Monday, May 9, 2011

ကြွေးဟောင်းဆပ်ခွင့် ရပါရစေအမေ...

မိုးတွေအုံ့မှိုင်းပြီး မိုးကောင်ကင်ကြီးရဲ့အစိတ်အပိုင်းတခုမှာ ရွာမလိုဟန်ပြင်တဲ့ မိုးရိပ်မိုးယောင်။ တချက်တချက်
မိုးကြိုးပစ်လိုက်တဲ့ အသံကြောင့် ပတ်ဝန်းကျင်တခုလုံး မိုးချိန်းသံတွေ မြည်ဟီးနေတယ်.။ သစ်ပင်တွေကလည်း လေယူရာယိမ်းနွဲ့လို့ မိုးချိန်းသံကိုလိုက်ပြီး နောက်ယောင်ခံလေသယောင်..။

မိုးကုတ်စက်ဝိုင်းတခုရဲ့ နေရာလေးတခုမှာ မိုးချိန်းသံကိုမှ မကြားရလောက်အောင် ငေးမောနေတဲ့ သူတယောက်။ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်သံကြောင့် တချက်တချက် သတိဝင်လာခိုက် မော့ကြည့်လိုက်တော့ ဝိုးတဝါးမပီပြင်တဲ့ ပုံရိပ်လေး...။ တဖြည်းဖြည်း နီးကပ်လာသလို ဖြစ်လာလိုက်.. ဝေးကွာသွားလိုက်နဲ့.. ကျမရဲ့ ရင်ထဲမှာတော့ ဘယ်တော့မှ ပျောက်ကွယ်မသွားမယ့် အမေရဲ့ရုပ်ရည်.. အမေ့ရဲ့ ဟန်ပန်. အသွင်အပြင်. အမေ့ရဲ့ အပြုံး. အမေရဲ့ မေတ္တာတရား. အမေ့ရဲ့ အင်အား. အမေ့ရဲ့ ခွန်အား..တခုက အုပ်မိုးလို့။ အမေ့ရဲ့ စကားသံအောက်မှာ မျောပါစီးဆင်းလို့။

မိုးနဲ့အတူ ကျမရဲ့ ရင်ထဲအသည်းထဲက အလိုအလျောက် စီးမြောဖြစ်တည်လာတဲ့ မျက်ရည်စက်.၊ ကျလာတဲ့အခိုက် တဆစ်ဆစ် နာကျင်နေတဲ့ နှလုံးအိမ်ထဲက အရိုးသားဆုံး သန္ဓေတည်နေတဲ့ မြစ်တစင်း။ အပေးအယူသဘောမရှိ. မေတ္တာတရား ကြီးမားပြီး စောင့်ရှောက် ထိန်းသိမ်းပေးတဲ့ အမေရဲ့အကြင်နာတရားအောက်မှာ ကျမတယောက် နားခိုခဲ့ရတယ်။ တမ်းတလိုက်တိုင်း ဘေးနားမှာ အမြဲတည်ရှိနေတဲ့ အမေ၊ စိတ်ပူပန်စွာ နေတဲ့အမေ၊ ဟန်ဆောင်မှုတွေနဲ့ တိုးဝှေ့ရတိုင်း သတိရနေခဲ့ပေမယ့် ဘယ်တော့မှ ပြောမထွက်ဖြစ်ခဲ့တဲ့ ကျမ.၊ ၊ ကြွေးဟောင်းမဆပ်နိုင်သေးတဲ့ ကျမ.။ တခါတရံ ဝမ်းနည်းမှုတွေနဲ့ ခြောက်လှန့်ခံရတဲ့အခါ အမေ့ရဲ့ မျက်ဝန်းလေးက ကျမအတွက် ခွန်အားတခု.။ အမေ့ရဲ့အင်အားတခုက ကျမရဲ့ အင်အားတခု.၊ အမေ့ရဲ့ စကားလေးတခွန်းက ကျမအတွက် စိတ်ခွန်အား.၊ အမေ့ရဲ့ ဖြူစင်မှုက ကျမရဲ့ ဖြူစင်မှု.၊ အမေ့ရဲ့ သတ္တိက ကျမရဲ့ သတ္တိ.၊ အမေ့ရဲ့ အသက်ရှူလိုက်တိုင်းမှာ ကျမစည်းချက်လိုက်လို့.၊ အမေ့ကို တမ်းတမ်းတတ သတိရနေတယ်။

