Tuesday, May 25, 2010

မှိုင်းညို့ညို့..


အလင်းရောင် တဖြည်းဖြည်း ပျောက်လို့ အမှောင်ဘက် ကမ်းဆီကို ချဉ်းကပ် လာနေတဲ့အချိန်မှာ..။

ပူပြင်းလှတဲ့ ရာသီ အခြေအနေကနေ တလှမ်းချင်း အအေးဓါတ်ကို ကူးပြောင်းလို့…။

ကောင်းကင် တခွင်လုံး မှိုင်းညို့ အုံ့မှောင်မှုနဲ့ အတူ ကျမရဲ့ စိတ်အစဉ် တွေကလည်း ကောင်းကင်ကြီးနဲ့ အပြိုင် မှိုင်းညို့ အုံ့မှောင်ပြီး ရွာတော့မဲ့ဟန် နဲ့ ပြိုဆင်းတဲ့ ဟန်ပန်နဲ့……..

စိတ်ဆိုတာကလည်း ပျံ့လွင့်လွယ်၊ ပြောင်းလဲလွယ်၊ ပြန်တော့ တခဏ အတွင်းမှာပဲ ကမ္ဘာ လောကကြီးရဲ့ နေရာစုံကို တမုဟုတ်ချင်း ရောက်သွားပါ လေရောလား။

စိတ်သွားတိုင်း ကိုယ်ပါနိုင်ရင် ၀မ်းသာမဲ့ လူသားကလည်း ကျမ ဖြစ်နေပါရော….။

ကျမ နှစ်ခြိုက်ရတဲ့ နေရာလေး တခုဆီကို ရောက်သွားလိုက်တာ…

နေ့တိုင်းလို အမြဲ သတိရနေတဲ့ သိပ်ချစ်ရတဲ့ သူငယ်ချင်းတွေ ရှိတဲ့ဆီကို အလျင်အမြန် ရောက်သွား မိတယ်။

စိန်ပန်းပင် တွေ ရဲနေအောင် ပွင့်နေတဲ့၊ မြေသင်းနံ့လေး သင်းနေတဲ့ တက္ကသီလာ မြကျွန်းသာ ကျောင်းကြီးထဲက လမ်းပေါ်မှာ သူငယ်ချင်းတွေနဲ့ အတူ လမ်းလျှောက်လို့.။

အလို…. လမ်းတလျှောက်လုံး စိန်ပန်းပွင့်လေးတွေ ကြွေကျနေလိုက်တာ.. ရဲနေတာပါပဲလား…

သူငယ်ချင်း အားလုံးရဲ့ မျက်ဝန်းလေး တွေကလည်း တောက်ပတဲ့ အရောင်တွေနဲ့ အပြုံးပန်းတွေ ဝေဆာ နေလိုက်တာ အနာဂတ်လမ်းဆီကို ဦးမော့လို့…..။ အချိန်ကြာလာတာနဲ့ အမျှ ကျမတို့ သူငယ်ချင်းတွေရဲ့ ကြိုးစားမှု ရလာဒ်တွေနဲ့ ရင့်သန်မှုတွေကလည်း အားကောင်း လာတယ်လေ။ ရင်ထဲမှာ ဖြစ်တည်နေတဲ့ ရည်မှန်းချက် တွေက နီးသထက် နီးလာရင်း… သူငယ်ချင်း အားလုံးရဲ့ ရင်ထဲမှာလည်း နွေးထွေးမှု ကိုယ်စီ ရင်ဝယ်ပိုက်လို့…။

စိတ်ကူးတွေ တသီတသန်းကြီးနဲ့ လျှောက်လာ လိုက်တာ စာသင်ခန်းမထဲကိုတောင် ရောက်လာ လုနီးပြီပဲ..။ အတန်းထဲကို ရောက်တယ် ဆိုရင်ပဲ ဆရာမရဲ့ စာသင်သံက ကျမရဲ့ စိတ်ကူး ပုံရိပ်တွေကို သိမ်းသွင်းထား လိုက်တာ… တချက်တချက် တော့လည်း စာသင်ခန်းရဲ့ အပြင်ကို ပျံ့လွင့်လို့…။ ကျမဘေးနားမှာ ထိုင်နေတဲ့ သူငယ်ချင်းကို ကြည့်လိုက်တော့ စာထဲမှာ စိတ်ဝင်စား နေလိုက်တာလေ…။ အဲဒီအချိန်မှာ သူ့ရဲ့ စိတ်တွေရော အပြင်ကို ပျံ့လွင့် မနေဘူးလားလို့ တွေးကြည့်ရင်း ကျမရဲ့ စိတ်ကသာ ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ ဖြစ်နေပါပေါ့ လို့ တွေးရင်းနဲ့...။

အေးလေ……. ကျမရဲ့ စိတ်ကသာ ဟိုးးးးးး ဟိုး….. အဝေးတွေထိ သွားနေတာလေ..။

ဆရာမ စာသင်ချိန် အပြီးမှာတော့ ကျမရဲ့ မျောလွင့်နေတဲ့ စိတ်ကို လိုက်လံ ဖမ်းဆုပ်ရင်း နောက်ဝင်လာမဲ့ ဆရာကို စောင့်မျှော် နေမိတယ်..။ စာသင်မဲ့ ဆရာကို မျှော်နေရင်းကပဲ စိတ်တွေက ဘယ်ကို ရောက်သွား မိပါလိမ့်..။ အို… ပြန်လို့ စုစည်းဦးမှ… စုစည်းဦးမှ…ပဲ...။

ဟော…. ဆရာတောင် အတန်းထဲကို ၀င်လာနေပြီ..။ ကျမတို့ သူငယ်ချင်း အားလုံး ဆရာရဲ့ သင်ကြားမှု အောက်မှာ နာခံရင်း စိတ်ကိုတော့ အဝေး မရောက်အောင် ထိန်းချုပ်ရင်းပေါ့…။

စာသင်တဲ့ အချိန် အပြီးမှာတော့ စိတ်ကို တခါပြန်စုစီး…. ပြန်ထုတ်ပိုး…. မလို့ လုပ်နေတုန်း ဗြုန်းဆို… မိုးအကြီးအကျယ် ရွာချလိုက်တာ… မှိုင်းညို့ညို့ ဖြစ်နေတာကနေ ခုတော့ သူ့တာဝန် သူ ကျေပွန်အောင် ထမ်းဆောင်လို့….

သေချာ ပြန်စဉ်းစားပြီးတဲ့ အချိန် စိတ်ကို သေချာ ပြန်စုစီးပြီး ပြန်ထုတ်ပိုးပြီးတဲ့ အချိန်မှာတော့ ကျမတယောက် စိတ်ကူးအယဉ်လွန်နေတာပဲ…. အဲဒီတော့မှ အိမ်ပြင်ဘက်ကို ကြည့်လိုက်တာ အိုးးးးးးး မိုးတွေ သည်းသည်း မည်းမည်းနဲ့ အရမ်းရွာနေတာပါရောလား…….။

Wednesday, May 19, 2010

အမှောင်မှ အလင်း….


မှောက်မိုက်နေတဲ့ နေရာ ရပ်ဝန်းလေး တခုထဲ ကနေ အလင်းရောင်နဲ့ ပြည့်စုံနေတဲ့ နေရာ ရပ်ဝန်းလေး တခုကို ကြည့်လိုက်တဲ့ အခါ ခံစား သိရှိလိုက်ရတာက အလင်းထဲမှာ ရှိနေတဲ့ သက်ရှိ သက်မဲ့ အရာတွေ အားလုံးကို တွေ့မြင်လိုက်ရတယ်။ အဲဒီအခါ ကိုယ်က အမှောင်ထဲကနေ အလင်းထဲက အရာအားလုံးကို မြင်နေရတဲ့အခါမှာ ၀မ်းသာသလိုလို၊ ကျေနပ်မှု ရှိသလိုလို ပီတိ ဖြစ်တတ်ကြတယ်။

အလင်းထဲမှာ ရှိနေတဲ့ သက်ရှိ သက်မဲ့ ၀တ္ထု ပစ္စည်းတွေကို အမှောင်ထဲကနေ ကြည့်ချင်သလို ကြည့်လို့ ရနေတာ ဆိုပြီးတော့လည်း အမှောင်ထဲမှာပဲ လမ်းလျှောက်ချင်ကြပြန်တယ်။

တခါတရံတော့လည်း အမှောင်ထဲက လူဟာ အလင်းထဲမှာ ရှိနေတဲ့ လူတွေရဲ့ လှုပ်ရှားမှု၊ ပြောဆိုမှု၊ နေထိုင်မှု၊ စတာတွေ ကို ကြည့်ပြီး အမှောင်ထဲမှာပဲ လှုပ်ရှားကြပြန်တယ်။ ဒါတွေကို ကြည့်ပြီး အမှောင်ထဲက လူဟာ အလင်းထဲက လူထက် အစစအရာရာ သာနေတယ်လို့ ထင်မြင်မိပေမဲ့ တကယ်တော့ ဆန့်ကျင်ဘက် တေးသွားတပုဒ်လို ပါပဲ။

ကိုယ်တိုင်က ရိုးသား ဖြူစင်တဲ့ စိတ်ရှိတဲ့သူဟာ အမြဲတမ်း အမှောင်လောက ကမ္ဘာကြီးထဲမှာပဲ ရှိမနေကြဘူးလို့ ထင်မိတယ်။ တကယ်တော့ အမှောင်ထဲက လူဟာ အလင်းရောင်ထဲကို ခနဖြစ်ဖြစ် ၀င်ကြည့်မိခဲ့ရင် အလင်းရောင်ထဲက လူတွေရဲ့ ခံစားချက်၊ အလင်းရောင်ထဲက လူတွေရဲ့ နှလုံးသွေးကို သိနားလည်ပြီး သဘောပေါက် သွားမှာပါ။

