Saturday, July 31, 2010

အဓိပ္ပါယ်ရှိပါရဲ့လား…


အဓိပ္ပါယ်ပြည့်ဝတဲ့ တခုသော နေရာလေးကို ရောက်သွား ခဲ့ရပြန်တယ်..။ ဒါဟာ တစုံတခု အတွက် ခံပြင်းမှု၊ အလိုမကျမှု၊ အပေါ်စီးဆန်မှု၊ အနိုင်ကျင့်ခံလိုက်ရမှု၊ ဆိုတဲ့ အမျိုးမျိုးသော `………..မှု´ တွေကြောင့် ပဲလေ.။

စိတ်ကို ဖြူစင်အောင် ဆုံးမနေတဲ့ ကြားထဲမှာပဲ တခါတရံ ဖြူစင်တဲ့ စိတ်ရဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ `စိတ်´လောကကြီးထဲ ခေါ်ဆောင် သွားခံခဲ့ရတာ ကိုတော့ မငြင်းဆို နိုင်ပါဘူး…။ အဲဒီ အခါမှာ ဆန့်ကျင်ဘက် `စိတ်´ ထဲ ရောက်နေပြီ ဆိုတာ သိလိုက်တာနဲ့ တပြိုင်နက် စိတ်ကို အလျင်အမြန် ဖမ်းဆုပ်ပြီး ဖြူစင်တဲ့ စိတ် ဆီကို ဦးတည် ခုတ်မောင်းလို့..။

အဓိကက စိတ်ကို အနိုင်ကျင့် မခံရဖို့ အရေးကြီးပါတယ်..။ တပါးသူရဲ့ အဓိပ္ပါယ် အပြည့်နဲ့ လျှောက်လှမ်းနေတဲ့ စိတ် ကို အနိုင်မကျင့်မိဖို့ ပိုအရေးကြီး ပြန်ပါတယ်။

တချို့ကျတော့လည်း မိမိ လုပ်လိုက်မိတဲ့ ကိစ္စ တရပ်က တပါးသူရဲ့ စိတ် အပေါ်မှာ ဘယ်လောက်ထိ အနိုင်ယူ လိုက်တယ်ဆိုတာ မသိလိုက်တာလား… မသိချင်ယောင်ဆောင် လိုက်တာလား…! ဒါမှ မဟုတ် `အကျင့်´ပါ နေလို့ ပါလို့ ဖြေရှင်းနိုင်မဲ့…. ဒိုင်း သဖွယ် အကာအကွယ် ယူနေကြတာများလား….!

တချို့ကျတော့လည်း မိမိ လုပ်လိုက်မိတဲ့ ကိစ္စတိုင်း မှန်ကန် ပြည့်ဝ မျှတ နေပါတယ်လို့ ယူဆ မိကောင်း ယူဆလို့ ဖြစ်ပါလိမ့်မယ်..!

တချို့ကျတော့လည်း မိမိကြောင့် တပါးသူရဲ့စိတ် ထိခိုက်ရှနာ သွားမှာကိုပဲ စိုးရိမ်လွန်း ကြပြန်တယ်.။ တပါးသူရဲ့ စိတ် အခြေ ကို အမြဲ ဖတ်နေဖြစ်တဲ့ သူမျိုးပဲ..။ အဲဒီအခါ မိမိဘက်က တခုခု လွန်ကဲသွားရင်တောင် ချက်ခြင်း ပြင်ပြီး မိမိစိတ် မခံနိုင်မဲ့ လုပ်ရပ်မျိုးကနေ မလုပ်ဖြစ်တော့မဲ့သူ တယောက် ဖြစ်သွားရလိမ့်မယ်…!

တချို့ကျတော့လည်း တပါးသူရဲ့ စိတ်ကို မသိလိုက် မသိပါသာ နေတတ်တဲ့ သူမျိုးမို့ ထူးခြားတဲ့ လက္ခဏာ မဖြစ်မိမူပဲ မိမိရဲ့ စိတ်သွားရာ လမ်းအတိုင်း ချောမွေ့လို့….!

ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ… အခက်ခဲဆုံးလို့ ယူဆရတဲ့ မိမိ နဲ့ သူတပါး စိတ် ကို တန်ဖိုးထားတတ်ဖို့၊ လေးစားတတ်ဖို့၊ မျှဝေ ခံစား နားလည်ပေးတတ်ဖို့…!

