Friday, August 15, 2014

သြဂတ်(စ်) အလယ် က လူ

ဘယ်တော့မှ မသေတဲ့
သံယောဇဉ်အထပ်ထပ်နဲ့
ရှင်သန်နေဆဲ ရင်းနှီးမှုတစ်စုံဟာ
ကမ္ဘာကို တစ်ခြမ်းစီ
မျှထမ်းနေကြသလိုမျိုး...
ခပ်ရိုးရိုး စကားလုံးတွေနဲ့ပဲ
တစ်ယောက်ကို
တစ်ယောက် ကောက်ယူ မွေးစားရင်း
အသွေးအသားချင်း
လဲလှယ်ထားတယ်။

သူမ...
မြင့်မြတ်ဖြူစင်ခြင်းဟာ...
သူ့
ကိုယ်ကျင့်တရားကို ခြယ်မှုန်းတောက်ပ
လူသားဆန်မှုဇာတ်ခုံမှာ အလှပဆုံး က, တယ်..
တိမ်ကို စား နှလုံးသားကို
အဖြူဆုံး ဆေးကြောဖို့
သူမဟာ သြဂတ်(စ်) ကို ခါးလယ်က
နင်းပြီး မွေးလာတယ်။
 
နတ်ကြီးတဲ့ သြဂတ်(စ်) ဟာ
သူမရဲ့ မွေးဖွားခြင်းနဲ့ အတူ
တိတ်ဆိတ်ပေးရတယ်
ဆူပူတဲ့ သြဂတ်(စ်) ဟာ
သူမရဲ့ ရှင်သန်ခြင်းနဲ့
အတူ ငြိမ်းချမ်းပေးရတယ်
ကြေကွဲတဲ့ သြဂတ်(စ်) ဟာ
သူမရဲ့ ဖြစ်တည်ခြင်းနဲ့
အတူ ပျော်ရွှင်နေရတယ်..
 
အဲလိုနဲ့
သြဂတ်(စ်) ကလေး လိမ္မာ လာတယ်။
ဒီကမ္ဘာမှာ သူမနဲ့ တူတာ..
သူမသာလျှင် ဖြစ်တယ် ဆိုတာ
သူမ ဘာသာ မြင်အောင်ကြည့်လို့...
အတိ လောင်ကျွမ်းဆဲ
စစ်မြေပြင်တွေကိုလဲ
ကရုဏာ မျက်ဝန်းတွေနဲ့ ထပ်တလဲလဲ
ရှုမြင် ရှုတ်ချ....
နောက် သြဂတ်(စ်)
ကျရင် ငြိမ်းချမ်းရမယ်... လို့...
သူမ ရေရွတ်နေရော့သလား။
 
စကားတွေ ရှိတယ်..
စာတွေ ရှိတယ်..
နှလုံးသားတွေ ရှိတယ်...
မပြောပဲလဲ ကြားနိုင်တယ်..
မရေးပဲလဲ ဖတ်နိုင်တယ်..
ရင်မခုန်ပဲ ခံစားနိုင်တယ်။
 
အဲလို သူမဟာ
နောက် သြဂတ်(စ်) မှာ..
ကိုယ့်ကိုယ်ကိုယ်
ထပ်ပြီး မွေးဖွားပြပါလိမ့်ဦးမယ်။
 
ချစ်ခြင်းများစွာဖြင့်
မောင်ငယ် လက်ဝဲ

ဘလော့ဂါ ကဗျာဆရာလက်ဝဲ  ရဲ့ တတိယအကြိမ် မွေးနေ့အမှတ်တရလက်ဆောင်

Wednesday, July 2, 2014

စာပေအလင်းခေတ် တစ်ခေတ်ဆီသို့

လူ့ယဉ်ကျေးမှု ထွန်းကားလာသည့် အလျောက် လူတစ်ဦးနှင့် တစ်ဦး၊ အဖွဲ့အစည်း တစ်ဖွဲ့နှင့် တစ်ဖွဲ့၊ ဒေသတစ်ခုနှင့်တစ်ခု၊ တိုင်းပြည် တစ်ပြည်နှင့်တစ်ပြည်ပြန်လှန် ဆက်ဆံမှု. ရင်းနှီးမှု. ကရုဏာတရားထားမှု. တရားမျှတမှု. ဖွံ့ဖြိုးမှု.  လှပသော လူ့ဘောင်လောက တိုးတက်ဖြစ်ထွန်းအောင် ပံ့ပိုးနိုင်သည့် အရာတစ်ခုဖြစ်သည့် အသိဥာဏ် ပညာနှင့်ပြည့်စုံအောင် စာဖတ်ခြင်းသည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေပေသည်။ ထိုသို့ စာဖတ်သည့်အခါ မည်သည့်စာပေ အမျိုးအစားမျိုးကို ဖတ်သင့် ပါသလဲဟု မေးခွန်း ထုတ်ခဲ့မိကြပေ လိမ့်မည်။ သုတစာပေ၊ ရသစာပေ ဟု ဆိုသော စာပေသည် မည်ကဲ့သို့ စာပေဖြစ်သလဲဟု ခွဲခြား နားလည်နိုင်ရန်လည်း လိုအပ် လှပေသည်။

သုတ စာပေ ဆိုသည်မှာ စာဖတ်သူ၏ ဦးနှောက်ထဲသို့ တိုက်ရိုက်ထည့်ပေးသော အသိ ဖြစ်သည်။ ရသစာပေ ဆိုသည်မှာ စာဖတ်သူ၏ ရင်တွင်းနှလုံးသား ထဲသို့ ဦးစွာရောက်လိမ့်မည်။ ရသစာပေသည် ဖန်တီးသည့်သူ၏ နှလုံးသားနှင့် ဖတ်သည့်သူ၏ နှလုံးသား နီးစပ်လျှင် ရင်ထဲသို့ ရောက်ပေမည်။ ထိုမှတဆင့် ရင်ထဲနှလုံးသားထဲမှာတင် မနေပဲ ဦးနှောက်ထဲသို့ ရောက်ပြီး ခံစားသိရှိမည်.. ခံစားပြီးမှ သိသည့်အသိ တစ်ခုရမည်.။ ထိုဦးနှောက်ထဲမှ အသိက တစ်လောကလုံးကို ဖြန့်ပြီး အလင်းရောင်ပေးနိုင် သည့် ဘဝအသိမျိုးတစ်ခုကို ရပြီဆိုလျှင် အကောင်းဆုံး ရသစာပေ တစ်ခုဖြစ်မည်.။

ရသစာပေသည် ဘယ်တော့မှ တိုက်ရိုက်မပြောပေ၊ နှလုံးသားထဲကို တိုက်ရိုက် ထည့်မပေးပေ.၊ စာဖတ်သူကို ခံစားခိုင်းလိမ့်မည်. ထိုသို့မခံစားရလျှင် ရသစာပေကောင်း မဟုတ်ပေ။ ရသစာပေ ကောင်း မကောင်းကို နှလုံးသားနှင့် စတိုင်းပြီး ဒိထက်ကောင်းမကောင်း ဦးနှောက်နှင့် တိုင်းမည်.။ နှလုံးသား၏ ခံစားမှုက ဦးနှောက်ကို တက်လာပြီးတော့မှ ခံစားသိဆိုသည့် အသိတစ်ခုကို ပေးလိမ့်မည်၊ တကယ်ကို ကောင်းသည့် ရသစာပေသည် ဦးနှောက်နှင့်သိသည့် ခံစားသိမှနေပြီး မိမိဘဝ တစ်လျှောက်လုံးကို သော်လည်းကောင်း၊ လောကနှင့်ဆိုင်သော အမှန်တရားကိုသော် လည်းကောင်း အလင်းတစ်ခု ပွင့်ကနဲ ထွက်သွားပေလိမ့်မည်. ထိုအရာသည် ရသစာပေ၏ အကောင်းဆုံးပေတံ တစ်ခုဖြစ်သည်.. ဆိုသည်ကို စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုံး) ၏ ကျေးဇူးကြောင့် သိခွင့်ရခဲ့လေသည်။

