Saturday, July 31, 2010

အဓိပ္ပါယ်ရှိပါရဲ့လား…


အဓိပ္ပါယ်ပြည့်ဝတဲ့ တခုသော နေရာလေးကို ရောက်သွား ခဲ့ရပြန်တယ်..။ ဒါဟာ တစုံတခု အတွက် ခံပြင်းမှု၊ အလိုမကျမှု၊ အပေါ်စီးဆန်မှု၊ အနိုင်ကျင့်ခံလိုက်ရမှု၊ ဆိုတဲ့ အမျိုးမျိုးသော `………..မှု´ တွေကြောင့် ပဲလေ.။

စိတ်ကို ဖြူစင်အောင် ဆုံးမနေတဲ့ ကြားထဲမှာပဲ တခါတရံ ဖြူစင်တဲ့ စိတ်ရဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ `စိတ်´လောကကြီးထဲ ခေါ်ဆောင် သွားခံခဲ့ရတာ ကိုတော့ မငြင်းဆို နိုင်ပါဘူး…။ အဲဒီ အခါမှာ ဆန့်ကျင်ဘက် `စိတ်´ ထဲ ရောက်နေပြီ ဆိုတာ သိလိုက်တာနဲ့ တပြိုင်နက် စိတ်ကို အလျင်အမြန် ဖမ်းဆုပ်ပြီး ဖြူစင်တဲ့ စိတ် ဆီကို ဦးတည် ခုတ်မောင်းလို့..။

အဓိကက စိတ်ကို အနိုင်ကျင့် မခံရဖို့ အရေးကြီးပါတယ်..။ တပါးသူရဲ့ အဓိပ္ပါယ် အပြည့်နဲ့ လျှောက်လှမ်းနေတဲ့ စိတ် ကို အနိုင်မကျင့်မိဖို့ ပိုအရေးကြီး ပြန်ပါတယ်။

တချို့ကျတော့လည်း မိမိ လုပ်လိုက်မိတဲ့ ကိစ္စ တရပ်က တပါးသူရဲ့ စိတ် အပေါ်မှာ ဘယ်လောက်ထိ အနိုင်ယူ လိုက်တယ်ဆိုတာ မသိလိုက်တာလား… မသိချင်ယောင်ဆောင် လိုက်တာလား…! ဒါမှ မဟုတ် `အကျင့်´ပါ နေလို့ ပါလို့ ဖြေရှင်းနိုင်မဲ့…. ဒိုင်း သဖွယ် အကာအကွယ် ယူနေကြတာများလား….!

တချို့ကျတော့လည်း မိမိ လုပ်လိုက်မိတဲ့ ကိစ္စတိုင်း မှန်ကန် ပြည့်ဝ မျှတ နေပါတယ်လို့ ယူဆ မိကောင်း ယူဆလို့ ဖြစ်ပါလိမ့်မယ်..!

တချို့ကျတော့လည်း မိမိကြောင့် တပါးသူရဲ့စိတ် ထိခိုက်ရှနာ သွားမှာကိုပဲ စိုးရိမ်လွန်း ကြပြန်တယ်.။ တပါးသူရဲ့ စိတ် အခြေ ကို အမြဲ ဖတ်နေဖြစ်တဲ့ သူမျိုးပဲ..။ အဲဒီအခါ မိမိဘက်က တခုခု လွန်ကဲသွားရင်တောင် ချက်ခြင်း ပြင်ပြီး မိမိစိတ် မခံနိုင်မဲ့ လုပ်ရပ်မျိုးကနေ မလုပ်ဖြစ်တော့မဲ့သူ တယောက် ဖြစ်သွားရလိမ့်မယ်…!

တချို့ကျတော့လည်း တပါးသူရဲ့ စိတ်ကို မသိလိုက် မသိပါသာ နေတတ်တဲ့ သူမျိုးမို့ ထူးခြားတဲ့ လက္ခဏာ မဖြစ်မိမူပဲ မိမိရဲ့ စိတ်သွားရာ လမ်းအတိုင်း ချောမွေ့လို့….!

ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ… အခက်ခဲဆုံးလို့ ယူဆရတဲ့ မိမိ နဲ့ သူတပါး စိတ် ကို တန်ဖိုးထားတတ်ဖို့၊ လေးစားတတ်ဖို့၊ မျှဝေ ခံစား နားလည်ပေးတတ်ဖို့…!

အဓိပ္ပါယ် ပြည့်ဝတဲ့ နေရာလေး တခုမှာ ကိုယ်စိတ် နှလုံး စိတ်ခွန်အား မှန်ကန် ပြည့်ဝစွာနဲ့ ၀န်းကျင် ပတ်လည်မှာလည်း ဖြူစင်သော စိတ်ထားများ ပိုင်ဆိုင်ထားသူများ နဲ့သာ ဆုံတွေ့ခွင့် ရရပါလို၏။

သူတပါးရဲ့ ကိုယ် စိတ် နှလုံးကို.... နာကျင် ထိခိုက် ခံစားရစေမဲ့ လုပ်ရပ်… အနိုင်ကျင့် လိုက်တဲ့ အပြုအမူ လုပ်ရပ်… အနိုင်ကျင့် လိုက်တဲ့ စကား အပြောအဆို လုပ်ရပ်… လှပတဲ့ အနာဂတ်လေး ပျက်စီး သွားမဲ့ လုပ်ရပ်…မျိုး မလုပ်ဖြစ် ခဲ့ရင် အပြန်အလှန် သန့်ရှင်း စင်ကြယ်တဲ့` စိတ်´တွေ ထွန်းလင်း တောက်ပ နေမှာပါ…။

ထိုထိုသော ဖြူစင်သော စိတ်ရဲ့ ဆန့်ကျင်ဘက် ဖြစ်စေမဲ့ စိတ်မျိုး… မိမိကိုယ်.. မိမိစိတ် ၌ ဘယ်သောအခါမှ.. ဘယ်လိုကဲ့သို့သော အခြေအနေ… မျိုးမှာမှ သန္ဓေမတည် မိဖို့ သာ ငါ့အား စွမ်းဆောင် ပေးပါလေ……..!!!!!

Wednesday, July 28, 2010

ပုံရိပ်ယောင်…

ရင်ထဲ အနက်ရှိုင်းဆုံး တနေရာမှာ ဖြစ်တည်နေတဲ့ အစိုင်အခဲ ဒြပ်မဲ့တခု…

တကယ်တော့ ကိုင်တွယ် ထိတွေ့ခွင့် ရဖို့ အခွင့်အလမ်း မရှိခဲ့တဲ့ ဒြပ်မဲ့တခု အဖြစ်နဲ့သာ……

ဆိုပေမဲ့.. ကိုင်တွယ် လို့ရတဲ့ ဒြပ်ဝတ္ထုတွေထက် ပါဝါအား ကောင်းတဲ့ ဒြပ်မဲ့ ပုံရိပ်ယောင်လေး တခု…

အတ္တမပါတဲ့ နှလုံးသား ထဲမှာ အဖြူရောင် သံစဉ်တွေနဲ့ ရောယှက်ထားတဲ့ သံစဉ် တေးသွားလေး တပုဒ်က ၀င်ရောက် နေရာယူ စည်းချက် လိုက်လို့…

နှလုံးသား ထဲကို မသိမသာ တိုးဝင်လာတဲ့ ညင်းသဲ့သဲ့ အရိပ်အယောင်လေး တခုကလည်း ဆွတ်ပျံ့ ကြည်နူးစွာ စီးဆင်းလာခဲ့လို့….! ဒါ….. ဒြပ်မဲ့ ပုံရိပ်ယောင်လေး တခုတဲ့လား..!

အသက်ရှူသံ တွေတောင် ကပြောင်းကပြန်နဲ့….!

နှလုံးသွေးကြော တလျှောက် စီးဆင်းလာတဲ့ ပုံရိပ်ယောင်လေး တခုက ဖြတ်ကနဲ ဆိုပေမဲ့ တကယ့်ကို စွဲထင် ကျန်နေခဲ့တဲ့ စစ်မှန်တဲ့ အလင်းတန်းလေး တခုပါလား….။

အဲဒီ အလင်းတန်း လေးတခုကို သိမ်းဆည်းထားနိုင်တဲ့ နေရာလေး တခုကလည်း ဒီနှလုံး သွေးကြောလေး ထဲမှာပဲ ဖြစ်နေလေရဲ့…! နှလုံးသွေးထဲမှာပဲ ပုံရိပ်ယောင်လေး တခုအဖြစ် သိုဝှက် ထားချင် လိုက်တာလေ...

နှလုံးသွေးတွေ ပုံမှန် စီးဆင်းနိုင်မဲ့ ပုံရိပ်ယောင်လေးရဲ့ ကိုယ်ပွားတခု……!!!

ပုံရိပ်ယောင်ရဲ့ အလင်းတန်းလေးကြောင့် မှုန်ဝါး ရီဝေ… အိပ်စက်နေတဲ့ နှလုံးသားလေးလည်း အလင်းရောင်တွေနဲ့ ရှင်သန် နိုးထ စေခဲ့တာပေါ့…။

ိပ်စက်နေတဲ့ နှလုံးသားလေးလည်း ခုတော့… အလင်းတန်းလေးနဲ့ အတူ သစ်လွင် လှပတဲ့ အာရုဏ်ဦး နံနက်ခင်း ကို ကြိုဆိုလို့…!

တခါတရံတော့ ယုံကြည်မှုတွေကို စတေး ပစ်လိုက်တဲ့ အခါ မှာတော့… ပုပ်ပွနေတဲ့ ချစ်ခြင်းမဲ့ အကောင်တကောင် ပုံစံနဲ့ ယိုင်နဲ့ ချိခွေလို့…!

အဲဒီအခါ မှာတော့ ငါ ကိုယ်တိုင် ဆုပ်ကိုင်ထားတဲ့ လေးနက်မှုတွေ… မေတ္တာတရားတွေ… ချစ်ခြင်းတရားတွေ… နားလည်မှုတွေ… ဟာ လွတ်ကျ ထွက်သွားခဲ့ပြန်ပေါ့… !!!

ဒါပေမဲ့လည်း ကိုယ်တိုင်… ယုံကြည် နားလည်မှုတွေနဲ့ တည်ဆောက်ထားခဲ့ပြီး တန်ဖိုးထားရတဲ့ `….´ တွေမို့ တစစီ ပြန်ကောက်ရင်း ပြန်ပုံဖေါ်လို့ ပြန်ထုဆစ်လို့…။

နှလုံးသွေးနဲ့ ရင်းပြီး ပြန်လည် ထုဆစ်တဲ့ အခါမှာတော့ တန်ဖိုးထားရတဲ့ အရာတွေနဲ့ အတူ အလင်းရောင်တွေနဲ့ ပြည့်နှက်နေမဲ့ ပုံရိပ်ယောင် ကမ္ဘာငယ်လေး တခု အနေနဲ့ ၀င့်ဝင့်ကြွားကြွား…

ပုံရိပ်ယောင်လေး က ဒီလောက်တောင်ပဲ တန်ခိုးရှိ သတဲ့လား..!!!