ကမ္ဘာမြေရဲ့ တနေရာစီမှာ ရပ်တည်နေရပေမယ့် တူညီတဲ့ သံစဉ်ဖွေရှာမှုတွေမှာ နှလုံးသားချင်း ထပ်တူကျ ခုန်နေခဲ့တယ်။ ဝေးကွာမှု အမိုးကြီးအောက်မှာ အသက်ကြီးလာတဲ့ ကျမအမေရဲ့ ပုံရိပ်က နုပျိုလန်းဆန်း တက်ကြွဆဲ.။ အနီးဆုံး နှလုံးခုန်သံနဲ့ အတူ ကျမရဲ့ အမေကို ကြွေးဟောင်းဆပ်ခွင့် ရပါရစေ...။

Saturday, May 7, 2011

အတ္တနဲ့သာ ကဗျာဖွဲ့

အတ္တနဲ့သာ လုပ်
အတ္တနဲ့သာ ပြော
အတ္တနဲ့သာ နေ
အတ္တနဲ့သာ သွား
အတ္တနဲ့သာ ရေး
အတ္တနဲ့သာ ငွေ့ရည်ဖွဲ့
အတ္တနဲ့သာ အသက်ဆက်
အတ္တနဲ့သာ နေသားကျခဲ့။

နှလုံးသားထဲက ယုံကြည်ချက်
သွေးစက်....တွေ
ဖေါက်စားခံရတဲ့ အခိုက်
အတ္တဆိုတာ ဘယ်မှာမှန်း မသိခဲ့။

လုပ်ယူမထားတဲ့
ဖြစ်တည်မှု အမြုတေလေးတခုကို
လုယူခံရတဲ့ အခိုက်
အတ္တဆိုတာ ထားရမှန်း မသိခဲ့။

ခြောက်သွေ့အက်ကွဲနေတဲ့
ညမှောင်မှောင်မှာ
သွေးစက်...နဲ့
အမြုတေလေး..ကို
မေတ္တာတရား
သစ္စာတရား
သိက္ခာတခု
ဆန္ဒတစုံ
ရိုးသားမှု.....ရယ်လို့
ရိုးသား ဖြူစင်လေဟန်
ခေါင်းစဉ်တပ်ထားတဲ့
အတ္တ..တွေနဲ့ ပြန်ယူချင်ခဲ့။

........
အတ္တဆိုတဲ့
အတ္တတွေနဲ့သာ ကဗျာဖွဲ့သီနေလေရော့။။။

Wednesday, May 4, 2011

သေကြသူများ

အီဂျစ်က လူတွေ သေတယ်တဲ့
လစ်ဗျားက လူတွေ သေတယ်တဲ့
ဆီးရီးယားက လူတွေ သေတယ်တဲ့
တိဘက်ဘုန်းကြီး သေတယ်တဲ့
ဂျပန်က လူတွေ သေတယ်တဲ့
အိုစမာဘင်လာဒင် သေတယ်တဲ့

ဧရာဝတီက လူတွေ သေတယ်တဲ့
ရခိုင်ပြည်က လူတွေ သေတယ်တဲ့
ရှမ်းပြည်တာလေက လူတွေ သေတယ်တဲ့
ဦးမိုးဟိန်း(သားဂျာနယ်ကျော်) သေတယ်တဲ့
စာရေးဆရာကြီး ပါရဂူ သေတယ်တဲ့
မုန်တိုင်းသင့် ရေလုပ်သားတွေ သေတယ်တဲ့

မသိတဲ့သူတွေ သေတယ်
သိတဲ့သူတွေ သေတယ်
လူ့အဖိုးတန်တွေ သေတယ်
လူ့အန္ဓတွေ သေတယ်
မသေစေချင်တဲ့ သူတွေ သေတယ်

မေတ္တာ သေတယ်
သစ္စာ သေတယ်
ရိုးသားမှုတွေ သေတယ်
တရားမျှတမှုတွေ သေတယ်

တချို့က ယုံကြည်မှု သေတယ်
တချို့က မျှော်လင့်ချက် သေတယ်
တချို့က စကားသေတယ်
တချို့က ဘဝ သေတယ်
တချို့က စိတ်သေတယ်
တချို့က နာမည်သေတယ်
တချို့က ထပ်ကာထပ်ကာ သေနေတယ်.