ဆရာကြီး မင်းသုဝဏ်က “ရသစာပေကောင်းတစ်ခု မည်သည်မှာ စိန်တစ်ပွင့်ကို နေရောင်လက် သလို ဖျတ်ဖျတ် ဖျတ်ဖျတ်နှင့် dimension မျိုးစုံမှာ အရောင်တွေ ထွက်နေတတ်တယ်..၊ ခံစားသည့်သူက ကြိုက်သလို ခံစားပြီး အဓိပ္ပါယ် ဖွင့်ဆိုနိုင်သည်” တဲ့။
 
ထိုသို့ လူ့လောကအတွက် အရေးပါသည့် ရသစာပေကို ကွယ်ပျောက်တော့မယောင် ပြောနေကြလေသည်။ လူသားများ ရှိနေသရွေ့ ရသစာပေ မပျောက်ပျက်နိုင်ပါ။ ခေတ်ကာလ ရွေ့လျားလာသည့် အလျောက် ရသစာပေ ရေးသားသည့် စာရေးဆရာများ နည်းပါးလာသလို အသစ်သော ရသစာပေများ နည်းလာပေသည်။ ထို့ကြောင့် စာရေးဆရာကြီးများ ရေးသားခဲ့သော ရသစာပေများ ကို ပြန်လည် ပုံနှိပ်သင့်ပေသည်။ ဝတ္ထုရှည် ရသစာပေများ နည်းလာသော်လည်း ဝတ္ထုတို ရသစာပေများ ထွက်ရှိနေသည်ကို တွေ့နေရလေသည်။ နှလုံးသားနှင့် ခံစားမှုများကြား သက်ဝင် လှုပ်ရှားနေကြသော လူသားများ အတွက် ရသစာပေကောင်းများ အစဉ်မပြတ် ပေါ်ထွက်လာမည်ဟု ယုံကြည်ပါသည်။

ဥပမာအားဖြင့် စာရေးဆရာကြီး ဒဂုန်တာရာ၊ ဆရာ မြသန်းတင့်၊ ဆရာ သော်တာဆွေ၊ စာရေးဆရာ သိန်းဖေမြင့် ရေးသားသော အရှေ့ကနေဝန်းထွက်သည့်ပမာ၊ ဗန်းမောင်တင်အောင် ရေးသားသော ငသြ၊ ဘုန်းမောင်တစ်ယောက်ထဲရယ်၊ ဂျာနယ်ကျော် မမလေး ရေးသားသော သူလိုလူ၊ ရင်နင့်အောင်မွှေး၊ သွေး၊ ဆရာမ ခင်နှင်းယု၊ ဆရာမ ခင်ခင်ထူး ရေးသားသော မအိမ်ကံ၊ ဆရာမ ဂျူး ရေးသားသော ပင်လယ်နှင့်တူသောမိန်းမများ၊ ကဲ့သို့ ရသစာပေကောင်းများ ရေးသားမည့် ဆရာ ဆရာမများ ထွက်ပေါ်စေချင်ပါသည်။ ထိုစာအုပ်များ ဖတ်ပြီးသည့်အချိန်တွင် ဦးနှောက်ထဲသို့ တွေးစရာများ ရောက်လာပြီး ခေါင်းထဲသို့ ရိုက်မသွင်းပဲ ခံစားသိမှတဆင့် ဘဝအတွက် တန်ဖိုးရှိသော အလင်းရောင် တစ်ခုကိုပေးနိုင်သော ရသစာအုပ်များ ဖြစ်လေသည်။ မိမိ ဖတ်လိုက်သည့် စာပေထဲမှ အကြောင်းအရာသည် နှလုံးသားထဲသို့ စူးစိုက် နစ်ဝင်နေလျှင် တခြားသော သူများကိုပါ ပြန်လည်ဝေမျှ ပေးနိုင်လေသည်။ ထိုသို့ ရသစာပေများ မပျောက်ပျက်အောင် ရေးသားရန် လူငယ်များတွင် တာဝန် ရှိပေသည်။

ထိုတာဝန်များ လက်ဝယ် ကျေပွန်စေရန် လူငယ်များ စာဖတ်ခြင်းကို မြှင့်တင်ရပေမည်။ စာဖတ်အား တဖြည်းဖြည်း အားကောင်းလာစေရန် အရေးကြီးပေသည်။ ယနေ့ ဖမ်းစားလာသည့် အိုင်တီ နည်းပညာခေတ် ကာလ တိုးတက်လာသည့် အလျောက် စာအုပ်များ ဖတ်ရှုမှု အားနည်း လာသည်ကိုတွေ့နေ ရပေသည်။ လူငယ် အများစုမှာလည်း လုပ်ငန်းခွင်ထဲသို့ ရောက်ပြီး ပြည်ပသို့ထွက် အလုပ်လုပ်ရသည့် ဦးရေ များပြား လာသည်လည်း စာဖတ်အား နည်းလာသည့် အကြောင်း တစ်ခုဖြစ်ပေသည်။ စားဝတ်နေရေး အရ ဖိစီးမှု များပြားလာသော အချိန်အခါဖြစ်၍ စာအုပ်၏ဈေးနှုန်း မြင့်တက် လာမှုကြောင့်လည်း စာဖတ်ချင်သည့် လူငယ်များဖြစ်ပေသည့် စီးပွားရေး အခက်အခဲကြောင့် မဖတ်ဖြစ်တော့ပေ။

ထိုအခါ စာဖတ်ခြင်း လျော့နည်းလာခြင်း၏ နောက်ကွယ်တွင် ရှိနေသော အခြေအနေကို လေ့လာ သုံးသပ်ရပေလိမ့်မည်။ စားဝတ်နေရေး ဖိစီးမှုလျော့ပါးစေရန် စီးပွားရေး ကို ပြေလည်အောင်နှင့် ပညာရေး ကိုမြှင့်တင်ပေးရမည်၊ ရသစာအုပ်ဟောင်းများကို တန်ဖိုးနည်းနည်းဖြင့် အရေအတွက် များများ ထုတ်ဝေသင့်သည်။ ထိုမှတဆင့် အားလပ်ချိန်များ ရလာစေရန် ပံ့ပိုးပေးရမည်။ ကျောင်းများတွင်လည်း ရသစာပေကို စနစ်တကျပြဌာန်း သင်ကြားပေးသင့်သည်။ ရသစာပေဖြစ်မည့် ပင်ရင်းစကားပြေ လက်ရွေးစင်နှင့် ပင်ရင်းကဗျာ လက်ရွေးစင် တို့ကို အလယ်တန်းနှင့် အထက်တန်း တွင် သေချာစွာ သင်ကြားပေးသင့်သည်။ လူအများဖတ်နိုင်သည့် မဂ္ဂဇင်းများတွင် ရသဝတ္ထုများကို ထည့်ပေးခြင်းသည် လည်း စာဖတ်အား တိုးလာနိုင်ပေသည်။ သတင်းစာများတွင် ရသစာပေ ဝတ္ထုရှည် များကို အလျဉ်းသင့်သလို ထည့်သွင်း ဖေါ်ပြသင့်ပေသည်။ ကာတွန်း နှင့် ရုပ်ပြသရုပ်ဖေါ်များနှင့်လည်း ရသဝတ္ထုကြီးများကို ပြန်လည် ဖေါ်ထုတ်သင့်ပေသည်။ ရသစာပေ ပျောက်ကွယ်မည်ဟု ထင်မြင်နေသည်မှာ မမှန်ကန်နိုင်သည်ကို ရသစာပေ ရေးသားနေသော စာရေးဆရာများက သက်သေပြနေကြပေသည်။

