Wednesday, March 21, 2012

မတ်လမှာ..

မတ်လမှာ အမှတ်တရနေ့တွေ များခဲ့
မတ်လမှာ အရောင်တွေပြောင်းသွားခဲ့
မတ်လမှာ တချို့မျက်နှာတွေ စည်းနှောင်ခဲ့
မတ်လမှာ တချို့ ဝိညဉ်ပျောက်ခဲ့
မတ်လမှာ တချို့ အိမ်နဲ့ဝေးခဲ့
မတ်လမှာ တချို့ကျောင်းတော်ကြီးနဲ့ ဝေးခဲ့
မတ်လမှာ တချို့ စာသင်ခုံနဲ့ ကျောခိုင်းခဲ့
မတ်လမှာ တချို့ ချစ်သူကို စွန့်လွှတ်ခဲ့
မတ်လမှာ တချို့ အိပ်မက်တွေ စတေးခံခဲ့
မတ်လမှာ တချို့ အရာတွေ ထားပစ်ရစ်ခဲ့
မတ်လမှာ တစ္ဆေတွေနဲ့ စီးချင်းထိုးခဲ့
မတ်လမှာ နေ့တစ်နေ့ကနေ..
နေ့တစ်နေ့အဖြစ် အရေခွံ လဲခံ ရခဲ့..။

မတ်လမှာ ရာဇဝင်တွေ ပြောင်းခဲ့သလို
သူရဲကောင်းတွေ ပေါ်ထွက်ခဲ့တယ်၊
မတ်လမှာ သင်ရိုးညွှန်းတမ်းတွေနဲ့ ဝေးခဲ့သလို
ပညာရှင်တွေ ပေါ်ထွန်းခဲ့တယ်၊
မတ်လမှာ ဖြူစင်သန့်ရှင်းတဲ့ ရေပြင်ကနေ
နီရဲလွန်းတဲ့ သတ္တိသွေးတွေ ပြနိုင်ခဲ့တယ်၊
မတ်လမှာ အနုပညာတွေ ပျောက်ဆုံးခဲ့သလို
အနုပညာချစ်သူချင်း လက်တွဲခဲ့တယ်။
မတ်လမှာ အတောင်တွေ ချိုးခံခဲ့ရသလို
နူးညံ့တဲ့ လက်တွေ မာကျောခဲ့တယ်၊
မတ်လမှာ လွမ်းစရာ တနင့်တပိုးတွေ ထမ်းပိုးခဲ့ရသလို
မျှော်လင့်ချက်တွေ ရှင်သန်ခဲ့တယ်၊

မတ်လမှာ ကမ္ဘာ့ကဗျာနေ့လေးအတွက်
ကဗျာချစ်သူတွေ အတုန်းအရုန်းထကြ
ကဗျာချစ်သူတွေ အစွမ်းကုန်အင်အားပြကြ
ကဗျာချစ်သူတွေ ကဗျာသီကျူးကြ
ကဗျာချစ်သူတွေ ရင်ထဲကသံစဉ်တွေ လှစ်ဟပြကြ
ကဗျာချစ်သူတွေ ခံစားချက်ချင်း တူးဖေါ်ကြ
ကဗျာချစ်သူတွေ နှလုံးသားချင်း ဖလှယ်ကြ
ကဗျာချစ်သူတွေ စိတ်ကိုစိတ်ချင်း ထပ်ကြ

မတ်လမှာ ကဗျာချစ်သူတွေ
ကလောင်တံနဲ့ ဂုဏ်ယူ
ကိုယ့်လက် ကိုယ်နမ်းရှိုက်
ကိုယ့်သွေး ကိုယ်ဖေါက်
ကိုယ့်သစ္စာ ကိုယ်သောက်
ကိုယ့်ကဗျာ အတွက်
ဝိညဉ် ပူးကပ် နေခဲ့ကြတယ်။။

(မတ်လ ၂၁ ရက် ၂၀၁၂ ခုနှစ်၊ ကမ္ဘာ့ကဗျာနေ့လေးအတွက် အမှတ်တရ ရေးဖွဲ့ပါသည်။)

