Monday, March 1, 2010

သြော်…. ကွာခြားလိုက်ပါဘိ…..

တနင်္ဂနွေ နေ့က တူမလေးတို့ကျောင်းမှာ တရုတ်မီးထွန်းပွဲတော် ရှိလို့ ညအိပ်ပြီး ပွဲလုပ်ပါတယ်။ ဆရာမတွေနဲ့ ဘုန်းကြီးကျောင်း သွားပြီး ဆီမီးထွန်း၊ ကန်တော့ရတယ်။ ညဘက်မှာတော့ ကလေးတွေအတွက် ပွဲလုပ်ပါတယ်။ နောက်တနေ့ မနက်မှ အိမ်က ပြန်ကြိုရတယ်။ တခါမှ ကိုယ့်အိမ်မဟုတ်တဲ့ နေရာ တခုမှာ ညအိပ်ညနေ မနေဖူးတော့ ကျမဖြင့် စိတ်ပူလိုက်တာ…။ ကျောင်းက ဆရာမတွေက တပတ်လောက်ထဲက ကြိုပြီး ပြောထားတော့ ဖြစ်ပါ့မလားလို့လေ…။ တူမလေး ကတော့ ပျော်လို့………။

တခါမှလည်း ခွဲမအိပ်ဖူးတော့ ညရောက်ရင် အိမ်ကို သတိရပြီး ငိုနေရင် ဘယ်လို လုပ်ရပါ့မလဲပေါ့.။ စိတ်ပူတာ…. စိတ်ပူတာ…..။

သွားခါနီးလည်း ကျမက ထပ်ခါတလဲလဲ သမီး ဖြစ်ပါ့မလား.. သမီး ဖြစ်ပါ့မလားနဲ့….၊ ကျမကပဲ လိုအပ်တာထက် စိတ်ပူနေတာလား မသိ..။ အမယ်… တူမလေးကတော့ ဘာမှမပူနဲ့ သမီး ဖြစ်တယ်တဲ့။ ဘုရား…….ဘုရား….ကျမ ငယ်ငယ် ကနဲ့ အကွာကြီး ကွာနေပါ ပေါ့လား.။ ကျမတို့ အဲဒီ အရွယ်တုန်းက ဒီလို ခွဲနေဖို့ မပြောနဲ့ အပေါ်နဲ့အောက်ထပ်တောင် ခွဲမအိပ်ခဲ့ဖူးဘူး။ ဆိုတော့ သူတို့ လက်ထက်မှာ ခေတ်မှီသွားတာလား … အလေ့အကျင့် ဖြစ်သွား အောင်လို့လား။။ ကျမဖြင့် စဉ်းစားရင်းနဲ့တောင် တမျိုးကြီး ခံစားရတယ်။

ဒါပေမဲ့လည်း ပြန်စဉ်းစား လိုက်ပြန်တော့လည်း ကောင်းပါတယ်လေ….

အခုထဲက ခွဲနေရတဲ့ ခံစားမှုမျိုး အလေ့အကျင့် ဖြစ်တာပဲ၊ ကောင်းတာပေါ့လို့ တွေးလိုက်တယ်။ ဟုတ်တယ်… သူတို့လေးတွေ ကို ကြီးလာရင် ခွဲခွါရတဲ့ ခံစားမှုမျိုး မခံစားစေချင်ဘူး။ ခွဲခွါရရင်လည်း ကိုယ့်ကိုကိုယ် စိတ်အားငယ်မှု မရှိပဲ ရပ်တည်နိုင်အောင် လုပ်ပေးဖို့ လိုလိမ့်မယ်။ ဒါမှ ဘယ်လိုပဲ ဖြစ်ဖြစ် ခံနိုင်ရည် ရှိလာမှာ…။

သွားရမဲ့ မနက်မှာ သူက ၀ိရိယ အားကောင်းပြီး အစောကြီးနိုးလို့…။ ပြင်ဆင်ပြီး သူ့ကျောပိုးအိတ်ထဲ လိုတဲ့ ပစ္စည်းတွေ ထည့်ပေးလိုက်တယ်။ ကျောပိုးအိတ်ကြီးကို လွယ်ပြီး ပြုံးပျော်လို့….၊ အားလုံး အဆင်သင့် ဖြစ်ပြီဆိုတော့ တူမလေးက `သွားတော့မယ်…တာ့တာ´ တဲ့ …။ အေးဆေးပဲ ထွက်သွားလိုက်တာ..။ ကျမမှာသာ ရင်မောပြီး ကျန်ခဲ့တယ်…။

ညဘက်ကျတော့လည်း သတိရလိုက်တာ..၊ ခုချိန် ဘာတွေ လုပ်နေမလဲ…ထမင်းစားပြီးနေပြီလား… ဆော့နေမလား…. မုန့်စားနေမလားနဲ့ပေါ့……..

