သက်ရှိလူသားတစ်ယောက်၏ အတွေးထဲတွင် စီးမြောနစ်ဝင်နေသော အရာသည် ထိုသူ၏ နှလုံးသားထဲတွင် စွဲနစ်နေသော ပုံရိပ်အချို့ပင် ဖြစ်ပေလိမ့်မည်။ ထိုပုံရိပ်မှ ထင်ဟပ်လာသော အရာအချို့ကို စာရွက်ပေါ်တွင်အစက်ချမလား၊ သံစဉ်တေးသွားအဖြစ် သီဆိုဖေါ်ကျူးလေမလား၊ ကဗျာအဖြစ် အသွင်ပြောင်းလေမလား၊ ပန်းချီအဖြစ် ပုံဖေါ်ဆွဲခြစ်လေမလား၊ စာတပုဒ်အဖြစ် ချပြလေမလား၊ စသည်ဖြင့် ဘဝတစ်ခုကို အမျိုးမျိုးသော ပုံသဏ္ဍာန်များဖြင့် အကောင်အထည်ဖေါ်ကြမည် ဖြစ်ပေသည်။
လွတ်လပ်သော လူသားတစ်ယောက်ဖြစ်ခဲ့လျှင်ပေါ့။
လွတ်လပ်သော လူသားတစ်ယောက်တွင် ရှိနေသော အတွေးတခုကို လုပ်ဆောင် ကြိုးပမ်းခွင့် ရမည် ဖြစ်သော်လည်း ကိုယ်အားဖြင့် လွတ်လပ်မှုမရှိသော သူတစ်ယောက်၏ အတွေးတခုကို မည်ကဲ့သို့ ဖြစ်မြောက်အောင် လုပ်ခွင့်ရှိပါမည်လဲ။ သို့သော် ကိုယ်အားဖြင့် လွတ်လပ်မှု မရှိသော်လည်း စိတ်လွတ်လပ်မှု ရှိနေသော လူသားတစ်ယောက်၏ အတွေးကို မည်သူတစ်ဦးတစ်ယောက်မျှ ချုပ်နှောင်ထား၍ ရမည်မဟုတ်ပေ။ ကိုယ်အားဖြင့် လွတ်လပ်မှုရှိလာသော အချိန်တခုတွင် သူ၏အတွေးကို တည်ဆောက်နိုင်မည်မှာ မလွဲဧကန်ပင်။ ထိုကဲ့သို့ လုပ်ဆောင်မည်ဟူသည့် အတွေးတစ်ခုထဲနှင့်ပင် အသက်ဆက်ရှင်နိုင်ရန် အင်အားတစ်ခု ရခဲ့ပေလိမ့်မည်။ အတွေးနှင့်ပင် အသက်ဆက်လက် ရှင်သန်ရန် စိတ်ခွန်အား ရခဲ့ပေမည်။
ကိုယ်အားဖြင့် လွတ်လပ်မှုမရှိသော သူတစ်ဦးသည်အတွေးဖြင့်ပင် အသက်ကိုဆက်၍ မျှော်လင့်ချက်တခုဖြင့် အချိန်ကာလကို မျောလွင့်ရင်း ကုန်လွန်ခဲ့ရပေလိမ့်မည်။ ထိုအတွေးဖြင့်ပင် တွေးမိသမျှများကို စိတ်ကူးဖြင့်ပင် ထုဆစ်ရင်း မိမိ၏စိတ်ကို အတွေးဖြင့်ပင် ကုစားရပေမည်။ ထိုသူ၏အတွေးထဲတွင် လှပသော အနာဂတ်တခု ရှိနေပေလိ့မ်မည်။ ရိုးရှင်းသော အတွေးတခုတွင် ကိုယ်ချင်းစာတရားများ ပြည့်နှက်နေသော လူ့ဘောင်လောကလေးတခုကို တည်ထောင်နေပေလိမ့်မည်။ စိမ်းစိုလန်းဆန်းသော ဥယျာဉ်ကြီးတစ်ခုကို ဖန်တီးနေပေလိမ့်မည်။ မျှတသော ဝန်းကျင်တစ်ခုဖြစ်လာရန် ကြိုးပမ်းနေပေလိမ့်မည်။