တည်ငြိမ် နက်ရှိုင်းတဲ့ နှလုံးသား ထဲထိ တိုးဝှေ့ ၀င်လို့ အလှပဆုံး ကြယ်ပွင့်လေးတွေနဲ့ ထုံမွှန်းထားတဲ့ ဒြပ်မဲ့ ပုံရိပ်ယောင်လေး အဖြစ် အသိအမှတ် ပြုခဲ့ရပြီ။။။

ပုံရိပ်ယောင်လေး´ ရေ….
ငါ့ရဲ့ ဖြူစင် သန့်ရှင်း စင်ကြယ်တဲ့ နှလုံးသွေးထဲကို နာကျင်မှုတွေနဲ့ အတူ မျက်ရည်မိုးတွေနဲ့ ရောပြွန်းနေမဲ့ အရာတွေနဲ့ စွန်းထင်း ညစ်ပေအောင် မရောထွေး ပစ်လိုက်ပါနဲ့….


တခါက ပုံမှန် လည်ပတ် စီးဆင်း နေတဲ့ နှလုံးသားထဲကို အမှတ် ထင်ထင် ၀င်ရောက်ပြီး နေရာ လာယူ ခဲ့တဲ့ `ပုံရိပ်ယောင်လေး´လေးမို့ ရင်ထဲ နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တနေရာ မှာ ခိုဝင် နားခို ခွင့် ပြုမှာ မို့လို့ပါ…!!!!!

Friday, July 16, 2010

ခဏတာ...


ကျမတို့ရုံးမှာ ဘယ်နေရာက လာမှန်းမသိတဲ့ ကြောင်လေးတွေက တော်တော့်ကို ကြောက်ရွံ့တတ်ပါတယ်.။ ကျမလည်း အချိန်တန်ရင် ထမင်းလေးကျွေးလိုက် မုန့်လေးကျွေးလိုက်နဲ့ သူတို့နဲ့ ဆက်ဆံရေး အဆင်ပြေအောင် ချစ်ကြည်ရေးရအောင် လုပ်ရပါတော့တယ်..။ တဖြည်းဖြည်းတော့ သူတို့လည်း ယဉ်ပါးလာပြီး ကြောက်တာလည်း လျော့လာပါတယ်.။

ကျမ ရုံးဆင်းရင် ကြောင်လေးတွေ အတွက် ထမင်းလေးကို နယ်ပြီး ထားခဲ့ပါတယ်.။ ခုဆို နေ့လည် ကျမတို့ ထမင်းစားနေရင်တောင် ခပ်လှမ်းလှမ်းကနေ `ညောင်..ညောင်..´ ဆိုပြီး တောင်းတတ်နေပါပြီ.။ လွန်ခဲ့တဲ့ တပတ်ကတော့ အငယ်ဆုံးကြောင်လေး တကောင်ပျောက်သွားခဲ့ပါတယ်..။ ထင်တာတော့ အငယ်ဆုံး အသေးဆုံးလေးဖြစ်ပြီး သေသွားတယ်လို့ ယူဆလိုက်ရတာပေါ့.။ ဒါနဲ့ သုံးကောင်ပဲ ကျန်ခဲ့ပါတယ်..။ သုံးကောင်ထဲမှာ တကောင်က အ၀ါရောင် ချစ်စရာလေးနဲ့ ချောချောလေးလည်း ပါပါတယ်.။

နေ့လည်ခင်း တနေ့မှာတော့ ကျမ ထမင်းစားနေတုန်း အ၀ါရောင် ကြောင်လေးက ကျမကို အဝေးကနေ အစာလှမ်းတောင်းပါတယ်.။ ကျမလည်း မြန်မြန် ထမင်းနယ်ကျွေး လိုက်ရတာပေါ့..။ ကြောင်လေးတွေက သိပ်မကြောက်တော့ပေမဲ့ သူတို့ကို ကြည့်နေရင် မစားပဲ ထွက်ပြေးသွားတတ်တယ်.။ ဒါနဲ့ ကျမလည်း ကျွေးပြီး ရှောင်နေလိုက်ရတယ်.။ ညနေဘက် ကျမရုံးမဆင်းခင် ထမင်းနယ်ပြီး ကျွေးထားခဲ့ပြန်တာပေါ့.။

နောက်နေ့ ကျမ ရုံးကိုအလာမှာတော့ ရုံးရှေ့မှာ ချစ်စရာ အ၀ါရောင် ကြောင်လေး သေဆုံးနေတာကို တွေ့လိုက်ရတော့ ရင်ထဲမှာ တမျိုးကြီး ဖြစ်သွားခဲ့ရတယ်.။ မနေ့ကပဲ အကောင်းကြီးရှိသေးတယ်. ရောဂါဖြစ်တာလည်း မတွေ့မိပါဘူး ဆိုပြီး စဉ်းစားနေတာပေါ့..။ ဘာဖြစ်လို့များလဲ.. ဘာကောင်ကိုက်လိုက်လို့လဲ.. ခန္ဓာကိုယ်မှာလည်း ကိုက်ရာ မတွေ့မိပါဘူး.. နဲ့ ဘာဖြစ်လို့ သေသွားမှန်းကို မသိလိုက်ရဘူး..။

ဒါနဲ့ပဲ ကြောင်လေး နှစ်ကောင်ပဲ ကျန်တာပေါ့..။

ကြောင်လေးနှစ်ကောင်လည်း ဆော့လိုက်..စားလိုက်နဲ့ ကြည့်ရတာ ကောင်းကောင်းမွန်မွန် ပုံစံပါပဲ.။ ဒီနေ့ မနက် ရုံးလာတော့ ကြောင်လေး နှစ်ကောင် ရုံးရှေ့မှာ ကွေးလို့.။ ကျမလည်း ၀င်လာရော သူတို့ပုံစံ အတိုင်း ထပြေးကြပါတယ်.။ တကောင်က မပြေးတော့ ဘာဖြစ်လည်းမသိဘူးဆိုပြီး `မ´လိုက်တာ အကြောလိုက် သွားပါတယ်.။ မထနိုင်တော့ပါဘူး.. ကျမလည်း လန့်ပြီး တခြားသူတွေကို ခေါ်ပြပြီး ဘာဖြစ်လည်း မသိဘူး ဆိုပြီး ပြလိုက်တော့ သေတော့မလား မသိဘူးတဲ့.။

ဟင်.. မနေ့ကပဲ အကောင်းကြီး ရှိသေးတယ်.. ဘာဖြစ်လဲမသိဘူးပေါ့..။ ကျမရဲ့ လုပ်ဖေါ်ကိုင်ဖက် ညီမလေးရောက်တော့ (အဲဒီညီမလေးက ကြောင်မွေးဖူးတဲ့သူ ဆိုတော့ ကျွမ်းကျင်ပါတယ်) သူက ကြည့်ပြီး ကြောင်ကြီး ကိုက်လားမသိဘူးတဲ့..ပြောပြီး နနွင်းလူးပေး နနွင်းတိုက် လုပ်ပါတယ်. ကျမကတော့ ကြောင်နဲ့ပက်သက်ပြီး အကျွမ်းတ၀င် မရှိလေတော့ ဘေးနားကနေပဲပေါ့..

ကျမလည်း တိရစ္ဆာန်ဆေးခန်း သွားပြမယ်ဆိုပြီး သူငယ်ချင်းညီမလေး တယောက် လှမ်းခေါ်လိုက်ပါတယ်။ အဲဒီညီမလေးက ခနနေ လာမယ်တဲ့.။ ကြောင်လေးကို ထားခဲ့ပြီး ကျမလည်း အဲဒီညီမလေး မလာခင် အလုပ်လုပ်နေလိုက်ပါတယ်.။ ညီမလေး လာလို့ သွားကြည့်လိုက်တော့ ကြောင်လေး သေနေပါပြီ။။ ညီမလေးရေ ဆေးခန်းသွားလို့ မရတော့ဘူး ကြောင်လေး သေသွားပြီလို့ ပြောလိုက်ရတယ်.။ ကျမလည်း စိတ်ထဲမှာ ဆေးခန်း သွားပြလိုက်ရင်တော့ ကောင်းသွားမှာပဲ ဆိုပြီး ထင်ထားတာလေ.။ ကြောင်လေး သက်သာအောင် ဆရာဝန်ဆီမှာ ကုမယ်ဆိုပြီး.... နောက်ကျသွားလို့လားနဲ့ စိတ်မကောင်းစွာပေါ့..။

လုပ်ဖေါ်ကိုင်ဖက် ညီမလေးကတော့ ကြောင်လေးတွေက အဲလိုပဲ သေသွားတတ်တယ်တဲ့.။ ခုတော့ တကောင်တည်း အဖေါ်မဲ့စွာ ကျန်နေခဲ့ပြီပေါ့..။ ခါတိုင်းဆို သူတို့လေးတွေ တတွဲတွဲနဲ့ ပြေးလိုက်လွှားလိုက်နဲ့ ဆော့နေကြတာ..။ ကျန်ခဲ့တဲ့ တကောင်လည်း ဘယ်လိုများ ဖြစ်အုံးမလဲ ဆိုပြီး တွေးပူနေမိတယ်..။ အဲဒီ ကြောင်လေးကို ကြည့်လိုက်တော့ နားလည်သလိုလို မှိုင်လို့….