မနက် ပြန်ရောက်လာတော့ ပြုံးပျော်လို့.. ညကလည်း အိပ်ပျော်ပါတယ်တဲ့. မုန့်တွေလည်း အများကြီးစားရတယ်တဲ့.. ။ အော် ရင်ထဲတော့ တော်တော် အေးသွားတယ်။ မနက် အစောကြီး မုန့်တွေ စားလာပြီးပြီတဲ့ ပြောသေးတယ်…။ ကျမက ဘာတွေလုပ်ခဲ့ရလဲ.. ဘာတွေ စားခဲ့ရလဲ… ဘယ်တွေ သွားခဲ့ရလဲနဲ့ မေးခွန်းတွေ မရပ်မနား မေးလိုက်တော့ တခုပြီးမှတခု မေးပါတဲ့..။ ဟုတ်တာပေါ့…….. ကျမ လောကြီးသွားတယ်။

တူမလေးက ကျောင်းမှာ လုပ်ခဲ့ရတဲ့ အတွေ့အကြုံ ကို ပြန်ပြောတော့ ကျမမှာဖြင့် နာထောင်နေရင်း ဟိုး လွန်ခဲ့တဲ့ အတိတ်က ကိုယ့်ရဲ့ ငယ်ဘ၀ကို လွမ်းဆွတ်ပြီး ကျောင်းမှာ တယောက်တည်း နေခဲ့ရတုန်းက အချိန်ကို သတိရပြီး ၀မ်းနည်းသွားမိတယ်။ အဲဒီ အချိန်တုန်းကတော့ ကိုယ်ကို ကျောင်းမှာ ထားခဲ့ပြီး အမေ ပြန်သွားတော့ ရင်ထဲကနေ တခုခု ဆွဲထုတ်သွားလိုက် သလိုပဲ ခံစားခဲ့ရတယ်…။ အခု တူမလေးကို ကြည့်လိုက်တော့ စိတ်အေးသွားမိတယ်..။

အဲလို အလေ့အကျင့် ရှိသွားရင် ရှေ့လျှောက်ရမဲ့ ခရီးလမ်းမှာ သိပ်ပြီး မခက်ခဲတော့ ဘူးလို့ထင်တယ်။ အနှောက်အယှက်တွေ၊ ဝေးကွားမှုတွေ၊ ကို ခံနိုင်ရည် ရှိရှိ ပြင်ဆင်တတ်သွားမယ်… နေထိုင်တတ်သွားမယ်..။

အဲဒီ အတွက်တော့ ရှေ့ဆက်ပြီး သူ့ကို လေ့ကျင့် ပျိုးထောင်ပေးရလိမ့်အုံးမယ်…။

စိတ်ထဲမှာတော့ သြော်… ကွာခြားလိုက်တဲ့ ကိုယ့်စိတ်နဲ့လို့ တွေးတောရင်းနဲ့ ……

11 comments:

ဒဏ္ဍာရီ said...

ခေတ်တွေက ကွာတာလား မသိပါဘူးနော်။ ခုခေတ်ကလေးတွေက သူတို့ကိုယ် သူတို့ ယုံကြည့်မှု ရှိလာတယ်လို့ ပြောလို့ရတာပေါ့။ မနွယ်တို့ ငယ်ငယ်တုန်းကလည်း ဒီလိုပဲ မူကြိုစတက်တုန်းက အိမ်က ထားခဲ့တော ငိုလိုက်တာ ပြောမနေနဲ့.. ကွာတာ.. အဲလို..း)
အလေ့အကျင့် ရသွားတာပေါ့ သဒ္ဓါရယ်..

ခင်မင်လေးစားလျှက်

ပေါ့ဆိမ့် said...

ဒီဘဲလေ ခေတ်ကြီးကဘယ်လိုပြောင်းလဲ ပြောင်းလဲ အုပ်ထိမ်းမှု ကောင်းကောင်းနဲ့ မျက်ခြေမပျက်ဖို့ လိုတာပေါ့။

ချော (အစိမ်းရောင်လွင်ပြင်) said...