ကိုယ်ခန္ဓာကို နှောင်ဖွဲ့ထားခြင်းခံရသော သူသည် လေးဘက်လေးတန် ပိတ်လှောင်နေသော နံရံလေးဘက်၏ အခန်းတခုထဲတွင် မှုန်ပြပြ အလင်းရောင်တခု ရှိချင်ရှိမည်၊ သို့မဟုတ် မှောင်ပိန်းနေပြီး အလင်းရောင်မရှိသော အခန်းတခု ဖြစ်ချင်ဖြစ်နေလိမ့်မည်၊ မည်သို့ပင်ဖြစ်စေကာမူ ကိုယ်ခန္ဓာကို နှောင်ဖွဲ့ထားသော်လည်း နှလုံးသား ဝိညဉ်တခုကိုတော့ အဘယ်အရာကမျှ ချုပ်နှောင်၍ ရမည်မဟုတ်ပါ။ ထိုသူ၏ စိတ်၊ ထိုသူ၏ အတွေးသည် လွတ်လပ်စွာဖြင့် ဖြန့်ကျက် နေပေလိမ့်မည်။ အတွေးဖြင့်ပင် လုပ်စရာ ရှိသည်များကို ထွင်းထုနေပေလိမ့်မည်။
ကိုယ်လွတ်လပ်မှု ရှိလာသော အချိန်တွင် မိမိ၏ အတွေးများကို စိတ်စွမ်းအားရှိသလောက် လုပ်ဆောင်နိုင်မည် ဖြစ်ပေမည်။ ထိုအချိန်ကာလသည် အလွန် ကြည်နူးစရာကောင်းပြီး တန်ဖိုးရှိသော နေ့ရက်များ ဖြစ်ပေလိမ့်မည်။ မိမိကဲ့သို့ လူသားများကို စိတ်နှလုံး ချမ်းအေးစေနိုင်အောင် လုပ်ဆောင် ပေးခွင့်ရမည့် အတွေးထဲမှ အတွေးတစ်ခု ဖြစ်နေလိမ့်မည်ဟု ယုံကြည်မိပါသည်။ ထိုယုံကြည်မှုနှင့်အတူ ထပ်ဆင့်၍ အတွေးထဲမှ အတွေးများကိုလည်း လုပ်ဆောင်နိုင်ခွင့်ရ ကြမည်ဟု တောင့်တမိပါသည်။
လူတစ်ယောက်၏ အတွေးထဲတွင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဆိုသော ကာလသုံးပါး၏ အကြောင်းခြင်းရာ များကား အုပ်မိုးထားပေလိမ့်မည်။ အတိတ်ကာလက ဖြစ်ပျက်ခဲ့သော ကောင်းခြင်း ဆိုးခြင်းများကို တွေးတောရင်း၊ ပြင်ဆင်ပြုပြင်စရာ ရှိသည်များကို ပြုပြင်ရင်း ပစ္စုပ္ပန်ကာလတွင် အကောင်းဆုံး နေထိုင်ကြလျှင် အေးချမ်းသော အတိတ် ကာလတခုကို ပိုင်ဆိုင်ခွင့် ရမည်ဖြစ်ပေမည်။
လွတ်လပ်သော ဘဝလေးတစ်ခုတွင် လွတ်လပ်သော အတွေးများစီကုံးကာ လင်းရောင်ပေးနိုင်သော လက်တစ်စုံ ပိုင်ဆိုင်သူအဖြစ် အသက်ဆက်နိုင်သူ လူသားတစ်ဦး အနေနှင့် လျှောက်လှမ်းခွင့် ရနိုင်ကြစေရန် မျှော်မှန်း ရည်သန်မိပါသည်။။။
22 comments:
အဓိပ္ပါယ်နက်နဲတဲ့ စာတမ်းလေးပါပဲ.. မသဒ္ဓါရေ...း)
ခင်မင်လျက်
နေ၀သန်
အားပေးသွားပါတယ်....