လူတွေရဲ့ ဘ၀ တသက်တာ ဆိုတာ အချိန်အတိုင်းအတာ တခုအနေနဲ့ သိပ်ကို တိုတောင်း လွန်းလှပါတယ်။ ဒါကြောင့် အမှောင်ထဲမှာ ရှိနေတဲ့ လူတွေဟာ အမှောင်ထဲမှာပဲ စီးမျော နစ်ဝင်မနေပဲ အလင်းရှိတဲ့ နေရာလေးတခု၊ ဒါမှမဟုတ် အလင်းရောင် ရပ်ဝန်းထဲကို ၀င်လာခဲ့မယ်ဆိုရင် တန်ဖိုး ရှိတဲ့ အချိန်တခုကို ဖြတ်ကျော် သွားနိုင်မှာပါ။ အဲလို တန်ဖိုးရှိတဲ့ အချိန်တခု ကို ဖြတ်သွားရမဲ့ ဘ၀ ယာဉ်ရထားကြီး ပေါ်မှာလည်း ပျော်ရွှင် ကြည်နူးမှုတွေနဲ့ အတူ လောကကြီးရဲ့ ကောင်းကျိုးတွေကို သယ်ပိုးရွက်ဆောင်နိုင်ပြီး လူမှုဘ၀ ဖူလှုံမှု တွေနဲ့ အဖေါ်ကောင်းတွေကို ပိုင်ဆိုင်ကြရမှာ မလွဲဧကန်ပါပဲ..။

အခု အခြေအနေမှာ ဆိုရင် လူတော်တော် များများက အမှောင်လောကထဲမှာပဲ ကျင့်သား ရသလို ဖြစ်နေကြပြန်တယ်။ အလင်းထဲမှာ ဆိုရင် ရင်ဆိုင်ရမဲ့ ပြဿနာတွေ၊ ပြောဆိုရမဲ့ စကားအသွားအလာတွေ နဲ့ တည့်တည့် တိုးနိုင်၊ တည့်တည့် ရင်ဆိုင် ရနိုင်ပါတယ်။ ဒါပေမဲ့လည်း အလင်းထဲကနေ ပြဿနာ တခုကို ရင်ဆိုင် ဖြေရှင်း လိုက်နိုင်တာက ပိုလို့ မြင့်မြတ်ပါတယ်။

အမှန်တော့ အမှောင် ဘ၀ ထဲကနေ အလင်းရောင် ဘ၀ထဲကို ၀င်ကြည့် လိုက်မယ်ဆိုရင် ဘ၀မှာ မမြင်နိုင်တဲ့ ရင်းနှီးမှုတွေ၊ မကြားဖူးသေးတဲ့ အတွေ့အကြုံတွေ၊ အဆက်အသွယ်တွေ၊ တန်ဖိုး မဖြတ်နိုင်တဲ့ ကုသိုလ်စိတ်တွေ၊ မကြုံဖူးသေးတဲ့ ဘ၀ အခြေအနေတွေ နဲ့ တွေ့ကြုံလာမှာပါ။ ဒါကိုက ဘ၀မှာ သိပ်ကို တန်ဖိုးရှိတဲ့ အချိန်တခုကို ကျော်ဖြတ်သွားနိုင်ပြီပေါ့။

အလင်းထဲမှာ နေပြီးတော့လည်း အလင်းထဲမှာ ရှိနေကြတဲ့ လူတွေရဲ့ ပကတိ ရိုးသားဟန်၊ ဖြူစင်ဟန်၊ ပြောဆိုဟန်၊ လှုပ်ရှားမှုဟန်၊ တွေးခေါ်ဟန်၊ နေထိုင်ဟန်၊ တွေကို လက်တွေ့ ကြည့်ရှု လက်တွေ့ ရင်ဆိုင် တွေ့ကြုံ ရမှာပါ။ ပညာရည် ပြည့်ဝတဲ့ သူတွေဆီကနေ ပညာယူလို့ တိုးတက် လျှောက်လှမ်းနိုင်ကြမယ်။ အသိဥာဏ် ပြည့်ဝတဲ့ သူတွေဆီကနေ မသိသေးတဲ့ အကြောင်းချင်းရာတွေကို သိရှိ နားလည်နိုင်ကြမယ်။

အမှောင်ဘ၀ထဲမှာပဲ နေပြီး အမှောင်ထဲမှာ ရှိနေတဲ့ လူတွေဟာ အမှောင်ထဲမှာပဲ ဖြတ်သန်းနေကြတဲ့ လူတွေကို မြင်နိုင်ပါ့မလား…။

ကျမဟာ အမှောင်ကြောက်တတ်သူ ဆိုတော့ အလင်းထဲမှာပဲ နေပြီး အလင်းကိုပဲ ကြည့်နေချင်တယ်။

အလင်းရောင် ရပ်ဝန်း ထဲမှာ ရပ်တည်နေပြီး အလင်းရောင် ရပ်ဝန်းထဲမှာ ရှိနေတဲ့ လူတွေကို အပြုံးပန်းတွေ ဝေေ၀ဆာဆာနဲ့ စိတ်ရင်းအမှန် အတိုင်း ပြောဆို ဆက်ဆံ၊ အသိပညာတွေ ဖလှယ် နိုင်ကြပြီး၊ တူညီတဲ့ ဘ၀လမ်းကြောင်းထဲမှာ တူညီတဲ့ စိတ်ကောင်းစိတ်မြတ်တွေနဲ့ စိမ်းလန်း ဝေဖြာ အလှဆင် နိုင်ကြပါစေလို့ ရင်ထဲ တနေရာကနေ လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုရင်း…..။

Friday, May 14, 2010

ရေရှားပါးမှု ကိုဖြေရှင်းဖို့…


မြန်မာနိုင်ငံမှာ ရာသီဥတု ပူပြင်းလာတာနဲ့ အမျှ သောက်သုံးရေရှားပါးမှု၊ ရေပြတ်လပ်မှု ပြဿနာကလည်း တစတစနဲ့ တိုးလိုးသာ လာနေတော့တယ်။ ဟိုနားမှာ ရေရှားပါး၊ ဒီနားမှာတော့ ရေပြတ်သွားပြန်ပြီ… ဟိုရွာမှာလည်း ရေတွေ ခန်းကုန်ပြီနဲ့ အဝေးကနေ ကြားနေရ၊ မြင်နေရ တာ တကယ်တော့ စိတ်ထိခိုက်လှပါတယ်။ ကိုယ့်ရဲ့ နိုင်ငံမှာ ရေရှားပါးမှု ပြဿနာက အရင်တုန်းက သိပ်မကြားဖူးပေမဲ့ ခုလို သဘာဝ ပတ်ဝန်းကျင် ဆုံးရှုံးလို့၊ သစ်တောတွေ ပြုန်းတီးလာတာနဲ့ အမျှ ရာသီဥတုရဲ့ ဖေါက်လွဲဖေါက်ပြန် ကိုလည်း တနင့်တပိုး ခံစားကြရပြန်ပါတယ်။

တခါမှ မကြုံဖူးတဲ့ အဖြစ်တွေက.. ကန်တွေ ရေခန်းတာ၊ ရေအိုင်တွေ ရေခန်းတာ၊ အဲဒါ တွေဟာ ဘာကြောင့်လဲ…။

ကျမတို့ဟာ အမိနိုင်ငံနဲ့ ဝေးနေတဲ့ နေရာ တခုမှာ ရောက်နေပေမဲ့ ကိုယ့်နိုင်ငံရဲ့ အခက်အခဲတွေကို တတ်နိုင်သရွေ့ ပါဝင်နိုင်မယ်ဆိုရင်….

ကျမလည်း မိတ်ဆွေတွေ တချို့နဲ့ တိုင်ပင်ရင်း ရေရှားပါးမှု၊ ရေပြတ်လပ်မှု အတွက် မေးမြန်းစုံစမ်းရင်း လတ်တလော ရေပြတ်လပ်မှု အတွက် ကူညီ ဖြေရှင်းပေးနေတဲ့ STA အဖွဲ့နဲ့ ပေါင်းပြီး ရေလှူဒါန်း နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

လတ်တလော ခံစားနေရတဲ့ ရေပြတ်လပ်မှု ဘေးဒုက္ခဆိုးကြီးနဲ့ သောက်သုံးရေ ရှားပါးမှု တို့အတွက် ရေလှူဒါန်း နိုင်ဖို့ ဖိတ်ခေါ်ပါရစေ..။

Wednesday, May 12, 2010

ပျောက်ရှခဲ့တဲ့ စကားလုံးများ


တခါတရံ ရင်ထဲမှာ ပြောချင်တဲ့ စကားလုံးလေးတွေက ရင်ထဲမှာပဲ ပျောက်သွားခဲ့ရတယ်။ တခါတရံတော့ ပြောချင်တဲ့ စကားလုံးလေးတွေက စကားလုံးတွေအဖြစ် ပါးစပ်ထဲကနေ နူးညံ့ သိမ်မွေ့စွာနဲ့ ထွက်ကျ လာတတ်တယ်။ တခါတရံတော့ လည်ချောင်းဝမှာတင် တစ်ဆို့လို့…။ တခါတရံတော့ စကားလုံးလေးတွေကနေ သံစဉ် ရှာဖွေပြီး ရှတတဲ့ သီချင်းတွေ အဖြစ် သီဆိုလို့.။ ကလောင်သွားထက်တဲ့ သူတွေကတော့ စာလုံးလေးတွေအဖြစ် တနေရာရာမှာ အစက်ချလို့ပေါ့..။ စုတ်ချက် ကျွမ်းကျင်တဲ့သူတွေ ကတော့ ပန်းချီ အဖြစ် အသက်သွင်းလို့...။ တခါတရံတော့ ကဗျာ ခံစားမှုတွေ အဖြစ် နူးညံ့လှပ သပ်ရပ်စွာနဲ့ ခံစားမှုလေးတွေ သီကုံးလို့ပေါ့.။ တခါတရံတော့ အိပ်မက်အဖြစ် ပုံစံပြောင်းလို့ပေါ့..။

ကိုယ်ပြောချင်တဲ့ စကားလုံးလေးတွေကို အမျိုးမျိုးသော ပုံသဏ္ဍာန်တွေနဲ့ ကိုယ်တိုင် ဖေါ်ကျူး၊ ကိုယ်တိုင် အဓိပ္ပါယ် ဖွင့်ဆို၊ ကိုယ်တိုင် ရေးစပ်၊ ကိုယ်တိုင် ဖွင့်ဟ၊ ကိုယ်တိုင် ခံစား၊ ကိုယ်တိုင် သီကျူး၊ ကိုယ်တိုင် သီဆို၊ ကိုယ်တိုင် ရေးဖွဲ့၊ ကိုယ်တိုင် ဖွေရှာလို့..