ကျမ ဘယ်တုန်းကမှ တိရစ္ဆာန် မမွေးဖူးခဲ့သလို ချစ်လည်း မချစ်တတ်ခဲ့ပါဘူး..။ ဒါပေမဲ့ သတ္တ၀ါလေး တွေကိုတော့ သနားတယ်.။ ကျွေးတယ်.။

ဘာပဲဖြစ်ဖြစ် ခနတာ တွေ့ခဲ့ရတဲ့ အတောအတွင်း သံယောဇဉ် ဖြစ်သွားခဲ့ရတယ်..။

ခုတော့ တရားသဘောအတိုင်း တနေ့မှာ ဒီလိုပဲ အားလုံး မလွဲမသွေ သွားကြရမဲ့ ခရီးလမ်းပါလားလို့ သံဝေဂသာ ထပ်ပွါး မိတော့တယ်...။

Friday, July 9, 2010

နေရာလေး…..တခု

နေရာလေး.. တခုကို ရောက်ဖူးကြတဲ့ သူတိုင်း…၊ ရောက်ခဲ့ကြတဲ့ သူတိုင်း…၊ ရောက်နေကြတဲ့ သူတိုင်း… အဲဒီ နေရာလေး…တခု ရဲ့ ပိုင်ဆိုင်မှု တန်ခိုး အင်အား အရ အသိပညာ၊ ကျော်စောမှု၊ အတိမ်အနက်၊ အာဏာ တန်ခိုး၊ သြဇာ၊ လောဘ၊ ဒေါသ၊ မုဒိတာ၊ မာနတံခွန်၊ သည်းခံနိုင်စွမ်း၊ ဆင်ခြင်နိုင်မှု၊ ရောင့်ရဲနိုင်မှု၊ ………. တွေက ကိုယ်ခန္ဓာ အနှံ့အပြား ပျံ့နှံ့ ၀င်ရောက် လာတာ သဘာဝ တရားကြီးကပဲ ခြယ်လှယ် လိုက်လို့များလား…။


ဒါမှမဟုတ် မိမိရဲ့ ကိုယ်ပိုင် ဦးနှောက် စေစားရာ နောက်ကို လိုက်မိသွားလို့များလား……..။

အဲဒီ နေရာလေး တခုကလည်း ပုထုဇဉ် လူသားတိုင်းလိုလို ရောက်ဖူးချင်ကြ၊ ကြုံတွေ့ချင်ကြ၊ ပိုင်ဆိုင်ချင်ကြနဲ့…….. အလုအယက်တောင် ဖြစ်နေသေး………!!

နေရာလေး.. တခု….. က ဘယ်လောက်တောင် တန်ခိုးတွေကြီးပြီး တန်ဖိုးတွေ ရှိနေလို့များလဲ……….။

တစုံတခု အထိ သြဇာတန်ခိုးနဲ့ တန်ဖိုးရှိလို့လည်း ရောက်ချင်ကြတာလို့ ယုံကြည်ပါတယ်…..။

နေရာလေး..တခု ရဲ့ သက်တမ်း အနေနဲ့ရော ဘယ်လောက်တောင် ကြာမြင့်မှာလဲ………။

နေရာလေး..တခုက တကယ် စစ်မှန်တဲ့ ခံစားချက်၊ ပျော်ရွှင်မှု တွေကို ပေးနိုင်မှာလား……။

နေရာလေး...တခု တဲ့လား!!!!!

နေရာလေး..တခုကို ရောက်နေတဲ့ သူအတွက်ပဲ ပျော်ရွှင်နိုင်ပြီး တခြား သူတွေအားလုံး အတွက် ဆန့်ကျင်ဘက် ဖြစ်နေမယ် ဆိုရင်ရော အဲဒီ နေရာလေး တခုက တန်ဖိုးရှိတဲ့ နေရာလေး..တခု ဟုတ်ပါတော့မလား..!

နေရာလေး..တခုမှာ ရောက်နေတဲ့ သူအနေနဲ့လည်း ၀န်းကျင်က တခြား သူတွေကို ပြည့်ဝတဲ့ သဘောထား မှန်ကန်မှုတွေ..၊ မေတ္တာတရားတွေ…၊ ကြင်နာမှုတွေ…၊ မျှတမှုတွေ..၊ ကိုယ်ချင်းစာ တရားတွေ… ကို......မပေးနိုင်ခဲ့ရင်…

ပေးဖို့အတွက် စိတ်အင်အားတွေ မရှိခဲ့ဘူးဆိုရင်… တန်ဖိုးကြီးပြီး လှပတန်ခိုးရှိတဲ့ လူ့ဘောင်အဖွဲ့ကြီးနဲ့လည်း ဝေးကွာလွန်းမက ဝေးကွာသွားရလိမ့်မယ်..။

စစ်မှန် နွေးထွေးပြီး တန်ဖိုးရှိတဲ့ နေရာလေး..တခုမှာ နေဖြစ်ခဲ့ရင် မိမိရဲ့စိတ်လည်း နူးညံ့သိမ်မွေ့ပြီး စစ်မှန်တဲ့ သစ္စာ.. စစ်မှန်တဲ့ မေတ္တာတရားနဲ့ အကြင်နာလက်တစုံ ရှိဖို့ မျှော်လင့် တောင့်တမိပါတယ်..။ မိမိရဲ့စိတ်က အခြားဘက်ကိုသာ ရောက်သွားခဲ့ရင် မိမိနဲ့အတူ မိမိရောက်နေတဲ့ နေရာလေး..တခုရဲ့ တန်ဖိုးလည်း ကျဆင်းသွားပြီး နေရာလေး..တခုရဲ့ နာမည်လည်း မှေးမှိန်လျော့ကျသွားစရာ အကျည်းတန် နေ၀င်ချိန် တွေကသာ ဆီးကြိုနေလိမ့်မယ်..။

နေရာလေး..တခုရဲ့ နာမည်နဲ့ ဂုဏ်ဒြပ်..ကို တန်ဖိုးရှိရှိ မှန်ကန် တည်တံ့စွာ ရပ်တည်နိုင်ဖို့ ဖြည့်စွမ်း ပေးနိုင်တဲ့သူများ ဖြစ်ခဲ့ရင်…..!

လူအများစုဟာ နေရာလေး..တခုရဲ့ ခွန်အား ဒဏ်ကို ခံနိုင်ဖို့အား မရှိလှပါဘူး..နေရာလေး..တခုရဲ့ ဆွဲအားအရ ဆွဲသွားတဲ့ အခြေအနေကိုပဲ လိုက်လျောပြီး ကပြ အသုံးတော် ခံနေကြလေရဲ့..။ ဘယ်လောက်တောင် တန်ခိုးရှိပြီး ခွန်အားကြီးတဲ့ နေရာလေး..တခုပါလဲ..။ တချို့ကျတော့လည်း အဲဒီ နေရာလေး..တခုကို ရောက်သွားတယ် ဆိုတာနဲ့ မိမိရဲ့ မူလ စိတ်ဓါတ် ဇာစ်မြစ်ပါ ပျောက်ဆုံးသွားကြပြီး နေရာလေး..တခုရဲ့ ဒဏ်ကို ရှက်ရံွ့မှု မရှိပဲ ချစားနေကြလေရဲ့..။ တချို့ကတော့ နေရာလေး..တခု ကိုအားကိုးပြီး သကာလ အာဏာ တန်ခိုး ပြချင်တိုင်း ပြနေလေရဲ့..။

တချို့ကလည်း နေရာလေး..တခုကို ရောက်ပြီ ဆိုတာနဲ့ မိမိနဲ့ တူတဲ့ အမျိုးတူ လူသားအားလုံး အပေါ်မှာ မထောက်မညှာ ကြီးစိုးချယ်လှယ် နေတော့တယ်..။

>ဘယ်လိုပဲ ဖြစ်ဖြစ် ဘယ်တော့မှ မတည်မြဲတဲ့ လောကကြီးထဲမှာ ပြောင်းလဲခြင်းကသာ မပြောင်းလဲသော တည်မြဲမှု ဖြစ်နေလေတော့ နေရာလေး..တခု ဆိုတာ လည်း ခဏတာ ရေဗွက် ပမာသာ ဖြစ်တယ်ဆိုတာ လက်ခံ ယုံကြည်ပြီး ပြုမူ နေထိုင် ကျင့်ကြံမယ်ဆိုရင် လူသား အားလုံးအတွက် အကျိုး ဖြစ်ထွန်းစေနိုင်မဲ့ သာယာ ချမ်းအေးတဲ့ လမ်းပေါ်မှာ လျှောက်လှမ်းနိုင်လာကြမှာပါ..

မိမိလည်း စစ်မှန်ပြီး တန်ဖိုးရှိတဲ့ နေရာလေး..တခုပေါ်ကို မျက်စေ့လည် လမ်းမှားလို့ပဲ ဖြစ်ဖြစ်.. ရောက်ခဲ့မယ်ဆိုရင် မှန်ကန်စွာနဲ့ မျှတစွာ. ရပ်တည်နိုင်ပါပြီလား….... အကြင်နာလက်တစုံ ရှိနေပါပြီလား လို့ မေးခွန်းထုတ်ရင်း .…

လူသားတိုင်း မှန်ကန်တဲ့ နေရာလေး..တခုပေါ်မှာ မှန်ကန်စွာ ရပ်တည်နိုင်ပြီး.. ရောက်နေရတဲ့ နေရာလေး..တခုရဲ့ ကာလသက်တမ်း တလျှောက် မည်သူ တစုံတဦးကိုမှ ကိုယ်စိတ်နှလုံး မပျက်စီးစေဖို့ ရည်သန် ဆန္ဒပြုရင်း….

Saturday, July 3, 2010

ငယ်ဘ၀ ရူးသွပ်မှု…

ငယ်ဘ၀ရဲ့ အပိုင်းအစလေး တွေကို ပြန်ပုံဖေါ်ကြည့်မယ် ဆိုရင် လူတိုင်းလူတိုင်းမှာ ဖြူစင်တဲ့ ရူးသွပ်မှု တခုစီတော့ ရှိခဲ့ကြတယ်..။

ကဗျာမြတ်နိုးလို့ ကဗျာရူးသွပ်တဲ့သူ၊ စာပေ ရူးသွပ်တဲ့သူ၊ အားကစား ရူးသွပ်တဲ့သူ၊ ငါးလေးတွေကို တယုတယ မွေးပြီး ရူးသွပ်တဲ့သူ၊ အနုပညာ ဗီဇအရ အနုပညာ ရူးသွပ်ခုံမင်တဲ့သူ၊ အနုပညာထဲကမှ ဂစ်တာတီးတာ ရူးသွပ်တဲ့သူ၊ သီချင်းဆို ရူးသွပ်တဲ့သူ၊ အကကို ရူးသွပ်တဲ့သူ၊ ကျောင်းဆရာမတွေ ကို အားကျပြီး စာသင်ချင်လို့ ဆရာမ ရူးသွပ်ခဲ့တဲ့သူ…………… စတဲ့ ရူးသွပ် ခုံမင်ခဲ့တဲ့သူတွေ အများကြီး…… ရှိခဲ့ကြတယ်…!!!

ငယ်ဘ၀ တခု.....

