Thursday, February 4, 2010

ခေါင်းဆောင် ဆိုတာ...

ခေါင်းဆောင် တယောက်မှာ ဘယ်လို အရည်အချင်းမျိုး ရှိရမှာလဲ…။
အထက်တန်း ကျောင်း မှာဆို အတန်း တတန်းမှာ ကျောင်းသား ခေါင်းဆောင် ဆိုတာ ရှိပါတယ်။ ကျောင်းသား ခေါင်းဆောင်က အတန်းရဲ့ ကိစ္စ တော်တော် များများကို တာဝန်ယူ ကြရပါတယ်။ တနေ့တာ အတန်းထဲမှာ လိုအပ်ချက်တွေကို လုပ်ဆောင်ရ ပါတယ်။ ဆရာ.ဆရာမတွေ လုပ်ခိုင်း သမျှကိုလည်း လုပ်ပေးကြရ ပါတယ်။ ပြီးတော့ လုပ်ပေးနိုင်တဲ့ အရည်အချင်းမျိုး ရှိတဲ့သူကိုပဲ အတန်း ခေါင်းဆောင် အဖြစ် လုပ်ခိုင်းကြတာ များပါတယ်။ တနှစ် ပြီးသွားလို့ နောက်တနှစ် တက်တဲ့ အခါမှာလည်း မနှစ်က အတန်း ခေါင်းဆောင် ကိုပဲ ပြန်ရွေး ကြတာ များပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရဲ့ အရည်အချင်း ကိုသိနေလို့ပါ.။ အတန်း တတန်းရဲ့ ခေါင်းဆောင် ဟာ ဦးဆောင်လုပ်တတ်ပြီး တော်တော် များများကို အနစ်နာခံ တတ်တဲ့စိတ် နဲ့ လုပ်ကြရ ပါတယ်။ စာဘက်မှာလည်း တော်နေရပါတယ်။

တက္ကသိုလ် မှာလည်း အတန်းတတန်း ရဲ့ ခေါင်းဆောင် ကိုရွေးချယ် ကြတဲ့ အခါ ဦးဆောင် လုပ်တတ်ပြီး အနစ်နာ ခံတတ်တဲ့စိတ် အများအလုပ် ကို စဉ်းစဉ်း စားစားနဲ့ လုပ်တတ်တဲ့ သူကိုပဲ ရွေးချယ် ကြပါတယ်။ တက္ကသိုလ် ကျတော့ အလုပ်တွေ ပိုများလာ ပါတယ်…။ အနုပညာ… အားကစား… ကြက်ခြေနီ… ပျော်ပွဲ ရွှင်ပွဲ… ဆရာ ကန်တော့ပွဲ… ဆရာ. ဆရာမတွေ အတန်းချိန်… အများကြီးပါပဲ…. အတန်းရဲ့ ခေါင်းဆောင် `အီးစီ´ ကပဲ လုပ်ရပါတယ်။ သူတို့ကို ကြည့်လိုက်ရင် အမြဲ အလုပ်တွေ များပြီး အတန်းချိန်လည်း မှန်မှန် တက်ရပြန် ပါတယ်။ `အီးစီ´ လုပ်ပြီး အတန်း မမှန်ရင်လည်း ဆရာ. ဆရာမ တွေရဲ့ ဆူပူတာကို ခံရမှာ မို့လို့ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် အတန်းခေါင်းဆောင် `အီးစီ´ လုပ်တဲ့ သူတွေ ကို အလွန်ပဲ ချီးကျူးမိပါတယ်. တော်တော် များများကို လုပ်နိုင် ကြလို့ပါ။

ကျမတို့ ကျောင်းတက် တုန်းက ပရက်တီကယ် လုပ်ရတဲ့ အတန်းထဲမှာ လေးဖွဲ့ ရှိပါတယ်။ တဖွဲ့ကို ဆရာ.. ဆရာမ တယောက်စီ ရှိပါတယ်…။ ပြီးတော့မှ ပါမောက္ခ ရှိပါတယ်..။ တဖွဲ့စီ လုပ်ရတာ တွေကတော့ မတူကြပါဘူး။

