Thursday, October 11, 2012

အနီရောင် ကြယ်တပွင့်သို့...


မကြွေစေချင်တဲ့ ကြယ်တွေထဲက
ကြယ်တပွင့် ကြွေလွင့်ခဲ့ပေမယ့်..


နယ်ချဲ့ ဆန့်ကျင်ရေး
ဖက်ဆစ် တော်လှန်ရေး
ပြည်တွင်းငြိမ်းချမ်းရေး
ပစ္စည်းမဲ့ ပြည်သူလူထုကြီး
အဖိနှိပ်ခံ ပြည်သူလူထု.. အတွက်
ပုခုံးထက်က သမိုင်းတာဝန်ကိုထမ်း
ရှင်းသန့်  ၀င်းဖန့် တဲ့ သူရဲကောင်း ရနံ့တွေနဲ့
လမ်းပြကြယ် တပွင့် ဖြစ်ခဲ့တဲ့ အဘိုး..ရယ်...

သမိုင်းမှာ
သူရဲကောင်း ကြယ်တွေ
ကြွေဆင်း ခဲ့တယ်ဆိုတာ
ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ.က
(ဆိုင်းစုမှသည် မန်ရှိုးဆီသို့)..
နှလုံးအိမ်ထိ ဆွဲငင်
အလင်းအမှောင် ကွဲပြားခဲ့ရပါတယ် အဘိုး..ရယ်...

ခုဆို
ငြိုမှောင်နေမယ့် ဆိုင်းစု ကောင်းကင်ကြီးနဲ့
သံစဉ်တူ နှလုံးသွေးတွေ..ကို
အနီရောင် ကြယ်တပွင့်က
လွတ်လပ်ခွင့်တွေနဲ့ အတူ အုပ်မိုးလို့.....။

(ရဲဘော်သုံးကျိပ်ဝင် သူရဲကောင်း ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော သို့ သဒ္ဓါလှိုင်း၏ လွမ်းသူ့ ကဗျာခြင်း...)
 

Wednesday, August 15, 2012

အလွှာပါးလေးတစ်ချပ်

ကမ္ဘာမြေတစ်နေရာလေးမှာ အမှတ်တမဲ့အဖြစ် မှတ်မှတ်ရရ ရောက်ရှိလာခဲ့တဲ့ အလွှာပါးလေးတစ်ချပ်..။

ဘယ်နေရာကနေ လာမှန်းမသိခဲ့တဲ့ အလွှာလေးတစ်ချပ်က နောက်ဆုံးဘယ်နေရာမှာများ အဆုံးသတ် ပျောက်ကွယ်မလဲ ဆိုတာလည်း သိမနေခဲ့ပါဘူး။ အဆုံးသတ်ရမယ့် နေရာလေးတစ်ခုနဲ့ အဆုံးသတ်မယ့် အချိန်ဆိုတာကိုသာ သိနေခဲ့မယ်ဆိုရင်.. အဲဒီ အလွှာလေးရဲ့ သိမှုတစ်ချို့ကို ဖမ်းဆုပ်လိုက်ချင်ပါရဲ့..။ အလွှာပါးလေးပေါ်မှာ ဘယ်လိုအရာတွေက နေရာယူထားကြမလဲ.
 
အဆုံးသတ်မသိတဲ့ အရာတစ်ခုနဲ့အတူ ဖြစ်တည်ခွင့် ရလာခဲ့တဲ့အခိုက် လက်ရှိ အလွှာပါးလေးရဲ့ နေထိုင်ခွင့်လေးကရော၊ ကမ္ဘာမြေပေါ်မှာ ဘာတွေခြွေချ ထားခဲ့မှာလဲ..၊ ဘာတွေချန်ထား ရစ်ခဲ့မှာလဲ..၊ 

အလွှာပါးလေးတစ်ချပ်ကြောင့် လောကလေးထဲမှာ ဘာတွေများ အခြေတိုးမြင့်မှာလဲ.. မပြောင်းလဲပဲ ရှိနေမလား. ပိုလို့ဆုတ်ယုတ်သွားလေမလား. အလွှာပါးလေးတစ်ချပ်ကြောင့် တခြားသော အရာတွေအတွက် ဝန်ပိလေးလံစေမှာလား၊ အလွှာပါးလေးရဲ့ တစ်နေရာစာအတွက် တစ်ခုသော အရာအတွက် ဘယ်လိုစိန်ခေါ်ခြင်းတွေပဲ ရှိနေပါစေလေ. အလွှာပါးလေးရဲ့ တုံ့ပြန်မှုတစ်ချက်က အရာရာကိုကျော်လွှား အံတုနိုင်မယ့် မျှတမှုမရှိ ခက်ခဲတဲ့ အကျပ်အတည်း အမိုးတစ်ခုအောက်မှာ ဖြစ်နေပေမယ့် တန်ပြန်တိုးဝှေ့ပြီး အမှန်တရားကို ရဲရဲဝံ့ဝံ့ ဖေါ်ထုတ်နေမယ့် သတ္တိတစ်ခု အလွှာပါးလေး တစ်ချပ်လုံးမှာ စီးဝင်နေမှာပါ။
 
ကောင်းခြင်းဆိုခြင်း ရောပြွန်းနေတယ်ဆိုတာ နိယာမသဘောတစ်ခု ဖြစ်ပေမယ့် အလွှာလေးတစ်ချပ်ကတော့ ကောင်းခြင်းတွေပဲ အုပ်မိုးထားချင်ခဲ့တယ်၊ ကမ္ဘာမြေပေါ်မှာ သင်းပျံ့တဲ့ရနံ့တွေ ထုံမွှမ်းပြီး အလှဆင်နေချင်တယ်၊ အလင်းရောင် ထိန်ငြီးနေတဲ့ လောကလေးတစ်ခု ဖန်တီးပေးနေချင်တယ်၊ အလွှာလေးထဲမှာ ရှိနေတဲ့ ဝတ်ရည်လေးတွေကို သောက်သုံးခွင့်ရစေချင်တယ်၊ ဝတ်ရည်လေးကြောင့် အင်အားတစ်ရပ် အဖြစ် ကြီးထွားပြီး တန်ပြန် အင်အားသစ်တွေ တိုးပွားစေချင်တယ်၊

အလွှာလေးတစ်ချပ်က သူလိုချင်တဲ့ အရာတွေကို စိတ်ထဲက တလိုက်ရုံနဲ့ အရာအားလုံး ဖြစ်လာအောင် ပြုလုပ်ပေးနိုင်မယ့် အာလာဒင်ဆီမီးခွက်လေး  တစ်လုံးကိုလည်း မျှော်လင့် တမ်းတ မိနေသေးတယ်။

ဘယ်ကနေလာမှန်းမသိ. ဘယ်နေရာကို သွားရမှန်းမသိ.. ဘယ်လိုအကြောင်းနဲ့ ပျောက်ကွယ် သွားရမှန်းမသိ.. ဘယ်နေရာမှာ စွန့်လွှတ် လိုက်ရမှန်းမသိတဲ့ အလွှာလေးတစ်ချပ်က ကမ္ဘာ့မြေပြင် တစ်နေရာ လောကလေးထဲမှာ ရှိနေခဲ့ပြီး မသိတဲ့အရာတွေကို သိအောင် ရှာဖွေဖို့တော့ မရှည်လျားတဲ့ ခရီးတစ်ခု ထွက်ဖို့ ပြင်နေရပြီ။။။

