Friday, December 30, 2011

၂၀၁၁…

၂၀၁၁ နိဂုံးမှာ
ငါမလိုချင်တဲ့ အနိဌာရုံ
ငါမလိုချင်တဲ့ သွေးစက်
ငါမလိုချင်တဲ့ မျက်ရည်
ငါမလိုချင်တဲ့ ရင်တွင်းသောက
ငါမလိုချင်တဲ့ ကြေကွဲမှု
ငါမလိုချင်တဲ့ ဒဏ်ရာ
ငါမလိုချင်တဲ့ ကြောက်စိတ်
ငါမလိုချင်တဲ့ ခေါင်းပေါင်းအတု
ငါမလိုချင်တဲ့ တောင်ရှည်အတု
ငါမလိုချင်တဲ့ မေတ္တာအတု
ငါမလိုချင်တဲ့ သစ္စာအတု
ငါမလိုချင်တဲ့ ဘဝအတု
ငါမလိုချင်တဲ့ ချစ်ခြင်းအတု
ငါမလိုချင်တဲ့ အပြုံးအတု တွေ ရလိုက်တယ်။

အတုလွန်တဲ့ ဘက်ခြားမှာ
ငါတို့လိုချင်တာ အမှန်တရား
ငါတို့လိုချင်တာ ငြိမ်းချမ်းမှု
ငါတို့လိုချင်တာ တရားမျှတမှု
ငါတို့လိုချင်တာ ညီညွတ်မှု
ငါတို့လိုချင်တာ စစ်မှန်မှု
ငါတို့လိုချင်တာ ဝမ်းဝမှု
ငါတို့လိုချင်တာ လုပ်ခမျှမျှရမှု
ငါတို့လိုချင်တာ ယုံကြည်မှု
ငါတို့လိုချင်တာ လူလူချင်းတန်ဖိုးထားမှု

သူတို့ ငါတို့ကိုပေးတာက
ငါတို့ မလိုချင်တာတွေ………….။။။

Friday, December 23, 2011

ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ်

ခရစ်စမတ် သစ်ပင်လေးမျာဖြင့် ထူးခြားဆန်းသစ်စွာ အလှဆင်ယင်ခြင်း မရှိသောအိမ်လေးတခုထဲတွင် အချိန်ကာလများ တရွေ့ရွေ့စီးမျောရင်း ကုန်ဆုံးခဲ့ရပါသည်။ တခါတရံတွင် နှင်းခဲများ ဖုံးလွှမ်းလျက်ရှိသော အေးချမ်းမည်ဟု ထင်ရသည့် နေရာလေးများကို သွား၍ နှင်းခဲလေးများနှင့် တို့ထိကစားချင်ပါသည်၊ နှင်းခဲလေးများကို ကိုင်လိုက်လျှင် အေးစက်စွာ ကျင်ကနဲဖြစ်သွားမည့် ရသလေးတခုကို မက်မက်မောမော ခံစားကြည့်ချင်ပါသည်။ ဘယ်လောက်ပင် နှင်းကို တမ်းတစေကာမူနှင်းခဲများကျနေခြင်းမရှိသော မြူများဆိုင်းနေသည့် နေရာလေးတခုတွင်ပင် အေးချမ်းသည့် ဥတုလေးတခုအဖြစ် ထွေးပိုက်ပြီး ကုန်ဆုံးနေခဲ့ရပါသည်။ ကျမ မပိုင်ဆိုင်သော အချိန်တခုကို ရွေးချယ်ခွင့် ရှိမည်ဆိုလျှင် နှင်းများ အဆုပ်လိုက် ကျနေပြီး တဖြောက်ဖြောက် ကျနေမည့် နှင်းမှုန်များကြား အေးခဲနေသော နေရာလေးတခုတွင် ပြေးလွှား ဆော့ကစားရင်း ခနတာ နားခိုချင်ပါသည်။


များပြားလှသော တာဝန်ဝတ္တရားများနှင့် နေရသော အချိန်တခုကို မိမိကိုယ်တိုင် နှစ်သက်စွာ ဆုပ်ထားမိရဲ့သား ရှိနေသော ကျမသည် အနားယူရန် အချိန်လေးတခုကို နှစ်နှစ်ကာကာ လိုချင်ခဲ့မိပါသည်။ ထို့ကြောင့်ပင် တပါးသူများ၏ တခမ်းတနား လှပစွာ ကျင်းပကြသော ခရစ်စမတ်ကဲ့သို့နေ့မျိုး၊ နှစ်သစ်ကူးကဲ့သို့ညမျိုးကို ပျော်ရွှင်ဖွယ်ရာများဖြင့် ကုန်ဆုံးချင်ခဲ့ပါသည်။ ခရီးထွက်ရခြင်းကို ပျော်မွေ့သော၊ ဝါသနာပါသော ကျမသည် အခြေအနေပေးလျှင် ယခုလို ခရစ်စမတ်နေ့လေးကို ခရီးထွက်ခြင်းဖြင့် ဖြတ်သန်းချင်ပါသည်။ ကျမချစ်ခင်သော သူတချို့ကို ခရစ်စမတ်ကဒ်လေးများ ပေးခဲ့ဖူးသည်ကို စဉ်းစားရင်း ယခုအချိန်တွင် ကျမချစ်မြတ်နိုးသောသူကို ခရစ်စမတ်လက်ဆောင်လေးအဖြစ် ချမ်းအေးသော ညနေခင်းလေးတွင် နွေးထွေးမှုရှိမည့် အမှတ်တရလေးတခုကို ပေးချင်နေမိပါသည်။ ပြီးလျှင် ကျမချစ်ခင်သော သူတချို့ကို ခရစ်စမတ် ပန်းစည်းလေးများပေးပြီး သူတို့၏ ပျော်ရွှင်မှုအပြုံးလေးများကို မြင်တွေ့ချင်နေပါသည်။


*********


လောကဓါတ်တခွင်လုံး စိမ့်အေးပြီး ချမ်းအေးနေသည့်အခိုက် ကုန်လွန်ခဲ့ပြီးသော ပြက္ခဒိန်စာရွက်လေး တရွက်ပေါ်က ရက်လေးတရက်တွင် ကံ့ကော်ပန်းများ အဆုပ်လိုက်ပွင့်ပြီး ရေတမာနံ့လေး သင်းနေသော လမ်းကလေးပေါ်တွင် ခြွေချခဲ့ဖူးသည့် ပြန်မရနိုင်တော့မည့် ခြေရာလေးများကို တမ်းတနေမိသည့်အခိုက် အနွေးထည်ထူထူ ဝတ်ဆင်ထားသော သူတယောက်၏ ချိုသာသော အပြုံးလေးတခုအောက်တွင် နှလုံးသွေးများ ရပ်တန့်တော့မလောက်ဖြစ်ခဲ့ပြီး သူ၏စကားသံများကြားတွင် နူးညံ့စွာ ပျော်ဝင်စီးဆင်း ခဲ့ဖူးသည်ကို ပြန်လည် မြင်ယောင်နေရင်း ရှတသော သံစဉ်တခုအောက်တွင် နင့်ကနဲ နာကျင်ခဲ့ရပါသည်။


*********


နှစ်သစ်တခုကို ကြိုဆိုသည့်ညတွင် ကျမချစ်မြတ်နိုးသော၊ ကျမချစ်ခင်သော သူများနှင့် မီးဖိုလေးနားတွင် သီချင်းများ သီဆိုရင်း ရင်ခုန်စွာနှင့် အတူရှိနေချင်ပါသည်။ သို့သော် အိပ်မက်တခုအနေနှင့်သာ ဖြစ်မည်ဟု တွေးတောမိသောအခါ နှလုံးသား တနေရာတွင် စူးနစ်မှုတခု အဖြစ်နှင့်သာ လက်ခံခဲ့မိပါသည်။ အထက်တန်းကျောင်းသူဘဝတွင် သူငယ်ချင်းတယောက်ဆီမှ နှစ်သစ်ကူးလက်ဆောင်အဖြစ် ရခဲ့ဖူးသော ဒိုင်ယာရီစာအုပ်လေးတအုပ်၊ အနီရောင်ဆေးခြယ်ထားသော ကဒ်လေးတခုနှင့် ပိုက်ဆံအိတ်ဖြူလွလွလေးသည် ယနေ့တိုင် ကျမဗီဒိုလေးထဲတွင် ခိုအောင်းနေဆဲ ရှိနေပါသည်။


နှစ်ဟောင်းတခုကို ဝှေ့ယမ်းနှုတ်ဆက်ပြီး နှစ်သစ်တခု၏ စာမျက်နှာ ထက်တွင် ကောင်းသောခြင်းရာများဖြင့် ရေးဆွဲနိုင်ရန် ပြင်ဆင်ခဲ့ပြီးပြီလား ဆိုသည်ကို ကျမ ကိုယ်တိုင် မေးခွန်းထုတ်နေမိပါသည်။


အကယ်၍သာ နှစ်သစ်တခု၏ စာမျက်နှာထက်တွင် သပ်ရပ်လှပစွာ ခြယ်မှုန်းချင်သော ကျမသည် ချမ်းအေးလွန်းလှသည့် အချိန်လေးတခုတွင် အေးချမ်းငြိမ်းအေးစွာ အနားယူ အိပ်စက်ခွင့်မရသည့်၊ စာသင်ခန်းများကို ကျောခိုင်း၍ ပြေးလွှားနေကြရပြီး အကြောက်တရားများနှင့် ပြည့်လျှံနေရသည့် မျက်ဝန်းများ၏ နောက်ကွယ်မှ မျက်ရည်စက်များ သုတ်ပေးခွင့်ရရန် တောင့်တနေမိပါသည်။။။

ချစ်ရတဲ့ နမ်း(အဖြူရောင်နတ်သမီး) နဲ့ ညီမငယ် ကန်ဒီ တို့ရဲ့ ခရစ်စမတ်နဲ့ နှစ်သစ်ကူးလေးအတွက် အမှတ်တရ တဂ်ပိုစ့်လေးပါ။


Saturday, December 10, 2011

ကျမနှင့် လပြည့်ည

ဝိုင်းစက်နေသော လပြည့်ဝန်းကို ငေးကြည့်နေရင်း ဆွဲငင်အားကောင်းကောင်းနှင့် ညှို့ငင် ဆွဲယူလိုက်သည့် ဆွဲအားတခုနောက်သို့ လိုက်ပါသွားမိလျက်သား ဖြစ်နေပေသည်။ ထိုဆွဲငင်အားက ကျမ၏ မြည်ဟီး တမ်းတသံတွေကို ခေါ်ဆောင်သွားသတဲ့လား။ ကျမပြောချင်သည့် ရင်ထဲကအသံ၊ ကျမကြားချင်သည့် စကားလုံးတွေကို ဆွဲငင်သယ်ဆောင် ပေးနိုင်မှာတဲ့လား။

သည်လိုဆိုလျှင်တော့ ကျမအတွက် အဓိပ္ပါယ်ပြည့်ဝတဲ့ တန်ဖိုးရှိတဲ့ လပြည့်ညတခု ဖြစ်မှာအမှန်ပေါ့။ တကယ်တော့ လပြည့်ဝန်းကြီးကို တရှိုက်မက်မက် ငေးမော မကြည့်မိသည်မှာ အချိန်ကာလအားဖြင့် အတော်ပင် ကြာမြင့်နေပေပြီ။

ယနေ့လို လပြည့်ညတညမှာပေါ့။

ကျမအလုပ်လုပ်သော အလုပ်တွင် အရေးကြီးအလုပ်တချို့ကြောင့် ညဘက်တွင်ပါ အလုပ်လုပ်ပြီး အိပ်ရမည့် အခြေအနေ ဖြစ်လာပေသည်။ ကျမမှာ လုပ်ရမည့် လုပ်ဖေါ်ကိုင်ဖက်များ ရှိနေသော်လည်း သူ့ကို အထူးတလည် အနားတွင် ရှိနေစေချင်သည်မှာ ကျမ၏ စိတ်ဓါတ် ပျော့ညံ့မှုကြောင့်လား။ အားငယ်တတ်မှုတခု ကျမစိတ်တွင် ကိန်းအောင်းနေခဲ့ပြီလား။ သူတပါးကို အားကိုးချင်သောစိတ်များ ပေါက်ဖွားလာခဲ့ပြီလား၊ ဆိုသည့် အတွေးများ ထင်ဟပ်လာခဲ့ပါသည်။

သေချာ ရေရာသော အဖြေတခုကိုဖြင့် ကျမနှလုံးသားထဲတွင် နက်ရှိုင်းစွာ စုတ်ချက်ရေးဆွဲမိခဲ့လေပြီ။

သူ့ကိုကျမက “ဒီည အလုပ်များလို့ ရုံးမှာ အိပ်ရတော့မယ်၊ အဲဒါ ညဘက်စောင့်ပေးပါလားလို့” အားကိုးတကြီးပြောတော့ သူကလည်း “စောင့်ပေးမှာပေါ့တဲ့”

ကျမ တဒင်္ဂ ငေးငိုင်သွားမိတယ်၊ ကျမလုပ်ရပ်က ဟုတ်ပါရဲ့လား၊ အဝေးမှာ ရှိနေသောသူကို စောင့်ပေးဆိုခြင်းမှာ ဘယ်ကဲ့သို့သော အကြောင်းကြောင့်ပါလဲ။

“သူသာစောင့်နေမယ်ဆိုတဲ့ အသိတခုက ကျမရင်ထဲထိ တိုးဝင်စူးနစ်သွားခဲ့ပါတယ်”

ဟုတ်သည်။

သူရှိနေသည်ဟု စိတ်ထဲတွေးကြည့်ရုံနှင့် ကြောက်စိတ်များ လွင့်စင်ပပျောက် သွားခဲ့ပြီး အားအင်အပြည့် ဖြစ်ခဲ့လေသည်။ သူ့၏စကားသံကပင်လျှင် ကျမအတွက် အားကိုးရာတခု ဖြစ်ခဲ့လေသည်။ သူပေးပို့သော စာလေး တကြောင်းကပင် ကျမအတွက် အားထားရာတခု ဖြစ်ခဲ့လေသည်။ လူချင်းမနီးသော်လည်း စိတ်ချင်းဖြင့်ပင် အသံနှင့် ဆက်သွယ်လျက် သူ၏ အားပေးမှုများကြားတွင် ကျမ နွေးထွေးစွာ အရည်ပျော်ခဲ့ရပေသည်။

ကျမ အလုပ်လုပ်နေရင်း သူရှိနေသည်ဆိုသည့် ယုံကြည်မှုတခုထဲနှင့် ကျမအလုပ်တွင် ခွန်အားအပြည့်နှင့် လုပ်နိုင်ခဲ့လေသည်။ ညတညလုံးနီးပါး အရေးကြီးသည့် အလုပ်ကို လုပ်နေသည့်ကြားမှပင် သူ အိပ်ပျော်နေပြီလား၊ ကျမအတွက် အိပ်ရေးပျက်သွားခဲ့ပြီလား၊ ဆိုသည်က အတွေးထဲ ပေါ်လာသောအခါ သူ့ကိုဒုက္ခ ပေးခဲ့မိလေပြီဟု ကျမကိုယ်ကျမ မှားမှန်းသိခဲ့ပါသည်။ သို့သော်လည်း သူအိပ်သွားမှာကိုပင် ကြောက်မိနေပါသည်။ သူအိပ်သွားလျှင်ပင် ကျမနှင့် အဝေးဆုံး ရောက်သွားတော့မလိုထိအောင် ဖြစ်ခဲ့ပါသည်။

သည်လောက်ထိ ကျမစိတ်ကို ဖမ်းယူနိုင်ခဲ့သည်မှာ ဘာကြောင့်လဲဟု ကျမ ရှက်ရွံ့စွာ မေးခွန်းထုတ်ခဲ့ဖူးပါသည်။

ကျမအလုပ်ရှုပ်နေရင်း သူ့ဆီသို့ စာတိုလေးများ ပို့ပေးနေခဲ့ပါသည်။ သူလည်း ကျမကြောင့် အိပ်ရေးပျက်ခဲ့ရပြီပဲ။ ကျမရဲ့ အားပေးနှစ်သိမ့်သံလေးက သူ့အတွက် အဓိပ္ပါယ် ရှိသော စကားသံလေးတခု ဖြစ်စေချင်ခဲ့ပါသည်။

ယခင်နေ့ရက်များကကဲ့သို့ စကားမပြောနိုင်သော်လည်း ကျမဘေးနားတွင် သူရှိနေသည်ဆိုသည့် စိတ်ခွန်အားတခုထဲနှင့် အရာရာကို လုပ်နိုင်စွမ်း ရှိခဲ့လေသည်။

ကျမက “ အိပ်ချင်ပြီလား၊ အိပ်တော့လေ” လို့ ဆိုတော့ သူ့အသံက အိပ်ချင်နေပေမယ့် မအိပ်ချင်သေးကြောင်း ဆိုတော့ ကျမတယောက် ကျိတ်ပြီး ဝမ်းသာနေခဲ့ပါသည်။

သူလည်း နောက်တနေ့ အလုပ်လုပ်ရမှာ ဖြစ်သောကြောင့် သူ့ကို အိပ်ရန် ကျမပြောတော့ ကျမအတွက် စိတ်မချစွာ ဖြစ်ခဲ့သည်ကိုလည်း ကျမမမေ့ပါ။

သူက “ ကောင်းပြီ၊ ဒါဆို အိပ်တော့မယ်၊ မနက်ကျမှ ပြန်တွေ့ကြတာပေါ့တဲ့”

ဆုတောင်းလေ့ မရှိတတ်သော ကျမသည် “အိပ်မက်လှလှမက်ပါစေ” လို့ သူ့ကို ဆုတောင်းပေးလိုက်ပါသည်။ “ကျေးဇူးတင်ပါတယ်” လို့ ပြောချင်ပေမယ့် သူမကြိုက်မှာစိုးသည့်အတွက် စိတ်ထဲမှပင် ကျေးဇူးတင်ခဲ့ပါသည်။

သူအိပ်သွားပြီဟု သိလိုက်သည့်အချိန်လေးအတွင်းမှာပဲ ကျမစိတ်များ မထင်မှတ်စွာ ယိုင်နဲ့သွားခဲ့လေသည်။ ကျမ၏စိတ်သည် သူရှိနေသည့်ဆိုသည့် စိတ်တခုထဲနှင့် လုပ်နိုင်စွမ်းအားများ ရရှိလာခဲ့သည်ကို သိရပြီး သူမရှိတော့ဘူးဟု သိလိုက်ရပြန်သောအခါ စိတ်စွမ်းအားများ လျော့ကျသွားသည်ကိုပါ သိရှိလိုက်ရပေသည်။

