Wednesday, February 29, 2012

ကမ္ဘာ့ကဗျာနေ့...မှာရေးချမိခဲ့သော...

ကမ္ဘာမှာ အုပ်အော်သောင်းနင်းနဲ့
ဟိုဘက်တဘက်က ဆူနာမီနဲ့ မြေငလျင်...
ဟိုဘက်တဘက်က ငိုကြွေးပူပန်မှု...
ဟိုဘက်တဘက်က တော်လှန်ရေး...
ဟိုဘက်တဘက်က ဆာလောင်ငတ်မွတ်မှု...
ဟိုဘက်တဘက်က ပြေးလွှားနေကြရသူတွေ..
ဟိုဘက်တဘက်က အသေခံသမားတွေ...
ဟိုဘက်တဘက်မှာတော့ အာဏာရှင်တွေက
အဆိုးဆုံး ဖိနှိပ်မှုတွေနဲ့ မာန်ဖီကြွ
ဟိုဘက်တဘက်မှာ ညီညွတ်ရေးဆိုတာ ဖွေရှာတုန်း

ဟော...
လနဲ့ ကမ္ဘာအနီးဆုံးရောက်သတဲ့
လရဲ့ ဆွဲငင်အားကြောင့်
ပထဝီ.. အနေအထား...
စိတ်..အခြေအနေပါ ပြောင်းလဲမယ်ဆိုပါ့...လား

နှစ်ပေါင်းများစွာ..
မာန်တချီချီနဲ့ မပြောင်းလဲခဲ့တဲ့
အာဏာရှင်စိတ်ကိုရော.
ဆွဲငင်အားနဲ့ ပြောင်းလဲပေးနိုင်တယ်ဆိုတဲ့
လ..........က....
ဘယ်လိုလုပ်ပေးမှာလဲ၊

ကမ္ဘာ့ကဗျာနေ့မှာလည်း
ကဗျာမဆန်တော့အောင်...
အဆိပ်ဓါတ်ငွေ့တွေနဲ့ လောင်ကျွမ်း..
စိတ်တွေ ကပိုကရိုနဲ့..
ဒုန်းဒုန်းကျ..
........

ကမ္ဘာလည်း မှောင်အတိ.
ကဗျာလည်း မှောင်အတိနဲ့..
မှောင်ကမ္ဘာဖုံးနေတဲ့
လောကကမ္ဘာထဲ
.....................

ကမ္ဘာမှာ ကဗျာဆန်လာတဲ့
နေ့တနေ့အဖြစ်..
မြင်တွေ့ခွင့်ရအောင်
..................တို့အားလုံး
အတူ
.......................................
.................................နဲ့
..........................
...................
မီးအိမ်လေးကိုဆွဲပြီး
ခရီးဆက်ကြစို့.............!!!

(မနှစ်က မတ်လ ၂၁၊၂၀၁၁ ခုနှစ် ကမ္ဘာ့ကဗျာနေ့မှာ ချရေးမိထားတာလေးပါ)

Thursday, February 9, 2012

အတွေးနှင့် အသက်ဆက်သူများ

သက်ရှိလူသားတစ်ယောက်၏ အတွေးထဲတွင် စီးမြောနစ်ဝင်နေသော အရာသည် ထိုသူ၏ နှလုံးသားထဲတွင် စွဲနစ်နေသော ပုံရိပ်အချို့ပင် ဖြစ်ပေလိမ့်မည်။ ထိုပုံရိပ်မှ ထင်ဟပ်လာသော အရာအချို့ကို စာရွက်ပေါ်တွင်အစက်ချမလား၊ သံစဉ်တေးသွားအဖြစ် သီဆိုဖေါ်ကျူးလေမလား၊ ကဗျာအဖြစ် အသွင်ပြောင်းလေမလား၊ ပန်းချီအဖြစ် ပုံဖေါ်ဆွဲခြစ်လေမလား၊ စာတပုဒ်အဖြစ် ချပြလေမလား၊ စသည်ဖြင့် ဘဝတစ်ခုကို အမျိုးမျိုးသော ပုံသဏ္ဍာန်များဖြင့် အကောင်အထည်ဖေါ်ကြမည် ဖြစ်ပေသည်။

လွတ်လပ်သော လူသားတစ်ယောက်ဖြစ်ခဲ့လျှင်ပေါ့။

လွတ်လပ်သော လူသားတစ်ယောက်တွင် ရှိနေသော အတွေးတခုကို လုပ်ဆောင် ကြိုးပမ်းခွင့် ရမည် ဖြစ်သော်လည်း ကိုယ်အားဖြင့် လွတ်လပ်မှုမရှိသော သူတစ်ယောက်၏ အတွေးတခုကို မည်ကဲ့သို့ ဖြစ်မြောက်အောင် လုပ်ခွင့်ရှိပါမည်လဲ။ သို့သော် ကိုယ်အားဖြင့် လွတ်လပ်မှု မရှိသော်လည်း စိတ်လွတ်လပ်မှု ရှိနေသော လူသားတစ်ယောက်၏ အတွေးကို မည်သူတစ်ဦးတစ်ယောက်မျှ ချုပ်နှောင်ထား၍ ရမည်မဟုတ်ပေ။ ကိုယ်အားဖြင့် လွတ်လပ်မှုရှိလာသော အချိန်တခုတွင် သူ၏အတွေးကို တည်ဆောက်နိုင်မည်မှာ မလွဲဧကန်ပင်။ ထိုကဲ့သို့ လုပ်ဆောင်မည်ဟူသည့် အတွေးတစ်ခုထဲနှင့်ပင် အသက်ဆက်ရှင်နိုင်ရန် အင်အားတစ်ခု ရခဲ့ပေလိမ့်မည်။ အတွေးနှင့်ပင် အသက်ဆက်လက် ရှင်သန်ရန် စိတ်ခွန်အား ရခဲ့ပေမည်။

ကိုယ်အားဖြင့် လွတ်လပ်မှုမရှိသော သူတစ်ဦးသည်အတွေးဖြင့်ပင် အသက်ကိုဆက်၍ မျှော်လင့်ချက်တခုဖြင့် အချိန်ကာလကို မျောလွင့်ရင်း ကုန်လွန်ခဲ့ရပေလိမ့်မည်။ ထိုအတွေးဖြင့်ပင် တွေးမိသမျှများကို စိတ်ကူးဖြင့်ပင် ထုဆစ်ရင်း မိမိ၏စိတ်ကို အတွေးဖြင့်ပင် ကုစားရပေမည်။ ထိုသူ၏အတွေးထဲတွင် လှပသော အနာဂတ်တခု ရှိနေပေလိ့မ်မည်။ ရိုးရှင်းသော အတွေးတခုတွင် ကိုယ်ချင်းစာတရားများ ပြည့်နှက်နေသော လူ့ဘောင်လောကလေးတခုကို တည်ထောင်နေပေလိမ့်မည်။ စိမ်းစိုလန်းဆန်းသော ဥယျာဉ်ကြီးတစ်ခုကို ဖန်တီးနေပေလိမ့်မည်။ မျှတသော ဝန်းကျင်တစ်ခုဖြစ်လာရန် ကြိုးပမ်းနေပေလိမ့်မည်။

ကိုယ်ခန္ဓာကို နှောင်ဖွဲ့ထားခြင်းခံရသော သူသည် လေးဘက်လေးတန် ပိတ်လှောင်နေသော နံရံလေးဘက်၏ အခန်းတခုထဲတွင် မှုန်ပြပြ အလင်းရောင်တခု ရှိချင်ရှိမည်၊ သို့မဟုတ် မှောင်ပိန်းနေပြီး အလင်းရောင်မရှိသော အခန်းတခု ဖြစ်ချင်ဖြစ်နေလိမ့်မည်၊ မည်သို့ပင်ဖြစ်စေကာမူ ကိုယ်ခန္ဓာကို နှောင်ဖွဲ့ထားသော်လည်း နှလုံးသား ဝိညဉ်တခုကိုတော့ အဘယ်အရာကမျှ ချုပ်နှောင်၍ ရမည်မဟုတ်ပါ။ ထိုသူ၏ စိတ်၊ ထိုသူ၏ အတွေးသည် လွတ်လပ်စွာဖြင့် ဖြန့်ကျက် နေပေလိမ့်မည်။ အတွေးဖြင့်ပင် လုပ်စရာ ရှိသည်များကို ထွင်းထုနေပေလိမ့်မည်။


ကိုယ်လွတ်လပ်မှု ရှိလာသော အချိန်တွင် မိမိ၏ အတွေးများကို စိတ်စွမ်းအားရှိသလောက် လုပ်ဆောင်နိုင်မည် ဖြစ်ပေမည်။ ထိုအချိန်ကာလသည် အလွန် ကြည်နူးစရာကောင်းပြီး တန်ဖိုးရှိသော နေ့ရက်များ ဖြစ်ပေလိမ့်မည်။ မိမိကဲ့သို့ လူသားများကို စိတ်နှလုံး ချမ်းအေးစေနိုင်အောင် လုပ်ဆောင် ပေးခွင့်ရမည့် အတွေးထဲမှ အတွေးတစ်ခု ဖြစ်နေလိမ့်မည်ဟု ယုံကြည်မိပါသည်။ ထိုယုံကြည်မှုနှင့်အတူ ထပ်ဆင့်၍ အတွေးထဲမှ အတွေးများကိုလည်း လုပ်ဆောင်နိုင်ခွင့်ရ ကြမည်ဟု တောင့်တမိပါသည်။

လူတစ်ယောက်၏ အတွေးထဲတွင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဆိုသော ကာလသုံးပါး၏ အကြောင်းခြင်းရာ များကား အုပ်မိုးထားပေလိမ့်မည်။ အတိတ်ကာလက ဖြစ်ပျက်ခဲ့သော ကောင်းခြင်း ဆိုးခြင်းများကို တွေးတောရင်း၊ ပြင်ဆင်ပြုပြင်စရာ ရှိသည်များကို ပြုပြင်ရင်း ပစ္စုပ္ပန်ကာလတွင် အကောင်းဆုံး နေထိုင်ကြလျှင် အေးချမ်းသော အတိတ် ကာလတခုကို ပိုင်ဆိုင်ခွင့် ရမည်ဖြစ်ပေမည်။

လွတ်လပ်သော ဘဝလေးတစ်ခုတွင် လွတ်လပ်သော အတွေးများစီကုံးကာ လင်းရောင်ပေးနိုင်သော လက်တစ်စုံ ပိုင်ဆိုင်သူအဖြစ် အသက်ဆက်နိုင်သူ လူသားတစ်ဦး အနေနှင့် လျှောက်လှမ်းခွင့် ရနိုင်ကြစေရန် မျှော်မှန်း ရည်သန်မိပါသည်။။။


Saturday, January 21, 2012

သစ္စာတရားကို ရှာဖွေခြင်း

လူတယောက်ဟာ အမှန်တရားကို ရှာဖွေဖို့ ထွက်လာခဲ့တယ်။ သူစပြီးတွေ့ဆုံခဲ့တဲ့ ဘာသာရေး ကိုင်းရှိုင်းတဲ့ပုဂ္ဂိုလ်တယောက်ဟာ သူ့ရွာရဲ့အပြင်ဘက်က သစ်ပင်အောက်မှာ ထိုင်နေတာကို တွေ့ခဲ့တယ်။

ကျွန်ုပ်က ထိုပုဂ္ဂိုလ်ကို အမှန်တရားနဲ့ သစ္စာတရားရှိတဲ့သူကို ရှာဖွေနေတာလို့ ပြောခဲ့ပါတယ်။ အဲလိုလူမျိုးတွေရဲ့ ထူးခြားတဲ့ လက္ခဏာတွေကို ပြောပြပေးဖို့ တောင်းပန်ခဲ့ပါတယ်။ ထိုပုဂ္ဂိုလ်ရဲ့ ဖွင့်ဆိုထားတဲ့အချက်လေးက သိပ်ကို ရိုးရှင်းလှပါတယ်။" ဒီလိုမျိုး သစ်ပင်အောက်မှာ ထိုင်နေတဲ့သူမျိုး၊ ဒီလို ဟန်ပန်အနေအထားရှိတဲ့သူမျိုး၊ ဒီလိုအမူအယာမျိုး ရှိတဲ့သူမျိုး"ပေါ့၊ အဲလိုပုဂ္ဂိုလ်မျိုးက မင်းရှာဖွေတဲ့ပုဂ္ဂိုလ်မျိုးပါပဲ။

