အဆုံးရှိနေတဲ့
လမ်းမတစ်ခုပေါ်မှာ
လျှောက်လှမ်းနေသော
ကျွန်မ..၏
မိုင်တိုင်တစ်ခု အဝင်. ကျွန်မကိုယ်ထဲတွင် စီးဝင်နေသော အရာသည်...
တန်ဖိုး.... တစ်ခု။
ဆက်၍ဆက်၍
သွားရအုံးမည့်
ခရီးစဉ်သည်
ကျွန်မအတွက်
ဘယ်အချိန်မှာများ
အဆုံးသတ်မလဲ
ဆိုတာကို
မသိနိုင်ခဲ့ပါ.။ သိနိုင်မည့် နည်းလမ်းကိုလည်း မရှာဖွေနိုင်သေး။ မဖြစ်မနေလို့ နာမည်တပ်ပြီး အတ္တတွေ တပွေ့တပိုက်နှင့် လောကလမ်းပေါ်မှာ သွားလာနေပြီး သိနိုင်မည့် နည်းလမ်းရှိသည်ကိုလည်း
သိနေပါလျှက်
ဘယ်အတွက်ကြောင့်များ
ယခုချိန်ထိ
မရှာသေးသလဲ
လို့
ကျွန်မကိုယ်ကို
မေးခွန်း ထုတ်နေမိသည်။
မရှာဖွေနိုင်သေးသော်လည်း
အသိကို
သတိဖြင့်
ကျင့်ကြံ
နေနိုင်လျှင်
အထောက်အပံ့ဖြစ်နေအုံးမည်။
အငိုမဆုံးနိုင်သော
အဆိပ်သင့်
လူသားတစ်ဦးဖြစ်ခိုက်
နေညိုချိန်ကို
ကျွန်မအနေနဲ့
မဖြစ်မနေ
ရင်ဆိုင်ရအုံးမည်။
ထိုအချိန်ကို
ကျွန်မသည်
ရဲရဲရင့်ရင့်
ရင်ဆိုင်ကျော်ဖြတ်နိုင်အောင်
ကြံ့ခိုင်နိုင်အောင်
ကျွန်မအတွက်
ဘာတွေများ
ပြင်ဆင်ပြီးပြီလဲဟု
အထပ်ထပ်တွေးနေမိသည်။ အတွေးနှင့်အတူ မွန်းကျပ်နေသော ရင်တွင်းတနေရာမှ ဆွဲကိုင်လှုပ်သလို တင်းကျပ်မှုသည် နှလုံးသွေး အကြည်ဓါတ်၏ လှုံ့ဆော်မှုကြောင့် ခံစားသိ တစ်ခုပင်။ ကျွန်မ၏ ခရီးဆုံးသည် ဘယ်အချိန် ဘယ်နေရာ ဘယ်လိုသော အကြောင်းတရားများနဲ့ ထွက်ခွာသွားရမလဲ မသိနိုင်သော
တနေ့နေ့
တချိန်ချိန်
ရှောင်လွဲ မရနိုင်သော အရာဖြစ်သော် လည်း
မေ့လျော့နေ မိခြင်းသည်
ကျွန်မ၏အတ္တ တစ်ခုပင်...။
မသိနိုင်သော အရာများနှင့် ပြည့်နှက်နေသော လူ့ဘဝရခိုက် မတူညီနိုင်သော အရာများကို ညှိနှိုင်းနေထိုင်နိုင်ခြင်းသည်လည်း လှပ သက်ဝင်သော အနုပညာရပ် တစ်ခုပင်..။ ထို အနုပညာရပ်တစ်ခုကို တည်ဆောက်ခြင်းသည် လှပသော အနာဂတ်တစ်ခုကို အုတ်မြစ်ချ တည်ဆောက်ခြင်းပင်..ဖြစ်လေသည်။ လှပသော အနာဂတ် အဆောက်အဦး တစ်ခု ဖြစ်ရန် ကျွန်မသည်လည်း အုတ်တစ်ချပ် သဲတစ်ပွင့် အဖြစ် ကျွန်မ တန်ဖိုးထားပါသည်။ တခြားသူများ ပါဝင်နိုင်မည့် မတူညီနိုင်သော အရာများကိုလည်း ကျွန်မ တန်ဖိုးထား ပါသည်။ ထိုအဆောက်အဦးသည် တစ်ဦးချင်း၏ မတူညီမှုများနှင့် တည်ဆောက် ထားကြသော နေခြည်ဖြာအောက် နွေးထွေးမှု များနှင့် ပြည့်နေသော အာရုဏ်ဦး ပန်းချီကားတစ်ချပ်..။