စိတ်သည် အရာရာကို လွှမ်းမိုးချုပ်ကိုင်နိုင်ပေသည်ကိုး။

ကျမနှင့် အလုပ်လုပ်သည့် လုပ်ဖေါ်ကိုင်ဖက် ညီမလေးက “မမ၊ ခနအိပ်လိုက်ရအောင်၊ မနက်စောစော ဧည့်သည်တချို့နဲ့ တွေ့ရအုံးမယ်လေ” ဟုဆိုလာသောအခါ

“အင်း အိပ်မယ်လေ ညီမလေး” ဟု ချိနဲ့နဲ့ ပြန်ဖြေလိုက်ပြီး

နာရီကို ကြည့်လိုက်သောအခါ မနက် လေးနာရီထိုးဖို့ ဆယ်မိနစ်ပဲလိုတော့သည်ကို တွေ့လိုက်ရသည့် အခိုက် မနက် အလုပ်ဆင်းရမည့် သူ့အတွက် အလုပ် လုပ်နိုင်ပါ့မလားဟု စိုးရိမ်သွားခဲ့မိပါသည်။

“အင်း အိပ်လိုက်တာ ကောင်းပါတယ်၊ တော်ကြာ ဧည့်သည့်နဲ့တွေ့ရင် အိပ်ငိုက်နေအုံးမယ်လို့” ကျမ ပြုံး၍ ပြောလိုက်ပြီး ထိုညီမလေးကို မလုံမလဲ ကြည့်လိုက်မိပါသည်။

အိပ်ယာထက်တွင် နောက်တနေ့ လုပ်ရမည့် အလုပ်များကို တွေးတောရင်း အလုပ်များသည့် အတွက် သေချာ မကြည့်လိုက်ရသည့် လပြည့်ဝန်းကြီးကို တမ်းတ လွမ်းဆွတ်နေမိပါသည်။

ဒီနေ့လည်း ထိုကဲ့သို့ လပြည့်ညလေးတည ကုန်ဆုံးသွားခဲ့ပြန်ပြီ။။။


Saturday, October 29, 2011

မှတ်မိခြင်း၏နောက်ကွယ်

ငယ်ဘဝတွင် မိမိ၏မှတ်မိခြင်း စွမ်းရည်သည် အကြောင်းအရာကိစ္စများ၊ သင်ကြားနေသော ပညာရပ်များ၊ ကိန်းဂဏန်းများကို မမေ့မလျော့ပဲ အမြဲမှတ်မိ နေတတ် ခဲ့သည်ကို ပြန်စဉ်းစားလိုက်တိုင်း တရက်ပြီးတရက် ကုန်ဆုံးခဲ့သော အချိန်ကာလ၏ တိုက်စားမှုဒဏ်ကြောင့် မှတ်မိမှုစွမ်းအား ယိုယွင်းလာတတ်သည်မှာ သဘာဝတရားကြောင်း အရဆိုပြီး လက်ခံရတော့မှာလား။ အသက်အရွယ်အရ တာဝန်ဝတ္တရားများနှင့် နေထိုင်မှုဘဝ အတွက် ပြေးလွှား နေကြရသောကြောင့် မှတ်မိမှုစွမ်းအား လျော့ကျလာ သည်လည်း ရှိနိုင်ပါသည်။

မေ့လျော့သည်မှာ ခင်မင်ခဲ့ဖူးသော သူတယောက်၏ အမည်နာမ၊ ဆရာသမား၏ အမည်နာမ၊ သင်ကြားနေရသော ပညာတခု၊ မိမိပညာ၏ လက်ခံနိုင်မှု၊ လက်တလော လုပ်ကိုင်နေသော အခြင်းအရာတခုကို မေ့လျော့ခဲ့သလား၊ သူတပါး၏ ကျေးဇူး သိတတ်မှုနှင့် နားလည်မှုတို့ ကို မေ့လျော့ခဲ့သလား၊ ဒါမှမဟုတ် မိမိကို တန်ဖိုးထားသောသူ၏ တစုံတရာ သိတတ်မှုအပေါ် မှတ်မိနိုင်မှုမရှိပဲ မေ့လျော့နေခဲ့ခြင်းလား။ မမှတ်မိသလို မေ့လျော့ ဟန်ဆောင်နေခဲ့ခြင်း ရှိနေသောသူများနှင့် ရင်ဆိုင်တိုးဝှေ့ရသော အခါတွင်လည်း နှလုံးသားထဲတွင် ထင်ကျန်ရစ်ခဲ့သော နာကျင်မှုတို့ကို မသိခြင်းကြောင့်သာ ဖြစ်မှာပါပဲဟု ဖြေတွေးတွေးရင်း ကုစားခဲ့ရပါသည်။

အချိန်ကာလ ကြာမြင့်မှု တခုကြောင့် မှတ်မိခြင်း စွမ်းအင် လျော့ကျသည်မှာ ဖြစ်နိုင်သော်လည်း ကာလတို တခုအတွင်းမှာပင် မှတ်မိနိုင်ခြင်း မရှိပဲ မမှတ်မိတော့ဘူးဟု လွယ်ကူစွာ ပြောဆိုလိုက်ခြင်းသည် ထိုသူ၏ လေးစားမှု မရှိခဲ့ခြင်းကြောင့်သာ ဖြစ်နိုင်သည်ဟု နားလည်မိပါသည်။

မတွေ့ဖြစ်တာကြာနေသော သူတယောက်က မိမိ၏နာမည်ကို မှတ်မိစွာ ခေါ်ဆို လိုက်သောအခါ ဖေါ်မပြနိုင်သော ဝမ်းသာပီတိ ဖြစ်ခဲ့ကြပေလိမ့်မည်။ သူငယ်ချင်းကလည်း မိမိသူငယ်ချင်း၏ မှတ်မိနေမှုကို မျှော်လင့်မိပေလိမ့်မည်။ လောကလမ်းပေါ်တွင် သူငယ်ချင်းအချို့နှင့် တွေ့ဆုံခဲ့လျှင်သော်မှ ထိုသူငယ်ချင်း၏ အမည်နာမကို မမှတ်မိပဲ မေ့လျော့နေခဲ့မိလျှင် မှတ်မိဥာဏ် စွမ်းအားကိုပဲ အပြစ်တင်ရမှာလား၊ မှတ်မိနိုင်မည့် ခြေရာ မထင် ကျန်ခဲ့၍လားဟု မိမိကိုယ်တိုင် အဖြေထုတ်ရလိမ့်မည်။ ထို့အတူ ဆရာသမားများက မိမိတပည့် မိမိကို မှတ်မိနေခြင်းမျိုးကို တောင့်တမိပေလိမ့်မည်။ တပည့်တယောက်ကလည်း မိမိဆရာ မိမိအပေါ် မှတ်မိနေခြင်းမျိုးကို လိုလားမိမှာ အမှန်ပင် ဖြစ်ပေသည်။

သူတပါးက မိမိ၏ အမည်နာမကို မှတ်မိနေခြင်း၊ မိမိအလေးထားသော အရာများကို မှတ်မိနေခြင်း၊ မိမိလေးစားသောအရာများကို မှတ်မိနေခြင်း၊ မိမိလျှောက်လှမ်းနေသော လမ်းကို မှတ်မိနေခြင်း သည် ထိုသူ့အပေါ်တွင် ခင်မင်စွာနှင့် မှတ်မိစွဲထင်စရာ ပို၍ ဖြစ်လာပေလိမ့်မည်။

ထိုကဲ့သို့ မိမိအပေါ် မှတ်မိနေခြင်းကို လူသားတိုင်း လိုလားမိမှာပင်၊ မှတ်မိနေသည် ဆိုကထဲက ဘာကြောင့် မှတ်မိနေခြင်းလဲ ဆိုသည့် အဖြေက ကပ်ပါနေပါသည်၊ မိမိ၏ ထူးခြားသည့် အပြုအမူတွေကြောင့်လား၊ မမေ့နိုင်မည့် တန်ဖိုးထားစရာ အကြောင်းရင်းကြောင့်လား၊ တပါးသူက မိမိကို မှတ်မိနေခြင်းမှာ မိမိတွင်ရှိသော အရည်အချင်း တခုခုကြောင့်လား၊ မိမိ၏ မျှခြေတခုသည် တပါးသူ၏စိတ်ထဲတွင် စွဲထင်စရာ တရားမျှမှုတွေ ဖြစ်သွားခဲ့လို့လား။ ထို့ပြင် ခက်ခဲသော အခြေအနေတခုနှင့် အတူဖြတ်ကျော်ခဲ့ရသော အခါတွင် မမေ့မလျော့ မှတ်မိ နေတတ်ခဲ့ပါသည်။ ထို မှတ်မိနေခြင်းမှာ ခက်ခဲ ရုန်းကန်ခဲ့ရသည့် အခြေအနေ၏ အရိပ်ကြောင့်ပင် ဖြစ်ပေလိမ့်မည်။ တခါတရံ အလွယ်တကူ ဖြတ်ကျော်ခဲ့ကြသော အခြေအနေထက် ခက်ခက်ခဲခဲနှင့် ဖြတ်ကျော်ခဲ့ကြသည့် အခြေအနေတခုကို ပို၍ မှတ်မိစေပါလိမ့်မည်။

မှတ်မိခြင်း၏နောက်ကွယ်တွင် ထိုသူ၏ ခင်မင်မှု၊ တွယ်တာမှု၊ တန်ဖိုးထားမှု၊ လေးစားမှု၊ သတိရှိမှု၊ သိတတ်မှု၊ အလေးအနက်ထားမှု၊ အသိအမှတ်ပြုမှု တို့များစွာ ပါသည်ဟု ကျမ လေးနက်စွာ ယုံကြည်ပါသည်။ ထိုအရေးပါသောအရာများ မပါခဲ့၍သာ မှတ်မိခြင်းစွမ်းရည် လျော့နည်းပြီး မေ့လျော့ခြင်းဖြစ်သည်ဟု ကျမတွေးမြင်မိပါသည်။


Friday, September 23, 2011

ဧရာဝတီမြစ်ဆုံဆည်ကြောင့် ရိုက်ခတ်လာမည့် ဆိုးကျိုးများ



မြန်မာနိုင်ငံ၏ အချက်အချာဒေသများကို ဖြတ်သန်းစီးဆင်းနေသော အာရှတိုက်၏ အဓိကမြစ်ကြီး တသွယ် ဖြစ်သည့် ဧရာဝတီမြစ်ကို ဆည်ဖို့ကြပေတော့မည်။

ဧရာဝတီမြစ်ကိုပိတ်၍ (၁၅၂) မီတာ အမြင့်ရှိသော ဧရာမဆည်ကြီး တခုကို တည်ဆောက်ပြီး လျှပ်စစ်ဓါတ်အားကို တရုတ်ပြည်သို့ ပို့လွှတ်ရောင်းချရန် တရုတ်ကုမ္ပဏီအား ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့သည်။

ဧရာဝတီမြစ်သည် ကချင်ပြည်နယ်ရှိ မလိခနှင့် အင်မိုင်ခ(မေခ) မြစ်ဖျားပေါင်းစုံရာမှ နေ၍ စတင်စီးဆင်းသည်။ ဤမြစ်ဖျားခံရာ မြစ်နှစ်စင်းလုံးသည် ဟိမဝန္တာတောင်တန်း၏ အရှေ့တောင်ပိုင်းဒေသ မှ မြစ်ဖျားခံလာခြင်းဖြစ်သည်။ အင်မိုင်ခမြစ်သည် ပူတာအို မြောက်ဘက်ရှိ လင်ဂွေလာ ရေခဲတောင်ထွဋ်မှာ စတင်ပေါ်ထွန်းသည်။ မြစ်ဆုံသည် ကချင်ပြည်နယ် မြို့တော် ဖြစ်ကြီးနားမြို့၏ မြောက်ဘက် (၂၈) မိုင် အကွာတွင် တည်ရှိသည်။

ရေအားလျှပ်စစ်လုပ်ငန်း စီမံချက်(၇) ခုမှာ ဧရာဝတီမြစ်ဆုံ၊ ချီဗွေ၊ ပါရှီး၊ လာကင်၊ ဖီဇော၊ ခေါင်ဂလန်ဖူ၊ လိုင်ဇာ ဖြစ်သည်။

ဧရာဝတီမြစ်ဆုံဆည်သည် ဤမြစ်ကြောင်းတလျှောက် တရုတ်တို့က တည်ဆောက်မည့် ဆည်ကြီး (၇) ခုအနက် ပထမဦးဆုံးဆည်လည်း ဖြစ်သည်။

ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ပြီးသည်နှင့် ဆည်၏ အထက်ပိုင်းတွင် ရေလှောင်ကန် အတွင်းသို့ ရေဖြည့်သွင်းသည် နှင့်တပြိုင်နက် ရေလှောင်ကန်ကြီး၏ အမြင့်ဆုံး ရေချိန်မှတ်ထက် နိမ့်သောနေရာများမှ လူထုများ ပြောင်းရွှေ့ပေးရတော့မည်။ သူတို့၏ အိုးအိမ်များ၊ စိုက်ပျိုးမြေယာများ၊ ဘိုးဘွားပိုင် မြေနေရာများနှင့် အထွဋ်အမြတ် ထားရာနေရာ များလည်း ရေအောက်သို့ ရောက်ရှိ မြုပ်ကွယ်သွားပေမည်။ ကျေးရွာပေါင်း ၄၇ ရွာကို လုံးဝရေဖုံးလွှမ်း သွားမည်ဖြစ်ပြီး၊ လူဦးရေ ခန့်မှန်းချေအားဖြင့် ၁၀၀၀၀ မျှ အိုးအိမ်မဲ့ဖြစ်ကာ ရွှေ့ပြောင်းကြရပေမည်။ လုံးဝရေလွှမ်းခံရမည့် ကျေးရွာများ အပြင် အခြားကျေးရွာ အများသည်လည်း လယ်ယာခြံမြေများ ဆုံးရှုံးနိုင်ခြင်း၊ သစ်တောများ ဆုံးရှုံးခြင်း၊ ကူးသန်းသွားလာရေး လမ်းကြောင်းများ ရေမြုပ် သွားခြင်းများ ရေလွှမ်းခံရခြင်းကြောင့် ပြောင်းရွှေ့လာသည့် လူထုများ ဝင်ရောက်လာခြင်း၊ စသည့် အကျိုးဆက် များကိုလည်း ခံစားကြရပါလိမ့်မည်။

ဒေသခံများသည် တိုင်းရင်းဆေး သစ်ဥသစ်ဖုများကို သင့်လျော်သည့်အချိန်၊ ရာသီတွင် ရှာဖွေ စုဆောင်းကြသည်လည်း ရှိကြသည်။ နောင်မျိုးဆက်များအထိ ဆက်လက်သုံးစွဲနိုင်ရန် သစ်ပင်၏ ပင်စည်မှ အပွေးကိုမယူဘဲ အကိုင်းအခက်များကိုသာ ယူကြပါသည်။ တိုင်းရင်းဆေးဝါးများအပြင် အချို့သော အမျိုးသမီးများကလည်း သစ်မဟုတ်သော တောထွက်ပစ္စည်းများအပေါ် မှီခို၍ အသက်ရှင်သန် ရပ်တည်နေကြရသည်။ မှိုများ၊ ဟင်းရွက်မျိုးစုံ၊ တောထွက် သစ်သီးမျိုးစုံကို ရောင်းချကာ ဝင်ငွေရှာ ကြသည်။ ဤတောများသည် ကျေးလက်နေ လူထုများအတွက် ဘဏ်တခုသဖွယ် တန်ဖိုးရှိလှသည်။

မြစ်ဆုံဆည် ဆောက်လိုက်သည့်အချိန်တွင် ဤတောများမှာ ရေအောက်ရောက်သွားတော့မည် ဖြစ်ပြီး ရှင်သန်နေထိုင်နိုင်သည့် ဘဝများလည်း ပျက်စီး ပြိုကွဲကြရပေတော့မည်။

မြစ်ဆုံဒေသ၏ သဘာဝအလှအပနှင့် ကချင်လူမျိုးများ၏ ကြွယ်ဝလှသော ယဉ်ကျေးမှုကြောင့် လူများစွာ လာရောက် လည်ပတ်လေ့ရှိပါသည်။ ခရီးသွားလုပ်ငန်းမှနေ၍ ဒေသခံများ ဝင်ငွေ ရရှိနေပါသည်။ ယဉ်ကျေးမှုဆိုင်ရာ အရေးပါသည့်နေရာများ ရေမြုပ်ဆုံးရှုံးရတော့မည် ဖြစ်သဖြင့် လူအများ ဂုဏ်ယူခဲ့ရသော နေရာများသည် နောင်မျိုးဆက်များစွာတိုင် ဆုံးရှုံးသွားတော့မည် ဖြစ်သည်။

ဆည်တည်ဆောက်လိုက်မှုကြောင့် မြစ်ညာဒေသတွင် ငါးများရွှေ့ပြောင်း အခြေချ သားပေါက်မှုကို ပိတ်ပင်လိုက်သကဲ့သို့ ဖြစ်သွားစေမည်ဖြစ်သည်။ ထို့ကြောင့် ရေကာတာ အတွင်းနှင့် မြစ်အောက်ပိုင်း ဒေသများတွင် ငါးအရေအတွက် ကျဆင်းလာနိုင်သကဲ့သို့ ငါးမျိုးစိတ် များလည်း လျော့နည်းလာနိုင်သည်။

မြစ်အောက်ခြေမြစ်ကြောင်း တလျှောက်နှင့် မြစ်ကြောင်းနှင့် နီးစပ်ရာဒေသများတွင် နေထိုင်ကြသော လူမှုအသိုင်းအဝိုင်းများတွင် ဆည်ကြီးများ တည်ဆောက်ခြင်းကြောင့် ဖြစ်ပေါ်ရသော ဆိုးကျိုးများကို သိသိသာသာ ကြုံတွေရနိုင်ပါသည်။