လူငယ်များ စာဖတ်ခြင်း အားနည်းလာသည်မှာ မဖတ်ချင်လို့ မဖတ်ဖြစ်တာ မဟုတ်ပဲ သူတို့၏ လက်ရှိဘဝသည် စာဖတ်ခြင်းမှ မောင်းထုတ်ထားခြင်းကို ခံနေရသည်လည်း ဖြစ်နိုင်လေသည်။ အဓိက အချက်ကတော့ စီးပွားရေး အကြောင်းအချက်ပဲ ဖြစ်ပေမည်။ စီးပွားရေးအရ စိတ်ဖိစီးမှု မဖြစ်လျှင် ဝါသနာ ပါသော လူငယ်များ အများအပြားသည် တာဝန်ကျေပွန်နိုင်သော ခေတ်လူငယ်များ ဖြစ်လာ လိမ့်မည်ဟု ပြောနိုင်ပါလိမ့်မည်။ ယနေ့ခေတ်နှင့် အံဝင်ခွင်ကျ ဖြစ်ပြီး ဆီလျော်သော ရသဝတ္ထုများ ပြန်လည် ပုံနှိပ်ခြင်းမှ စတင်သင့်ပါသည်။

တိုင်းပြည်တစ်ပြည်၏ လူဦးရေနှင့် ထုတ်ဝေသော စာအုပ်အရေအတွက်ကို နှိုင်းယှဉ်ကြည့်လျင် စာဖတ်ခြင်းသည် အဆပေါင်းများစွာ အားနည်း ဆုတ်ယုတ်နေသည်ကို တွေ့ရှိနေရသည်။

စာဖတ်အား မြှင့်တင်ရန် ရသစာပေ ပြန်လည်အားကောင်းလာစေရန် စီးပွားရေးမှ စ၍ ပညာရေး ပိုင်းများကို စနစ်တကျ စတင် လုပ်ကိုင်သင့်ပေသည်။ စာများများ ဖတ်လာနိုင်စေရန် ပံ့ပိုးကူညီနိုင်သော အရာများကို တတ်နိုင်သရွေ့ ကြိုးပမ်းရပေမည်။ စာကြည့်တိုက်များမှလည်း စာအုပ်ကောင်းများ ထားရှိ၍ လူငယ်လူရွယ်များ အဆင်ပြေစွာ ဖတ်ရှုနိုင်ရန် အားထုတ်ပေးရလိမ့်မည်။

လူငယ်များ စာဖတ်အားမြင့်လာစေရန်၊ ဖတ်လိုက်သည့် စာပေတစ်ခု၏ အနှစ်သာရကို သေချာလေ့လာသည့် အလေ့အကျင့် ရလာစေရန်၊ ရသစာပေ အားကောင်းရေးနှင့် စာပေယဉ်ကျေးမှု ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်ချက်ဖြင့် အွန်လိုင်းပေါ်တွင် မြန်မာအွန်လိုင်း စာဖတ်အသင်းကို တည်ထောင်ပြီး ထိုမှတဆင့် လစဉ် (သို့မဟုတ်) အပတ်စဉ် ရွေးချယ်ထားသော စာအုပ်တစ်အုပ်ကို စာဖတ်သူအား ဖတ်ရှူစေပြီးလျှင် စာဖတ်သူဘက်မှ ပြန်လည်ပေးပို့လာသော ထိုစာအုပ်နှင့် ပက်သက်သည့် သုံးသပ်ချက်များ၊ ရှုထောင့်အမြင်များကို ကျွန်မတို့ အွန်လိုင်း စာဖတ်အသင်းမှ ပြန်လည် ဖေါ်ပြပေးသည့် အစီအစဉ်များကို အဓိက ဦးစားပေး ဆောင်ရွက်သွားမည်။ တစ်ပတ် တစ်ကြိမ်ဖြစ်စေ. နှစ်ကြိမ်ဖြစ်စေ Volunteer အဖြစ် ပါဝင်ဆွေးနွေးပေးမည့်သူများမှ စာအုပ်တစ်အုပ်ကို ဖတ်သည့်အပေါ်တွင် ဆောင်းပါးတစ်ပုဒ်စီ ရေးပြီး သုံးသပ်စေချင်ပါသည်။ စာဖတ်အသင်းမှ ရွေးခြယ်လိုက်သော စာအုပ် မိမိတွင် ရှိနေလျှင် ထိုအပတ်တွင် ပါဝင်ဆွေးနွေးပြီး သုံးသပ်နိုင်ပါသည်။

အခြား စာပေဖွံ့ဖြိုးတိုးတက်ရေးနှင့် ပက်သက်သော အစီအစဉ်များကိုလည်း မြန်မာအွန်လိုင်း စာဖတ် အသင်းမှ အလျဉ်းသင့်သလို ပြုလုပ်သွားမည် ဖြစ်ပါသည်။

   ချစ်ခင်စွာဖြင့် 
သဒ္ဓါလှိုင်း
မြန်မာအွန်လိုင်း စာဖတ်အသင်း

http://onlinereadingclub-mm.blogspot.com/2013/02/blog-post_7.htmlတွင် ဖေါ်ပြခဲ့သော  ဆောင်းပါး ကို ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်...။ 


Friday, June 27, 2014

ကျွန်မဖွင့်လိုက်မိသော စိတ်တစ်စုံ

လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသည့်စကားလုံးသည် လောကအတွင်း ရှင်သန်နေထိုင်ကြသော သက်ရှိ လူသားများ၏ ဖြစ်တည်မှု တစ်ခုပင်..။ လူ့ဘဝ နေ့စဉ်ကျင်လည် နေရသည့် အခိုက် ဘေးနားဝန်းကျင်တွင် ရှိနေသော သူများနှင့် ဆက်ဆံပြောဆို နေကြစဉ်အတွင်း မိမိစိတ်နှင့် သဟဇာတ ဖြစ်မည့်သူများ၊ မိမိနှင့် ယုံကြည်ချက် မတူနိုင်မည့် သူများ၊ ကိုယ်ကျိုးရှာသည့်သူများ၊ အခြားသူများနှင့် မျှမျှတတ ဆက်ဆံတတ်သူများ ကို အများအပြား တွေ့နေရပေမည်.။

အချိန်နှင့်အမျှ  မိမိဘဝ လူနေမှု အတွက် ကြိုးစားနေကြသူ အများအပြား၏ စိတ်တွင်း ခံစားချက် များမှာလည်း အဘယ်ကဲ့သို့ တူနိုင် ပါမည်လဲ။ တစ်ယောက်ချင်းစီ၏ နောက်ခံ အကြောင်းအရာများ ကွဲပြားခြားနား ကြသလို ရှေ့ဆက် လျှောက်နေရသည့် အခြေအနေသည်လည်း မတူနိုင်ကြပေ။ ထိုသို့ မတူနိုင်သောလမ်းပေါ်တွင် လျှောက်လှမ်းနေရသည့် အလျောက် စိတ်အခြေခံများသည်လည်း မတူနိုင်ကြ.။ တချို့မှာ ဘဝ၏ စေခိုင်းရာအတိုင်း လိုက်ပါနေရသောကြောင့် စိတ်စေရာ၏ ဆန့်ကျင်ဘက် အခြေအနေတွင် ရှိနေပေလိမ့်မည်။