သေ..
သေ...
သေ....
သေခြင်းရဲ့ နောက်ကွယ်က
ထင်ကျန်ရစ်မယ့် ပုံရိပ်က
သေဆုံးခြင်းမရှိတဲ့ မသေဆုံးသောအဖြစ်နဲ့သာ.။

(ကဗျာလေးရဲ့ ခေါင်းစဉ်နာမည်လေး ရွေးပေးခဲ့တဲ့ ဘလော့ဂါ ဦးမင်းဒင် ကို ကျေးဇူးတင်ပါတယ်။)

Friday, April 29, 2011

ရာဇဝင်တခု

သက္ကရာဇ်တခုရဲ့ ရာဇဝင်ထဲ
ထိုးဖေါက်ကြည့်တော့
ရင်ဘတ်တခြမ်းနဲ့ လူ...
ရုပ်သေနေတဲ့ လူ...
အပြုံးတုနဲ့ လူ...
အမုန်းတုနဲ့ လူ...
မျက်ရည်တုနဲ့ လူ...
အရိုင်း လူ...

ပျံ့ကျဲနေတဲ့ စိတ်ရာဇဝင်ထဲ
ဖွေရှာ ကြည့်မိတော့
ညီမျှမှု ကင်းမဲ့ချင်တဲ့ စိတ်...
ရွှေမှုန်ကြဲချင်တဲ့ စိတ်...
ငွေမှုန်ကြဲချင်တဲ့ စိတ်... တွေနဲ့
စိတ်ကိုစိတ်ချင်းထပ်နေတဲ့..
ကြဲချင်တိုင်း ကြဲနေတဲ့ စိတ်တွေနဲ့...

ရာဇဝင်ထဲက လူသားတဦး
ဖွေရှာမိတဲ့ တရားက..
ကန့်လန့်ဖြတ်မနေတဲ့ မျဉ်းတကြောင်း...

နံရံတွေကာထားတဲ့
မေတ္တာတုတွေထဲ..
အပြုံးတွေကာထားတဲ့
ဟန်ဆောင် ကမ္ဘာထဲ..
သစ္စာရည်တွေ ဖြန်းပက်ပစ်လိုက်မယ်..
ရာဇဝင်တခု လှပဖို့ပေါ့..

ခုတော့... ဘဝအသေတွေကို
ရာဇဝင်ဟောင်းထဲမှာ ထားခဲ့ပြီး
ကညစ်နဲ့ ရေးခြစ်နေတဲ့
ဘဝအသစ်တွေကိုတော့
ရာဇဝင်သစ်ထဲမှာ...ပေါ့...!

Monday, April 18, 2011

နွေဆူးလင်္ကာ၏ အမှတ်တရကဗျာ

ကမ်းခြေရေးတဲ့ လှိုင်း

ဆူနာမီတွေထက်
အများကြီး မြင့်တယ် ...
ကြောက်မသွားကြပါနဲ့
အဲဒီလှိုင်းက သဒ္ဓါလှိုင်းပါ ...
ကျနော်လို ကမ်းခြေကောင်တွေ
အမြဲမျှော်လင့်နေရတဲ့
စာတွေ သယ်ဆောင်လာတဲ့လှိုင်း ...။

ပင်လယ်တွေ မခမ်းသလို
လှိုင်းတွေ မကုန်သလို
သဒ္ဓါလှိုင်း လည်း
ကျနော်တို့ ရင်ကို
ဆက်ပြီး ရိုက်ခတ်နေနိုင်ပါစေ ....။ ။

(သဒ္ဓါလှိုင်းဘလော့ဂ် တစ်နှစ်ပြည့်အမှတ်တရ)

ချမ်းမြေ့ပါစေ ....
နွေဆူးလင်္ကာ

သဒ္ဓါ့ရဲ့ ဘလော့တနှစ်ပြည့် အမှတ်တရလေး ရေးပေးပါလို့ ပြောလိုက်တာနဲ့ မအားလပ်တဲ့ကြားထဲကနေ ချက်ချင်း ရေးပေးတဲ့ ကိုနွေဆူးကို ကျေးဇူးတင်ကြောင်း ပြောပါရစေ.။

Wednesday, April 13, 2011

အဆိပ်…

“ငါ့..” အတ္တအတွက်

ငါ… ကိုယ်တိုင် သောက်သုံးနေတဲ့

အရာတခု


တိုးဝှေ့ဝင်လာတဲ့…

အသိနဲ့ကြည့်လိုက်တော့

အဆိပ်တခွက်ဖြစ်နေပေါ့….!