အထူးသဖြင့် မြစ်၏ ရေစီးဆင်းမှုများ ပြောင်းလဲသွားပြီး ရေလွှမ်းနုံးတင်သော လွင်ပြင်များကို ပြောင်းလဲ သွားစေနိုင်ပါသည်။ ဤသို့ ဖြစ်သည်နှင့်အမျှ မြစ်ရေကျချိန်တွင် စိုက်ပျိုးရေး၊ တံငါလုပ်ငန်း၊ အိမ်မွေးတိရစ္ဆာန်မွေးမြူရေးလုပ်ငန်း၊ နုံးတင်မြေနုလွင်ပြင်များတွင် သစ်တောထွက် ပစ္စည်းများ ရှာဖွေ စားသောက် နေထိုင်ကြသော သူများ၏ သက်မွေးဝမ်းကျောင်းလုပ်ငန်းများသည်လည်း များစွာ ဆိုးကျိုး သက်ရောက်နိုင်ပါသည်။ ဆည်တည်ဆောက် လိုက်ခြင်းနှင့် သဘာဝ အရ ရေတက်မှုများ လျော့နည်း ကျဆင်းလာသည်နှင့် အမျှ မြစ်အောက်ခြေ ဒေသနေလူထုများ၏ စီးပွားရေးကို ထိခိုင်လာနိုင်ပါသည်။ သို့ဖြစ်သည်နှင့်အမျှ မိမိတို့ တတ်ကျွမ်းထားသည့် သက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုများမှာ အလုပ်မဖြစ်နိုင်တော့ဘဲ နောက်ဆုံး ပြောင်းရွှေ့အခြေချခြင်း၊ မြို့ပြဒေသများ၌ ကျပမ်းလုပ်ငန်းများတွင် အလုပ်လုပ်၍ ငွေရှာရခြင်းနှင့် ဆင်းရဲမွဲတေမှုများ ဖြစ်လာစေနိုင်သည် ဟု ကမ္ဘာ့ဆည်များဆိုင်ရာ ကော်မရှင်က ဆိုထားပါသည်။

ဧရာဝတီမြစ်သည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် နုံးမြေအနည်အနှစ် အကျဆုံး ဖြစ်ပါသည်။ အနည်အနှစ် များမှုကြောင့် ရေလှောင်ကန်ကြီးအတွင်း အနည်အနှစ် ပို့ချမှုနှုန်း ပိုမြန်ပြီး သိုလှောင်နိုင်စွမ်းလည်း အလျင်အမြန် လျော့နည်း ကျဆင်းစေပါလိမ့်မည်။

ဆည်တာတမံများက မြစ်များသယ်ဆောင်လာသော အနယ်အနှစ်များကို တားဆီးထားလိုက်ပါသည်။ ထို့ကြောင့် မြစ်အောက်ပိုင်းသို့ မရောက်ရှိနိုင်တော့ပါ။ ဤအနယ်အနှစ်များသည် ပုံမှန်အားဖြင့် မြစ်အောက်ပိုင်းဒေသရှိ ရေလွှမ်းနေတတ်သော မြေနုလွင်ပြင်များနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် သီးနှံအထွက်ကောင်းစေရန် မြေသြဇာအဖြစ် ဖြည့်ဆီးပေးကြပါသည်။ ထို့ပြင် ရေနေအပင်များနှင့် ငါးများအတွက်လည်း အာဟာရဓါတ် ဖြစ်စေပါသည်။ ဆည်များ တည်ဆောက်လိုက်ခြင်းကြောင့် သဘာဝအရ ရေလွှမ်းမိုးတတ်သည့် ပုံစံကို ပျက်စီး သွားစေပြီး နုံးတင် ဒေသများနှင့် မြစ်အောက်ခြေရှိ နုံးတင် လွင်ပြင်များသို့ သဘာဝအရ ရေနှင့် မြေဆီဓါတ်များ ဖြည့်တင်းပေးမှုကို ဟန့်တား လိုက်သည့်နှယ် ရှိစေပါသည်။ ဤသို့ဖြင့် ဧရာဝတီမြစ်ကြောင်း တလျှောက်တွင် စိုက်ပျိုးရေး အထွက်နှုန်းကို ထိခိုက်စေပါသည်။ မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်ဒေသသည် မြန်မာ့ဆန်အထွက်၏ ၆၀% ကို ထုတ်လုပ်ပေးနေသော ဒေသလည်း ဖြစ်ရာ များစွာ ဆိုးကျိုး သက်ရောက်မှု ရှိလာစေနိုင်ပါသည်။

ကြီးမားသော ရေအားလျှပ်စစ်ထုတ် လုပ်ငန်းများကြောင့် ပုံမှန်မဟုတ်သော ရေစီးဆင်းမှုများ ဖြစ်ပေါ်စေပြီး ဤအတွက်ကြောင့် မြစ်ကြောင်းရှိ မြစ်ကမ်းပါး တိုက်စားမှုများ ဖြစ်ပေါ်စေနိုင်သည်။ ရေလှောင်ထားသည့် ဆည်မှ ရေထုတ်လွှတ်လိုက်သည့်အခါ ဆည်သည် ဆာလောင်နေသည့်နှယ် ဖြစ်လာပါသည်။ တာတမံအနောက်တွင် အနယ်ထိုင်နေသော အနယ်အနှစ်များကို ပြန်လည် ဖြည့်ဆီးနိုင်ရန် အတွက် မြစ်ကမ်းပါးများကို တိုက်စားမှုများ ဖြစ်စေပြီး ဤအတွက်ကြောင့် ကမ်းပါးတိုက်စားမှုများ ပို၍ ဖြစ်စေပါသည်။ မြစ်ကမ်းပါးများ ရုတ်တရက် တိုက်စားပြိုကျခြင်းသည် အန္တရာယ်တခု ဖြစ်သကဲ့သို့၊ ကျေးရွာနေလူထုများမှာ ၄င်းတို့၏ အိမ်များကို ကုန်းတွင်းပိုင်းသို့ ပို၍ ပြောင်းရွှေ့ကြရသည့် အခြေအနေ ဖြစ်ပေါ်စေပါသည်။ မြစ်ဆုံအနီးတွင် များသော လူထုများမှာ မိုးရာသီတွင် စပါးစိုက်ပျိုးကြပြီး၊ နွေရာသီတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးကြပါသည်။ အမျိုးသမီးများ သည် မြေဆီကြွယ်လှသော မြစ်ကမ်းဒေသကို အသုံးချ၍ စိုက်ပျိုးကြပြီး မိသားစုစားရန် အတွက် မှီခိုနေကြရပါသည်။ အကယ်၍ ဤမြစ်ကမ်းပါးသာ တိုက်စားပြိုကျခဲ့ပါက ဤမြေဆီကြွယ်ဝလှသော မြေများတွင် သူတို့မှီခိုနေထိုင် ကြရသည့် အခွင့်လည်း ဆုံးရှုံးသွားရဖွယ် ရှိပါသည်။

ငလျင်ကြီးများ၏ ပြင်းအား၊ တည်နေရာနှင့် ထူးခြားချက်များကို လိုက်၍ ငလျင်များကြောင့် ဆည်များ၌ အက်ကြောင်းများကို ဖြစ်ပေါ်စေနိုင်ပြီး တခါတရံ ဆည်ပြိုကျ ကျိုးပေါက်သည်အထိ ဖြစ်စေနိုင်ပါသည်။ ကမ္ဘာလုံးဆိုင်ရာ ငလျင်ကြောင့် ဖြစ်သော အန္တရာယ်များ လေ့လာအကဲဖြတ်ရေး အစီအစဉ် (Global Seismic Hazard Assessment Program) ၏ အချက်အလက်များအရ မြန်မာနိုင်ငံသည် ငလျင်အန္တရာယ် မြင့်သော အခြေအနေမှ အလွန်တရာ မြင့်မားစွာ တည်ရှိနေသော ဒေသအတွင်းတွင် ကျရောက်နေပြီး မြောက်ပိုင်း ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်း အတွင်းတွင် တသမတ်တည်း မြင့်မားစွာ ရှိနေခဲ့ပါသည်။ ဧရာဝတီ မြစ်ဆုံဆည်သည် မြန်မာနိုင်ငံကို ဖြတ်သွားသော ယူရေရှားမြေပြတ်လွှာနှင့် အိန္ဒိယမြေပြတ်လွှာတွေ့ဆုံရာ ငလျင်အက်ကြောင်းမှ ကီလိုမီတာ ၁၀၀ အောက်လျော့နည်းသော ဒေသအတွင်း ကျရောက်နေပါသည်။ စစ်ကြောင်း မြေလွှာပြတ်ကြောင်းတွင် တိုင်းတာမှုအရ ပြင်းအားအဆင့် (M 7.0- 8.0) အဆင့်ရှိသော ငလျင်များကိုလည်း တွေ့ကြုံခဲ့ရဖူးပါသည်။ ဆည်ကြီးများ တည်ဆောက်မှုကြောင့် ငလျင်များဖြစ်ပွားစေရန် ပိုမိုတွန်းအားပေး သကဲ့သို့ ဖြစ်စေနိုင်ပါသည်။ ဆည်များကြောင့် ငလျင်ဖြစ်ပေါ်ရမှုများကိုလည်း တွေ့ရှိခဲ့ကြရပြီး အပိုတိုးလာသော ရေဖိအားများကြောင့် ဆည်အောက်ခြေရှိ မြေအက်ကြောင်းငယ်များတွင် ဖိအားပိုတိုးလာစေခြင်းကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်ပါသည်။

ရေကာတာမှ ရေလျှံကျသည်ဖြစ်စေ၊ ဆည်ကျိုးပေါက်သည်ဖြစ်စေ ရုတ်တရက် ရေလွှမ်းမှု ဖြစ်စေနိုင်ပါသည်။ ထိုသို့မဟုတ်လျှင်လည်း ရေအားလျှပ်စစ်ထုတ်သော စက်ရုံများတွင် ချိန်ခါမဟုတ်ဘဲ ရုတ်တရက် တာတမံမှ ရေစွန့်ထုတ်သည့် အဖြစ်မျိုး ရှိနိုင်ပါသည်။ ရေစွန့်ထုတ်လိုက်သည့်အခါ ရေအမြင့် ချက်ချင်းတက်လာပြီး မြစ်အခြေပိုင်းရှိ လူထုများမှာ ကြိုတင်သတိပေးမှု မရှိဘဲ ရေအန္တရာယ်နှင့် ကြုံတွေ့ရနိုင်ပါသည်။ လူအများအဖို့ ၄င်းတို့၏လှေများ၊ ငါးဖမ်းကိရိယာများ ဆုံးရှုံးကြရပြီး ရုတ်တရက် ရေမြင့်တက်လာမှုကြောင့် အချို့မှာ ရေနစ်သေဆုံး ကြရပါလိမ့်မည်။

ထင်ရှားသော ပညာရှင်တဦးက ဧရာဝတီမြစ်သည် ကမ္ဘာ၏ထင်ရှားသော မြစ်ကြီးများတွင် တစင်း အပါအဝင် ဖြစ်သည်ဟု ဖေါ်ပြခဲ့ပါသည်။ အထူးသဖြင့် ၄င်း၏စီးဆင်းမှုပမာဏ၊ အရှည်အလျားနှင့် ဤမြစ်ကြောင်းတလျှောက် ထိန်းသိမ်းထားသော စုံလင်လှသည့် ဇီဝမျိုးကွဲများအရ တန်ဖိုးသတ်မှတ်ခြင်း ဖြစ်ပါသည်။ ကျယ်ပြန့်လှသော ရေစီးဆင်းရာ လမ်းကြောင်း တလျှောက်ရှိ သဘာဝဂေဟဗေဒစနစ်ကို ထိန်းသိမ်းထားရန်သည် အရေးကြီးလှပြီး မြစ်ကြောင်း အတွင်းရှိ ထူးခြားတန်ဖိုးရှိသည့် ရေညှိရေမှော်များ၊ အကောင်ငယ်များနှင့် မြစ်ကြောင်းကို မှီခိုရှင်သန်နေကြရသော ပြည်သူလူထုများအတွက်လည်း အသက်သွေးကြောပင် ဖြစ်ပါသည်။

ဆည်ကြီးများ တည်ဆောက်လိုက်ခြင်းဖြင့် ဆိုးကျိုးများ ဖြစ်ပေါ်စေပါသည်။ မြစ်ကြောင်းရှိ သဘာဝဂေဟစနစ် တည်တံ့နေမှုကို မထိန်းသိမ်းနိုင်တော့ပဲ မြစ်ကြောင်း၏ ဂေဟစနစ်ကို ပြိုကွဲစေပါသည်။ ဆည်ကခြားထားလိုက်သော မြစ်၏ အထက်နှင့်အောက် ဇီဝမျိုးကွဲများကို သီးသန့်ပိုင်းခြားသလို ရှိစေပြီး၊ မျိုးရိုးဗီဇ ထိန်းသိမ်း ရှင်သန်မှုစနစ်ကို ဖြစ်စေသော ဇီဝသတ္တဝါများ ရွှေ့ပြောင်းသွားလာမှုကို ပိုင်းခြားဖြတ်တောက် သလို ဖြစ်စေပါသည်။ ထို့ပြင် ယခင်က ရေလွှမ်းနုံးတင်သော လွင်ပြင်များနှင့် မြစ်ရေကိုလည်း ထိတွေ့မှု ကင့်မဲ့လာစေပါသည်။ ဆည်မှစွန့်ထုတ်လိုက်သော ရေများတွင် အနယ်အနှစ် ပါဝင်မှုနည်းပြီး၊ ဓါတုသဘောအရလည်း ပြောင်းလဲမှုများ မြစ်ရေ တွင်ဖြစ်လာစေပါသည်။

ဒေသပေါက် ဌက်မျိုးကွဲများသည် ဧရာဝတီမြစ်ကြောင်း တလျှောက်တွင် ကျက်စားကြပြီး ဧရာဝတီမြစ် အလယ်ပိုင်းဒေသသည် တိဘက်နှင့် ဟိမဝန္တာမြောက်ပိုင်း အခြားဒေသများမှ ရွှေ့ပြောင်းနေထိုင် ကြသော ရေပျော်ဌက်များအတွက် ဆောင်းခိုရာအတွက်၊ နားခိုအခြေချရာ နေရာဖြစ်ပါသည်။ ရေ၏ အရည်အသွေး ပြောင်းလဲသွားခြင်း၊ ငါးများတည်ရှိမှု အရေအတွက် ပြောင်းလဲသွားခြင်းအတွက် ဌက်များ အခြေချမှုများတွင်လည်း ထိခိုက်ပြောင်းလဲမှုများ ဖြစ်ပေါ်စေလိမ့်မည်။ ကမ္ဘာ၏ အခြားသော ဒေသများတွင် ရှာဖွေမတွေ့နိုင်သော ဌက်မျိုးများပျောက်ကွယ် ဆိတ်သုဉ်းရမည့် အခြေအနေလည်း ဖြစ်စေနိုင်ပါသည်။

ဤသို့ သားကောင်များ ပျောက်ကွယ်သွားရခြင်းသည် ရွှေ့ပြောင်းအခြေချမှု ပုံစံပျက်ယွင်းသွားစေခြင်း၊ ရေ၏ အရည်အသွေး ကျဆင်းသွားခြင်း၊ ရေ၏ မြစ်ကြောင်း စီးဆင်းမှု သဘာဝပြောင်းလဲ သွားခြင်းတို့ကြောင့် ဖြစ်ပေါ်နိုင်ပါသည်။ ဧရာဝတီ မြစ်ဆုံဆည် တည်ဆောက်ရေးနှင့် အင်မိုင်ခ(မေခ) မြစ်ပေါ်တွင် တည်ဆောက်မည့် အဆိုပြုထားသော အခြားသော ဆည်များကြောင့် ယခုကာလကတည်းက မျိုးတုန်းလုနီးပါးဖြစ်နေသော အထူးရှားပါးနေပြီ ဖြစ်သည့် ဧရာဝတီ လင်းပိုင်များ ကိုလည်း အန္တရာယ် ရှိစေနိုင်ပါသည်.။ မြစ်အထက်ပိုင်းတွင် ဆည်တည်ဆောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သော ပြဒါးဓါတ်များ ဇီဝသတ္တများတွင် စုပုံသိပ်သည်း လာခြင်းကြောင့်လည်း ပို၍ ဆိုးရွားစေနိုင်ပါသည်။ ပြဒါးဆိပ်သင့်မှု ပြဿနာမှာ ဖြစ်လာနိုင်ဖွယ် ရှိသည့် ကြီးလေးသော ပြဿနာတခု ဖြစ်ပါသည်။ ဤဓါတ်မှာ လူတို့၏ ဗဟိုအာရုံကြောစနစ်ကို အဆိပ်အတောက် ဖြစ်စေသော ဓါတ်တမျိုးဖြစ်ပါသည်။

မလိခနှင့် အင်မိုင်ခ(မေခ)မြစ်များသည် ကချင်ပြည်နယ်အတွင်း အဓိက ရွှေတူးဖေါ် ရှာဖွေကြရာ နေရာများဖြစ်နေပါသည်။ ရွှေတူးဖေါ်ထုတ်လုပ်ရာ နေရာများသည် ဆည်တည်ဆောက်မည့် နေရာ၏ မြစ်ညာပိုင်းဖြစ်ပြီး၊ ရေတွင် ပြဒါးဓါတ်ပါဝင်မှုနှုန်း မြင့်နေပြီး ဖြစ်နေပြီဟု ယူဆနိုင်ဖွယ် ရှိပါသည်။ ၂၀၀၃ တွင် စမ်းသပ်စစ်ဆေးချက်အရ ဧရာဝတီ မြစ်ကြောင်း တလျှောက်အတွင်း နေထိုင်သော ငါးအမျိုး(၂၂) မျိုးအတွက် ပြဒါးပါဝင်မှုနှုန်း အမှန်ပင် မြင့်မားနေကြောင်း တွေ့ရှိရပါသည်။ ဤဒေသအတွင်း မြင့်မားစွာ ပါဝင်နေသော ပြဒါးဓါတ်များသည် တာတမံ၏ နောက်ကျောတွင် စုပုံနေကြမည် ဖြစ်ပြိး နောက်ပိုင်းတွင် မီသိုင်းလ် မာကျူရီအဖြစ် ပြောင်းလဲသွားမည် ဖြစ်ပါသည်။ ဆည်မှ ရေထုတ်လွှတ်သည့် အခါ မြစ်အောက်ပိုင်းတွင် နေထိုင်ကြသူများသည် ပြဒါးဆိပ်သင့်နေသော ရေနှင့် ငါးများကို ထိတွေ့ကြရတော့မည် ဖြစ်သည်။ ဤဆိုးကျိုးကို မြစ်ကြီးနားမြို့အောက်ဘက် ၂၈မိုင်အတွင်း နေထိုင်ကြသော လူဦးရေပေါင်း (၁၄၀၀၀၀) ကို ထိခိုင်ဖွယ် ရှိနေပါသည်။ ဧရာဝတီမြစ်ကြောတလျှောက် နေထိုင်ကြသော သန်းပေါင်းများစွာသော မြန်မာနိုင်ငံသားများ၊ ငါးများကို ဖမ်းစားကြသည့် ဌက်များနှင့် အခြားနို့တိုက် သတ္တဝါများသည်လည်း အဆိပ်သင့်ခံရဖွယ် ရှိနေပါသည်။ လူမှုအဖွဲ့အစည်းတခုလုံး၏ ကျန်းမာရေးကို ထိခိုက်လာစေတော့မည် ဖြစ်သည်။