ရှာဖွေမယ့် ကျွန်ုပ်ဟာ စပြီးထွက်ခွါလာခဲ့ပါတယ်။ နေရာအနှံ့လျှောက်သွားနေခဲ့တာ နှစ်ပေါင်းသုံးဆယ်ကျော် ကြာခဲ့တယ်။ သူဟာ နေရာပေါင်းစုံရောက်ခဲ့တယ် ဒါပေမယ့် သူတွေ့ဆုံချင်တဲ့ ပုဂ္ဂိုလ်မျိုးကို မတွေ့ခဲ့ပါဘူး။

သစ္စာရှိသည်ဟု ဆိုသူများကိုတွေ့ခဲ့ပြီး မည်သူတဦးတယောက်မျှ သစ္စာတရားရှိသူများ မဟုတ်ခဲ့ပါဘူး။ သူဟာ အလွန်အမင်း မောပန်းနွမ်းနယ်ပြီး နေရပ်ကိုပြန်လာခဲ့တော့တယ်။

သူပြန်လာတဲ့အခါ အလားတူသစ်ပင်အောင်မှာ ထိုင်နေတဲ့ အဖိုးအိုကိုတွေ့လို့ မယုံကြည်နိုင်လောက်အောင် အံ့အားသင့်ခဲ့ပါတယ်။ "သူပြောတဲ့အတိုင်း သစ်ပင်အောက်မှာ ထိုင်နေတယ်၊ သူ့ရဲ့ ဟန်ပန်အနေအထားကလည်း သူပြောတဲ့အတိုင်းပါပဲလား"။ "လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်က ဒီလို ထိုင်နေခဲ့တယ်၊ ကျွန်ုပ်မျက်လုံး ကွယ်နေလို့လား" သူ့ရဲ့မျက်နှာနဲ့ သူ့ရဲ့အမူအယာတွေကို အရင်အတိုင်း တွေ့ရတယ်။

ကျွန်ုပ်က ကျွန်ုပ်ရဲ့ခံစားချက်ကို...
"ပထမစတွေ့ခဲ့တုန်းက ဘာဖြစ်လို့ကျွန်ုပ်ကို မပြောခဲ့တာလဲ"
"နှစ်ပေါင်းသုံးဆယ်လောက် ဘာဖြစ်လို့ လမ်းမှားကို ပို့လိုက်ရတာလဲ"
"အမှန်တရားနဲ့ သစ္စာတရားရှိတဲ့သူလို့ ဘာဖြစ်လို့ မပြောတာလဲ" လို့ ပြောတော့ အဖိုးအိုက "မင်းနားလည်သဘောပေါက်မှာ မဟုတ်သေးတဲ့အတွက်ကြောင့်ပဲလို့" ပြောခဲ့တယ်။

"ဝေးလံတဲ့နေရာကို လျှောက်မသွားပဲ မင်းအိမ်ကို ပြန်လာဖို့ စိတ်ကူးမှာမဟုတ်ဘူး။ မင်းဟာ ကိုယ့်ရဲ့နေရာကို ရောက်လာဖို့အတွက် နေရာပေါင်းများစွာကို သွားခဲ့ပြီးပြီ၊ မင်းပြန်လာမှ ဒီလိုအပင်အောက်မှာ အစခပ်သိမ်းရှိတယ်လို့" ပြောခဲ့တယ်။ "ငါထိုင်တဲ့ ပုံစံမျိုးပေါ့၊ ဒါပေမယ့် မင်းစိတ်တွေက ဆန္ဒစောလွန်းတယ်၊ မင်းနားမထောင်ဘူး၊ မင်းရေးကြီးသုတ်ပြာ အလောတကြီး လုပ်ခဲ့တယ်"။

"မင်းဟာ သစ္စာတရားရှိတဲ့သူကို ရှာဖွေဖို့အတွက် နေရာတကာကို သွားခဲ့တယ်။ မင်းအတွက် ရှာဖွေတာက အရေးကြီးနေတယ်၊ အမှန်တရားက အရေးမကြီးခဲ့ဘူး။ ဒါပေမယ့် မင်းဘာဖြစ်လို့ ပြန်လာတာလဲကွာ! ငါပင်ပန်းလှပြီ၊ မင်းအတွက် ဒီပုံစံအတိုင်း အဆက်မပြတ် ထိုင်နေခဲ့တာ အတော် ပင်ပန်းနေခဲ့ပြီ"

"မင်းဟာ နှစ်ပေါင်းသုံးဆယ်လောက် လျှောက်သွားခဲ့ပြီးပြီ၊ ဒါပေမယ့် သစ်ပင်အောက်မှာ ငါထိုင်နေတယ်ဆိုတာ စဉ်းစားနေမိလိမ့်မယ်၊ မင်းတနေ့ ဒီနေရာကို ပြန်ရောက်လာမယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် ငါကွယ်လွန်သွားခဲ့ရင် မင်းဘာလုပ်မလဲ၊ ငါမင်းကိုစောင့်နေခဲ့တယ်၊ မင်းပြန်ရောက်လာခဲ့ပြီ၊ နှစ်ပေါင်းသုံးဆယ်လောက် လျှောက်သွားခဲ့ရပြီးပြီ၊ ဒါဟာ မင်းရဲ့ အမှားပဲ၊ သစ္စာရှိတယ်ဆိုတဲ့ သူဟာ ဒီမှာပါပဲကွာ"

"ငါတို့ဟာ ငါတို့နားမှာဘာရှိလဲ၊ ငါတို့ဘေးမှာ ဘာရှိလဲဆိုတာ မမြင်နိုင်တာ ငါတို့ဘဝမှာ အကြိမ်ပေါင်း များစွာဖြစ်ခဲ့ပါတယ်၊ ဟိုးအဝေးက သာယာတဲ့အသံလေးက ငါတို့ကို ဆွဲဆောင်တယ်၊ ဝေးလံတဲ့ စိတ်ကူး၊ အိပ်မက်တွေက ငါတို့ကို ဆွဲခေါ်သွားခဲ့တယ်၊"

ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချဖို့ ကြိုးစားပါ၊ ပြီးတော့ ကိုယ့်စိတ်ကို သိအောင်ကြိုးစားပါ၊ မင်းဟာ မင်းရဲ့စိတ်အတွင်းမှာ သစ္စာတရားရှိတယ်ဆိုတာကို မင်းကိုယ်မင်း မယုံကြည်ခဲ့ဘူး။

www.funzug.com မှ Try to believe in yourself ကို ဘာသာပြန်ဆိုသည်။

Friday, December 30, 2011

၂၀၁၁…

၂၀၁၁ နိဂုံးမှာ
ငါမလိုချင်တဲ့ အနိဌာရုံ
ငါမလိုချင်တဲ့ သွေးစက်
ငါမလိုချင်တဲ့ မျက်ရည်
ငါမလိုချင်တဲ့ ရင်တွင်းသောက
ငါမလိုချင်တဲ့ ကြေကွဲမှု
ငါမလိုချင်တဲ့ ဒဏ်ရာ
ငါမလိုချင်တဲ့ ကြောက်စိတ်
ငါမလိုချင်တဲ့ ခေါင်းပေါင်းအတု
ငါမလိုချင်တဲ့ တောင်ရှည်အတု
ငါမလိုချင်တဲ့ မေတ္တာအတု
ငါမလိုချင်တဲ့ သစ္စာအတု
ငါမလိုချင်တဲ့ ဘဝအတု
ငါမလိုချင်တဲ့ ချစ်ခြင်းအတု
ငါမလိုချင်တဲ့ အပြုံးအတု တွေ ရလိုက်တယ်။

အတုလွန်တဲ့ ဘက်ခြားမှာ
ငါတို့လိုချင်တာ အမှန်တရား
ငါတို့လိုချင်တာ ငြိမ်းချမ်းမှု
ငါတို့လိုချင်တာ တရားမျှတမှု
ငါတို့လိုချင်တာ ညီညွတ်မှု
ငါတို့လိုချင်တာ စစ်မှန်မှု
ငါတို့လိုချင်တာ ဝမ်းဝမှု
ငါတို့လိုချင်တာ လုပ်ခမျှမျှရမှု
ငါတို့လိုချင်တာ ယုံကြည်မှု
ငါတို့လိုချင်တာ လူလူချင်းတန်ဖိုးထားမှု

သူတို့ ငါတို့ကိုပေးတာက
ငါတို့ မလိုချင်တာတွေ………….။။။

Friday, December 23, 2011

ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ်

ခရစ်စမတ် သစ်ပင်လေးမျာဖြင့် ထူးခြားဆန်းသစ်စွာ အလှဆင်ယင်ခြင်း မရှိသောအိမ်လေးတခုထဲတွင် အချိန်ကာလများ တရွေ့ရွေ့စီးမျောရင်း ကုန်ဆုံးခဲ့ရပါသည်။ တခါတရံတွင် နှင်းခဲများ ဖုံးလွှမ်းလျက်ရှိသော အေးချမ်းမည်ဟု ထင်ရသည့် နေရာလေးများကို သွား၍ နှင်းခဲလေးများနှင့် တို့ထိကစားချင်ပါသည်၊ နှင်းခဲလေးများကို ကိုင်လိုက်လျှင် အေးစက်စွာ ကျင်ကနဲဖြစ်သွားမည့် ရသလေးတခုကို မက်မက်မောမော ခံစားကြည့်ချင်ပါသည်။ ဘယ်လောက်ပင် နှင်းကို တမ်းတစေကာမူနှင်းခဲများကျနေခြင်းမရှိသော မြူများဆိုင်းနေသည့် နေရာလေးတခုတွင်ပင် အေးချမ်းသည့် ဥတုလေးတခုအဖြစ် ထွေးပိုက်ပြီး ကုန်ဆုံးနေခဲ့ရပါသည်။ ကျမ မပိုင်ဆိုင်သော အချိန်တခုကို ရွေးချယ်ခွင့် ရှိမည်ဆိုလျှင် နှင်းများ အဆုပ်လိုက် ကျနေပြီး တဖြောက်ဖြောက် ကျနေမည့် နှင်းမှုန်များကြား အေးခဲနေသော နေရာလေးတခုတွင် ပြေးလွှား ဆော့ကစားရင်း ခနတာ နားခိုချင်ပါသည်။


များပြားလှသော တာဝန်ဝတ္တရားများနှင့် နေရသော အချိန်တခုကို မိမိကိုယ်တိုင် နှစ်သက်စွာ ဆုပ်ထားမိရဲ့သား ရှိနေသော ကျမသည် အနားယူရန် အချိန်လေးတခုကို နှစ်နှစ်ကာကာ လိုချင်ခဲ့မိပါသည်။ ထို့ကြောင့်ပင် တပါးသူများ၏ တခမ်းတနား လှပစွာ ကျင်းပကြသော ခရစ်စမတ်ကဲ့သို့နေ့မျိုး၊ နှစ်သစ်ကူးကဲ့သို့ညမျိုးကို ပျော်ရွှင်ဖွယ်ရာများဖြင့် ကုန်ဆုံးချင်ခဲ့ပါသည်။ ခရီးထွက်ရခြင်းကို ပျော်မွေ့သော၊ ဝါသနာပါသော ကျမသည် အခြေအနေပေးလျှင် ယခုလို ခရစ်စမတ်နေ့လေးကို ခရီးထွက်ခြင်းဖြင့် ဖြတ်သန်းချင်ပါသည်။ ကျမချစ်ခင်သော သူတချို့ကို ခရစ်စမတ်ကဒ်လေးများ ပေးခဲ့ဖူးသည်ကို စဉ်းစားရင်း ယခုအချိန်တွင် ကျမချစ်မြတ်နိုးသောသူကို ခရစ်စမတ်လက်ဆောင်လေးအဖြစ် ချမ်းအေးသော ညနေခင်းလေးတွင် နွေးထွေးမှုရှိမည့် အမှတ်တရလေးတခုကို ပေးချင်နေမိပါသည်။ ပြီးလျှင် ကျမချစ်ခင်သော သူတချို့ကို ခရစ်စမတ် ပန်းစည်းလေးများပေးပြီး သူတို့၏ ပျော်ရွှင်မှုအပြုံးလေးများကို မြင်တွေ့ချင်နေပါသည်။


