Friday, April 29, 2011

ရာဇဝင်တခု

သက္ကရာဇ်တခုရဲ့ ရာဇဝင်ထဲ
ထိုးဖေါက်ကြည့်တော့
ရင်ဘတ်တခြမ်းနဲ့ လူ...
ရုပ်သေနေတဲ့ လူ...
အပြုံးတုနဲ့ လူ...
အမုန်းတုနဲ့ လူ...
မျက်ရည်တုနဲ့ လူ...
အရိုင်း လူ...

ပျံ့ကျဲနေတဲ့ စိတ်ရာဇဝင်ထဲ
ဖွေရှာ ကြည့်မိတော့
ညီမျှမှု ကင်းမဲ့ချင်တဲ့ စိတ်...
ရွှေမှုန်ကြဲချင်တဲ့ စိတ်...
ငွေမှုန်ကြဲချင်တဲ့ စိတ်... တွေနဲ့
စိတ်ကိုစိတ်ချင်းထပ်နေတဲ့..
ကြဲချင်တိုင်း ကြဲနေတဲ့ စိတ်တွေနဲ့...

ရာဇဝင်ထဲက လူသားတဦး
ဖွေရှာမိတဲ့ တရားက..
ကန့်လန့်ဖြတ်မနေတဲ့ မျဉ်းတကြောင်း...

နံရံတွေကာထားတဲ့
မေတ္တာတုတွေထဲ..
အပြုံးတွေကာထားတဲ့
ဟန်ဆောင် ကမ္ဘာထဲ..
သစ္စာရည်တွေ ဖြန်းပက်ပစ်လိုက်မယ်..
ရာဇဝင်တခု လှပဖို့ပေါ့..

ခုတော့... ဘဝအသေတွေကို
ရာဇဝင်ဟောင်းထဲမှာ ထားခဲ့ပြီး
ကညစ်နဲ့ ရေးခြစ်နေတဲ့
ဘဝအသစ်တွေကိုတော့
ရာဇဝင်သစ်ထဲမှာ...ပေါ့...!

Monday, April 18, 2011

နွေဆူးလင်္ကာ၏ အမှတ်တရကဗျာ

ကမ်းခြေရေးတဲ့ လှိုင်း

ဆူနာမီတွေထက်
အများကြီး မြင့်တယ် ...
ကြောက်မသွားကြပါနဲ့
အဲဒီလှိုင်းက သဒ္ဓါလှိုင်းပါ ...
ကျနော်လို ကမ်းခြေကောင်တွေ
အမြဲမျှော်လင့်နေရတဲ့
စာတွေ သယ်ဆောင်လာတဲ့လှိုင်း ...။

ပင်လယ်တွေ မခမ်းသလို
လှိုင်းတွေ မကုန်သလို
သဒ္ဓါလှိုင်း လည်း
ကျနော်တို့ ရင်ကို
ဆက်ပြီး ရိုက်ခတ်နေနိုင်ပါစေ ....။ ။

(သဒ္ဓါလှိုင်းဘလော့ဂ် တစ်နှစ်ပြည့်အမှတ်တရ)

ချမ်းမြေ့ပါစေ ....
နွေဆူးလင်္ကာ

သဒ္ဓါ့ရဲ့ ဘလော့တနှစ်ပြည့် အမှတ်တရလေး ရေးပေးပါလို့ ပြောလိုက်တာနဲ့ မအားလပ်တဲ့ကြားထဲကနေ ချက်ချင်း ရေးပေးတဲ့ ကိုနွေဆူးကို ကျေးဇူးတင်ကြောင်း ပြောပါရစေ.။

Wednesday, April 13, 2011

အဆိပ်…

“ငါ့..” အတ္တအတွက်

ငါ… ကိုယ်တိုင် သောက်သုံးနေတဲ့

အရာတခု


တိုးဝှေ့ဝင်လာတဲ့…

အသိနဲ့ကြည့်လိုက်တော့

အဆိပ်တခွက်ဖြစ်နေပေါ့….!


အဆိပ်ပေါ် အဆိပ်ချင်းထပ်လို့

အဆိပ်ချင်းထိတဲ့ ထိခတ်မှုကြောင့်

တချို့နေရာ… အရည်ပျော်…..

တချို့နေရာ… အငွေ့ပျံ…..

