မနေ့က မနက်ထဲက ကျမတို့ရုံးမှာ ဧပရယ်ဖူးနေ့ ကိုသတိထားဖို့ ပြောဆိုနေကြတယ်..။ ကျမကလည်း သတိထားရမယ် ဆိုပြီး စိတ်ထဲမှာတော့ တွေးမိလိုက်ပါသေးတယ်။ ဒါပေမဲ့လည်း အလုပ်လုပ်ရင်းနဲ့ သတိမထားမိပဲ မေ့သွားတာပါပဲ။
နေ့လည်မှာတော့ ညီမ တယောက်က လှမ်းပြီး `လူတယောက်´ သေသွားပြီ ဆိုပြီး လှမ်းပြောပါတယ်။ အဲဒီလူက ကျမတို့ မေတ္တာထားတဲ့ လူတယောက်ပေါ့။ အဲဒီထိတော့ ကျမဧပြီဖူးနေ့ကို မှတ်မှတ်ရရ ရှိနေတုန်းပါပဲ။ ကျမက အဲဒီ ညီမလေးကို ပြန်ပြောလိုက်ပါတယ်။ လာမနောက်ပါနဲ့လို့..။ လူတွေကို စိတ်ပိုင်းဆိုင်ရာ ဒုက္ခပေးဖို့၊ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခပေးဖို့ အတွက် အသက်ရှင်နေအုံးမှာပါလို့။ လူအများကို ဒုက္ခပေးနေတဲ့ သူတွေဟာ အသက်ရှည်ကြတာ များတာကို တွေ့ကြရတယ်။ ဘာဖြစ်လို့များပါလိမ့် လို့လည်း ကျမ အကြိမ်ကြိမ် စဉ်းစားခဲ့ဖူးတယ်။ ခံရတဲ့သူတွေလည်း ၀ဋ်ရှိသမျှတော့ ခံရအုံးမှာပေါ့လို့ စိတ်ပြေရာ ပြေကြောင်း တွေးနေမိတယ်။
ညဘက်မှာတော့ ကျမစိတ်ထဲမှာ ဧပရယ်ဖူးနေ့ကို မေ့သွားပါပြီ။ လုပ်ဖေါ်ကိုင်ဖက် တယောက်က ဖုန်းဆက်ပြီး ရုံးမှာ ပစ္စည်းတခု ကျန်နေခဲ့တာ သိလားတဲ့။ ကျမလည်း စိတ်ထဲမှာ ဘာပစ္စည်းများ ကျန်နေခဲ့တာ ပါလိမ့်လို့ စဉ်းစားနေမိတယ်။ ဘာကျန်ခဲ့တာလည်း ဆိုတော့ တွေ့ရင်သိမှာပေါ့တဲ့။ အဲဒါနဲ့ ကျမလည်း မနက်မှပဲ ကြည့်တော့မယ်ဆိုပြီး အိပ်လိုက်ပါတယ်။ မနက် ရုံးရောက်တဲ့ အထိလည်း ကျမမှာ ရှာလိုက်ရတာ…။ ဘာပစ္စည်းကျန်နေခဲ့ ပါလိမ့် ဆိုပြီးတော့..။ ဘာမှလည်း မတွေ့ပဲနဲ့ ကွန်ပြူတာ စားပွဲပေါ်မှာ အလုပ်နဲ့ဆိုင်တဲ့ ပစ္စည်းကလွဲလို့ ဘာမှလည်း မတွေ့မိဘူး။ ကျမနဲ့ လုပ်ဖေါ်ကိုင်ဖက် ညီမလေး ရောက်တော့မှပဲ ရှင်းသွားတော့တယ်လေ..။ ဧပြီဖူးနေ့လေတဲ့….။ အဲဒီတော့မှ သြော်…….. မေ့သွားတဲ့အချိန်မှာ…… ဧပရယ်ဖူး အတွက် နောက်တာပါလားဆိုပြီးတော့..။ မေ့လည်း မေ့တဲ့ ကျမပါပဲလေ…။
တခါတရံ ကျမတို့တွေဟာ မေ့သွားတဲ့ အချိန်မှာ သတိထားနေတဲ့ ကိစ္စလေးတွေကိုပဲ အမှတ်တမဲ့ ဖြစ်သွားတတ်ကြပါလားလို့.။
ဧပရယ်ဖူးနေ့မှာ မေ့သွားတဲ့ အခိုက်အတံ့လေးမှာ ဖြစ်သွားတဲ့ အခြေအနေလေးပါ….။