ငယ်စဉ်ဘဝဖြစ်တည် လာခဲ့ကြရသော ပတ်ဝန်းကျင် မှ တုံ့ပြန်မှုများ၊ အသိုင်းအဝိုင်းများ၏ တန်ပြန် ဆက်ဆံမှုများ ကြောင့် တချို့သူများ စိတ်အခြေ ပြောင်းလဲ သွားကြရပေသည်။ အေးဆက်ဆက် တုံ့ပြန်မှုများကြောင့် ဘဝတလျှောက်လုံး ယုံကြည်မှု အားနည်း သွားကြသူ များလည်း ရှိလေသည်။ မိသားစု အဝန်းအဝိုင်းများ၏ နွေးထွေး ဆက်ဆံမှုသည် များစွာ အရေးကြီးပေသည်။ ထိုသို့ နွေးထွေးစွာနေခဲ့ ကြရသော သူများသည် ဘဝ တလျှောက်လုံးတွင် မိမိကိုယ်တိုင် ယုံကြည်မှု ကို တည်ဆောက်နိုင်ပြီး အောင်မြင်နေ ကြပေသည်။ ထိုသူများသည် မိမိစိတ်ကို မိမိ အောင်နိုင်သူများ ဖြစ်သွားကြလေသည်။
 
ထိုကဲ့သို့ ငယ်ဘဝကြောင့် ဖြစ်ပေါ်လာရသော အပြုအမူများ. စိတ်ခံစားချက်များ. သည် လူတိုင်းကို မဆိုလိုသော်လည်း လူအတော် များများတွင် ဖြစ်လေ့ ရှိသည်ကို တွေ့မြင် ရလေသည်။
 
တချို့သော သူ၏စိတ်သည် အသက်အရွယ် အရပြောင်းလဲ သွားတတ်ကြသည်။ ထိုပြောင်းလဲမှုသည် ငဲ့ညှာတတ်သော အခြေခံ ဇာစ်မြစ်မှ ပေါက်ဖွားလာခဲ့ကြလေသည်။ စာနာ နားလည် ပေးနိုင်သောစိတ် ရှိသူသည် သူ၏ ငယ်ဘဝ တွေ့ကြုံမှုများကို နမူနာယူပြီး တပါးသူအပေါ် မျှတစွာ စဉ်းစားပေးနိုင်သူ ဖြစ်လာသည်။ သူတပါး အခက်အခဲများကို ကိုယ်နှင့်ဖြစ်စေ၊ စိတ်နှင့်ဖြစ်စေ မိမိပြုလုပ်နိုင်ရာ ကို တနည်းနည်းဖြင့် ဖြည့်ဆည်း ပေးနေသူများ ဖြစ်သည်။

တပါးသူ၏ စိတ်ကို ဖျက်ဆီး ပစ်တတ်ကြသူ များလည်း ရှိပါသေးသည်။ ထိုသူ၏ စိတ်အရင်းခံမှာ ကောင်းခြင်းဆိုးခြင်း ကို ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ တပါးသူ၏စိတ် မှာတော့ ပျက်ဆီး သွားပေသည်။ ထိုသူ၏စိတ်သည် အထီကျန်စွာ ဖြတ်သန်း လာခဲ့သော ဝန်းကျင်၏ ရိုက်ခတ်မှု တစ်ခု ကြောင့် ဖြစ်ပေလိမ့်မည်..။ 

မိမိ၏စိတ်လောဘကြောင့် သူတပါး၏စိတ် လမ်းခင်းပေးခဲ့ရခြင်းပင်....။ 

ငယ်ဘဝတလျှောက် ချမ်းသာစွာနေရပြီး သူတပါး၏ ခက်ခဲ ဆင်းရဲမှုကို ခံစား နားလည်ပေးနိုင်သူ များမှာလည်း လေးစားစရာ ကောင်းလှပေသည်။

လူတိုင်းသည် အသက်ရှင် နေထိုင်စဉ်အတွင်း ကြိုးစား လှုပ်ရှားနေကြရသော်လည်း ဘဝ၏ အခြေအနေအရ ပြည့်စုံ ချမ်းသာသည်ဖြစ်စေ၊ ရုန်းကန် နေကြရသည်ဖြစ်စေ၊ အခက်အခဲ များစွာ ရှိသော်လည်း လူ့လောကရှိ လူ့အန္ဓများ၏ နိုင်လိုမင်းထက် ပြုမူမှုများကို လျစ်လျူ မပြုပဲ ဖိနှိပ်ခံရသူများဘက်မှ ရပ်တည်ပေးသူများ လည်း ရှိလေသည်။ ထိုသူတို့၏ မူလရင်းခံ စိတ်နှလုံးသည် နူးညံ့မှု ပြယုဂ်တစ်ခု ဖြစ်သော မှန်သောဘက်မှ တွေးခေါ် စဉ်းစားပေးတတ်သူများပင်…။ 

မိဘရင်ငွေ့အောက်မှ သာယာသော လမ်းတွင် လျှောက်လှမ်း လာရသော သူတချို့၏ စိတ်အခြေခံသည် အကောင်းမြင်သော စိတ်ဖြင့် ရှုမြင် တတ်ကြလေသည်။  မိဘနှင့်အတူ မနေခဲ့ရသော တချို့သော သူများမှာမူ  အားငယ်တတ်သည့် စိတ်ဖြင့် ကြီးပြင်းလာခဲ့ပြီး စိတ်အလို မကျမှုများ ဖြစ်ခဲ့ကြလေသည်။ မောင်နှမ အချင်းချင်းကြားတွင်လည်း မိဘဆွေမျိုးများ၏ ခွဲခြား ဆက်ဆံမှုကြောင့် မတူသော သဘောထားများနှင့် ကြီးပြင်းလာခဲ့ပြီး စိတ်ဒဏ်ရာ ရခဲ့ကြပေသည်။ သူတို့၏ စိတ်ဒဏ်ရာကို သူတပါးအပေါ် ဖုံးလွှမ်း ပုံချရင်း ကုစားကြပြန်သည်။ ထိုသို့ ကုစားမှုသည် သူတပါး၏ဘဝနှင့်စိတ် ကို ဒဏ်ရာပေးသကဲ့သို့ ဖြစ်နေသည်ကို မသိဟန်ဆောင်နေတတ်ကြသည်။ သူတို့၏ စိတ်ကို အကောင်းမြင်တတ်သော စိတ်များဖြစ်ပေါ်လာရန် ထိုသို့သော ခွဲခြားဆက်ဆံမှုများ မရှိအောင် ဆက်ဆံပြောဆို သင့်ပေသည်။ 

နွေးထွေးသော. မေတ္တာတရားများ ပြည့်နှက်နေသော ဝန်းကျင် တစ်ခုတွင် နေထိုင်ခွင့်ရကြရန် အုပ်မိုးပေးသင့် ပါသည်။ သို့မှသာ ပတ်ဝန်းကျင်တွင် အကောင်းမြင်တတ်သော မိမိကိုယ်ကိုယ် အားကိုးတတ်သော ယုံကြည်မှု ရှိသော သူများ များပြား လာပေလိမ့်မည်။ ထိုနှင့်အတူ တပြိုက်နက်တည်း မှာပင် မိမိကိုယ်ကိုယ် တာဝန်သိတတ်သော၊ တာဝန်သိမှုနှင့်အတူ တာဝန်ယူနိုင်သော၊ သူတပါး၏ ကိုယ်၊ စိတ်၊ နှလုံး၊ ခံစားမှုကို လေးစား တန်ဖိုးထား၍ ကိုယ်ချင်းစာနိုင်သော၊ လူ့ယဉ်ကျေးမှုကို နားလည်လာသော သူများ ဖြစ်လာနိုင်ပေလိမ့်မည်။

ကျွန်မ ယုံကြည်ခဲ့လေသောစိတ်.. ကျွန်မ လေးစားခဲ့သောစိတ်.. ကျွန်မနှလုံးသားကို ကိုင်လှုပ်ခဲ့လေသောစိတ်. ကျွန်မအတွက် ခွန်အားတစ်ခု ဖြစ်စေခဲ့သောစိတ်..  ကျွန်မဝိညဉ်အတွင်းသို့ ခိုလှုံခဲ့လေသောစိတ်.. 