ကြိုးနှင့် ချည်သော... (လက်ဝဲ ရဲ့မွေးနေ့ကဗျာ)

အတွေးနဲ့ အသက်ဆက်သူများရဲ့ ရင်ဘတ်ကို
ဖွင့်ဟ လှပ်ကြည့်ဖို့ ကြိုးစားမိသူ လေလား
သူမ သဘောထားကြီးထားတဲ့ လောကကြီးဟာ
သူမကို ပြန်ပြီး သဘောထားကြီးနေပြန်လေသလား
ကြည့်....
ကဗျာဆန်တဲ့ နေ့တွေမှာ...
သူမနဲ့ အတူ တစ်လောကလုံးက
မီးအိမ်လေးတွေကို ဆွဲ........ လို့။

အို.... ကောင်းကင် တဲ့
မျက်လုံးကို မှိတ်ထားလေမလား
ခေါင်းမော့ ထားလေမလား
လက်ချောင်းလေးတွေချင်း ယှက်ပြီး
ရင်ဘတ်မှာ ကပ်ထားလေမလား
အမှန်တရား/ ငြိမ်းချမ်းမှု/ စစ်မှန်မှု/.....
ရင်ထဲကနေ တောင်းဆုတွေ ပြုနေလေမလား
သစ္စာ ကို သူမ လက်ဖြန့် တောင်းနေရှာတာပါ
အို ကောင်းကင်.... တဲ့။

ယုံကြည်ရာ၊ စွဲလမ်းရာ၊ ရပ်တည်ရာ အတွက်
မြို့ပျက်ညကြီးထဲမှာတောင်
သူမဟာ သမာသမတ်ကျကျ
စည်းစနစ်ရဲ့ မျဉ်းဖြူလွလွလေးပေါ်မှာ
ကျွန်တော့် ကို ရပ်ပြ နေတယ်။

သူမက လေ
“ဟိုးမှာ...
ဆက်လျှောက် သွားကွဲ့
အဲဒီလမ်းမှာ
အမှန်တရား/ ငြိမ်းချမ်းမှု/ စစ်မှန်မှု/.....”
အဲဒီ ညွှန်ပြမှုတွေအတွက်
အရာရာကို ကျွန်တော်
အံတုဖို့ ဖြစ်လာခဲ့ရတယ်။    ။

အမ သဒ္ဓါလှိုင်း မွေးနေ့ အတွက် အမှတ်တရ ကဗျာ

လက်ဝဲ

ဘလော့ဂါ ကဗျာဆရာ လက်ဝဲ ရဲ့ မွေးနေ့အမှတ်တရ ကဗျာလေးပါ။

Monday, July 2, 2012

အောင်မြင်ခြင်း နှင့် ရှုံးနိမ့်ခြင်း

လူတို့၏ သတ်မှတ်ချက် အတိုင်းအတာအရ အောင်မြင်သောသူ၊ ရှုံးနိမ့်သောသူ၊ များအဖြစ် လောကဇာတ်ခုံပေါ်တွင် အလှည့်ကျ နေရာပေးနေရပေသည်။ ဘဝတစ်ကွေ့၏ အလှည့်အပြောင်း၊ အချိန်နှင့် အခြေအနေ၊ ကြိုးစားမှု အနေအထား များနှင့် ပြောင်းလဲခြင်းကသာ မပြောင်းလဲသော နိယာမတစ်ခု အရ အောင်မြင်မှုမှ ရှုံးနိမ့်မှု၊ ရှုံးနိမ့်မှု မှ အောင်မြင်မှု အဖြစ် အပြောင်းအလဲများကို အမြဲ ကြုံဆုံ နေရပေမည်။ အစဉ်သဖြင့် အောင်မြင်မှု မရှိနိုင်သလို ကျရှုံးခြင်းလည်း အစဉ် မရှိနိုင်ပေ။ ရှုံးနိမ့်မှုမှ အောင်မြင်မှု သို့ တက်လှမ်းရသည့်အခါ ဖြစ်ပေါ်လာသည့် ခံစားချက်သည် ပျော်ရွှင်ဖွယ် ခံစားချက်ဖြစ်မည်မှာ မလွဲဧကန်ပင်.။

အောင်မြင်မှု မှ ရှုံးနိမ့်မှု အဖြစ် လက်ခံရသည့်အခါတွင် ခံစားရမည့် ခံစားချက်သည် လူတစ်ဦးစီ၏ နူးညံ့သိမ်မွေ့မှု နှင့် ခံနိုင်ရည်ရှိမှု၊ အတွေ့အကြုံ ရင့်ကျက်မှု တို့အလိုက် မတူညီစွာ ခံစား ရပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ရှုံးနိမ့်မှုကို အဘယ်လူသားကမျှ လွယ်လင့်တကူ လက်ခံနိုင်မည် မဟုတ်ပေ။

တခါတရံ မည်မျှပင် ကြိုးစား အားထုတ်စေကာမူ ရှုံးနိမ့်ခြင်း များနှင့် ရင်ဆိုင်ရသည့်အခါ ပို၍ဝမ်းနည်း နာကျင်ရပေသည်။ ထိုသို့ ဖြစ်လာသည့်အခါ မိမိရှုံးနိမ့်ရသည့် အကြောင်းရင်းသည် မည်သည့်အတွက်ကြောင့် ဖြစ်သလဲ ဆိုသည်ကို ပြန်လည် တွေးတောသင့်ပေသည်။

အစုအဖွဲ့အပေါင်းနှင့် ယှဉ်ပြိုင်ရသည့် ယှဉ်ပြိုင်မှုမျိုးတွင် ရှုံးနိမ့်ခဲ့ရသည့်အခါ ရှုံးနိမ့်မှု၏ နောက်ကွယ်တွင် တစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှုနှင့် နားလည်မှု၊ အချင်းချင်း အပေးအယူ မျှတမှု၊ တကိုယ်ကောင်းမဆန်မှု၊ တာဝန်သိမှုနှင့် တာဝန်ယူနိုင်မှု၊ တာဝန်ဆောင်နိုင်မှု၊ ဇွဲရှိမှု များ မည်မျှ လိုအပ်နေသလဲဟု သုံးသပ်ရပေမည်။ တပြိုင်နက်တည်းမှာပင် တခြားသော အစုအဖွဲ့အပေါ်တွင် အနိုင်ရလိုမှု မကြီးခြင်း၊ တဘက်သတ် အနိုင်မကျင့်ခြင်း၊ မျှတစွာ အပြန်အလှန် ဆက်ဆံခြင်း၊ လေးစားမှုရှိခြင်း၊ များလည်း ရှိနေပါရဲ့လားဟု ဆန်းစစ်ရပေမည်။ ရှုံးနိမ့်မှု၏ ရလာဒ်ကို အသေအချာ ပိုင်းခြားစဉ်းစားသင့်ပေသည်။

မိမိနှင့်အတူ အဖွဲ့အပေါင်းတစ်ခု၏ အောင်မြင်ခြင်းသည် ဂုဏ်သိက္ခာရှိသော အောင်မြင်မှု ဖြစ်ရပေမည်။ ရှုံးနိမ့်သည့်အခါတွင်လည်း ဂုဏ်သိက္ခာရှိသော ရှုံးနိမ့်မှု ဖြစ်ရပေမည်။ ဂုဏ်သိက္ခာရှိသော ရှုံးနိမ့်မှုတစ်ခုသည် ရှုံးနိမ့်မှုဖြစ်သော်လည်း လေးစားစရာကောင်းပြီး လှပသက်ဝင်နေလိမ့်မည်။