တချို့နေရာ…. ပုပ်ပွ…..အံ့မူးမူး


သတိဝင်ခိုက်….

“ငါ…”………….

ဖြေဆေးရှာဖို့

အမောတကော ပြေးလွှားနေမိ


ဟော……..

ငါ… ရှာဖွေသောက်သုံးခဲ့တဲ့

ဖြေဆေးမှာလည်း

အဆိပ်တွေ ပါနေလေရဲ့…!

…………………….!


“ငါ…” ……..


အငမ်းမရ သောက်သုံးခဲ့တဲ့

အဆိပ်ရည်အတွက်

အဆိပ်..ဖြေဆေးအတွက်

ငါ့.. ကိုယ်ငါ ဒဏ်ခတ်တယ်…!

ငါ့… ကိုယ်ငါ ပြစ်ဒဏ်ချလိုက်တယ်…!

Saturday, April 9, 2011

သမီးအတွက် ကဗျာ...

သမီးအတွက် ကဗျာ

မြစ်တမြစ်ဟာ သူ့နှလုံးသားနဲ့ သူစီးရတာ ..

အဲဒီမြစ်ဟာ သမီးဖြစ်စေ ....။


ကမာပုလဲ
မတ်လ ၂၀၁၁။


ကျမအတွက် ကဗျာလေးတပုဒ်ကို ဘဝတခုလုံးအတွက် ကိုယ်စားပြု ခံစားသက်ဝင်နိုင်ပြီး နူးညံ့ညင်သာစွာနဲ့ တန်ဖိုးရှိရှိ စီးမျောသွားနိုင်အောင် ရင်နဲ့ရင်းပြီးရေးပေးခဲ့တဲ့ ကဗျာအရေးကောင်းပြီး ဘဝရဲ့ဝေဒနာတွေ.. ဘဝရဲ့ နာကျင်မှုတွေ... ဘဝမှာ အကောင်းဆုံး ဆက်လက် ရှင်သန်လိုစိတ်တွေ... ဘဝရဲ့ အတ္တတွေ.... ကို ကဗျာအဖြစ် အသွင်ပြောင်းလို့ ထုဆစ်ရှင်သန်နေတဲ့ အကိုလို လေးစားချစ်ခင်ရတဲ့ ကမာပုလဲ ကို ဘလော့ပေါ်ကနေ ကျေးဇူးတင်တာထက် ပိုတယ်ဆိုတာ ပြောပါရစေ.။

Wednesday, April 6, 2011

ထွက်သွားခဲ့သော်ငြား…

မဖိတ်ခေါ်ပါပဲ ဘယ်နေရာကနေ ရောက်လာမှန်းမသိတဲ့ ကြောင်လေးတွေကို အသက်ဆက်ရှင်နိုင်ဖို့ အစာလေးကျွေးရင်း အမျိုးအမည်မသိတဲ့ ရင်းနှီးမှုတခုနဲ့ ရင်ဆိုင်ခဲ့ရတယ်။

ကျမရေးခဲ့ဖူးတဲ့… ကြောင်လေးတွေထဲက တကောင်ပြီးတကောင် သေသွားခဲ့ပေမယ့် နောက်ဆုံး ကံကောင်းလှစွာ မသေပဲ ကျန်ခဲ့တဲ့ ကြောင်လေးတကောင်ကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်ရင်း နေလာလိုက်တာ….. ။

ကျန်ခဲ့တဲ့ ကြောင်လေး ကိုလည်း ဘယ်အချိန်မှာ ဘာဖြစ်ပြီး သေအုံးမလဲဆိုပြီး စောင့်ကြည့် နေခဲ့ရတယ်.။ အဲဒီ ကြောင်လေးကလည်း ထမင်းစားချိန်ဆို ကျမကို တွေ့လိုက်တာနဲ့ ထမင်းတောင်းတတ်နေခဲ့ပြီ.... ကြောက်တဲ့ စိတ်လည်း သိပ်မရှိတော့ပဲ ယဉ်ပါးလာခဲ့ပြီ.. ကျမကလည်း အချိန်မှန် ထမင်းလေးကျွေးလို့ ကြောင်လေးကို တကြည့်ကြည့်နဲ့..... ထမင်းစားရဲ့လား......ပေါ့.။ ရင်းနှီးမှုတခု အတွက် တထပ်ရစ်ခဲ့ရတယ်..။ ကျမရဲ့ရုံးပိတ်ရက်မှာ ကြောင်လေးအတွက် စိတ်ပူပန်နေတတ်ခဲ့ပြီ..။ ရင်းနှီးမှုတခုအတွက် တထပ်တိုးခဲ့ ရပြန်ပြီပေါ့….။