ထို စိတ်တစ်စုံ သည်ကား....

Thursday, December 19, 2013

တချိန်ကဆောင်း…

ဒီဇင်ဘာ ဆောင်းည၏ အအေးဒဏ်ကို အံတုရင်း နှင်းခဲလေးများ ဖွေးနေအောင် ကျနေသော လမ်းကလေးပေါ်သို့ ရောက်သွားခဲ့သည်။ နှင်းခဲလေးများကို တို့ထိကစားနေရင်း အဆုပ်လိုက်ဖြစ်နေသော နှင်းခဲထုကြီး တခု ကျွန်မလက်ထဲသို့ ရောက်ရှိနေခဲ့ သည်ကို ကျင်ကနဲဖြစ်သွားသော တုံ့ပြန်မှု တခုမှ တဆင့် ခံစား သိရှိ လိုက်ရသည်။ 
 
ထိုခံစားမှုနှင့်အတူ လွန်ခဲ့သော ဆယ်စုနှစ်ခန့်က နှင်းခဲများ ရှိမနေပဲ ထူပိန်း မည်းမှောင်နေသော နှင်းထု ဝန်းကျင်တခု၏ လမ်းကလေးပေါ်တွင် အေးချမ်းမှု၊ ရုန်းကန်မှု၊ ကြိုးစားမှုနှင့် ပျော်ရွှင်မှုတို့ ပေါင်းစုပြီး လျှောက်လှမ်းခဲ့ရသော အချိန်တခု ဆီသို့ ရောက်သွား ခဲ့လေသည်။

မကုန်ဆုံးချင်သော အချိန်တခုကို ညွှန်းပြပါဆိုလျှင် ထိုအချိန်သည်သာ ကျွန်မဘဝ၏ နွေးထွေးမှုတို့ ခံစားရာ၊ ဘဝတခု၏ ချစ်ခင်ရသော သူများနှင့် ဆုံစည်းရာ ဖြစ်ခဲ့သလို နူးညံ့သော အပြုံးတခု၏အောက်တွင် နှလုံးသားများ နာကျင်ရာ အချိန်တခု ဖြစ်ခဲ့ပေသည်။ 

ရေတမာပင်လေးများ စီတန်းနေသော လမ်းပေါ်တွင် လျှောက်လှမ်းခွင့် ရခဲ့သော အချိန်တခုကို နှမြောတသစွာ လွမ်းဆွတ် တမ်းတနေသော ကျွန်မ၏ ပြင်းလှသော နှလုံးခုန်သံကို  အသာအယာ ဖိနှိပ်ရင်း တည်မြဲခြင်းတရား တခုဖြစ်သော မတည်မြဲခြင်းကိုသာ အောက်မေ့နေမိတော့သည်။

နှလုံးသားချင်းနီးစပ်ရာ ဖြစ်သော အကောင်းအဆိုး တိုင်ပင်ရာ အပေါင်းအဖေါ်များလည်း ကျွန်မနှင့် ထပ်တူ တမ်းတနေပေလိမ့်မည်။ စစ်ကိုင်းလမ်းဘေးရှိ ကံ့ကော်ရွာဟုခေါ်တွင်သော ရွာအစုအပေါင်းထဲတွင် ရွာချင်း နီးကပ်စွာ ဘေးချင်းကပ် ထိုင်နေသော်လည်း အလွန် ဝေးကွာလွန်းလှသော သူတယောက်၏ စကားသံများကြား တိတ်ဆိတ်စွာ အရည်ပျော်ခဲ့ ရဖူးသော အချိန်တခုကိုလည်း တမ်းတနေမိလေသည်။

လက်တွေ့ ခန်းမကြီးထဲတွင် အဖြေရှာဖွေ ခဲ့ကြသည်မှာ ခက်ခဲသောအချိန် ဖြစ်ခဲ့သော်လည်း ရလာဒ်ကောင်းတခု ထွက်ရန် ကြိုးစားခဲ့ကြသော အချိန်အဖြစ် ချမ်းအေးသော ရာသီခွင်၏ မှတ်မှတ်ရရ တည်နေရာ တခုဖြစ်ခဲ့သည်။

အခြားသူတစ်ဦး၏ အားဆေးသဖွယ် တင်စားခြင်းခံရပြီး အားကိုးမှုအပြည့်နှင့် အားပေးသော သူတချို့၏ ပုံရိပ်တို့ ထင်ဟပ် လာသော အချိန်တခု ရင်ထဲရောက်ခိုက် အမျိုးအမည် မသိသော ခံစားမှုတခုက ဆို့နစ် လာခဲ့လေသည်။ ထိုအခိုက် ကျွန်မရင်ထဲ နွေးထွေးမှုကို ဖမ်းစားနိုင်ခဲ့သော အချိန်တခုလည်း ဖြစ်ခဲ့ပြီး ကျွန်မ၏အပြုံးတချက် လှစ်ကနဲ ဖြစ်သွားခဲ့ သည်ကို ကျွန်မမှလွဲ၍ သိနိုင်မည် မဟုတ်ခဲ့…။

ထိုအပြုံးသည် မည်မျှကြာခဲ့သလဲဟု ဆိုလျှင် မာနတခု လွန်ဆွဲခဲ့ရသော ကာလလည်း ဖြစ်ခဲ့လေသည်.။ 

ကျွန်မအပြုံး၏ နောက်ကွယ်တွင် ချစ်စဖွယ် မျက်စောင်းများကို အပြုံးနှင့်ခံနိုင်ရည် ရှိခဲ့သည်မှာ အနွေးထည်ထူထူ ဝတ်ဆင်ထားပြီး နူးညံ့ငြင်သာသော အပြုံးတခုကြောင့်ပင်..ဖြစ်လေသည်။

တရွက်ပြီးတရွက် ကျန်ရစ်ခဲ့သော ပြက္ခဒိန် စာမျက်နှာထက်ရှိ အေးချမ်းသော ဆောင်း၏ အပြုံးတစ်ခု နောက်တွင် ကုန်ဆုံးခဲ့ပြီးသော အချိန်တစ်ခုဆီသို့ ပျံသန်းခွင့် မရတော့သည်ကို အသိဝင်ခိုက် မျက်ရည်စအချို့နှင့် နာကျင်မှုတို့ ရောပြွန်းလျက် ပြက္ခဒိန်သစ် တခုကို ချိတ်လိုက်မိသည်...။ 

သည့်နောက်.....

ကျင်ကနဲဖြစ်သွားသော ကျွန်မလက်ထဲရှိ နှင်းခဲများကို ငုံ့ကြည့်မိသောအခါ ချမ်းအေး လွန်းသောကြောင့် ကွေးပြီး ဖိမိနေသော လက်တဖက် နှင့် နာကျင်နေသော မြို့ရိုးတခုက ဆီးကြိုလို့….။ 
 

Saturday, November 2, 2013

လေတချက်အဝေ့...