တစ်ဦးချင်းယှဉ်ပြိုင်ရသည့် ပြိုင်ပွဲမျိုးတွင် ရှုံးနိမ့်သည့်အခါ မိမိ၏ လိုအပ်ချက်ကို ကိုယ်တိုင်လွတ်လပ်စွာ ဝေဖန်ပိုင်းခြားခွင့် ရှိပေသည်။ အပြုသဘောဆောင်သည့် ဝေဖန်မှုမျိုးကို လက်ခံရပေမည်။ ထိုအခါ လိုအပ်သည့် အရာကို မှန်မှန်ကန်ကန် သဘောပေါက် သိရှိ၍ ပြန်လည်ပြုပြင် ကြိုးစားပြီး အောင်မြင်မှုကို ရရှိနိုင်ပါမည်။ ထိုအောင်မြင်မှုကိုလည်း ဆက်လက်တည်တံ့နေစေရန် အစဉ်ကြိုးစားနေရပေမည်။ လောကသဘောတရားအရ အစဉ်အမြဲ အောင်မြင်ခြင်း၊ အစဉ်အမြဲ ရှုံးနိမ့်ခြင်း မရှိသော်လည်း  မည်သူမဆို အောင်မြင်ခြင်း ဆိုသည်ကို နှစ်သက်သဖြင့် အောင်မြင်မှုရရန် တစိုက်မတ်မတ် အားထုတ်နေရပေလိမ့်မည်။

ပြိုင်ပွဲတစ်ခုကို စတင်ယှဉ်ပြိုင်ရသည့် အခြေအနေ၊ အချိန်အခါမျိုးတွင်လည်း အတွေ့အကြုံ မရင့်ကျက်သေးသဖြင့် အောင်မြင်မှုကို လက်ခံ နိုင်သော်လည်း ရှုံးနိမ့်မှုကို လက်ခံနိုင်ရန် ခက်ခဲပေသည်။ ထိုသို့ ရှုံးနိမ့်လာလျှင် ရှုံးနိမ့်မှုကို လက်ခံနိုင်ရန် ပြင်ဆင်ထားသင့်သည်။ ရှုံးနိမ့်ခြင်း၏ လက္ခဏာအဖြစ် တစ်ချို့သောသူ၏ မျက်ရည်စက်များ၊ ဝမ်းနည်းဖွယ်စကားလုံးများ၊ ကို သတိထားပြုပြင်သင့်သည်။ ထိုရှုံးနိမ့်မှုမှ သင်ခန်းစာကောင်းများ ရယူတတ်ရန်သာ အရေးကြီးလှပေသည်။ ထိုသင်ခန်းစာသည် ဘဝတစ်ခု၏ ပြိုင်ပွဲတိုင်းတွင် အသုံးဝင်မည့် လက်နက်ကောင်းတစ်ခု ဖြစ်ပေလိမ့်မည်။ မှန်မှန်ကန်ကန်၊ မျှမျှတတ၊ ဖြူစင်မှုနှင့် တရားသော လက်နက်ဖြစ်ရပေမည်။

အောင်မြင်ခဲ့လျှင်လည်း ထိုအောင်မြင်မှုတွင် မိန်းမောမနေပဲ အောင်မြင်မှု၏အကြောင်းရင်းသည်  ပြိုင်ပွဲတိုင်းတွင် အောင်မြင်နိုင်ရန် နည်းလမ်းကောင်းတစ်ခု ခြေလှမ်းတစ်ခုပင် ဖြစ်သည်ဟု နှလုံးသွင်း ထားရပေမည်။ အောင်မြင်မှု၏ အကြောင်းရင်းကို အချိန်နှင့်အမျှ သင်ကြားလေ့ကျင့်ရင်း ရှုံးနိမ့်မှုကို အကာအကွယ် ယူရပေမည်။

အောင်မြင်မှု၊ ရှုံးနိမ့်မှု တိုင်း၏ နောက်ကွယ်တွင် ရှိနေသော အကြောင်းရင်းများကို မှန်မှန်ကန်ကန်နှင့် သဘောပေါက် နားလည်စွာ ရှာဖွေနိုင်ပြီး၊ ထိုရှာဖွေမှုများထဲမှ အကောင်းဆုံး နည်းလမ်းနှင့် တရားမျှတစွာ ပြင်ဆင်လေ့လာနိုင်ပြီး၊ ဘဝတိုက်ပွဲများတွင်လည်း တပါးသူအပေါ်၊ တခြားသော ဝန်းကျင်တစ်ခုအပေါ် မထိခိုက်၊ မနာကျင်စေပဲ အကောင်းဆုံး အောင်မြင်မှုများ ပွေ့ပိုက် ထားနိုင်စေရန် မျှော်လင့်မိပါသည်။

Monday, May 21, 2012

တစ္ဆေတစ်ကောင်ရဲ့ည

တိတ်ဆိတ်ညကို ဖြတ်သန်းစဉ်
ခပ်ကြမ်းကြမ်း တိုးဝှေ့လာတဲ့ တစ္ဆေတစ်ကောင်
ငါ့ကိုယ်ကို ဖေါက်ထွင်းလို့
လောကကြီးကို စိမ်ခေါ်ချင်သတဲ့
လောကကြီးထဲက ဘယ်လိုအရာတွေနဲ့
စီးချင်းထိုးချင်ရတာလဲ
ငါ... ခဏတာ မေ့မြော..

တချို့..
မှောင်လွန်းတဲ့ ညလေးထဲ
စီရရီ ထွက်ပေါ်လာတဲ့ လင်းရောင်ခြည်တချို့
လောကကြီးကို အရောင်ပြောင်း
နှလုံးသားကိုယ်စီနဲ့ထွန်းညှိ ထားကြ..
စကြာဝဠာ တစ်ခုလုံး
ဟုန်းဟုန်းတောက်..

တချို့..
ညစ်ကျယ်ကျယ် အတွေးနဲ့
ဝေဖန် လေကန် ပြစ်တင် ရှုံ့ချ ဘေးထွက်
လူ့အန္ဓများနဲ့ ကခုန်မြူးတူး
တန်ဖိုးမဲ့ ခရီးသည်..

တချို့..
မဟုတ်ကို အဟုတ်လုပ်
မရှိကို အရှိလုပ်
လိမ်ညာမှုကို ဖြူစင်ဟန်လုပ်
အတုကို အစစ်လုပ်
ယုတ်မာမှုကို သူတော်ကောင်းဟန်လုပ်
ဟန်လုပ် ခရီးသည်..

တချို့..
ကိုယ်ကျင့်တရားကို ရောင်းစားကြ
အတ္တတွေကို ဖလှယ်ကြ
နှုတ်ခမ်းဖျားထက် အရောင်ပြောင်းကြ
ရင်ခုန်သံချင်း လဲလှယ်ကြ
အသည်းကို အစားထိုးကြ
နှုတ်ထွက်စကားလုံးများ လွှင့်ပစ်လိုက်ကြ
တာဝန်ခံယူရမှုကို စားသုံးလိုက်ကြ
ငရဲသား ခရီးသည်..