နက်နဲတဲ့ အဓိပ္ပါယ်တွေနဲ့ ပြည့်နေတဲ့ စာလေးတစ်စောင်ပါပဲဗျာ။ :)
ခင်မင်လျက်
Junemoe
စားသားတွေက လေးနက်လွန်းပါတယ် ဖတ်မှတ်လေ့လာသွားပါ၏
လွတ်လပ်မှုဆိုတာ သက်ရှိတိုင်း လိုချင်ကြတဲ့အရာမျိုးပါ..။ လွတ်လပ်မှုကို မြတ်နိုးသူတိုင်းက လွတ်လပ်မှုကို တန်ဘိုးထားတတ်ကြတယ်...။
လွတ်လပ်မှုအရသာကို မလွတ်လပ်တော့ကာမှ သိကြရတယ်။
လွတ်လပ်မှု + ငြိမ်းချမ်းမှု တွေရှိမှ ဘ၀လမ်းက အကောင်းဆုံး ရှင်သန် ပျော်မွေ့နိုင်မယ်။ စိတ်ချမ်းသာနိုင်မယ်။ စိတ်ချမ်းသာရင် ကိုယ်ရော ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အလုပ် အားလုံး အဆင်ပြေ လာနိုင်မယ်။
ဗုဒ္ဓတရားနဲ့ဆိုရင်တော့ နောက်ဘ၀အတွက်ပါ အေးချမ်းတဲ့ဘ၀ကို ရောက်နိုင်မယ်ပေါ့။
ဟုတ်တယ် အဓိပ္ပါယ်လေးနက်တဲ့ စာစုလေး။
စာတွေ များကြီး ဆက်လက်ရေးသားနိုင်ပါစေ မသဒ္ဓါရေ...း)
ခင်မင်လျှက်
ဂျူ
စာရေးကောင်းတဲ့မမရေ
စာလာဖတ်သွားပါတယ်
ပစ္စုပ္ပန်ကာလတွင် အကောင်းဆုံး နေထိုင်ကြလျှင် အေးချမ်းသော အတိတ် ကာလတခုကို ပိုင်ဆိုင်ခွင့် ရမည်ဖြစ်ပေမည်----
ဟုတ်တာပေါ့ရှင် ကောင်းလိုက်တဲ့စာသားလေးတွေ
အဓိပ္ပာယ်တွေလေးနက်တယ်ဗျာ ဖတ်ရှုမှတ်သားခဲ့တယ်နော်
ခင်မင်စွာဖြင့် (လွမ်း)
တို့ အစ်မ ပိုစ့်လေးတွေ ဖတ်ပြီးရင် တွေးစရာလေးတွေ ရရသွားတယ်... လွတ်လပ်မှုဆိုတာ လူတစ်ယောက်အတွက် တကယ်လိုအပ်ပါတယ်လေ... ပိုစ့်ကောင်းလေး တစ်ပုဒ်ပါ အစ်မ... စာတွေ များများ ရေးပါဗျို့ ...
လွတ်လပ်တဲ့ အတွေး ဖြစ်ဖို့ ဆိုတာ တကယ်တော့ အလွယ်ဆုံး နဲ့ အခက်ဆုံးပါပဲ။ လွယ်တယ် ဆိုတာက လွတ်လပ်တယ် ဆိုတာ ဘာမှ မှ မခက်ဘဲကိုး။ လွတ်လပ်တယ် ဆိုတာနဲ့ ပြီးတယ်။ ဒါပေမဲ့ ဘာလို့ ခက်လဲ ဆိုတော့ ဒါကို လွတ်လွတ်လပ်လပ် တွေးဖို့ ကျတော့ စည်းကမ်းတွေ ၊ ဘောင်တွေ ၊ ရိုးရာတွေ ၊ ကျင့်ထုံးတွေက ပိတ်လှောင်ထားတယ် မဟုတ်လား။
ခေါင်းစဉ်လေးအတိုင်း လူသားတိုင်းဟာ မျှော်လင့်ချက်
အတွေးကိုယ်စီနဲ့ အသက်ဆက်နေသူများပါ သဒ္ဓါရေ။
ကိုယ်ပိုင်လွတ်လပ်တဲ့အတွေးလေးတွေကိုလည်း
လွတ်လွတ်လပ်လပ် တွေးပိုင်ခွင့်ရှိကြပါတယ်။
'ကိုယ်ခန္ဓာကို နှောင်ဖွဲ့ထားသော်လည်း နှလုံးသား
ဝိညဉ်တခုကိုတော့ အဘယ်အရာကမျှ ချုပ်နှောင်၍
ရမည်မဟုတ်ပါ' စာသားလေးအရမ်းကောင်းတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ရိုးသားစွာ ဖန်တီးခြင်းဖြင့် လွတ်လပ်မှု၏ တန်ဖိုးများကို မြှင့်တင်ပေးနိုင်ပြီး ရှင်သန်မှုအဓိပ္ပါယ်ကိုဖော်ဆောင်နိုင်ရန်လိုအပ်ကြောင်း နားလည်ခဲ့ပါတယ် ...