Saturday, March 10, 2012

ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင်(တဂ် ပို့စ်)

ဘလော့ဂါ သက်တန့်နဲ့ ညီမငယ် မဒမ်ကိုးတို့ တဂ်ထားတဲ့ ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင်မှာ ပြောပြခွင့်ရတဲ့ အတွက်ကျေးဇူးတင်ပါတယ်။

၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။

Sim Card (ဆင်းမ်ကဒ်) တန်ဖိုးကိုပြောတာလို့ သဘောပေါက်မိပါတယ်။ နိုင်ငံတကာမှာတော့ ဆင်းမ်ကဒ်တစ်ခုရဲ့ တန်ဖိုးက အဲလောက်တန်ဖိုးမရှိတဲ့အတွက် နှစ်သိန်းဝန်းကျင်ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ မမြင်မိပါဘူး။ ဖုန်းအလုံးကတော့ ကောင်းရင်ကောင်းသလို တန်ဖိုးအမျိုးမျိုးရှိတဲ့ အတွက် သင့်တော်သလို သုံးနိုင်ပါတယ်။ ဆင်းမ်ကဒ်ကို နှစ်သိန်းဝန်းကျင်နဲ့ ဝယ်ရတာဆိုရင် တန်ဖိုးအရမ်း ကြီးလွန်းနေပါတယ်။


၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။

စနစ်ကျ စည်းကမ်းရှိတဲ့ ဦးဆောင်မှုကောင်းတဲ့သူတွေနဲ့အတူ လက်တွဲလုပ်မယ်ဆိုရင် အများပြည်သူအတွက် အကျိုးရှိမယ့် အလုပ်တစ်ခု ဖြစ်မယ်လို့ မြင်ပါတယ်။

၃ ။ ငါးထောင်တန်ဖုန်း ပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီး လွှတ်တော်ကို တင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။

တရားမျှတမှုရှိဖို့ အဓိကကျပါတယ်။ လူအဖွဲ့အစည်းတစ်ခုမှာ တရားမျှတဖို့၊ လေးစားရမယ့် ဥပဒေကို လေးစားဖို့၊ လူလူချင်း တန်ဖိုးထားဖို့၊ လူသားတစ်ဦးရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်တတ်ဖို့၊ လူတွေရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးကို လေးစား လိုက်နာတတ်မယ်ဆိုရင် မှန်ကန်ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းကြီးတစ်ခု ဖြစ်လာမှာပါ။ အဲလို ကောင်းမွန်မှန်ကန်တဲ့ လူ့အဖွဲ့အစည်းကြီးကသာ မျှတမှုရှိတဲ့ ဝန်းကျင်တစ်ခုကို ဆောက်တည်ပြီး လူသားတွေရဲ့ ရပိုင်ခွင့်တွေကို ပေးနိုင်မယ်လို့ ယုံကြည်မိပါတယ်။

၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။

ပြည်သူအားလုံးတန်းတူညီမျှ တယ်လီဖုန်း အသုံးပြုနိုင်လာခဲ့ရင်ဆိုတဲ့ စိတ်ကူး အိပ်မက်လေးနဲ့တင် ဝမ်းသာပျော်ရွှင်ပြီး ငါးထောင်တန်ဖုန်းများ ပေါ်ပေါက်လာဖို့ ကြိုဆိုလိုက်ပါတယ်။

၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။

ဆက်သွယ်ရေး ဧရိယာ၊ ဆက်သွယ်ရေး ပစ္စည်းတွေနဲ့ ဆက်သွယ်ရေး ကွန်ယက်ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ကောင်းမွန် လျင်မြန်စွာ လုပ်ကိုင်နိုင်ဖို့ မျှော်လင့်မိပါတယ်။ လူသားတစ်ဦးနဲ့တစ်ဦး ဆက်သွယ်ရေး အဆင်ပြေဖို့၊ ပြားလာတဲ့ ကမ္ဘာကြီးပေါ်မှာ လူသားတစ်ဦးနဲ့တစ်ဦး အနီးကပ်ဆုံး ခင်မင်နိုင်ပြီး အလွမ်းပြေစေနိုင်ဖို့၊ လုပ်ငန်းဆောင်တာတွေ မြန်မြန်ဆန်ဆန် သိလာဖို့၊ သတင်း အချက်အလက်တွေကို မျှဝေဖို့၊ သဘာဝ ပတ်ဝန်းကျင်ကြောင့် ရုတ်တရက် ကျရောက်လာမယ့် ဘေးအန္တရာယ်တွေကို ကြိုတင်သိရှိနိုင်ဖို့၊ အရေးကြီးတဲ့ အခြေအနေအချိန်မှာ အလျင်အမြန် ဆက်သွယ်နိုင်ဖို့၊ သေရေးရှင်ရေးတမျှ ဖြစ်ပြီး အရေးကြီးလာခဲ့ရင် ဆက်သွယ်ဖို့၊ ဆက်သွယ်ရေး ကိရိယာဆိုတာ လိုအပ်ပါတယ်။ အရေးပါတဲ့ ဆက်သွယ်ရေး ကိရိယာတဖြစ်လဲ တယ်လီဖုန်းကို အသုံးပြုပြီး ဆက်သွယ်တဲ့အခါ အရည်အသွေးပြည့်မှီပြီး အမြဲတမ်း ဖုန်းလိုင်းကောင်းဖို့ အရေးကြီးပါတယ်။ ဒါမှလည်း စိတ်ချမ်းသာစွာနဲ့ အလွယ်တကူ ဆက်သွယ်နိုင်မှာပါ။ ဆက်သွယ်ရေး ကိရိယာ တယ်လီဖုန်းကို မတန်တဆ ဈေးနှုန်းမြှင့်ထားလို့ လူတန်းစားခွဲခြားထားပြီး အရေအတွက် နည်းလွန်းလှတဲ့ လူဦးရေလောက်သာ ကိုင်နိုင်တဲ့အတွက် ဆင်းမ်ကဒ်တစ်ခုရဲ့ တန်ဖိုး ငါးထောင်သာဖြစ်ခဲ့မယ်ဆိုရင် နိုင်ငံတကာမှာ လူတိုင်းကိုင်နိုင်တဲ့ ဖုန်းတစ်လုံးကို မိမိတို့ တိုင်းပြည်မှာရှိကြတဲ့ ပြည်သူတွေလည်း အသုံးပြုနိုင်လာမှာကို တွေးမြင်မိပါတယ်။

ငါးထောင်တန်ဖုန်းများ ပေါ်ပေါက်လာအောင် ကြိုးပမ်းဆောင်ရွက်နေသူ အားလုံးကို လေးစားရင်း၊ ဖုန်းလိုင်းကောင်းကောင်းနဲ့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ပြည်သူအားလုံးရဲ့ လက်ထဲကတဆင့် နှလုံးသားများ ပြုံးပျော်နိုင်ဖို့ ဆန္ဒပြုမိပါတယ်။