*********


လောကဓါတ်တခွင်လုံး စိမ့်အေးပြီး ချမ်းအေးနေသည့်အခိုက် ကုန်လွန်ခဲ့ပြီးသော ပြက္ခဒိန်စာရွက်လေး တရွက်ပေါ်က ရက်လေးတရက်တွင် ကံ့ကော်ပန်းများ အဆုပ်လိုက်ပွင့်ပြီး ရေတမာနံ့လေး သင်းနေသော လမ်းကလေးပေါ်တွင် ခြွေချခဲ့ဖူးသည့် ပြန်မရနိုင်တော့မည့် ခြေရာလေးများကို တမ်းတနေမိသည့်အခိုက် အနွေးထည်ထူထူ ဝတ်ဆင်ထားသော သူတယောက်၏ ချိုသာသော အပြုံးလေးတခုအောက်တွင် နှလုံးသွေးများ ရပ်တန့်တော့မလောက်ဖြစ်ခဲ့ပြီး သူ၏စကားသံများကြားတွင် နူးညံ့စွာ ပျော်ဝင်စီးဆင်း ခဲ့ဖူးသည်ကို ပြန်လည် မြင်ယောင်နေရင်း ရှတသော သံစဉ်တခုအောက်တွင် နင့်ကနဲ နာကျင်ခဲ့ရပါသည်။


*********


နှစ်သစ်တခုကို ကြိုဆိုသည့်ညတွင် ကျမချစ်မြတ်နိုးသော၊ ကျမချစ်ခင်သော သူများနှင့် မီးဖိုလေးနားတွင် သီချင်းများ သီဆိုရင်း ရင်ခုန်စွာနှင့် အတူရှိနေချင်ပါသည်။ သို့သော် အိပ်မက်တခုအနေနှင့်သာ ဖြစ်မည်ဟု တွေးတောမိသောအခါ နှလုံးသား တနေရာတွင် စူးနစ်မှုတခု အဖြစ်နှင့်သာ လက်ခံခဲ့မိပါသည်။ အထက်တန်းကျောင်းသူဘဝတွင် သူငယ်ချင်းတယောက်ဆီမှ နှစ်သစ်ကူးလက်ဆောင်အဖြစ် ရခဲ့ဖူးသော ဒိုင်ယာရီစာအုပ်လေးတအုပ်၊ အနီရောင်ဆေးခြယ်ထားသော ကဒ်လေးတခုနှင့် ပိုက်ဆံအိတ်ဖြူလွလွလေးသည် ယနေ့တိုင် ကျမဗီဒိုလေးထဲတွင် ခိုအောင်းနေဆဲ ရှိနေပါသည်။


နှစ်ဟောင်းတခုကို ဝှေ့ယမ်းနှုတ်ဆက်ပြီး နှစ်သစ်တခု၏ စာမျက်နှာ ထက်တွင် ကောင်းသောခြင်းရာများဖြင့် ရေးဆွဲနိုင်ရန် ပြင်ဆင်ခဲ့ပြီးပြီလား ဆိုသည်ကို ကျမ ကိုယ်တိုင် မေးခွန်းထုတ်နေမိပါသည်။


အကယ်၍သာ နှစ်သစ်တခု၏ စာမျက်နှာထက်တွင် သပ်ရပ်လှပစွာ ခြယ်မှုန်းချင်သော ကျမသည် ချမ်းအေးလွန်းလှသည့် အချိန်လေးတခုတွင် အေးချမ်းငြိမ်းအေးစွာ အနားယူ အိပ်စက်ခွင့်မရသည့်၊ စာသင်ခန်းများကို ကျောခိုင်း၍ ပြေးလွှားနေကြရပြီး အကြောက်တရားများနှင့် ပြည့်လျှံနေရသည့် မျက်ဝန်းများ၏ နောက်ကွယ်မှ မျက်ရည်စက်များ သုတ်ပေးခွင့်ရရန် တောင့်တနေမိပါသည်။။။

ချစ်ရတဲ့ နမ်း(အဖြူရောင်နတ်သမီး) နဲ့ ညီမငယ် ကန်ဒီ တို့ရဲ့ ခရစ်စမတ်နဲ့ နှစ်သစ်ကူးလေးအတွက် အမှတ်တရ တဂ်ပိုစ့်လေးပါ။


Saturday, December 10, 2011

ကျမနှင့် လပြည့်ည

ဝိုင်းစက်နေသော လပြည့်ဝန်းကို ငေးကြည့်နေရင်း ဆွဲငင်အားကောင်းကောင်းနှင့် ညှို့ငင် ဆွဲယူလိုက်သည့် ဆွဲအားတခုနောက်သို့ လိုက်ပါသွားမိလျက်သား ဖြစ်နေပေသည်။ ထိုဆွဲငင်အားက ကျမ၏ မြည်ဟီး တမ်းတသံတွေကို ခေါ်ဆောင်သွားသတဲ့လား။ ကျမပြောချင်သည့် ရင်ထဲကအသံ၊ ကျမကြားချင်သည့် စကားလုံးတွေကို ဆွဲငင်သယ်ဆောင် ပေးနိုင်မှာတဲ့လား။

သည်လိုဆိုလျှင်တော့ ကျမအတွက် အဓိပ္ပါယ်ပြည့်ဝတဲ့ တန်ဖိုးရှိတဲ့ လပြည့်ညတခု ဖြစ်မှာအမှန်ပေါ့။ တကယ်တော့ လပြည့်ဝန်းကြီးကို တရှိုက်မက်မက် ငေးမော မကြည့်မိသည်မှာ အချိန်ကာလအားဖြင့် အတော်ပင် ကြာမြင့်နေပေပြီ။

ယနေ့လို လပြည့်ညတညမှာပေါ့။

ကျမအလုပ်လုပ်သော အလုပ်တွင် အရေးကြီးအလုပ်တချို့ကြောင့် ညဘက်တွင်ပါ အလုပ်လုပ်ပြီး အိပ်ရမည့် အခြေအနေ ဖြစ်လာပေသည်။ ကျမမှာ လုပ်ရမည့် လုပ်ဖေါ်ကိုင်ဖက်များ ရှိနေသော်လည်း သူ့ကို အထူးတလည် အနားတွင် ရှိနေစေချင်သည်မှာ ကျမ၏ စိတ်ဓါတ် ပျော့ညံ့မှုကြောင့်လား။ အားငယ်တတ်မှုတခု ကျမစိတ်တွင် ကိန်းအောင်းနေခဲ့ပြီလား။ သူတပါးကို အားကိုးချင်သောစိတ်များ ပေါက်ဖွားလာခဲ့ပြီလား၊ ဆိုသည့် အတွေးများ ထင်ဟပ်လာခဲ့ပါသည်။

သေချာ ရေရာသော အဖြေတခုကိုဖြင့် ကျမနှလုံးသားထဲတွင် နက်ရှိုင်းစွာ စုတ်ချက်ရေးဆွဲမိခဲ့လေပြီ။

သူ့ကိုကျမက “ဒီည အလုပ်များလို့ ရုံးမှာ အိပ်ရတော့မယ်၊ အဲဒါ ညဘက်စောင့်ပေးပါလားလို့” အားကိုးတကြီးပြောတော့ သူကလည်း “စောင့်ပေးမှာပေါ့တဲ့”

ကျမ တဒင်္ဂ ငေးငိုင်သွားမိတယ်၊ ကျမလုပ်ရပ်က ဟုတ်ပါရဲ့လား၊ အဝေးမှာ ရှိနေသောသူကို စောင့်ပေးဆိုခြင်းမှာ ဘယ်ကဲ့သို့သော အကြောင်းကြောင့်ပါလဲ။

“သူသာစောင့်နေမယ်ဆိုတဲ့ အသိတခုက ကျမရင်ထဲထိ တိုးဝင်စူးနစ်သွားခဲ့ပါတယ်”

ဟုတ်သည်။

သူရှိနေသည်ဟု စိတ်ထဲတွေးကြည့်ရုံနှင့် ကြောက်စိတ်များ လွင့်စင်ပပျောက် သွားခဲ့ပြီး အားအင်အပြည့် ဖြစ်ခဲ့လေသည်။ သူ့၏စကားသံကပင်လျှင် ကျမအတွက် အားကိုးရာတခု ဖြစ်ခဲ့လေသည်။ သူပေးပို့သော စာလေး တကြောင်းကပင် ကျမအတွက် အားထားရာတခု ဖြစ်ခဲ့လေသည်။ လူချင်းမနီးသော်လည်း စိတ်ချင်းဖြင့်ပင် အသံနှင့် ဆက်သွယ်လျက် သူ၏ အားပေးမှုများကြားတွင် ကျမ နွေးထွေးစွာ အရည်ပျော်ခဲ့ရပေသည်။

ကျမ အလုပ်လုပ်နေရင်း သူရှိနေသည်ဆိုသည့် ယုံကြည်မှုတခုထဲနှင့် ကျမအလုပ်တွင် ခွန်အားအပြည့်နှင့် လုပ်နိုင်ခဲ့လေသည်။ ညတညလုံးနီးပါး အရေးကြီးသည့် အလုပ်ကို လုပ်နေသည့်ကြားမှပင် သူ အိပ်ပျော်နေပြီလား၊ ကျမအတွက် အိပ်ရေးပျက်သွားခဲ့ပြီလား၊ ဆိုသည်က အတွေးထဲ ပေါ်လာသောအခါ သူ့ကိုဒုက္ခ ပေးခဲ့မိလေပြီဟု ကျမကိုယ်ကျမ မှားမှန်းသိခဲ့ပါသည်။ သို့သော်လည်း သူအိပ်သွားမှာကိုပင် ကြောက်မိနေပါသည်။ သူအိပ်သွားလျှင်ပင် ကျမနှင့် အဝေးဆုံး ရောက်သွားတော့မလိုထိအောင် ဖြစ်ခဲ့ပါသည်။

သည်လောက်ထိ ကျမစိတ်ကို ဖမ်းယူနိုင်ခဲ့သည်မှာ ဘာကြောင့်လဲဟု ကျမ ရှက်ရွံ့စွာ မေးခွန်းထုတ်ခဲ့ဖူးပါသည်။

ကျမအလုပ်ရှုပ်နေရင်း သူ့ဆီသို့ စာတိုလေးများ ပို့ပေးနေခဲ့ပါသည်။ သူလည်း ကျမကြောင့် အိပ်ရေးပျက်ခဲ့ရပြီပဲ။ ကျမရဲ့ အားပေးနှစ်သိမ့်သံလေးက သူ့အတွက် အဓိပ္ပါယ် ရှိသော စကားသံလေးတခု ဖြစ်စေချင်ခဲ့ပါသည်။

ယခင်နေ့ရက်များကကဲ့သို့ စကားမပြောနိုင်သော်လည်း ကျမဘေးနားတွင် သူရှိနေသည်ဆိုသည့် စိတ်ခွန်အားတခုထဲနှင့် အရာရာကို လုပ်နိုင်စွမ်း ရှိခဲ့လေသည်။

ကျမက “ အိပ်ချင်ပြီလား၊ အိပ်တော့လေ” လို့ ဆိုတော့ သူ့အသံက အိပ်ချင်နေပေမယ့် မအိပ်ချင်သေးကြောင်း ဆိုတော့ ကျမတယောက် ကျိတ်ပြီး ဝမ်းသာနေခဲ့ပါသည်။

သူလည်း နောက်တနေ့ အလုပ်လုပ်ရမှာ ဖြစ်သောကြောင့် သူ့ကို အိပ်ရန် ကျမပြောတော့ ကျမအတွက် စိတ်မချစွာ ဖြစ်ခဲ့သည်ကိုလည်း ကျမမမေ့ပါ။