တနည်းနည်းနဲ့ ကိုယ်ရင်ထဲက ထွက်ကျလာမဲ့ နက်နဲလှတဲ့ စကားလုံးတွေကို တစုံတခုသော နည်းလမ်း တခု အနေနဲ့ သီကုံး ရတာကိုက ကိုယ့်အတွက်တော့ ရုပ်လုံးပေါ်သွားခဲ့ရပြီ။

ကိုယ်ထွင်းလိုက်တဲ့ ရုပ်လုံးလေး၊ ကိုယ်အစက်ချတဲ့ ဆေးစက်လေးတွေဆိုတာ စကားလုံးတွေကနေ ရုပ်လုံးလေးတွေ၊ အစက်လေးတွေ အဖြစ် ရင်ထဲမှာ ဖြစ်တည်နေတဲ့ အစိုင်အခဲ တခုကို ပြင်ပမှာ အစက်ချလိုက်တာပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရင်ထဲက စကားလုံးလေးတွေကို ရင်ထဲမှာ သိမ်းထားတာထက် တနေရာရာမှာ ဖတ်ခွင့် ၊ နားဆင်ခွင့်၊ ကြည့်ခွင့်၊ ကြုံရတာလည်း ကောင်းသော အစက်ချခြင်းလေး တမျိုးပေါ့။

တချို့ စကားလုံးတွေ ကျတော့လည်း အစက်လေးတွေ ချရတာထက် ရင်ထဲမှာပဲ သိမ်းဆည်း ထားရတာက ခိုင်မာ တည်တံ့ခြင်း တမျိုးပါပဲ။ သိမ်းဆည်းထားရတာ တဖြည်းဖြည်း များလာတော့လည်း ပေါက်ကွဲ ထွက်ကျ လာနိုင်သေးတယ်။ ပေါက်ကွဲ လာမဲ့ စကားစုတွေက ကောင်းသော စကားလုံးတွေ အဖြစ် တည်ရှိဖို့ အရေးကြီးပြန်တယ်။

တခါတရံလည်း ရင်ထဲက စကားလုံးတွေက ရင်ထဲမှာပဲ ပျောက်ရှသွားခဲ့သလို၊ ရင်ထဲမှာပဲ အမာရွတ် ထင်ကျန်ခဲ့ရတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရင်ထဲက စကားလုံးတွေက ဘာကိုရည်ရွယ်ပြီး ဖြစ်တည်လာခဲ့ရတာလဲ။။ ဘယ်လို အကြောင်းကြောင့် ဖြစ်လာခဲ့ရတာလဲ။။ ဘယ်သူ့ကြောင့် ဖြစ်လာခဲ့ရတာလဲ။။ ဆိုတော့…

ရင်ထဲက စကားလုံလေးတွေကိုတော့ သိမ်းထားသင့်တာကို သိမ်းထားပြီး ဖွင့်ဟသင့်တာကို တပါးသူ အတွက် (တပါးသူအတွက် မထိခိုက်ဖူးဆိုရင်ပေါ့) ဖွင့်ဟသင့် ပါတယ်။ မပြောဖြစ်ခဲ့ဖူး ဆိုရင်တော့ တချိန်ချိန်မှာ နောင်တနဲ့အတူ ၀မ်းနည်း ပူဆွေးမှုတွေ၊ နာကျင်မှုတွေကို သာ လက်ခံရလိမ့်မယ်။ ကိုယ့်ရဲ့ ရည်ရွှယ်ချက်အတိုင်း၊ ကိုယ်ရဲ့ စိတ်ရင်းအမှန်အတိုင်း ရင်ထဲကနေ ဖြစ်တည်လာခဲ့တဲ့ စကားလုံးတွေကို ကိုယ်ရည်ရွယ်တဲ့သူကို ထုတ်ဖေါ် ပြောပြသင့်ပါတယ်။

ဒါပေမဲ့လည်း တခါတခါမှာ ကိုယ်ပြောချင်တဲ့ ကိုယ်အလေးထားတဲ့ စကားလုံးတွေဟာ ပြောဖို့ ခက်တဲ့ အခြေအနေမှာ ဖြစ်နေတတ် ကြပြန်တယ်။

အဲဒီ အခြေအနေကို ပြောင်းလဲဖို့တော့ လိုတာပေါ့။ ပြောင်းလဲအောင် လုပ်ဖို့လည်း လိုပါတယ်။

ဒါကြောင့် တန်ဖိုးထားရတဲ့ စကားလေးတခွန်းဟာ တခါတရံမှာတော့ ရင်ထဲမှာပဲ နှမြောစရာကောင်းစွာနဲ့ ပျောက်ရှ ကုန်ကြရတယ်။

ကိုယ်လည်း ရင်ထဲက စကားလုံးတွေ ဘယ်လောက်တောင် ပျောက်ရှကုန်ပြီလဲလို့ အထပ်ထပ် တွေးရင်း….

နာကျင်စွာနဲ့ပဲ နှလုံးသွေးတွေ ဗလောင်ဆူကုန်တော့တယ်……..။

Saturday, May 8, 2010

ဘယ်သောအခါမှ ပျောက်ကွယ်မသွားမဲ့ `အမေ´


ကမ္ဘာ့အမေများနေ့မှာ အမေအတွက် ဘယ်လိုဂုဏ်ပြုစာ ရေးရမလဲလို့ တွေးရင်း… တွေးရင်းနဲ့…

ကျမရဲ့ မတောက်တခေါက် စာရေးသားပုံနဲ့ ကျမအမေရဲ့ မေတ္တာကျေးဇူး အနန္တတွေက ကြီးမားလွန်းမက ကြီးမားပြီး နှိုင်းယှဉ်ဖို့ ခိုင်းနှိုင်းလို့ မရလောက်အောင် များပြားလွန်းမက များပြားနေတာကြောင့် ရေးဖို့ အလွန့်ကို မ၀ံ့မရဲ ဖြစ်နေမိပါတယ်..။ ဒါပေမဲ့လည်း အမေများနေ့မှာ အမေအတွက်လည်း တခုခု ဂုဏ်ယူချင်၊ ဂုဏ်ပြုချင်တာကြောင့်လည်း ကျမရဲ့စိတ်ထဲမှာ အတော့်ကိုပဲ မချင့်မရဲ ဖြစ်နေရပြန်တယ်။

ကျမရဲ့ ရေးသားချက်တွေဟာ အမှန်တကယ်တော့ ဆပ်လို့ မကုန်နိုင်တဲ့ ကျေးဇူးရှင် ကျမအမေရဲ့ မေတ္တာနဲ့စာရင် မြူမှုန်လေး တမှုန်စာလောက်ပဲ ရှိမယ်လို့ ယုံကြည်မိတယ်။

ကျမ အမေဟာ သားသမီးတွေ အပေါ်မှာ ငယ်ငယ်ကတည်းက ဘယ်လိုပြုစု ပျိုးထောင်ခဲ့ရလဲဆိုတာ ကျမတို့ မောင်နှမ တွေကအသိဆုံး ဖြစ်နေလို့ပါပဲ………. အမေ။

သားသမီးတွေကို ပညာတတ် ဖြစ်စေချင်လွန်းလို့ အမျိုးမျိုး ကြိုးစားပြီး ပိုပြီး အပင်ပန်းခံခဲ့တာ တွေကိုလည်း ကျမတို့တွေ အသိဆုံးပါပဲ………. အမေ။

မိသားစု အပေါ်မှာလည်း တကယ့်ကို တာဝန်တွေကျေလွန်းလို့ အများရဲ့ အံ့သြ ချီးမွန်းမှုကိုလည်း ခံရတာ မဆန်းပါဘူး………. အမေ။

ဆွေမျိုး မိတ်ဆွေတွေ အပေါ်မှာလည်း အခက်အခဲရှိလာရင် စိတ်အား ထက်ထက်သန်သန် နဲ့ ကူညီဖို့ အဆင်သင့် ဖြစ်နေတယ်ဆိုတာ ကျမတို့တွေ အသိဆုံးပါ.......... အမေ။


မှတ်မှတ်ရရ..

