Friday, August 15, 2014

သြဂတ်(စ်) အလယ် က လူ

ဘယ်တော့မှ မသေတဲ့
သံယောဇဉ်အထပ်ထပ်နဲ့
ရှင်သန်နေဆဲ ရင်းနှီးမှုတစ်စုံဟာ
ကမ္ဘာကို တစ်ခြမ်းစီ
မျှထမ်းနေကြသလိုမျိုး...
ခပ်ရိုးရိုး စကားလုံးတွေနဲ့ပဲ
တစ်ယောက်ကို
တစ်ယောက် ကောက်ယူ မွေးစားရင်း
အသွေးအသားချင်း
လဲလှယ်ထားတယ်။

သူမ...
မြင့်မြတ်ဖြူစင်ခြင်းဟာ...
သူ့
ကိုယ်ကျင့်တရားကို ခြယ်မှုန်းတောက်ပ
လူသားဆန်မှုဇာတ်ခုံမှာ အလှပဆုံး က, တယ်..
တိမ်ကို စား နှလုံးသားကို
အဖြူဆုံး ဆေးကြောဖို့
သူမဟာ သြဂတ်(စ်) ကို ခါးလယ်က
နင်းပြီး မွေးလာတယ်။
 
နတ်ကြီးတဲ့ သြဂတ်(စ်) ဟာ
သူမရဲ့ မွေးဖွားခြင်းနဲ့ အတူ
တိတ်ဆိတ်ပေးရတယ်
ဆူပူတဲ့ သြဂတ်(စ်) ဟာ
သူမရဲ့ ရှင်သန်ခြင်းနဲ့
အတူ ငြိမ်းချမ်းပေးရတယ်
ကြေကွဲတဲ့ သြဂတ်(စ်) ဟာ
သူမရဲ့ ဖြစ်တည်ခြင်းနဲ့
အတူ ပျော်ရွှင်နေရတယ်..
 
အဲလိုနဲ့
သြဂတ်(စ်) ကလေး လိမ္မာ လာတယ်။
ဒီကမ္ဘာမှာ သူမနဲ့ တူတာ..
သူမသာလျှင် ဖြစ်တယ် ဆိုတာ
သူမ ဘာသာ မြင်အောင်ကြည့်လို့...
အတိ လောင်ကျွမ်းဆဲ
စစ်မြေပြင်တွေကိုလဲ
ကရုဏာ မျက်ဝန်းတွေနဲ့ ထပ်တလဲလဲ
ရှုမြင် ရှုတ်ချ....
နောက် သြဂတ်(စ်)
ကျရင် ငြိမ်းချမ်းရမယ်... လို့...
သူမ ရေရွတ်နေရော့သလား။
 
စကားတွေ ရှိတယ်..
စာတွေ ရှိတယ်..
နှလုံးသားတွေ ရှိတယ်...
မပြောပဲလဲ ကြားနိုင်တယ်..
မရေးပဲလဲ ဖတ်နိုင်တယ်..
ရင်မခုန်ပဲ ခံစားနိုင်တယ်။
 
အဲလို သူမဟာ
နောက် သြဂတ်(စ်) မှာ..
ကိုယ့်ကိုယ်ကိုယ်
ထပ်ပြီး မွေးဖွားပြပါလိမ့်ဦးမယ်။
 
ချစ်ခြင်းများစွာဖြင့်
မောင်ငယ် လက်ဝဲ

ဘလော့ဂါ ကဗျာဆရာလက်ဝဲ  ရဲ့ တတိယအကြိမ် မွေးနေ့အမှတ်တရလက်ဆောင်

3 comments:

သူကြီးမင်း said...

မွေးနေ့မှာ ပျော်ရွှင် ချမ်းမြေ့နိုင်ပါစေ ညီမရေ။

စူပါမွန်း ထွန်းတောက်တဲ့လ
သုံးနေ့ထဲနဲ့ ၁၅ ရက် ရှိတဲ့လ
အတိတ်နိမိတ်တွေက လှပနေကြတယ်။

Aunty Tint said...

နတ်နတ်တို့လို ကဗျာလေးက စပ်တတ်ဘူး သူကြီးမင်းလို စကားလုံး လှလှလေးတွေ ပြောတတ်ဘူး သဒ္ဓါရယ်.. အိမ်မှာပွင့်တဲ့ ကုမုဒြာလေးတော့ ဖေ့ဘုတ်မှာ လက်ဆောင်ပေးခဲ့တယ်နော်
ပျော်ရွှင်ဖွယ်မွေးနေ့မင်္ဂလာရက်မြတ်လေးပါ သဒ္ဓါ...

ချစ်တဲ့
တီတင့်

သဒ္ဓါလှိုင်း said...

သဒ္ဓါ့မွေးနေ့မှာ မေတ္တာတရားများနဲ့ ဆုမွန်တောင်းပေးတဲ့ သူကြီးမင်း အတိတ်နိမိတ်စကားလေး နဲ့ တီတင့်ကို ကျေးဇူးတင်လိုက်တာ. တောင်းဆုတွေ အားလုံးလည်း ပြည့်ဝချင်ပါတယ်.. တီတင့်ရဲ့ ကုမုဒြာလေးလည်း အရမ်းကြိုက်တယ်. အဝေးကနေကို သင်းပျံ့မွှေးကြိုင်နေတာ..

ချစ်ခင်စွာဖြင့်
သဒ္ဓါ