တချို့..
အတ္တတိုက်ပွဲတွေကြား
အတ္တကိုယ်စီ ယှဉ်ပြိုင်တဲ့ပွဲမှာ
အတ္တတွေနဲ့ စ
အတ္တတွေနဲ့ပဲ အဆုံးသတ်ရမယ်ဆိုတာ
အတ္တလူသားများ မသိလေရော့သလား
လောက ခရီးသည်..

ခရီးသည်တွေကြားမှ
တစ္ဆေတစ်ကောင်ရဲ့ည..။


Saturday, May 12, 2012

အစစ်လား အတုအယောင်လား

လောကဝန်းကျင်အတွင်းတွင် မည်သည့်အရာက အစစ်လား မည်သည့်အရာက အယောင်ဆောင်ထားသောအစစ် (အတုအယောင်) ဟု ထင်ရသည့်အရာလား ဆိုသည်မှာ ဝေခွဲမရနိုင်ခဲ့ပါ။ ထိုအရာကပင် ကျမစိတ်ကို စိန်ခေါ်နေသော အရာဖြစ်ခဲ့သည်ဟု သိလာရပါသည်။ မည်မျှပင် ကျမကို စိန်ခေါ်နေပါစေ ကျမ၏စိတ် မယိမ်းမယိုင်ပဲ မည်မျှကာလထိ ရပ်တည်ထားနိုင်ပါ့မလဲ ဆိုသည်ကိုလည်း ကျမ၏ရှေ့ဆက်ရမည့်ခရီးကို ကြိုတင်မမြင်ရသည့်အတွက် ကျမမသိနိုင်ခဲ့ပါ။ ကျိန်းသေသည်မှာ လူတစ်ယောက်၏ စိတ်အခြေခံသည် အမှန်တကယ် စစ်မှန်ခြင်း၊ အယောင်ဆောင်ထားသော အစစ်ဖြစ်ခြင်း ဆိုသည်ကိုပင် ကျမစိတ်တွင် ကိန်းအောင်းမနေခဲ့ပါ။ 

အထူးသဖြင့် လူသားများ၏ အတွင်းစိတ်သဏ္ဍာန်ထဲတွင် ရှိနေမည့် သဘောထားများ၊ တုံ့ပြန်လာမှုများကို အစစ်အတုဟု ခွဲခြားရလောက်အောင် ကျမစိတ်တွင် ယုံမှားသံသယ ရှိမနေခဲ့ပါ။ မျက်စိနှင့်မြင်နိုင်စွမ်းရှိမည့် အရာများကို အစစ်လား အယောင်ဆောင်ထားသော အစစ်လား ဆိုသည်ကို တိုင်းတာရန် လွယ်ကူနိုင်သော်လည်း စိတ်၏ဖြစ်တည်မှုတစ်ခုကိုဖြင့် အစစ်လား အယောင်ဆောင်ထားသော အစစ်လားဆိုသည်ကို ဘယ်သောအခါမှ သံသယဖြင့် မထင်မှတ်ခဲ့ပါ။ ဒါကိုပင် ကျမကို အယုံလွယ်သူဟု သတ်မှတ်လျှင်လည်း ခံယူရပါမည်။ 

အယောင်ဆောင်ထားသော အစစ်ဆိုသည်မှာလည်း အစစ်အတိုင်းကဲ့သို့ပင် ပုံရိပ်တည်ရှိနေပြီး တချို့အရာများမှာ အစစ်ထက်ပင် ပုံသဏ္ဍာန်ကြီးသယောင်. စစ်မှန်သော သဘောထားရှိသူထက်ပင် ပို၍ စိတ်ထားစစ်စစ် ရှိသယောင် ရှိနေတတ်သည်ကို တွေ့လာရပါသည်။ အချိန်ကာလတစ်ခုကို လွန်မြောက်မှသာလျှင် ထိုအယောင်ဆောင်ထားသော အစစ်ဆိုသည်မှာ ပုံရိပ်ယောင်တစ်ခု ဖြစ်မှန်းမသိ ဖြစ်လာခဲ့လေသည်။ ထိုသူတို့သည် ကြာရှည် အယောင်ဆောင် မထားနိုင်သော သူများဖြစ်ပေလိမ့်မည်။ မည်သို့ပင်ရှိစေ အယောင်ဆောင်ခြင်းဆိုသည်မှာ မည်သည့်အတိုင်းအတာ၊ အချိန်မည်မျှကြာ အထိ ထိန်းထားနိုင်ပါမည်လဲ ဆိုသည်ကိုလည်း ကျမ သိချင်ခဲ့ပါသည်။ သေချာသည်ကတော့ အသက်ရှင်နေထိုင်နေစဉ် ကာလတစ်ခုပတ်လုံး အယောင်ဆောင်ခြင်းကို ထိန်းထားနိုင်ကြသည်လား။ သို့မဟုတ် တစ်ဦးတစ်ယောက်အတွက် ခေတ္တ အယောင်ဆောင်ထားရခြင်းလား. အခြေအနေတစ်ခုအတွက်လား. ကိုယ်ကျိုးအတွက်လား. သူတပါး၏ စိတ်ချမ်းမြေ့စေမှုအတွက် ဆိုသည့် ယောင်ချာချာ စိတ်ကူးအတွက်လား. ဆိုသည့်  အကြောင်းများကြောင့်လားဟု ကျမတွေးမိခဲ့ပါသည်။ အချို့အတွက်မူ အယောင်ဆောင်ခြင်း အတုအယောင် ဆိုသည်ကိုပင် အစစ်ဖြစ်သည်ဟု အခိုင်အမာ ယူဆသွားခြင်းလည်း ဖြစ်နိုင်ပါသေးသည်။ 

အချို့သူများကမူ ဆက်ဆံရသည့် တဘက်သား၏ ပြုမူပုံအရ အယောင်ဆောင်ထားသော စိတ်အတုဖြင့် တန်ပြန်ခဲ့ကြပေသည်။ ထိုသို့သော ဆက်ဆံမှုမျိုးသည် ဘဝတခုအတွက် နေထိုင်ရမည့် အချိန်ကာလတွင် ယုံကြည်မှု ဆိတ်သုဉ်းပြီး စစ်မှန်သော တန်ဖိုးရှိမည့် စိတ်ထားတစ်ခု ဖြစ်လာမည် မဟုတ်တော့ပေ။ ဆက်ဆံရေးကို ရေရှည်ထိန်းသိမ်းထားနိုင်ရန် တစ်ဦးနှင့်တစ်ဦး၊ လူမှုတစ်ဖွဲ့နှင့်တစ်ဖွဲ့ ယုံကြည်မှုရရန် စစ်မှန်သော စိတ်အစစ်ဖြင့် ဦးစွာတည်ဆောက်ရပေသည်။ ဆက်ဆံမှု အစမပျိုးခင်မှာပင် အယောင်ဆောင်ထားသော စိတ်အတုများဖြင့် ဖြစ်စေ ရည်ရွယ်ချက်ရှိရှိ ဆက်ဆံမည်ဆိုလျှင် ဘယ်သောအခါမှ စစ်မှန်သော အရာတစ်ခုကို ရလာမည်မဟုတ်ပေ။ ထိုသို့သော  စိတ်အတုများဖြင့် နေထိုင်နေသော သူများတွင်လည်း အစစ်လား၊ အယောင်ဆောင်ထားသောအစစ် (အတုအယောင်) လား၊ ဆိုသည်ကိုပင် ခွဲခြား မသိမြင်နိုင်တော့ပဲ သက်ရှိလူသားများ ကြိုက်နှစ်သက်သည့် အစစ်ဟူသော ဝေါဟာရ တစ်ခုအနေဖြင့်ပင် အယောင်ဆောင်ထားသော စိတ်ဖြင့် ခရီးဆက်လျှောက်နေပေလိမ့်မည်။ 