သူက “ ကောင်းပြီ၊ ဒါဆို အိပ်တော့မယ်၊ မနက်ကျမှ ပြန်တွေ့ကြတာပေါ့တဲ့”

ဆုတောင်းလေ့ မရှိတတ်သော ကျမသည် “အိပ်မက်လှလှမက်ပါစေ” လို့ သူ့ကို ဆုတောင်းပေးလိုက်ပါသည်။ “ကျေးဇူးတင်ပါတယ်” လို့ ပြောချင်ပေမယ့် သူမကြိုက်မှာစိုးသည့်အတွက် စိတ်ထဲမှပင် ကျေးဇူးတင်ခဲ့ပါသည်။

သူအိပ်သွားပြီဟု သိလိုက်သည့်အချိန်လေးအတွင်းမှာပဲ ကျမစိတ်များ မထင်မှတ်စွာ ယိုင်နဲ့သွားခဲ့လေသည်။ ကျမ၏စိတ်သည် သူရှိနေသည့်ဆိုသည့် စိတ်တခုထဲနှင့် လုပ်နိုင်စွမ်းအားများ ရရှိလာခဲ့သည်ကို သိရပြီး သူမရှိတော့ဘူးဟု သိလိုက်ရပြန်သောအခါ စိတ်စွမ်းအားများ လျော့ကျသွားသည်ကိုပါ သိရှိလိုက်ရပေသည်။

စိတ်သည် အရာရာကို လွှမ်းမိုးချုပ်ကိုင်နိုင်ပေသည်ကိုး။

ကျမနှင့် အလုပ်လုပ်သည့် လုပ်ဖေါ်ကိုင်ဖက် ညီမလေးက “မမ၊ ခနအိပ်လိုက်ရအောင်၊ မနက်စောစော ဧည့်သည်တချို့နဲ့ တွေ့ရအုံးမယ်လေ” ဟုဆိုလာသောအခါ

“အင်း အိပ်မယ်လေ ညီမလေး” ဟု ချိနဲ့နဲ့ ပြန်ဖြေလိုက်ပြီး

နာရီကို ကြည့်လိုက်သောအခါ မနက် လေးနာရီထိုးဖို့ ဆယ်မိနစ်ပဲလိုတော့သည်ကို တွေ့လိုက်ရသည့် အခိုက် မနက် အလုပ်ဆင်းရမည့် သူ့အတွက် အလုပ် လုပ်နိုင်ပါ့မလားဟု စိုးရိမ်သွားခဲ့မိပါသည်။

“အင်း အိပ်လိုက်တာ ကောင်းပါတယ်၊ တော်ကြာ ဧည့်သည့်နဲ့တွေ့ရင် အိပ်ငိုက်နေအုံးမယ်လို့” ကျမ ပြုံး၍ ပြောလိုက်ပြီး ထိုညီမလေးကို မလုံမလဲ ကြည့်လိုက်မိပါသည်။

အိပ်ယာထက်တွင် နောက်တနေ့ လုပ်ရမည့် အလုပ်များကို တွေးတောရင်း အလုပ်များသည့် အတွက် သေချာ မကြည့်လိုက်ရသည့် လပြည့်ဝန်းကြီးကို တမ်းတ လွမ်းဆွတ်နေမိပါသည်။

ဒီနေ့လည်း ထိုကဲ့သို့ လပြည့်ညလေးတည ကုန်ဆုံးသွားခဲ့ပြန်ပြီ။။။


Saturday, October 29, 2011

မှတ်မိခြင်း၏နောက်ကွယ်

ငယ်ဘဝတွင် မိမိ၏မှတ်မိခြင်း စွမ်းရည်သည် အကြောင်းအရာကိစ္စများ၊ သင်ကြားနေသော ပညာရပ်များ၊ ကိန်းဂဏန်းများကို မမေ့မလျော့ပဲ အမြဲမှတ်မိ နေတတ် ခဲ့သည်ကို ပြန်စဉ်းစားလိုက်တိုင်း တရက်ပြီးတရက် ကုန်ဆုံးခဲ့သော အချိန်ကာလ၏ တိုက်စားမှုဒဏ်ကြောင့် မှတ်မိမှုစွမ်းအား ယိုယွင်းလာတတ်သည်မှာ သဘာဝတရားကြောင်း အရဆိုပြီး လက်ခံရတော့မှာလား။ အသက်အရွယ်အရ တာဝန်ဝတ္တရားများနှင့် နေထိုင်မှုဘဝ အတွက် ပြေးလွှား နေကြရသောကြောင့် မှတ်မိမှုစွမ်းအား လျော့ကျလာ သည်လည်း ရှိနိုင်ပါသည်။

မေ့လျော့သည်မှာ ခင်မင်ခဲ့ဖူးသော သူတယောက်၏ အမည်နာမ၊ ဆရာသမား၏ အမည်နာမ၊ သင်ကြားနေရသော ပညာတခု၊ မိမိပညာ၏ လက်ခံနိုင်မှု၊ လက်တလော လုပ်ကိုင်နေသော အခြင်းအရာတခုကို မေ့လျော့ခဲ့သလား၊ သူတပါး၏ ကျေးဇူး သိတတ်မှုနှင့် နားလည်မှုတို့ ကို မေ့လျော့ခဲ့သလား၊ ဒါမှမဟုတ် မိမိကို တန်ဖိုးထားသောသူ၏ တစုံတရာ သိတတ်မှုအပေါ် မှတ်မိနိုင်မှုမရှိပဲ မေ့လျော့နေခဲ့ခြင်းလား။ မမှတ်မိသလို မေ့လျော့ ဟန်ဆောင်နေခဲ့ခြင်း ရှိနေသောသူများနှင့် ရင်ဆိုင်တိုးဝှေ့ရသော အခါတွင်လည်း နှလုံးသားထဲတွင် ထင်ကျန်ရစ်ခဲ့သော နာကျင်မှုတို့ကို မသိခြင်းကြောင့်သာ ဖြစ်မှာပါပဲဟု ဖြေတွေးတွေးရင်း ကုစားခဲ့ရပါသည်။

အချိန်ကာလ ကြာမြင့်မှု တခုကြောင့် မှတ်မိခြင်း စွမ်းအင် လျော့ကျသည်မှာ ဖြစ်နိုင်သော်လည်း ကာလတို တခုအတွင်းမှာပင် မှတ်မိနိုင်ခြင်း မရှိပဲ မမှတ်မိတော့ဘူးဟု လွယ်ကူစွာ ပြောဆိုလိုက်ခြင်းသည် ထိုသူ၏ လေးစားမှု မရှိခဲ့ခြင်းကြောင့်သာ ဖြစ်နိုင်သည်ဟု နားလည်မိပါသည်။

မတွေ့ဖြစ်တာကြာနေသော သူတယောက်က မိမိ၏နာမည်ကို မှတ်မိစွာ ခေါ်ဆို လိုက်သောအခါ ဖေါ်မပြနိုင်သော ဝမ်းသာပီတိ ဖြစ်ခဲ့ကြပေလိမ့်မည်။ သူငယ်ချင်းကလည်း မိမိသူငယ်ချင်း၏ မှတ်မိနေမှုကို မျှော်လင့်မိပေလိမ့်မည်။ လောကလမ်းပေါ်တွင် သူငယ်ချင်းအချို့နှင့် တွေ့ဆုံခဲ့လျှင်သော်မှ ထိုသူငယ်ချင်း၏ အမည်နာမကို မမှတ်မိပဲ မေ့လျော့နေခဲ့မိလျှင် မှတ်မိဥာဏ် စွမ်းအားကိုပဲ အပြစ်တင်ရမှာလား၊ မှတ်မိနိုင်မည့် ခြေရာ မထင် ကျန်ခဲ့၍လားဟု မိမိကိုယ်တိုင် အဖြေထုတ်ရလိမ့်မည်။ ထို့အတူ ဆရာသမားများက မိမိတပည့် မိမိကို မှတ်မိနေခြင်းမျိုးကို တောင့်တမိပေလိမ့်မည်။ တပည့်တယောက်ကလည်း မိမိဆရာ မိမိအပေါ် မှတ်မိနေခြင်းမျိုးကို လိုလားမိမှာ အမှန်ပင် ဖြစ်ပေသည်။

သူတပါးက မိမိ၏ အမည်နာမကို မှတ်မိနေခြင်း၊ မိမိအလေးထားသော အရာများကို မှတ်မိနေခြင်း၊ မိမိလေးစားသောအရာများကို မှတ်မိနေခြင်း၊ မိမိလျှောက်လှမ်းနေသော လမ်းကို မှတ်မိနေခြင်း သည် ထိုသူ့အပေါ်တွင် ခင်မင်စွာနှင့် မှတ်မိစွဲထင်စရာ ပို၍ ဖြစ်လာပေလိမ့်မည်။

ထိုကဲ့သို့ မိမိအပေါ် မှတ်မိနေခြင်းကို လူသားတိုင်း လိုလားမိမှာပင်၊ မှတ်မိနေသည် ဆိုကထဲက ဘာကြောင့် မှတ်မိနေခြင်းလဲ ဆိုသည့် အဖြေက ကပ်ပါနေပါသည်၊ မိမိ၏ ထူးခြားသည့် အပြုအမူတွေကြောင့်လား၊ မမေ့နိုင်မည့် တန်ဖိုးထားစရာ အကြောင်းရင်းကြောင့်လား၊ တပါးသူက မိမိကို မှတ်မိနေခြင်းမှာ မိမိတွင်ရှိသော အရည်အချင်း တခုခုကြောင့်လား၊ မိမိ၏ မျှခြေတခုသည် တပါးသူ၏စိတ်ထဲတွင် စွဲထင်စရာ တရားမျှမှုတွေ ဖြစ်သွားခဲ့လို့လား။ ထို့ပြင် ခက်ခဲသော အခြေအနေတခုနှင့် အတူဖြတ်ကျော်ခဲ့ရသော အခါတွင် မမေ့မလျော့ မှတ်မိ နေတတ်ခဲ့ပါသည်။ ထို မှတ်မိနေခြင်းမှာ ခက်ခဲ ရုန်းကန်ခဲ့ရသည့် အခြေအနေ၏ အရိပ်ကြောင့်ပင် ဖြစ်ပေလိမ့်မည်။ တခါတရံ အလွယ်တကူ ဖြတ်ကျော်ခဲ့ကြသော အခြေအနေထက် ခက်ခက်ခဲခဲနှင့် ဖြတ်ကျော်ခဲ့ကြသည့် အခြေအနေတခုကို ပို၍ မှတ်မိစေပါလိမ့်မည်။

မှတ်မိခြင်း၏နောက်ကွယ်တွင် ထိုသူ၏ ခင်မင်မှု၊ တွယ်တာမှု၊ တန်ဖိုးထားမှု၊ လေးစားမှု၊ သတိရှိမှု၊ သိတတ်မှု၊ အလေးအနက်ထားမှု၊ အသိအမှတ်ပြုမှု တို့များစွာ ပါသည်ဟု ကျမ လေးနက်စွာ ယုံကြည်ပါသည်။ ထိုအရေးပါသောအရာများ မပါခဲ့၍သာ မှတ်မိခြင်းစွမ်းရည် လျော့နည်းပြီး မေ့လျော့ခြင်းဖြစ်သည်ဟု ကျမတွေးမြင်မိပါသည်။


Friday, September 23, 2011

ဧရာဝတီမြစ်ဆုံဆည်ကြောင့် ရိုက်ခတ်လာမည့် ဆိုးကျိုးများ



မြန်မာနိုင်ငံ၏ အချက်အချာဒေသများကို ဖြတ်သန်းစီးဆင်းနေသော အာရှတိုက်၏ အဓိကမြစ်ကြီး တသွယ် ဖြစ်သည့် ဧရာဝတီမြစ်ကို ဆည်ဖို့ကြပေတော့မည်။

ဧရာဝတီမြစ်ကိုပိတ်၍ (၁၅၂) မီတာ အမြင့်ရှိသော ဧရာမဆည်ကြီး တခုကို တည်ဆောက်ပြီး လျှပ်စစ်ဓါတ်အားကို တရုတ်ပြည်သို့ ပို့လွှတ်ရောင်းချရန် တရုတ်ကုမ္ပဏီအား ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့သည်။