အဓိပ္ပါယ် ပြည့်ဝတဲ့ နေရာလေး တခုမှာ ကိုယ်စိတ် နှလုံး စိတ်ခွန်အား မှန်ကန် ပြည့်ဝစွာနဲ့ ၀န်းကျင် ပတ်လည်မှာလည်း ဖြူစင်သော စိတ်ထားများ ပိုင်ဆိုင်ထားသူများ နဲ့သာ ဆုံတွေ့ခွင့် ရရပါလို၏။

သူတပါးရဲ့ ကိုယ် စိတ် နှလုံးကို.... နာကျင် ထိခိုက် ခံစားရစေမဲ့ လုပ်ရပ်… အနိုင်ကျင့် လိုက်တဲ့ အပြုအမူ လုပ်ရပ်… အနိုင်ကျင့် လိုက်တဲ့ စကား အပြောအဆို လုပ်ရပ်… လှပတဲ့ အနာဂတ်လေး ပျက်စီး သွားမဲ့ လုပ်ရပ်…မျိုး မလုပ်ဖြစ် ခဲ့ရင် အပြန်အလှန် သန့်ရှင်း စင်ကြယ်တဲ့` စိတ်´တွေ ထွန်းလင်း တောက်ပ နေမှာပါ…။

ထိုထိုသော ဖြူစင်သော စိတ်ရဲ့ ဆန့်ကျင်ဘက် ဖြစ်စေမဲ့ စိတ်မျိုး… မိမိကိုယ်.. မိမိစိတ် ၌ ဘယ်သောအခါမှ.. ဘယ်လိုကဲ့သို့သော အခြေအနေ… မျိုးမှာမှ သန္ဓေမတည် မိဖို့ သာ ငါ့အား စွမ်းဆောင် ပေးပါလေ……..!!!!!

Wednesday, July 28, 2010

ပုံရိပ်ယောင်…

ရင်ထဲ အနက်ရှိုင်းဆုံး တနေရာမှာ ဖြစ်တည်နေတဲ့ အစိုင်အခဲ ဒြပ်မဲ့တခု…

တကယ်တော့ ကိုင်တွယ် ထိတွေ့ခွင့် ရဖို့ အခွင့်အလမ်း မရှိခဲ့တဲ့ ဒြပ်မဲ့တခု အဖြစ်နဲ့သာ……

ဆိုပေမဲ့.. ကိုင်တွယ် လို့ရတဲ့ ဒြပ်ဝတ္ထုတွေထက် ပါဝါအား ကောင်းတဲ့ ဒြပ်မဲ့ ပုံရိပ်ယောင်လေး တခု…

အတ္တမပါတဲ့ နှလုံးသား ထဲမှာ အဖြူရောင် သံစဉ်တွေနဲ့ ရောယှက်ထားတဲ့ သံစဉ် တေးသွားလေး တပုဒ်က ၀င်ရောက် နေရာယူ စည်းချက် လိုက်လို့…

နှလုံးသား ထဲကို မသိမသာ တိုးဝင်လာတဲ့ ညင်းသဲ့သဲ့ အရိပ်အယောင်လေး တခုကလည်း ဆွတ်ပျံ့ ကြည်နူးစွာ စီးဆင်းလာခဲ့လို့….! ဒါ….. ဒြပ်မဲ့ ပုံရိပ်ယောင်လေး တခုတဲ့လား..!

အသက်ရှူသံ တွေတောင် ကပြောင်းကပြန်နဲ့….!

နှလုံးသွေးကြော တလျှောက် စီးဆင်းလာတဲ့ ပုံရိပ်ယောင်လေး တခုက ဖြတ်ကနဲ ဆိုပေမဲ့ တကယ့်ကို စွဲထင် ကျန်နေခဲ့တဲ့ စစ်မှန်တဲ့ အလင်းတန်းလေး တခုပါလား….။

အဲဒီ အလင်းတန်း လေးတခုကို သိမ်းဆည်းထားနိုင်တဲ့ နေရာလေး တခုကလည်း ဒီနှလုံး သွေးကြောလေး ထဲမှာပဲ ဖြစ်နေလေရဲ့…! နှလုံးသွေးထဲမှာပဲ ပုံရိပ်ယောင်လေး တခုအဖြစ် သိုဝှက် ထားချင် လိုက်တာလေ...

နှလုံးသွေးတွေ ပုံမှန် စီးဆင်းနိုင်မဲ့ ပုံရိပ်ယောင်လေးရဲ့ ကိုယ်ပွားတခု……!!!