ပို၍ဆိုးသည်ကား မိမိကိုယ်တိုင် အယောင်ဆောင်ခြင်းပင် ဖြစ်ပေလိမ့်မည်။ မိမိ၏စိတ်နှလုံး၊ မိမိ၏အရိပ်၊ မိမိ၏ သစ္စာတရား၊ မိမိ၏မေတ္တာတရားကို အယောင်ဆောင်ထားမိလျှင် မိမိကိုယ်တိုင်ပင် ချေဖျက်ရပေမည်.။ အယောင်ဆောင်ထားသော စိတ်တစ်စုံကြောင့် မိမိမဟုတ်သော အခြားတစ်ယောက်. လူ့အဖွဲ့အစည်းအတွင်း တွင် နာကျင်စရာ၊ ဆုံးရှုံးစရာများ ဖြစ်နိုင်လာလိမ့်မည်။ 

စိတ်နှလုံး စစ်မှန်မှု နှင့် အတုအယောင်ကို သက်ရှိလူသားများသည် မည်ကဲ့သို့ ပေတံဖြင့် တိုင်းတာကြသနည်း။ မိမိအပေါ်တွင် မိမိလိုလားမည့် အပြုအမူဖြင့် ပြောဆိုဆက်ဆံသည်ကို အစစ်အမှန်ဟု ပြောနိုင်ပါမည်လား၊ သို့မဟုတ် မိမိမလိုလားမည့် ထိုသူ၏အတုံ့အပြန်ကိုကြည့်၍ အတုအယောင်ရှိသော စိတ်ဟု ပြောဆိုကြမည်လား။ ကနဦး ပြောဆိုဆက်ဆံနေစဉ်တွင် မိမိ၏စိတ်အတွင်း အမှန်တကယ် လိုလားသည့်စိတ်၊ အမှန်တကယ် မလိုလားသည့်စိတ်၊ အမှန်တကယ် ပြုမူဆက်ဆံလိုသောစိတ်၊ အမှန်တကယ် မဆက်ဆံချင်သောစိတ်၊ အမှန်တကယ် ထားနိုင်သော မေတ္တာတရားစိတ်၊ အမှန်တကယ် မထားနိုင်သော မေတ္တာတရားစိတ်၊ အမှန်တကယ် မထားနိုင်သော အမူအယာရှိခဲ့လျှင်လည်း မထားနိုင်သည့်စိတ်၊ များဖြင့် ဆက်ဆံခဲ့မည်ဆိုလျှင် အစစ်နှင့် အတုအယောင် ကို ခွဲခြားနိုင်ပေမည်။ မိမိ၏စိတ်တွင် ထင်ဟပ်လာသည့်စိတ်. မိမိ၏စိတ်အရင်းခံဖြင့်သာ တုံပြန်ပြောဆိုသင့်ပေသည်။ သို့မဟုတ်ပါက တဘက်လူသား၏ စိတ်တွင် မိမိပြောဆိုဆက်ဆံနေသည့် စိတ်ကို အစစ်ဟုသာ ထင်နေခဲ့ပြီး အချိန်ကာလ တစ်ခုကို ရောက်ခဲ့၍ မိမိပြောဆိုဆက်ဆံခဲ့သော စိတ်သည် အစစ်အမှန်မဟုတ်ပဲ တဘက်သားအပေါ် အတုအယောင်စိတ် ဖြစ်နေခဲ့သည်ကို သိရှိခံစားခဲ့လျှင် အတိုင်းအဆမရှိ ဝမ်းနည်းကြေကွဲ နာကျင်ရလိမ့်မည်။ ထိုသို့ ဝမ်းနည်းနာကျင်မှုမျိုးကို မိမိမခံစားချင်သလို မိမိမဟုတ်သော သူတပါးကိုလည်း မခံစားရစေရန် မိမိကပင် နေထိုင်ဆက်ဆံတတ်ရန် အထူးလိုအပ်လှပေသည်။ မိမိ၏ စိတ်ရင်းစိတ်မှန် စိတ်အစစ်ဖြင့် တပါးသူ၏ စိတ်နှလုံးကို တန်ဖိုးထားရပေမည်။ 

အယောင်ဆောင်ထားသောစိတ်ဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတုံ့ပြန်မိစေရန်၊ အတုအယောင်စိတ်ဖြင့် မပြုမူ မဆက်ဆံမိစေရန်၊ မိမိကိုယ်တိုင် သတိပေးရင်း စစ်မှန်သော စာနာမှုများ ပြည့်နှက်နေသော စိတ်တစ်စုံဖြင့် စိတ်ရင်းအမှန်အတိုင်း မပြောင်းမလဲသော စိတ်အစစ်များကို ပိုက်ထွေး၍ လောကဝန်းကျင်တွင် အလှဆင် ပြုမူနိုင်ကြရန် စာစုလေးဖြင့် ဆန္ဒပြုရည်မှန်းပါသည်။။။

Tuesday, April 3, 2012

အောင်မြေတစ်နေရာမှ ...လွမ်းချင်း သို့

မိုးယံထက်ထိ အောင်မြင်မှုအသံများ ကြားနေရသည့် အောင်မြေတစ်နေရာတွင် ဘာတွေများ လုပ်နေပါ့မလဲ ဟူသည့် အတွေးက ကျမ၏ စိတ်နှလုံးကို ပြင်းပြင်းထန်ထန် လာရောက် ရိုက်ခတ် နေပါသည်။ အောင်မြေနင်းပြီး အောင်မြင်မှုတွေ ရရှိထားသည့် နေရာတစ်ခုအတွင်း နေထိုင်နေသော သူတစ်ယောက် ဖြစ်နေပါလျက် သူ့အနေဖြင့် မည်သည့် အခန်းမှ ပါဝင်ခဲ့ပါသနည်း ဟူသည့် အတွေးကို တွေးရင်း တရားဓမ္မဖြင့် အမှန်တရား တစ်ခုဘက်မှာပင် ရှိနေမှာပါဟု အကောင်းမြင် ယူဆရင်း သူနေထိုင်သည့် အောင်မြေတစ်နေရာ အတွက် ဂုဏ်ယူနေမိပါသည်။

မှားခြင်း မှန်ခြင်း ဆိုသည်မှာ တစ်ဦးနှင့်တစ်ဦး အယူအဆ၊ နေထိုင်ပုံခြင်းရာများ၊ လက်တွေ့ဓမ္မဓိဌာန်ကျမှုများ၊ မိမိဘဝပေး အခြေအနေများ၊ ပတ်ဝန်းကျင်မှ တန်ပြန်မှုများ၊ ဝေဖန်ဆန်းစစ်နိုင်မှုများ၊ အသိပညာများ၊ မှတဆင့် လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးအတွင်းတွင် နေထိုင်နေကြရသည့် တည်ဆောက်မှုပုံစံများထိ အလွန်ကျယ်ပြန့်လှပါသည်။