အရမ်းကိုလေးနက်တဲ့ အတွေးတွေပါမမရေ
ဇက်စောင်းနေလို့ ဖြည်းဖြည်းချင်းစာတွေလိုက်ဖတ်နေရတယ်
မမသဒ္ဒါပျော်ရွှင်ပါစေ
ချစ်တဲ့
မဒိုးကန်
လွတ်လပ်တဲ့ဘ၀မှာနေခွင့်ရပြီး လွတ်လပ်တဲ့အတွေးတွေကို လက်တွေ့ဘ၀ထဲထိ ရောက်အောင် အကောင်အထည်ဖော်နိုင်ခွင့်ရပါစေလို့ မျှော်လင့်နေကြရင်းနဲ့ပဲ.....။
အစ်မလှုင်းရေ...
လွတ်လပ်တယ်ဆို
လှောင်အိမ်ထဲထည့်လိုက်
လွတ်ပေးလိုက်
ထောင်ဖမ်းလိုက်
ဆိုရင်တော့ ဘယ်တော့များမှ လွတ်မြောက်တော့မှာ
မဟုတ်တော့ပါဘူးနော်...
(ဒီတစ်ခါ ဒီမှာပဲ ကွန်မန့် ပေးလိုက်ပါတယ်ခင်ဗျာ...)
ထော်ဦး
မသဒ္ဓါရေ .... ဦးဇင်းက ပြည်တွင်းမှာဆိုတော့ အမြဲမရောက်ဖြစ်ဘူး။ ဦးဇင်း စာတွေကို လာလာအားပေးသွားတာ ကျေးဇူးတင်ပါတယ်။ ဒီတစ်ပတ်ထုတ် ဈေးကွက်မှာ ဦးဇင်းရဲ့ ရေပေါ်သောင်ကျွန်းရွာများ၏ ကံကြမ္မာဆောင်းပါးလေး ပါသွားတယ်။ မဖတ်ရသေးရင် ဖတ်ကြည့်လိုက်ပါအုံး။ မသဒ္ဓါရဲ့ စာတွေလည်း အနှစ်သာရရှိပါတယ်။ မသဒ္ဓါ ဘယ်တော့ မြန်မာပြည် ပြန်မလဲ။
တကယ်ကို အရသာရှိရှိဖတ်လိုက်ရတဲ့ ပို့စ်လေးပါပဲ အစ်မရေ.........။ ဒီလိုမျိုးဆောင်းပါးတွေ ခပ်များများရေးပေးဖို့ တောင်းဆိုပါရစေ။
တကယ့်ကို အရသာရှိရှိဖတ်လိုက်ရတဲ့ ပို့စ်လေးပါပဲ အစ်မရေ............။ ဒါမျိုးလေးတွေ ခပ်များများရေးပေးဖို့တောင်းဆိုပါရစေ။
တဂ်ထားပါတယ် အစ်မ ကြီး ဖြေပေးဦးနော်း)
http://www.thettantcho.com/2012/02/blog-post_29.html
ခင်မင်စွာဖြင့်
သက်တန့်ချို
လွတ်လပ်ခြင်း....
တစ်ခါတစ်ခါမှာ အဲဒီလွတ်လပ်ခြင်းတွေမှာ အကန့်အသတ်တွေနဲ့...
Post a Comment