ပုံရိပ်ယောင်ရဲ့ အလင်းတန်းလေးကြောင့် မှုန်ဝါး ရီဝေ… အိပ်စက်နေတဲ့ နှလုံးသားလေးလည်း အလင်းရောင်တွေနဲ့ ရှင်သန် နိုးထ စေခဲ့တာပေါ့…။

ိပ်စက်နေတဲ့ နှလုံးသားလေးလည်း ခုတော့… အလင်းတန်းလေးနဲ့ အတူ သစ်လွင် လှပတဲ့ အာရုဏ်ဦး နံနက်ခင်း ကို ကြိုဆိုလို့…!

တခါတရံတော့ ယုံကြည်မှုတွေကို စတေး ပစ်လိုက်တဲ့ အခါ မှာတော့… ပုပ်ပွနေတဲ့ ချစ်ခြင်းမဲ့ အကောင်တကောင် ပုံစံနဲ့ ယိုင်နဲ့ ချိခွေလို့…!

အဲဒီအခါ မှာတော့ ငါ ကိုယ်တိုင် ဆုပ်ကိုင်ထားတဲ့ လေးနက်မှုတွေ… မေတ္တာတရားတွေ… ချစ်ခြင်းတရားတွေ… နားလည်မှုတွေ… ဟာ လွတ်ကျ ထွက်သွားခဲ့ပြန်ပေါ့… !!!

ဒါပေမဲ့လည်း ကိုယ်တိုင်… ယုံကြည် နားလည်မှုတွေနဲ့ တည်ဆောက်ထားခဲ့ပြီး တန်ဖိုးထားရတဲ့ `….´ တွေမို့ တစစီ ပြန်ကောက်ရင်း ပြန်ပုံဖေါ်လို့ ပြန်ထုဆစ်လို့…။

နှလုံးသွေးနဲ့ ရင်းပြီး ပြန်လည် ထုဆစ်တဲ့ အခါမှာတော့ တန်ဖိုးထားရတဲ့ အရာတွေနဲ့ အတူ အလင်းရောင်တွေနဲ့ ပြည့်နှက်နေမဲ့ ပုံရိပ်ယောင် ကမ္ဘာငယ်လေး တခု အနေနဲ့ ၀င့်ဝင့်ကြွားကြွား…

ပုံရိပ်ယောင်လေး က ဒီလောက်တောင်ပဲ တန်ခိုးရှိ သတဲ့လား..!!!

တည်ငြိမ် နက်ရှိုင်းတဲ့ နှလုံးသား ထဲထိ တိုးဝှေ့ ၀င်လို့ အလှပဆုံး ကြယ်ပွင့်လေးတွေနဲ့ ထုံမွှန်းထားတဲ့ ဒြပ်မဲ့ ပုံရိပ်ယောင်လေး အဖြစ် အသိအမှတ် ပြုခဲ့ရပြီ။။။

ပုံရိပ်ယောင်လေး´ ရေ….
ငါ့ရဲ့ ဖြူစင် သန့်ရှင်း စင်ကြယ်တဲ့ နှလုံးသွေးထဲကို နာကျင်မှုတွေနဲ့ အတူ မျက်ရည်မိုးတွေနဲ့ ရောပြွန်းနေမဲ့ အရာတွေနဲ့ စွန်းထင်း ညစ်ပေအောင် မရောထွေး ပစ်လိုက်ပါနဲ့….


တခါက ပုံမှန် လည်ပတ် စီးဆင်း နေတဲ့ နှလုံးသားထဲကို အမှတ် ထင်ထင် ၀င်ရောက်ပြီး နေရာ လာယူ ခဲ့တဲ့ `ပုံရိပ်ယောင်လေး´လေးမို့ ရင်ထဲ နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တနေရာ မှာ ခိုဝင် နားခို ခွင့် ပြုမှာ မို့လို့ပါ…!!!!!

Friday, July 16, 2010

ခဏတာ...