မတူညီမှုများနှင့် တည်ဆောက်မည့် အဆောက်အဦးဆိုသည်မှာ မတရားမှုများ ကျူးးလွန်ပြီး ဖိနှိပ်မှုများနှင့် ရက်စက်စွာ တည်ဆောက်မည့် သွေးစွန်းသောလက်များကို ကျွန်မ လက်ခံမည်မဟုတ်..။ သွေးစွန်းနေမည့် အဆောက်အဦး၊ သွေးညှီနံ့နှင့် ပြည့်နေမည့် အဆောက်အဦး ကို ကျွန်မ နှစ်လိုမည်မဟုတ်..။ မတရားမှုများ ပြုလုပ်နေသူများနှင့် မည်သည့်အခါမျှ တူညီနိုင်လိမ့်မည် မဟုတ်..။ ပြေပျောက်မှုမရှိမည့် အစွန်းအထင်းများသည် လှပသော အဆောက်အဦး တစ်ခု မဖြစ်ပါ...။ လှပမွေးကြိုင်နေသော အဆောက်အဦးသည်သာ ဘဝများစွာ၏ အလင်းရောင် ဖြစ်ပေလိမ့်မည်။
လျှောက်လှမ်းနေသော လမ်းခရီးပေါ်တွင် ကျွန်မ၏ခြေလှမ်းများက အများသူ အတွက် ခလုတ်ကန်သင်း မဖြစ်ပဲ အလင်းရောင် ပေးနိုင်ရန် ကျွန်မ မျှော်လင့်မိပါသည်။ လူတစ်ဦးချင်းစီ၏ ဆုပ်ကိုင်ထားသော တန်ဖိုးထားမှုများ မတူညီသည့် အလျောက် တစ်ဦး၏တန်ဖိုးနှင့် တစ်ဦး၏အပြုအမူများကို ဝင်ရောက် ခံစားပေးနိုင်ပြီး တန်ဖိုးထားနိုင်သူဖြစ်ရန် အရေးကြီးပါသည်။ တစ်ဦးနှင့်တစ်ဦးတို့၏ အရည်အသွေး၊ ပင်ကိုယ်စွမ်းရည်၊ ကြိုက်နှစ်သက်မှု၊ အလေ့အထ၊ ယုံကြည်မှု၊ စဉ်းစားတွေးခေါ်မှု တို့သည်လည်း မတူညီနိုင်ကြ..။ ထိုသူတို့၏ တန်ဖိုးထား မတူညီနိုင်မှုကို နားလည်မှု ပေးနိုင်ရန်လည်း လိုပေသည်။ တပါးသူတန်ဖိုးထားသော အရာကို ကျွန်မလေးစား တန်ဖိုးထားတတ်ရန် သတိပြုမိ ပါသည်။ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် တန်ဖိုးထားမှ ထိုတန်ဖိုးကို လေးစားနိုင်ပါမှ အဇ္ဖျ တ္တ တွင်း ဖြူ စင်သန့်ရှင်းပြီး ပဋိပက္ခ ငြိမ်းအေးပေလိမ့်မည်။
ထိုသည်ပင် အဆုံးရှိနေသော လမ်းခရီးကို လျှောက်လှမ်းနေသည့် ကျွန်မ၏ တန်ဖိုးထားမှု တစ်ခုပင်..။

အဆုံးရှိနေတဲ့ လမ်းတစ်ခုမှာ
အငိုမဆုံးတဲ့.
အဆိပ်သင့်ခဲ့တဲ့.
ခဏတာ လူသားဖြစ်ခိုက်
နေညိုချိန်အရောက်
သွားဖို့ ပြင်ဆင်.
အပြစ်မဲ့ အဆုံးသတ်လူသားအဖြစ်
ငါ ခံယူအံ့......။
အငိုမဆုံးတဲ့.
အဆိပ်သင့်ခဲ့တဲ့.
ခဏတာ လူသားဖြစ်ခိုက်
နေညိုချိန်အရောက်
သွားဖို့ ပြင်ဆင်.
အပြစ်မဲ့ အဆုံးသတ်လူသားအဖြစ်
ငါ ခံယူအံ့......။