ကျမ ကျောင်းတက်တဲ့ တလျှောက် လေးစား ကြည်ငြိုမိပြီး အင်မတန်မှ ခေါင်းဆောင်ကောင်း ပီသတဲ့ ဆရာမ (အဲဒီ ဆရာမက ဒေါက်တာ တယောက်ပါ) နဲ့ အတူတူ လက်တွဲ ခဲ့ဖူးတယ်။ လက်တွဲခဲ့တယ် ဆိုတာက ကျမတို့ စာတန်း ပြုစုတော့ အဲဒီ ဆရာမက ကျမတို့အဖွဲ့ မဟုတ်ပဲ နောက်တဖွဲ့ရဲ့ ခေါင်းဆောင် ဆရာမ တယောက် ပါ။ ဒါပေမဲ့ တခန်းထဲမှာ အတူတူ လုပ်ကြရတော့ ကိုယ့်ဆရာမရင်း တယောက်လို ခင်မင် မိကြပါတယ်။ စာမေးစရာ ရှိရင် လည်း သူ့ဆရာမ ကိုယ့်ဆရာမ မခွဲခြားပဲ မေးကြပါတယ်။ စစခြင်း ပရက်တီကယ် မှာ လိုအပ်တဲ့ ပစ္စည်း တွေကိုလည်း ဆရာမ ကိုယ်တိုင် ၀ယ်လာပြီး အားလုံးကို ပေးပါတယ်။ သမီးတို့ လိုတာတွေ ၀ယ်လာပြီ ယူလိုက်တဲ့။ ပရက်တီကယ် အခန်း ထဲက တပည့်တွေ အာလုံး ပရက်တီကယ် လုပ်ဖို့ အတွက် ၀ယ်လာတာပါ.။ ကျမတို့လည်း အားနာနာနဲ့ပဲ ယူလိုက်ကြတာပေါ့။ ဆရာမ အရမ်း ကျေးဇူးတင်လိုက် တာပေါ့…။

တနေ့..... ကျမတို့ အဖွဲ့ ပေါင်းခံတဲ့ အလုပ် လုပ်တဲ့ ကိစ္စ ပြီးသွားတဲ့ အချိန်မှာတော့ ……..!!!

ကျမတို့ ပရက်တီကယ် အခန်းထဲမှာ သုံးတဲ့ မီးဖို အကြီးကြီး ရှိပါတယ်။ ပစ္စည်းတွေ ဆေးကြောပြီးရင် ခြောက်အောင် အဲဒီ မီးဖိုကြီးထဲမှာ ထည့်ထား ရပါတယ်။ ပြာဖြစ်အောင် အထိလုပ်ဖို့ ဆိုရင် အဲဒီ မီးဖိုကြီးထဲမှာ အနည်းဆုံး ၄၈ နာရီ ထည့်ထား ရပါတယ်။ အရမ်း ပူလို့ အနားကို သိပ်မကပ်နိုင်ပါဘူး။ ကျမတို့အဖွဲ့ ပေါင်းခံတဲ့ အလှည့် အပြီးမှာ ကျမက ပစ္စည်းတွေကို ဆေးကြောပြီး မီးဖိုကြီးထဲထည့် နေတုန်း ၀ုန်းဆိုတဲ့ အသံကြောင့် လှည့်ကြည့် လိုက်တဲ့အခါ မထင်မှတ်ထားတဲ့ မီးလုံးကြီး တလုံး တွေ့လိုက်ရပါတယ်။ နောက်တဖွဲ့ ပေါင်းခံ နေတုန်း အခန်းမသင့်လို့ မီးထလောင် တာပါ။ အဲဒီ အချိန်မှာ အခန်းထဲမှာ ဆရာ…မရှိပဲ ဆရာမ နှစ်ယောက်ပဲ ရှိပါတယ်။ ကျောင်းသားကျောင်းသူတွေ ထဲမှာ ဆိုရင် ယောက်ျားလေး တယောက်ပဲ ရှိပါတယ်။