ကျမတို့ရုံးမှာ ဘယ်နေရာက လာမှန်းမသိတဲ့ ကြောင်လေးတွေက တော်တော့်ကို ကြောက်ရွံ့တတ်ပါတယ်.။ ကျမလည်း အချိန်တန်ရင် ထမင်းလေးကျွေးလိုက် မုန့်လေးကျွေးလိုက်နဲ့ သူတို့နဲ့ ဆက်ဆံရေး အဆင်ပြေအောင် ချစ်ကြည်ရေးရအောင် လုပ်ရပါတော့တယ်..။ တဖြည်းဖြည်းတော့ သူတို့လည်း ယဉ်ပါးလာပြီး ကြောက်တာလည်း လျော့လာပါတယ်.။

ကျမ ရုံးဆင်းရင် ကြောင်လေးတွေ အတွက် ထမင်းလေးကို နယ်ပြီး ထားခဲ့ပါတယ်.။ ခုဆို နေ့လည် ကျမတို့ ထမင်းစားနေရင်တောင် ခပ်လှမ်းလှမ်းကနေ `ညောင်..ညောင်..´ ဆိုပြီး တောင်းတတ်နေပါပြီ.။ လွန်ခဲ့တဲ့ တပတ်ကတော့ အငယ်ဆုံးကြောင်လေး တကောင်ပျောက်သွားခဲ့ပါတယ်..။ ထင်တာတော့ အငယ်ဆုံး အသေးဆုံးလေးဖြစ်ပြီး သေသွားတယ်လို့ ယူဆလိုက်ရတာပေါ့.။ ဒါနဲ့ သုံးကောင်ပဲ ကျန်ခဲ့ပါတယ်..။ သုံးကောင်ထဲမှာ တကောင်က အ၀ါရောင် ချစ်စရာလေးနဲ့ ချောချောလေးလည်း ပါပါတယ်.။

နေ့လည်ခင်း တနေ့မှာတော့ ကျမ ထမင်းစားနေတုန်း အ၀ါရောင် ကြောင်လေးက ကျမကို အဝေးကနေ အစာလှမ်းတောင်းပါတယ်.။ ကျမလည်း မြန်မြန် ထမင်းနယ်ကျွေး လိုက်ရတာပေါ့..။ ကြောင်လေးတွေက သိပ်မကြောက်တော့ပေမဲ့ သူတို့ကို ကြည့်နေရင် မစားပဲ ထွက်ပြေးသွားတတ်တယ်.။ ဒါနဲ့ ကျမလည်း ကျွေးပြီး ရှောင်နေလိုက်ရတယ်.။ ညနေဘက် ကျမရုံးမဆင်းခင် ထမင်းနယ်ပြီး ကျွေးထားခဲ့ပြန်တာပေါ့.။

နောက်နေ့ ကျမ ရုံးကိုအလာမှာတော့ ရုံးရှေ့မှာ ချစ်စရာ အ၀ါရောင် ကြောင်လေး သေဆုံးနေတာကို တွေ့လိုက်ရတော့ ရင်ထဲမှာ တမျိုးကြီး ဖြစ်သွားခဲ့ရတယ်.။ မနေ့ကပဲ အကောင်းကြီးရှိသေးတယ်. ရောဂါဖြစ်တာလည်း မတွေ့မိပါဘူး ဆိုပြီး စဉ်းစားနေတာပေါ့..။ ဘာဖြစ်လို့များလဲ.. ဘာကောင်ကိုက်လိုက်လို့လဲ.. ခန္ဓာကိုယ်မှာလည်း ကိုက်ရာ မတွေ့မိပါဘူး.. နဲ့ ဘာဖြစ်လို့ သေသွားမှန်းကို မသိလိုက်ရဘူး..။

ဒါနဲ့ပဲ ကြောင်လေး နှစ်ကောင်ပဲ ကျန်တာပေါ့..။

ကြောင်လေးနှစ်ကောင်လည်း ဆော့လိုက်..စားလိုက်နဲ့ ကြည့်ရတာ ကောင်းကောင်းမွန်မွန် ပုံစံပါပဲ.။ ဒီနေ့ မနက် ရုံးလာတော့ ကြောင်လေး နှစ်ကောင် ရုံးရှေ့မှာ ကွေးလို့.။ ကျမလည်း ၀င်လာရော သူတို့ပုံစံ အတိုင်း ထပြေးကြပါတယ်.။ တကောင်က မပြေးတော့ ဘာဖြစ်လည်းမသိဘူးဆိုပြီး `မ´လိုက်တာ အကြောလိုက် သွားပါတယ်.။ မထနိုင်တော့ပါဘူး.. ကျမလည်း လန့်ပြီး တခြားသူတွေကို ခေါ်ပြပြီး ဘာဖြစ်လည်း မသိဘူး ဆိုပြီး ပြလိုက်တော့ သေတော့မလား မသိဘူးတဲ့.။