ခုခေတ်ကလေးတွေကကိုယ်တွေခေတ်နဲ့ မတူတော့တာ
အမှန်ပါဘဲ
နေရာတကာ ဘယ်နေရာဖြစ်ဖြစ် သူတို့ မသွားရဲတာ
မလုပ်ရဲတာ ဘာမှ မရှိတော့ဘူး
ကောင်းတယ်လို့ ပြောလို့ရသလို
မကောင်းဘူးလို့လဲ ပြောလို့ရပါတယ်
ဘယ်နေရာမှာ လွန်ကဲမှုမရှိတာ အကောင်းဆုံးဘဲ မဟုတ်လား....

နန်း said...

ခေတ်တွေဘယ်လိုပြောင်းပြောင်း
မျက်ခြေမပြတ်ဖို့ပါပဲနော်

အင်ကြင်းသန့် said...

သဒ္ဓါရေ...အင်ကြင်းဆိုရင် သူငယ်တန်းတက်တုန်းက မေမေကပါ တစ်နေကုန်ကျောင်းမှာ လိုက်စောင့်ပေးရတာ ကျောင်းခန်းအပေါက်ဝကနေ လှမ်းကြည့်လို့ မေမေ့ကို မမြင်ရင်များ ကွေးနေအောင်ကို ငိုတာ...အော်...ကွာခြားလိုက်ပါဘိ... :))

အဖြူရောင်နတ်သမီး said...

ဟုတ်တယ် သဒ္ဓါရေ...
New Generation လေးတွေလေ.....
အဲဒါလည်း တခုတော့ကောင်းသား....
လက်လွှတ်(စိတ်ချ)ရတာပေါ့...

တော်ဝင်ထွန်း said...

စာမေးပွဲ နှစ်ဘာသာ ပြီးသွားပြီ။ ကောင်းကောင်းဖြေနိုင်၏. မနက်ဖြန် နှစ်ဘာသာဖြေရမဲ့အထဲ တစ်ဘာသာကို နည်နည်းလေးပဲ ပြန်ကြည့်ရမယ်။ အဲဒါကြောင်း ခဏလာကြည့်။ အော် ကွာခြားလိုက်ပါဘိ။း) တူမလေး ကျန်းပါစေ။ ကံကောင်းပါစေ။ လို့ ဆုတောင်းပေးလိုက်ပါတယ်။ ကျောင်းပိတ်ရင် အလည်လာမှာ သေချာသလောက်ရှိပါတယ်။ တစ်ခြား ကိစ္စတစ်ခုနဲ့ ပေါင်းလာမယ်။ ဆက်ရေးနိုင်ပါစေနော်။

Craton said...

အဲ့လိုလေးပဲ အသက်ကြီးလာတဲ့အထိ အမြဲဖြစ်နိုင်မယ်ဆိုရင်တော့ ဝမ်းသာစရာပါ။

Kay said...

ညီမရေ.. ဟိုမရောက်..ဒီမရောက်.. မလည် အား ခဲ့ ဘူး..။
လာ နှုတ်ဆက်တော့မှ... တူမလေး ဇတ်လမ်းတွေ့ပြီး..တို့ နဲ့ အဖြစ်ချင်း တူနေပါရောလား လို့..။း)

ခင်မင်စွာဖြင့်-

မြသွေးနီ said...

ခောတ်တွေက ပြောင်းသွားပြီ မသဒ္ဒါရေ ..။
အံ့မခန်းတိုးတက်မှုတွေနဲ့အတူ သူရဲ့ မကောင်းတဲ့ side effectတွေကလည်း တစ်ပုံကြီးပါပဲ။
သူတို့လေးတွေ ဒါကိုသိ.. နားလည်ဘို့ပဲလိုပါတယ်။
သူတို့နဲ့ အမှီလိုက်ပြီး updateဖြစ်နေကာမှ
ှတော်ယုံကျတာနော် ။ မဟုတ်ရင်တော့..
Out of dateကြီးလို့ အပြောခံနေရမှာ..။

~ဏီလင်းညို~ said...

သဒ္ဒါရေ.....
ကိုဏီဆို မေမေနဲ့ မခွဲဖူးဘူး....
ခွဲလည်းခွဲရရော..အဝေးကြီးးးးးး အကြာကြီးးးးးးး
(ခုခေတ် ကလေးတွေက ဟုတ်တော့ဟုတ်တယ်....ရဲတယ်....း))
ခင်မင်တဲ့
ဏီလင်းညို