ကျမ ဆယ်တန်းမှာ…

ညဘက် ညဥ့်နက်အောင် စာကျက်တဲ့ကျမကို မအိပ်မချင်း ဘေးနားကနေ စောင့်ပေးပါတယ်။ တရက်မှာ တနေ့လုံး ပင်ပန်းနေတော့ ကျမဘေးနားမှာ လှဲပြီး စောင်လေးခြုံလို့ စောင့်ပေးနေပါတယ်။ ကျမဘေးနားမှာ ခြင်ဆေးလည်း ထွန်းထားပါတယ်။ ကျမက နောက်ကိုလှည့်ကြည့်လိုက်တော့ အမေကို ခြင်ကိုက်မှာစိုးလို့ ခြင်ဆေးခွေကို ကျမအမေရဲ့ ဘေးနားကို ကပ်ပြီးထားလိုက်မိပါတယ်။ တော်တော်ကြာတော့ ကျမအမေက အမလေး ပူလိုက်တာဆိုလို့ ကျမ နောက်လှည့်ကြည့်တော့မှ ကျမအမေရဲ့ ဒူးခေါင်းမှာ ခြင်ဆေးကနေ မီးကူး၊ စောင်ကိုလောင်ပြီး ဒူးခေါင်းကိုလောင်နေပါတယ်။ ဒူးခေါင်း ပူတော့မှ သိပါတယ်။ ဒူးခေါင်းနားက စောင်မှာ အပေါက်ကြီး ဖြစ်သွားပြီး အပူလောင်သွားပါတယ်။ ဒါနဲ့ပဲ နောက်ဆို ခြင်ဆေးကို မထွန်းရဲတော့ပါဘူး။

ကျောင်းအတွက် ထမင်းဗူး အဆင်သင့် ဖြစ်အောင် အစောကြီး ထချက်၊ မနက်စာ မုန့်စားဖို့ အဆင်သင့် လုပ်ပေးနေရင်းနဲ့တောင် မအားတဲ့ကြားထဲကနေ ကျမတို့လိမ်းဖို့ သနပ်ခါးကလည်း သွေးပေးပြီးသား ပါ။ ကျမတို့ကတော့ အဆင်သင့် လိမ်းရုံပဲပေါ့။ အဲဒီအချိန်တုန်းကတော့ အမေ ဘယ်လောက် ပင်ပန်းမှန်းကို မသိခဲ့ ရရိုး အမှန်ပါ။

ကျမတို့ အရွယ်ရောက် လာတော့လည်း ကျောင်းတက်နေရတဲ့ ကျမတို့တွေ အတွက် ပင်ပန်းခဲ့ရပြန်တာပါပဲ။ ခုချိန်ထိလည်း ကျမတို့တွေ အတွက် ဘေးနားကနေ အားလုံးကို လုပ်ကိုင်ပေးနေတုန်း၊ အကြံဥာဏ်ကောင်းတွေ ပေးနေတုန်းပါ။

သားသမီးတွေ အပေါ် အလွန့်ကို တာဝန်ကျေပွန်သလို ကျမအဖေအပေါ်မှာလည်း အလွန်ကို တာဝန် ကျေပွန်ပြီး ဇနီးကောင်းပီသ ပါတယ်။

ပြီးတော့ ခင်ပွန်း သားသမီးတွေ အပေါ်မှာသာ တာဝန်ကျေပွန်ရုံမက မောင်နှမဆွေမျိုးသားချင်းအပေါ် မှာလည်း အလွန်ကို တာဝန်ကျေပွန်ပါတယ်။ တခါတရံ ကျမတို့တွေက အမေ ပင်ပန်းတာကို ကြည့်ပြီး အားမလို အားမရနဲ့ ပြောမိကြပါတယ်။ ဒါပေမဲ့လည်း ကျမအမေကတော့ ဆွေမျိုးတွေ အခက်အခဲ တခုခု ဖြစ်လာရင် အမြဲ တတ်နိုင်တဲ့ဘက်က ကူညီနေမြဲပဲ။

အပေါင်းအသင်း မိတ်ဆွေတွေ အပေါ်မှာလည်း လိုအပ်လာရင် ကူညီဖို့ အဆင်သင့်ပါပဲ။။ ဒါကြောင့်လည်း မိတ်ဆွေတွေရဲ့ ချစ်ခင်မှုကို အပြည့်အ၀ ခံစားရပြန်ပါတယ်။ ကျမတို့တွေက တခါတလေမှာ အမေကို ကြည့်ပြီး ရင်မောရပါတယ်။ ဘာလို့လဲဆိုတော့ သူများအတွက်ပဲ ပူပန်နေလို့ပါ။။။ သူများက မရှိဘူးလို့ ပြောပြန်ရင်လည်း မရှိရှိတာကို ပေးပြီး ကူညီတတ်မြဲ.. စိတ်ပူပန်မြဲ… ။ ကျမတို့က `မေ´ ဒီလောက်ထိ မပူနေပါနဲ့လို့ ပြောရင်လည်း မရပါဘူး။

အခုတော့ အမေကို စိတ်ချမ်းချမ်း သာသာနဲ့ အပူအပင်ကင်းပြီး နေနိုင်စေဖို့ ကျမအမေကို နှလုံးသားထဲကနေ ဆုတောင်းနေရုံ...

ပြီးတော့ `အမေ´ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာအောင် အစွမ်းကုန် ကြိုးစား နေထိုင် ဆောင်ရွက် ပြီး အမေ ဖြစ်စေချင်တဲ့ သမီးကောင်း တယောက် ဖြစ်စေရပါမယ်လို့လည်း ကတိပြုရင်း...

မေလ(၉) ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အမေများနေ့မှာ အမေများအားလုံး ကျန်းမာ၊ ချမ်းသာ၊ စိတ်ချမ်းသာ၍ ချစ်သော သားသမီးများနဲ့ မခွဲမခွါ အတူ နေထိုင်နိုင်ပါစေ လို့ ဆုတောင်းရင်း လက်ဆယ်ဖြာမိုး ရှီခိုးဦးချ ကန်တော့ပါတယ်။

ကမ္ဘာ့အမေများနေ့ကို ဂုဏ်ပြုရေးသားသည်။

Tuesday, April 27, 2010

ကြွေးဟောင်းဆပ်ခွင့်ရပြီး ကြွေးသစ်ပေးနိုင်တဲ့သူဖြစ်ရပါလို၏

ကြွေးဟောင်းဆပ်ခွင့်…..

လူတိုင်းလူတိုင်းဟာ ကြွေးဟောင်းဆပ်ခွင့် မရကြပါဘူး။

တချို့ကတော့ ကြွေးဟောင်း ဆပ်ခွင့်ရပေမဲ့ မဆပ်ကြတဲ့သူတွေ..၊ တချို့ကတော့ ဆပ်ခွင့် မရကြသူတွေ..၊ တချို့ကတော့ မဆပ်နိုင်ကြသူတွေ..၊ တချို့ကတော့ ကြွေးဟောင်းကိုပဲ စားသုံးနေသူတွေ..

ကြွေးဟောင်းဆိုတာ မိဘ အပေါ်တင်နေတဲ့ အကြွေးလား.. မိမိကို ကျေးဇူးပြုဖူးသူတွေ အပေါ်တင်နေတဲ့ အကြွေးလား…….

အဲလို ..........`လား´ ပေါင်းများစွာ စဉ်းစားမိပြန်တယ်...။

တချို့က ဆပ်ခွင့်ရပေမဲ့လည်း မိမိရဲ့ အသိဥာဏ် မမြင်မှု အတွက်၊ မိမိရဲ့ လောဘ အတွက်၊ မိမိရဲ့ မေ့လျော့မှု အတွက်၊ မိမိရဲ့ မိုက်မဲမှု အတွက်၊ သူတပါး လွှမ်းမိုးမှု အောက်မှာ နေရတဲ့ အတွက်၊ မိမိ ကိုယ်တိုင်က မဆပ်နိုင်ပါဘူး…. မလုပ်နိုင်ပါဘူးလို့ ထင်မြင်နေတဲ့ အတွက်၊ လူ့ဘောင် လောကကြီးရဲ့ များမြောင်လှတဲ့ ကိစ္စ အထွေထွေနဲ့ ရင်ဆိုင် နေရတဲ့ အတွက်၊ ကျပ်တည်းလှတဲ့ ဘ၀ပေး အခြေအနေ တခုအောက်မှာ နေရတဲ့ အတွက်၊ အဝေးရောက် နေကြတဲ့ အတွက်၊ နီးနေပေမဲ့လည်း မလိုအပ်ဘူးလို့ ထင်နေတဲ့ အတွက်၊ …………… အတွက်တွေ ကြောင့် ကြွေးဟောင်းဆပ်ခွင့် မရကြပါဘူး။

တချို့ကတော့ ဆပ်ခွင့် ကြုံပေမဲ့၊ ဆပ်ခွင့် ရပေမဲ့ မဆပ်ကြသူတွေပေါ့.....

တချို့ကတော့ ဘယ်လိုမှ ဆပ်ခွင့် မရနိုင်ကြသူတွေပေါ့.....

တချို့အနေနဲ့တော့ ကြွေးဟောင်းဆပ်ခွင့် ဆုံးရှုံး နေကြရတာပါ…။ အဲလို ဆုံးရှုံးနေရတဲ့ သူတွေ အနေနဲ့လည်း တနည်းနည်းနဲ့ ဆပ်ခွင့် ရဖို့ ကြိုးစား ရမှာပါ.။

ကြွေးဟောင်း ဆပ်ခွင့် မရကြသူတွေနဲ့ ကြွေးဟောင်း ဆပ်ခွင့် ရပေမဲ့ မေ့လျော့နေတဲ့ သူတွေ……..အမှောင်လမ်းမှာ လျှောက်လှမ်း နေကြသူတွေကို ကြည့်ပြီးတော့လည်း ဆပ်ခွင့်ရစေဖို့ မျှော်လင့် တောင့်တမိတယ်။

ကြွေးဟောင်းဆပ်ခွင့် ရဖို့ ပုံစံ အမျိုးမျိုးနဲ့ လျှောက်လှမ်းနေတဲ့ သူတွေ ရှိသလို ကြွေးဟောင်းဆပ်ခွင့် ရှိပြီး ကြွေးဟောင်း ဆပ်နေသူတွေရဲ့ ပီတိ ဖြစ်စရာ ခြေလှမ်းတွေကလည်း အတုယူစရာလို့ ထင်မြင်မိတယ်။

ကြွေးဟောင်းဆပ်ခွင့် ကြုံတယ်ဆိုကတည်းက ထူးခြားလှတဲ့ ကုသိုလ် အဖြစ်ကို ရောက်နေပါပြီ။

ကြွေးဟောင်းဆပ်ခွင့် ရကြမယ်ဆိုရင်တော့ ဘယ်လို ပုံစံမျိုးနဲ့မဆို ဆပ်နိုင်ကြပါစေ…။

ကြွေဟောင်းဆပ်ခွင့် ရဖို့ မျှော်လင့်တောင့်တသူ အားလုံးလည်း ဆပ်ခွင့် ရနိုင်ကြပါစေလို့…။

ကြွေးသစ်ပေးနိုင်ခွင့်…..