ဟင်.. မနေ့ကပဲ အကောင်းကြီး ရှိသေးတယ်.. ဘာဖြစ်လဲမသိဘူးပေါ့..။ ကျမရဲ့ လုပ်ဖေါ်ကိုင်ဖက် ညီမလေးရောက်တော့ (အဲဒီညီမလေးက ကြောင်မွေးဖူးတဲ့သူ ဆိုတော့ ကျွမ်းကျင်ပါတယ်) သူက ကြည့်ပြီး ကြောင်ကြီး ကိုက်လားမသိဘူးတဲ့..ပြောပြီး နနွင်းလူးပေး နနွင်းတိုက် လုပ်ပါတယ်. ကျမကတော့ ကြောင်နဲ့ပက်သက်ပြီး အကျွမ်းတ၀င် မရှိလေတော့ ဘေးနားကနေပဲပေါ့..

ကျမလည်း တိရစ္ဆာန်ဆေးခန်း သွားပြမယ်ဆိုပြီး သူငယ်ချင်းညီမလေး တယောက် လှမ်းခေါ်လိုက်ပါတယ်။ အဲဒီညီမလေးက ခနနေ လာမယ်တဲ့.။ ကြောင်လေးကို ထားခဲ့ပြီး ကျမလည်း အဲဒီညီမလေး မလာခင် အလုပ်လုပ်နေလိုက်ပါတယ်.။ ညီမလေး လာလို့ သွားကြည့်လိုက်တော့ ကြောင်လေး သေနေပါပြီ။။ ညီမလေးရေ ဆေးခန်းသွားလို့ မရတော့ဘူး ကြောင်လေး သေသွားပြီလို့ ပြောလိုက်ရတယ်.။ ကျမလည်း စိတ်ထဲမှာ ဆေးခန်း သွားပြလိုက်ရင်တော့ ကောင်းသွားမှာပဲ ဆိုပြီး ထင်ထားတာလေ.။ ကြောင်လေး သက်သာအောင် ဆရာဝန်ဆီမှာ ကုမယ်ဆိုပြီး.... နောက်ကျသွားလို့လားနဲ့ စိတ်မကောင်းစွာပေါ့..။

လုပ်ဖေါ်ကိုင်ဖက် ညီမလေးကတော့ ကြောင်လေးတွေက အဲလိုပဲ သေသွားတတ်တယ်တဲ့.။ ခုတော့ တကောင်တည်း အဖေါ်မဲ့စွာ ကျန်နေခဲ့ပြီပေါ့..။ ခါတိုင်းဆို သူတို့လေးတွေ တတွဲတွဲနဲ့ ပြေးလိုက်လွှားလိုက်နဲ့ ဆော့နေကြတာ..။ ကျန်ခဲ့တဲ့ တကောင်လည်း ဘယ်လိုများ ဖြစ်အုံးမလဲ ဆိုပြီး တွေးပူနေမိတယ်..။ အဲဒီ ကြောင်လေးကို ကြည့်လိုက်တော့ နားလည်သလိုလို မှိုင်လို့….

ကျမ ဘယ်တုန်းကမှ တိရစ္ဆာန် မမွေးဖူးခဲ့သလို ချစ်လည်း မချစ်တတ်ခဲ့ပါဘူး..။ ဒါပေမဲ့ သတ္တ၀ါလေး တွေကိုတော့ သနားတယ်.။ ကျွေးတယ်.။

ဘာပဲဖြစ်ဖြစ် ခနတာ တွေ့ခဲ့ရတဲ့ အတောအတွင်း သံယောဇဉ် ဖြစ်သွားခဲ့ရတယ်..။

ခုတော့ တရားသဘောအတိုင်း တနေ့မှာ ဒီလိုပဲ အားလုံး မလွဲမသွေ သွားကြရမဲ့ ခရီးလမ်းပါလားလို့ သံဝေဂသာ ထပ်ပွါး မိတော့တယ်...။