ကျမတို့အဖွဲ့ရဲ့ ခေါင်းဆောင် ဆရာမ…ရယ်… နောက်တဖွဲ့ရဲ့ ခေါင်းဆောင် ဆရာမ (ကျမ လေးစားခဲ့ရတဲ့ ဆရာမပေါ့) ရယ် ရှိနေ ကြပါတယ်။ အခု ရေးနေတုန်းကိုပဲ ဆရာမရဲ့ မျက်နှာလေးကို ပြေးပြီး မြင်ယောင် နေမိတယ်။ ပထမတော့ ဘာလုပ်ရမှန်း မသိအောင် ဖြစ်နေတုန်း…… အဲဒီ ဆရာမက ပေါင်းခံထားတဲ့ ကိရိယာကို အရင်ဆုံး သွားပြီး ဆွဲဖြုတ် လိုက်ပါတယ်။ ဒါပေမဲ့ မီးက တော်တော်လေး ကူးစက် နေပါပြီ။ အဲဒီ အချိန်မှာ ကျမတို့အဖွဲ့ ဆရာမက သူ့ရဲ့ ပစ္စည်းတွေ အကုန်ယူပြီး ဘာမှလည်း မကူညီနိုင်ပဲ အခန်းထဲက ထွက်သွားမှ ဖြစ်မယ် ဆိုပြီး ထွက်သွားပါ တော့တယ်။ အခန်းထဲမှာ ကလည်း လောင်စာ ပစ္စည်းတွေက အများကြီး ဆိုတော့ ငြှိမ်းလို့မှ ရပါ့မလား ဆိုပြီး ရင်တွေ တဒိတ်ဒိတ်နဲ့ပေါ့……..။

ကျမတို့ တွေက အခန်းထဲမှာ ရှိတဲ့ အ၀တ်တွေနဲ့ ရေစွတ်ပြီး လိုက်ဖုန်းလိုက်၊ ရေနဲ့ ငြှိမ်းလိုက်၊ ပက်လိုက်.နဲ့.. မီးက ကျမတို့ စားပွဲ အရှည်ကြီး အပေါ် မျက်နှာပြင် တလျှောက် ကူးသွားလိုက်နဲ့ ဘယ်လိုမှ မရတော့ ပါဘူး။ မီးက ငြိမ်းသွားလိုက်၊ ဟိုဘက် ကို ပြန်ကူးသွားလိုက်နဲ့.... ဆရာမ ကလည်း သမီးတို့ စိတ်မပူနဲ့ ဆိုပြီး သူ့ကိုယ်သူ ဂရုမစိုက်ပဲ တပည့်တွေနဲ့ အတူ ရသမျှ ငြှိမ်းသတ် နေလိုက်တာ… တော်တော် ကြီးကြာမှ မီးငြိမ်း သွားပါတော့တယ်။ အဲဒီတော့မှ အားလုံးလည်း အသက်ရှုဖို့ သတိရကြပြီး ကြည့်လိုက်တော့ တခန်းလုံး ရေတွေနဲ့ စိုရွှဲ နေပါတယ်…။ မီးငြိမ်းတော့မှ ကျမတို့တွေ တယောက်နဲ့ တယောက် ဖက်ပြီး ၀မ်းနည်း နေလိုက်တာများ…။ တော်တော်နဲ့ စကားလည်း မပြောနိုင် ကြပါဘူး။ မီးသာ မငြိမ်းခဲ့ရင် ဆိုတဲ့ အတွေးနဲ့ပေါ့…..။ ကျမတို့အဖွဲ့ ခေါင်းဆောင် ဆရာမ ကတော့ မီးငြိမ်းမှပဲ အတန်းထဲကို ပြန်လာ ပါတယ်… ။

ကျမတို့တတွေ ဆရာမကို စိတ်ပူ လိုက်တာလေ။ ဆရာမလက်ကတော့ မီးအရှိန်ရယ် ပေါင်းခံ အိုးကို ဖြုတ်လိုက်တဲ့ အရှိန်ရယ်ကြောင့် လက်လောင် သွားပါတယ်။ ကျမတို့က စိတ်ပူပြီး ညဘက် ဖုန်းဆက်တော့ လည်း ဘာမှ မပူနဲ့ ဆရာမ ဘာမှ မဖြစ်ပါဘူး တဲ့လေ..။ ကျမဖြင့် ဆရာမရဲ့ စိတ်ဓါတ်နဲ့ အသိ၊ ခေါင်းဆောင် တယောက်ရဲ့ အနစ်နာခံမှု၊ တပည့်တွေ အပေါ် သက်ညှာမှု၊ နားလည်မှု၊ အန္တရာယ် နဲ့ ကြုံလာခဲ့တဲ့ အခါ ရဲရဲရင့်ရင့် ရင်ဆိုင်တာ… တွေကို သိလိုက်ရတဲ့ အခါ ကြက်သီး ထသွားမိတယ်။ ပြီးတော့ မတူညီတဲ့ စိတ်ဓါတ်ရှိတဲ့ သူတွေကိုလည်း တွေ့လိုက် ရတယ်။ ဆရာမနဲ့ ကျမတို့တွေလည်း ပိုလို့ ရင်းနှီး ချစ်ခင် သွားကြတယ်လေ…။ ကျမကတော့ ဆရာမစိတ်ဓါတ်ကို အားကျ လေးစားလိုက်တာ…။