ဧရာဝတီမြစ်သည် ကချင်ပြည်နယ်ရှိ မလိခနှင့် အင်မိုင်ခ(မေခ) မြစ်ဖျားပေါင်းစုံရာမှ နေ၍ စတင်စီးဆင်းသည်။ ဤမြစ်ဖျားခံရာ မြစ်နှစ်စင်းလုံးသည် ဟိမဝန္တာတောင်တန်း၏ အရှေ့တောင်ပိုင်းဒေသ မှ မြစ်ဖျားခံလာခြင်းဖြစ်သည်။ အင်မိုင်ခမြစ်သည် ပူတာအို မြောက်ဘက်ရှိ လင်ဂွေလာ ရေခဲတောင်ထွဋ်မှာ စတင်ပေါ်ထွန်းသည်။ မြစ်ဆုံသည် ကချင်ပြည်နယ် မြို့တော် ဖြစ်ကြီးနားမြို့၏ မြောက်ဘက် (၂၈) မိုင် အကွာတွင် တည်ရှိသည်။

ရေအားလျှပ်စစ်လုပ်ငန်း စီမံချက်(၇) ခုမှာ ဧရာဝတီမြစ်ဆုံ၊ ချီဗွေ၊ ပါရှီး၊ လာကင်၊ ဖီဇော၊ ခေါင်ဂလန်ဖူ၊ လိုင်ဇာ ဖြစ်သည်။

ဧရာဝတီမြစ်ဆုံဆည်သည် ဤမြစ်ကြောင်းတလျှောက် တရုတ်တို့က တည်ဆောက်မည့် ဆည်ကြီး (၇) ခုအနက် ပထမဦးဆုံးဆည်လည်း ဖြစ်သည်။

ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ပြီးသည်နှင့် ဆည်၏ အထက်ပိုင်းတွင် ရေလှောင်ကန် အတွင်းသို့ ရေဖြည့်သွင်းသည် နှင့်တပြိုင်နက် ရေလှောင်ကန်ကြီး၏ အမြင့်ဆုံး ရေချိန်မှတ်ထက် နိမ့်သောနေရာများမှ လူထုများ ပြောင်းရွှေ့ပေးရတော့မည်။ သူတို့၏ အိုးအိမ်များ၊ စိုက်ပျိုးမြေယာများ၊ ဘိုးဘွားပိုင် မြေနေရာများနှင့် အထွဋ်အမြတ် ထားရာနေရာ များလည်း ရေအောက်သို့ ရောက်ရှိ မြုပ်ကွယ်သွားပေမည်။ ကျေးရွာပေါင်း ၄၇ ရွာကို လုံးဝရေဖုံးလွှမ်း သွားမည်ဖြစ်ပြီး၊ လူဦးရေ ခန့်မှန်းချေအားဖြင့် ၁၀၀၀၀ မျှ အိုးအိမ်မဲ့ဖြစ်ကာ ရွှေ့ပြောင်းကြရပေမည်။ လုံးဝရေလွှမ်းခံရမည့် ကျေးရွာများ အပြင် အခြားကျေးရွာ အများသည်လည်း လယ်ယာခြံမြေများ ဆုံးရှုံးနိုင်ခြင်း၊ သစ်တောများ ဆုံးရှုံးခြင်း၊ ကူးသန်းသွားလာရေး လမ်းကြောင်းများ ရေမြုပ် သွားခြင်းများ ရေလွှမ်းခံရခြင်းကြောင့် ပြောင်းရွှေ့လာသည့် လူထုများ ဝင်ရောက်လာခြင်း၊ စသည့် အကျိုးဆက် များကိုလည်း ခံစားကြရပါလိမ့်မည်။

ဒေသခံများသည် တိုင်းရင်းဆေး သစ်ဥသစ်ဖုများကို သင့်လျော်သည့်အချိန်၊ ရာသီတွင် ရှာဖွေ စုဆောင်းကြသည်လည်း ရှိကြသည်။ နောင်မျိုးဆက်များအထိ ဆက်လက်သုံးစွဲနိုင်ရန် သစ်ပင်၏ ပင်စည်မှ အပွေးကိုမယူဘဲ အကိုင်းအခက်များကိုသာ ယူကြပါသည်။ တိုင်းရင်းဆေးဝါးများအပြင် အချို့သော အမျိုးသမီးများကလည်း သစ်မဟုတ်သော တောထွက်ပစ္စည်းများအပေါ် မှီခို၍ အသက်ရှင်သန် ရပ်တည်နေကြရသည်။ မှိုများ၊ ဟင်းရွက်မျိုးစုံ၊ တောထွက် သစ်သီးမျိုးစုံကို ရောင်းချကာ ဝင်ငွေရှာ ကြသည်။ ဤတောများသည် ကျေးလက်နေ လူထုများအတွက် ဘဏ်တခုသဖွယ် တန်ဖိုးရှိလှသည်။

မြစ်ဆုံဆည် ဆောက်လိုက်သည့်အချိန်တွင် ဤတောများမှာ ရေအောက်ရောက်သွားတော့မည် ဖြစ်ပြီး ရှင်သန်နေထိုင်နိုင်သည့် ဘဝများလည်း ပျက်စီး ပြိုကွဲကြရပေတော့မည်။

မြစ်ဆုံဒေသ၏ သဘာဝအလှအပနှင့် ကချင်လူမျိုးများ၏ ကြွယ်ဝလှသော ယဉ်ကျေးမှုကြောင့် လူများစွာ လာရောက် လည်ပတ်လေ့ရှိပါသည်။ ခရီးသွားလုပ်ငန်းမှနေ၍ ဒေသခံများ ဝင်ငွေ ရရှိနေပါသည်။ ယဉ်ကျေးမှုဆိုင်ရာ အရေးပါသည့်နေရာများ ရေမြုပ်ဆုံးရှုံးရတော့မည် ဖြစ်သဖြင့် လူအများ ဂုဏ်ယူခဲ့ရသော နေရာများသည် နောင်မျိုးဆက်များစွာတိုင် ဆုံးရှုံးသွားတော့မည် ဖြစ်သည်။

ဆည်တည်ဆောက်လိုက်မှုကြောင့် မြစ်ညာဒေသတွင် ငါးများရွှေ့ပြောင်း အခြေချ သားပေါက်မှုကို ပိတ်ပင်လိုက်သကဲ့သို့ ဖြစ်သွားစေမည်ဖြစ်သည်။ ထို့ကြောင့် ရေကာတာ အတွင်းနှင့် မြစ်အောက်ပိုင်း ဒေသများတွင် ငါးအရေအတွက် ကျဆင်းလာနိုင်သကဲ့သို့ ငါးမျိုးစိတ် များလည်း လျော့နည်းလာနိုင်သည်။

မြစ်အောက်ခြေမြစ်ကြောင်း တလျှောက်နှင့် မြစ်ကြောင်းနှင့် နီးစပ်ရာဒေသများတွင် နေထိုင်ကြသော လူမှုအသိုင်းအဝိုင်းများတွင် ဆည်ကြီးများ တည်ဆောက်ခြင်းကြောင့် ဖြစ်ပေါ်ရသော ဆိုးကျိုးများကို သိသိသာသာ ကြုံတွေရနိုင်ပါသည်။

အထူးသဖြင့် မြစ်၏ ရေစီးဆင်းမှုများ ပြောင်းလဲသွားပြီး ရေလွှမ်းနုံးတင်သော လွင်ပြင်များကို ပြောင်းလဲ သွားစေနိုင်ပါသည်။ ဤသို့ ဖြစ်သည်နှင့်အမျှ မြစ်ရေကျချိန်တွင် စိုက်ပျိုးရေး၊ တံငါလုပ်ငန်း၊ အိမ်မွေးတိရစ္ဆာန်မွေးမြူရေးလုပ်ငန်း၊ နုံးတင်မြေနုလွင်ပြင်များတွင် သစ်တောထွက် ပစ္စည်းများ ရှာဖွေ စားသောက် နေထိုင်ကြသော သူများ၏ သက်မွေးဝမ်းကျောင်းလုပ်ငန်းများသည်လည်း များစွာ ဆိုးကျိုး သက်ရောက်နိုင်ပါသည်။ ဆည်တည်ဆောက် လိုက်ခြင်းနှင့် သဘာဝ အရ ရေတက်မှုများ လျော့နည်း ကျဆင်းလာသည်နှင့် အမျှ မြစ်အောက်ခြေ ဒေသနေလူထုများ၏ စီးပွားရေးကို ထိခိုင်လာနိုင်ပါသည်။ သို့ဖြစ်သည်နှင့်အမျှ မိမိတို့ တတ်ကျွမ်းထားသည့် သက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုများမှာ အလုပ်မဖြစ်နိုင်တော့ဘဲ နောက်ဆုံး ပြောင်းရွှေ့အခြေချခြင်း၊ မြို့ပြဒေသများ၌ ကျပမ်းလုပ်ငန်းများတွင် အလုပ်လုပ်၍ ငွေရှာရခြင်းနှင့် ဆင်းရဲမွဲတေမှုများ ဖြစ်လာစေနိုင်သည် ဟု ကမ္ဘာ့ဆည်များဆိုင်ရာ ကော်မရှင်က ဆိုထားပါသည်။

ဧရာဝတီမြစ်သည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် နုံးမြေအနည်အနှစ် အကျဆုံး ဖြစ်ပါသည်။ အနည်အနှစ် များမှုကြောင့် ရေလှောင်ကန်ကြီးအတွင်း အနည်အနှစ် ပို့ချမှုနှုန်း ပိုမြန်ပြီး သိုလှောင်နိုင်စွမ်းလည်း အလျင်အမြန် လျော့နည်း ကျဆင်းစေပါလိမ့်မည်။

ဆည်တာတမံများက မြစ်များသယ်ဆောင်လာသော အနယ်အနှစ်များကို တားဆီးထားလိုက်ပါသည်။ ထို့ကြောင့် မြစ်အောက်ပိုင်းသို့ မရောက်ရှိနိုင်တော့ပါ။ ဤအနယ်အနှစ်များသည် ပုံမှန်အားဖြင့် မြစ်အောက်ပိုင်းဒေသရှိ ရေလွှမ်းနေတတ်သော မြေနုလွင်ပြင်များနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် သီးနှံအထွက်ကောင်းစေရန် မြေသြဇာအဖြစ် ဖြည့်ဆီးပေးကြပါသည်။ ထို့ပြင် ရေနေအပင်များနှင့် ငါးများအတွက်လည်း အာဟာရဓါတ် ဖြစ်စေပါသည်။ ဆည်များ တည်ဆောက်လိုက်ခြင်းကြောင့် သဘာဝအရ ရေလွှမ်းမိုးတတ်သည့် ပုံစံကို ပျက်စီး သွားစေပြီး နုံးတင် ဒေသများနှင့် မြစ်အောက်ခြေရှိ နုံးတင် လွင်ပြင်များသို့ သဘာဝအရ ရေနှင့် မြေဆီဓါတ်များ ဖြည့်တင်းပေးမှုကို ဟန့်တား လိုက်သည့်နှယ် ရှိစေပါသည်။ ဤသို့ဖြင့် ဧရာဝတီမြစ်ကြောင်း တလျှောက်တွင် စိုက်ပျိုးရေး အထွက်နှုန်းကို ထိခိုက်စေပါသည်။ မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်ဒေသသည် မြန်မာ့ဆန်အထွက်၏ ၆၀% ကို ထုတ်လုပ်ပေးနေသော ဒေသလည်း ဖြစ်ရာ များစွာ ဆိုးကျိုး သက်ရောက်မှု ရှိလာစေနိုင်ပါသည်။