ကဗျာမြတ်နိုးတဲ့ သူတွေ အချင်းချင်း ကိုယ့်ရဲ့ ကဗျာဖန်တီးမှုတွေကို စာအုပ်လေးတွေ အဖြစ် ပုံနှိပ်လို့…၊ ၀တ္ထုတိုလေးတွေ ရေးပြီး မ၀ံ့မရဲနဲ့ မဂ္ဂဇင်းထဲမှာ ဖေါ်ပြခွင့်ရဖို့ ကြိုးစားပမ်းစား…၊ အားကစား ခုံမင်သူတွေထဲမှာတော့ ဘောလုံး ချစ်သူတွေက ကျောင်းပေါင်းစုံဘောလုံး၊ မြို့နယ်ဘောလုံး၊ နောက်နိုင်ငံကျော်အထိ ဘောလုံးသမားကောင်း အဖြစ် စိတ်ကူးဖန်တီးလို့..၊ တိရစ္ဆာန်လေးတွေကို ချစ်ခင်ကြတဲ့ သူတွေ.. မွေးမြူချင်တဲ့ သူတွေထဲမှာမှ ငါးလေးတွေ မွေးချင်တဲ့သူတွေက ငါးကန်လေးတွေ လှလှပပ လုပ်ပြီး ငါးလေးတွေကိုမွေးလို့…၊ အနုပညာ ဗီဇ ထက်သန်သူတွေက ထက်သန်ရာ ထက်သန်ရာ ဘက်မှာ စိတ်ပါလက်ပါ ဖန်တီးလို့..၊ စာသင်ကြားချင်သူတွေ ကတော့ အခြေအနေ ပေးရင်ပေးသလို စာသင်ကြားပေးလို့..

တချို့ကတော့ ငယ်ဘ၀ရဲ့ ပုံရိပ်တွေ ပျောက်ကွယ် သွားခဲ့ကြရတယ်.။ ဒါပဲ ဖြစ်ရမယ် ဆိုတဲ့ တင်းကျပ်တဲ့ ဘောင်အတွင်းမှာ မဖြစ်မနေ ပြုလုပ်နေ ကြရတာတွေ…..ဒုနဲ့ဒေး……..!

ဒါပေမဲ့ အသက်အရွယ် ကြီးလာပေမဲ့ ငယ်ဘ၀ရဲ့ စိတ်ကူးအိပ်မက်၊ ရူးသွပ်မှု တွေက မပျောက်မပျက် ရင်ထဲတနေရာမှာ ဖြစ်တည်နေတာကိုတော့ ဘယ်လိုအရာကမှ တားဖြစ်နိုင်စွမ်း မရှိကြပါဘူး.။

ဘ၀ရဲ့ စိန်ခေါ်မှုတွေကြောင့် လမ်းကြောင်း ဦးတည်ချက် ပြောင်းသွားပေမဲ့ ငယ်ဘ၀ရဲ့ ရူးသွပ် ခုံမင်မှုတွေကို အခြေအနေ ပေးရင်ပေးသလို ထုဆစ်ချင်ကြတယ်… သီကုံးချင်ကြတယ်…။

တချို့ကတော့ ငယ်ဘ၀ရဲ့ ရူးသွပ်မှု အတိုင်း မျောပါ နစ်ဝင်ရင်း အောင်မြင်မှုတွေ တနင့်တပိုးနဲ့…။

ငယ်ဘ၀ရဲ့ ရူးသွပ်မှု လမ်းကြောင်းကနေ သွေဖီ သွားခဲ့ရပေမဲ့ ဖြစ်တည်ခဲ့ရတဲ့ ဘ၀ ထဲမှာ စိတ်ကူးစိတ်သန်း ထက်သန်စွာ အကောင်းဆုံး လုပ်ဆောင်ချက်တွေနဲ့ လျှောက်လှမ်းနိုင် မယ်ဆိုရင် တချိန်တုန်းက မက်ခဲ့..ရူးသွပ်ခဲ့ရတဲ့ ငယ်ဘ၀ ပုံရိပ်တွေလည်း ထပ်ချပ်မကွာ လိုက်လာမှာပါ..

တချို့ကတော့ ငယ်ဘ၀ ရူးသွပ်ခုံမင်မှုတွေက ဘ၀ရဲ့ ရိုက်ခတ်မှုဒဏ်တွေ၊ ဘ၀ရဲ့ ရေစီးကြောင်းဒဏ်တွေကြောင့် မှုန်မှိုင်း ပျောက်ပျက်ခဲ့ရပြီး နှမြောစရာ ကောင်းစွာနဲ့ လွင့်စင် သွားခဲ့ကြရတယ်…။

တချို့ကလည်း လှိုင်းတံပိုး ဘယ်လောက်ပင် ထန်ထန် ဆိုတဲ့ စိတ်ဓါတ် အားမာန် နဲ့ ငယ်ဘ၀ ရူးသွပ်မှုကို မဖြစ်မနေ တည်ဆောက်ပြီး ကူးခတ်နေကြတယ်..

တချိန်က ရူးသွပ်ခဲ့ရတဲ့ ငယ်ဘ၀ရဲ့ အိပ်မက်တွေကို အကောင်အထည် မဖေါ်နိုင်ပေမဲ့ ပစ္စပ္ပုန်မှာ တွေ့ကြုံ လှုပ်ရှားနေထိုင်နေရတဲ့ ဘ၀လေးကိုပဲ မိမိအပါအ၀င်.. မိမိဝန်းကျင်လှပ သပ်ရပ်အောင်..၊ အကောင်းဆုံး တည်ဆောက်နိုင်ပြီး အနာဂတ်အတွက် လှပတဲ့ လူ့အဖွဲ့အစည်း တခု ဖြစ်လာအောင် ပြုစု ပျိုးထောင်နေရင်း ငယ်ဘ၀ ရူးသွပ်ခုံမင်မှုတွေကိုလည်း အလှဆင် နိုင်ကြပါစေလို့ ရည်ရွယ်ရင်း…

ကျမရဲ့ တချိန်က ငယ်ဘ၀ ရူးသွပ်မှုလည်း ကျမနဲ့အတူ ဖြစ်တည်ခွင့် မရခဲ့ရရှာ….!!!!!

Monday, June 28, 2010

တံတိုင်းတခု…

ပြတင်းပေါက်က တဆင့် လွင့်စင် ဖြာကျလာတဲ့ မိုးစက် မိုးပေါက်လေးတွေကို ကြည့်နေရင်း မျက်နှာပေါ်ကို မိုးရေ တချို့ ကပ်ငြိ စွန်းပေလို့ စိုထိုင်းစ ပြုလာပါပြီကော…။ ရင်ထဲမှာလည်း မျက်ရည်မိုးတွေ တစိမ့်စိမ့် ရွာနေတာကိုတော့ ကိုယ်တိုင်ကလွဲလို့ ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူးလေ..။

ဘယ်လောက်ကြာသွားလည်း မသိလိုက်ပေမဲ့ ဟိုးလွန်ခဲ့တဲ့ တချိန်က ခုလို မိုးရွာနေတဲ့ နေရာလေး တခုကို အမှတ်မထင် ရောက်သွားတာကို အမှတ်ထင်ထင် သိလိုက်ရတယ်..။

`ပလုံ´ …….`ပလုံ´……..`ပလုံ´…………

ရေကန်ထဲကို စိတ်ရှိလက်ရှိ ပစ်ပေါက်နေတဲ့ ခဲလေးတွေကို ကြည့်ပြီး ပစ်ပေါက်ပါစေ ဆိုပြီး ကြည့်နေတဲ့ `ကို့´ ကို ကျေးဇူးတင်မိတယ်.။ စိတ်ရှိတိုင်း လုပ်ခွင့်ပေးလို့ပါ…။

အို……… ကျမ စိတ်သက်သာရာရအောင် လုပ်နေတာကို ထိုင်ကြည့်နေတဲ့ `ကို့´ ကို ထပ်ပြီး ကျေးဇူးတင်နေမိတယ်.။

လောလောဆယ် ကျမကို မတားကြပါနဲ့ လွတ်လွတ်လပ်လပ် လုပ်ခွင့်ပြုပါလို့ စိတ်ထဲကနေ အထပ်ထပ် တောင်းဆိုနေမိတယ်……..။ ငိုချင်ရင်လည်း အားရအောင် ငိုလိုက်ပါ……. စိတ်ကိုမထိန်းထားနဲ့တဲ့……..

တဒင်္ဂ ငြိမ်သက်သွားမိတယ်……. ထိန်းချုပ်ထားရင်းနဲ့ အလိုအလျောက် မျက်ရည်တွေ ကျလာပြီးမှ ရှိုက်ကြီးတငင် ငိုချလိုက်မိတော့တယ်..။ ကျမကို နောက်ဆုံးအနေနဲ့ အားရအောင် ငိုခွင့်ပြုပါ………။

ဟုတ်တယ်…… နက်ဖန်ဆို `ကို´က ကျမနဲ့ အဝေးဆုံး နေရာတခုကို ထွက်သွားတော့မှာပဲလေ..။ တားပိုင်ခွင့် မရှိတဲ့ ကျမကို ငိုခွင့်ပြုရုံ ငိုခွင့်ပြုကြပါ..။

ဝေးတယ်ဆိုတာကို ပထမဆုံးအကြိမ် ခံစားရတဲ့ ခံစားမှု တရပ်အနေနဲ့ ဝေးကွာခြင်း ဒုက္ခကို ဘယ်လောက်ထိ ခံစားနေရအုံးမှာလဲ မသိပေမဲ့ သေချာတာကတော့ ကျမတို့ကို ဝေးကွာမှုဆိုတဲ့ တံတိုင်းကြီး တခုက ခြားနားထားလိုက်ကြပြီ…။

ဝေးကွာမှု ဆိုတဲ့ တံတိုင်းကြီးက ဘယ်လိုတံတိုင်းကြီးလဲ…… ကျမဖြင့် မုန်းလိုက်တာ……… ဘယ်လို အကြောင်းကြောင့် ကျမတို့ နှစ်ဦးကို ခွဲခွါခဲ့ရတာလဲ………

တံတိုင်းကြီးရဲ့ နောက်မှာရော ဘာတွေရှိနေလဲ… ရှိနေတဲ့ အရာတွေထဲမှာတော့ ဓနဂုဏ် အင်အားတွေ ပါနေမယ်ဆိုတာ…. !!!

တကယ်ဆို နှုတ်ဆက် လက်ပြ ထွက်ခွါသွားမှာကို မကြည့်လို မမြင်လိုလို့ `ကို´ သွားမဲ့ နေ့မှာ လိုက်မပို့တော့ဖို့ ဆုံးဖြတ်ထားပြီးသား..။

ဟုတ်တယ်…….. ကျမဆိုတဲ့ ကျမကလည်း… လေ…

ကျမကို အရင် နှုတ်ဆက် ထွက်သွားမှာကို မလိုလားတဲ့ သူ..။ ကျမရှေ့က ထွက်ခွါသွားမှာကို မကြည့်ချင်တဲ့သူ…။ အတ္တကြီးတဲ့သူပေါ့…။ ကျမကသာ နှုတ်ဆက် ထွက်သွားချင်သူ.. ကျမသာ ဦးဆုံး ထွက်သွားချင်သူ.. ကျမသာ ဦးဆုံး နှုတ်ဆက်ချင်သူ..