ကမ္ဘာ့သဘာဝဝန်းကျင် ထိန်းသိမ်းရေးသမဂ္ဂ ( World Conservatiion Union) ၏ အဆိုအရ ရေမှော်ပင်များ ပိတ်ဆို့ထူထဲလာခြင်း၊ အခြေချနေထိုင်သော ဇီဝသတ္တများ လျော့နည်းသွားခြင်း၊ မာကျူရီ ပြဒါးဓါတ်များ စုပုံလာခြင်းတို့ကြောင့် မြစ်နေလင်းပိုင်ငါးကြီးများအတွက် အထူးအန္တရာယ် ရှိလာစေပါသည်။ ရေအတွင်း ဆည်များဆောက်လုပ်ခြင်းကြောင့်၊ ရေကာတာများနှင့် ရေတံတိုင်းများဆောက်လုပ်ခြင်းကြောင့် ဖြစ်စေပါသည်။ ရေတွင်း ဆောက်လုပ်မှုလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမှာ သိသိသာသာ ဖြစ်ပြီး၊ အတိုင်းအဆ အလွန်ကြီးမားလှပါသည်။ တည်ဆောက်မှုကြောင့် ဇီဝမျိုးကွဲများ ဦးရေကို ကွဲပြားတည်ရှိစေပြီး၊ မြစ်ရေဖြင့် ရှင်သန်ရေးအတွက် မှီခိုနေကြရသော ဇီဝသတ္တဝါများ၊ အပင်များပျောက်ကွယ်ကာ၊ သဘာဝပတ်ဝန်းကျင် ဆုတ်ယုတ်ကျဆင်းလာနိုင် စေပါသည်။

လွတ်လပ်စွာ စီးဆင်းနေသော ဧရာဝတီမြစ်ကို ဆည်ဖြင့် တားလိုက်သောကြောင့် ရေငြိမ်နေသော ကန်သဖွယ် ဖြစ်လာပေမည်။ ထိုအခါ အင်းဆက်များ၊ ပက်ကျိများနှင့် အခြားသော တိရိစ္ဆာန်များလည်း ပိုမို တိုးပွား လာနိုင်ပြီး ရောဂါပိုးသယ်ဆောင်နိုင်သော ကပ်ပါးများ၊ ပိုးမွှားများလည်း ပိုမို ပေါက်ဖွားလာစေနိုင်သည့် အန္တရာယ် ရှိပါသည်။ ကပ်ပါးသံကောင်များသည် ရောဂါမျိုးစုံကို ဖြစ်စေနိုင်ပြီး မလှုပ်ရှားနိုင်ခြင်း၊ ကြွက်သားများအား ပျော့သွားခြင်း၊ ကိုယ်ခန္ဓာ ချိနဲ့သွားခြင်း၊ အရေပြားရောဂါများ၊ အသည်းပျက်ခြင်းမှသည် ဝက်ရူးပြန်ရောဂါ၊ ကျောက်ကပ် အလုပ်မလုပ်နိုင်တော့သည်အထိ ပျက်သွားခြင်း၊ ကင်ဆာရောဂါများအထိ ဖြစ်စေနိုင်ပါသည်။ ရောဂါစွဲကပ် ခံရသူများသည် အခြားရောဂါများလည်း ထပ်မံ ကူးစက်ခံရစေရန် လွယ်ကူပါသည်။

(ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့၏ အစီရင်ခံစာမှ ကိုးကားထားပါသည်)


ဧရာဝတီမြစ်ဆုံဆည်ကြောင့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများ၊ အသက်မွေးဝမ်းကျောင်းမှုဘဝများ ပျက်စီးကြရခြင်းများ၊ မြစ်အောက်ပိုင်းရှိ မြေနုနုံးတင် စိုက်ခင်းများ ပျက်စီးစေခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးခြင်းများ၊ ကျန်းမာရေးဆိုင်ရာ အန္တရာယ်များ ကို ကြုံတွေ့ကြရပေလိမ့်မည်။

ဧရာဝတီမြစ်ကို မှီတင်းနေထိုင်ကြသည့် လူသန်းပေါင်းများစွာတို့ ဆိုးကျိုးဒဏ် သင့်မှုများကို ခံစားကြရပေတော့မည်။ ဌက်ဖျားရောဂါ ပျံ့နှံ့ကူးစက်လာနိုင်သကဲ့သို့ ရေလှောင်တာတမံများမှ ထွက်လာသော ပြဒါးဆိပ်သင့်မှု ပြဿနာများကိုလည်း မြန်မာပြည်သူတို့ ခံစားကြရပေမည်။

မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ အမွေအနှစ်၊ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ မြန်မာနိုင်ငံ၏ရာဇဝင်၊ သမိုင်း လည်း ပျောက်ပျက်ကုန်တော့မည် ဖြစ်ပေသည်။ အတိတ်ကာလတွင် လှပခမ်းနားစွာ ရှိခဲ့သော ဧရာဝတီမြစ်ကြီးသည် နောင်အနာဂတ်တွင် ပျက်စီးတိမ်ကော ပျောက်ပျက်သွားပေလိမ့်မည်။

ဤကဲ့သို့ အဖိုးတန် ဧရာဝတီမြစ်ကြီးကို ပျက်စီးအောင် လုပ်ခြင်းသည် မြန်မာတမျိုးသားလုံး၏ အသက်စည်းစိမ်၊ သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေး၊ လုံခြုံရေး၊ တိရစ္ဆာန်များ မျိုးတုန်းပျောက်ကွယ်မှု၊ ဂေဟစနစ်နှင့် လူသားအခွင့်အရေးများ ဆုံးရှုံး သွားစေမည် ဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်တရပ် အနေနှင့် ထိန်းသိမ်း ကာကွယ်စောင့်ရှောက် ရမည်မှာ မြန်မာတမျိုးသားလုံး၏ တာဝန်ပင် ဖြစ်ပေသည်။

မြန်မာတမျိုးသားလုံး ပျက်စီးစေမည့်အရေး၊ လူမျိုးပါတိမ်ကောပျောက်ပျက်မည့် အရေးကို လျစ်လျူရှု၍ ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို ဆက်လက် တည်ဆောက် အကောင်အထည်ဖေါ်မည် ဆိုပါက ပြုလုပ်သူများသည် သမိုင်းတရားခံများ ဖြစ်ကြပေမည်။။။

ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်။

Friday, September 16, 2011

တခုခုကို အောင်မြင်အောင်ဘယ်လိုလုပ်မလဲ...

သင်ဟာ သင့်ရဲ့ အခြေခံကျတဲ့ ဓနဥစ္စာ၊ ချမ်းသာကြွယ်ဝမှု၊ ဆက်ဆံရေးနဲ့ အလုပ်အကိုင်မှာ အောင်မြင်ဖို့ ကြိုးစားတာ ရလား မရလားဆိုတာ အရေးမကြီးပါဘူး။ တရားဝင်အသိအမှတ် ပြုထားတဲ့ အာဟာရဗေဒပညာရှင်နဲ့ ဇီဝကမ္မဗေဒပညာရှင် Caitlin Reid က ဘယ်လိုအခြေအနေဖြစ်ဖြစ် လက်တွေ့အသုံးဝင်တဲ့ အကြံပေးစကား ၆ချက်နဲ့ အောင်မြင်အောင် ကူညီနိုင်လိမ့်မယ်လို့ ပြဌာန်းထားပါတယ်။

(၁) သင်ဘာလိုချင်တယ်ဆိုတာ သိပါ။

သင့်မှာ အောင်မြင်ဖို့ ဆန္ဒရှိရမယ်။ ဘဝမှာ ဘာလိုချင်တယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။ သင့်ရဲ့ပန်းတိုင်ကို အောင်မြင်အောင်ရောက်ဖို့ လိုအပ်မယ့် အလုပ်တွေကို ခွဲခြားနိုင်ဖို့ လိုပါတယ်။ ရည်မှန်းချက်ပန်းတိုင်ဆိုတာ ဘဝမှာ သင်သွားမယ့်နေရာကို ဦးဆောင်လမ်းပြပေးမှာပါ။ ရည်မှန်းချက်မရှိရင် ဘယ်နေရာမှာ အဆုံးသတ်ရမယ်ဆိုတာ ဆုံးဖြတ်လို့ရမှာမဟုတ်ဘူး။

(၂) ဘယ်တော့မှ အရှုံးမပေးပါနဲ့။

ကြံ့ကြံ့ခံနိုင်မှုဟာ အောင်မြင်မှုအတွက် နံပါတ်တစ်ဖြစ်ပါတယ်။ လူတွေဟာ သူတို့ရဲ့ ရည်မှန်းချက် အောင်မြင်ဖို့ ကြိုးစားနေရင်း အခက်အခဲ၊ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ဒါမှမဟုတ် အပြစ်ရှာ ဝေဖန်မှုတွေ ရှိလာတဲ့အခါ စိတ်ပျက်အားလျော့မှု ဖြစ်ဖို့ လွယ်ကူကြတယ်။ ဒါပေမယ့် မှန်ကန်တဲ့ အောင်မြင်မှုတခုဖြစ်လာဖို့ဆိုရင် ဝေဖန်မှု၊ ပယ်ချမှု၊ ဖိအားပေးမှုနဲ့ ကျရှုံးမှုတွေကို ကျော်ဖြတ်ပြီး မလျှော့တမ်း လုပ်ရမယ်။ ရဲရင့်တက်ကြွတဲ့တိုက်ပွဲက အောင်မြင်မှုကို တည်ဆောက်ပေးလိမ့်မယ်။

(၃) သင့်ကိုယ်သင် ယုံကြည်ပါ။

အောင်မြင်ဖို့ဆိုရင် သင့်မှာ ကောင်းတဲ့အမြင် ရှိဖို့လိုပါတယ်။ ပြီးတော့ သင့်ရဲ့ရည်မှန်းချက် အောင်မြင်နိုင်တယ် ဆိုတာ ယုံကြည်ဖို့ လိုပါတယ်။ သင့်ရဲ့ ရည်မှန်းချက် အောင်မြင်ဖို့ဆိုရင် စွမ်းဆောင်နိုင်တဲ့ ယုံကြည်မှုနဲ့ တိုးတက်မှုရှိတဲ့ အလားအလာ၊ သဘောထား ရှိဖို့ လိုပါတယ်။ သင့်အကြောင်း သင့်ကိုယ်သင် သတိပြုမိတဲ့အခါ၊ ဘဝရဲ့ စိမ်ခေါ်မှုတွေကို ပိုပြီး ယုံကြည်စိတ်ချမှုရှိစွာနဲ့ တုံ့ပြန်လာနိုင်မှာပါ။ ရှက်ရွံ့မှုနဲ့ မိမိကိုယ်ကို ယုံကြည်မှုကင်းမဲ့ဖို့ သင့်ကိုယ်သင် တွန်းအားပေးတာက အမှန်လို့ လက်ခံမယ်ဆိုရင် သင်ဟာ အောင်မြင်မှုနဲ့ ပိုဝေးပြီး ကျရှုံးသွားလိမ့်မယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ သင်အောင်မြင်ပါလိမ့်မယ်။

(၄) လေ့လာသင်ယူမှုကို ဘယ်တော့မှ မရပ်ပါနဲ့။

အောင်မြင်မှု ရှိတဲ့ လူတွေဟာ လေ့လာသင်ယူမှုကို ဘယ်တော့မှ မရပ်ပါဘူး။ သူတို့ဟာ တခြားသူတွေရဲ့ အတွေ့အကြုံသစ်တွေကို လေ့လာသင်ယူတယ်၊ ပြီးတော့ သူတို့ရဲ့ အမှားတွေကနေ သင်ခန်းစာ ယူကြတယ်။ အခွင့်အလမ်းတိုင်း အခွင့်အလမ်းတိုင်းကို လေ့လာသင်ယူတာဟာ သင့်ရဲ့ အသိပညာတွေ တိုးပွားစေဖို့ဖြစ်ပါတယ်။ သင်ရောက်နေတဲ့ နေရာ၊ နယ်ပယ်ကိုလည်း ဦးဆောင်နိုင်ပါလိမ့်မယ်။ စာအုပ်စာပေ များများဖတ်ပါ၊ အရည်အသွေး အသစ်တွေကို ဆည်းပူးပါ၊ လေ့ကျင့်သင်ကြားမှု အသစ်တွေကို ရှာယူပါ။ ကျန်တဲ့အပိုင်းတွေမှာ သေချာပေါက် သာလွန် အောင်မြင်လာပါလိမ့်မယ်။

(၅) သင်နှစ်သက်တာကို သင်လုပ်ပါ။

တခုခုကို ကောင်းကောင်း လုပ်တော့မယ်ဆိုရင် အနည်းဆုံး နှစ်သက်မှု ရှိရပါမယ်။ သင်ပိုင်ဆိုင်တဲ့ အချိန်တွေကို နှစ်သက်သလို အားထုတ်တာဟာ အောင်မြင်ဖို့ တွန်းအားတခုပဲဖြစ်ပါတယ်။ သင်နှစ်သက်တာကို သင်လုပ်ပါ၊ အောင်မြင်မှု ရလာပါလိမ့်မယ်။

(၆) အပျော်အပါးကို ရှောင်ကျဉ်ပါ။

ကျွန်ုပ်တို့ အများစုဟာ ပြဿနာတချို့ကို ကိုယ်တိုင် ဖြေရှင်းမယ်ဆိုရင် နောက်ဆုံးမှာ ပျော်ရွှင်နိုင်မယ်လို့ ယုံကြည် ပါတယ်။ ဒါပေမယ့် သက်တောင့်သက်သာ မရှိပဲ ပျော်ရွှင်မှုအတွက် ကြိုးပမ်းတာ၊ တဦးချင်းသီးသန့် အချက်တွေမှာ ပျော်ရွှင်မှုကို ရှာဖွေခြင်း မပြုတာဟာ ဘဝရှင်သန်ဖို့ နည်းလမ်း မဟုတ်ပါဘူး။ အောင်မြင်မှု ရှိတဲ့ လူတွေက အချိန်ဆွဲတာကို ရှောင်ကျဉ်ကြတယ်။ ပြဿနာတွေ အတွက် ဆုံးဖြတ်ချက် ချဖို့ စောင့်စားမနေပါဘူး။ အောင်မြင်မှုရှိတဲ့ လူတွေဟာ ဖြစ်ရပ်တိုင်း ဖြစ်ရပ်တိုင်းမှာ ပျော်ရွှင်မှုကို ရှာဖွေကြပါတယ်၊ သူတို့ဟာ သူတို့အတွက် မှန်ကန်တဲ့ လမ်းကြောင်းကို တရားနည်းလမ်း ကျကျ စဉ်းစားကြတယ်။


www.funzug.com မှ ( How To Succeed At Anything) ကို ဘာသာပြန်ပါသည်။

Tuesday, September 13, 2011

ဘလောဂ့်ဂါဆိုတာ ဘာလဲ...

အိမ်အပြင်ဘက်ဆီမှ တဖြောက်ဖြောက်ကျလာတဲ့ ရေစက်ရေပေါက်လေးရဲ့ အသံက ပတ်ဝန်းကျင်တခုလုံး လွှမ်းခြုံနေခဲ့တယ်။ ကောင်းကင်တခွင်လုံး မည်းမှောင်လို့ မှိတ်တုတ်မှိတ်တုတ် လက်နေတဲ့ ကြယ်လေးတွေလည်း ပုန်းနေကြတယ်နဲ့တူပါရဲ့။

ကျမတယောက် ကွန်ပြူတာဖွင့်ရင်း ပေါ်ထွက်လာတဲ့ screen ကိုငေးကြည့်လိုက်တာ အချိန် ဘယ်လောက်ကြာသွားလဲ မသိခဲ့ပါဘူး။

mozilla firefox ကိုဖွင့်လို့ လက်ကအလိုလို ရိုက်လိုက်မိတာကတော့. ကမ္ဘာကြီးထဲမှာ ချိတ်ဆက်ထားတဲ့ ကွန်ရက်တွေထဲက ကျမရဲ့ကွန်ရက်လေး တခုဆီကိုပေါ့။ အဲဒီကွန်ရက်လေးကို ကျမက သိပ်ကို နှစ်သက်မြတ်နိုးတာ။ ကွန်ရက်လေးကို ချိတ်ဆက်ထားတဲ့ အခြားအခြားသော သူတွေ ပိုင်ဆိုင်ကြတဲ့ ကွန်ရက်လေးတွေ ကိုလည်း နှစ်သက်တတ်တာ ကြာခဲ့ပါပြီ။

ကွန်ရက်တွေထဲမှာ ဘာတွေရှိလို့ နှစ်သက်ခဲ့တာပါလိမ့်။ ကွန်ရက်တွေထဲမှာ နူးညံ့တဲ့ အလှတရားတွေ၊ အနုပညာတွေ အများကြီးရှိနေခဲ့တယ်။ ပုံသဏ္ဍာန်မတူညီစွာ ရှိနေခဲ့ကြတဲ့ ကွန်ရက်လေးတွေထဲမှာ ကျမအတွက်၊ အခြားသော ကွန်ရက်လေးကို ချစ်ခင်နှစ်သက်သူ ပုံဖေါ်ဖန်တီးနေကြတဲ့ ကွန်ရက်ပိုင်ရှင်တွေ အတွက်၊ တနည်းတဖုံ တန်ဖိုးရှိစွာ ဆင်ယင်နေတဲ့ စာပေဆိုင်ရာ၊ ကဗျာ၊ အက်ဆေး၊ ဝတ္ထု၊ ပန်းချီ၊ ခံစားချက်၊ အတွေ့အကြုံ၊ ဗဟုသုတ၊ စိတ်ကိုသတိပြုမိဖို့ အသိတရားလေးများ၊ ဖတ်ချင်စရာ ဖတ်လို့ရနိုင်တဲ့ ရှားပါးစာအုပ်ကြီးများ၊ ဝါသနာလေးများ၊ တနေ့တာ ဒိုင်ယာရီလေးများ၊ စီးနင်းမျောပါနေရတဲ့ ဘဝရဲ့အလင်းရောင်များ၊ စိတ်ဝိညဉ်များ၊ နိုင်ငံတကာ သိမှတ်ဖွယ်ရာများ၊ ကိုယ်သိထားသလို အများသိပါစေဆိုတဲ့ စိတ်လေးနဲ့ မျှဝေပေးထားတဲ့ နည်းပညာလေးများ၊ ဆုံးမစာလေးများ၊ စိတ်အာဟာရဖြစ်စေမယ့် စာစုလေးများ..