ကြီးမားသော ရေအားလျှပ်စစ်ထုတ် လုပ်ငန်းများကြောင့် ပုံမှန်မဟုတ်သော ရေစီးဆင်းမှုများ ဖြစ်ပေါ်စေပြီး ဤအတွက်ကြောင့် မြစ်ကြောင်းရှိ မြစ်ကမ်းပါး တိုက်စားမှုများ ဖြစ်ပေါ်စေနိုင်သည်။ ရေလှောင်ထားသည့် ဆည်မှ ရေထုတ်လွှတ်လိုက်သည့်အခါ ဆည်သည် ဆာလောင်နေသည့်နှယ် ဖြစ်လာပါသည်။ တာတမံအနောက်တွင် အနယ်ထိုင်နေသော အနယ်အနှစ်များကို ပြန်လည် ဖြည့်ဆီးနိုင်ရန် အတွက် မြစ်ကမ်းပါးများကို တိုက်စားမှုများ ဖြစ်စေပြီး ဤအတွက်ကြောင့် ကမ်းပါးတိုက်စားမှုများ ပို၍ ဖြစ်စေပါသည်။ မြစ်ကမ်းပါးများ ရုတ်တရက် တိုက်စားပြိုကျခြင်းသည် အန္တရာယ်တခု ဖြစ်သကဲ့သို့၊ ကျေးရွာနေလူထုများမှာ ၄င်းတို့၏ အိမ်များကို ကုန်းတွင်းပိုင်းသို့ ပို၍ ပြောင်းရွှေ့ကြရသည့် အခြေအနေ ဖြစ်ပေါ်စေပါသည်။ မြစ်ဆုံအနီးတွင် များသော လူထုများမှာ မိုးရာသီတွင် စပါးစိုက်ပျိုးကြပြီး၊ နွေရာသီတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးကြပါသည်။ အမျိုးသမီးများ သည် မြေဆီကြွယ်လှသော မြစ်ကမ်းဒေသကို အသုံးချ၍ စိုက်ပျိုးကြပြီး မိသားစုစားရန် အတွက် မှီခိုနေကြရပါသည်။ အကယ်၍ ဤမြစ်ကမ်းပါးသာ တိုက်စားပြိုကျခဲ့ပါက ဤမြေဆီကြွယ်ဝလှသော မြေများတွင် သူတို့မှီခိုနေထိုင် ကြရသည့် အခွင့်လည်း ဆုံးရှုံးသွားရဖွယ် ရှိပါသည်။

ငလျင်ကြီးများ၏ ပြင်းအား၊ တည်နေရာနှင့် ထူးခြားချက်များကို လိုက်၍ ငလျင်များကြောင့် ဆည်များ၌ အက်ကြောင်းများကို ဖြစ်ပေါ်စေနိုင်ပြီး တခါတရံ ဆည်ပြိုကျ ကျိုးပေါက်သည်အထိ ဖြစ်စေနိုင်ပါသည်။ ကမ္ဘာလုံးဆိုင်ရာ ငလျင်ကြောင့် ဖြစ်သော အန္တရာယ်များ လေ့လာအကဲဖြတ်ရေး အစီအစဉ် (Global Seismic Hazard Assessment Program) ၏ အချက်အလက်များအရ မြန်မာနိုင်ငံသည် ငလျင်အန္တရာယ် မြင့်သော အခြေအနေမှ အလွန်တရာ မြင့်မားစွာ တည်ရှိနေသော ဒေသအတွင်းတွင် ကျရောက်နေပြီး မြောက်ပိုင်း ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်း အတွင်းတွင် တသမတ်တည်း မြင့်မားစွာ ရှိနေခဲ့ပါသည်။ ဧရာဝတီ မြစ်ဆုံဆည်သည် မြန်မာနိုင်ငံကို ဖြတ်သွားသော ယူရေရှားမြေပြတ်လွှာနှင့် အိန္ဒိယမြေပြတ်လွှာတွေ့ဆုံရာ ငလျင်အက်ကြောင်းမှ ကီလိုမီတာ ၁၀၀ အောက်လျော့နည်းသော ဒေသအတွင်း ကျရောက်နေပါသည်။ စစ်ကြောင်း မြေလွှာပြတ်ကြောင်းတွင် တိုင်းတာမှုအရ ပြင်းအားအဆင့် (M 7.0- 8.0) အဆင့်ရှိသော ငလျင်များကိုလည်း တွေ့ကြုံခဲ့ရဖူးပါသည်။ ဆည်ကြီးများ တည်ဆောက်မှုကြောင့် ငလျင်များဖြစ်ပွားစေရန် ပိုမိုတွန်းအားပေး သကဲ့သို့ ဖြစ်စေနိုင်ပါသည်။ ဆည်များကြောင့် ငလျင်ဖြစ်ပေါ်ရမှုများကိုလည်း တွေ့ရှိခဲ့ကြရပြီး အပိုတိုးလာသော ရေဖိအားများကြောင့် ဆည်အောက်ခြေရှိ မြေအက်ကြောင်းငယ်များတွင် ဖိအားပိုတိုးလာစေခြင်းကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်ပါသည်။

ရေကာတာမှ ရေလျှံကျသည်ဖြစ်စေ၊ ဆည်ကျိုးပေါက်သည်ဖြစ်စေ ရုတ်တရက် ရေလွှမ်းမှု ဖြစ်စေနိုင်ပါသည်။ ထိုသို့မဟုတ်လျှင်လည်း ရေအားလျှပ်စစ်ထုတ်သော စက်ရုံများတွင် ချိန်ခါမဟုတ်ဘဲ ရုတ်တရက် တာတမံမှ ရေစွန့်ထုတ်သည့် အဖြစ်မျိုး ရှိနိုင်ပါသည်။ ရေစွန့်ထုတ်လိုက်သည့်အခါ ရေအမြင့် ချက်ချင်းတက်လာပြီး မြစ်အခြေပိုင်းရှိ လူထုများမှာ ကြိုတင်သတိပေးမှု မရှိဘဲ ရေအန္တရာယ်နှင့် ကြုံတွေ့ရနိုင်ပါသည်။ လူအများအဖို့ ၄င်းတို့၏လှေများ၊ ငါးဖမ်းကိရိယာများ ဆုံးရှုံးကြရပြီး ရုတ်တရက် ရေမြင့်တက်လာမှုကြောင့် အချို့မှာ ရေနစ်သေဆုံး ကြရပါလိမ့်မည်။

ထင်ရှားသော ပညာရှင်တဦးက ဧရာဝတီမြစ်သည် ကမ္ဘာ၏ထင်ရှားသော မြစ်ကြီးများတွင် တစင်း အပါအဝင် ဖြစ်သည်ဟု ဖေါ်ပြခဲ့ပါသည်။ အထူးသဖြင့် ၄င်း၏စီးဆင်းမှုပမာဏ၊ အရှည်အလျားနှင့် ဤမြစ်ကြောင်းတလျှောက် ထိန်းသိမ်းထားသော စုံလင်လှသည့် ဇီဝမျိုးကွဲများအရ တန်ဖိုးသတ်မှတ်ခြင်း ဖြစ်ပါသည်။ ကျယ်ပြန့်လှသော ရေစီးဆင်းရာ လမ်းကြောင်း တလျှောက်ရှိ သဘာဝဂေဟဗေဒစနစ်ကို ထိန်းသိမ်းထားရန်သည် အရေးကြီးလှပြီး မြစ်ကြောင်း အတွင်းရှိ ထူးခြားတန်ဖိုးရှိသည့် ရေညှိရေမှော်များ၊ အကောင်ငယ်များနှင့် မြစ်ကြောင်းကို မှီခိုရှင်သန်နေကြရသော ပြည်သူလူထုများအတွက်လည်း အသက်သွေးကြောပင် ဖြစ်ပါသည်။

ဆည်ကြီးများ တည်ဆောက်လိုက်ခြင်းဖြင့် ဆိုးကျိုးများ ဖြစ်ပေါ်စေပါသည်။ မြစ်ကြောင်းရှိ သဘာဝဂေဟစနစ် တည်တံ့နေမှုကို မထိန်းသိမ်းနိုင်တော့ပဲ မြစ်ကြောင်း၏ ဂေဟစနစ်ကို ပြိုကွဲစေပါသည်။ ဆည်ကခြားထားလိုက်သော မြစ်၏ အထက်နှင့်အောက် ဇီဝမျိုးကွဲများကို သီးသန့်ပိုင်းခြားသလို ရှိစေပြီး၊ မျိုးရိုးဗီဇ ထိန်းသိမ်း ရှင်သန်မှုစနစ်ကို ဖြစ်စေသော ဇီဝသတ္တဝါများ ရွှေ့ပြောင်းသွားလာမှုကို ပိုင်းခြားဖြတ်တောက် သလို ဖြစ်စေပါသည်။ ထို့ပြင် ယခင်က ရေလွှမ်းနုံးတင်သော လွင်ပြင်များနှင့် မြစ်ရေကိုလည်း ထိတွေ့မှု ကင့်မဲ့လာစေပါသည်။ ဆည်မှစွန့်ထုတ်လိုက်သော ရေများတွင် အနယ်အနှစ် ပါဝင်မှုနည်းပြီး၊ ဓါတုသဘောအရလည်း ပြောင်းလဲမှုများ မြစ်ရေ တွင်ဖြစ်လာစေပါသည်။

ဒေသပေါက် ဌက်မျိုးကွဲများသည် ဧရာဝတီမြစ်ကြောင်း တလျှောက်တွင် ကျက်စားကြပြီး ဧရာဝတီမြစ် အလယ်ပိုင်းဒေသသည် တိဘက်နှင့် ဟိမဝန္တာမြောက်ပိုင်း အခြားဒေသများမှ ရွှေ့ပြောင်းနေထိုင် ကြသော ရေပျော်ဌက်များအတွက် ဆောင်းခိုရာအတွက်၊ နားခိုအခြေချရာ နေရာဖြစ်ပါသည်။ ရေ၏ အရည်အသွေး ပြောင်းလဲသွားခြင်း၊ ငါးများတည်ရှိမှု အရေအတွက် ပြောင်းလဲသွားခြင်းအတွက် ဌက်များ အခြေချမှုများတွင်လည်း ထိခိုက်ပြောင်းလဲမှုများ ဖြစ်ပေါ်စေလိမ့်မည်။ ကမ္ဘာ၏ အခြားသော ဒေသများတွင် ရှာဖွေမတွေ့နိုင်သော ဌက်မျိုးများပျောက်ကွယ် ဆိတ်သုဉ်းရမည့် အခြေအနေလည်း ဖြစ်စေနိုင်ပါသည်။

ဤသို့ သားကောင်များ ပျောက်ကွယ်သွားရခြင်းသည် ရွှေ့ပြောင်းအခြေချမှု ပုံစံပျက်ယွင်းသွားစေခြင်း၊ ရေ၏ အရည်အသွေး ကျဆင်းသွားခြင်း၊ ရေ၏ မြစ်ကြောင်း စီးဆင်းမှု သဘာဝပြောင်းလဲ သွားခြင်းတို့ကြောင့် ဖြစ်ပေါ်နိုင်ပါသည်။ ဧရာဝတီ မြစ်ဆုံဆည် တည်ဆောက်ရေးနှင့် အင်မိုင်ခ(မေခ) မြစ်ပေါ်တွင် တည်ဆောက်မည့် အဆိုပြုထားသော အခြားသော ဆည်များကြောင့် ယခုကာလကတည်းက မျိုးတုန်းလုနီးပါးဖြစ်နေသော အထူးရှားပါးနေပြီ ဖြစ်သည့် ဧရာဝတီ လင်းပိုင်များ ကိုလည်း အန္တရာယ် ရှိစေနိုင်ပါသည်.။ မြစ်အထက်ပိုင်းတွင် ဆည်တည်ဆောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သော ပြဒါးဓါတ်များ ဇီဝသတ္တများတွင် စုပုံသိပ်သည်း လာခြင်းကြောင့်လည်း ပို၍ ဆိုးရွားစေနိုင်ပါသည်။ ပြဒါးဆိပ်သင့်မှု ပြဿနာမှာ ဖြစ်လာနိုင်ဖွယ် ရှိသည့် ကြီးလေးသော ပြဿနာတခု ဖြစ်ပါသည်။ ဤဓါတ်မှာ လူတို့၏ ဗဟိုအာရုံကြောစနစ်ကို အဆိပ်အတောက် ဖြစ်စေသော ဓါတ်တမျိုးဖြစ်ပါသည်။