ဒါကြောင့် `ကို´ ကလည်း ကျမ လိုက်မပို့တာကို နားလည် စာနာနိုင်ခဲ့တာပေါ့…။

`ကို´ ကလည်း ကျမကို ကျန်းမာရေး ဂရုစိုက်ဖို့.. သူခေါ်ရင် သူ့နောက်ကို လိုက်ဖို့ အဆင်သင့် လုပ်ထားဖို့ .. မှာတမ်းချွေနေလေရဲ့…

ဘယ်လိုပဲဖြစ်ဖြစ် ကျမအနေနဲ့ `ကို့´ နောက်ကို ဘယ်တော့မှ လိုက်ဖြစ်မှာ မဟုတ်ဘူး ဆိုတာ သိနေလေတော့….

`ကို့´ ကိုလည်း ကျမ မလိုက်ဖြစ်မဲ့ အကြောင်း ပြောမထွက်ရက်ဘူးလေ..။

`ကို´ ပြောတဲ့ စကားလုံးတိုင်း ကျမ နားထောင်နိုင်စွမ်း မရှိတာကို ခွင့်လွှတ် နားလည်စေချင်တာ ကလွဲလို့…

သေချာတာကတော့ တံတိုင်းကြီးရဲ့ နောက်ကွယ်က မာယာထောင်ချောက်တွေနဲ့ ပြည့်နှက်နေမဲ့ နေရာတွေထဲမှာ ကူးခပ်ဖို့ စိတ်အင်အား ရှိမှာ မဟုတ်လို့ပါ `ကို…´။

Thursday, June 17, 2010

ကျမချောင်းနေရတဲ့ ကြောင်လေးများ


ကျမတို့ရုံးမှာ လွန်ခဲ့တဲ့ ခြောက်လလောက်က ဘယ်ကမှန်းမသိတဲ့ ကြောင်နှစ်ကောင် ရောက်လာပါတယ်.။ ကြည့်လိုက်တော့ ကြောင်တွေက ကြောက်ကြောက်ရွံ့ရွံ့ ပုံလေးတွေနဲ့..။ ဒါနဲ့ ကျမက ညနေ တညနေမှာ ကြောင်လေးတွေ စားဖို့ ထမင်းလေးနယ်ပြီး ကျွေးမလို့ လုပ်တော့ ကျမကိုလည်း မြင်ရော အပြင်းအထန် ထွက်ပြေးလိုက်တာ တကောင်က သစ်ပင်ပေါ် အတင်းတက်ပြေးတာ အလယ်လောက်ရောက်တော့ ပြုတ်ကျပါရော… ပြုတ်ကျတာတောင် ထပ်ပြီး သစ်ပင်ပေါ်ရအောင် တက်ပြေးပြီး ဟိုဘက်ခြံထဲ ပြေးသွားတယ်… နောက်တကောက်ကတော့ ခြံအုတ်တံတိုင်းပေါ် တက်ပြေးလိုက်တာ… ဟိုဘက်ခြံထဲပဲ ရောက်သွားရော.. ကျမမှာသာ အငေးသားနဲ့ ဘာဖြစ်လို့ ထွက်ပြေးတာလဲ မသိဘူးဆိုပြီး တကိုယ်တည်း မေးခွန်းထုတ်နေမိတာပေါ့..။

သူတို့ ဆာမှာစိုးလို့ ကျွေးချင်လို့ လာကျွေးတာကို ကျမကိုမြင်တာနဲ့ ထွက်ပြေးလိုက်တာ အလုအယက်ပါလား……..။

ဒါနဲ့ပဲ ကျမတယောက် ကြောင်ကြောက်ကြီး ဖြစ်သွားပါတော့တယ်..။ ရုံးက လူတွေက နင် ကြောင်ကို သွားမကျွေးနဲ့တော့.. ကြောင်တွေလည်း မမြင်စေနဲ့တော့တဲ့.. ကိုင်း…. မခက်ပေဘူးလား…..

ရုံးမှာ ရှိတဲ့ မိန်းခလေး နှစ်ယောက်လုံးကို ကြောင်ကလည်း အကြောက်ကြီး ကြောက်နေလေတော့ ကျမတို့ နှစ်ယောက်ကလည်း ခပ်ဝေးဝေးပဲ နေဖြစ်ပါတယ်..။ ဟုတ်တယ်… ကြောင်တွေကလည်း ကျမတို့ နှစ်ယောက်ကို မမြင်လိုက်နဲ့.. မြင်တာနဲ့ ထွက်ပြေးတော့တာပဲ..။ သိပ်မကြာပါဘူး… အဲဒီကြောင်နှစ်ကောင်လုံး ပျောက်သွားလိုက်တာ ပြန်မလာတော့ဘူး..။ ကျမတို့နှစ်ယောက်ကြောင့်ပဲ ပြန်မလာတော့သလိုလို ဖြစ်သွားတော့တာပေါ့……..။ ဘယ်ကမှန်း မသိရောက်လာပြီး ဘယ်ကိုပြန်သွားမှန်းလည်း မသိရပါလား…။

အော်… လွန်ခဲ့တဲ့ လကတော့ အဲဒီ် ကြောင်နှစ်ကောင် ပြန်ရောက်လာပြီး ကြောင်လေးတွေ လေးကောင် ပေါက်ပါရော…။ ရုံးက ပြောပြန်ရော.. ကျမတို့ကို သွားမကြည့်နဲ့တဲ့.. နောက်ထပ် ထွက်ပြေး သွားအုံးမယ်တဲ့လေ… (အဲလို နာမည်ရတာ…….).

ကြောင်လေးတွေ ကလည်း သူ့မိခင် ကြောင်မလေး လိုပဲ ကြောက်တတ် လိုက်တာ..။ ကျမတို့မှာ ကြောင်လေးတွေကို ကြည့်ချင်လို့ သွားချောင်းလိုက်.. ကြောင်လေးတွေက ထွက်ပြေးသွားလိုက်နဲ့ တခါတလေ စိန်ပြေးတမ်း ကစားနေသလိုတောင် ဖြစ်ရတယ်.။

ဟိုတနေ့ ညနေကလည်း ကြောင်လေးတွေ အားလုံး ၀ရန်တာပေါ်မှာ ရှိနေတာနဲ့ နီးနီးလေးတော့ သွားမကြည့်ရဲဘူးပေါ့..။ အောက်ကနေ ချောင်းတာ ကြောင်လေးတွေကလည်း သူ့အမေအပေါ်ကနေ ပြန်ချောင်းလိုက် ကျမက ဟိုဘက်ပုန်းနေလိုက် ကြောင်လေးကလည်း တိုင်ဘေးနား သွားပြီး ပြန်ချောင်းလိုက်နဲ့…။ ကျမနဲ့ ကြောင်လေးတွေနဲ့ ချောင်းတိုင်း ဆော့သလိုတောင် ဖြစ်နေကြတယ်..။ ကြောင်လေးတွေကလည်း ကျမကို အကဲခတ်ပေါ့… ဘာများလုပ်မလဲဆိုပြီး..။

မနေ့ညနေကတော့ ကျမပြန်ခါနီး ကြောင်လေးတွေကို တခါ သွားချောင်းသေးတယ်…။ ကျမကိုလည်း မြင်ရော ကြောင်ပေါက်လေး လေးကောင်လုံး စတိုခန်းထဲ ပြန်ပြေးလိုက်ကြတာ.။ ကျမလည်း ဘီစကွတ် ယူလာပြီး ချေပြီးတော့မှ သူတို့စားတဲ့ ပန်းကန်ထဲ ထည့်ပေးထားလိုက်တယ်.. ပြီှးတော့ ပြန်လာပြီး ကွယ်ရာကနေ ချောင်းတာပေါ့..။ သူတို့တွေ ဟိုကြည့်ဒီကြည့်နဲ့ ထွက်လာကြတယ်.. ပြီးတော့ ပန်းကန်ထဲက ဘီစကွတ်တွေ တကြွတ်ကြွတ်နဲ့ ၀ါးနေလိုက်တာ….. အဲဒီတော့မှ သူတို့ ဘီစကွတ်စားသားပဲ… ဆိုပြီး နောက်ထပ် ကျွေးဖို့ ထပ်ယူလာတော့ ပြန်ပြီးထွက်ပြေး သွားတယ်..။ ဒါနဲ့ပဲ ပန်းကန်ထဲ ထည့်ထား ခဲ့လိုက်ပြီးတော့ ကြောင်လေးတွေကို ပြန်ချောင်းတာပေါ့… ကျမလည်း သူတို့ စားနေတာကို ပီတိဖြစ်ပြီး ချောင်းနေလိုက်တာ..

အဲ.. တော်တော်ကြာတော့မှ ကျမ ခြံရဲ့ အုတ်တံတိုင်းပေါ် ကြည့်မိလိုက်တာ…

အလို…. ကြောင်လေးတွေရဲ့ အမေက ကျမကို သေချာကြည့်နေတာကိုး…။ ကြောင်လေးတွေကို ကြည့်လိုက် ကျမကို ကြည့်နေလိုက်နဲ့.. သူလည်း လာမစားဘူးလေ…။ ကြောင်လေးတွေကို ဘာများလုပ်မလဲလို့ ကျမရဲ့ အရိပ်အခြေ ကိုစောင့်ကြည့်နေပုံရတယ်..။ ကျမသာ သူ့ကလေးတွေကို တခုခု လုပ်မယ်ဆိုရင် ဘာများပြန်လုပ်မလဲ မသိဘူးနော်..။ ကျမမှာလည်း ရဲရဲတင်းတင်း မကျွေးရတော့ ခုလိုပဲ ချောင်းမြောင်းပြီး ကျွေးရပေအုံးမယ်..။ ကျမရဲ့ ကြောင်ချောင်းရတဲ့ အဖြစ်လည်း တဒုက္ခပါလားလို့သာ ညည်းချင်း ထုတ်ပြီး ထပ်ပြီး ချောင်းပေရအုံးမှာပေါ့...။

Monday, June 14, 2010

`ငါ…´ ပြန်လာနိုင်ပါတော့မလားးးးးးးးး

`………………..´ ရေ

အိပ်မက်တွေ တပွေ့တပိုက်နဲ့ လှမ်းလျှောက် လာခဲ့တဲ့ ခရီးလမ်းမှာ အနာဂတ် ဆိုတာ မရေရာ မသေချာ ခဲ့ဘူး..။

သေချာတာကတော့ ၀မ်းနည်းမှု၊ စိတ်အားငယ်မှု၊ သတိရမှု၊ ခွဲခွါခဲ့ရမှု၊ ဝေးကွာမှု၊ ဆိုတဲ့ ဒဏ်ရာ တွေနဲ့သာ ပြည့်နှက်လို့… ရှေ့မှာ ရင်ဆိုင်ရမဲ့ အရာ မှန်သမျှကို ဘယ်လို သတ္တိ ခွန်အားတွေနဲ့ ရင်ဆိုင် ဖြည့်စွမ်းရမလဲ ဆိုတာသာ အထပ်ထပ် ပေါ်နေခဲ့တော့တယ်…။