ဟန်ဆောင်မှုမပါပဲ စစ်မှန်တဲ့ သဘောထားနဲ့ ထပ်ခါထပ်ခါ တိုးလာတဲ့ ရင်းနှီးမှု တခုကြောင့်…. ကြောင်လေး အတွက် ဘာကြောင့်များ စိတ်ပူနေရသလဲလို့လည်း တွေးတောနေမိသေး..။

တနေ့ပြီးတနေ့ တိုးလာတဲ့ ရင်းနှီးမှုအတွက် ပူပန်မှုဆိုတဲ့ အကျိုးဆက်တခုကလည်း ကိန်းအောင်းလာမိခဲ့ပေါ့..။

အချိန်ကြာလာတာနဲ့အမျှ တုံ့ပြန်ဖြစ်ခဲ့တဲ့ စိတ်လေးတခုကြောင့် တချိန်ချိန်မှာ ပြန်ပြီး ရစ်ပတ်ခံရမယ့် စိတ်တခုကို ခံစားခဲ့ရမယ်ဆိုတာ သိခဲ့ရင် ခုလောက်ရင်းနှီးမှုထားခဲ့မိပါ့မလား…။

တရက်မှာတော့ ထမင်းစားချိန်ထိ ကြောင်လေးကို မတွေ့ခဲ့ရဘူး.။ ဘယ်များသွားနေပါလိမ့်ဆိုပြီး ကျွေးနေကျ အတိုင်း ထမင်းကျွေးထား လိုက်တယ်။ နောက်နေ့မနက်ထိ ကြောင်လေး မရောက်လာခဲ့ဘူး.. ခန ဘယ်များ သွားနေပါလိမ့်ဆိုပြီး မျှော်နေမိတယ်.။ တရက်ပြီးတရက် တလပြီးတလ ကုန်ဆုံး သွားပေမယ့် ရောက်မလာတော့တဲ့ ကြောင်လေးတကောင်ကို စိတ်ပူပန်စွာ တွေးတောရင်း ကိုယ့်ကို ရစ်ပတ်ခဲ့တဲ့ စိတ်တခုကိုပဲ အသေအချာ ဆွဲထုတ်နေမိတယ်… ။

မဖိတ်ခေါ်ပဲ ရောက်လာခဲ့ပြီး နှင်မထုတ်ပဲ ပြန်ထွက်သွားခဲ့တဲ့ ကြောင်လေးကို တနေရာစာ ပေးထားခဲ့မိတဲ့ အတွက် ရလာခဲ့တဲ့ ပူပန်မှုတခုကိုပဲ ဖျောက်ပစ်လိုက်ရတော့မလား…။

ပူပန်မှုဆိုတဲ့စိတ်ကို စိတ်ထဲမှာမထားပဲ မောင်းထုတ်တတ်ခဲ့ပြီလား..ဆိုတာ မသေချာခဲ့ပါဘူး။

ပူပန်မှုဆိုတဲ့စိတ်က ထားချင်သလိုထား ထုတ်လိုက်ချင်သလို ထုတ်လိုက်လို့ရော ရပါရဲ့လား..။

“အဲလိုသာ စိတ်ထဲကနေ မောင်းထုတ်တတ်ခဲ့မယ်ဆိုရင်… အစထဲက ဖြစ်ပေါ်ခဲ့တဲ့ ရင်းနှီးမှုဆိုတဲ့စိတ်က တကယ် စစ်မှန်ခဲ့ပါရဲ့လား.. မောင်းထုတ်လို့ ရခဲ့မယ်ဆိုရင်လည်း… လုပ်ယူထားခဲ့တဲ့ ဟန်ဆောင်ရင်းနှီးမှုတခုနဲ့ အစပြုခဲ့မိလို့သာပေါ့.။ ”...