အဆိပ်ပေါ် အဆိပ်ချင်းထပ်လို့

အဆိပ်ချင်းထိတဲ့ ထိခတ်မှုကြောင့်

တချို့နေရာ… အရည်ပျော်…..

တချို့နေရာ… အငွေ့ပျံ…..

တချို့နေရာ…. ပုပ်ပွ…..အံ့မူးမူး


သတိဝင်ခိုက်….

“ငါ…”………….

ဖြေဆေးရှာဖို့

အမောတကော ပြေးလွှားနေမိ


ဟော……..

ငါ… ရှာဖွေသောက်သုံးခဲ့တဲ့

ဖြေဆေးမှာလည်း

အဆိပ်တွေ ပါနေလေရဲ့…!

…………………….!


“ငါ…” ……..


အငမ်းမရ သောက်သုံးခဲ့တဲ့

အဆိပ်ရည်အတွက်

အဆိပ်..ဖြေဆေးအတွက်

ငါ့.. ကိုယ်ငါ ဒဏ်ခတ်တယ်…!

ငါ့… ကိုယ်ငါ ပြစ်ဒဏ်ချလိုက်တယ်…!

Saturday, April 9, 2011

သမီးအတွက် ကဗျာ...

သမီးအတွက် ကဗျာ

မြစ်တမြစ်ဟာ သူ့နှလုံးသားနဲ့ သူစီးရတာ ..

အဲဒီမြစ်ဟာ သမီးဖြစ်စေ ....။


ကမာပုလဲ
မတ်လ ၂၀၁၁။


ကျမအတွက် ကဗျာလေးတပုဒ်ကို ဘဝတခုလုံးအတွက် ကိုယ်စားပြု ခံစားသက်ဝင်နိုင်ပြီး နူးညံ့ညင်သာစွာနဲ့ တန်ဖိုးရှိရှိ စီးမျောသွားနိုင်အောင် ရင်နဲ့ရင်းပြီးရေးပေးခဲ့တဲ့ ကဗျာအရေးကောင်းပြီး ဘဝရဲ့ဝေဒနာတွေ.. ဘဝရဲ့ နာကျင်မှုတွေ... ဘဝမှာ အကောင်းဆုံး ဆက်လက် ရှင်သန်လိုစိတ်တွေ... ဘဝရဲ့ အတ္တတွေ.... ကို ကဗျာအဖြစ် အသွင်ပြောင်းလို့ ထုဆစ်ရှင်သန်နေတဲ့ အကိုလို လေးစားချစ်ခင်ရတဲ့ ကမာပုလဲ ကို ဘလော့ပေါ်ကနေ ကျေးဇူးတင်တာထက် ပိုတယ်ဆိုတာ ပြောပါရစေ.။

Wednesday, April 6, 2011

ထွက်သွားခဲ့သော်ငြား…

မဖိတ်ခေါ်ပါပဲ ဘယ်နေရာကနေ ရောက်လာမှန်းမသိတဲ့ ကြောင်လေးတွေကို အသက်ဆက်ရှင်နိုင်ဖို့ အစာလေးကျွေးရင်း အမျိုးအမည်မသိတဲ့ ရင်းနှီးမှုတခုနဲ့ ရင်ဆိုင်ခဲ့ရတယ်။

ကျမရေးခဲ့ဖူးတဲ့… ကြောင်လေးတွေထဲက တကောင်ပြီးတကောင် သေသွားခဲ့ပေမယ့် နောက်ဆုံး ကံကောင်းလှစွာ မသေပဲ ကျန်ခဲ့တဲ့ ကြောင်လေးတကောင်ကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်ရင်း နေလာလိုက်တာ….. ။

