Friday, February 26, 2010

အလွမ်းရပ်ဝန်း

ခုတလော အလွမ်းတွေ ချည်းပဲ ရေးနေတယ် ဆိုပြီး ပြောနေကြတော့ ကျမလည်း တော်တော် စိတ်မကောင်း ဖြစ်သွားတယ်။ ပြန်ကြည့်တော့လည်း အလွမ်းတွေ အဆွေးတွေ ချည်းဖြစ်နေတာကိုး…။ စာတွေ ဖတ်ပြီးတော့ မျက်ရည်တွေ ဗူးသီးလုံးလောက် ကျနေပြီလားလို့လဲ စိတ်ပူသွားတယ်။ ဒါနဲ့ ကိုယ်လည်း တခြားရေးဖို့ စဉ်းစားတော့ ဒီအလွမ်း ဆိုတာကြီး ကပဲ ပေါ်ပေါ် လာပြန်တယ်။ ဘုန်းဘုန်း တွေကလည်း အလွမ်းတွေကို လျှော့ပါအုံးတဲ့ ပြောပြန်တော့ တော်တော် ဆိုးနေပါလားလို့ တွေးမိသေး။ တချို့ ညီမတွေ ကလည်း သိပ်မလွမ်းပါနဲ့တဲ့ မခံစားနိုင်လို့ပါတဲ့။

ဆိုတော့… ကိုယ်လည်း စဉ်းစားရင်းနဲ့ ကွန်ပြူတာ ရှေ့မှာ ငိုင်နေလိုက်တာ ဘယ်လောက် ကြာသွားမှန်း ကိုယ့်ကိုကိုယ် သတိ မထားလိုက်မိဘူး။ ဘေးနားက ညီမတယောက်က ဘာတွေ စဉ်းစား နေတာလဲ ဆိုတော့မှ သတိပြန်ဝင်လာတယ်။ ဘာလို့လဲ ဆိုတော့ လူတော်တော်များများဟာ လက်ရှိမှာ အလွမ်းတွေ ဒဏ်ရာတွေနဲ့ မကင်းနိုင် ပေဘူးကိုး..။

လွမ်းစရာ တွေကလည်း အများသား…။

တခါတလေ မူလတန်းထဲက အထက်တန်းထိ တက်ခဲ့တဲ့ ကျောင်းကြီးကို လည်း အရမ်း လွမ်းမိတယ်။ နှစ်ပေါင်း ၁၁နှစ် တက်ခဲ့ရတာ ဆိုတော့ လွမ်းတာ မဆန်းပါဘူးနော်…။ အခုထိလည်း ကျောင်းကြီးက အိပ်မက်ထဲမှာ လွှမ်းမိုးနေဆဲပဲ…။ ကျောင်းထဲမှာ အဆောင်တွေကများ၊ ကျယ်ကလည်း ကျယ်တော့ အရမ်း ပျော်စရာ ကောင်းတယ်။ ဘယ်တော့မှ မေ့လို့မရတဲ့…၊ ရင်ထဲမှာ အခုထိ ခိုဝင်နေတဲ့… အလွမ်း ရပ်ဝန်း နေရာလေး တခုပေါ့။

ကိုယ့်ကို ပညာတွေ စပြီး ပျိုးပေးခဲ့တဲ့ ဥယျာဉ် တခု…။ ကိုယ့်ကို ရေလောင်း၊ ပေါင်းသင် ပေးခဲ့ကြတဲ့ ဥယျာဉ်ကြီးတခု…။ ဥယျာဉ်ကြီးထဲက ဆရာမ (ဥယျာဉ်မှုး) တွေ ကိုလည်း သတိရနေမိတယ်…။ အော်… ခုချိန် ဆရာမတွေ ကတော့ နောက်ထပ် ပွင့်မဲ့ ပန်းလေးတွေကို ပြုစု ပျိုးထောင် ပေးနေအုံးမှာပဲလို့ မြင်ယောင်နေမိတယ်…။ အခုထိလည်း ပန်းပင်လေးတွေနဲ့ ဝေေ၀ဆာဆာ လှပနေမဲ့ ဥယျာဉ်ကြီးကို အဝေးကနေ မှန်းလို့ လွမ်းနေရတဲ့ အလွမ်း ရပ်ဝန်းလေး တခုပါပဲ…။

ဥယျာဉ်ကြီး ထဲက ကိုယ်နဲ့ အတူ အပြိုင် ပွင့်ခဲ့ကြတဲ့ ငယ်ငယ်တုန်းက သူငယ်ချင်းတွေကိုလည်း သတိရ လွမ်းဆွတ်မိတယ်။ တချို့ကိုတော့ လူကိုသာ မျက်လုံးထဲမှာ ပေါ်နေပေမဲ့ နာမည်က ခပ်မေ့မေ့… ပေါ်လာတဲ့ မျက်နှာလေးကပဲ သတိရမိနေတဲ့ အလွမ်း ရပ်ဝန်းလေး တခုပါပဲလေ…။

တချို့ကလည်း နှုတ်မဆက်နိုင်ပဲ ခွဲခွာခဲ့ကြပြီ။ တချို့ကလည်း နှုတ်ဆက် ခွဲခွာခဲ့ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းကြီးနဲ့ အတူ ခွဲခွာခဲ့ကြတဲ့ သူတွေအားလုံး ဒီအလွမ်း ရပ်ဝန်းလေးထဲမှာ ရှိနေကြတယ်....။

