အလင်းရောင် တဖြည်းဖြည်း ပျောက်လို့ အမှောင်ဘက် ကမ်းဆီကို ချဉ်းကပ် လာနေတဲ့အချိန်မှာ..။
ပူပြင်းလှတဲ့ ရာသီ အခြေအနေကနေ တလှမ်းချင်း အအေးဓါတ်ကို ကူးပြောင်းလို့…။
ကောင်းကင် တခွင်လုံး မှိုင်းညို့ အုံ့မှောင်မှုနဲ့ အတူ ကျမရဲ့ စိတ်အစဉ် တွေကလည်း ကောင်းကင်ကြီးနဲ့ အပြိုင် မှိုင်းညို့ အုံ့မှောင်ပြီး ရွာတော့မဲ့ဟန် နဲ့ ပြိုဆင်းတဲ့ ဟန်ပန်နဲ့……..
စိတ်ဆိုတာကလည်း ပျံ့လွင့်လွယ်၊ ပြောင်းလဲလွယ်၊ ပြန်တော့ တခဏ အတွင်းမှာပဲ ကမ္ဘာ လောကကြီးရဲ့ နေရာစုံကို တမုဟုတ်ချင်း ရောက်သွားပါ လေရောလား။
စိတ်သွားတိုင်း ကိုယ်ပါနိုင်ရင် ၀မ်းသာမဲ့ လူသားကလည်း ကျမ ဖြစ်နေပါရော….။
ကျမ နှစ်ခြိုက်ရတဲ့ နေရာလေး တခုဆီကို ရောက်သွားလိုက်တာ…
နေ့တိုင်းလို အမြဲ သတိရနေတဲ့ သိပ်ချစ်ရတဲ့ သူငယ်ချင်းတွေ ရှိတဲ့ဆီကို အလျင်အမြန် ရောက်သွား မိတယ်။
စိန်ပန်းပင် တွေ ရဲနေအောင် ပွင့်နေတဲ့၊ မြေသင်းနံ့လေး သင်းနေတဲ့ တက္ကသီလာ မြကျွန်းသာ ကျောင်းကြီးထဲက လမ်းပေါ်မှာ သူငယ်ချင်းတွေနဲ့ အတူ လမ်းလျှောက်လို့.။
အလို…. လမ်းတလျှောက်လုံး စိန်ပန်းပွင့်လေးတွေ ကြွေကျနေလိုက်တာ.. ရဲနေတာပါပဲလား…
သူငယ်ချင်း အားလုံးရဲ့ မျက်ဝန်းလေး တွေကလည်း တောက်ပတဲ့ အရောင်တွေနဲ့ အပြုံးပန်းတွေ ဝေဆာ နေလိုက်တာ အနာဂတ်လမ်းဆီကို ဦးမော့လို့…..။ အချိန်ကြာလာတာနဲ့ အမျှ ကျမတို့ သူငယ်ချင်းတွေရဲ့ ကြိုးစားမှု ရလာဒ်တွေနဲ့ ရင့်သန်မှုတွေကလည်း အားကောင်း လာတယ်လေ။ ရင်ထဲမှာ ဖြစ်တည်နေတဲ့ ရည်မှန်းချက် တွေက နီးသထက် နီးလာရင်း… သူငယ်ချင်း အားလုံးရဲ့ ရင်ထဲမှာလည်း နွေးထွေးမှု ကိုယ်စီ ရင်ဝယ်ပိုက်လို့…။
စိတ်ကူးတွေ တသီတသန်းကြီးနဲ့ လျှောက်လာ လိုက်တာ စာသင်ခန်းမထဲကိုတောင် ရောက်လာ လုနီးပြီပဲ..။ အတန်းထဲကို ရောက်တယ် ဆိုရင်ပဲ ဆရာမရဲ့ စာသင်သံက ကျမရဲ့ စိတ်ကူး ပုံရိပ်တွေကို သိမ်းသွင်းထား လိုက်တာ… တချက်တချက် တော့လည်း စာသင်ခန်းရဲ့ အပြင်ကို ပျံ့လွင့်လို့…။ ကျမဘေးနားမှာ ထိုင်နေတဲ့ သူငယ်ချင်းကို ကြည့်လိုက်တော့ စာထဲမှာ စိတ်ဝင်စား နေလိုက်တာလေ…။ အဲဒီအချိန်မှာ သူ့ရဲ့ စိတ်တွေရော အပြင်ကို ပျံ့လွင့် မနေဘူးလားလို့ တွေးကြည့်ရင်း ကျမရဲ့ စိတ်ကသာ ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ ဖြစ်နေပါပေါ့ လို့ တွေးရင်းနဲ့...။
အေးလေ……. ကျမရဲ့ စိတ်ကသာ ဟိုးးးးးး ဟိုး….. အဝေးတွေထိ သွားနေတာလေ..။
ဆရာမ စာသင်ချိန် အပြီးမှာတော့ ကျမရဲ့ မျောလွင့်နေတဲ့ စိတ်ကို လိုက်လံ ဖမ်းဆုပ်ရင်း နောက်ဝင်လာမဲ့ ဆရာကို စောင့်မျှော် နေမိတယ်..။ စာသင်မဲ့ ဆရာကို မျှော်နေရင်းကပဲ စိတ်တွေက ဘယ်ကို ရောက်သွား မိပါလိမ့်..။ အို… ပြန်လို့ စုစည်းဦးမှ… စုစည်းဦးမှ…ပဲ...။
ဟော…. ဆရာတောင် အတန်းထဲကို ၀င်လာနေပြီ..။ ကျမတို့ သူငယ်ချင်း အားလုံး ဆရာရဲ့ သင်ကြားမှု အောက်မှာ နာခံရင်း စိတ်ကိုတော့ အဝေး မရောက်အောင် ထိန်းချုပ်ရင်းပေါ့…။
စာသင်တဲ့ အချိန် အပြီးမှာတော့ စိတ်ကို တခါပြန်စုစီး…. ပြန်ထုတ်ပိုး…. မလို့ လုပ်နေတုန်း ဗြုန်းဆို… မိုးအကြီးအကျယ် ရွာချလိုက်တာ… မှိုင်းညို့ညို့ ဖြစ်နေတာကနေ ခုတော့ သူ့တာဝန် သူ ကျေပွန်အောင် ထမ်းဆောင်လို့….
သေချာ ပြန်စဉ်းစားပြီးတဲ့ အချိန် စိတ်ကို သေချာ ပြန်စုစီးပြီး ပြန်ထုတ်ပိုးပြီးတဲ့ အချိန်မှာတော့ ကျမတယောက် စိတ်ကူးအယဉ်လွန်နေတာပဲ…. အဲဒီတော့မှ အိမ်ပြင်ဘက်ကို ကြည့်လိုက်တာ အိုးးးးးးး မိုးတွေ သည်းသည်း မည်းမည်းနဲ့ အရမ်းရွာနေတာပါရောလား…….။