အို။။။။ အများကြီးပါပဲလား။

ကျမလေ ကွန်ရက်လေး တခုထဲ ဝင်ကြည့်လိုက် ဖတ်လိုက်၊ နောက်ကွန်ရက်လေး တခုဝင်ကြည့်လိုက် ဖတ်လိုက်၊ ခံစားရစရာလေးတွေ ဖတ်ရင်း ထပ်တူခံစားလိုက်၊ ပြုံးစရာလေးတွေ ပြုံးလိုက်၊ မှတ်သား စရာလေးတွေကို မှတ်သားလိုက်နဲ့ ရသမျိုးစုံ ခံစားနေရတဲ့ ကျမစိတ်၊ ကွန်ရက်လေးတွေထဲက ရုန်းမထွက်နိုင်တော့ပါဘူး။

ကျမက ကွန်ရက်လေးထဲက ပင့်ကူလေးတကောင်နဲ့ တူနေလေရဲ့။

ကွန်ရက်လေးတွေထဲမှာ မြှုပ်နှံထားတဲ့ အချိန်ကာလတခုထဲက တတ်နိုင်သမျှ ရုန်းထွက်ခဲ့ရင်း ကျမရဲ့ကွန်ရက်လေးဆီကို တဖန်ပြန်ရောက်လာခဲ့တယ်။ ကွန်ရက်လေးထဲမှာ ကျမရဲ့ ဝိညဉ်၊ ကျမရဲ့ နှလုံးသားထဲက စီးမျောလာတဲ့ စုတ်ချက်လေးတွေကို ယှက်နွယ် တည်ဆောက်ရအုံးမယ်။

ပင့်ကူလေးရဲ့ခန္ဓာကိုယ်အတွင်းကနေ ထွက်ကျလာတဲ့ နူးညံ့သောအမျှင်လေးတွေကို လှပသပ်ရပ်စွာ တည်ဆောက်နေရင်း အခြားသော ကွန်ရက်လေးတွေရဲ့ သက်ဝင်မှုတွေ ဖန်တီးမျှဝေပေးနေတာကို အလေးထားနေမိတယ်။

ကွန်ရက်တခုဖြစ်တဲ့ ပင့်ကူအိမ်လေးကို အလှဆုံးခြယ်သချင်တဲ့ ပင့်ကူအိမ်လေးရဲ့အလယ်က ပင့်ကူလေးရဲ့ စိတ်ကူးကို တန်ဖိုးရှိ ပုံရိပ်စစ်တခုအဖြစ်။။။


"ဘလောဂ့်ဂါဆိုတာဘာလဲ'' ဆိုတဲ့ ခေါင်းစည်းလေးကို ဘလောဂ့်ဂါ နတ်ဆိုးလေး၊ မင်းဧရာ၊ မောင်(စွယ်စုံကျမ်း)၊ ပဥာက်၊ မဒမ်ကိုး၊ jasmine တို့က ရေးပေးဖို့ ပြောတဲ့အတွက် ကျမခံစားရသမျှလေးကို ရေးမိခြင်းပါ။

Wednesday, August 31, 2011

blog day အမှတ်တရ

ဘလော့ဂ်ဒေး ဖြစ်ပေါ်လာခြင်းက တခြားသောတိုင်းပြည်တွေနဲ့ စိတ်ဝင်စားစရာဒေသတွေက ဘလော့ဂါတွေရဲ့ယုံကြည်မှုနဲ့ ဖေါ်ကျူးထားတဲ့ အသိအမှတ်ပြုတဲ့နေ့လေးတခု ဖြစ်တယ်လို့ ဘလော့ဒေးရဲ့ ဝက်ဆိုဒ်မှာ ပြောပြထားပါတယ်။ အဲဒီနေ့မှာပဲ ဘလော့ဂါတွေက သူတို့ဆီအလည်လာကြတဲ့  တခြားဘလော့ဂါတွေနဲ့ မိတ်ဆက်ပေးပြီး ဘလော့အသစ် ၅ခုနဲ့လည်း မိတ်ဆက်ပေးရမယ်။ ဒီလိုနဲ့ ဘလော့ကိုလာဖတ်တဲ့သူတွေက ယခင်မသိခဲ့တဲ့ ဘလော့တွေ၊ ဘလော့အသစ်တွေကို ရင်းနှီးကျွမ်းဝင်သိရှိပြီး ဖတ်လို့ရတာပေါ့။

တကမ္ဘာလုံးမှာရှိတဲ့ ဘလော့ဂါတွေဟာ သူတို့ရဲ့မတူတဲ့ ယဉ်ကျေးမှု၊ မတူတဲ့ ရပ်တည်မှု၊ မတူတဲ့ရှုထောင့်ရှိတဲ့ ဘလော့အသစ်၅ခုနဲ့ မိတ်ဆက်ပေးရမယ်။ ဘလော့ဂါအသစ်အသစ်တွေကို ဘလော့ဂါအဟောင်း အဟောင်းတွေက လက်ဆင့်ကမ်း ကြိုဆိုရင်း၊ တဦးကိုတဦး ရင်းနှီးစွာပြောဆိုရင်း၊ ဘလော့လောကလေးထဲက ဘလော့ရေးသူ အချင်းချင်း နားလည်ချစ်ခင်မှုတွေနဲ့ ဘလော့လောကကြီးလည်း တိုးတက်လာမှာပါ။ ဘလော့ဒေးကို အများသိအောင်ဆိုပြီး သြဂုတ်လ ၃၁ရက်နေ့ကို သတ်မှတ်ထားခဲ့ပါတယ်။

အထိမ်းအမှတ်လေးအဖြစ် သတ်မှတ်ထားတဲ့ "blog day"မှာ အမှတ်တရရေးပေးဖို့ လေးစားရတဲ့အကို ကိုအောင်(ပျူနိုင်ငံ) က တဂ်ထားပါတယ်။

မြစ်ဖျားခံရာ...
ကျမ.. ၂၀၀၇ နိုဝင်ဘာလလောက်မှာမှ ဘလော့စာမျက်နှာတွေကို လိုက်လံဖတ်ရှုဖို့ အခွင့်ရခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျမရဲ့သူငယ်ချင်းတချို့က ဘလော့စာမျက်နှာတွေမှာ ဖန်တီးရေးသားနေခဲ့ပြီ။ အဲဒီထဲကတချို့လည်း အကြောင်းအမျိုးမျိုးကြောင့် ဘလော့မရေးဖြစ်တော့ပါဘူး။ ဖတ်ဖြစ်တဲ့ဘလော့တွေက ဗဟုသုတရစရာ. ဒေသဆိုင်ရာ စိတ်ဝင်စားဖွယ်ပုံဖေါ်မှုလေးတွေ၊ စိတ်ခွန်အားရစရာ ဘာသာပြန်ပိုစ့်လေးတွေ၊ ငယ်ဘဝလေးမှာ မတည့်ကြတဲ့ ကလေးတွေရဲ့ အပြုအမူလေးတွေ၊ နူးနူးညံ့ညံ့ ညင်ညင်သာသာလေးတွေ ခံစားရေးသားထားတာတွေ၊ ပျော်စရာလေးတွေအဖြစ် ဖန်တီးရေးသားထားတာတွေ၊ ကျမအတွက် ငယ်ဘဝလေးတွေကို တဖန်ပြန်လည် လွမ်းဆွတ်စေခဲ့ပြီး ခံစားချက်လေးတွေကို ပေးစွမ်းစေခဲ့ပါတယ်။ ခံစားချက်ကဗျာလေးတွေ၊ ဘဝကဗျာလေးတွေကို အလေးပေးရေးသားတတ်တဲ့ ကဗျာလေးတွေက ကျမအတွက် ကဗျာလေးတွေဖတ်ရင်း တူညီတဲ့ခံစားချက်လေးတွေ ခံစားခဲ့ရပါတယ်။ သာသနာ့တာဝန် ထမ်းဆောင်ရင်း ဘာသာရေးဆိုင်ရာ အကျိုးပြုနေတာတွေ၊ ဗဟုသုတရစရာ အကြောင်းလေးတွေ၊ စားသောက်စရာလေးတွေကို ခုံမင်စဖွယ် ရေးသားထားတာလေးတွေ၊ နည်းပညာဆိုင်ရာ ဗဟုသုတအဖြစ် ရေးသားတင်ပြထားတာလေးတွေ၊ ရှားပါးစာအုပ်ကြီးတွေကို အချိန်ပေးပြီး ရိုက်နှိပ်တင်ပြထားတာလေးတွေ၊ အချစ်ကဗျာလေးတွေနဲ့၊ လွမ်းစရာဘဝလေးတွေ၊ ဘဝအတွေ့အကြုံလေးတွေ၊ လုပ်ငန်းအတွေ့အကြုံလေးတွေ၊ ဓါတ်ပုံအမျိုးမျိုး မျှဝေထားတာတွေ၊ နေထိုင်ရာ နေရာဒေသလေးတွေရဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာလေးတွေ၊ ကဗျာလေးတွေ၊ တက္ကသိုလ်ဘဝလေးတွေကို ရေးသားထားတဲ့ စာပေမျိုးစုံကို ဖတ်ခဲ့ရပါတယ်။ တခါတရံ ဘလော့လေးကိုဖတ်နေရင်း ဘလော့လေးထဲက တက္ကသိုလ်နဲ့ဆိုင်တဲ့ သီချင်းလေးကို ဖွင့်ပြီး နားထောင်ဖြစ်ခဲ့တယ်။ ကျမအတွက် လွမ်းမောဖွယ်ရာ တက္ကသိုလ်ဘဝလေးကို ခံစားခဲ့ရတယ်။ ခေတ်အခြေအနေရဲ့ တစိတ်တဒေသကို ဖေါ်ကျူးသီကုံး ထားတာလေးတွေ ကလည်း ရင်နဲ့အမျှ ထပ်တူကျခဲ့တယ်၊ ကျမအတွက် ရသမျိုးစုံ ပေးစွမ်းခဲ့တဲ့ ဘလော့လောကကြီးတခုပါ။ ဘလော့ပေါ်မှာ စာမရေးပေမယ့် ဘလော့ဂါတွေရေးတဲ့ ဘလော့တွေအများကြီးမှာ နေ့တဓူဝ စာတွေဖတ်ဖြစ်ခဲ့တယ်။ ဖတ်ရင်းဖတ်ရင်းနဲ့လည်း ဘလော့လေးမှာ စာရေးချင်တဲ့စိတ်လေးက လွှမ်းမိုးလာခဲ့ပါတယ်။ ဒါပေမယ့် အချိန်နဲ့ နည်းပညာဆိုင်ရာ ချို့တဲ့သူတယောက်ဖြစ်လေတော့ တော်တော်နဲ့ မလုပ်ဖြစ်ခဲ့ပါဘူး။ ဘလော့လောကကြီးထဲမှာ ပုံသဏ္ဍာန်မတူညီစွာ အကျိုးပြုနေကြတဲ့ ဘလော့ဂါအားလုံးကို ဘလော့ဂါအဖြစ် မခံယူဝံ့တဲ့ ကျမသဒ္ဓါလှိုင်းက ကျေးဇူးတင် လေးစားဦးညွှတ်နေမှာပါ။

ဘလော့တခုအစပြုခဲ့..
အကိုရင်းတယောက်လို ချစ်ခင်ရတဲ့ အကိုဘလော့ဂါတယောက်ကို အပူကပ်ပါတော့တယ်။ ဘလော့တခု အမြန်ဆုံးလုပ်ပေးဖို့ပါ။ သူကလည်း အလုပ်မအားတဲ့သူဆိုတော့ တော်တော်နဲ့မလုပ်ပေးဖြစ်ပါဘူး။ ကျမကလည်း မလုပ်ပေးမချင်း နားပူနားဆာလုပ်ပါတယ်။ ၂၀၀၈ခုနှစ် နိုဝင်ဘာလမှာတော့ ကျမကို ဘလော့လေး စလုပ်ပေးခဲ့ပါတယ်။ ဦးဆုံး ဘလော့ရဲ့ ခေါင်းစည်းလေးကို ကျမအကြိုက် ပုံလေးရှာစေပြီးမှ နာမည်လေးထည့်ပြီး လှပအောင် ပြင်ဆင်ပေးပါတယ်။ တနေ့လုံးလုပ်ပေးပြီး စိတ်ကြိုက်ဖြစ်ပြီဆိုမှ ပိုစ့်တင်ဖို့တွေ၊ ဓါတ်ပုံတင်ဖို့တွေ ဘယ်လိုတင်ရတယ် ဆိုတာကိုပြပေးခဲ့တယ်။ ကျန်တာတွေလည်း လုပ်ရင်းနဲ့ တတ်သွားလိမ့်မယ်တဲ့။ မနက်ဖန်မှာ ဆက်ပြီးပြပေးအုံးမယ်လို့ ပြောပါတယ်။ ကျမလည်း ဘလော့လေးအတွက် အတွေးနယ်ချဲ့ရင်း မနက်ဖန်မှာ ထပ်လုပ်မယ့် အရာလေးတွေအတွက် ကြိုတင်ဝမ်းသာနေခဲ့တယ်။ အဲဒီညမှာပဲ (ကျမရဲ့ နှလုံးသားထဲက စီးမျောလာမယ့် အရာလေးတွေကို သိမ်းဆည်းထားပြီး မျှဝေပေးမယ့်) ဘလော့လေးကို လုပ်ပေးတဲ့ ကျမရဲ့အကိုဘလော့ဂါတယောက် ဦးနှောက်သွေးကြောပြတ်ပြီး ရုတ်တရက် ဆုံးပါးသွားခဲ့ပါတယ်။ အကိုဘလော့ဂါ ဖန်တီးပေးခဲ့တဲ့ ကျမဘလော့လေးထဲမှာ စာတပုဒ်မှ မတင်ရသေးပါဘူး၊ ကျမရဲ့ဘလော့လေးကိုကြည့်ပြီး စိတ်မကောင်းခြင်းများစွာနဲ့ ဘာမှဆက်မလုပ်နိုင်ခဲ့ပါဘူး။ ဘလော့လေး ဖွင့်လိုက်တိုင်း အကိုဘလော့ဂါကိုသာ သတိရလာတာမို့ ပြန်ပြန်ပိတ်ပစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ ကျမဘလော့လေးကို လုံးဝမကြည့်တော့ပဲ ပစ်ထားခဲ့တာ တနှစ်နီးပါးကြာပြီး ပျက်သွားခဲ့ပါတော့တယ်။ ကျမဘလော့လေးမှာ စာမရေးဖြစ်ပေမယ့် ဘလော့ဂါတွေရေးတဲ့ စာတွေကိုတော့ အမြဲဖတ်ဖြစ်နေခဲ့ပါတယ်။ တနှစ်အကြာ ၂၀၀၉ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့မှာ ကျမဘလော့လေးကို ကြိုးစားပြီး ပြန်လည် အကောင်အထည်ဖေါ်ခဲ့ပါတယ်။ (အကိုဘလော့ဂါတွေ့ရင် ဝမ်းသာနေမယ်လို့ ယုံကြည်ပါတယ်။) တတ်သလောက်သာ လုပ်ထားခဲ့တာမို့ ကျမကိုယ်တိုင် စိတ်တိုင်းကျမှုမရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း စာရေးချင်တဲ့ စိတ်ကသာ လွှမ်းမိုးနေလေတော့ ဆက်ပြီး ရေးနေခဲ့ပါတယ်။

စာလေးတပုဒ်ရေးပြီးတိုင်း အလေးထား လာဖတ်ကြပြီး ရင်တွင်းစကားလေးတွေ ပြောသွားတဲ့၊ ဘလော့ဂါမောင်နှမများအားလုံး၊ ဖတ်သော်လည်း မပြောဖြစ်ခဲ့တဲ့၊ ပြောလို့မရခဲ့တဲ့ စာဖတ်သူမိတ်ဆွေများ အားလုံးကလည်း ကျမရဲ့ နှလုံးသားထဲမှာ ထင်ကျန်ရစ်နေမယ့် မှတ်ကျောက်လေးတွေပါ။ ဘလော့မှာ စာရေးနေရင်း ညီအမသဖွယ်၊ မောင်နှမသဖွယ် ချစ်ခင်ရတဲ့ ဘလော့ဂါမောင်နှမတွေရဲ့ အားပေးစကား. ခင်မင်နှစ်လိုဖွယ် နွေးထွေးတဲ့ မေတ္တာတွေကြောင့် စိတ်ခွန်အားတွေ ပိုလို့ ရရှိလာခဲ့ပါတယ်။