မလိခနှင့် အင်မိုင်ခ(မေခ)မြစ်များသည် ကချင်ပြည်နယ်အတွင်း အဓိက ရွှေတူးဖေါ် ရှာဖွေကြရာ နေရာများဖြစ်နေပါသည်။ ရွှေတူးဖေါ်ထုတ်လုပ်ရာ နေရာများသည် ဆည်တည်ဆောက်မည့် နေရာ၏ မြစ်ညာပိုင်းဖြစ်ပြီး၊ ရေတွင် ပြဒါးဓါတ်ပါဝင်မှုနှုန်း မြင့်နေပြီး ဖြစ်နေပြီဟု ယူဆနိုင်ဖွယ် ရှိပါသည်။ ၂၀၀၃ တွင် စမ်းသပ်စစ်ဆေးချက်အရ ဧရာဝတီ မြစ်ကြောင်း တလျှောက်အတွင်း နေထိုင်သော ငါးအမျိုး(၂၂) မျိုးအတွက် ပြဒါးပါဝင်မှုနှုန်း အမှန်ပင် မြင့်မားနေကြောင်း တွေ့ရှိရပါသည်။ ဤဒေသအတွင်း မြင့်မားစွာ ပါဝင်နေသော ပြဒါးဓါတ်များသည် တာတမံ၏ နောက်ကျောတွင် စုပုံနေကြမည် ဖြစ်ပြိး နောက်ပိုင်းတွင် မီသိုင်းလ် မာကျူရီအဖြစ် ပြောင်းလဲသွားမည် ဖြစ်ပါသည်။ ဆည်မှ ရေထုတ်လွှတ်သည့် အခါ မြစ်အောက်ပိုင်းတွင် နေထိုင်ကြသူများသည် ပြဒါးဆိပ်သင့်နေသော ရေနှင့် ငါးများကို ထိတွေ့ကြရတော့မည် ဖြစ်သည်။ ဤဆိုးကျိုးကို မြစ်ကြီးနားမြို့အောက်ဘက် ၂၈မိုင်အတွင်း နေထိုင်ကြသော လူဦးရေပေါင်း (၁၄၀၀၀၀) ကို ထိခိုင်ဖွယ် ရှိနေပါသည်။ ဧရာဝတီမြစ်ကြောတလျှောက် နေထိုင်ကြသော သန်းပေါင်းများစွာသော မြန်မာနိုင်ငံသားများ၊ ငါးများကို ဖမ်းစားကြသည့် ဌက်များနှင့် အခြားနို့တိုက် သတ္တဝါများသည်လည်း အဆိပ်သင့်ခံရဖွယ် ရှိနေပါသည်။ လူမှုအဖွဲ့အစည်းတခုလုံး၏ ကျန်းမာရေးကို ထိခိုက်လာစေတော့မည် ဖြစ်သည်။


ကမ္ဘာ့သဘာဝဝန်းကျင် ထိန်းသိမ်းရေးသမဂ္ဂ ( World Conservatiion Union) ၏ အဆိုအရ ရေမှော်ပင်များ ပိတ်ဆို့ထူထဲလာခြင်း၊ အခြေချနေထိုင်သော ဇီဝသတ္တများ လျော့နည်းသွားခြင်း၊ မာကျူရီ ပြဒါးဓါတ်များ စုပုံလာခြင်းတို့ကြောင့် မြစ်နေလင်းပိုင်ငါးကြီးများအတွက် အထူးအန္တရာယ် ရှိလာစေပါသည်။ ရေအတွင်း ဆည်များဆောက်လုပ်ခြင်းကြောင့်၊ ရေကာတာများနှင့် ရေတံတိုင်းများဆောက်လုပ်ခြင်းကြောင့် ဖြစ်စေပါသည်။ ရေတွင်း ဆောက်လုပ်မှုလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမှာ သိသိသာသာ ဖြစ်ပြီး၊ အတိုင်းအဆ အလွန်ကြီးမားလှပါသည်။ တည်ဆောက်မှုကြောင့် ဇီဝမျိုးကွဲများ ဦးရေကို ကွဲပြားတည်ရှိစေပြီး၊ မြစ်ရေဖြင့် ရှင်သန်ရေးအတွက် မှီခိုနေကြရသော ဇီဝသတ္တဝါများ၊ အပင်များပျောက်ကွယ်ကာ၊ သဘာဝပတ်ဝန်းကျင် ဆုတ်ယုတ်ကျဆင်းလာနိုင် စေပါသည်။

လွတ်လပ်စွာ စီးဆင်းနေသော ဧရာဝတီမြစ်ကို ဆည်ဖြင့် တားလိုက်သောကြောင့် ရေငြိမ်နေသော ကန်သဖွယ် ဖြစ်လာပေမည်။ ထိုအခါ အင်းဆက်များ၊ ပက်ကျိများနှင့် အခြားသော တိရိစ္ဆာန်များလည်း ပိုမို တိုးပွား လာနိုင်ပြီး ရောဂါပိုးသယ်ဆောင်နိုင်သော ကပ်ပါးများ၊ ပိုးမွှားများလည်း ပိုမို ပေါက်ဖွားလာစေနိုင်သည့် အန္တရာယ် ရှိပါသည်။ ကပ်ပါးသံကောင်များသည် ရောဂါမျိုးစုံကို ဖြစ်စေနိုင်ပြီး မလှုပ်ရှားနိုင်ခြင်း၊ ကြွက်သားများအား ပျော့သွားခြင်း၊ ကိုယ်ခန္ဓာ ချိနဲ့သွားခြင်း၊ အရေပြားရောဂါများ၊ အသည်းပျက်ခြင်းမှသည် ဝက်ရူးပြန်ရောဂါ၊ ကျောက်ကပ် အလုပ်မလုပ်နိုင်တော့သည်အထိ ပျက်သွားခြင်း၊ ကင်ဆာရောဂါများအထိ ဖြစ်စေနိုင်ပါသည်။ ရောဂါစွဲကပ် ခံရသူများသည် အခြားရောဂါများလည်း ထပ်မံ ကူးစက်ခံရစေရန် လွယ်ကူပါသည်။

(ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့၏ အစီရင်ခံစာမှ ကိုးကားထားပါသည်)


ဧရာဝတီမြစ်ဆုံဆည်ကြောင့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများ၊ အသက်မွေးဝမ်းကျောင်းမှုဘဝများ ပျက်စီးကြရခြင်းများ၊ မြစ်အောက်ပိုင်းရှိ မြေနုနုံးတင် စိုက်ခင်းများ ပျက်စီးစေခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးခြင်းများ၊ ကျန်းမာရေးဆိုင်ရာ အန္တရာယ်များ ကို ကြုံတွေ့ကြရပေလိမ့်မည်။

ဧရာဝတီမြစ်ကို မှီတင်းနေထိုင်ကြသည့် လူသန်းပေါင်းများစွာတို့ ဆိုးကျိုးဒဏ် သင့်မှုများကို ခံစားကြရပေတော့မည်။ ဌက်ဖျားရောဂါ ပျံ့နှံ့ကူးစက်လာနိုင်သကဲ့သို့ ရေလှောင်တာတမံများမှ ထွက်လာသော ပြဒါးဆိပ်သင့်မှု ပြဿနာများကိုလည်း မြန်မာပြည်သူတို့ ခံစားကြရပေမည်။

မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ အမွေအနှစ်၊ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ မြန်မာနိုင်ငံ၏ရာဇဝင်၊ သမိုင်း လည်း ပျောက်ပျက်ကုန်တော့မည် ဖြစ်ပေသည်။ အတိတ်ကာလတွင် လှပခမ်းနားစွာ ရှိခဲ့သော ဧရာဝတီမြစ်ကြီးသည် နောင်အနာဂတ်တွင် ပျက်စီးတိမ်ကော ပျောက်ပျက်သွားပေလိမ့်မည်။

ဤကဲ့သို့ အဖိုးတန် ဧရာဝတီမြစ်ကြီးကို ပျက်စီးအောင် လုပ်ခြင်းသည် မြန်မာတမျိုးသားလုံး၏ အသက်စည်းစိမ်၊ သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေး၊ လုံခြုံရေး၊ တိရစ္ဆာန်များ မျိုးတုန်းပျောက်ကွယ်မှု၊ ဂေဟစနစ်နှင့် လူသားအခွင့်အရေးများ ဆုံးရှုံး သွားစေမည် ဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်တရပ် အနေနှင့် ထိန်းသိမ်း ကာကွယ်စောင့်ရှောက် ရမည်မှာ မြန်မာတမျိုးသားလုံး၏ တာဝန်ပင် ဖြစ်ပေသည်။

မြန်မာတမျိုးသားလုံး ပျက်စီးစေမည့်အရေး၊ လူမျိုးပါတိမ်ကောပျောက်ပျက်မည့် အရေးကို လျစ်လျူရှု၍ ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို ဆက်လက် တည်ဆောက် အကောင်အထည်ဖေါ်မည် ဆိုပါက ပြုလုပ်သူများသည် သမိုင်းတရားခံများ ဖြစ်ကြပေမည်။။။

ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်။

Friday, September 16, 2011

တခုခုကို အောင်မြင်အောင်ဘယ်လိုလုပ်မလဲ...

သင်ဟာ သင့်ရဲ့ အခြေခံကျတဲ့ ဓနဥစ္စာ၊ ချမ်းသာကြွယ်ဝမှု၊ ဆက်ဆံရေးနဲ့ အလုပ်အကိုင်မှာ အောင်မြင်ဖို့ ကြိုးစားတာ ရလား မရလားဆိုတာ အရေးမကြီးပါဘူး။ တရားဝင်အသိအမှတ် ပြုထားတဲ့ အာဟာရဗေဒပညာရှင်နဲ့ ဇီဝကမ္မဗေဒပညာရှင် Caitlin Reid က ဘယ်လိုအခြေအနေဖြစ်ဖြစ် လက်တွေ့အသုံးဝင်တဲ့ အကြံပေးစကား ၆ချက်နဲ့ အောင်မြင်အောင် ကူညီနိုင်လိမ့်မယ်လို့ ပြဌာန်းထားပါတယ်။

(၁) သင်ဘာလိုချင်တယ်ဆိုတာ သိပါ။

သင့်မှာ အောင်မြင်ဖို့ ဆန္ဒရှိရမယ်။ ဘဝမှာ ဘာလိုချင်တယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။ သင့်ရဲ့ပန်းတိုင်ကို အောင်မြင်အောင်ရောက်ဖို့ လိုအပ်မယ့် အလုပ်တွေကို ခွဲခြားနိုင်ဖို့ လိုပါတယ်။ ရည်မှန်းချက်ပန်းတိုင်ဆိုတာ ဘဝမှာ သင်သွားမယ့်နေရာကို ဦးဆောင်လမ်းပြပေးမှာပါ။ ရည်မှန်းချက်မရှိရင် ဘယ်နေရာမှာ အဆုံးသတ်ရမယ်ဆိုတာ ဆုံးဖြတ်လို့ရမှာမဟုတ်ဘူး။

(၂) ဘယ်တော့မှ အရှုံးမပေးပါနဲ့။

ကြံ့ကြံ့ခံနိုင်မှုဟာ အောင်မြင်မှုအတွက် နံပါတ်တစ်ဖြစ်ပါတယ်။ လူတွေဟာ သူတို့ရဲ့ ရည်မှန်းချက် အောင်မြင်ဖို့ ကြိုးစားနေရင်း အခက်အခဲ၊ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ဒါမှမဟုတ် အပြစ်ရှာ ဝေဖန်မှုတွေ ရှိလာတဲ့အခါ စိတ်ပျက်အားလျော့မှု ဖြစ်ဖို့ လွယ်ကူကြတယ်။ ဒါပေမယ့် မှန်ကန်တဲ့ အောင်မြင်မှုတခုဖြစ်လာဖို့ဆိုရင် ဝေဖန်မှု၊ ပယ်ချမှု၊ ဖိအားပေးမှုနဲ့ ကျရှုံးမှုတွေကို ကျော်ဖြတ်ပြီး မလျှော့တမ်း လုပ်ရမယ်။ ရဲရင့်တက်ကြွတဲ့တိုက်ပွဲက အောင်မြင်မှုကို တည်ဆောက်ပေးလိမ့်မယ်။