ခရီးလမ်းကြမ်းမယ် ဆိုတာ သိပေမဲ့ အမှန်တရား အစိုင်အခဲက ရင်ထဲ၊ နှလုံးသားထဲမှာ ထုဆစ်ပြီးသားမို့ လျှောက်ခဲ့တဲ့လမ်း ဘယ်လောက်ပဲ ကြမ်းကြမ်း၊ ဘယ်လောက်ပဲ ခက်ခဲပါစေ အားတင်းပြီး လျှောက်ဖို့သာ ဇောကပ်နေမိတယ်…။

ဖြစ်ချင်တဲ့ ဆန္ဒတွေက ကိုယ်နဲ့ ရင်းနှီးနေခဲ့ပေမဲ့ ရှေ့မှာ မြင်ရမဲ့ လမ်းက ချောမွေ့ချင်မှ ချောမွေ့မှာ သိပေမဲ့ ဒီလမ်းကိုမှ ရွေးပြီးလျှောက်ခဲ့တာကိုတော့ သိနားလည်ချင်မှ နားလည်ကြမှာပါ….။

အဲဒီ ဖြစ်ချင်ခဲ့တဲ့ ဆန္ဒတွေ အောင်မြင်ဖို့၊ အကောင်အထည်ဖေါ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားရတော့မယ်.. စိတ်ဓါတ်ခိုင်မာရတော့မယ်.. အရာရာ သည်းခံရတော့မယ်… ဆိုတာ တွေကလည်း ရစ်ပတ်ချည်နှောင်လို့….။

အတ္တမပါတဲ့ ဆန္ဒတွေနဲ့ လျှောက်နေတဲ့ လမ်းမှာ အဖုအထစ်တွေ များမယ်… ဆိုတာလည်း မသိမဟုတ်…… ။

မရေရာမှုတွေကို တတ်နိုင်သလောက် မောင်းထုတ်ရင်း သေချာတဲ့ အမှန်တရား ကိုအထပ်ထပ် ထုပ်ပိုးလို့ လျှောက်နေခဲ့ပေါ့…။

`…………..တွေ´ က

နင် ပြန်မလာတော့ဘူးလား တဲ့………….

ဘယ်ဘက်ရင်အုံထဲက တင်းကျပ်မှုတခုက နာနာကျင်ကျင် ဆွဲဆောင့်လိုက်ရင်း စည်းချက် မမှန်တဲ့ ရင်ခုန်သံတွေကြောင့်….ငါ…….. ဘာပြန်ပြောရမလဲ …….။

အဖြေတခု အနေနဲ့ `ငါ….. နာနာကျင်ကျင်... ဟားတိုက် ရယ်မောပစ်ခဲ့တယ်´……….

တနေ့ပေါ့………..???

ဆန္ဒ ရှိနေတဲ့ အရာတွေ၊ ဖြစ်ချင်နေတဲ့ အရာတွေ၊ စိတ်ရှိတိုင်း လုပ်ခွင့်ရဖို့ .… စိတ်ခွန်အား အပြည့်နဲ့ ကြိုးစားတည်ဆောက်ပေါ့….။

ငါ့..ရဲ့ ဆန္ဒ တစုံတရာကို `..........တို့´ ကို သိခွင့်ပေးဖို့၊ သိနားလည်ပေးဖို့လည်း အခြေအနေ မပေးခဲ့လေတော့…

ခုချိန်မှာ `ငါ…တို့တွေ…´ မသိခဲ့တဲ့၊ မသိသေးတဲ့ ခါးသီးတဲ့ ဘ၀တွေ အသေင်္ချေ ရှိနေတယ်လို့ ပြောချင်နေမိတာ ရင်နဲ့အပြည့်ပေါ့…။

အဲဒါတွေပြောဖို့ဆို တထောင့်တည ပုံပြင်တောင် မှီနိုင်မယ် မထင်တော့ဘူး….။ `ငါ…´ လေ `………တွေ´ ကို ခါးသီး နာကျင်စရာတွေ ရှိတဲ့ ဘ၀တွေကို မတွေ့နိုင်၊ မသိနိုင်ကြတာကိုတော့ သိလာအောင်၊ နားလည်လာအောင် ပြောချင်နေမိတယ်… ဒါမှလည်း `ငါ..´ ဆိုတဲ့ `ငါ…´ လည်း တစုံတခု အတွက် တာဝန်ကျေတဲ့ သူတယောက် ဖြစ်မှာ….။ `ငါ…´ တာဝန်ကျေတဲ့ သူတယောက်တော့ ဖြစ်ချင်တယ်….။

ဒီလိုမျိုး ဘ၀တွေကို သိနားလည်ခဲ့ရင်၊ စာနာနိုင်ခဲ့ရင် ကိုယ်ကိုယ်တိုင် မတ်နိုင်သမျှလည်း မတ်အောင် လုပ်နေရင်း ဘေးနားဝန်းကျင်က လဲကျနေတဲ့ သူတွေကိုလည်း မတ်နိုင်အောင် ထူပေးသင့်သလောက် ထူပေးနိုင်ဖို့ ခွန်အား သတ္တိတွေ၊ နားလည်မှုတွေ မွေးမြူလာနိုင်လိမ့်မယ်…။

`……….တို့´ တွေ ပြောသလို အရင်ဆုံး ကိုယ်ကိုယ်တိုင် မတ်နိုင်မှ ဖြစ်မှာဆိုတဲ့ စကားကြောင့် ….. ကိုယ်ကိုယ်တိုင်လည်း မတ်မတ်နေနိုင်အောင် ကြိုးစားရင်း ၀န်းကျင်မှာရှိတဲ့ ဘ၀လေးတွေကိုလည်း မတ်မတ် ဖြစ်နေအောင်၊ မတ်မတ်နေနိုင်အောင် ကြိုးစားပေးရလိမ့်မယ်…။

ဟုတ်တယ်လေ… ကိုယ်ကိုယ်တိုင် မတ်မတ်မနေနိုင်ရင် တခြားဘ၀လေး တွေကိုလည်း ဘယ်မှာ မတ်လို့ရအောင် လုပ်နိုင်ပါ့မလဲ…..။ ကိုယ်တယောက်တည်း မတ်နေအောင်ပဲ အရင်ကြိုးစား လိုက်အုံးမယ် ဆိုရင်လည်း ဘယ်အချိန်မှာမှ ကိုယ့်ကိုယ်ကို မတ်နေနိုင်ပြီလို့ သိကြလိမ့်မလဲ… အတောသတ်နိုင်ပါ့မလဲ..။

`………..တို့´ က `ငါ့..´ကို ကောက်ချက်ချတာက သွေးအေးလိုက်တာတဲ့..….။ စိတ်ဓါတ်က မာကျောလိုက်တာတဲ့…။ `..............ငါတို့အားလုံး´ ဘ၀တွေထဲမှာလည်း အထူးဆန်းဆုံးပဲတဲ့……..။

`ငါ….´ ဘာပြန်ပြောရမလဲ…………။

`ငါ့… မှာ `............တို့တွေ´ သိနားလည်လာအောင် လောလောဆယ် ပြန်ပြောဖို့ အကောင်းဆုံး စကားလုံးတွေ ရှာဖွေနေမိတယ်..။

`ငါ..´ ပြောချင်တာက `ငါ..´ အားမာန်အပြည့်၊ ယုံကြည်မှုအပြည့်နဲ့ ယုံကြည်ရာလမ်းကို သစ္စာရှိရှိ၊ သမာဓိရှိရှိနဲ့ ရဲရဲလျှောက်လှမ်း နေပါတယ် ဆိုရင် `……….တို့´တွေ `ငါ့………´ ကို ဘာပြန်ပြောမလဲလို့......။

Wednesday, June 9, 2010

လွဲနေသည့် ဆုံမှတ်များ

ဘဝ လမ်းကြောင်းကြီးထဲတွင် မိမိရည်မှန်းသော ဆုံမှတ်တခု ရှိကြပါသည်။ ရှိလည်း ရှိနေအုံးမည် ဖြစ်ပါသည်။ လူတယောက်၏ ဆုံမှတ် ဆီသို့သွားရန် အကွာအဝေး၊ စိတ်ဓါတ်ကြံ့ခိုင်မှု၊ တန်ဖိုး၊ အတိမ်အနက်၊ အရည်အသွေး၊ အသိပညာ၊ အတတ်ပညာ၊ ရဲရင့်မှု၊ ကိုယ်ကျင့်တရား၊ သိက္ခာတရား၊ မေတ္တာတရား၊ သည်းခံခြင်း၊ ဖြူစင်မှု၊ သစ္စာရှိမှု၊ ဆိုသည့် ကကွက် ပုံစံများ အမျိုးမျိုး ရှိကြမည် ဖြစ်သည်။ ကိုယ်တိုင် သတ်မှတ်ထားသည့် ဆုံမှတ်တွင် မိမိအကျိုးတခုတည်း အတွက် ဆုံမှတ်၊ သို့မဟုတ် သူတပါးအကျိုးအတွက် ဆုံမှတ်၊ မိမိနှင့်သူတပါး အကျိုးဖြစ်စေမည့် ဆုံမှတ်၊ ဆိုသည့် ဆုံမှတ်များ ရှိကြသည်။ မည်သို့ပင်ဖြစ်စေ ဆုံမှတ်တခုကို ရောက်ရှိရန် မျှတသော နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေကြရမည် ဖြစ်သည်။