ဘဝလေးတခုမှာ မှတ်မှတ်ရရအဖြစ်...
ကျမဘလော့လေး ၂၀၁၀ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့မှာ တနှစ်ပြည့်တဲ့အတွက် ခင်မင်လေးစားရတဲ့ ဘလော့ဂါမောင်နှမတွေကို အမှတ်တရရေးပေးဖို့ တောင်းခဲ့ပါတယ်။ ကျမဘလော့လေး မလှမပဖြစ်နေရှာလို့ ဘလော့တနှစ်ပြည့်လေးအမှီ လှပသွားအောင် ပြင်ဆင်ပေးခဲ့တဲ့အတွက် ကျမတယောက် အပျော်ကြီးပျော်ခဲ့တာကို ဘယ်တော့မှ မမေ့နိုင်ပါဘူး။ ကျမကြိုက်တဲ့ အရောင်၊ အပြင်အဆင်လေးတွေနဲ့ ကျမစိတ်ကြိုက် ပုံသွင်းပေးခဲ့ပါတယ်။ ကျမဘလော့ တနှစ်ပြည့်အတွက် စိတ်ခွန်အားဖြစ်စေမယ့် စာစုလေးတွေ၊ ကဗျာလေးတွေ၊ ရှေ့ခရီးဆက်ဖို့ အားပေးစကားလေးတွေ၊ တွေးခေါ်ထင်မြင်မှုလေးတွေ၊ သရုပ်ဖေါ်မှုလေးတွေ၊ ပုံဖေါ်ပေးမှုလေးတွေနဲ့ ဘလော့တနှစ်ပြည့်အမှတ်တရ အဖြစ် ရေးသားသီကုံးပေးခဲ့တဲ့ ချစ်ခင်ရတဲ့ ဘလော့ဂါ ညလင်းအိမ်မာန်လှိုင်းငယ်မကေအမချစ်ဏီလင်းညိုအဖြူရောင်နတ်သမီးကိုဇော် သော်ဇင် နေဝသန်မချော(အစိမ်းရောင်လွင်ပြင်)လင်းခေတ်ဒီနို(ဗညား) နှင်းနဲ့မာယာအင်ကြင်းသန့်မမမြသွေး မြစ်ကျိုးအင်းကိုရင်နော်ခင်လေးငယ်အမမေငြိမ်းအကိုအောင်သာငယ်၊ ကမာပုလဲ၊ နွေဆူးလကာင်္ တို့ရဲ့ အမှတ်တရစာစုလေးတွေ၊ အမှတ်တရကဗျာလေးတွေက စာမျက်နှာပေါ်တင်မက ကျမရဲ့ရင်ထဲအထိမှာပါ ထာဝစဉ်ကိန်းအောင်းနေမှာပါ။ အဲဒီအချိန်မှာ အကိုကြီးကိုကြီးကျောက်ကတော့ ဆေးတွေစားရင်း ရောဂါရဲ့ဒဏ်ကို အံတုနေရလို့ ကျမအတွက် ဘလော့အမှတ်တရလေး မရေးပေးနိုင်ခဲ့တာကို တောင်းပန်စကားပြောခဲ့ပါတယ်။

၂၀၁၁ ခုနှစ်အတွင်းမှာ နောက်ထပ် ဘလော့ဂါမောင်နှမအသစ်တွေနဲ့ ထပ်ပြီးခင်မင်ခွင့် ရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။

ဘလော့ဒေးအတွက် မိတ်ဆက်ပေးချင်တဲ့ ဘလော့တွေက...
အတွေးလေးတွေကို ငြိမ်းချမ်းစွာရေးတတ်၊ စစ်ကိုမကြိုက်တဲ့ ငြိမ်းချမ်းမှုတွေစိုးမိုးပြီး အနာဂတ်လူငယ်များကို ပညာနဲ့ဦးဆောင်စေချင်တဲ့ ပညာအလင်းရောင်ဆောင်ပေးသော ဆရာငြိမ်းစိုးဦးဘလော့လေးပါ။
http://nyeinsoeoo.multiply.com/

လူငယ်တယောက်ဖြစ်ပေမယ့် တရားဒေသနာ၊ ဆရာတော်တွေရဲ့ အဆုံးအမလေးတွေကို တန်ဖိုးရှိစွာ ဝေမျှပေးနေတဲ့ ဘလော့လေးပါ။
http://htikeoo.blogspot.com

တမူထူးခြားတဲ့ရေးဟန်လေးတွေနဲ့ ကဗျာ၊ ဝတ္ထုတိုလေးတွေကို သဘာဝကျကျ ရေးထားတဲ့ ဘလော့လေးပါ။
https://lunnsetnoemyat.wordpress.com/

ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါးလေးတွေအပြင် ကွန်ပျူတာဆိုင်ရာ နည်းပညာလေးတွေ အသုံးပြုပုံလေးတွေ ကိုပါ လမ်းညွှန်ပေးထားတဲ့ ဘလော့လေးပါ။
http://nyimoe.blogspot.com

ညက်ညက်ညောညော အတွေးကောင်းလေးတွေနဲ့ ပညာအသိလေးတွေ ပေးထားတဲ့ဘလော့လေးပါ။
http://www.uphonedhartu.com/


ဘလော့ဒေးအမှတ်တရနေ့လေးမှာ..
ဘလော့လောကလေးထဲမှာ ဘလော့ဂါတယောက်အဖြစ် ရဲရဲရင့်ရင့် တာဝန်ကျေစွာ ဖြတ်သန်းခဲ့တဲ့ ဘလော့ဂါနေဘုန်းလတ်ကို ဘလော့စာမျက်နှာလေးမှာ ဝါသနာပါရာ အနုပညာနဲ့လွတ်လပ်စွာ ရှင်သန်ခွင့်ရစေချင်ပါတယ်။
ဘလော့ဂါအားလုံး လွတ်လပ်ပျော်ရွှင်စွာနဲ့ သုတရသ စာပေတွေကို ဝေမျှပေးနိုင်ကြပါစေလို့ ဆန္ဒပြုဆုမွန်တောင်းပါတယ်။
သတိရစွာ ရေးပေးဖို့ပြောတဲ့ ကိုအောင်(ပျူနိုင်ငံ)၊ အဖြူရောင်နတ်သမီးတို့ကိုလည်း အမှတ်တရ ကျေးဇူးတင်ပါတယ်။

ဘလော့ဒေးအမှတ်တရလေးအတွက် ရေးပေးဖို့ သော်ဇင် ကိုတဂ်ပါတယ်။

(ခင်မင်ရတဲ့ မိတ်ဆွေဘလော့ဂါတွေ များနေတာကြောင့် တယောက်ချင်းစီရဲ့ နာမည်လေးတွေ မရေးပေးနိုင်ခဲ့တာကို ခွင့်လွှတ်နားလည်ပေးပါလို့ တောင်းပန်ပါရစေ။)

Thursday, August 11, 2011

အို...ကောင်းကင်

နှလုံးသားထဲမှာ စူးနစ်နေဆဲ မြှားချက်ဒဏ်ရာလေးတွေနဲ့ ဝေးကွာမှုဆိုတဲ့ ခါးသီး နာကျင်စရာတွေကို ကောင်းကင်ကျယ်ကြီးရဲ့ တနေရာလေးမှာ ရေးချခွင့်ရချင်တယ်.။ ထင်ကျန်ရစ်မခံမယ့် ကောင်းကင်ကြီးရဲ့ တုံ့ပြန်မှုက ကိုယ့်အတွက် နေရာတနေရာလေးအဖြစ် လက်ခံပေးနိုင်ခဲ့ရဲ့လား မသေချာပေမယ့် ချွေးသိပ်ပေးနိုင်မယ့် အရာလေးတော့ ဖြစ်နေပေးပါ အို...ကောင်းကင်။

စက္ကန့်နဲ့အမျှ ဖြစ်ပြီးတိုင်း ပျက်တတ်တဲ့ အနတ္တတရားကို လက်ခံပေးနိုင်တဲ့ ငြိမ်သက်တည်ကြည်တဲ့ စိတ်တစုံကို ပေးပါ အို...ကောင်းကင်။

ဖြစ်ချင်တိုင်း မဖြစ်တတ်တဲ့ အိပ်မက်တွေကို ဆက်လက် အကောင်အထည်ဖေါ် ရေးဆွဲနိုင်ဖို့ ကြမ်းချင်တိုင်းကြမ်းတဲ့ စုတ်တံလေးတခုကို ပေးပါ အို...ကောင်းကင်။

တခါတရံ စိတ်အားငယ်မှုတွေ ဖြစ်လာတိုင်း ရဲရဲရင့်ရင့် ဖြတ်သန်းခဲ့ကြတဲ့ သမိုင်းထဲက ပုဂ္ဂိုလ်တွေကို သတိရပေးဖို့ ခွန်အားတရပ်ကို ပေးပါ အို...ကောင်းကင်။

မုန်တိုင်းထန်လာခဲ့ရင် ပျက်စီးယိုယွင်းသွားမယ့် အရာတွေအတွက် အံတုနိုင်စွမ်းရှိပြီး ပြန်လည် တည်ဆောက်ပေးနိုင်ဖို့ အလင်းရောင်လေးတခု ဖန်တီးပေးနိုင်စွမ်းကို ပေးပါ အို...ကောင်းကင်။

ဖြစ်တည်မှုတခုအရ လိုအပ်လာတဲ့ အရာတိုင်းကို တရားမျှတစွာနဲ့ ဆောင်ယူနိုင်စွမ်းရှိအောင် မပြောင်းလဲမယိမ်းယိုင်တဲ့ ခိုင်မြဲတဲ့ စိတ်ထားလေးတခုကို ပေးပါ အို...ကောင်းကင်။

ဖြေရှင်းခွင့်မရနိုင်တဲ့ ရှိုက်သံတချို့ရဲ့ လျှို့ဝှက်သင်္ကေတလေးတွေကိုလည်း ထုတ်ယူဖေါ်ထုတ်နိုင်စွမ်းရှိတဲ့ သတ္တိကိုပေးပါ အို...ကောင်းကင်။

ကြောက်ရွံ့မှုတွေနဲ့ ရင်ဆိုင်တိုးဝှေ့ရတဲ့အခါ လိပ်ပြာသန့်စွာ ဖယ်ရှားထုတ်ပစ်နိုင်တဲ့ ရဲရင့်မှန်ကန်ခြင်း သစ္စာတရားကို ပေးပါ အို...ကောင်းကင်။

ဟန်ဆောင်မှုတွေနဲ့ မာယာစကားသုံးတိုင်း ရိုးသားစွာနဲ့ ထိန်းချုပ်ပေးနိုင်မယ့် စကားလေးတလုံးကို ပေးပါ အို...ကောင်းကင်။

လဲကျရှုံးနိမ့်မှုဆိုတဲ့ ပညတ်ချက်တခုကို လက်ခံခဲ့ရတဲ့အခါ တဖန် ပြန်လည် တည့်မတ် နိုင်တဲ့ ခြေထောက်လေးတစုံကို ပေးပါ အို...ကောင်းကင်။

ဘဝရဲ့အမောတွေကို လုံခြုံစွာနဲ့ ထွေးပွေ့ပေးနိုင်တဲ့ လက်တစုံကို ပေးပါ အို...ကောင်းကင်။

ကန္တာရလမ်းခရီးပေါ်မှာ ရေလေးတပေါက် ချပေးနိုင်ပြီး နားခိုစရာအရိပ်လေးတခု ပေးနိုင်စွမ်းကို ပေးပါ အို...ကောင်းကင်။

ကြုံတွေ့ရတတ်တဲ့ ကျိန်စာတခု အတွက်လည်း အမြန်ဆုံး လွင့်စင်ပပျောက်အောင် လုပ်ဆောင် ပေးနိုင်တဲ့ မေတ္တာအစွမ်းကို ပေးပါ အို...ကောင်းကင်။

အထပ်ထပ်ရစ်ပတ်လာတတ်တဲ့ နှောင်ကြိုးတခုကို ဖြေလျော့ပေးနိုင်ပြီး မျှဝေခံစားပေးနိုင်တဲ့ ခက်ခဲလှတဲ့ ကိုယ်ချင်းစာစိတ်လေးတခုကို ပေးပါ အို...ကောင်းကင်။

အမှန်တရားအတွက် မားမားမတ်မတ် ရပ်တည်ပေးနိုင်ပြီး ရင်ထဲထိသိဝင် ခံစားစီးဆင်းစေမယ့် ဖြူစင်တဲ့ပညာတခုနဲ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တခုကို ဝံ့ဝံ့ထည်ထည်ပြသနိုင်အောင် သိစိတ်လေး တခုပေးနိုင်စွမ်းကို ပေးပါ အို...ကောင်းကင်။

Friday, July 1, 2011

စိတ်ငြိမ်းချမ်းမှုရရှိဖို့ အခြေခံအချက်များ

(၁) သင့်ကိုမမေးရင် သူတပါးရဲ့ကိစ္စကို ဝင်မစွက်ပါနဲ့။

ကျမတို့အများစုဟာ သူတပါးတွေရဲ့ကိစ္စတွေမှာ ခနခန ဝင်စွက်တတ်ကြပါတယ်။ ကျမတို့လုပ်တာ အကောင်းဆုံးဖြစ်တယ်ဆိုတာ ယုံကြည်တတ်ကြပါတယ်။ ပြီးတော့ ကျမတို့တွေးခေါ်မှုဟာ စံထားလောက်တဲ့ တွေးခေါ်မှုဖြစ်တယ်လို့လည်း ယုံကြည်ထားကြတယ်။ ကျမတို့ စဉ်းစားဥာဏ်နဲ့ မတူညီတဲ့သူတွေကို မှန်ကန်တဲ့လမ်းကြောင်းဆီရောက်အောင် ကိုင်တွယ်ရမယ်။ ဆန်းစစ်ဝေဖန်ရမယ်။ ဒီစဉ်းစားမှုဟာ တဦးချင်း သီးခြားဖြစ်တည်တာကို ပိတ်ပင်တာဖြစ်တယ်။ ပြီးတော့ ဘုရားသခင်ရှိတယ် ဆိုတာကိုလည်း ငြင်းဆိုတယ်။ ဘုရားသခင်ဟာ ကျမတို့တယောက်ချင်းကို ထူးထူးခြားခြားလုပ်ပေးခဲ့တယ်။ လူသားနှစ်ယောက်ဟာ တူညီတဲ့နည်းတွေနဲ့ မစဉ်းစားနိုင်ပါဘူး။ အမျိုးသား၊ အမျိုးသမီးအားလုံးဟာ သူတို့နည်းနဲ့ သူတို့လုပ်နေကြတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်ဟာ အဲဒီနည်းတွေနဲ့ လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ကိစ္စကိုယ်လုပ်ပါ။ စိတ်ငြိမ်းချမ်းမှု ရလာမှာပါ။

(၂)ခွင့်လွှတ်ပါ၊ မေ့ပစ်လိုက်ပါ။

ဒါဟာ စိတ်ရဲ့ငြိမ်းချမ်းမှုကို အားအကောင်းဆုံး အထောက်အကူပြုတဲ့ နည်းလေး ဖြစ်ပါတယ်။ ကျမတို့ကို စော်ကားပြီး အန္တရာယ်ပြုတဲ့လူတွေအတွက် နှလုံးသားထဲမှာ နာကျည်းစိတ် ဝင်လာတတ်ပါတယ်။ နာကျည်းချက်တွေကို စိတ်ထဲမှာ တေးထားတတ်ပါတယ်။ အဲဒီအကျိုးရလဒ်က အိပ်ရေးပျက်ခြင်း၊ အစာအိမ်ဖြစ်ခြင်းနဲ့ သွေးတိုးစေခြင်းတို့ပါပဲ။ ဒီနာကျည်းမှုကို တကြိမ်ပြုလုပ်ခဲ့တယ်ဆိုပါတော့။ ဒါကို ခနခန သတိရပြီး စိတ်ထဲမှာ အမှတ်ထားတတ်ပါတယ်။ ဒီလိုဆိုးရွားတဲ့ အကျင့်ဆိုးကို ဖြေဖျောက်လိုက်ပါ။ ဘဝဆိုတာ သိပ်တိုတောင်းလွန်းလို့ ဒီလိုအသေးအမွှားတွေနဲ့ အချိန်ကုန်မခံပါနဲ့။ ခွင့်လွှတ်ပါ။ မေ့ပစ်လိုက်ပါ။ ချစ်ခြင်းမေတ္တာဆိုတာ ခွင့်လွှတ်ခြင်း၊ ပေးဆပ်ခြင်းတွေနဲ့ ရှင်သန်နေလို့ပါ။

(၃) အသိအမှတ်ပြုမှုကို မမက်မောပါနဲ့။

ဒီကမ္ဘာကြီးပေါ်မှာ တကိုယ်ကောင်းဆန်တဲ့ လူတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီလူတွေဟာ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ချီးကျူးခဲပါတယ်။ ဒီနေ့ သင့်မှာ သြဇာအာဏာရှိတဲ့အတွက် သင့်ကို ချီးမွမ်းချင် ချီးမွမ်းမှာ ဖြစ်ပေမယ့် မရှေးမနှောင်းမှာ သြဇာအာဏာ မရှိခဲ့တော့ဘူးဆိုရင် သင့်ရဲ့အောင်မြင်မှုတွေကို မေ့လျော့သွားလိမ့်မယ်။ ပြီးတော့ သင့်ရဲ့ အမှားတွေကို မျက်စေ့ဒေါက်ထောက်ကြည့်တော့မှာပဲ။ သူတို့ရဲ့ အသိအမှတ်ပြုခံရမှုကို ကြိုးပမ်းနေပြီး ကိုယ့်ကိုယ်ကို ဘာကြောင့်စိတ်ထိခိုက်ရမှာလဲ။ သူတို့ရဲ့ အသိအမှတ်ပြုမှုက ကိုယ့်အတွက် ဘာမှ တန်ဖိုးမရှိပါဘူး။ ရိုးသားဖြောင့်မတ်ဖို့နဲ့ လူ့ကျင့်ဝတ်အတိုင်းနေတတ်ဖို့က သင့်ရဲ့တာဝန်ဖြစ်ပါတယ်။