လူတိုင်းနီးပါးဟာ ကြွေးဟောင်းဆပ်ခွင့် မရနိုင်ကြပေမဲ့.. ကြွေးဟောင်းဆပ်ခွင့် မကြုံနိုင်ပေမဲ့.. ကြွေးဟောင်းဆပ်ဖို့ မေ့လျော့နေပေမဲ့...

ကြွေးသစ်ပေးဖို့.. ကြွေးသစ်ချနိုင်ဖို့တော့ လုပ်ကိုင်နိုင်ကြတဲ့ အလုပ်တခုပါပဲ..။(ဒါကလည်း အများအားဖြင့် သားသမီးအပေါ် မှာဆိုရင် ပိုမှန်ကန်ပါတယ်)

ကြွေးသစ်ဆိုတာ မိမိရဲ့ သားသမီး အပေါ် ချမဲ့ ကြွေးသစ်လား.. အလှူဒါနနဲ့ ပက်သက်ပြီး ချမဲ့ ကြွေးသစ်လား.. မိမိရဲ့ ဆွေမျိုး မိတ်ဆွေ အပေါ် ချမဲ့ ကြွေးသစ်လား.. အကူအညီ လိုအပ်နေတဲ့ ပုဂ္ဂိုလ်တွေ အပေါ် ချမဲ့ ကြွေးသစ်လား.. ဒုက္ခရောက်သူ အပေါ်ကို ချမဲ့ ကြွေးသစ်လား..

ငွေအင်အား၊ လူတယောက်ရဲ့ မေတ္တာတရားကို အခြေခံလို့ စိတ်ဓါတ် ခွန်အားနဲ့ ဘယ်အရာ. ဘယ်အလုပ်. ဘယ်နေရာ. ဘယ်အခြေအနေမျိုး. မှာမဆို ကိုယ်ရော စိတ်ပါ ထက်ထက်သန်သန် နဲ့ ကူညီနိုင်တာလည်း ကြွေးသစ် ချခြင်း တမျိုးပဲ မဟုတ်ပါလား..။

မိမိကိုယ်တိုင် မမြင်မိပေမဲ့ မိမိရဲ့ လုပ်ရပ် တခုဟာ သူတပါးရဲ့ လိုအပ်မှု တခုကို ဖြည့်ဆည်းပေးလိုက် ရတာကိုက ကြွေးသစ်ချတာပဲလေ…။

မိမိ ကိုယ်တိုင်ရော ကြွေးဟောင်းဆပ်ခွင့် ရပြီး ကြွေးသစ် ချဖို့ မေတ္တာတွေ.၊ စိတ်ဓါတ် ခွန်အားတွေ ဘယ်လောက်များ ရရှိထားပြီလဲ... ရလာတဲ့ မေတ္တာ ခွန်အားကိုလည်း လက်တွေ့အသုံးချလို့ ရနေပါပြီလား....

ကြွေးဟောင်းကိုပဲ ရိတ်သိမ်းကြပြီး ကြွေးသစ် မျိုးစေ့မချ နိုင်သူတွေ အတွက် မျိုးစေ့ကျဲဖို့ တိုက်တွန်း ဆန္ဒပြုရင်း…

(ယနေ့ ကဆုန်လပြည့် `ဗုဒ္ဓနေ့´ အတွက် ရည်စူးပြီး ရင်ထဲ တနေရာမှာ ခိုအောင်းသွားနိုင်ဖို့ အတွက် မျှော်လင့်ရင်း..)

Monday, April 26, 2010

အနှောင်အဖွဲ့


ကြာနေပြီဖြစ်သော ဟောင်းနွမ်းနေတဲ့ ဗူးလေးတဗူးကို ဘီဒိုထဲကနေ အမှတ်မထင် ထုတ်ကြည့်လိုက်မိတယ်။

အော်………

ဒီဗူးလေးကို မထုတ်ကြည့်ဖြစ်ခဲ့တာ ဆယ်စုနှစ်တောင် ကျော်လာခဲ့ပေါ့…

အဟောင်းကို အသစ်မဖြစ်ချင်တာရယ်၊ အတိတ်ကို မေ့ပစ်လိုက်ချင်တာရယ် ကြောင့် ဗီဒိုအံဆွဲ တနေရာမှာ ခိုလှုံခွင့်ပေးထားခဲ့တာ…

ဗူးလေးထဲမှာတော့ မျက်စိနဲ့မြင်နိုင်တဲ့ ဒိုင်ယာရီ စာအုပ်လေး တအုပ်၊ ပုလဲလက်ကောက်လေးတရံ၊ ရေသံပုတီးလေးတကုံးနဲ့ မျက်စိနဲ့ မမြင်နိုင်တဲ့ ချစ်ခြင်းမေတ္တာတွေပေါ့………

အရာရာကို အသစ်ကနေ ပြန်စလို့ ရမယ်ဆိုရင် ပြန်စချင်ပါတယ်လို့ ဆိုရင် မှားများသွားပြီလား….

မသေချာ မရေရာတဲ့ မျှော်လင့်ချက်တွေနဲ့ ရှင်သန်နေရတာထက် စာရင် ပြတ်ပြတ်သားသား ဘ၀တခုကို လက်တွေ့တည်ဆောက် လိုက်တာက အကောင်းဆုံးပဲ မဟုတ်လား…။ အဲဒီ မသေချာတဲ့ မျှော်လင့်ချက်တွေကြောင့်ပဲ ရယူ ပိုင်ဆိုင်လိုစိတ်တွေ အားကြီးလာရင်း တဖြည်းဖြည်းနဲ့ နာကျင်မှုတွေသာ တိုးလာပါရဲ့.။

တကယ်တော့လည်း ကိုခန့်ရယ်… မင်းနဲ့ပက်သက်ပြီး မျှော်လင့်ချက်တွေ ဆိတ်သုဉ်း ပျောက်ကွယ်သွားခဲ့တာ ဆယ်စုနှစ်ကျော် ကြာခဲ့ကြပေါ့..

ဲဒီ ပျောက်ကွယ်နေတဲ့ မျှော်လင့်ချက် တွေထဲမှာလည်း နေသားတကျ ဖြစ်အောင် ဖန်တီးပေးခဲ့တာကိုး……

အဲဒီနေ့က မိုးတွေရွာမနေခဲ့သလို နှင်းတွေလည်း ကျမနေခဲ့ပါဘူးလေ….

တို့ထိုင်နေကျ (ကန်တင်း)ဆိုင်လေးထဲကို မင်းဝင်လာခဲ့တယ်လေ.၊ တို့ဘေးနားက ၀ိုင်းမှာ ထိုင်ပြီး တို့ကို ကြည့်နေခဲ့တာကို နောက်ကျမှ သိခဲ့ရတယ်။ ရှင်းသန့်နေတဲ့ မင်းရဲ့မျက်နှာနဲ့ အလိုက် ကတ္တီပါ ဖိနပ်စီးတတ်တဲ့ မင်းကို တို့နောက်ကျမှ မှတ်မိခဲ့တယ်။ နောက်မှ သိလိုက်ရတာက တို့ထက် အတန်း တနှစ်ကြီးပြီး တို့နဲ့မေဂျာတူတယ် ဆိုတာပါပဲ။ နေ့တိုင်း တို့ထိုင်နေကျ နေရာလေးကို အမြဲ လာထိုင်တတ်ပြီး တို့သူငယ်ချင်းတွေက တဆင့် တို့ကို ခင်ခွင့်တောင်းခဲ့တာ၊ တို့နဲ့ ရင်းနှီးခွင့် တောင်းခဲ့တာကို… အဲဒီထဲကသာ ခင်မင်ခွင့် မပေးဖြစ်ခဲ့ရင်ပေါ့…

ဒီလိုနဲ့ပဲ နေ့စဉ် တွေ့မြင်နေကြ ကန်တင်းလေးထဲမှာ…. စာသင်ခန်းရှေ့မှာ…. တို့ကို ကြံဖန် စကားလာပြောတတ်တဲ့ မင်းကို တို့ကလည်း အားနာနာနဲ့ စကားပြန်ပြောမိသလို မထင်မှတ်ပဲ ခင်မင်မိကြတယ်လေ။ တို့သူငယ်ချင်းတွေထဲက တယောက်က မင်းကို ကန်းတင်းထဲက မင်းထိုင်မဲ့ခုံမှာ `ဆေးလိပ်မသောက်ရဘူးနော်… ကျမ်းမာရေးကို ထိခိုက်လိမ့်မယ်´ လို့ စာရွက်လေး ပေါ်မှာ ရေးပြီး ချပေးခဲ့တာကို အမှတ်ရမိတယ်။ ပြီးတော့ အနောက်က လိုက်လာပြီး မင်းက `ဆေးလိပ်မသောက်တော့ဘူးနော်´တဲ့….။ တို့ကတော့ ငေးပြီးတော့သာ ကျန်နေခဲ့မိတယ်..။ မင်းသူငယ်ချင်းတွေကလည်း တို့ကို မင်းနဲ့ သဘောတူလို့….. အမျိုးမျိုး နီးစပ်အောင် အကြောင်းရှာကြတာ တို့သိတာပေါ့..။

ဒါပေမဲ့လည်း တို့သိတာတော့ ဘယ်လောက်ပဲ မေတ္တာရှိနေနေ ကံတရား ဆိုတာကလည်း ရှိသေးတာကလား…။