ကျမတို့တွေ ညီညီ ညွတ်ညွတ်နဲ့ စုပေါင်းပြီး လုပ်လိုက်တဲ့ အတွက် မီးကို အနိုင်ရ လိုက်တာပါ…..။

ကျမ ဆိုရင်ရော ဆရာမ လို စိတ်ဓါတ်မျိုး ထားနိုင်ပါ့မလား……!!! အတွေးထဲမှာ နစ်မြောရင်း….!!!

ဒီစာစုလေးနဲ့ ကျမ လေးစား ချစ်ခင်ခဲ့ ရတဲ့ ဆရာမ ကို သတိတရနဲ့ ကန်တော့ လိုက်ပါတယ်.။

6 comments:

ဒဏ္ဍာရီ said...

တကယ့်ကို စိတ်ထားမွန်မြတ်ပြီး ခေါင်းဆောင်ပီသပါတယ်။ သဒ္ဓါ့ ဆရာမအတွက် ဂုဏ်ယူပါတယ်။ စည်းလုံးညီညွတ်ခြင်းရဲ့ အကျိုးရလဒ်ပေါ့။ ဒီနေရာမှာ ကိုယ်သာဆိုရင်ရောဆိုတဲ့ အတွေးလေးက ပိုပြီး ထိရောက်သွားတယ်။
ကြိုးစားကြတာပေါ့..။

ခင်မင်လေးစားလျှက်

နွေဆူးလင်္ကာ said...

ကျောင်းတုန်းက ဘုရင့်နောင်(အစိမ်းသင်း) ရဲ့ ခေါင်းဆောင် အတန်းစဉ် ဖြစ်ဖူးတယ်။ ၁၆ နှစ်အောက် ကျောင်းသင်းကနေ ခရိုင်လက်ရွေးစင်ဘော်လုံး အသင်းထိ ခေါင်းဆောင် ဖြစ်ဖူးတယ်။ ကျနော်ဟာ ခေါင်းဆောင်ကောင်း တစ်ယောက်လားဆိုတာတော့ ကိုယ့်ကိုကိုယ် မသုံးသပ်ခဲ့ဖူးပါဘူး။ ခုမှတော့ နောက်ကျသွားပြီ :-)

ရီမိုးပြည့်  said...

ဒီစာဖတ်ရင်းနဲ့ တောင် ရင်ထဲမှာ လေးစားမိပါတယ်... စာလာဖတ်သွားတဲ့ အတွက်လည်း ကျေးဇူးပါ... နောက်လည်းလာခဲ့ ပါအုံးမယ်...

ချော (အစိမ်းရောင်လွင်ပြင်) said...

ခေါင်းဆောင်ကောင်းပီသတဲ့ဆရာမလေးကို သဒ္ဓါနဲ့အတူ ချီးကျူးလေးစားမိပါတယ်... ကိုယ်တိုင်လဲ ခေါင်းဆောင်နေရာရောက်ခဲ့ရင် ခုလိုစိတ်ထားမျိုးထားနိုင်ဖို့ ကြိုးစားပါဦးမယ်.. ကျေးဇူးနော်..

~ဏီလင်းညို~ said...

သဒ္ဒါရေ...
ဒီစာလေးဖတ်ရင်း... သိခဲ့ဖူးတဲ့ စကားလေးတစ်ခွန်းသွားသတိရမိတယ်...။
leadership is a action, not position တဲ့လေ...။
english သိပ်မပိုင်လို့ စာလုံးပေါင်းမှားသွားရင် ဖြည့်တွေးပေးနော်....း)
ခင်မင်တဲ့
ဏီလင်းညို

အင်ကြင်းသန့် said...

သဒ္ဓါရေ...
ကိုယ်ကတော့ ခေါင်းဆောင်တွေကို တွေ့ဖူးသလို ခေါင်းရှောင်တွေကို လည်း တွေ့ခဲ့ဖူးတယ်...ကိုယ်ကိုယ်တိုင်ကျတော့ရော...နေဦးစဉ်းစားလိုက်ဦးမယ်ကွယ်...

ခင်တဲ့
အင်ကြင်း