(၄) သူတပါးကို မနာလိုမဖြစ်ပါနဲ့။

မနာလိုခြင်းက စိတ်ရဲ့ငြိမ်းချမ်းမှုကို ဘယ်လိုပျက်စီး စေတယ်ဆိုတာ ကျမတို့တတွေ တွေ့ကြုံဖူးခဲ့ကြပြီ။ အလုပ်ထဲမှာသင့်ရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေထက် အလုပ်ပိုကြိုးစားတယ်ဆိုတာ သင့်ကိုယ်သင်သိတယ်။ ဒါပေမယ့် တခါတရံမှာ သူတို့က ရာထူးတိုးမယ်. သင်ကမတိုးဘူး.။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သင်က အလုပ်ကိုစတင်လုပ်ကိုင်ခဲ့တယ်. ဒါပေမယ့် တနှစ်သာအလုပ်လုပ်တဲ့ သင့်ရဲ့ လုပ်ဖေါ်ကိုင်ဖက်လောက် သင်မအောင်မြင်ဘူး။ နေ့စဉ်ဘဝမှာ အခုလိုမျိုးဖြစ်ရပ်တွေ အများကြီးရှိပါတယ်။ မနာလိုဖြစ်သင့်ပါသလား။ မဖြစ်သင့်ပါဘူး။ လူတိုင်းလူတိုင်းရဲ့ဘဝတွေကို သူတို့ကံတရားက ပုံသွင်းပြီးသားပါ။ ချမ်းသာဖို့ ကံရှိရင် ဘယ်သူမှရပ်တန့်ပစ်လို့ မရပါဘူး။ ကံတရားမရှိဘူးဆိုရင် ဘယ်သူမှ ကူညီပေးနိုင်မှာမဟုတ်ပါဘူး။ သင့်ရဲ့ ကံမကောင်းမှုအတွက် သူတပါးကို အပစ်ဖို့တာဟာ ဘာမှရလာမှာ မဟုတ်ပါဘူး။ မနာလိုခြင်းဟာ သင့်ကိုဘာမှလုပ်ပေးမှာမဟုတ်ဘူး။ ဘယ်မှာမှ ကောင်းလာမှာ မဟုတ်ပါဘူး၊ သင့်ရဲ့ စိတ်ငြိမ်းချမ်းမှုကိုပဲ ဖျက်ဆီးပစ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။

(၅) ပတ်ဝန်းကျင်ကိုလိုက်ပြီး သင့်ကိုယ်သင်ပြောင်းလဲပါ။

ပတ်ဝန်းကျင်ကို သင်တဦးတည်း ပြောင်းလဲဖို့ ကြိုးစားမယ်ဆိုရင် ရနိုင်တဲ့ အခွင့်အရေးတွေ မရပဲ ဖြစ်သွားပါလိမ့်မယ်။ သင့်ရဲ့ ပတ်ဝန်းကျင်နဲ့ အံဝင်အောင် သင့်ကိုယ်သင် ပြောင်းလဲလိုက်ပါ။ အဲလိုလုပ်လိုက်တဲ့အခါ သင့်ကို ခင်မင်မှုမရှိတဲ့ ပတ်ဝန်းကျင်က သင့်အပေါ်မှာ ထူးထူးခြားခြား ပြောင်းလဲလာပါလိမ့်မယ်။ စရိုက်ချင်းတူပြီး သဟဇာတဖြစ်သွားပါလိမ့်မယ်။

(၆) သည်းခံပါ။

အကျိုးမရှိတာကနေ အကျိုးရှိသွားနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပါ။ ကျမတို့က စိတ်မသက်သာမှုတွေ၊ ဖျားနာမှုတွေ၊ ဒေါသတွေ၊ ကျမတို့ရဲ့ ထိန်းချုပ်မှုကို ကျော်လွန်နိုင်တဲ့ အန္တရယ်တွေကို နေ့တိုင်း ရင်ဆိုင်နေရပါတယ်။ ကျမတို့က အဲဒါတွေကို မထိန်းချုပ်နိုင်ဘူး၊ မပြောင်းလဲနိုင်ဘူးဆိုရင် ထိန်းချုပ်တတ်ဖို့ သင်ယူရလိမ့်မယ်။ သည်းခံခြင်းကို စိတ်ချမ်းမြေ့စွာနဲ့ လုပ်ကိုင်တတ်ရမယ်။ သည်းခံခြင်းဖြင့် ခွန်အားနဲ့ စိတ်စွမ်းအားတွေ ရရှိလာမှာပါ။

(၇) လုပ်နိုင်တာထက်ပိုမလုပ်ပါနဲ့။

ဒီဆိုရိုးစကားကို အမြဲသတိရနေဖို့လိုပါတယ်။ ကျမတို့ဟာ ကျမတို့ ဆောင်ရွက်ပေးနိုင်တာထက် တာဝန်တွေ ယူလေ့ရှိတယ်။ စိတ်သောကပိုပြီး ဖြစ်လာနိုင်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဘာဖြစ်လို့ ထမ်းထားနေမှာလဲ။ ကျမတို့ရဲ့ ကန့်သတ်ချက်ကို သိအောင်လုပ်ပါ။ သင်က သင့်ရဲ့ပြင်ပ လှုပ်ရှားမှုတွေကို ကျယ်ပြန့်လာအောင် လုပ်ခြင်းအားဖြင့် စိတ်ကိုငြိမ်းချမ်းမှု ရှိလာမှာမဟုတ်ပါဘူး။ သင့်ရဲ့ ရုပ်ဝတ္ထုဆက်စပ်မှုတွေကို လျှော့ချပစ်ပါ။ ဘုရားရှီခိုးခြင်းဖြင့် အချိန်ဖြုန်းပါ။ မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ပြီး တရားအားထုတ်ပါ။ အနားယူဖို့လုပ်နေတဲ့ သင့်ရဲ့စဉ်းစားချက်တွေဟာ ပြေလျော့သွားမှာပါ။ ကြည်လင်နေတဲ့စိတ်က စိတ်ရဲ့ငြိမ်းချမ်းမှုကို ပိုပြီး ဖြစ်လာစေမှာပါ။

(၈) ပုံမှန်တရားထိုင်ပါ။

တရားထိုင်ခြင်းက စိတ်ကိုတည်ငြိမ်စေပါတယ်.။ အနှောင့်အယှက်ဖြစ်စေမယ့် အတွေးတွေကို ဖယ်ရှားလိုက်ပါ။ ဒီလိုလုပ်တာက စိတ်ငြိမ်းချမ်းဖို့ အမြင့်ဆုံး အခြေအနေတခုဖြစ်ပါတယ်။ သင့်ကိုယ်သင် ကြိုးစားကြည့်ပါ။ တရက်မှာ နာရီဝက်လောက် စိတ်အားထက်ထက်သန်သန် တရားထိုင်ခဲ့မယ်ဆိုရင် သင့်ရဲ့စိတ်က ကျန်တဲ့ နှစ်ဆယ့်သုံးနာရီခွဲမှာလည်း ငြိမ်းချမ်းနေမှာပါ။ သင့်ရဲ့စိတ်ကို အရင်ကလို အနှောင့်အယှက်ပေးတော့မှာ မဟုတ်ပါဘူး။ နေ့စဉ်ပုံမှန် တရားထိုင်ခြင်းအားဖြင့် တဖြည်းဖြည်း အကျိုးကျေးဇူးရှိလာမှာပါ။ သင့်ရဲ့ တနေ့တာအလုပ်ကို အနှောင့်အယှက် ဖြစ်ချင်ဖြစ်မယ်လို့ တွေးချင်တွေးမိလိမ့်မယ်။ အမှန်ကတော့ အချိန်တိုတိုနဲ့ အကျိုးရှိလာမှာဖြစ်ပါတယ်။ အချိန်နည်းနည်းမှာပဲ ပိုကောင်းတဲ့ အကျိုးရလဒ်တွေ ရလာနိုင်ပါတယ်။

(၉) စိတ်မတွေဝေပါနဲ့။

တွေဝေတဲ့ စိတ်ဟာ စိတ်ရဲ့အဆိပ်ဖြစ်ပါတယ်။ မကောင်းတဲ့ လုပ်ဆောင်ချက်တွေအားလုံးက စိတ်တွေဝေတာကနေ စလာတာပါ။ သင့်ရဲ့စိတ်ကို တက်ကြွအောင် ဇောင်းပေးထားပါ။ ပြီးတော့ တန်ဖိုးရှိတဲ့စိတ်ကို ရင်ထဲမှာထားပါ။ ဝါသနာကို တက်တက်ကြွကြွလုပ်ဆောင်ပါ။ သင့်ရဲ့စိတ်ဝင်စားစရာတွေကို လက်ကိုင်ထားပါ။ ငွေကြေးက တန်ဖိုးရှိသလား စိတ်ရဲ့ငြိမ်းချမ်းမှုက တန်ဖိုးရှိသလားဆိုတာ သင့်ကိုယ်သင် ဆုံးဖြတ်ရမယ်။ ပိုက်ဆံမရနိုင်မယ့် လူမှုရေးအလုပ်လို၊ ဘာသာရေး အလုပ်လိုအလုပ်မျိုးက သင့်ရဲ့ဝါသနာဆိုရင်ပေါ့။ ဒါပေမယ့် သင့်မှာ စိတ်ချမ်းသာကျေနပ်နေပြီး အောင်မြင်နေတဲ့ စိတ်ရှိနေတယ်။ ရုပ်ပိုင်းဆိုင်ရာအရ အနားယူတဲ့အချိန်မှာတောင် တရားဓမ္မသီချင်းတွေ ရွတ်ဆိုပြီး စာဖတ်နေခြင်းအားဖြင့် သင့်ကိုယ်သင် ကျန်းမာအောင် နေထိုင်တတ်ရမယ်။

(၁၀) အချိန်မဆွဲပါနဲ့။ ဘယ်တော့မှ နောင်တမရပါနဲ့။

စိတ်ကူးယဉ်ပြီး အချိန်မဖြုန်းပါနဲ့။ လုပ်သင့်သလား၊ မလုပ်သင့်ဘူးလား။ ရက်တွေ၊ သီတင်းပတ်တွေ၊ လတွေ၊ နှစ်တွေမှာ အဓိပ္ပါယ်မရှိတဲ့ ဝေဖန်ဆွေးနွေးမှုတွေနဲ့ ဖြုန်းတီးပစ်ချင်ပစ်နိုင်ပါတယ်။ အနာဂတ်ကို သင်မပိုင်တဲ့အတွက် လုံလောက်တဲ့ အစီအစဉ်တွေ မရှိနိုင်ပါဘူး။ အချိန်ကို တန်ဖိုးထားပါ။ လုပ်ဖို့လိုအပ်တာတွေကိုလုပ်ပါ။ ပထမအကြိမ် ကျရှုံးခြင်းက ကိစ္စမရှိပါဘူး။ သင့်ရဲ့အမှားကနေ သင်ခန်းစာတွေကို ရနိုင်ပါတယ်။ နောက်တကြိမ်မှာ အောင်မြင်နိုင်ပါတယ်။ စိတ်ပူခြင်းနဲ့ ကျောပေးထားခြင်းက ဘာမှမဟုတ်တာတွေကိုသာ ဦးဆောင်နေလိမ့်မယ်။ အမှားကနေ သင်ခန်းစာယူပါ။ ဒါပေမယ့် အချိန်လွန်မှ တနုံ့နုံ့နဲ့ စဉ်းစားမနေပါနဲ့။ နောင်တမရပါနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ကံတရားအတိုင်း ဖြစ်ပျက်နေမှာပါ။ ဖိတ်ကျသွားတဲ့ နွားနို့အတွက် ဘာ့ကြောင့်ငိုကြွေးနေမှာလဲ။

www.funzug.com မှဘာသာပြန်သည်။

Wednesday, June 22, 2011

ရင်၌ဖြစ်တည်မှု

အိပ်မက်တွေနဲ့အတူ ဖျက်ကနဲ လန့်နိုးလာခဲ့တယ်။ ဝန်းကျင်ကိုကြည့်လိုက်တော့ မှောင်ရီပျိုးနေတဲ့ အရိပ်အယောင်က အုပ်မိုးထားလို့..။ အိပ်ယာနံဘေးက ဖုန်းလေးကို ကောက်ကိုင်ပြီး မှောင်နေတဲ့အချိန်တခုရဲ့ သတ်မှတ်ချိန်လေးကို ကြည့်မိတော့ မနက် လေးနာရီတောင်မခွဲသေး။ ကျမမက်တဲ့အိပ်မက်တွေကို မှတ်မိတဲ့စွမ်းရည် ပျောက်ဆုံးကုန်တာ ကြာလှပြီ။ တဘက်ကလည်း အိပ်မက်တွေကို မမှတ်မိတော့တာက တမျိုးကောင်းတယ်လို့ ဖြေတွေးတွေးလိုက်မိတယ်။ ကောင်းခြင်း၊ ဆိုးခြင်းရယ်လို့ အထင်ရောက်စရာ သတ်မှတ်ကြတဲ့ အိပ်မက်ရဲ့ နောက်ဆက်တွဲ ဖြစ်ပျက်မှုတွေကို စဉ်းစားစရာ မလိုတော့ဘူး။

တချို့သောသူတို့ မက်ကြတဲ့အိပ်မက်ကို အကောင်း.အဆိုးလို့ ပြောနေကြပြီး ဘယ်တော့ဘာဖြစ်မလဲဆိုတဲ့ မလိုလားအပ်တဲ့ အရာတွေအတွက် ဘယ်လိုမျိုးက နှစ်သိမ့်ဖြေရှင်းခွင့် ပေးနိုင်ကြမှာပါလိမ့်လို့ တွေးနေမိတယ်။ အိပ်မပျော်တော့တဲ့ သူတယောက်အတွက် မိုးစင်စင်လင်းဖို့ အချိန်အတော်ကြာ စောင့်စားရုံမှတပါး အခြားလုပ်စရာမရှိခဲ့ပါ။

လင်းရောင်ခြည်လေး ထွက်ပေါ်လာတဲ့အခါမှာ လုပ်နေကျအလုပ်ဖြစ်တဲ့ ရေချိုးခန်းဝင်.. ဘုရားရှီခိုး.... ပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်... အနည်းအကျဉ်းစားဖို့တခုခုလုပ်...ဖို့ အစပျိုးနေခိုက်... ရုတ်တရက် ဖုန်းလာတဲ့ အသံကြောင့် အပြေးအလွှား အပေါ်ကိုလှမ်းတက်လာခဲ့တယ်။ ဖုန်းသံလေးကြားတာနဲ့တင် ဘယ်သူဆက်တယ်ဆိုတာ သိနေပေမယ့် မနက်စောစော ဆက်တဲ့အတွက် စိတ်ပူနေမိတယ်။ ပူပန်တတ်တဲ့ စိတ်တခုအတွက် တခါတရံ အလဟဿလိုမျိုး ဖြစ်သွားခဲ့ရတဲ့ ထုံပေပေ ခပ်ဟဟ ရီမောသံလေးတွေကြောင့် နောက်တခါ ပူပန်တတ်တဲ့စိတ် မဖြစ်အောင် နေမယ်ဆိုတဲ့ မာကျောကျော နှလုံးသားဟန်မျိုးနဲ့ ဖုံးထားခဲ့မိတယ်။ မသိကျိုးကျွန်မှုရဲ့အောက်မှာလည်း ပြားပြား ဝပ်သွားခဲ့ရဖူးပါတယ်။

"ဟယ်လို"... လို့ ကျမအစချီတော့

တဘက်ကအသံကြားရုံနဲ့ တခုခုဖြစ်နေပြီဆိုတာ သိပေမယ့် ကျမကစပြီး မမေးလိုခဲ့ပါ. တခုခုဆိုတာ စိတ်ကိုအခြေခံတဲ့ ပင်ပန်းနွမ်းနယ်မှုကတဆင့် ဖြစ်တည်လာရတဲ့ အားငယ်မှုဆိုတာ သိတာပေါ့။ ရင်းနှီးကျွမ်းဝင်စရာတွေနဲ့ အဝေးကြီးမှာရှိနေတဲ့ သူတယောက်ရဲ့ ရိုက်ခတ်လာတဲ့ သံစဉ်ကို ခံစားဖူးနေလို့ပါ။ တယောက်တည်းတည်း ဖြစ်နေကျပေမယ့် ရံဖန်ရံခါမှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ တယောက်တည်းပါလားဆိုတဲ့ အားငယ်စရာအတွေးမျိုး ဝင်လာတဲ့အခါမှာ ကိုယ့်ရဲ့ ပင်ပန်းမှုကို ဖေးမနားလည်ပေးနိုင်မယ့် သူတယောက်ကို အရင်ဆုံး သတိရတတ်ကြသလို ကျမကိုဦးဆုံး သတိရလိုက်တာများလား။ တဘက်ကပြောနေတဲ့ခံစားမှုတွေကို နားထောင်ရင်း ကျမလည်း နားလည်မှုတွေနဲ့ ထပ်တူခံစားရပါတယ်။

အဲဒီအချိန်မှာတော့ ကျမက စိတ်ဓါတ်ခိုင်မာတဲ့.. ဘာမဆို အံတုနိုင်တဲ့.. ရဲရဲရင်ဆိုင်နိုင်တဲ့.. သတ္တိတွေအပြည့်နဲ့ သူတယောက် ဖြစ်နေခဲ့တယ်။ တဘက်ကခံစားနေတဲ့ ခံစားမှုတိုင်းကို ကျော်လွှားပေးနိုင်တဲ့ သူတယောက်လည်း ဖြစ်နေချင်ပြန်တယ်။ ကျမကြောင့် စိတ်ပင်ပန်းမှုတွေ သက်သာလာပြီး ခွန်အားတွေကို ရလာစေချင်တယ်. သစ္စာတရားနဲ့ မဝေးကွာတဲ့ သူတယောက်ဖြစ်လို့ ရိုးသားစွာ ပြောဖြစ်ခဲ့တဲ့ အမှန်တရားတွေကို လက်ခံပေးမယ်လို့ ယုံကြည်မိတယ်။

ကျမပြောနေခဲ့တဲ့ စကားတွေက သူ့အတွက် စိတ်ပင်ပန်းမှုလျော့သွားခဲ့သလားဆိုတဲ့ မေးခွန်းတခုအတွက် အဖြေကို သိလိုပေမယ့် မမေးဖြစ်ခဲ့ပါဘူး။ ပြောလိုက်တဲ့ စကားလုံးတလုံးထက် ရင်ထဲကမေတ္တာတရားကြောင့် အလိုအလျောက် ဖြစ်တည်လာမယ့် နွေးထွေးမှုတွေ.. စိတ်ခွန်အားတွေနဲ့ ရှင်သန်စေချင်တယ်။ ဘယ်အခြေအနေမှာဖြစ်ဖြစ်. ဘယ်အရာကပဲ နှောင့်ယှက်နှောင့်ယှက်.. ဘယ်လို အချိန်မှာပဲဖြစ်ဖြစ်.. တိုးဝင်တိုက်ခတ်လာတဲ့ အရာမှန်သမျှကို သိက္ခာရှိရှိနဲ့ ရဲရဲရင်ဆိုင်နိုင်တဲ့ သူတယောက် ဖြစ်စေချင်တယ်။ တခါတရံ ကျမစိတ်အားငယ်ချိန် အားပေးစကားပြောတာလည်း သူပဲ ဖြစ်နေတတ်ပါတယ်။ လိုအပ်ချက်မှန်သမျှကိုလည်း ဖြည့်ဆည်းပြောဆိုပြီး လမ်းညွှန်ပေးတတ်တာလည်း သူပါပဲ။ အဲဒီအခါမှာတော့ ကျမကသူ့ရဲ့ တပည့်လေးတယောက်လို နာခံမယ့်သူလည်းဖြစ်လို့နေရဲ့။