Monday, March 5, 2012

မြို့ပျက်ညတွေထဲမှာ

မြို့ပျက်ညတွေထဲမှာ...
ကျမ.. လမ်းလျှောက်လာခဲ့တယ်
မြို့ပျက်ညတွေထဲမှာ နှလုံးသားတွေ ပျက်စီးယိုယွင်းနေတဲ့ လူသားများ
မြို့ပျက်ညတွေထဲမှာ ပျောက်ဆုံးသွားတဲ့ လင်းရောင်ခြည်များ
မြို့ပျက်ညတွေထဲမှာ ပြန်မရနိုင်တော့တဲ့ ကာလရွေ့လျားမှုများ
မြို့ပျက်ညတွေထဲမှာ ဖုံးလွှမ်းခံလိုက်ရတဲ့ အပြင်းစားမှိုင်းတိုက်မှုများ
မြို့ပျက်ညတွေထဲမှာ တိုက်စားခံလိုက်ရတဲ့ သစ္စာတရားများ
မြို့ပျက်ညတွေထဲမှာ လုယူခံလိုက်ရတဲ့ မေတ္တာတရားများ
မြို့ပျက်ညတွေထဲမှာ ဆုံးရှုံးသွားခဲ့ရတဲ့ မျှော်လင့်ချက်များ
မြို့ပျက်ညတွေထဲမှာ လဲဖြိုခံလိုက်တဲ့ အမှန်တရားများ
မြို့ပျက်ညတွေထဲမှာ မျက်နှာဖုံးစွပ် မင်းသားများ
မြို့ပျက်ညတွေထဲမှာ ဒယီးဒယိုင် လျှောက်လဲချက်များ
မြို့ပျက်ညတွေထဲမှာ ကူးလူးနေကြတဲ့ မျက်နှာတုများ
မြို့ပျက်ညတွေထဲမှာ မေ့နေကြတဲ့ ကိုယ်ကျင့်တရားများ
မြို့ပျက်ညတွေထဲမှာ မေ့ချင်ယောင်ဆောင်လိုက်ကြတဲ့ ဒုက္ခများ
မြို့ပျက်ညတွေထဲမှာ ဟန်ဆောင်နေကြ အပြုံးလေးများ
မြို့ပျက်ညတွေထဲမှာ ရိုးသားဟန်ခြေရာလေးများ
မြို့ပျက်ညတွေထဲမှာ အသံတိတ် သက်ပြင်းချသံများ
မြို့ပျက်ညတွေထဲမှာ လိုင်စင်မဲ့ လူသားများ
မြို့ပျက်ညတွေထဲမှာ ဖက်တွယ်ထားမိရက်သား အတ္တလူသားများ
မြို့ပျက်ညတွေထဲမှာ ရမ်းကားနေကြ လက်ညှိုးများ
မြို့ပျက်ညတွေထဲမှာ ရယ်မောချင်စရာ ပြက်လုံးများ
မြို့ပျက်ညတွေထဲမှာ အရောင်ပြောင်း သစ်ငုတ်များ
မြို့ပျက်ညတွေထဲမှာ လွမ်းဆွတ်ဖွယ် အမည်နာမများ
မြို့ပျက်ညတွေထဲမှာ ထူးဆန်းအံ့သြဖွယ် ကတိကဝတ်များ
မြို့ပျက်ညတွေထဲမှာ နာကျင်ဖွယ် ဒဏ္ဍာရီပုံပြင်များ
မြို့ပျက်ညတွေထဲမှာ ခေါင်းပါးလွန်းတဲ့ ကိုယ်ချင်းစာတရားများ
မြို့ပျက်ညတွေထဲမှာ ဆန့်ကျင်ဘက် တုံ့ပြန်မှုများ
မြို့ပျက်ညတွေထဲမှာ ပူလောင်မှုတွေပေးခဲ့တဲ့ လိုချင်မှုများ.. နဲ့
မြို့ပျက်ညတွေထဲမှာ ကျမရဲ့ အသည်းနှလုံး လုံးပါးပါးခဲ့တယ်။


မြို့ပျက်ညတွေထဲမှာ...
မောပန်းနေတဲ့ အပြုံးမျက်နှာလေးတခု
မြို့ပျက်ညတွေထဲမှာ...
ယုံကြည်ချက် ခိုင်မာတဲ့ လက်တစ်စုံ
မြို့ပျက်ညတွေထဲမှာ...
တည်ကြည်တဲ့ စကားလေးတစ်ခွန်း
မြို့ပျက်ညတွေထဲမှာ...
ခမ်းနားလှပတဲ့ နှလုံးသားတစ်နေရာ
မြို့ပျက်ညတွေထဲမှာ...
ထည်ဝါပြတ်သားတဲ့ အတွေးတစ်ခု
မြို့ပျက်ညတွေထဲမှာ...
ကမ္ဘာကြီးကို လှုပ်နှိုးခဲ့တဲ့ ရိုးသားဖြူစင်တဲ့မျက်နှာလေး
မြို့ပျက်ညတွေထဲမှာ...
ခက်ခက်ခဲခဲ ရှာဖွေတွေ့ရှိခဲ့တယ်။