ကျန်ခဲ့တဲ့ ကြောင်လေး ကိုလည်း ဘယ်အချိန်မှာ ဘာဖြစ်ပြီး သေအုံးမလဲဆိုပြီး စောင့်ကြည့် နေခဲ့ရတယ်.။ အဲဒီ ကြောင်လေးကလည်း ထမင်းစားချိန်ဆို ကျမကို တွေ့လိုက်တာနဲ့ ထမင်းတောင်းတတ်နေခဲ့ပြီ.... ကြောက်တဲ့ စိတ်လည်း သိပ်မရှိတော့ပဲ ယဉ်ပါးလာခဲ့ပြီ.. ကျမကလည်း အချိန်မှန် ထမင်းလေးကျွေးလို့ ကြောင်လေးကို တကြည့်ကြည့်နဲ့..... ထမင်းစားရဲ့လား......ပေါ့.။ ရင်းနှီးမှုတခု အတွက် တထပ်ရစ်ခဲ့ရတယ်..။ ကျမရဲ့ရုံးပိတ်ရက်မှာ ကြောင်လေးအတွက် စိတ်ပူပန်နေတတ်ခဲ့ပြီ..။ ရင်းနှီးမှုတခုအတွက် တထပ်တိုးခဲ့ ရပြန်ပြီပေါ့….။

ဟန်ဆောင်မှုမပါပဲ စစ်မှန်တဲ့ သဘောထားနဲ့ ထပ်ခါထပ်ခါ တိုးလာတဲ့ ရင်းနှီးမှု တခုကြောင့်…. ကြောင်လေး အတွက် ဘာကြောင့်များ စိတ်ပူနေရသလဲလို့လည်း တွေးတောနေမိသေး..။

တနေ့ပြီးတနေ့ တိုးလာတဲ့ ရင်းနှီးမှုအတွက် ပူပန်မှုဆိုတဲ့ အကျိုးဆက်တခုကလည်း ကိန်းအောင်းလာမိခဲ့ပေါ့..။

အချိန်ကြာလာတာနဲ့အမျှ တုံ့ပြန်ဖြစ်ခဲ့တဲ့ စိတ်လေးတခုကြောင့် တချိန်ချိန်မှာ ပြန်ပြီး ရစ်ပတ်ခံရမယ့် စိတ်တခုကို ခံစားခဲ့ရမယ်ဆိုတာ သိခဲ့ရင် ခုလောက်ရင်းနှီးမှုထားခဲ့မိပါ့မလား…။

တရက်မှာတော့ ထမင်းစားချိန်ထိ ကြောင်လေးကို မတွေ့ခဲ့ရဘူး.။ ဘယ်များသွားနေပါလိမ့်ဆိုပြီး ကျွေးနေကျ အတိုင်း ထမင်းကျွေးထား လိုက်တယ်။ နောက်နေ့မနက်ထိ ကြောင်လေး မရောက်လာခဲ့ဘူး.. ခန ဘယ်များ သွားနေပါလိမ့်ဆိုပြီး မျှော်နေမိတယ်.။ တရက်ပြီးတရက် တလပြီးတလ ကုန်ဆုံး သွားပေမယ့် ရောက်မလာတော့တဲ့ ကြောင်လေးတကောင်ကို စိတ်ပူပန်စွာ တွေးတောရင်း ကိုယ့်ကို ရစ်ပတ်ခဲ့တဲ့ စိတ်တခုကိုပဲ အသေအချာ ဆွဲထုတ်နေမိတယ်… ။

မဖိတ်ခေါ်ပဲ ရောက်လာခဲ့ပြီး နှင်မထုတ်ပဲ ပြန်ထွက်သွားခဲ့တဲ့ ကြောင်လေးကို တနေရာစာ ပေးထားခဲ့မိတဲ့ အတွက် ရလာခဲ့တဲ့ ပူပန်မှုတခုကိုပဲ ဖျောက်ပစ်လိုက်ရတော့မလား…။

ပူပန်မှုဆိုတဲ့စိတ်ကို စိတ်ထဲမှာမထားပဲ မောင်းထုတ်တတ်ခဲ့ပြီလား..ဆိုတာ မသေချာခဲ့ပါဘူး။

ပူပန်မှုဆိုတဲ့စိတ်က ထားချင်သလိုထား ထုတ်လိုက်ချင်သလို ထုတ်လိုက်လို့ရော ရပါရဲ့လား..။

“အဲလိုသာ စိတ်ထဲကနေ မောင်းထုတ်တတ်ခဲ့မယ်ဆိုရင်… အစထဲက ဖြစ်ပေါ်ခဲ့တဲ့ ရင်းနှီးမှုဆိုတဲ့စိတ်က တကယ် စစ်မှန်ခဲ့ပါရဲ့လား.. မောင်းထုတ်လို့ ရခဲ့မယ်ဆိုရင်လည်း… လုပ်ယူထားခဲ့တဲ့ ဟန်ဆောင်ရင်းနှီးမှုတခုနဲ့ အစပြုခဲ့မိလို့သာပေါ့.။ ”...