လူ့အဖွဲ့အစည်းကြီးတစ်ခုအတွင်း တစ်ဦနှင့်တစ်ဦး၊ လူများစုမှ လူနည်းစု၊ အင်အားကြီးတစ်ခုမှ အင်အားငယ်တစ်ခု၊ အာဏာကြီးသူမှ အာဏာမဲ့သူ၊ လက်နက်ရှိသူမှ လက်နက်မဲ့သူ၊ ပညာတတ်မှ ပညာချို့တဲ့သူ၊ ငွေကြေးချမ်းသာသူများမှ ဆင်းရဲသူများ သို့ မတရား အမူအကျင့်များဖြင့် လူမဆန်စွာ နိုင်ထက်စီးနင်း ပြုမူ လိုမှုများပါဝင်ပေသည်။

ယင်းသို့ ပြုမူပုံများကိုကြည့်၍ မှားခြင်း မှန်ခြင်းကို ဝေဖန်ပိုင်းခြား စဉ်းစားတတ်ပြီး မှန်ကန်သည့်ဘက်မှ နေ၍ မှန်ကန်သည့်အလုပ်ကို ကြောင်းကျိုးသင့်လျော်စွာ မျှမျှတတ ပြုမူရပေမည်ဟု ကျမ ယုံကြည်ပါသည်။ ကျမယုံကြည်သည့်အတိုင်း ယုံကြည်လိမ့်မည်ဟု တထစ်ချ မှတ်ယူနေမိသည်မှာလည်း လွန်မည်မထင်ပါ။

ပညာသင်နေစဉ် ကာလတွင်ပင် အမှန်တရားကို ခွဲခြားတတ်နေပြီးဖြစ်သော သူတစ်ယောက်သည် လက်တွေ့ဘဝတွင်လည်း အမှားအမှန်ကို ပိုင်းခြားတတ်နေပေလိမ့်မည်။ မတရားမှုများကို ငုံ့ခံမနေတတ်သော သူများ၏ အမူအယာ၊ စိတ်နှလုံး နူးညံ့မှု၊ လွတ်လပ်စွာ တွေးခေါ်မှု တို့ဖြင့် ပြည့်နေသောသူ၏ အကျင့်သည် မည်သည့်အချိန်မှာဖြစ်ဖြစ် အကြောက်တရားနှင့် ကင်းဝေးနေပေလိမ့်မည်။

လိုချင်ပြင်းပြသော စိတ်၊ လုပ်ချင်စိတ်နှင့် မှန်ကန်သည့်ခံယူချက် ကြီးမားသောသူ၏စိတ်က အကြောက်တရားကို ဖုံးလွှမ်း သွားပေလိမ့်မည်။ တခါတရံတွင် အကြောက်တရားကြောင့် မိမိကြောက်သောအရာ၏ သားကောင်ဖြစ်သွားခဲ့ရခြင်းလည်း ရှိတတ်သည် မဟုတ်လား။

အောင်မြေတစ်နေရာတွင် ခြေချခွင့်ရနေသော သူသည် အမှန်တရားဖြင့် ဂုဏ်သိက္ခာရှိစွာ နေထိုင်သည် ဆိုသည်ပင်လျှင် ထိုနေရာသည် သူ၏အောင်မြေ ဖြစ်နေပေလိမ့်မည်။ လူ့လောကတွင် နေထိုင်စဉ် မိမိနေထိုင်ခွင့် ရနေသော နေရာသည် မိမိ၏ အောင်မြေဖြစ်ရန် လိုအပ်လှပေသည်။

ထိုနေရာတွင် ဓမ္မတစ်ခုအတွက်. တရားမျှတမှုအတွက်. အမှန်တရားဖြင့် ပြည့်နှက်နေမည့် ရပ်ဝန်းတစ်ခုကို တည်တံ့နေစေရန် .. အစဉ်ကြိုးပမ်းရပေလိမ့်မည်။ စီးချင်းထိုးလျှင်လည်း ထိုးရပေလိမ့်မည်။

အောင်မြေတစ်ခုပေါ်တွင် နေထိုင်သော်လည်း သူ၏လုပ်ရပ်နှင့် အပြုအမူများသည် လူအများ၏ ပြစ်တင်ကဲ့ရဲ့စရာ၊ ဓမ္မဘက်မှ ရဲရဲမလျှောက်ရဲသော သူတစ်ယောက် ဖြစ်ခဲ့လျှင်ဖြင့် နေထိုင်ရာ နေရာတွင် လိပ်ပြာမလုံမည့် သူအဖြစ်နှင့် အကျည်းတန် နေပေလိမ့်မည်။ အကျည်းတန်သူများ များပြားနေသော နေရာတစ်ခုသည် ဘယ်သောအခါမှ အောင်မြေတစ်ခု ဖြစ်လာမည် မဟုတ်ပေ။ ဘဝတလျှောက်တွင် မိမိတစ်ယောက်တည်း အတွက်သာ ကြည့်တတ်ပြီး အများအတွက်၊ လောက ဝန်းကျင်အတွက် အနှစ်သာရမရှိသူ ဖြစ်နေမှာကို ကျမ ထိတ်လန့်မိသည်မှာ ဆိုဖွယ်ရာ မရှိတော့.။

အောင်မြေတစ်ခုပေါ်တွင် နေထိုင်နေသောသူသည် ဝန်းကျင်အတွင်းတွင် မျှတမှုရှိသော.၊ အမှန်တရားကို မြတ်နိုးသော၊ ကိုယ်ချင်းစာစိတ် အပြည့်ရှိသော၊ အပြန်အလှန် တန်ဖိုးထားမှုရှိသော၊ လေးစားမှုရှိသော၊ စည်းကမ်းရှိသော၊ မေတ္တာများနှင့် ပြည့်ဝနေသော သူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု အကြွင်းမဲ့ ယုံကြည်ပါသည်။ ကျမ ယုံကြည်သည့်အတိုင်း ဖြစ်နေမည်ဟု ကျမ ရည်မှန်း မျှော်လင့်မိပါသည်.။

လူ့လောက လူ့အဖွဲ့အစည်းတွင် နေထိုင်စဉ် အချိန်ကာလအတွင်း မိမိနေထိုင်ခွင့် ရနေသော နေရာတွင် မိမိနှင့်အတူ လောကလူ့အဖွဲ့အတွင်းရှိ လူအများ၏ အောင်မြေ အဖြစ် ဖန်တီးနိုင်ကြပါစေ...ဟု..။


Wednesday, March 21, 2012

မတ်လမှာ..

မတ်လမှာ အမှတ်တရနေ့တွေ များခဲ့
မတ်လမှာ အရောင်တွေပြောင်းသွားခဲ့
မတ်လမှာ တချို့မျက်နှာတွေ စည်းနှောင်ခဲ့
မတ်လမှာ တချို့ ဝိညဉ်ပျောက်ခဲ့
မတ်လမှာ တချို့ အိမ်နဲ့ဝေးခဲ့
မတ်လမှာ တချို့ကျောင်းတော်ကြီးနဲ့ ဝေးခဲ့
မတ်လမှာ တချို့ စာသင်ခုံနဲ့ ကျောခိုင်းခဲ့
မတ်လမှာ တချို့ ချစ်သူကို စွန့်လွှတ်ခဲ့
မတ်လမှာ တချို့ အိပ်မက်တွေ စတေးခံခဲ့
မတ်လမှာ တချို့ အရာတွေ ထားပစ်ရစ်ခဲ့
မတ်လမှာ တစ္ဆေတွေနဲ့ စီးချင်းထိုးခဲ့
မတ်လမှာ နေ့တစ်နေ့ကနေ..
နေ့တစ်နေ့အဖြစ် အရေခွံ လဲခံ ရခဲ့..။