Friday, July 9, 2010

နေရာလေး…..တခု

နေရာလေး.. တခုကို ရောက်ဖူးကြတဲ့ သူတိုင်း…၊ ရောက်ခဲ့ကြတဲ့ သူတိုင်း…၊ ရောက်နေကြတဲ့ သူတိုင်း… အဲဒီ နေရာလေး…တခု ရဲ့ ပိုင်ဆိုင်မှု တန်ခိုး အင်အား အရ အသိပညာ၊ ကျော်စောမှု၊ အတိမ်အနက်၊ အာဏာ တန်ခိုး၊ သြဇာ၊ လောဘ၊ ဒေါသ၊ မုဒိတာ၊ မာနတံခွန်၊ သည်းခံနိုင်စွမ်း၊ ဆင်ခြင်နိုင်မှု၊ ရောင့်ရဲနိုင်မှု၊ ………. တွေက ကိုယ်ခန္ဓာ အနှံ့အပြား ပျံ့နှံ့ ၀င်ရောက် လာတာ သဘာဝ တရားကြီးကပဲ ခြယ်လှယ် လိုက်လို့များလား…။


ဒါမှမဟုတ် မိမိရဲ့ ကိုယ်ပိုင် ဦးနှောက် စေစားရာ နောက်ကို လိုက်မိသွားလို့များလား……..။

အဲဒီ နေရာလေး တခုကလည်း ပုထုဇဉ် လူသားတိုင်းလိုလို ရောက်ဖူးချင်ကြ၊ ကြုံတွေ့ချင်ကြ၊ ပိုင်ဆိုင်ချင်ကြနဲ့…….. အလုအယက်တောင် ဖြစ်နေသေး………!!

နေရာလေး.. တခု….. က ဘယ်လောက်တောင် တန်ခိုးတွေကြီးပြီး တန်ဖိုးတွေ ရှိနေလို့များလဲ……….။

တစုံတခု အထိ သြဇာတန်ခိုးနဲ့ တန်ဖိုးရှိလို့လည်း ရောက်ချင်ကြတာလို့ ယုံကြည်ပါတယ်…..။

နေရာလေး..တခု ရဲ့ သက်တမ်း အနေနဲ့ရော ဘယ်လောက်တောင် ကြာမြင့်မှာလဲ………။

နေရာလေး..တခုက တကယ် စစ်မှန်တဲ့ ခံစားချက်၊ ပျော်ရွှင်မှု တွေကို ပေးနိုင်မှာလား……။

နေရာလေး...တခု တဲ့လား!!!!!

နေရာလေး..တခုကို ရောက်နေတဲ့ သူအတွက်ပဲ ပျော်ရွှင်နိုင်ပြီး တခြား သူတွေအားလုံး အတွက် ဆန့်ကျင်ဘက် ဖြစ်နေမယ် ဆိုရင်ရော အဲဒီ နေရာလေး တခုက တန်ဖိုးရှိတဲ့ နေရာလေး..တခု ဟုတ်ပါတော့မလား..!

နေရာလေး..တခုမှာ ရောက်နေတဲ့ သူအနေနဲ့လည်း ၀န်းကျင်က တခြား သူတွေကို ပြည့်ဝတဲ့ သဘောထား မှန်ကန်မှုတွေ..၊ မေတ္တာတရားတွေ…၊ ကြင်နာမှုတွေ…၊ မျှတမှုတွေ..၊ ကိုယ်ချင်းစာ တရားတွေ… ကို......မပေးနိုင်ခဲ့ရင်…

ပေးဖို့အတွက် စိတ်အင်အားတွေ မရှိခဲ့ဘူးဆိုရင်… တန်ဖိုးကြီးပြီး လှပတန်ခိုးရှိတဲ့ လူ့ဘောင်အဖွဲ့ကြီးနဲ့လည်း ဝေးကွာလွန်းမက ဝေးကွာသွားရလိမ့်မယ်..။

စစ်မှန် နွေးထွေးပြီး တန်ဖိုးရှိတဲ့ နေရာလေး..တခုမှာ နေဖြစ်ခဲ့ရင် မိမိရဲ့စိတ်လည်း နူးညံ့သိမ်မွေ့ပြီး စစ်မှန်တဲ့ သစ္စာ.. စစ်မှန်တဲ့ မေတ္တာတရားနဲ့ အကြင်နာလက်တစုံ ရှိဖို့ မျှော်လင့် တောင့်တမိပါတယ်..။ မိမိရဲ့စိတ်က အခြားဘက်ကိုသာ ရောက်သွားခဲ့ရင် မိမိနဲ့အတူ မိမိရောက်နေတဲ့ နေရာလေး..တခုရဲ့ တန်ဖိုးလည်း ကျဆင်းသွားပြီး နေရာလေး..တခုရဲ့ နာမည်လည်း မှေးမှိန်လျော့ကျသွားစရာ အကျည်းတန် နေ၀င်ချိန် တွေကသာ ဆီးကြိုနေလိမ့်မယ်..။

နေရာလေး..တခုရဲ့ နာမည်နဲ့ ဂုဏ်ဒြပ်..ကို တန်ဖိုးရှိရှိ မှန်ကန် တည်တံ့စွာ ရပ်တည်နိုင်ဖို့ ဖြည့်စွမ်း ပေးနိုင်တဲ့သူများ ဖြစ်ခဲ့ရင်…..!