အချိန်ကာလကား တရွေ့ရွေ့ ထွက်ခွါလို့...။

ဘယ်ဘက်ရင်ဘတ်ဆီမှ စူးကနဲ နာကျင်မှုတို့ ပြေပျောက်သွားပြီလား ဟု မေးခွန်းထုတ်မိခိုက်.. သူနဲ့အတူ ကုန်ဆုံးခဲ့ဖူးသော အချိန်လေး တစ်ခုဆီသို့ .... ကျွန်မ ရောက်ရှိသွားလေသည်။ ထိုအချိန်တစ်ခုကို မေ့ပစ်ချင်နေခဲ့သော ကျွန်မသည် သူနှင့်အတူ ပြောခဲ့ဖူးသော စကားများနှင့် သူ့စာမျက်နှာများကိုလည်း တမင် မေ့ပစ်ထားခဲ့သည်မှာ အချိန်ကာလ တစ်ခုသို့ပင် ချဉ်းနင်းဝင်ရောက်ခဲ့ပေသည်။ ထိုအတောအတွင်း ကျွန်မ၏ စိတ်သည် အရာရာကို ပို၍နူးညံ့စွာ ရင်ဆိုင်ရဲလာခဲ့ပေသည်။ နှလုံးအိမ်မှတဆင့် စီးမျောလာသည့် ပူလောင်လှသောအရာကို သစ္စာတရားဖြင့် အေးငြိမ်းအောင် ကြိုးစားခဲ့ရသည်မှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။
 
သူနှင့်ပက်သက်သမျှ အရာအားလုံးကို မေ့ပစ်မှသာ ကျွန်မအတွက် အကောင်းဆုံးဖြစ်လိမ့်မည်ဟု ကိုယ့်ကိုယ်ကို သတိပေးရင်း အချိန်ကာလကို ရင်ဆိုင် ကျော်လွှားခဲ့ရသည်မှာ ကျွန်မအတွက် အခက်ခဲဆုံးနှင့် အပင်ပန်းဆုံး ကာလများ ဖြစ်ခဲ့လေသည်။ ကျွန်မအပေါ် သူ၏ တုံ့ပြန်မှုသည် ရိုးသားမှုလား၊ အားနာမှုများနှင့် အလိုက်သင့် ဆက်ဆံရေးလား၊ သူ့အတွက် လိုအပ်နေသော စကားပြောဖေါ်လား ဆိုသည်ကို တွေးပင် မတွေးမိခဲ့သည်မှာ သူ့အပေါ် ထားရှိခဲ့သော ကျွန်မ၏ အရိုးသားဆုံး မေတ္တာတရား တစ်ခုဖြစ်သည်ဟု ကျွန်မပြောရဲပါသည်။

သူနှင့်အတူ ရှိခဲ့ဖူးသော စာမျက်နှာထက်တွင် အပြန်အလှန်ပြောဆိုခဲ့သော စကားလုံးများအကြား၊ တခါတရံ ငြင်းခုန်မှုများအကြား၊ အမြင်ချင်း ဖလှယ်မှုများအကြား၊ စာနာ နားလည်မှုများနှင့် အရှုံးပေးခဲ့ဖူးသော အချိန်လေးတစ်ခုကို မေ့ပစ်ချင်ပါသည်။ နောက်ဆုံး ပြောခဲ့ဖူးသည့် ကျွန်မ အကြားချင်ဆုံး စကားတစ်ခွန်းကို မေ့ပစ်ချင်ပါသည်။ ရိုးသားမှုနှင့် စစ်မှန်သော နှုတ်ထွက် စကားလုံးအဖြစ် ယုံကြည်မိသော စကားလုံးများကိုလည်း မေ့ပစ်ချင်ပါသည်။ ထို့ထက် သူနှင့် ပက်သက်ခဲ့သော အမှတ်တရ အားလုံးကို မေ့ပစ်ချင်ပါသည်။  ထို့အတွက် အချိန်ကာလ တစ်ခု လိုအပ်ကောင်း လိုအပ် ပါလိမ့်မည်။ ကျိန်းသေသည်မှာ ထိုအချိန်ကာလသည် ကျွန်မအတွက် အခက်ခဲဆုံးတစ်ခု ဖြစ်ခဲ့သော်လည်း မည်သည့်အရာကိုမှ အဆိုးမြင်စိတ် မထားတတ်ခြင်းကြောင့် ဒေါသဖြစ်မှုများနှင့် အတ္တကြီးမားမှုများ မရှိခဲ့သည့် အတွက် ငြိမ်းချမ်းသော ကာလ တစ်ခုကို ပြန်လည် ရောက်ခဲ့သည်မှာလည်း သိပ်ကြာလှခြင်း မရှိခဲ့..။

အမှတ်တရများသည် မေ့ပစ်ကောင်းသော အရာတစ်ခု မဟုတ်နိုင်သော်လည်း ပူလောင်သော သတိရ တမ်းတခြင်းမျိုး မရှိတော့သော ကျွန်မစိတ်သည် တန်ပြန်ရိုက်ခတ် ခံခဲ့ရသော စိတ်ကြောင့်ပင် ဖြစ်ပေလိမ့်မည် ဟု ကျွန်မ ယုံကြည်နေမိသည်...။ 

လူတိုင်းသည် မိမိ ပျော်ရွှင်မှုကို မိမိကိုယ်တိုင်  ရှာဖွေ ကြရမည်ပင်...။ ထို ပျော်ရွှင်မှုက သူတပါး၏ ကိုယ် နှင့် စိတ် ကို ထိခိုက် ဒဏ်ရာ ရခြင်းမျိုး မဖြစ်စေလျှင် အကောင်းဆုံး ဖြစ်မည်ဟု မိမိကိုယ်ကိုပင် သတိပေးမိပါသည်.။ ထိုသို့ ဆင်ခြင်နိုင်သည့် အရာ တစ်ခု လူ့ဘဝအတွက် အဖိုးတန်ခြင်းတစ်ခု ကျွန်မနှလုံးသားတွင်း ကိန်းအောင်းခဲ့သည်ကိုပင် ကျွန်မ ကျေနပ် နေမိလေသည်။ သူတပါး၏ ပျော်ရွှင်မှုကို မြင်လျှင် ခံစားကူးစက်တတ်သော ကျွန်မသည် သူ့ပျော်ရွှင်မှုအတွက် ရွေးချယ်မှုကို ကျွန်မ လေးစားပါသည်။

သူနှင့်ကျွန်မကို ဆုံဆည်းခွင့်မပေးခဲ့သော ကံတရားတစ်ခုက သူ၏ ပျော်ရွှင်မှု ဖြစ်ခဲ့လျှင် ကျွန်မ ကျေနပ်မိနေမည် ပင်.............။

လေတချက် အဝေ့ မှာတောင်
လှိုင်းက သက်ငြိမ်စီးဆင်းလို့
နိယာမအတိုင်း မြောပါလို့ .....