ခင်မင်ရင်းနှီးမှုတခုဆိုတာ အလိုအလျောက်ဖြစ်ပေါ်လာတတ်သလား.. ဒါမှမဟုတ် ကိုယ့်ကိုတခုခုပေးခဲ့လို့ ရင်းနှီးမှုဆိုတာ ဖြစ်ပေါ်လာခဲ့တာလား…. တဘက်သားမှာ ရှိနေခဲ့တဲ့ အမူအကျင့်ကိုကြည့်ပြီး ရင်းနှီးမှုဆိုတာ ဖြစ်ပေါ်လာခဲ့တာလား…… ဒါမှမဟုတ် မိမိအတွက် အကျိုးရှိစေမယ့် တဘက်သားမှာ ရှိနေတဲ့ တစုံတရာအတွက်ကြောင့် ရင်းနှီးမှုဆိုတာကို လုပ်ယူခဲ့ခြင်းလား…….

“မိမိအတွက် အကျိုးတစုံတရာမှ မရှိပေမယ့်လည်း စစ်မှန်တဲ့ ရင်းနှီးမှုဆိုတာ မဖြစ်ပေါ်နိုင်ဘူးလား…...”


ကျမအတွက်တော့ ရင်းနှီးမှုဆိုတာ ဟန်ဆောင်မှုမပါ အရောင်ဆိုးမထားတဲ့ ဘာမျှော်လင့်ချက်မှမရှိပဲ ငြိမ်းချမ်းခြင်းနဲ့ အေးမြခြင်းတွေကို ဖေါ်ဆောင်ပေးတဲ့ သန့်စင်ကျစ်လစ်တဲ့ အမြုတေလေး တခုပါ..။ အဲဒီ အမြုတေလေးတခုက တထပ်ပြီးတထပ် ရစ်ပတ်လာတဲ့ ရင်းနှီးမှု ထုထည်ကြီးကနေ မေတ္တာကို အရင်းခံပြီး ဆင်းသက်လာခဲ့တဲ့ ဖြူစင်တဲ့ စိတ်ထားတခုနဲ့ ဖြစ်ပေါ်ခဲ့ရတာပါ.။

အလွယ်တကူနဲ့ ဖြစ်ပေါ်လာခဲ့တာတော့ မဟုတ်ပါဘူး.။ တထပ်ပြီးတထပ်ရစ်ပတ် နှောင်တွယ်မိပြီးမှ ရင်းနှီးမှုအမြုတေလေးတခု ခက်ခက်ခဲခဲ ဖြစ်လာခဲ့ရတယ်.။ ခက်ခက်ခဲခဲ ဖြစ်ပေါ်ခဲ့တဲ့ မေတ္တာတွေနဲ့ ပျိုးထောင်ပြီး ရလာခဲ့တဲ့ အမြုတေလေးတခုက အလွယ်တကူ ပျက်စီးယိုယွင်းမသွားနိုင်ပါဘူး. ဆက်လက်ခိုင်မြဲပြီး ကြာရှည်သိမ်းထားနိုင်မှာပါ.။

ဒါကြောင့် ခက်ခက်ခဲခဲနဲ့ ယုံကြည်စွာ ပျိုးထောင် တည်ဆောင်ခွင့်ရခဲ့တဲ့ စစ်မှန်တဲ့ ခင်မင် ရင်းနှီးမှုကနေ ပေါက်ဖွားခဲ့တဲ့ မေတ္တာတရားကို တားဆီးမောင်းထုတ်လိုက်ဖို့ ဘယ်လိုအချိန်အခါ… အခြေအနေမျိုးမှာမှ ဖြစ်လာနိုင်မှာ မဟုတ်တော့ပါဘူး.။

“ကျမရဲ့ တစုံတခုအပေါ် ရင်းနှီးမှု အားနည်းလွန်းတဲ့ အတွက် ခက်ခက်ခဲခဲနဲ့ ရင်းနှီးမှုအဖြစ် ဖြစ်ပေါ်ခဲ့တဲ့ အမြုတေလေး ကလည်း ကျမနှလုံးသွေးတွေ စီးမျောနေသရွေ့ ပြင်ပအန္တရာယ် ဘယ်လောက်ပဲ ဝင်လာပါစေ… မေတ္တာတွေနဲ့ လွှမ်းခြုံထားတဲ့ လတ်ဆတ်တဲ့ အမြုတေလေး အဖြစ် ဆက်လက် ရှင်သန်မြဲ ရှင်သန်နေမှာပါ......!!! ”