တနေ့ အလုပ်ကနေ အပြန် ကျမနဲ့ လုပ်ဖေါ်ကိုင်ဖက် ညီမလေး... တခုခု သွားစားကြမယ်လို့ စဉ်းစားတယ်။ ဘာစားကြမလဲ ဆိုတော့.. ဒီမှာ အများဆုံး စားကြတဲ့ ကွေ့တီယိုပဲ စားကြမလားတဲ့။ သိပ်မစားချင်ဘူးလို့ ကျမကပြောတော့ ဒါဆို ဘာစားကြမလဲတဲ့.။ စားနေကြ ဆိုင်မှာပဲ သွားစားကြမယ်ဆိုပြီး နှစ်ယောက်သား လာခဲ့ကြတယ်။ ကျမက ဖက်ထုပ်ခေါက်ဆွဲ စားချင်တယ်လို့ ပြောတော့ ထိုင်းလို ပြောဖို့ အခက်တွေ့နေရော..။ ဒါနဲ့ ထိုင်းလို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တဲ့ အမ တယောက်ကို ဖက်ထုပ်နဲ့ခေါက်ဆွဲ ဘယ်လို ပြောရမလဲဆိုပြီး မေးကြည့်လိုက်တယ်..။
` ဘားမီ ကီယအို နမ်း…´ တဲ့။
အဲဒါက ဖက်ထုပ်ရယ်၊ ခေါက်ဆွဲရယ်ကို အရည်နဲ့ လုပ်ထားတာ ကောင်းတယ်လို့ ပြောတယ်။ အတူတူလုပ်တဲ့ ညီမက ထိုင်းစာ နည်းနည်း သင်ဖူးတော့ အခေါ်အဝေါ်ကိုတော့ ညီမလေးပဲ သေချာ မှတ်ထားလိုက်လို့။ မမက မှတ်မိမှာ မဟုတ်ဘူးလို့ ပြောတော့ သူကလည်း ဟုတ်ကဲ့တဲ့။ ဒါနဲ့ `အိုကေ´ ဆိုပြီး လာလိုက်ကြတာ…။
ဆိုင်လည်း ရောက်ရော ဆိုင်က အမကြီးက ဘာစားမလဲတဲ့။ ခါတိုင်း မှာစားနေကျ မဟုတ်တဲ့ တခုကို ပြောရမှာ ဆိုတော့လည်း တထိတ်ထိတ်နဲ့..။ ကျမတို့ နှစ်ယောက်လည်း တယောက် မျက်နှာ တယောက် ကြည့်ပြီး ဘယ်လိုလဲ ဆိုတဲ့ သဘောနဲ့.. ကျမက ညီမလေး ပြောဆိုတဲ့ အထာနဲ့ပေါ့..။ အဲဒါနဲ့ သူကလည်း ထိုင်းလို `ကယိုနမ်း´ ဆိုပြီး ပြောလိုက် ပါရော..။ ကျမ ကလည်း ဟုတ်ပြီပေါ့။ ဆိုင်က ပြန်ပြောတယ်… ရတယ်တဲ့.။ ဒါနဲ့ ကျမ တို့လည်း စောင့်ရင်း စကား တပြောပြောနဲ့ပေါ့။
ခန ကြာတော့ ကျမတို့ရှေ့ကို ပုဂံလုံး နှစ်လုံး လာချလို့ ကြည့်လိုက်တော့ ရီရမလို၊ ငိုရမလို တောင်ဖြစ်သွားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမ မစားချင်တဲ့ ` ကွေ့တီယို´ ပဲ ဖြစ်နေပါတော့တယ်။ ဟာ ဘယ်လို ဖြစ်တာလဲလို့ ဆိုတော့ အသံထွက်လည်း သိပ်မဆင် ပဲနဲ့ ဘာလို့ မှားရတာလဲလို့။ ကျမတို့ မှာတာ `ကွေ့တီယို´ မဟုတ်ဘူး ဆိုတော့ `ကယိုနမ်း´ လို့ ပြန်ပြောတော့မှ မရှိဘူးတဲ့။ ဒါတော့ သူတို့် မရှိတာကို မရှိဘူးလို့ မပြောပဲနဲ့ ရှိသလိုလို လုပ်ပြီး `ကွေ့တီယို´ ပဲ လာချတာ ဖြစ်မှာလို့တော့ ထင်လိုက်တယ်။