ဘာပဲဖြစ်ဖြစ် တို့စိတ်ချမ်းသာ ချင်တယ် ကိုခန့်ရေ……..။ စစ်မှန်တဲ့ မေတ္တာတွေနဲ့ အတူ တို့ကလည်း သစ္စာရှိစွာနဲ့ ပြန်လို့ တုံ့ပြန်ချင်ပါတယ်..။ တို့ကလည်း လူတယောက်ကို လွယ်လွယ်နဲ့ မချစ်နိုင်သလို လွယ်လွယ်နဲ့ မေ့မသွားနိုင်တဲ့သူ မို့လို့ပါ…။ တို့ရင်ထဲကို လွယ်လွယ်နဲ့ ၀င်လို့မရသလို ရင်ထဲကနေ လွယ်လွယ်နဲ့ ထုတ်ဖို့ ခက်ခဲတဲ့ သူတယောက်လို့ ကိုယ့်ကိုကိုယ် သိနေလို့ပါ…။

တစတစနဲ့ တို့ရင်ထဲ မင်းဝင်လာတာကို သိလာခဲ့တယ်လေ…။

ဒီလိုနဲ့ပဲ မင်းနဲ့ကိုယ် လူသိရှင်ကြား ချစ်သူတွေ ဖြစ်လာခဲ့ကြတယ်။ တို့က သူငယ်ချင်းတွေနဲ့ မခွဲမခွာ အတူ နေလို့ မင်းမနာလို ဖြစ်ခဲ့တာ… သူငယ်ချင်းတွေကလည်း သူတို့နဲ့ အတူ မနေရင် စိတ်မကောင်း မနာလို ဖြစ်ခဲ့ကြတာ တို့ကတော့ ကြားထဲကနေ ဘယ်သူ့ကိုမှ မနာလို မဖြစ်ရအောင်.. စိတ်မကောင်း မဖြစ်ရအောင် တို့နေပေးခဲ့ပါတယ်လေ…။ တို့က သူငယ်ချင်းတွေကို ချစ်သလို မင်းကိုလည်း စိတ်မကောင်း မဖြစ်စေချင်တာပါ ကိုခန့်ရယ်…………….

တို့ရဲ့ အားလုံးကို စိတ်ချမ်းသာစေချင်တဲ့ စိတ်ကို အသိအမှတ် မပြုခဲ့ပါလား....

ဘာမဟုတ်တဲ့ ကိစ္စလေးတွေကြောင့်လည်း ပဋိပက္ခ မဖြစ်ချင်ပါဘူး ကိုခန့်ရယ်…………။ ဒါပေမဲ့လည်း မနာလိုများခဲ့တဲ့သူ… ကိုယ်ကလွဲလို့ တခြားသူနဲ့ ခင်တာကို မလိုချင်တဲ့သူနဲ့ တို့ဘာဆက်လုပ်ရမလဲ…….၊ စိတ်ရှုပ်ရတာကို လက်မခံချင်တဲ့သူအနေနဲ့ သိပ်ကို ခက်ခဲတဲ့ အဖြစ်အပျက်တွေနဲ့ လုံးပန်းခဲ့ရတယ်ဆိုရင် တို့ဘာဆက်လုပ်သင့်သလဲဟင်…….။

တဘက်က ချစ်သူ…တခြား တဘက်ကလည်း သိပ်ကိုချစ်ခင်ရတဲ့ သူငယ်ချင်းတွေ..……

တို့ ဘာလုပ်ရမလဲ…………………

သူငယ်ချင်းတွေနဲ့ ချစ်သူနဲ့ လွန်ဆွဲပွဲတခုလို့ ပြောရင်လည်း မမှားပါဘူးလေ….

မင်းနဲ့တို့ရဲ့ ဆက်ဆံရေးက အဲဒီထဲက မသေချာ မရေရာခဲ့ပါဘူးလေ..။ ဒါပေမဲ့လည်း တို့က ရှေ့ဆက်တိုးပြီးတော့သာ အဆင်ပြေမဲ့ ဆက်ဆံရေး တရပ် ဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။ တို့ကို မေတ္တာ နှောင်ကြိုးတွေက တုတ်နှောင်ထားခဲ့ ပြီးပြီကိုးးးးးးးး.

ဖြစ်ပြီးရင် ပျက်ရမယ်ဆိုတဲ့ ထုံးကို နှလုံးမူနိုင်ခဲ့ရင် တို့ရဲ့ အခြေအနေ က ပုံမှန်ထက် ဆိုးမှာ မဟုတ်ပါဘူးလို့.။ တို့နှစ်ယောက် ဘယ်လိုပုံစံမျိုးနဲ့မှ မဝေးချင်ပါဘူးလို့ ပြောရင် မင်းယုံမှာ မဟုတ်ဘူး ဆိုတာ တို့သိပါတယ်။ မင်းကလည်း တို့ကို မင်းထက် သူငယ်ချင်းတွေ အပေါ် ပိုချစ်ခင်တဲ့သူ အဖြစ် သတ်မှတ်ခဲ့တာကိုး။

တခြားသူ အမြင်မှာ တို့သူငယ်ချင်းတွေကြောင့် ပြောင်းလဲခဲ့တာပါလို့ ပြောတာကို တို့လက်မခံပါဘူး ကိုခန့်ရေ..။ အဓိကက တို့နှစ်ယောက်နဲ့ပဲ သက်ဆိုင်တဲ့ ကိစ္စ တခုဖြစ်နေလို့ပါ။ ဘယ်သူတွေ ဘယ်လောက်ပဲ ဖျက်ဖျက် တို့နှစ်ယောက် မပျက်ဖို့သာ အဓိက မဟုတ်လား။ ဒါပေမဲ့လည်း မာနကြီးတဲ့တို့နဲ့ အလျှော့မပေးတတ်တဲ့ မင်းနဲ့ ဘယ်လိုမှ ပေါင်းစည်းလို့ မရဘူးဆိုတာကို တို့ သိလို့နေပါပြီ။။။ ဒါကြောင့်လည်း မသေချာတဲ့ မျှော်လင့်ချက်တွေနဲ့ ကိုယ့်ကိုကိုယ် မတုတ်နှောင်ချင်လို့ပါ ကိုခန့်ရေ….။

ဘယ်လိုပဲ ဖြစ်ဖြစ် ရင်ထဲ တနေရာမှာ တသက်စာ အတွက် ခိုင်ခိုင်မာမာ ရှိခဲ့တာပါလို့ ပြောရင် မင်း ရီနေမလား..။ လှောင်ပြောင်တဲ့ အကြည့်တွေနဲ့ တို့ကို ကြည့်နေမလား..။ ရိတိတိနဲ့များ ဘာတွေပြန်ပြောနေမလဲ..။ မယုံကြည်နိုင်ပါဘူးလို့များ ပြောနေမလား..။

ဆိုတာ…………….ကို…….

တို့သိချင်နေခဲ့ပါတယ်…… ကိုခန့်ရယ်….။

ဒါပေမဲ့ အချုပ်အနှောင် ဘ၀က ကင်းလွတ်ခွင့် ရခဲ့တဲ့ အတွက်တော့ မင်းကို တသက်စာ ကျေးဇူးတင်မိ နေမှာပါ…။ တို့က အချုပ်အနှောင် ကင်းပြီး လွတ်လပ်တဲ့ ဘ၀ကို တရှိုက် မက်မက် မက်မောလို့ပါကွယ်…။ ဒါကြောင့်လည်း အချစ်ထက် လွတ်လပ်တဲ့ ရင်းနှီးခင်မင် ပွင့်လင်းမှုကို ပိုပြီး ဦးစားပေးခဲ့တာပေါ့။။။

ဒါကြောင့်လည်း မင်းက ပိုပြီး နာကျည်း သွားခဲ့တယ်မလား….။

မင်းတို့ကို တသက်စာ နာကျည်း လိုက်ပါတော့..။ ဘယ်တော့မှ ခွင့်မလွှတ်ပါနဲ့တော့… ကိုခန့်.............

တို့လည်း အနှောင်အဖွဲ့ က လွတ်ကင်းခွင့် ရသွားခဲ့ပါပြီ.....။

Wednesday, April 21, 2010

တမ်းတမိသော အမေ့လက်ရာ (၂)…


ဒီနေ့ မနက်စောစောမှာ ကျမအမေ ဖုန်းဆက်တော့ ရခိုင်မုန့်တီ ချက်စားတယ်တဲ့။ သမီးစားချင် နေမယ်မလားတဲ့။ ကြားလိုက်တာနဲ့တင် သားရေယိုပြီး ကျမအမေ့ရဲ့ ချက်နေကြ ရခိုင်မုန့်တီ လက်ရာလေးကို ပြေးပြီး မြင်ယောင် နေမိတယ်။

စိတ်ထဲမှာလည်း သိပ်ကို စားချင်တာပေါ့လို့ ပြောနေမိတယ်။ တကယ်တော့ စားချင်တယ်လို့ ပြောမထွက်ခဲ့ပါဘူး အမေ…။

အစားအသောက် ချေးများလွန်းတဲ့ ကျမ…..!

ချေးများတာထက် မစားတဲ့အရာ များလွန်းတဲ့ ကျမ….!

တော်ရုံချက်တာ စားလို့ မရတဲ့ ကျမ….!