Friday, August 16, 2013

သြဂုတ်စ်တစ္ဆေ

သြဂုတ်စ်ဟာ တစ္ဆေတစ်ကောင်လို့ပဲ
ငါ့ကိုပွေ့ဖက်တယ်
သူရဲ့မိုးသားမည်းမည်းတွေနဲ့
သူရဲ့မှိုင်းညှို့နေတဲ့တိမ်သားထူထူတွေနဲ့
သြဂုတ်စ်ဟာ ကမ္ဘာစစ်ကိုအဆုံးသတ်ခဲ့တဲ့
အနူမြူဗုံးနှစ်လုံးအောက်မှာ အရပ်သားတွေသေကြရတာမျိုး
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအောက်မှာ
အပြစ်မဲ့ကျောင်းသားတွေစတေးရတာမျိုး
သြဂုတ်စ်ဟာ စာမျက်နှာတွေပေါ်မှာမည်းနက်နေတယ်
သြဂုတ်စ်ဟာ ဘာအကြောင်းပြချက်မှမရှိရင်လည်း
ငါတို့ချစ်တဲ့သူတွေကို ခေါ်ခေါ်သွားတတ်တယ်
မငြိမ်းချမ်းသေးတဲ့ ကမ္ဘာကြီးမှာ အနူမြူစီမံကိန်းတွေ ခြောက်လှန့်သလို
မငြိမ်းချမ်းတဲ့ ငါ့ဘ၀ကိုလည်း
သြဂုတ်စ်တစ္ဆေက သက္ကရ်ဇ်ဆိုတဲ့စကားလုံး
ခဏခဏ လူဘ၀ထဲပစ်ချတယ်…။
ဘယ်လိုယုံကြည်ရမှာလည်း ပျော်ရွှင်မှုချည်းသက်သက်ရှိမယ်လို့
ပြက္ခဒိန်ထဲက ဖျက်ပစ်လို့မရတဲ့ အမည်းစက်တွေလို့
မိုးသားတွေနဲ့ရောထွေးသွားတဲ့မျက်ရည်စတွေ
မီးလုံးမှိန်မှိန်လေးအောက်မှာ အေးစက်သွားတဲ့ကဗျာတွေ
အငွေ့ပျံသွားတဲ့သီချင်း
ပြန့်ကျဲလွင့်စင်နေတဲ့ဝါကျတွေ
အမေ့ဝမ်းခေါင်းထဲက မွေးဖွားလာတယ်ဆိုတာ
မီးခိုးခေါင်းတိုင်ကြီးတစ်ခုကနေ ပြန်ထွက်သွားဖို့
ဘ၀ဟာ ရယ်မောလိုက် နာကျင်လိုက်…
မိုးစက်တွေစဲသွားရင် သက်တံ့မှာအသက်ရှုမှားမိမှာပဲ
ဒီအချိန်မှာတော့ သြဂုတ်စ်ကတစ္ဆေတစ်ကောင်လို…။

မိုးလှိုင်ည

အစ်မရေ... ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေ..။

ကဗျာဆရာ ကိုမိုးလှိုင်ညရဲ့ မွေးနေ့အမှတ်တရ ကဗျာလေးပါ။

Thursday, August 15, 2013

ငြိမ်းချမ်းရေးခေါင်းစဉ်အောက်က သူမ

ဆေးစက်ကလေးတွေ...
မင်ရည်ကလေးတွေ..
ခဲတံကလေးတွေ ... နဲ့...
ရင်ဘတ် တွေ အများကြီးကို
သူမ က ရေးခြစ်/လိမ်းခြယ်တယ်..။

သူမ ထုဆစ်ပုံဖော်တဲ့..
ယုံကြည်မှု အဟုန်ဟာ...
သူမ ချစ်ခင် မြတ်နိုးရတဲ့..
အဝိုင်းအဝန်းလေးကို
အုပ်မိုး လွှမ်းခြုံထားတယ်..။

အဲလိုနဲ့..
သူမမှာရှိတဲ့....
တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းက
စုတ်ချက်ကြမ်းတဲ့ သမိုင်းကို
ပုံဖော်ထားရဲ့..
သူမမှာ ရှိတဲ့...
စူးစူးရဲရဲ အကြည့်တွေက..
သူမ ယုံကြည်တန်ဖိုးထားတဲ့..
အနီရောင်ခြယ် အနုပညာကို..
အလံထူဖို့ ကြိုးစားလိမ့်မယ်။

သူမဟာ...
နာမ်စားတစ်ခု ဆိုတာထက် ပိုခဲ့တယ်..
ဖယောင်းမီးဆန်ဆန်..
အရည်ပျော်.. လောင်ကျွမ်းပြီး
လောကကို အလင်းပေးလိုခဲ့တယ်...
လွတ်လပ်/ ငြိမ်းချမ်းဖို့ သူမဟာ..
မြင့်မား/ခိုင်မာတဲ့ သက်တံ့ရောင် တံတားတစ်စင်း
ဖြစ်ချင်ခဲ့တယ်...
သူမဟာ.... လူ ပီ သ ချင် ခဲ့ တယ်။

သူမ ခံယူ/ဆောက်တည်ထားတဲ့ ကိုယ်ကျင့်တရား
သူမ လေးစား/မြတ်နိုးတဲ့ အနုပညာ
သူမ ချစ်ခင်/တွယ်တာတဲ့ အဝိုင်းအဝန်းများနဲ့အတူ
သူမ လှမ်းယူ ပွေ့ဖက်တော့မယ့် အနာဂါတ်ကို
သူမ ရဲ့ တစ်နှစ်တာ ခရီးရဲ့.. ဒီနေ့က စပြီး...
ငြိမ်းချမ်းစေလိုက်ပါတော့မယ်..
သူမထံ ဆုတောင်းပေးသံ အချို့နဲ့..
သူမကိုယ်သူမ...
အေး... ချမ်း... ပစ်.. လိုက် .. ပါ.. တော့.. မယ်.. ။

(အမ သဒ္ဓါ အတွက် ဒုတိယအကြိမ် မွေးနေ့အမှတ်တရလက်ဆောင်)
လက်ဝဲ 

  
ဘလော့ဂါ ကဗျာဆရာ လက်ဝဲ ရဲ့ မွေးနေ့အမှတ်တရ ကဗျာ.. 

Sunday, February 24, 2013

ကမ္ဘာပျက်တယ်ဆိုတာ..

xx ရက် xx လ xxxx ခုနှစ်
ကမ္ဘာပျက်လိမ့်မယ်တဲ့.
စကားတစ်ခွန်း.
ကမ္ဘာအနှံ့ ပျံ့လို့

ကမ္ဘာပျက်တယ်ဆိုတာ
ဘာတွေပျက်မှာလဲ.

လူတွေ ပျောက်ပျက်သွားမှာလား
သက်ရှိသတ္တဝါတွေ ပျောက်ပျက်သွားမှာလား
အပင်တွေ တိုက်စားသွားမှာလား
သမုဒ္ဒရာတွေ တိမ်ကောသွားမှာလား
မြစ်တွေ ခမ်းခြောက်သွားမှာလား
တိမ်တွေ လွင့်စင်သွားမှာလား
လမ်းမကြီးတွေ အက်ကွဲသွားမှာလား
ရွာသွန်းနေတဲ့ မိုး တိတ်ဆိတ်သွားမှာလား
နှင်းထုကြီးတွေ အရည်ပျော်သွားမှာလား
မုန်တိုင်းကြီးတွေ ငွေ့ရည်ဖွဲ့သွားမှာလား

စိုနေတဲ့ မြက်ပင် တစ်ချို့ နဲ့
ခြောက်သွေ့နေတဲ့ ရိုးတံရှည်ပင် တစ်ချို့
ကျွတ်ထွက် သွားမှာလား...
တောတောင် သစ်တောကြီးတွေ
တူးဆွ ခံရတော့မှာလား...
ယာတော ကိုင်းတောကြီးတွေ
မီးရှို့ ခံလိုက်ရတာလား

သက်ဝင်လှပနေတဲ့ ကဗျာတစ်ချို့
ရသပေးစွမ်းပေးတဲ့ စာပေတစ်ချို့
ပန်းချီကားချပ် တစ်ချို့
အနုပညာ သွေးအားလုံး
သစ္စာတရားတွေအားလုံး
အရောင်ဆိုးမြစ်ထဲ မျောပါသွားကြမှာလား...