(၃) သင့်ကိုယ်သင် ယုံကြည်ပါ။

အောင်မြင်ဖို့ဆိုရင် သင့်မှာ ကောင်းတဲ့အမြင် ရှိဖို့လိုပါတယ်။ ပြီးတော့ သင့်ရဲ့ရည်မှန်းချက် အောင်မြင်နိုင်တယ် ဆိုတာ ယုံကြည်ဖို့ လိုပါတယ်။ သင့်ရဲ့ ရည်မှန်းချက် အောင်မြင်ဖို့ဆိုရင် စွမ်းဆောင်နိုင်တဲ့ ယုံကြည်မှုနဲ့ တိုးတက်မှုရှိတဲ့ အလားအလာ၊ သဘောထား ရှိဖို့ လိုပါတယ်။ သင့်အကြောင်း သင့်ကိုယ်သင် သတိပြုမိတဲ့အခါ၊ ဘဝရဲ့ စိမ်ခေါ်မှုတွေကို ပိုပြီး ယုံကြည်စိတ်ချမှုရှိစွာနဲ့ တုံ့ပြန်လာနိုင်မှာပါ။ ရှက်ရွံ့မှုနဲ့ မိမိကိုယ်ကို ယုံကြည်မှုကင်းမဲ့ဖို့ သင့်ကိုယ်သင် တွန်းအားပေးတာက အမှန်လို့ လက်ခံမယ်ဆိုရင် သင်ဟာ အောင်မြင်မှုနဲ့ ပိုဝေးပြီး ကျရှုံးသွားလိမ့်မယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ သင်အောင်မြင်ပါလိမ့်မယ်။

(၄) လေ့လာသင်ယူမှုကို ဘယ်တော့မှ မရပ်ပါနဲ့။

အောင်မြင်မှု ရှိတဲ့ လူတွေဟာ လေ့လာသင်ယူမှုကို ဘယ်တော့မှ မရပ်ပါဘူး။ သူတို့ဟာ တခြားသူတွေရဲ့ အတွေ့အကြုံသစ်တွေကို လေ့လာသင်ယူတယ်၊ ပြီးတော့ သူတို့ရဲ့ အမှားတွေကနေ သင်ခန်းစာ ယူကြတယ်။ အခွင့်အလမ်းတိုင်း အခွင့်အလမ်းတိုင်းကို လေ့လာသင်ယူတာဟာ သင့်ရဲ့ အသိပညာတွေ တိုးပွားစေဖို့ဖြစ်ပါတယ်။ သင်ရောက်နေတဲ့ နေရာ၊ နယ်ပယ်ကိုလည်း ဦးဆောင်နိုင်ပါလိမ့်မယ်။ စာအုပ်စာပေ များများဖတ်ပါ၊ အရည်အသွေး အသစ်တွေကို ဆည်းပူးပါ၊ လေ့ကျင့်သင်ကြားမှု အသစ်တွေကို ရှာယူပါ။ ကျန်တဲ့အပိုင်းတွေမှာ သေချာပေါက် သာလွန် အောင်မြင်လာပါလိမ့်မယ်။

(၅) သင်နှစ်သက်တာကို သင်လုပ်ပါ။

တခုခုကို ကောင်းကောင်း လုပ်တော့မယ်ဆိုရင် အနည်းဆုံး နှစ်သက်မှု ရှိရပါမယ်။ သင်ပိုင်ဆိုင်တဲ့ အချိန်တွေကို နှစ်သက်သလို အားထုတ်တာဟာ အောင်မြင်ဖို့ တွန်းအားတခုပဲဖြစ်ပါတယ်။ သင်နှစ်သက်တာကို သင်လုပ်ပါ၊ အောင်မြင်မှု ရလာပါလိမ့်မယ်။

(၆) အပျော်အပါးကို ရှောင်ကျဉ်ပါ။

ကျွန်ုပ်တို့ အများစုဟာ ပြဿနာတချို့ကို ကိုယ်တိုင် ဖြေရှင်းမယ်ဆိုရင် နောက်ဆုံးမှာ ပျော်ရွှင်နိုင်မယ်လို့ ယုံကြည် ပါတယ်။ ဒါပေမယ့် သက်တောင့်သက်သာ မရှိပဲ ပျော်ရွှင်မှုအတွက် ကြိုးပမ်းတာ၊ တဦးချင်းသီးသန့် အချက်တွေမှာ ပျော်ရွှင်မှုကို ရှာဖွေခြင်း မပြုတာဟာ ဘဝရှင်သန်ဖို့ နည်းလမ်း မဟုတ်ပါဘူး။ အောင်မြင်မှု ရှိတဲ့ လူတွေက အချိန်ဆွဲတာကို ရှောင်ကျဉ်ကြတယ်။ ပြဿနာတွေ အတွက် ဆုံးဖြတ်ချက် ချဖို့ စောင့်စားမနေပါဘူး။ အောင်မြင်မှုရှိတဲ့ လူတွေဟာ ဖြစ်ရပ်တိုင်း ဖြစ်ရပ်တိုင်းမှာ ပျော်ရွှင်မှုကို ရှာဖွေကြပါတယ်၊ သူတို့ဟာ သူတို့အတွက် မှန်ကန်တဲ့ လမ်းကြောင်းကို တရားနည်းလမ်း ကျကျ စဉ်းစားကြတယ်။


www.funzug.com မှ ( How To Succeed At Anything) ကို ဘာသာပြန်ပါသည်။

Tuesday, September 13, 2011

ဘလောဂ့်ဂါဆိုတာ ဘာလဲ...

အိမ်အပြင်ဘက်ဆီမှ တဖြောက်ဖြောက်ကျလာတဲ့ ရေစက်ရေပေါက်လေးရဲ့ အသံက ပတ်ဝန်းကျင်တခုလုံး လွှမ်းခြုံနေခဲ့တယ်။ ကောင်းကင်တခွင်လုံး မည်းမှောင်လို့ မှိတ်တုတ်မှိတ်တုတ် လက်နေတဲ့ ကြယ်လေးတွေလည်း ပုန်းနေကြတယ်နဲ့တူပါရဲ့။

ကျမတယောက် ကွန်ပြူတာဖွင့်ရင်း ပေါ်ထွက်လာတဲ့ screen ကိုငေးကြည့်လိုက်တာ အချိန် ဘယ်လောက်ကြာသွားလဲ မသိခဲ့ပါဘူး။

mozilla firefox ကိုဖွင့်လို့ လက်ကအလိုလို ရိုက်လိုက်မိတာကတော့. ကမ္ဘာကြီးထဲမှာ ချိတ်ဆက်ထားတဲ့ ကွန်ရက်တွေထဲက ကျမရဲ့ကွန်ရက်လေး တခုဆီကိုပေါ့။ အဲဒီကွန်ရက်လေးကို ကျမက သိပ်ကို နှစ်သက်မြတ်နိုးတာ။ ကွန်ရက်လေးကို ချိတ်ဆက်ထားတဲ့ အခြားအခြားသော သူတွေ ပိုင်ဆိုင်ကြတဲ့ ကွန်ရက်လေးတွေ ကိုလည်း နှစ်သက်တတ်တာ ကြာခဲ့ပါပြီ။

ကွန်ရက်တွေထဲမှာ ဘာတွေရှိလို့ နှစ်သက်ခဲ့တာပါလိမ့်။ ကွန်ရက်တွေထဲမှာ နူးညံ့တဲ့ အလှတရားတွေ၊ အနုပညာတွေ အများကြီးရှိနေခဲ့တယ်။ ပုံသဏ္ဍာန်မတူညီစွာ ရှိနေခဲ့ကြတဲ့ ကွန်ရက်လေးတွေထဲမှာ ကျမအတွက်၊ အခြားသော ကွန်ရက်လေးကို ချစ်ခင်နှစ်သက်သူ ပုံဖေါ်ဖန်တီးနေကြတဲ့ ကွန်ရက်ပိုင်ရှင်တွေ အတွက်၊ တနည်းတဖုံ တန်ဖိုးရှိစွာ ဆင်ယင်နေတဲ့ စာပေဆိုင်ရာ၊ ကဗျာ၊ အက်ဆေး၊ ဝတ္ထု၊ ပန်းချီ၊ ခံစားချက်၊ အတွေ့အကြုံ၊ ဗဟုသုတ၊ စိတ်ကိုသတိပြုမိဖို့ အသိတရားလေးများ၊ ဖတ်ချင်စရာ ဖတ်လို့ရနိုင်တဲ့ ရှားပါးစာအုပ်ကြီးများ၊ ဝါသနာလေးများ၊ တနေ့တာ ဒိုင်ယာရီလေးများ၊ စီးနင်းမျောပါနေရတဲ့ ဘဝရဲ့အလင်းရောင်များ၊ စိတ်ဝိညဉ်များ၊ နိုင်ငံတကာ သိမှတ်ဖွယ်ရာများ၊ ကိုယ်သိထားသလို အများသိပါစေဆိုတဲ့ စိတ်လေးနဲ့ မျှဝေပေးထားတဲ့ နည်းပညာလေးများ၊ ဆုံးမစာလေးများ၊ စိတ်အာဟာရဖြစ်စေမယ့် စာစုလေးများ..

အို။။။။ အများကြီးပါပဲလား။

ကျမလေ ကွန်ရက်လေး တခုထဲ ဝင်ကြည့်လိုက် ဖတ်လိုက်၊ နောက်ကွန်ရက်လေး တခုဝင်ကြည့်လိုက် ဖတ်လိုက်၊ ခံစားရစရာလေးတွေ ဖတ်ရင်း ထပ်တူခံစားလိုက်၊ ပြုံးစရာလေးတွေ ပြုံးလိုက်၊ မှတ်သား စရာလေးတွေကို မှတ်သားလိုက်နဲ့ ရသမျိုးစုံ ခံစားနေရတဲ့ ကျမစိတ်၊ ကွန်ရက်လေးတွေထဲက ရုန်းမထွက်နိုင်တော့ပါဘူး။

ကျမက ကွန်ရက်လေးထဲက ပင့်ကူလေးတကောင်နဲ့ တူနေလေရဲ့။

ကွန်ရက်လေးတွေထဲမှာ မြှုပ်နှံထားတဲ့ အချိန်ကာလတခုထဲက တတ်နိုင်သမျှ ရုန်းထွက်ခဲ့ရင်း ကျမရဲ့ကွန်ရက်လေးဆီကို တဖန်ပြန်ရောက်လာခဲ့တယ်။ ကွန်ရက်လေးထဲမှာ ကျမရဲ့ ဝိညဉ်၊ ကျမရဲ့ နှလုံးသားထဲက စီးမျောလာတဲ့ စုတ်ချက်လေးတွေကို ယှက်နွယ် တည်ဆောက်ရအုံးမယ်။

ပင့်ကူလေးရဲ့ခန္ဓာကိုယ်အတွင်းကနေ ထွက်ကျလာတဲ့ နူးညံ့သောအမျှင်လေးတွေကို လှပသပ်ရပ်စွာ တည်ဆောက်နေရင်း အခြားသော ကွန်ရက်လေးတွေရဲ့ သက်ဝင်မှုတွေ ဖန်တီးမျှဝေပေးနေတာကို အလေးထားနေမိတယ်။

ကွန်ရက်တခုဖြစ်တဲ့ ပင့်ကူအိမ်လေးကို အလှဆုံးခြယ်သချင်တဲ့ ပင့်ကူအိမ်လေးရဲ့အလယ်က ပင့်ကူလေးရဲ့ စိတ်ကူးကို တန်ဖိုးရှိ ပုံရိပ်စစ်တခုအဖြစ်။။။


"ဘလောဂ့်ဂါဆိုတာဘာလဲ'' ဆိုတဲ့ ခေါင်းစည်းလေးကို ဘလောဂ့်ဂါ နတ်ဆိုးလေး၊ မင်းဧရာ၊ မောင်(စွယ်စုံကျမ်း)၊ ပဥာက်၊ မဒမ်ကိုး၊ jasmine တို့က ရေးပေးဖို့ ပြောတဲ့အတွက် ကျမခံစားရသမျှလေးကို ရေးမိခြင်းပါ။