ခွဲခွာခဲ့ကြရတဲ့ သူတွေအားလုံး အလွမ်းရပ်ဝန်းလေး ထဲမှာ အမြဲ ရှိနေမှာ…။

ဘယ်တော့မှ ပြန်ဆုံနိုင်ကြပါ့ မလဲလို့ တွေးကြည့်တာနဲ့တင် တင်းကျပ်တဲ့ ခံစားချက် တခုက အမိအရ ဆွဲကိုင် လှုပ်လိုက်တယ်။

သိပ်ကို သပ်ရပ် သေချာ ထုပ်ပိုးထားတဲ့ အလွမ်း ရပ်ဝန်းလေး တခုကတော့ ခိုင်မာ တည်တံ့စွာနဲ့ တည်ရှိနေမှာ .....။

သေချာတာ ကတော့ အလွမ်းတွေ၊ ဝေဒနာတွေ၊ ဒဏ်ရာတွေ၊ သတိရစိတ်တွေ နဲ့ပဲ ဖွဲ့စည်း ရစ်နှောင် နေလေတော့ ကိုယ့်ရင်ဘတ် ထဲက ထွက်ကျလာမဲ့ စကားလုံး တွေကလည်း အလွမ်းတွေပဲ ဖြစ်နေမှာပါ…။
(ဒါတော့ ခွင့်လွှတ်နော်…….)

8 comments:

အဖြူရောင်နတ်သမီး said...

အလွမ်းရပ်ဝန်းထဲ အလည်တခေါက်ရောက်ခဲ့ပါတယ်..
သဒ္ဓါရေ...

ဒဏ္ဍာရီ said...

ဖတ်ရင်းနဲ့ ဒီတခါ အလွမ်းလေးကတော့ ပြုံးသွားရတယ် သဒ္ဓါရေ..။ ဒီလိုပဲပေါ့နော် ငယ်ကဘ၀တွေကိုတော့ ဘယ်တော့မှ မေ့နိုင်မယ် မထင်ဘူး။

ခင်မင်လေးစားလျှက်

ချော (အစိမ်းရောင်လွင်ပြင်) said...

အလွမ်းရပ်ဝန်းထဲမှာ ဖော်ပြမထားဘဲ
မြုပ်ထားတဲ့သူ တစ်ယောက်ယောက်တော့
ရှိလိမ့်ဦးမယ်...
ဒါကြောင့်လဲ ဒီလောက်တောင်လွမ်းနေတာဖြစ်မယ်..
မှန်မှန်ပြော :)

~ဏီလင်းညို~ said...

သဒ္ဒါရေ...
အလွမ်းရပ်ဝန်းလေးတွေကတော့ ကိုယ်စီရှိကြမှာပါဗျာ...။
အဲ့ဒါကြောင့် အဲ့ဒီအထဲမှာချည်း အကြာကြီးမနေနဲ့...ထွက်ခဲ့တော့ဗျ....း))
ချောမေးသလိုမေးလိုက်ချင်တယ်....။
မမင်းဖြူ မှန်မှန်ပြော....း))
(အခုရက်ပိုင်း ကိုဏီလင်းသိပ်နေမကောင်းလို့ဗျာ....)
ခင်မင်တဲ့
ဏီလင်းညို

ကိုလူထွေး said...

အလွမ်းတွေ သိပ်မတွေးပါနဲ့ဆို နောက်ဆုံးတော့ လွမ်းတဲ့အကြောင်းပဲ ရေးဖြစ်သွားတယ်...


လွမ်းလို့ကျန်ရစ်မှာကိုလည်း အားနာပါတယ်လေ...

းဝ)

အင်ကြင်းသန့် said...

သဒ္ဓါရေ...အင်ကြင်းကတော့ အလွမ်းဆိုတဲ့အရာနဲ့ အမြဲလိုလို တသားတည်းဖြစ်နေတော့ သူမရှိရင်တောင် နေလို့မတတ်တော့ဘူး ထင်တယ် :))


ခင်တဲ့
အင်ကြင်း

sosegado said...

သဒ္ဓါရေ...
လွမ်းနေတာကို လွမ်းနေတဲ့သူတွေ၊
မလွမ်းပါဘူးဆိုပြီး လွမ်းနေတဲ့သူတွေ၊
ဘာမှမဟုတ်ဘူးဆိုပြီး လွမ်းနေတဲ့သူတွေ၊
ဘာဖြစ်ဖြစ် လွမ်းနေတဲ့သူတွေ၊
လွမ်းချင်လို့ လွမ်းနေတဲ့သူတွေ၊
မလွမ်းချင်ပဲ လွမ်းနေတဲ့သူတွေ၊
ဘာဆိုဆို လွမ်းနေတဲ့သူတွေ၊
တစ်ယောက်ထဲကိုပဲ လွမ်းနေတဲ့သူတွေ၊
အကုန်ကြုံးပြီး လွမ်းနေတဲ့သူတွေ၊
နေရာဟောင်းလေးကို၊ အိမ်ကို၊ အမေကို၊ စကားသံလေးကို၊ သီချင်းလေးကို
မိုးရွာရင်၊ နှင်းကျရင်၊ လေတိုက်ရင်တောင်၊ အသံကြားလိုက်ရင်တောင်…..
သြော် လွမ်းနေတဲ့သူတွေ………..။

မြသွေးနီ said...

မြသွေးနီလည်း ဖတ်ရင်းလွမ်းလာတယ် မသဒ္ဒါရေ ..။
;(