လူအများစုဟာ နေရာလေး..တခုရဲ့ ခွန်အား ဒဏ်ကို ခံနိုင်ဖို့အား မရှိလှပါဘူး..နေရာလေး..တခုရဲ့ ဆွဲအားအရ ဆွဲသွားတဲ့ အခြေအနေကိုပဲ လိုက်လျောပြီး ကပြ အသုံးတော် ခံနေကြလေရဲ့..။ ဘယ်လောက်တောင် တန်ခိုးရှိပြီး ခွန်အားကြီးတဲ့ နေရာလေး..တခုပါလဲ..။ တချို့ကျတော့လည်း အဲဒီ နေရာလေး..တခုကို ရောက်သွားတယ် ဆိုတာနဲ့ မိမိရဲ့ မူလ စိတ်ဓါတ် ဇာစ်မြစ်ပါ ပျောက်ဆုံးသွားကြပြီး နေရာလေး..တခုရဲ့ ဒဏ်ကို ရှက်ရံွ့မှု မရှိပဲ ချစားနေကြလေရဲ့..။ တချို့ကတော့ နေရာလေး..တခု ကိုအားကိုးပြီး သကာလ အာဏာ တန်ခိုး ပြချင်တိုင်း ပြနေလေရဲ့..။

တချို့ကလည်း နေရာလေး..တခုကို ရောက်ပြီ ဆိုတာနဲ့ မိမိနဲ့ တူတဲ့ အမျိုးတူ လူသားအားလုံး အပေါ်မှာ မထောက်မညှာ ကြီးစိုးချယ်လှယ် နေတော့တယ်..။

>ဘယ်လိုပဲ ဖြစ်ဖြစ် ဘယ်တော့မှ မတည်မြဲတဲ့ လောကကြီးထဲမှာ ပြောင်းလဲခြင်းကသာ မပြောင်းလဲသော တည်မြဲမှု ဖြစ်နေလေတော့ နေရာလေး..တခု ဆိုတာ လည်း ခဏတာ ရေဗွက် ပမာသာ ဖြစ်တယ်ဆိုတာ လက်ခံ ယုံကြည်ပြီး ပြုမူ နေထိုင် ကျင့်ကြံမယ်ဆိုရင် လူသား အားလုံးအတွက် အကျိုး ဖြစ်ထွန်းစေနိုင်မဲ့ သာယာ ချမ်းအေးတဲ့ လမ်းပေါ်မှာ လျှောက်လှမ်းနိုင်လာကြမှာပါ..

မိမိလည်း စစ်မှန်ပြီး တန်ဖိုးရှိတဲ့ နေရာလေး..တခုပေါ်ကို မျက်စေ့လည် လမ်းမှားလို့ပဲ ဖြစ်ဖြစ်.. ရောက်ခဲ့မယ်ဆိုရင် မှန်ကန်စွာနဲ့ မျှတစွာ. ရပ်တည်နိုင်ပါပြီလား….... အကြင်နာလက်တစုံ ရှိနေပါပြီလား လို့ မေးခွန်းထုတ်ရင်း .…

လူသားတိုင်း မှန်ကန်တဲ့ နေရာလေး..တခုပေါ်မှာ မှန်ကန်စွာ ရပ်တည်နိုင်ပြီး.. ရောက်နေရတဲ့ နေရာလေး..တခုရဲ့ ကာလသက်တမ်း တလျှောက် မည်သူ တစုံတဦးကိုမှ ကိုယ်စိတ်နှလုံး မပျက်စီးစေဖို့ ရည်သန် ဆန္ဒပြုရင်း….

