျလာမယ့် လေးနက်မှု ရှိတဲ့ ဆန္ဒရောင်စုံလေးတွေကို စုပ်ချက် ကောင်းကောင်းနဲ့ ရေးဆွဲဖို့ ယုံကြည်နားလည်မှုတွေနဲ့ ရင်းထားရတဲ့ အရာတွေကလည်း အများသားပါကလား….!

ပန်းချီကားချပ်လေး တခုကို အရောင်အသွေး စုံစုံလင်လင်နဲ့ ဆေးသားလှပအောင်….. ဆွဲနေဆဲ သူတယောက်ကတော့ဖြင့်....!!!!!