ခင်မင်ရင်းနှီးမှုတခုဆိုတာ အလိုအလျောက်ဖြစ်ပေါ်လာတတ်သလား.. ဒါမှမဟုတ် ကိုယ့်ကိုတခုခုပေးခဲ့လို့ ရင်းနှီးမှုဆိုတာ ဖြစ်ပေါ်လာခဲ့တာလား…. တဘက်သားမှာ ရှိနေခဲ့တဲ့ အမူအကျင့်ကိုကြည့်ပြီး ရင်းနှီးမှုဆိုတာ ဖြစ်ပေါ်လာခဲ့တာလား…… ဒါမှမဟုတ် မိမိအတွက် အကျိုးရှိစေမယ့် တဘက်သားမှာ ရှိနေတဲ့ တစုံတရာအတွက်ကြောင့် ရင်းနှီးမှုဆိုတာကို လုပ်ယူခဲ့ခြင်းလား…….

“မိမိအတွက် အကျိုးတစုံတရာမှ မရှိပေမယ့်လည်း စစ်မှန်တဲ့ ရင်းနှီးမှုဆိုတာ မဖြစ်ပေါ်နိုင်ဘူးလား…...”


ကျမအတွက်တော့ ရင်းနှီးမှုဆိုတာ ဟန်ဆောင်မှုမပါ အရောင်ဆိုးမထားတဲ့ ဘာမျှော်လင့်ချက်မှမရှိပဲ ငြိမ်းချမ်းခြင်းနဲ့ အေးမြခြင်းတွေကို ဖေါ်ဆောင်ပေးတဲ့ သန့်စင်ကျစ်လစ်တဲ့ အမြုတေလေး တခုပါ..။ အဲဒီ အမြုတေလေးတခုက တထပ်ပြီးတထပ် ရစ်ပတ်လာတဲ့ ရင်းနှီးမှု ထုထည်ကြီးကနေ မေတ္တာကို အရင်းခံပြီး ဆင်းသက်လာခဲ့တဲ့ ဖြူစင်တဲ့ စိတ်ထားတခုနဲ့ ဖြစ်ပေါ်ခဲ့ရတာပါ.။

အလွယ်တကူနဲ့ ဖြစ်ပေါ်လာခဲ့တာတော့ မဟုတ်ပါဘူး.။ တထပ်ပြီးတထပ်ရစ်ပတ် နှောင်တွယ်မိပြီးမှ ရင်းနှီးမှုအမြုတေလေးတခု ခက်ခက်ခဲခဲ ဖြစ်လာခဲ့ရတယ်.။ ခက်ခက်ခဲခဲ ဖြစ်ပေါ်ခဲ့တဲ့ မေတ္တာတွေနဲ့ ပျိုးထောင်ပြီး ရလာခဲ့တဲ့ အမြုတေလေးတခုက အလွယ်တကူ ပျက်စီးယိုယွင်းမသွားနိုင်ပါဘူး. ဆက်လက်ခိုင်မြဲပြီး ကြာရှည်သိမ်းထားနိုင်မှာပါ.။

ဒါကြောင့် ခက်ခက်ခဲခဲနဲ့ ယုံကြည်စွာ ပျိုးထောင် တည်ဆောင်ခွင့်ရခဲ့တဲ့ စစ်မှန်တဲ့ ခင်မင် ရင်းနှီးမှုကနေ ပေါက်ဖွားခဲ့တဲ့ မေတ္တာတရားကို တားဆီးမောင်းထုတ်လိုက်ဖို့ ဘယ်လိုအချိန်အခါ… အခြေအနေမျိုးမှာမှ ဖြစ်လာနိုင်မှာ မဟုတ်တော့ပါဘူး.။

“ကျမရဲ့ တစုံတခုအပေါ် ရင်းနှီးမှု အားနည်းလွန်းတဲ့ အတွက် ခက်ခက်ခဲခဲနဲ့ ရင်းနှီးမှုအဖြစ် ဖြစ်ပေါ်ခဲ့တဲ့ အမြုတေလေး ကလည်း ကျမနှလုံးသွေးတွေ စီးမျောနေသရွေ့ ပြင်ပအန္တရာယ် ဘယ်လောက်ပဲ ဝင်လာပါစေ… မေတ္တာတွေနဲ့ လွှမ်းခြုံထားတဲ့ လတ်ဆတ်တဲ့ အမြုတေလေး အဖြစ် ဆက်လက် ရှင်သန်မြဲ ရှင်သန်နေမှာပါ......!!! ”

Saturday, March 5, 2011

စီရင်ပိုင်ခွင့်….