ဒီမှာက အစားအသောက် အခေါ်အဝေါ်တွေနဲ့ သိပ်အကျွမ်းတ၀င် မဟုတ်တော့ တခါတလေ ဆိုင်ရောက်ရင် သူများမှာစားတာတွေ ကြည့်ဖြစ်တယ်။ သူတို့ စားနေတာ စားချင်စရာဆို လက်ညှိုးထိုးပြပြီး ပြောလိုက်တာပဲ။ တခါတလေလည်း ဟုတ်လို့...။
အော်…. စိတ်ထဲမှာတော့ ဖက်ထုပ်နဲ့ လွဲခဲ့ ရပြီပေါ့… လို့တွေးရင်း `ကွေ့တီယို´ ပုဂံလုံးကိုသာ စိုက်ကြည့်မိ နေတော့တယ်။
ကျမတို့ နှစ်ယောက်လည်း စိတ်နာနာနဲ့ `ကွေ့တီယို´ ပဲ လွေးခဲ့ ရပါတော့တယ်…။ အော် လွဲလည်း လွဲတဲ့ စကားလုံးလေး ပါလားလို့ တွေးရင်းနဲ့ အပြန်လမ်း တလျှောက် မှာတော့...........
` ဘားမီ ကီယအို နမ်း…´
` ဘားမီ ကီယအို နမ်း…´
` ဘားမီ ကီယအို နမ်း…..´ လို့သာ အထပ်ထပ် ရွတ်နေမိတော့တယ်….။

7 comments:
ဖတ်ရင်းနဲ့ ပြုံးမိတယ် သဒ္ဓါရေ... အမလည်း ဒီကို ရောက်ခါစက ဟော်ကာစင်တာတွေမှာ သွားစားရင် သူတို့အသံထွက် ရေးထားတာတောင် ဖြောင့်အောင် မခေါ်တတ်ဘူး။ ဒီတော့လည်း international language ပဲသုံးပြီး လက်ညိုးထိုးလိုက်တာပေါ့။း))
ခင်မင်လေးစားလျှက်
` ဘားမီ ကီယအို နမ်း…´` ဘားမီ ကီယအို နမ်း…´` ဘားမီ ကီယအို နမ်း…..´ :D
ပြန်လာခဲ့ ဖက်ထုပ်လုပ်ကြွေးမယ်
ဒါဘဲ...
ကိုယ့်ဘလောဂ့်ဖွင့်မရလို့
အသစ်တင်တဲ့သူတွေကို မနာလိုဖြစ်နေတယ်
ကြည့်မရလို့ ရှည်ရှည်မမန့်တော့ဘူး...
ပြန်ပြီ....
:)
စာမေးပွဲတွေနဲ့. အတန်းတွေနဲ့...တစ်ခြား နုတ်ဆက်ပွဲတွေနဲ့ လုံးထွေးနေရလို့ အချိန်မှီ မလာအားပေမဲ့ အားချင်းပဲ လာခဲ့ပါတယ်။း) ဆက်ရေးပေးပါ။ တစ်ဘလော ဘလော့လေးကို ပစ်ထားရတယ်။ ရေးစရာတွေတော့ အများကြီးပါ။ တစ်နေ့ပေါ့လေ။ ပျော်ရွှင်ပါစေ..
စာလာဖတ်သွားပါတယ်။
မနော်ဟရီ
သဒ္ဒါရေ...
ကိုဏီလင်းကတော့ ဒီမှာစားချင်တာကို မီနူးစာအုပ်ထဲက ဓါတ်ပုံကို လက်ညှိုးထိုးပြပြီး..မှာစားတာ....အဟီးးးး
ဖြစ်တတ်တယ်...ခဏခဏပဲ....း))
ခင်မင်တဲ့
ဏီလင်းညို
လက်ကျန် ဖက်ထုတ်လေး မန့်လို့ရတုန်း အပြေးလေး လာစားသွားပါတယ် မသဒ္ဒါရေ ..။
Post a Comment