နှလုံးသားထဲမှာ စူးနစ်နေဆဲ မြှားချက်ဒဏ်ရာလေးတွေနဲ့ ဝေးကွာမှုဆိုတဲ့ ခါးသီး နာကျင်စရာတွေကို ကောင်းကင်ကျယ်ကြီးရဲ့ တနေရာလေးမှာ ရေးချခွင့်ရချင်တယ်.။ ထင်ကျန်ရစ်မခံမယ့် ကောင်းကင်ကြီးရဲ့ တုံ့ပြန်မှုက ကိုယ့်အတွက် နေရာတနေရာလေးအဖြစ် လက်ခံပေးနိုင်ခဲ့ရဲ့လား မသေချာပေမယ့် ချွေးသိပ်ပေးနိုင်မယ့် အရာလေးတော့ ဖြစ်နေပေးပါ အို...ကောင်းကင်။
စက္ကန့်နဲ့အမျှ ဖြစ်ပြီးတိုင်း ပျက်တတ်တဲ့ အနတ္တတရားကို လက်ခံပေးနိုင်တဲ့ ငြိမ်သက်တည်ကြည်တဲ့ စိတ်တစုံကို ပေးပါ အို...ကောင်းကင်။
ဖြစ်ချင်တိုင်း မဖြစ်တတ်တဲ့ အိပ်မက်တွေကို ဆက်လက် အကောင်အထည်ဖေါ် ရေးဆွဲနိုင်ဖို့ ကြမ်းချင်တိုင်းကြမ်းတဲ့ စုတ်တံလေးတခုကို ပေးပါ အို...ကောင်းကင်။
တခါတရံ စိတ်အားငယ်မှုတွေ ဖြစ်လာတိုင်း ရဲရဲရင့်ရင့် ဖြတ်သန်းခဲ့ကြတဲ့ သမိုင်းထဲက ပုဂ္ဂိုလ်တွေကို သတိရပေးဖို့ ခွန်အားတရပ်ကို ပေးပါ အို...ကောင်းကင်။
မုန်တိုင်းထန်လာခဲ့ရင် ပျက်စီးယိုယွင်းသွားမယ့် အရာတွေအတွက် အံတုနိုင်စွမ်းရှိပြီး ပြန်လည် တည်ဆောက်ပေးနိုင်ဖို့ အလင်းရောင်လေးတခု ဖန်တီးပေးနိုင်စွမ်းကို ပေးပါ အို...ကောင်းကင်။
ဖြစ်တည်မှုတခုအရ လိုအပ်လာတဲ့ အရာတိုင်းကို တရားမျှတစွာနဲ့ ဆောင်ယူနိုင်စွမ်းရှိအောင် မပြောင်းလဲမယိမ်းယိုင်တဲ့ ခိုင်မြဲတဲ့ စိတ်ထားလေးတခုကို ပေးပါ အို...ကောင်းကင်။
ဖြေရှင်းခွင့်မရနိုင်တဲ့ ရှိုက်သံတချို့ရဲ့ လျှို့ဝှက်သင်္ကေတလေးတွေကိုလည်း ထုတ်ယူဖေါ်ထုတ်နိုင်စွမ်းရှိတဲ့ သတ္တိကိုပေးပါ အို...ကောင်းကင်။
ကြောက်ရွံ့မှုတွေနဲ့ ရင်ဆိုင်တိုးဝှေ့ရတဲ့အခါ လိပ်ပြာသန့်စွာ ဖယ်ရှားထုတ်ပစ်နိုင်တဲ့ ရဲရင့်မှန်ကန်ခြင်း သစ္စာတရားကို ပေးပါ အို...ကောင်းကင်။
ဟန်ဆောင်မှုတွေနဲ့ မာယာစကားသုံးတိုင်း ရိုးသားစွာနဲ့ ထိန်းချုပ်ပေးနိုင်မယ့် စကားလေးတလုံးကို ပေးပါ အို...ကောင်းကင်။
လဲကျရှုံးနိမ့်မှုဆိုတဲ့ ပညတ်ချက်တခုကို လက်ခံခဲ့ရတဲ့အခါ တဖန် ပြန်လည် တည့်မတ် နိုင်တဲ့ ခြေထောက်လေးတစုံကို ပေးပါ အို...ကောင်းကင်။
ဘဝရဲ့အမောတွေကို လုံခြုံစွာနဲ့ ထွေးပွေ့ပေးနိုင်တဲ့ လက်တစုံကို ပေးပါ အို...ကောင်းကင်။
ကန္တာရလမ်းခရီးပေါ်မှာ ရေလေးတပေါက် ချပေးနိုင်ပြီး နားခိုစရာအရိပ်လေးတခု ပေးနိုင်စွမ်းကို ပေးပါ အို...ကောင်းကင်။
ကြုံတွေ့ရတတ်တဲ့ ကျိန်စာတခု အတွက်လည်း အမြန်ဆုံး လွင့်စင်ပပျောက်အောင် လုပ်ဆောင် ပေးနိုင်တဲ့ မေတ္တာအစွမ်းကို ပေးပါ အို...ကောင်းကင်။
အထပ်ထပ်ရစ်ပတ်လာတတ်တဲ့ နှောင်ကြိုးတခုကို ဖြေလျော့ပေးနိုင်ပြီး မျှဝေခံစားပေးနိုင်တဲ့ ခက်ခဲလှတဲ့ ကိုယ်ချင်းစာစိတ်လေးတခုကို ပေးပါ အို...ကောင်းကင်။
အမှန်တရားအတွက် မားမားမတ်မတ် ရပ်တည်ပေးနိုင်ပြီး ရင်ထဲထိသိဝင် ခံစားစီးဆင်းစေမယ့် ဖြူစင်တဲ့ပညာတခုနဲ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တခုကို ဝံ့ဝံ့ထည်ထည်ပြသနိုင်အောင် သိစိတ်လေး တခုပေးနိုင်စွမ်းကို ပေးပါ အို...ကောင်းကင်။