အခုတော့ အစားအသောက်နဲ့ ပက်သက်ရင် ချေးမများနိုင်တော့ပါဘူး။ ဗိုက်ပြည့်အောင် စားတဲ့ သဘော အနေနဲ့ပဲ စားလိုက်တာပါပဲ။ ဒါလည်း အခြေအနေက ကျမကို သင်ပေး လမ်းညွှန် လိုက်တယ်လို့ ထင်တယ်လေ။ ဒီလို အခြေအနေမှာ ဒီလို နေရမှာပဲ ဆိုတဲ့ ကိုယ့်ကိုကိုယ် နေထိုင်တတ်၊ စားသောက်တတ်အောင် သင်ခန်းစာ ရလိုက်ပါတယ်။

အရင်တုန်းကတော့ ကျမအမေ ရခိုင်မုန့်တီ ချက်မယ်ဆိုရင် ကျမက အမေဘေးနားမှာ ၀ိုင်းကူလုပ်ပေး နေကြပေါ့။ ပြီးတော့ ကျမအမေ ချက်တာ ထိုင်ကြည့်နေကြလေ။

ရခိုင်မုန့်တီ ချက်တဲ့အခါ အကောင်းဆုံး ငါးကတော့ (ငါးရွှေ) ငါးပါ။ ငါးရွှေက ညှီတဲ့အတွက် အရင်ဆုံး ငါးကို မီးလေးနဲ့ ကင်လိုက်ပါတယ်။ ပြီးတော့မှ ပဒဲကော၊ ကြက်သွန်ဖြူ၊ ငါးပိ၊ ဂျင်း ထဲ့ပြီး ငါးနဲ့ ပြုတ်ပါတယ်။ ဆားနဲ့ အချိုမှုန့်ကတော့ သင့်သလောက် ထဲ့ပါတယ်။ ငါးကလတ်ပြီး ချိုနေရင် အချိုမှုန့်တောင် သိပ်ပြီး ထဲ့စရာမလိုပါဘူး။ ပြီးမှ ပြုတ်ထားတဲ့ ငါးကို အရိုးနွှင်ပြီး ဒယ်အိုးထဲ ဆီထဲ့ပြီး နနွင်းမှုန့် နဲနဲနဲ့ ခြောက်သွားအောင် ကြော်ပါတယ်။ အဲဒါကို (ငါးမုန့်)လို့ခေါ်ပါတယ်။ ကျမအမေကတော့ ဟင်းရည်အိုးထဲကိုလည်း ပြုတ်ပြီးသား ငါးကို နွှင်ပြီး ထဲ့ပါသေးတယ်။ ကြော်ထားတဲ့ ငါးမုန့်ကတော့ စားတော့မှ ဟင်းပန်းကန်ထဲ ထဲ့စားကြတာပါ။ စားတော့မယ်ဆိုမှ မုန့်ဖတ်၊ ဟင်းရည်၊ ငါးမုန့်၊ နံနံပင်၊ အချဉ်အဖြစ်တော့ မန်းကျည်ရည် (ဒါမှမဟုတ် မန်းကျည်းသီးစိမ်းရရင်တော့ မန်းကျည်းသီးစိမ်းကို ရေနွေးလေးနဲ့ ဖျော်ထားပေါ့)၊ ငရုပ်သီး အဖြစ်တော့ (ငရုပ်သီး အစိမ်းမှုန့်ကို ဆီနဲ့ ကြော်ထားတာ)၊ တချို့ကတော့ ငရုပ်သီး အစိမ်းတောင့်ကို ထောင်းပြီး ရေနဲ့ဖျော်ထားတာ ကို ထဲ့ကြပါတယ်။

အားလုံး စုံစုံလင်လင် ထဲ့ပြီးပြီ ဆိုရင်တော့ ပူပူစပ်စပ်လေး ရခိုင်မုန့်တီ စားလို့ ရပြီပေါ့။

ကျမ သိပ်ပြီး ကြိုက်နှစ်သက်တဲ့ အစားအသောက်လေးပါ။ ကျမကြိုက်တဲ့ အမေ့ ဟင်းလက်ရာတွေထဲက တခုဖြစ်တဲ့ ရခိုင်မုန့်တီကို တမ်းတရင်းနဲ့…..။

တချို့ တချို့သော အရာတွေက ဝေးကွာသွားတော့မှ တန်ဖိုး ရှိမှန်း ပိုသိလာကြတယ်။ နီးနီးလေး တုန်းကတော့ တန်ဖိုးရှိမှန်း မသိကြဘူးလေ။ နီးနေတဲ့ အတွက်လည်း တန်ဖိုး ရှိမှန်း သိနေပေမဲ့ မပြောဖြစ် ခဲ့ကြတာတွေ ရှိတတ်ကြပြန်တယ်။ ဝေးသွားတော့မှ မပြောဖြစ်ခဲ့တဲ့ အကြောင်းတွေ ကို ပြန်ပြီး မပြောဖြစ်ခဲ့ရကောင်းလားလို့ အားမလို အားမရ ဖြစ်ကြပြန်တယ်။

ဒါပေမဲ့ တချို့ မပြောဖြစ်ခဲ့တာတွေက နောက်ကျသွားမှန်း အချိန်လွန်မှ သိကြရတယ်။ ဒါကြောင့် နီးနေတုန်းမှာ တန်ဖိုးရှိကြောင်း၊ အသိအမှတ်ပြုကြောင်း ပြောဆို ဖြစ်ခဲ့ ကြရင် တန်ဖိုးရှိတဲ့ အချိန်တွေကို ပိုင်ဆိုင် နိုင်ကြမှာပါ။ ဒါကြောင့် နီးနေတုန်းမှာ အကောင်းဆုံး စကားလုံးလေးတွေနဲ့ တန်ဖိုးရှိမဲ့ စကားတွေကို ပြောဆို ကြမယ်ဆို စိတ်ချမ်းမြေ့ စရာကောင်းတဲ့ အချိန်လေးတွေကို ကြုံတွေ့နိုင်ကြမှာပါ။ တချို့ကျတော့လည်း ပါးစပ်က ပြောတာထက် ရင်ထဲ၊ စိတ်ထဲကနေ အသိအမှတ်ပြု ကြတယ်။ အကောင်းဆုံး ကတော့ စကားလုံးလေးတွေနဲ့ပဲ ကိုယ့်ရဲ့ တန်ဖိုးထားတတ်မှု နဲ့ စိတ်ထဲမှာ ရှိနေတဲ့ အတိုင်း ပြောဆို နိုင်ကြပါစေလို့ ဆန္ဒပြုရင်းပေါ့.......။

Friday, April 9, 2010

မျက်နှာဖုံးများနဲ့ကကွက်



မျက်နှာဖုံး………!!!


လူတိုင်း လူတိုင်းမှာ မျက်နှာဖုံး ကိုယ်စီ ရှိကြပြီး အဲဒီ မျက်နှာဖုံး ကိုယ်စီနဲ့ပဲ ကခုန်နေကြ ရတာပါ။ မျက်နှာဖုံး ကလည်း အမျိုးမျိုး ရှိကြလေတော့…… လူတဦးနဲ့ တဦးရဲ့ မျက်နှာဖုံး တွေလည်း တူနိုင်မယ် မထင်ပါဘူး။

တချို့က မင်းသား မျက်နှာဖုံး၊ တချို့က လူကြမ်း မျက်နှာဖုံး၊ တချို့က အပြုံး မျက်နှာဖုံး၊ တချို့က လူချမ်းသာ မျက်နှာဖုံး၊ တချို့က လူဆင်းရဲ မျက်နှာဖုံး၊ တချို့က ဘီလူး မျက်နှာဖုံး၊ တချို့က ဟန်ဆောင် မျက်နှာဖုံး၊ တချို့က အရူး မျက်နှာဖုံး၊ တချို့က အာဏာရ မျက်နှာဖုံး၊ တချို့က ပညာတတ် မျက်နှာဖုံး၊ တချို့က ပညာမဲ့ မျက်နှာဖုံး၊ တချို့က ရိုးသားတဲ့ မျက်နှာဖုံး၊ တချို့က လိမ်ညာတဲ့ မျက်နှာဖုံး၊ တချို့က အပြစ်ကင်းစင်တဲ့ မျက်နှာဖုံး၊ တချို့က အထင်ကြီးနေတဲ့ မျက်နှာဖုံး၊ တချို့က အားငယ်တဲ့ မျက်နှာဖုံး၊ တချို့က မျက်ရည်တွေ လွှမ်းမိုးနေတဲ့ မျက်နှာဖုံး၊ တချို့က ဒေါသတွေနဲ့ မျက်နှာဖုံး………။

များလွန်းလှတဲ့ မျက်နှာဖုံးတွေထဲမှာ ကိုယ်လည်း ဘယ်လို မျက်နှာဖုံးနဲ့ ပါလိမ့်……။

တချို့ကလည်း နေရာ ဒေသ ကိုလိုက်ပြီး မျက်နှာဖုံး အမျိုးမျိုးကို တပ်လို့ ကခုန်နေကြတယ်။ တချို့ကလည်း နေရာ ဒေသ ပြောင်းသွားပေမဲ့ မျက်နှာဖုံး တမျိုးထဲကိုပဲ တပ်ပြီး ကကွက်မျိုးစုံနဲ့ ကကြပြန်တယ်။ တချို့ကလည်း အချိန်ကာလ ကိုလိုက်ပြီး မျက်နှာဖုံး ပြောင်းသွားကြတယ်..။ ဘယ်လိုပဲ မျက်နှာဖုံး ပြောင်းလဲ သွားပါစေ…. အရေးကြီးတာကတော့ မိမိရဲ့ စိတ်နဲ့ တထပ်တည်း ကျနိုင်တဲ့ မျက်နှာဖုံး ဖြစ်ဖို့ လိုပါတယ်။ မိမိရဲ့ စိတ်မပါပဲ သူတပါးရဲ့ လွှမ်းမိုးမှုကြောင့်ပဲ ဖြစ်ဖြစ်၊ သူတပါးရဲ့ ထိန်းချုပ်မှုကြောင့်ပဲ ဖြစ်ဖြစ်၊ ကြောက်စိတ်ကြောင့်ပဲ ဖြစ်ဖြစ်၊ ငွေအင်အားရဲ့ မလွန်ဆန်နိုင်မှုကြောင့်ပဲ ဖြစ်ဖြစ်၊ အတ္တကို ရှေ့တန်းတင်တာကြောင့်ပဲ ဖြစ်ဖြစ်… ဟန်ဆောင် မျက်နှာဖုံး ကိုတပ်ရင် မလှမပနဲ့ အကျည်းတန် မျက်နှာဖုံး ဖြစ်သွားမှာပါ။

မိမိရဲ့ စိတ်နဲ့ ညီမျှနိုင်မဲ့ မျက်နှာဖုံးကို ကိုယ်တိုင် ရွေးချယ်လို့ လှပသေချာ သပ်ရပ်တဲ့ မျက်နှာဖုံး တပ်ဖို့ပါပဲလေ။ တပ်နိုင်ဖို့ စိတ်လည်း ရှိရမှာပါ။ သူတပါး တပ်ခိုင်းတဲ့ မျက်နှာဖုံး ကို မတပ်ဖို့တော့ ကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်း ရှိရမယ်…။