မကောင်းဆိုးဝါး သက်ရှိသက်မဲ့တွေ
သစ္စာမရှိ.. ပရိယာယ်မာယာတွေ
လုယူဖျက်ဆီး အသားရေဆုတ်ဖြဲသူတွေ
ဂုတ်သွေးစုပ် မျက်ရည်သောက်သူတွေ
အသက်နှုတ်ယူ သဘာဝဘေးဆိုးကြီးတွေ
လိမ်ညာကောက်ကျစ် အယောင်ဆောင်လိုသူတွေ
ရိုးသားဖြူစင်တဲ့ဘဝပေါ်မှာ တက်နင်းနေသူတွေ
.........................................................တွေ

ကမ္ဘာ ပျက်တယ်ဆိုတာ..
ကမ္ဘာ ပျက်တယ်ဆိုတာ.....
ကမ္ဘာ ပျက်တယ်ဆိုတာ.........


Sunday, February 3, 2013

ပန်းချီပုံရိပ်၏ သက်ဝင်မှု

သာယာဝပြောပြီး အေးချမ်းမှု ရှိသည့် ပတ်ဝန်းကျင်တစ်ခုက ကျွန်မကို ဆီးကြိုထွေးပွေ့နေလေသည်။ ကျွန်မဘေးနားကို ငဲ့ကြည့်လိုက်သည့်အချိန်တွင် ချစ်ခင်သော မိသားစုများက နွေးထွေးသော အပြုံးများနှင့် ဝန်းရံလျက် ရှိသည်ကို တွေ့လိုက်ရလေသည်။ သူတို့အကြည့်မှ ရုန်းထွက်လိုက်ပြီး ဝန်းကျင် အနှံ့ တစ်စုံတစ်ခုကို လှည့်ပတ် ရှာဖွေနေမိသည်။ ကျွန်မရှာဖွေနေသော အရာကို နှစ်ပေါင်းများစွာက ကျွန်မတို့ လူ့အဖွဲ့အစည်းကြီးမှ လူအများလည်း ရှာဖွေနေခဲ့ကြလိမ့်မည်။ 

ကျွန်မသည် ဝန်းကျင်အတွင်းမှ မျက်နှာစိမ်းလူများ၊ မိုးထိအောင်မြင့်မားနေသော တိုက်တာအဆောက်အုံများ၊ တစ်ယောက်နှင့်တစ်ယောက် အကြင်နာ မေတ္တာတရားများ၊ ရိုးသားသော မျက်ဝန်းများ၊ စိမ်းလန်းစိုပြည်လျက်ရှိသော သဘာဝတောတောင်များ၊ ချမ်းမြေ့မှုရှိကြသော ကလေးငယ်များ၊ လွတ်လပ်သော ဟန်ပန်အမူအယာများ ကိုတွေ့ရသည့်အခိုက် ကျွန်မ၏ ဘယ်ဘက်ရင်အုံအတွင်း စူးရှနာကျင်သော ဝေဒနာ တစ်ရပ်ကို ခံစားမိလိုက်သည်။

အသက်ရှူဖို့ပင်မေ့လျော့နေခဲ့သော ကျွန်မသည် ကျွန်မဘေးနား ဝန်းကျင်မှမြင်တွေ့ခဲ့ရသော အရာ များကိုဝေဒနာများ ကြားမှမြင်တွေ့ခဲ့ရသည်။ ထို့ကြောင့်ပင် ကျွန်မချစ်သော သူများကို မေ့လျော့နေခဲ့လေသည်။ အလိုလို ကျဆင်းလာသော မျက်ရည်စ များကြောင့် ချစ်ခင်သူများ၏ အထိတ်တလန့် အမေးအောက်တွင် ကျွန်မတစ်ယောက် အသက်ရှူရန် သတိ ဝင်လာခဲ့တော့သည်။

ကျွန်မချစ်ခင် တန်ဖိုးထားသော ကျွန်မ၏ ဝန်းကျင်လေးတစ်ခုကို ယခုကဲ့သို့သော အခြေအနေတွင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရသည့်အတွက် ခံစားခဲ့ရသော နာကျင်မှု များကိုပင် မေ့ပျောက်ခဲ့ရပြီး ချစ်ခင်သော သူများကိုပင် မေ့လျော့ခဲ့ရခြင်း ဖြစ်လေသည်။ ကျွန်မ၏ အတွေးထဲတွင် ယခုလို မှန်ကန်သည့် ဝန်းကျင်တစ်ခု၏ အမိုးအောက်တွင် ရှိနေသော လူသားများသည်လည်း ဤဝန်းကျင်ကို တန်ဖိုးထားနိုင်သော၊ ဝန်းကျင်၏ အနာဂတ်ကို လှပအောင်ဆေးရောင်ခြယ်နိုင်သော ကိုယ်ပိုင် စုတ်တံလေးများ ဖြင့် ပြည့်နှက်နေပေလိမ့်မည်။

ကျွန်မသည်လည်း  ကိုယ်ပိုင် စုတ်တံလေးတစ်ချောင်းနှင့် ကျွန်မ၏ ဝန်းကျင်နှင့်အတူ လောက ဝန်းကျင်လေးကိုပါ ကျွန်မချစ်သော ချစ်သူများနှင့်အတူ လှပအောင် ပန်းချီကား တစ်ချပ်ကို ဆေးချယ်ချင်ပါသည်။ ထို့အတူ ကျွန်မဘေးတွင် ရှိနေသော လူသားများကိုလည်း ကိုယ်ပိုင် စုတ်တံလေးများနှင် လှပစွာဆေးခြယ်နေကြပြီး သက်ဝင်လှပနေသော ပန်းချီကားချပ်ကြီး တစ်ခုကိုလည်း မြင်တွေ့ခွင့်ရချင်ပါသည်။ 

ကျွန်မ၏ မျက်ဝန်းထဲတွင် လှပခန့်ညားသော ပန်းချီကားချပ်ကြီး တစ်ခုက သက်ဝင် နေပြီး အရာအားလုံး၏ ဆေးစက်များက ထပ်၍ ထပ်၍......

ခြယ်မှုန်းထားသော ပန်းချီကားကြီးက ဝံ့ကြွား နေရာယူလျက် ရှိနေတော့သည်။

Tuesday, January 8, 2013

ဝိညာဉ်များ


လွန်ခဲ့သော
မှတ်မှတ်ရရ နှစ်.
လောကလေးထဲက
သက်ရှိလူသားအချို့
နီလွန်းသောသွေး
ရဲရင့်သော သတ္တိ
အတုံးအရုန်း လဲပြို

လောကထဲကနေ
ထွက်ခွါခဲ့ကြရ
သူတို့ရဲ့ ဝိညာဉ်
ခု...
ဘယ်နေရာကများ
ငေးမောကြည့်နေမလဲ

သူတို့ကို
လောကလေးထဲမှာ
ရှင်သန်ခွင့်
မပေးခဲ့ကြရသလဲ

တဘဝမှာ
တခါသာ
သေကြရတယ်.

ရီမောဟားတိုက်
လိမ်လည်လှည့်ဖျား
အကြိမ်ကြိမ် သေနေကြတဲ့
လူ့အန္ဓများ

ဟေ့..
တန်ဖိုးဂုဏ်သိက္ခာ.များနဲ့
သေမယ်။

(၁၉ အောက်တိုဘာ ၂၀၁၁၊ ၁နာရီ၄၅ မိနစ်) က ရေးထားတာလေးပါ..။