စီရင်ပိုင်ခွင့်…. တဲ့လား……….
ဘာကိုစီရင်ခွင့်….. ရမှာတဲ့လဲ……..!

ကိုယ်တိုင် ယုံကြည်… ဖေါက်ထွက်ခဲ့တဲ့ ရပ်ဝန်းလေးတခုကိုလား…
ကိုယ်တိုင် စိုက်ထူ ရွက်လွှင့်နေတဲ့ အဆစ်အပိုင်းလေးတခုကိုလား….

တပါးသူရဲ့ ရွေးချယ်ပိုင်ခွင့်မှာ နေရာယူဖို့....လား……….
တပါးသူရဲ့ လွတ်လပ်ပျံသန်းမှုမှာ ခိုနားဖို့.....လား……………
တပါးသူရဲ့ ရယ်မောသံလေးတွေကို ရပ်တန့်ပစ်ဖို့......လား……….
…………………….

မဖြစ်မနေဆိုတဲ့ သတ်မှတ်ချက်တခု… ရဲ့…
နောက်ကွယ်က… မာယာမျက်နှာဖုံး..
ဟန်ဆောင်ကမ္ဘာ….
ဆိုတဲ့…..
……………………………..
ခြောက်ကပ်ကပ် နဲ့….. မေတ္တာတရား…တွေ.. ပါးရှား…တဲ့
ခေတ်ပျက်ကြီးထဲမှာမှ..
ငါ..ဆိုတဲ့…ငါကလည်း…
စီရင်ချင်သေး..
!!!

တကယ်တော့…..
ဘယ်အရာကိုမှ………..
စီရင်ပိုင်ခွင့်………မရှိတဲ့…..
လူသားတဦး.. အဖြစ်နဲ့……….
စီရင်ပိုင်ခွင့်......ကို
စီရင်နေလေရဲ့…!!!!!

Tuesday, March 1, 2011

သူငယ်ချင်း မဲ့…

ရင်ထဲကနေ ပြင်းပြတဲ့ ဝေဒနာတွေ ခံစားရတိုင်း…..

ရင်နှင့်အမျှ ဖြစ်ပေါ်လာတဲ့ အငွေ့အသက်လေးတွေ ထိတွေ့ခံစားမိတိုင်း…..

မတူညီတဲ့ စိတ်အခြေရှိတဲ့ သူတွေကို တွေ့မြင်ရလေတိုင်း…..

ဝေခွဲရခက်တဲ့ အရာတွေနဲ့ ရင်ဆိုင်ရတိုင်း…..

တစုံတရာနာကျင်မှုတွေနဲ့ တိုးဝှေ့ရတိုင်း…..

ရင်းနှီးမှုမရှိတဲ့…. ရွေးချယ်ရမှု ဆိုတဲ့ စကားလုံးနဲ့ ရှောင်လွှဲလို့မရခဲ့တိုင်း….

မာယာစကားလုံးတွေနဲ့ ခြောက်လှန့်ခံလိုက်ရတိုင်း…..