ဆုံမှတ်။


မည်ကဲ့သို့သော ဆုံမှတ်ဖြစ်ပါမည်နည်း၊ မိမိ၏ ဘဝသက်တမ်းတလျှောက် အဓိကကျမည့် ဆုံမှတ်ကို သွားရန်အတွက် မည်ကဲ့သို့သော အရည်အသွေးများ လိုအပ်ပါမည်နည်း၊ မည်ကဲ့သို့ ကြိုးစားပြီး ရောက်အောင် သွားပါမည်နည်း၊ မည်ကဲ့သို့ လမ်းကြောင်းနှင့် ရောက်အောင် သွားပါမည်နည်း။ မိမိ၏ ဆုံမှတ်ကို အမှန်တကယ် သိအောင်လုပ်ပြီး လိုအပ်မည့် အရာဟူသမျှကို အသိပညာရှိရှိ ဇွဲသတ္တိရှိရှိဖြင့် သွားပြီး အရောက်လှမ်းရပါမည်။ မည်သူတဦးတယောက်မျှ မိမိဆုံမှတ်နှင့် လွဲချင်သောသူ မရှိနိုင်ပါ။ မိမိမျှော်လင့်မထားသော်လည်း မိမိမလိုချင်သော်လည်း လွဲသွားသော ဆုံမှတ်၊ လွဲနေသော ဆုံမှတ်၊ ဆုံးရှုံးသွားသော ဆုံမှတ်များ တွေ့ကြရပါလိမ့်မည်။ မိမိကိုယ်တိုင် မည်မျှပင် ကြိုးစားကြိုးစား လွဲသွားသော ဆုံမှတ်များ ဒုနဲ့ဒေး ရှိနေပါသည်။ ဆုံမှတ်ကို သွားရန် ဆူးညောင့်ခလုတ်များသည် အထင်းသား ရှိနေပါလိမ့်မည်။ ဟန်ဆောင်မှုတွေသည် များနေပါလိမ့်မည်။ မာယာ ထောင်ချောက်များ အထပ်ထပ် ကာဆီးထားပါလိမ့်မည်။ ဆုံမှတ်နှင့် လွဲသွားလျှင်လည်း စိတ်ဓါတ် ခိုင်ခိုင်မာမာ အဓိကထားပြီး နေထိုင်တတ်ရန် ကြိုးစားရပါမည်။ လွဲသွားသည့် အခါတွင်လည်း မည်သူ့ကြောင့်ထက် ဘာကြောင့်ဆိုတာကသာ အရေးကြီးပါသည်။ ဘာကြောင့်ဆိုသည့် အဖြေကို သိပြီးလျှင် လျှောက်ရမည့် လမ်းကြောင်း လွယ်ကူသွားပါလိမ့်မည်။ အဖြေ သိရန်သာ ဦးဆုံး ကြိုးပမ်းကြရမည် ဖြစ်ပါသည်။


သို့ဖြစ်လျှင်


မိမိသွားရမည့် လမ်းကြောင်း လွဲနေပြီလား၊ သွားနေသည့် လမ်းကြောင်းတလျှောက် ဦးတည့်ရာ လျှောက်သွားနေမိပြီလား၊ ငေးငိုင်နေမိပြီလား၊ သွားနေသည့် လမ်းကြောင်း မှားနေပြီလား၊ တပါးသူ လျှောက်လှမ်းမှုကိုသာ ကြည့်နေမိပြီလား၊ သို့မဟုတ် တပါးသူ၏ လျှောက်လှမ်းမှု နောက်မှ လိုက်နေမိပြီလား၊ ချော်လဲရောထိုင် နေမိပြီလား၊ ချော်လဲခဲ့သည်ဆိုလျှင် ကိုယ်ကိုယ်တိုင် ပြန်ထပြန်မတ်ပြီး ပြန်လျှောက်လှမ်းနိုင်ရမည်။ သွားနေသည့် လမ်းကြောင်း မညီညာ၍လား၊ သို့ဖြစ်လျှင် ညီညာ ချောမွေ့ရန် လုပ်ရပေလိမ့်မည်။ အဓိကမှာ ကိုယ်သတ်မှတ်ထားသည့် ဆုံမှတ် တခုကို သိက္ခာရှိရှိ၊ ဖြူစင်မှုရှိရှိ ရောက်ရမည် ဖြစ်ပေသည်။ မိမိ၏ ဆုံမှတ်ကိုဖြင့် ရောက်ပါ၏၊ မိမိ၏ အတ္တ တခုတည်းကိုသာ ရှေ့တန်းတင်ပြီး ရောက်ရမည့် ဆုံမှတ်မျိုးကို သတိရှိရှိ ဖယ်ရှားနိုင်ရပေမည်။ မိမိ၏ ကိုယ်ကျင့်တရား၊ မိမိ၏ သိက္ခာဖြင့် အလဲအလှယ် လုပ်လိုက်ရမည့် ဆုံမှတ်မျိုး၊ ရိုးသားဖြူစင်မှုကို ဟားတိုက်ခံလိုက်ရပြီးမှ ရလာမည့် ဆုံမှတ်မျိုး၊ ယုံကြည်မှုကို တိုက်စားသွားမည့် ဆုံမှတ်မျိုး၊ မေတ္တာတရားကို ချနင်းခံရမည့် ဆုံမှတ်မျိုး၊ သစ္စာတရားကို ဖုံးလွှမ်းခံရမည့် ဆုံမှတ်မျိုး၊ ထိုကဲ့သို့သော ဆုံမှတ်မျိုးများနှင့် ရင်ဆိုင်ကြရသည့်အခါ မိမိ၏ စိတ်အခြေနှင့်ပင် တန်ပြန်တိုက်ခိုက်ရပေလိမ့်မည်။


မိမိလိုချင်နေသည့် ဆုံမှတ် တခုတည်းကိုသာ ကြည့်ပြီး သူတပါး၏ လမ်းကြောင်းကို နင်းသွားရမည့် အဖြစ်မျိုး မပြုလုပ်မိရန်၊ သူတပါး မြတ်နိုးနေသည့် အရာကိစ္စ ဟူသမျှကို တလေးတစားနှင့် ရှောင်ကျဉ်သွားနိုင်ရန်၊ သူတပါး လေးစားသော အရာကိစ္စများကို မိမိကလည်း တန်ဖိုးထား လေးစားတတ်ရန် လိုအပ်ပေမည်။ မိမိလိုချင်နေသည့် ဆုံမှတ်တခုကိုဖြင့် ရောက်ပါ၏၊ သို့သော် သူတပါး လေးစားမြတ်နိုးသည့် အရာတခုကို ဖျက်ဆီးလိုက်ရမည့် အဖြစ်များ၊ သူတပါး စိတ်ထိခိုက်ရမည့် အဖြစ်များ၊ ဝါသနာကို ဟန့်တားလိုက်စေမည့် အဖြစ်များ၊ ဖြူစင်သည့် စိတ်လေးတခုကို အရောင်ဆိုးလိုက်သည့် အဖြစ်များ ဖြစ်ခဲ့လျှင်လည်း မိမိ၏ ဆုံမှတ်သည် စိတ်ချမ်းသာရမည့် ဆုံမှတ်တခု ဖြစ်လာမည် မဟုတ်ပေ။ ဆုံမှတ်တခုကို ရောက်ရန်အတွက် စိတ်ချမ်းသာပြီး မိမိကိုယ်တိုင် လွတ်လပ် ပျော်ရွှင်နိုင်မည့်၊ စိတ်ပေါ့ပါး လန်းဆန်းနိုင်မည့်၊ တပါးသူ မထိခိုက်နိုင်မည့်၊ လမ်းကြောင်း ဖြစ်ရန် လိုအပ်ပါသည်။ မည်သူတဦးတယောက်မျှ ဆုံမှတ်နှင့် မလွဲချင်ကြပေ။ သို့သော်လည်း လွဲပြီးရင်း လွဲနေရသည့် ဆုံမှတ်များလည်း ရှိမည် ဖြစ်ပါသည်။ ရှိလည်း ရှိနေဆဲ ဖြစ်ပါသည်။


ဆုံမှတ်တခုကို မရောက်မီ မဖြစ်နိုင်ပါဘူးဆိုသည့် မရေရာသော အကြောင်းပြချက်များနှင့် လမ်းကြောင်းသွေဖီခြင်းမရှိပဲ မိမိရည်ရွယ်ရာ ဆုံမှတ်တခုသာ မဟာအင်အားတခု ဖြစ်သည်ဆိုကာ အသက်ရှူလိုက်တိုင်းမှာ စည်းချက်ကျနေရပေလိမ့်မည်။ စည်းချက်လိုက်တိုင်းတွင် အင်အားအသိ တိုးလို့ တိုးလို့ ရလာလျှင် မည်မျှ ကောင်းပေမည်နည်း။



ဆုံမှတ်နှင့် လွဲသည့် အခိုက်အတန့်တွင်လည်း စိတ်ဓါတ်မကျ၍ သတ္တိရှိရှိ စိတ်ခွန်အား အပြည့်ဖြင့် ရင်ဆိုင် ကျော်လွှားနိုင်ပြီး တချိန်တွင် မလွဲမသွေ ဆုံမှတ်ကို ရောက်ရမည် ဆိုသည်ကို ယုံကြည်ပြီး ဆက်လက်ကြိုးစားပါလျှင် အရာအားလုံး လွယ်ကူချောမွေ့စွာ အောင်မြင်နိုင်မည် ဖြစ်ပေသည်။


အားလုံးသော သူများ ရည်မှန်းထားသည့် ဆုံမှတ် လမ်းကြောင်းပေါ်သို့ တန်ဖိုးရှိရှိ၊ အဓိပ္ပါယ်ရှိရှိ၊ မှန်ကန်သည့် လမ်းကြောင်းတခုဖြင့် အရောက်လှမ်းနိုင်ပြီး လူမှုအကျိုးများကို ပုံသဏ္ဍာန်မတူစွာ ဖေးမလက်တွဲ၍ ဘဝအမောများ ပြေပျောက်ရန် ရည်သန် ဆန္ဒပြုမိပါသည်။။။

Tuesday, June 1, 2010

တဘ၀စာဖြစ်ခွင့်ပေးပါ….

အဲဒီနေ့ကိုတော့ တသက် ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ မတွေ့နိုင်တော့ ပါဘူးလို့ ထင်နေတဲ့ ချစ်ရတဲ့ ချစ်သူ နဲ့ ဆုံတွေခွင့် ရခဲ့လို့ပါ။ ကိုယ့်ကိုကိုယ်တောင် သံယောဇဉ် ရှိခဲ့ဖူး ပါတယ်ဆိုတာတောင် မေ့ထားခဲ့တာကိုး…. ချစ်သူ…….။

မတွေ့ခဲ့ရတဲ့ နှစ်တွေက ဆယ်စုနှစ် နှစ်ခုနီးပါး ရှိသွားခဲ့ပြီ ချစ်သူ……..။

ကျမရဲ့ စိတ်အစဉ် ကလည်း ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၁၈ နှစ်လောက်ကို ပြန်ပြောင်း ရောက်သွားခဲ့တယ်…။

ကျမရဲ့ ရင်ထဲမှာ မပြောင်းမလဲ တည်ရှိနေခဲ့တဲ့ စိတ်ကူးတွေက မယိမ်းမယိုင် ဆက်လက်ပြီး တည်ရှိမြဲပဲလေ…။ ရင်ထဲမှာ သန္ဓေတည်လာခဲ့တာ တဖြည်းဖြည်းနဲ့ ထုထည် ကြီးမားရင်း ကြီးမားရင်း အမြစ်တွယ်လာခဲ့ရတယ်။ အမြစ် ဆိုတာ နှုတ်ရ ခက်သလို ရင်ထဲက အစိုင်အခဲ အမြစ်ကြီးကလည်း ပိုလို့တောင် နှုတ်ရ ခက်ခဲ့တာပေါ့ ချစ်သူ……….။