မိမိ ကိုယ်ပိုင် မျက်နှာဖုံး ကို ယုံယုံကြည်ကြည်နဲ့ တပ်ဖို့ လိုအပ်ပါတယ်.။

နေရာ ဒေသ ကိုလိုက်ပြီး မျက်နှာဖုံး ပြောင်းတပ်မယ် ဆိုရင်လည်း မိမိ ကိုယ်တိုင် လှပတဲ့ မျက်နှာဖုံး ဖြစ်ဖို့ကို သေချာ ရွေးချယ်နိုင်ပြီး အများရဲ့ ရှုံ့ချ ကဲ့ရဲ့မှုက လွတ်မှသာ သန့်ရှင်း စင်ကြယ်တဲ့ မျက်နှာဖုံးနဲ့ လူအဖြစ်နဲ့ ရပ်တည်နိုင်ပြီး လှပတဲ့ မျက်နှာဖုံး လူသား ဖြစ်သွားမှာပါ…။

မြို့မျက်နှာဖုံး………

မြို့မျက်နှာဖုံး ဆိုတာလည်း ရှိသေးတာပဲလေ။ မြို့ရဲ့ လူချမ်းသာ အထင်ကရ ပုဂ္ဂိုလ်မျိုး…၊ ဘာဖြစ်လို့များ မြို့မျက်နှာဖုံး လို့ ခေါ်ကြတာလဲ…၊ ဓန အင်အား ချမ်းသာတာ ဖြစ်ချင် ဖြစ်နိုင်မယ်၊ အာဏာ ရှိတာ ဖြစ်ချင် ဖြစ်နိုင်မယ်၊ လူချစ်လူခင် များပြီး အများအကျိုး ကူညီ ဆောင်ရွက် ပေးနိုင်တာ ဖြစ်ချင် ဖြစ်နိုင်မယ်၊ ဓန အင်အားလည်း ချမ်းသာပြီး အများအကျိုး ကူညီပေးနိုင်လို့ ကိုယ်ချင်းစာတရား ရှိတဲ့သူ တယောက် ဖြစ်ချင် ဖြစ်နိုင်မယ်၊ စိတ်ကောင်း နှလုံးကောင်းရှိတဲ့ သူတယောက် ဖြစ်ချင် ဖြစ်နိုင်မယ်………..။

မြို့မျက်နှာဖုံး ဆိုပေမဲ့လည်း လူထုအများရဲ့ ချစ်ခင်မှုကို ပိုင်ဆိုင်ထားနိုင်တဲ့ သူလား…. ဒါမှမဟုတ် အများရဲ့ ရွံရှာ မုန်းတီးမှုကို ပိုင်ဆိုင် ထားတဲ့ သူလား…….။ အများက မလွှဲသာ မရှောင်သာ ချစ်ခင်ချင်ယောင် ဆောင် နေကြရတဲ့ သူလား……။

တချို့ကလည်း အသိအမြင်တွေ ရပြီး ဟန်ဆောင် မျက်နှာဖုံး တွေကို ခွါချလို့ မိမိနဲ့ သက်ဆိုင်တဲ့ မျက်နှာဖုံးကို တပ်ပြီး ပျော်မြူးလို့………!

တချို့ကလည်း အသက်အရွယ် ကြီးလာပေမဲ့ ဟန်ဆောင် မျက်နှာဖုံးတွေ၊ တန်ဖိုးမရှိတဲ့ မျက်နှာဖုံးတွေကို တပ်လို့ မိမိရဲ့ အတ္တ ထဲမှာ နောင်တမရ ပျော်မြူး နှစ်ခြိုက် နေဆဲပဲ…….!

တချို့ကလည်း အသက်အရွယ် ငယ်ပေမဲ့ မိမိရဲ့ ကိုယ်ပိုင် မျက်နှာဖုံးနဲ့ မိမိရဲ့ စိတ်နဲ့ထပ်တူကျတဲ့ အများအတွက် တန်ဖိုး ရှိနိုင်မဲ့ မျက်နှာဖုံး တွေ တပ်ပြီး ဘ၀ရဲ့ ကြီးမြတ်မှုကို ခံယူနေလို့………..!

တချို့ကလည်း ပညာတတ်ပေမဲ့ သူတပါးရဲ့ ထိန်းချုပ်မှု အောက်က မလွတ်မြောက်နိုင်ပဲ တပါးသူရဲ့ မျက်နှာဖုံးနဲ့ ကပြ အသုံးတော် ခံလို့………..!


တချို့ကလည်း အခြေအနေ တခုကြောင့် အတတ်ပညာ မရှိပေမဲ့ အသိပညာ ကြွယ်ဝပြီး လူသားတွေ အတွက် အကျိုး ရှိမဲ့ မျက်နှာဖုံး ကိုတပ်လို့ ကြည်နူး ရွှင်လန်း နှစ်ခြိုက်ပြီး လောက လမ်းကြောင်းကြီးပေါ်မှာ အကျိုးရှိရှိ လျှောက်လှမ်းလို့...........!

လူသား အားလုံးလည်း ကိုယ်စီ ကိုယ်စီ လှပ သပ်ရပ် သန့်ရှင်း စင်ကြယ်တဲ့ မျက်နှာဖုံးတွေ နဲ့သာ အလှဆင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း......။

Friday, April 2, 2010

မေ့သွားတဲ့ အချိန်မှာ..

မနေ့က မနက်ထဲက ကျမတို့ရုံးမှာ ဧပရယ်ဖူးနေ့ ကိုသတိထားဖို့ ပြောဆိုနေကြတယ်..။ ကျမကလည်း သတိထားရမယ် ဆိုပြီး စိတ်ထဲမှာတော့ တွေးမိလိုက်ပါသေးတယ်။ ဒါပေမဲ့လည်း အလုပ်လုပ်ရင်းနဲ့ သတိမထားမိပဲ မေ့သွားတာပါပဲ။

နေ့လည်မှာတော့ ညီမ တယောက်က လှမ်းပြီး `လူတယောက်´ သေသွားပြီ ဆိုပြီး လှမ်းပြောပါတယ်။ အဲဒီလူက ကျမတို့ မေတ္တာထားတဲ့ လူတယောက်ပေါ့။ အဲဒီထိတော့ ကျမဧပြီဖူးနေ့ကို မှတ်မှတ်ရရ ရှိနေတုန်းပါပဲ။ ကျမက အဲဒီ ညီမလေးကို ပြန်ပြောလိုက်ပါတယ်။ လာမနောက်ပါနဲ့လို့..။ လူတွေကို စိတ်ပိုင်းဆိုင်ရာ ဒုက္ခပေးဖို့၊ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခပေးဖို့ အတွက် အသက်ရှင်နေအုံးမှာပါလို့။ လူအများကို ဒုက္ခပေးနေတဲ့ သူတွေဟာ အသက်ရှည်ကြတာ များတာကို တွေ့ကြရတယ်။ ဘာဖြစ်လို့များပါလိမ့် လို့လည်း ကျမ အကြိမ်ကြိမ် စဉ်းစားခဲ့ဖူးတယ်။ ခံရတဲ့သူတွေလည်း ၀ဋ်ရှိသမျှတော့ ခံရအုံးမှာပေါ့လို့ စိတ်ပြေရာ ပြေကြောင်း တွေးနေမိတယ်။

ညဘက်မှာတော့ ကျမစိတ်ထဲမှာ ဧပရယ်ဖူးနေ့ကို မေ့သွားပါပြီ။ လုပ်ဖေါ်ကိုင်ဖက် တယောက်က ဖုန်းဆက်ပြီး ရုံးမှာ ပစ္စည်းတခု ကျန်နေခဲ့တာ သိလားတဲ့။ ကျမလည်း စိတ်ထဲမှာ ဘာပစ္စည်းများ ကျန်နေခဲ့တာ ပါလိမ့်လို့ စဉ်းစားနေမိတယ်။ ဘာကျန်ခဲ့တာလည်း ဆိုတော့ တွေ့ရင်သိမှာပေါ့တဲ့။ အဲဒါနဲ့ ကျမလည်း မနက်မှပဲ ကြည့်တော့မယ်ဆိုပြီး အိပ်လိုက်ပါတယ်။ မနက် ရုံးရောက်တဲ့ အထိလည်း ကျမမှာ ရှာလိုက်ရတာ…။ ဘာပစ္စည်းကျန်နေခဲ့ ပါလိမ့် ဆိုပြီးတော့..။ ဘာမှလည်း မတွေ့ပဲနဲ့ ကွန်ပြူတာ စားပွဲပေါ်မှာ အလုပ်နဲ့ဆိုင်တဲ့ ပစ္စည်းကလွဲလို့ ဘာမှလည်း မတွေ့မိဘူး။ ကျမနဲ့ လုပ်ဖေါ်ကိုင်ဖက် ညီမလေး ရောက်တော့မှပဲ ရှင်းသွားတော့တယ်လေ..။ ဧပြီဖူးနေ့လေတဲ့….။ အဲဒီတော့မှ သြော်…….. မေ့သွားတဲ့အချိန်မှာ…… ဧပရယ်ဖူး အတွက် နောက်တာပါလားဆိုပြီးတော့..။ မေ့လည်း မေ့တဲ့ ကျမပါပဲလေ…။

တခါတရံ ကျမတို့တွေဟာ မေ့သွားတဲ့ အချိန်မှာ သတိထားနေတဲ့ ကိစ္စလေးတွေကိုပဲ အမှတ်တမဲ့ ဖြစ်သွားတတ်ကြပါလားလို့.။

ဧပရယ်ဖူးနေ့မှာ မေ့သွားတဲ့ အခိုက်အတံ့လေးမှာ ဖြစ်သွားတဲ့ အခြေအနေလေးပါ….။