ဘေးနားမှာ…. “နင်…..တို့” များ ရှိနေလေမလားလို့ ကြည့်လိုက်တိုင်း.. မောဟိုက်နေတဲ့ ရင်ခွင်တစုံကသာ ဆီးကြိုနေခဲ့တယ်.!

~~~~~~~~~

တခါတရံမှာတော့.. အတူတကွ ဖူးမြော်ခဲ့ကြတဲ့ ဆံတော်ရှင် ကျိုက်ထီးရိုးက အေးချမ်းလှတဲ့ ဆည်းလည်းသံတွေကို ကြားယောင်မိလေတိုင်း အိပ်မက်ရှည်ကြီးထဲက လန့်နိုးနေခဲ့ရသလိုပါပဲ.!

“ဘယ်လောက် ခက်ခဲကြမ်းတမ်းပါစေ..” အတူတူသာ ရင်ဆိုင်ရမယ်ဆို ဖြေရှင်း ခရီးဆက်ခဲ့ကြတဲ့ နေ့ရက်တွေကို ဘယ်လိုနေ့ရက်တွေနဲ့ အစားထိုး မေ့ပစ်လို့ ရနိုင်ပါ့မလဲ..!

ပူပြင်းတဲ့ နွေရာသီမှာ ခြေရာချင်း ထပ်ခဲ့ကြသလို မိုးရေစက်လေးတွေရဲ့ အောက်မှာလည်း ခြေရာ ထပ်ခဲ့ကြဖူးတယ်…. အေးချမ်းတဲ့ ဆောင်းမှာလည်း ခြေရာချင်းတွေ ထပ်ခဲ့ကြဖူးတယ်... ခြေရာချင်း ထပ်ခဲ့ကြတဲ့ နေရာလေးတွေကို တမ်းတမိလေတိုင်း အလိုလို ကျလာတတ်တဲ့ မျက်ရည်တွေ ကိုတော့ မတား..ပါ.. ရစေနဲ့..!

ဆွတ်ပျံ့လွမ်းမောဖွယ်ရာ နေရာလေးမှာ ဖြူစင်တဲ့ မေတ္တာတရားတွေနဲ့ တွယ်နှောင်ခဲ့ကြတဲ့ အချိန်လေးတခုကိုလည်း မရနိုင်တော့မှန်း သိပေမယ့် ပြန်လိုချင်နေမိတယ်..............!

“ငါ…….တို့တွေ”.. တယောက်ရဲ့ လိုအပ်ချက်လေးတွေကို တယောက်က ပွင့်လင်းရင်းနှီးစွာနဲ့ ပြောဆို အဖြေရှာခဲ့ကြပြီး ပြင်ခဲ့တာလေးတွေကို စဉ်းစားလိုက်တိုင်း ခုချိန်မှာ “ငါ့…..”ရဲ့ လိုအပ်နေတဲ့ လိုအပ်ချက်လေး တွေကို ပြင်ဆင်ပေးဖို့ အတွက် တောင့်တမိလိုက်တာ…!

“ငါ့…..ရဲ့” ပုံရိပ်တွေကို မျှဝေခံစားစေရင်း “နင်……တို့” ရဲ့ တားမြစ်သံလေးတွေ…. အားပေး စကားသံလေးတွေ…. အပြုံးလေးတွေ….. အကြံဥာဏ်လေးတွေ…… ရီမောသံလေးတွေ …… နှစ်သိမ့်မှုပေးတဲ့ ပြောဆိုသံလေးတွေ……. နဲ့ “ငါ…..” အားအင်ဖြစ်စေဖို့ စိတ်ကူး အဖြစ်နဲ့ပဲ သိုဝှက် သိမ်းဆည်းပြီး ခရီးဆက်နေတတ်ခဲ့ပါပြီ…!!!

စိတ်ကူးနဲ့ လက်တွေ့ဘဝကို ထုဆစ်ပုံဖေါ်တဲ့အခါမှာ ထပ်တူမကျတတ်တဲ့ အရာလေးတွေ ရှိတယ်ဆိုတာကိုလည်း “နင်… …တို့” နားလည် သိတတ်နေလောက်ပါပြီ…!

ဟန်ဆောင်ကမ္ဘာရဲ့ တဘက်ခြမ်းမှာ “ငါ….တို့..” အားလုံး အတူတူ တည်ငြိမ်အေးချမ်းစွာနဲ့ အဆိပ်အတောက်ကင်းကင်း ဖြတ်ကျော်ချင်တဲ့ စိတ်လေးကတော့ မပြောင်းမလဲ တည်တံ့နေမှာပါ.!

“ငါ…”လေ.... ထပ်တူမကျတဲ့ အခိုက်အတန့် လေးတွေမှာတော့ ကလောင်တံကိုကိုင်ပြီး ထိုးဆွနေတတ်ခဲ့ပြီလေ…!

ခုချိန်မှာတော့……………..
“ငါ…” က…….. သူငယ်ချင်းမဲ့နေတဲ့ လူသားတဦး…!!!!!