တကယ်တော့ ဘ၀မှာ ကိုယ်ဖြစ်စေချင်သလို ဖြစ်မယ်၊ ဆုတောင်းတိုင်းသာ ပြည့်ဝမယ်ဆို ချစ်သူရဲ့ ချစ်ခြင်းကိုပဲ လိုလားတောင့်တမိ ပါတယ် ချစ်သူ………။

ဘ၀ဆိုတဲ့ လမ်းကြောင်းကြီးပေါ်မှာ တခါတလေ တော့လည်း အလိုက်သင့် လှုပ်ရှားလို့.. တခါတလေတော့လည်း စိတ်ထဲပေါ်လာတဲ့အတိုင်း လုပ်ကြည့်လို့… တခါတလေတော့လည်း ထိန်းချုပ်မှု ဆိုတဲ့ ခေါင်းစဉ်တခု အောက်မှာပေါ့… တခါတလေတော့လည်း မျက်ရည်ကိုသာ အဖေါ်ပြုလို့… တခါတလေတော့လည်း ကြိတ်ခံစားလို့… တခါတလေတော့လည်း ဘ၀ရဲ့ လှုပ်ရှားမှုတွေကို အားဖြည့်လို့… တခါတလေ တော့လည်း ဦးနှောက်ရဲ့ ခေါ်ဆောင်မှုနောက်ကို အလိုက်သင့် လိုက်လျောလို့… တခါတလေ တော့လည်း ဦးနှောက်နဲ့ စိတ် ရဲ့ လွန်ဆွဲပွဲ တခုလည်း ဖြစ်နေလေရဲ့… တခါတလေ တော့လည်း နှလုံးသားရဲ့ စေစားမှု ဒဏ်ကြောင့် မျောပါသွားလေရဲ့… တခါတလေတော့လည်း ပညတ်ချက်တွေ များလွန်းလို့ အဝေးကို ထွက်ပြေး သွားလိုက်ချင်ရဲ့…. ချစ်သူ….

တခါတလေတော့လည်း လူ့ဘ၀ကြီးမှာ မထင်မှတ်စရာ အကြောင်း ကိစ္စတွေ၊ မျှော်လင့် မထားတဲ့ ဖြစ်ရပ်တွေ၊ မျှော်လင့် မထားတဲ့ အခြေအနေတွေကြောင့် ပြန်ဆုံ တွေ့ခဲ့ရတယ် ချစ်သူ…။

>ပြန်ဆုံတဲ့ အချိန်မှာလည်း မပြောင်းလဲတဲ့ အခြေအနေတွေ၊ ဟိုးအရင်က အခြေအနေ အတိုင်း ချစ်သူကို တွေ့လိုက်ရလို့ ကျမ ရင်ထဲမှာ ဖေါ်ပြလို့ မရလောက်အောင် အံ့သြမှုတွေ၊ ၀မ်းသာမှုတွေနဲ့ အတူ ပိုင်ဆိုင်လို စိတ်တွေ ဖြစ်သွားခဲ့ရတယ်။

မတွေ့ရတာ ဆယ်စုနှစ်တွေ ကြာရှည် ပေမဲ့လည်း နှလုံးသားမှာ ထင်ကျန်နေတဲ့ ပုံရိပ်တွေ၊ စစ်မှန်တဲ့ ချစ်ခြင်း မေတ္တာတရားတွေ၊ သံယောဇဉ် ကြီးမားတဲ့ စိတ်ခံစားမှုတွေက မပြောင်းလဲခဲ့ပါဘူး ချစ်သူ…။ ရာသီ အလီလီ ပြောင်းခဲ့ပေမဲ့ မပြောင်းခဲ့တာက ကျမရဲ့ စိတ်ကူးပေါ့ ချစ်သူ…။ အဲဒီ စိတ်ကူးတွေက နုပျိုလန်းဆန်းဆဲပါ ချစ်သူ… ကျမကိုတော့ အတိတ် တစ္ဆေ ခြောက်လှန့် နေပြီလေ …။

ဒီ ခံစားမှုတွေကို နားလည်နိုင်ပါ့မလား... ချစ်သူ….!

နားလည်နိုင်ပါစေလို့လည်း မရဲတရဲ မျှော်လင့်မိလေရဲ့…!

ကျမရဲ့ စိတ်ခံစားမှု မပေါ်လွင်သရွေ့၊ စိတ်ထဲမှာပဲ ထားတတ်တဲ့ အကျင့်ရှိသရွေ့၊ မဖေါ်ပြသရွေ့တော့ အရာရာဟာ ဝေးနေအုံးမယ် ထင်ပါရဲ့….

ဝေးတယ်ဆိုတာ!!!!!!!!!

စိတ်ချင်းဝေးတာလား…….. လူချင်းဝေးတာလား…… နှလုံးသားချင်း ဝေးတာလား…….. ယုံကြည်ချက်ချင်း ဝေးတာလား…….. ခံယူချက်ချင်း ဝေးတာလား……… နားလည်မှုချင်း ဝေးတာလား……….. သဘောထားချင်း ဝေးတာလား…….. ၀ါဒချင်း ဝေးတာလား……. အယူအဆချင်း ဝေးတာလား……… !

လူချင်းဝေးတာကို ဝေးတယ်လို့ဆိုရင် လူချင်းမဝေးပဲ စိတ်သဘောချင်း ဝေးတာ ကိုရော နီးတယ်လို့ ပြောလို့ရပါရဲ့လား…………!

အရေးကြီးတာကတော့ စိတ်ချင်း နီးနေတာ… ခံယူချက်ချင်း နီးနေတာ… အယူအဆချင်း နီးနေတာ… သဘောထားချင်း နီးနေတာ… ယုံကြည်ချက်ချင်း နီးနေတာ… သာ အခရာကျတယ်လို့ ဆိုရင်ရော လက်ခံနိုင်ပါ့မလား………….!

ဒါကို လက်ခံနိုင်မယ် ဆိုရင် လူချင်း အနေ ဝေးပေမဲ့ စိတ်ကူးစိတ်သန်းချင်း၊ ခံယူချက်ချင်း၊ ယုံကြည်ချက်ချင်း၊ အပြုအမူချင်း နီးနေရင် နှလုံးသားချင်း၊ ရင်ခုန်သံချင်း နီးနိုင်မယ်လို့ ယုံကြည်မိပါရဲ့…။

တယောက်နဲ့ တယောက် နားလည်မှုတွေနဲ့ ဆက်ဆံနိုင်မယ် ဆိုရင်လည်း နီးနေကြတဲ့ သူတွေ ဖြစ်လာကြမယ် မဟုတ်လား။ ကျမရဲ့ နားလည်မှုတွေနဲ့ ချစ်သူရဲ့ နားလည်မှုတွေကို အပြန်အလှန် အမှီသဟဲ ပြုရင်း လောကကောင်းကျိုးတွေကို သယ်ပိုးဆောင်ရွက် ပေးချင်နေမိတယ် ချစ်သူ……။

ဒါပေမဲ့လည်း တယောက်နဲ့ တယောက် ချစ်နေကြပြီဆိုရင် အရာအားလုံး နီးနေတာသာ အကောင်းဆုံးပေါ့… လူချင်းလည်း နီးချင်တယ်… စိတ်ချင်းလည်း နီးချင်တယ်… အယူအဆချင်းလည်း နီးချင်တယ်… နားလည်မှုတွေလည်း နီးချင်တယ်… သဘောထားချင်းလည်း နီးချင်တယ်… ခံယူချက်ချင်းလည်း နီးချင်တယ်… ယုံကြည်ချက်ချင်းလည်း နီးချင်တယ်… ချစ်သူ!

အရာအားလုံး နီးနေချင်းကသာ ရေရှည်အတွက် အကောင်းဆုံး ဘ၀တွေကို ဖန်တီးနိုင်မယ် မဟုတ်လား…။

တယောက်နဲ့တယောက် နားလည်မှုတွေနဲ့ `….. နီးချင်းတွေနဲ့သာ´ ရှိနေမယ်ဆိုရင် ဘာတွေပဲ ဖြစ်ဖြစ်၊ ဘယ်လို အခက်အခဲပဲ ဖြစ်ဖြစ်၊ ဘယ်လို ပြဿနာပဲ ဖြစ်ဖြစ်၊ အတူ ကျော်ဖြတ် သွားနိုင်မှာပါ..။

ဝါသနာ အရသော်လည်းကောင်း၊ စိတ်ဝင်စားမှု အရသော်လည်းကောင်း၊ အများအကျိုး လိုလားမှု အရသော်လည်းကောင်း၊ ဖြစ်ချင်စိတ် ပြင်းထန်မှု အရသော်လည်းကောင်း၊ ပြုလုပ်ရမဲ့ အလုပ်တွေမှာ အနီးဆုံး လုပ်ခွင့်ရရင်၊ အကောင်းဆုံး ဖြစ်အောင် ကျမ အစွမ်းကုန် လုပ်နေမှာပါ ချစ်သူ…..။

ချစ်သူ. စိတ်ချမ်းသာအောင် ချစ်သူ ဖြစ်စေချင်တဲ့ အတိုင်း ဖြစ်မြောက်အောင် လုပ်ဖို့ ရည်ရွယ်ပြီးသားပါ..။

လူတယောက်နဲ့ တယောက်ရဲ့ နီးချင်း ဝေးချင်း ဆိုတာကလည်း ကံဆိုတဲ့ ဖူးစာရှင် ဇာတ်ဆရာ အလိုကျ ကကြရမှာ ဖြစ်တယ်လေ…။

ဒါကြောင့် လူတယောက်နဲ့ တယောက် နီးချင်း ဝေးချင်းထက် စိတ်ဓါတ်နဲ့ လုပ်ရပ်ကသာ အဓိက ဖြစ်မယ်လို့လည်း အားတင်း ထားပါတယ် ချစ်သူ…။ စိတ်ဓါတ်ရေးရာ နီးဖို့နဲ့ လုပ်နေတဲ့ လုပ်ရပ်တွေက နီးနေဖို့ လိုလားမိတယ်…။

အရာရာ နီးနေနိုင်ပါစေလို့ စိတ်ကူးထဲက ပုံရိပ်အတိုင်း ဖြစ်လာဖို့ ရောင်နီဦး အလင်းဖြာ ထွက်ပေါ်လာမဲ့ အချိန်ကိုလည်း မျှော်လင့် တမ်းတမိရင်း…:100%;" >ဘ၀အဆက်ဆက် မတောင်းဆိုလိုပါဘူး.. ချစ်သူ…
ဒါပေမဲ့ ကျမကို ချစ်သူရဲ့ တဘ၀စာတော့……

ဖြစ်ခွင့်ပေးပါ……….. ချစ်သူ
ဖြစ်ခွင့်ပေးပါ…………………….. ချစ်သူ
ဖြစ်ခွင့်ပေးပါ…………………………………… ချစ်သူ!!!!!!!!