စိတ်အားငယ်မှုတွေကြားမှာ အပြန်အလှန် အားပေးနားလည်မှုတွေနဲ့ ထွင်းဖေါက်မြင်နိုင်တဲ့ နှလုံးသားတစုံအဖြစ် ကမ္ဘာကြီးရဲ့ တနေရာမှာ တန်ဖိုးရှိတဲ့အလွှာလေးတခုအဖြစ် ရပ်တည်ခွင့်ရချင်ပါတယ်။

Thursday, June 9, 2011

ခေါင်းစဉ်မဲ့

ပျောက်ဆုံးသွားခဲ့ရတဲ့ ဘဝလေးတခု
အနင်းခံလိုက်ရတဲ့ ဖြူစင်မှုတခု
ရောင်ပြန်မဟပ်တဲ့ သစ္စာတရား
အရောင်ဆိုးထားတဲ့ နှုတ်ခမ်းဖျားတစုံ
ပုပ်ပွနေတဲ့ သက်ရှိနှလုံးသား
တန်ဖိုးဖြတ်ခံလိုက်ရတဲ့ အနှောင်အဖွဲ့
ကျန်နေခဲ့တဲ့ နှလုံးသားမြို့တော်
လွတ်ကျခဲ့တဲ့ ဒဏ်ရာအပိုင်းအစများ
ရုပ်ဝတ္ထု အလိုအရ ချိနဲ့တဲ့ ခေတ်မှီ လောကဓါတ်နည်းပညာ
အမှတ်ထင်ထင် ကြွေကျခဲ့ရတဲ့ နှလုံးသွေးစက်
အတိုင်းအတာ တန်ဖိုးအရ...
ပိုင်ဆိုင်မှုမရှိခဲ့တဲ့ လူသားအကျွန်ုပ်
ကြယ်တွေကြွေလို့ ဆုတောင်းခွင့်ရမယ်ဆို
အကျွန်ုပ်ရှေ့ ကြယ်လေးတပွင့် ချွေချပေးပါ။။။

Tuesday, May 24, 2011

မတူညီမှုထဲမှ တူညီသူ

မတူညီဘူးလို့ ထင်နေတဲ့
တူညီသူတွေရဲ့ လှည့်ကွက်တွေကို
တွေ့လိုက်ရတဲ့အခိုက်
အံ့သြတုန်လှုပ်မှု ရိုက်ခတ်သံက
ရင်ကိုထိုးဖေါက် စူးနစ်စေခဲ့ပြီ။
ခေတ်တခေတ်ရဲ့ လူ့သမိုင်းမှာ
ရလိုမှု အနာဂတ်
ခြောက်လှန့်မှုနဲ့ ဝိုးတဝါး ဝေဝဲ
ညတည
တွေ့မြင်မှု အပြင်အဆင်မျိုးနဲ့
ခြယ်မှုန်းခြယ်သ တစ္ဆေတကောင်ရဲ့ည..။

တူညီမှုတွေများနေတဲ့ ရေစီးကြောင်းထဲ
မတူညီသူတွေသာ ရှိခဲ့ရင်ဆိုတဲ့
ရီစရာကောင်းတဲ့
ခြောက်ကပ်ကပ် အက်ကွဲသံကို
အမှန်တရားတခုအဖြစ် လက်ခံဖို့
အဝေးဆုံးကို ထွက်ပြေးချင်ခဲ့ပြီ။
လျှပ်တပြက် မွှေနှောက်ခဲ့တဲ့
ခြစ်ရာတခုပေါ်မှာ
ရှောင်ကွင်းသွားတတ်ဖို့တော့
အခက်ခဲဆုံးအရာတခုရဲ့ နှစ်ဆယ့်လေးနာရီ..။

မတူညီမှုတွေထဲက တူညီသူတယောက်ရဲ့
မသိမှုရဲ့ သိမှုကို
အကျဉ်းအကျပ်ထဲမှ
အဖြေရှာခိုက်
ဟိုး….
ကျောက်ခေတ်လူသားတို့ရဲ့ ကျောက်စာထိုးသံနဲ့အတူ
မွေးဖွားရှင်သန်လာမယ့်…နေ့။

Tuesday, May 10, 2011

ဘလော့ရေးသူများသို့စာလေးတစောင်-နုနုရည်(အင်းဝ)

ဆရာမနုနုရည်(အင်းဝ)က ဘလော့ဂါတွေအတွက် စာတစောင် ပို့ပေးထားတယ် ဆိုပြီး မြစ်ကျိုးအင်းက ပြောလာပါတယ်။ ဘလော့ဂါတွေဆီ ပို့ပေးပြီး ဘလော့တွေမှာလည်း တင်စေချင်တယ်ဆိုတာ သိခဲ့ရတယ်။ ဘလော့ဂါတွေအပေါ် ထားတဲ့ ဆရာမရဲ့ သဘောထားကိုလည်း သိခဲ့ရပါတယ်။ ဘလော့ရေးသူတွေကို ချစ်ခင်တဲ့ အတွက်လည်း ကြည်နူးမိပါတယ်.။ ဆရာမရဲ့ အားပေးစကားလေးတွေ.၊ ဘလော့အပေါ်ထားရှိတဲ့ အားထားမှုတွေက ကျမတို့အတွက် စိတ်ခွန်အား တရပ်လည်း ဖြစ်စေခဲ့ပါတယ်။

"ရသစာပေဆိုတာ လူ့ယဉ်ကျေးမှုကြီး တခုလုံးပျောက်ကွယ်မသွားသရွေ့ အမြဲရှိနေမှာပါ" လို့ ဆရာမနုနုရည်(အင်းဝ) ရဲ့ စကားလေးကသာ နှလုံးသားကို ကြီးစိုးနေတော့တယ်။




Monday, May 9, 2011

ကြွေးဟောင်းဆပ်ခွင့် ရပါရစေအမေ...

မိုးတွေအုံ့မှိုင်းပြီး မိုးကောင်ကင်ကြီးရဲ့အစိတ်အပိုင်းတခုမှာ ရွာမလိုဟန်ပြင်တဲ့ မိုးရိပ်မိုးယောင်။ တချက်တချက်
မိုးကြိုးပစ်လိုက်တဲ့ အသံကြောင့် ပတ်ဝန်းကျင်တခုလုံး မိုးချိန်းသံတွေ မြည်ဟီးနေတယ်.။ သစ်ပင်တွေကလည်း လေယူရာယိမ်းနွဲ့လို့ မိုးချိန်းသံကိုလိုက်ပြီး နောက်ယောင်ခံလေသယောင်..။

မိုးကုတ်စက်ဝိုင်းတခုရဲ့ နေရာလေးတခုမှာ မိုးချိန်းသံကိုမှ မကြားရလောက်အောင် ငေးမောနေတဲ့ သူတယောက်။ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်သံကြောင့် တချက်တချက် သတိဝင်လာခိုက် မော့ကြည့်လိုက်တော့ ဝိုးတဝါးမပီပြင်တဲ့ ပုံရိပ်လေး...။ တဖြည်းဖြည်း နီးကပ်လာသလို ဖြစ်လာလိုက်.. ဝေးကွာသွားလိုက်နဲ့.. ကျမရဲ့ ရင်ထဲမှာတော့ ဘယ်တော့မှ ပျောက်ကွယ်မသွားမယ့် အမေရဲ့ရုပ်ရည်.. အမေ့ရဲ့ ဟန်ပန်. အသွင်အပြင်. အမေ့ရဲ့ အပြုံး. အမေရဲ့ မေတ္တာတရား. အမေ့ရဲ့ အင်အား. အမေ့ရဲ့ ခွန်အား..တခုက အုပ်မိုးလို့။ အမေ့ရဲ့ စကားသံအောက်မှာ မျောပါစီးဆင်းလို့။

မိုးနဲ့အတူ ကျမရဲ့ ရင်ထဲအသည်းထဲက အလိုအလျောက် စီးမြောဖြစ်တည်လာတဲ့ မျက်ရည်စက်.၊ ကျလာတဲ့အခိုက် တဆစ်ဆစ် နာကျင်နေတဲ့ နှလုံးအိမ်ထဲက အရိုးသားဆုံး သန္ဓေတည်နေတဲ့ မြစ်တစင်း။ အပေးအယူသဘောမရှိ. မေတ္တာတရား ကြီးမားပြီး စောင့်ရှောက် ထိန်းသိမ်းပေးတဲ့ အမေရဲ့အကြင်နာတရားအောက်မှာ ကျမတယောက် နားခိုခဲ့ရတယ်။ တမ်းတလိုက်တိုင်း ဘေးနားမှာ အမြဲတည်ရှိနေတဲ့ အမေ၊ စိတ်ပူပန်စွာ နေတဲ့အမေ၊ ဟန်ဆောင်မှုတွေနဲ့ တိုးဝှေ့ရတိုင်း သတိရနေခဲ့ပေမယ့် ဘယ်တော့မှ ပြောမထွက်ဖြစ်ခဲ့တဲ့ ကျမ.၊ ၊ ကြွေးဟောင်းမဆပ်နိုင်သေးတဲ့ ကျမ.။ တခါတရံ ဝမ်းနည်းမှုတွေနဲ့ ခြောက်လှန့်ခံရတဲ့အခါ အမေ့ရဲ့ မျက်ဝန်းလေးက ကျမအတွက် ခွန်အားတခု.။ အမေ့ရဲ့အင်အားတခုက ကျမရဲ့ အင်အားတခု.၊ အမေ့ရဲ့ စကားလေးတခွန်းက ကျမအတွက် စိတ်ခွန်အား.၊ အမေ့ရဲ့ ဖြူစင်မှုက ကျမရဲ့ ဖြူစင်မှု.၊ အမေ့ရဲ့ သတ္တိက ကျမရဲ့ သတ္တိ.၊ အမေ့ရဲ့ အသက်ရှူလိုက်တိုင်းမှာ ကျမစည်းချက်လိုက်လို့.၊ အမေ့ကို တမ်းတမ်းတတ သတိရနေတယ်။

ကမ္ဘာမြေရဲ့ တနေရာစီမှာ ရပ်တည်နေရပေမယ့် တူညီတဲ့ သံစဉ်ဖွေရှာမှုတွေမှာ နှလုံးသားချင်း ထပ်တူကျ ခုန်နေခဲ့တယ်။ ဝေးကွာမှု အမိုးကြီးအောက်မှာ အသက်ကြီးလာတဲ့ ကျမအမေရဲ့ ပုံရိပ်က နုပျိုလန်းဆန်း တက်ကြွဆဲ.။ အနီးဆုံး နှလုံးခုန်သံနဲ့ အတူ ကျမရဲ့ အမေကို ကြွေးဟောင်းဆပ်ခွင့် ရပါရစေ...။

Saturday, May 7, 2011

အတ္တနဲ့သာ ကဗျာဖွဲ့

အတ္တနဲ့သာ လုပ်
အတ္တနဲ့သာ ပြော
အတ္တနဲ့သာ နေ
အတ္တနဲ့သာ သွား
အတ္တနဲ့သာ ရေး
အတ္တနဲ့သာ ငွေ့ရည်ဖွဲ့
အတ္တနဲ့သာ အသက်ဆက်
အတ္တနဲ့သာ နေသားကျခဲ့။

နှလုံးသားထဲက ယုံကြည်ချက်
သွေးစက်....တွေ
ဖေါက်စားခံရတဲ့ အခိုက်
အတ္တဆိုတာ ဘယ်မှာမှန်း မသိခဲ့။

လုပ်ယူမထားတဲ့
ဖြစ်တည်မှု အမြုတေလေးတခုကို
လုယူခံရတဲ့ အခိုက်
အတ္တဆိုတာ ထားရမှန်း မသိခဲ့။

ခြောက်သွေ့အက်ကွဲနေတဲ့
ညမှောင်မှောင်မှာ
သွေးစက်...နဲ့
အမြုတေလေး..ကို
မေတ္တာတရား
သစ္စာတရား
သိက္ခာတခု
ဆန္ဒတစုံ
ရိုးသားမှု.....ရယ်လို့
ရိုးသား ဖြူစင်လေဟန်
ခေါင်းစဉ်တပ်ထားတဲ့
အတ္တ..တွေနဲ့ ပြန်ယူချင်ခဲ့။

........
အတ္တဆိုတဲ့
အတ္တတွေနဲ့သာ ကဗျာဖွဲ့သီနေလေရော့။။။

Wednesday, May 4, 2011

သေကြသူများ

အီဂျစ်က လူတွေ သေတယ်တဲ့
လစ်ဗျားက လူတွေ သေတယ်တဲ့
ဆီးရီးယားက လူတွေ သေတယ်တဲ့
တိဘက်ဘုန်းကြီး သေတယ်တဲ့
ဂျပန်က လူတွေ သေတယ်တဲ့
အိုစမာဘင်လာဒင် သေတယ်တဲ့

ဧရာဝတီက လူတွေ သေတယ်တဲ့
ရခိုင်ပြည်က လူတွေ သေတယ်တဲ့
ရှမ်းပြည်တာလေက လူတွေ သေတယ်တဲ့
ဦးမိုးဟိန်း(သားဂျာနယ်ကျော်) သေတယ်တဲ့
စာရေးဆရာကြီး ပါရဂူ သေတယ်တဲ့
မုန်တိုင်းသင့် ရေလုပ်သားတွေ သေတယ်တဲ့

မသိတဲ့သူတွေ သေတယ်
သိတဲ့သူတွေ သေတယ်
လူ့အဖိုးတန်တွေ သေတယ်
လူ့အန္ဓတွေ သေတယ်
မသေစေချင်တဲ့ သူတွေ သေတယ်

မေတ္တာ သေတယ်
သစ္စာ သေတယ်
ရိုးသားမှုတွေ သေတယ်
တရားမျှတမှုတွေ သေတယ်

တချို့က ယုံကြည်မှု သေတယ်
တချို့က မျှော်လင့်ချက် သေတယ်
တချို့က စကားသေတယ်
တချို့က ဘဝ သေတယ်
တချို့က စိတ်သေတယ်
တချို့က နာမည်သေတယ်
တချို့က ထပ်ကာထပ်ကာ သေနေတယ်.

သေ..
သေ...
သေ....
သေခြင်းရဲ့ နောက်ကွယ်က
ထင်ကျန်ရစ်မယ့် ပုံရိပ်က
သေဆုံးခြင်းမရှိတဲ့ မသေဆုံးသောအဖြစ်နဲ့သာ.။

(ကဗျာလေးရဲ့ ခေါင်းစဉ်နာမည်လေး ရွေးပေးခဲ့တဲ့ ဘလော့ဂါ ဦးမင်းဒင် ကို ကျေးဇူးတင်ပါတယ်။)

Friday, April 29, 2011

ရာဇဝင်တခု

သက္ကရာဇ်တခုရဲ့ ရာဇဝင်ထဲ
ထိုးဖေါက်ကြည့်တော့
ရင်ဘတ်တခြမ်းနဲ့ လူ...
ရုပ်သေနေတဲ့ လူ...
အပြုံးတုနဲ့ လူ...
အမုန်းတုနဲ့ လူ...
မျက်ရည်တုနဲ့ လူ...
အရိုင်း လူ...

ပျံ့ကျဲနေတဲ့ စိတ်ရာဇဝင်ထဲ
ဖွေရှာ ကြည့်မိတော့
ညီမျှမှု ကင်းမဲ့ချင်တဲ့ စိတ်...
ရွှေမှုန်ကြဲချင်တဲ့ စိတ်...
ငွေမှုန်ကြဲချင်တဲ့ စိတ်... တွေနဲ့
စိတ်ကိုစိတ်ချင်းထပ်နေတဲ့..
ကြဲချင်တိုင်း ကြဲနေတဲ့ စိတ်တွေနဲ့...

ရာဇဝင်ထဲက လူသားတဦး
ဖွေရှာမိတဲ့ တရားက..
ကန့်လန့်ဖြတ်မနေတဲ့ မျဉ်းတကြောင်း...

နံရံတွေကာထားတဲ့
မေတ္တာတုတွေထဲ..
အပြုံးတွေကာထားတဲ့
ဟန်ဆောင် ကမ္ဘာထဲ..
သစ္စာရည်တွေ ဖြန်းပက်ပစ်လိုက်မယ်..
ရာဇဝင်တခု လှပဖို့ပေါ့..

ခုတော့... ဘဝအသေတွေကို
ရာဇဝင်ဟောင်းထဲမှာ ထားခဲ့ပြီး
ကညစ်နဲ့ ရေးခြစ်နေတဲ့
ဘဝအသစ်တွေကိုတော့
ရာဇဝင်သစ်ထဲမှာ...ပေါ့...!

Monday, April 18, 2011

နွေဆူးလင်္ကာ၏ အမှတ်တရကဗျာ

ကမ်းခြေရေးတဲ့ လှိုင်း

ဆူနာမီတွေထက်
အများကြီး မြင့်တယ် ...
ကြောက်မသွားကြပါနဲ့
အဲဒီလှိုင်းက သဒ္ဓါလှိုင်းပါ ...
ကျနော်လို ကမ်းခြေကောင်တွေ
အမြဲမျှော်လင့်နေရတဲ့
စာတွေ သယ်ဆောင်လာတဲ့လှိုင်း ...။

ပင်လယ်တွေ မခမ်းသလို
လှိုင်းတွေ မကုန်သလို
သဒ္ဓါလှိုင်း လည်း
ကျနော်တို့ ရင်ကို
ဆက်ပြီး ရိုက်ခတ်နေနိုင်ပါစေ ....။ ။

(သဒ္ဓါလှိုင်းဘလော့ဂ် တစ်နှစ်ပြည့်အမှတ်တရ)

ချမ်းမြေ့ပါစေ ....
နွေဆူးလင်္ကာ

သဒ္ဓါ့ရဲ့ ဘလော့တနှစ်ပြည့် အမှတ်တရလေး ရေးပေးပါလို့ ပြောလိုက်တာနဲ့ မအားလပ်တဲ့ကြားထဲကနေ ချက်ချင်း ရေးပေးတဲ့ ကိုနွေဆူးကို ကျေးဇူးတင်ကြောင်း ပြောပါရစေ.။