မတ်လမှာ ရာဇဝင်တွေ ပြောင်းခဲ့သလို
သူရဲကောင်းတွေ ပေါ်ထွက်ခဲ့တယ်၊
မတ်လမှာ သင်ရိုးညွှန်းတမ်းတွေနဲ့ ဝေးခဲ့သလို
ပညာရှင်တွေ ပေါ်ထွန်းခဲ့တယ်၊
မတ်လမှာ ဖြူစင်သန့်ရှင်းတဲ့ ရေပြင်ကနေ
နီရဲလွန်းတဲ့ သတ္တိသွေးတွေ ပြနိုင်ခဲ့တယ်၊
မတ်လမှာ အနုပညာတွေ ပျောက်ဆုံးခဲ့သလို
အနုပညာချစ်သူချင်း လက်တွဲခဲ့တယ်။
မတ်လမှာ အတောင်တွေ ချိုးခံခဲ့ရသလို
နူးညံ့တဲ့ လက်တွေ မာကျောခဲ့တယ်၊
မတ်လမှာ လွမ်းစရာ တနင့်တပိုးတွေ ထမ်းပိုးခဲ့ရသလို
မျှော်လင့်ချက်တွေ ရှင်သန်ခဲ့တယ်၊

မတ်လမှာ ကမ္ဘာ့ကဗျာနေ့လေးအတွက်
ကဗျာချစ်သူတွေ အတုန်းအရုန်းထကြ
ကဗျာချစ်သူတွေ အစွမ်းကုန်အင်အားပြကြ
ကဗျာချစ်သူတွေ ကဗျာသီကျူးကြ
ကဗျာချစ်သူတွေ ရင်ထဲကသံစဉ်တွေ လှစ်ဟပြကြ
ကဗျာချစ်သူတွေ ခံစားချက်ချင်း တူးဖေါ်ကြ
ကဗျာချစ်သူတွေ နှလုံးသားချင်း ဖလှယ်ကြ
ကဗျာချစ်သူတွေ စိတ်ကိုစိတ်ချင်း ထပ်ကြ

မတ်လမှာ ကဗျာချစ်သူတွေ
ကလောင်တံနဲ့ ဂုဏ်ယူ
ကိုယ့်လက် ကိုယ်နမ်းရှိုက်
ကိုယ့်သွေး ကိုယ်ဖေါက်
ကိုယ့်သစ္စာ ကိုယ်သောက်
ကိုယ့်ကဗျာ အတွက်
ဝိညဉ် ပူးကပ် နေခဲ့ကြတယ်။။

(မတ်လ ၂၁ ရက် ၂၀၁၂ ခုနှစ်၊ ကမ္ဘာ့ကဗျာနေ့လေးအတွက် အမှတ်တရ ရေးဖွဲ့ပါသည်။)

Saturday, March 10, 2012

ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင်(တဂ် ပို့စ်)

ဘလော့ဂါ သက်တန့်နဲ့ ညီမငယ် မဒမ်ကိုးတို့ တဂ်ထားတဲ့ ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင်မှာ ပြောပြခွင့်ရတဲ့ အတွက်ကျေးဇူးတင်ပါတယ်။

၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။

Sim Card (ဆင်းမ်ကဒ်) တန်ဖိုးကိုပြောတာလို့ သဘောပေါက်မိပါတယ်။ နိုင်ငံတကာမှာတော့ ဆင်းမ်ကဒ်တစ်ခုရဲ့ တန်ဖိုးက အဲလောက်တန်ဖိုးမရှိတဲ့အတွက် နှစ်သိန်းဝန်းကျင်ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ မမြင်မိပါဘူး။ ဖုန်းအလုံးကတော့ ကောင်းရင်ကောင်းသလို တန်ဖိုးအမျိုးမျိုးရှိတဲ့ အတွက် သင့်တော်သလို သုံးနိုင်ပါတယ်။ ဆင်းမ်ကဒ်ကို နှစ်သိန်းဝန်းကျင်နဲ့ ဝယ်ရတာဆိုရင် တန်ဖိုးအရမ်း ကြီးလွန်းနေပါတယ်။


၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။

စနစ်ကျ စည်းကမ်းရှိတဲ့ ဦးဆောင်မှုကောင်းတဲ့သူတွေနဲ့အတူ လက်တွဲလုပ်မယ်ဆိုရင် အများပြည်သူအတွက် အကျိုးရှိမယ့် အလုပ်တစ်ခု ဖြစ်မယ်လို့ မြင်ပါတယ်။

၃ ။ ငါးထောင်တန်ဖုန်း ပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီး လွှတ်တော်ကို တင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။

တရားမျှတမှုရှိဖို့ အဓိကကျပါတယ်။ လူအဖွဲ့အစည်းတစ်ခုမှာ တရားမျှတဖို့၊ လေးစားရမယ့် ဥပဒေကို လေးစားဖို့၊ လူလူချင်း တန်ဖိုးထားဖို့၊ လူသားတစ်ဦးရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်တတ်ဖို့၊ လူတွေရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးကို လေးစား လိုက်နာတတ်မယ်ဆိုရင် မှန်ကန်ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းကြီးတစ်ခု ဖြစ်လာမှာပါ။ အဲလို ကောင်းမွန်မှန်ကန်တဲ့ လူ့အဖွဲ့အစည်းကြီးကသာ မျှတမှုရှိတဲ့ ဝန်းကျင်တစ်ခုကို ဆောက်တည်ပြီး လူသားတွေရဲ့ ရပိုင်ခွင့်တွေကို ပေးနိုင်မယ်လို့ ယုံကြည်မိပါတယ်။

၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။

ပြည်သူအားလုံးတန်းတူညီမျှ တယ်လီဖုန်း အသုံးပြုနိုင်လာခဲ့ရင်ဆိုတဲ့ စိတ်ကူး အိပ်မက်လေးနဲ့တင် ဝမ်းသာပျော်ရွှင်ပြီး ငါးထောင်တန်ဖုန်းများ ပေါ်ပေါက်လာဖို့ ကြိုဆိုလိုက်ပါတယ်။

၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။

ဆက်သွယ်ရေး ဧရိယာ၊ ဆက်သွယ်ရေး ပစ္စည်းတွေနဲ့ ဆက်သွယ်ရေး ကွန်ယက်ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ကောင်းမွန် လျင်မြန်စွာ လုပ်ကိုင်နိုင်ဖို့ မျှော်လင့်မိပါတယ်။ လူသားတစ်ဦးနဲ့တစ်ဦး ဆက်သွယ်ရေး အဆင်ပြေဖို့၊ ပြားလာတဲ့ ကမ္ဘာကြီးပေါ်မှာ လူသားတစ်ဦးနဲ့တစ်ဦး အနီးကပ်ဆုံး ခင်မင်နိုင်ပြီး အလွမ်းပြေစေနိုင်ဖို့၊ လုပ်ငန်းဆောင်တာတွေ မြန်မြန်ဆန်ဆန် သိလာဖို့၊ သတင်း အချက်အလက်တွေကို မျှဝေဖို့၊ သဘာဝ ပတ်ဝန်းကျင်ကြောင့် ရုတ်တရက် ကျရောက်လာမယ့် ဘေးအန္တရာယ်တွေကို ကြိုတင်သိရှိနိုင်ဖို့၊ အရေးကြီးတဲ့ အခြေအနေအချိန်မှာ အလျင်အမြန် ဆက်သွယ်နိုင်ဖို့၊ သေရေးရှင်ရေးတမျှ ဖြစ်ပြီး အရေးကြီးလာခဲ့ရင် ဆက်သွယ်ဖို့၊ ဆက်သွယ်ရေး ကိရိယာဆိုတာ လိုအပ်ပါတယ်။ အရေးပါတဲ့ ဆက်သွယ်ရေး ကိရိယာတဖြစ်လဲ တယ်လီဖုန်းကို အသုံးပြုပြီး ဆက်သွယ်တဲ့အခါ အရည်အသွေးပြည့်မှီပြီး အမြဲတမ်း ဖုန်းလိုင်းကောင်းဖို့ အရေးကြီးပါတယ်။ ဒါမှလည်း စိတ်ချမ်းသာစွာနဲ့ အလွယ်တကူ ဆက်သွယ်နိုင်မှာပါ။ ဆက်သွယ်ရေး ကိရိယာ တယ်လီဖုန်းကို မတန်တဆ ဈေးနှုန်းမြှင့်ထားလို့ လူတန်းစားခွဲခြားထားပြီး အရေအတွက် နည်းလွန်းလှတဲ့ လူဦးရေလောက်သာ ကိုင်နိုင်တဲ့အတွက် ဆင်းမ်ကဒ်တစ်ခုရဲ့ တန်ဖိုး ငါးထောင်သာဖြစ်ခဲ့မယ်ဆိုရင် နိုင်ငံတကာမှာ လူတိုင်းကိုင်နိုင်တဲ့ ဖုန်းတစ်လုံးကို မိမိတို့ တိုင်းပြည်မှာရှိကြတဲ့ ပြည်သူတွေလည်း အသုံးပြုနိုင်လာမှာကို တွေးမြင်မိပါတယ်။

ငါးထောင်တန်ဖုန်းများ ပေါ်ပေါက်လာအောင် ကြိုးပမ်းဆောင်ရွက်နေသူ အားလုံးကို လေးစားရင်း၊ ဖုန်းလိုင်းကောင်းကောင်းနဲ့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ပြည်သူအားလုံးရဲ့ လက်ထဲကတဆင့် နှလုံးသားများ ပြုံးပျော်နိုင်ဖို့ ဆန္ဒပြုမိပါတယ်။


Monday, March 5, 2012

မြို့ပျက်ညတွေထဲမှာ

မြို့ပျက်ညတွေထဲမှာ...
ကျမ.. လမ်းလျှောက်လာခဲ့တယ်
မြို့ပျက်ညတွေထဲမှာ နှလုံးသားတွေ ပျက်စီးယိုယွင်းနေတဲ့ လူသားများ
မြို့ပျက်ညတွေထဲမှာ ပျောက်ဆုံးသွားတဲ့ လင်းရောင်ခြည်များ
မြို့ပျက်ညတွေထဲမှာ ပြန်မရနိုင်တော့တဲ့ ကာလရွေ့လျားမှုများ
မြို့ပျက်ညတွေထဲမှာ ဖုံးလွှမ်းခံလိုက်ရတဲ့ အပြင်းစားမှိုင်းတိုက်မှုများ
မြို့ပျက်ညတွေထဲမှာ တိုက်စားခံလိုက်ရတဲ့ သစ္စာတရားများ
မြို့ပျက်ညတွေထဲမှာ လုယူခံလိုက်ရတဲ့ မေတ္တာတရားများ
မြို့ပျက်ညတွေထဲမှာ ဆုံးရှုံးသွားခဲ့ရတဲ့ မျှော်လင့်ချက်များ
မြို့ပျက်ညတွေထဲမှာ လဲဖြိုခံလိုက်တဲ့ အမှန်တရားများ
မြို့ပျက်ညတွေထဲမှာ မျက်နှာဖုံးစွပ် မင်းသားများ
မြို့ပျက်ညတွေထဲမှာ ဒယီးဒယိုင် လျှောက်လဲချက်များ
မြို့ပျက်ညတွေထဲမှာ ကူးလူးနေကြတဲ့ မျက်နှာတုများ
မြို့ပျက်ညတွေထဲမှာ မေ့နေကြတဲ့ ကိုယ်ကျင့်တရားများ
မြို့ပျက်ညတွေထဲမှာ မေ့ချင်ယောင်ဆောင်လိုက်ကြတဲ့ ဒုက္ခများ
မြို့ပျက်ညတွေထဲမှာ ဟန်ဆောင်နေကြ အပြုံးလေးများ
မြို့ပျက်ညတွေထဲမှာ ရိုးသားဟန်ခြေရာလေးများ
မြို့ပျက်ညတွေထဲမှာ အသံတိတ် သက်ပြင်းချသံများ
မြို့ပျက်ညတွေထဲမှာ လိုင်စင်မဲ့ လူသားများ
မြို့ပျက်ညတွေထဲမှာ ဖက်တွယ်ထားမိရက်သား အတ္တလူသားများ
မြို့ပျက်ညတွေထဲမှာ ရမ်းကားနေကြ လက်ညှိုးများ
မြို့ပျက်ညတွေထဲမှာ ရယ်မောချင်စရာ ပြက်လုံးများ
မြို့ပျက်ညတွေထဲမှာ အရောင်ပြောင်း သစ်ငုတ်များ
မြို့ပျက်ညတွေထဲမှာ လွမ်းဆွတ်ဖွယ် အမည်နာမများ
မြို့ပျက်ညတွေထဲမှာ ထူးဆန်းအံ့သြဖွယ် ကတိကဝတ်များ
မြို့ပျက်ညတွေထဲမှာ နာကျင်ဖွယ် ဒဏ္ဍာရီပုံပြင်များ
မြို့ပျက်ညတွေထဲမှာ ခေါင်းပါးလွန်းတဲ့ ကိုယ်ချင်းစာတရားများ
မြို့ပျက်ညတွေထဲမှာ ဆန့်ကျင်ဘက် တုံ့ပြန်မှုများ
မြို့ပျက်ညတွေထဲမှာ ပူလောင်မှုတွေပေးခဲ့တဲ့ လိုချင်မှုများ.. နဲ့
မြို့ပျက်ညတွေထဲမှာ ကျမရဲ့ အသည်းနှလုံး လုံးပါးပါးခဲ့တယ်။


မြို့ပျက်ညတွေထဲမှာ...
မောပန်းနေတဲ့ အပြုံးမျက်နှာလေးတခု
မြို့ပျက်ညတွေထဲမှာ...
ယုံကြည်ချက် ခိုင်မာတဲ့ လက်တစ်စုံ
မြို့ပျက်ညတွေထဲမှာ...
တည်ကြည်တဲ့ စကားလေးတစ်ခွန်း
မြို့ပျက်ညတွေထဲမှာ...
ခမ်းနားလှပတဲ့ နှလုံးသားတစ်နေရာ
မြို့ပျက်ညတွေထဲမှာ...
ထည်ဝါပြတ်သားတဲ့ အတွေးတစ်ခု
မြို့ပျက်ညတွေထဲမှာ...
ကမ္ဘာကြီးကို လှုပ်နှိုးခဲ့တဲ့ ရိုးသားဖြူစင်တဲ့မျက်နှာလေး
မြို့ပျက်ညတွေထဲမှာ...
ခက်ခက်ခဲခဲ ရှာဖွေတွေ့ရှိခဲ့တယ်။