Saturday, July 3, 2010

ငယ်ဘ၀ ရူးသွပ်မှု…

ငယ်ဘ၀ရဲ့ အပိုင်းအစလေး တွေကို ပြန်ပုံဖေါ်ကြည့်မယ် ဆိုရင် လူတိုင်းလူတိုင်းမှာ ဖြူစင်တဲ့ ရူးသွပ်မှု တခုစီတော့ ရှိခဲ့ကြတယ်..။

ကဗျာမြတ်နိုးလို့ ကဗျာရူးသွပ်တဲ့သူ၊ စာပေ ရူးသွပ်တဲ့သူ၊ အားကစား ရူးသွပ်တဲ့သူ၊ ငါးလေးတွေကို တယုတယ မွေးပြီး ရူးသွပ်တဲ့သူ၊ အနုပညာ ဗီဇအရ အနုပညာ ရူးသွပ်ခုံမင်တဲ့သူ၊ အနုပညာထဲကမှ ဂစ်တာတီးတာ ရူးသွပ်တဲ့သူ၊ သီချင်းဆို ရူးသွပ်တဲ့သူ၊ အကကို ရူးသွပ်တဲ့သူ၊ ကျောင်းဆရာမတွေ ကို အားကျပြီး စာသင်ချင်လို့ ဆရာမ ရူးသွပ်ခဲ့တဲ့သူ…………… စတဲ့ ရူးသွပ် ခုံမင်ခဲ့တဲ့သူတွေ အများကြီး…… ရှိခဲ့ကြတယ်…!!!

ငယ်ဘ၀ တခု.....

ကဗျာမြတ်နိုးတဲ့ သူတွေ အချင်းချင်း ကိုယ့်ရဲ့ ကဗျာဖန်တီးမှုတွေကို စာအုပ်လေးတွေ အဖြစ် ပုံနှိပ်လို့…၊ ၀တ္ထုတိုလေးတွေ ရေးပြီး မ၀ံ့မရဲနဲ့ မဂ္ဂဇင်းထဲမှာ ဖေါ်ပြခွင့်ရဖို့ ကြိုးစားပမ်းစား…၊ အားကစား ခုံမင်သူတွေထဲမှာတော့ ဘောလုံး ချစ်သူတွေက ကျောင်းပေါင်းစုံဘောလုံး၊ မြို့နယ်ဘောလုံး၊ နောက်နိုင်ငံကျော်အထိ ဘောလုံးသမားကောင်း အဖြစ် စိတ်ကူးဖန်တီးလို့..၊ တိရစ္ဆာန်လေးတွေကို ချစ်ခင်ကြတဲ့ သူတွေ.. မွေးမြူချင်တဲ့ သူတွေထဲမှာမှ ငါးလေးတွေ မွေးချင်တဲ့သူတွေက ငါးကန်လေးတွေ လှလှပပ လုပ်ပြီး ငါးလေးတွေကိုမွေးလို့…၊ အနုပညာ ဗီဇ ထက်သန်သူတွေက ထက်သန်ရာ ထက်သန်ရာ ဘက်မှာ စိတ်ပါလက်ပါ ဖန်တီးလို့..၊ စာသင်ကြားချင်သူတွေ ကတော့ အခြေအနေ ပေးရင်ပေးသလို စာသင်ကြားပေးလို့..

တချို့ကတော့ ငယ်ဘ၀ရဲ့ ပုံရိပ်တွေ ပျောက်ကွယ် သွားခဲ့ကြရတယ်.။ ဒါပဲ ဖြစ်ရမယ် ဆိုတဲ့ တင်းကျပ်တဲ့ ဘောင်အတွင်းမှာ မဖြစ်မနေ ပြုလုပ်နေ ကြရတာတွေ…..ဒုနဲ့ဒေး……..!

ဒါပေမဲ့ အသက်အရွယ် ကြီးလာပေမဲ့ ငယ်ဘ၀ရဲ့ စိတ်ကူးအိပ်မက်၊ ရူးသွပ်မှု တွေက မပျောက်မပျက် ရင်ထဲတနေရာမှာ ဖြစ်တည်နေတာကိုတော့ ဘယ်လိုအရာကမှ တားဖြစ်နိုင်စွမ်း မရှိကြပါဘူး.။

ဘ၀ရဲ့ စိန်ခေါ်မှုတွေကြောင့် လမ်းကြောင်း ဦးတည်ချက် ပြောင်းသွားပေမဲ့ ငယ်ဘ၀ရဲ့ ရူးသွပ် ခုံမင်မှုတွေကို အခြေအနေ ပေးရင်ပေးသလို ထုဆစ်ချင်ကြတယ်… သီကုံးချင်ကြတယ်…။

တချို့ကတော့ ငယ်ဘ၀ရဲ့ ရူးသွပ်မှု အတိုင်း မျောပါ နစ်ဝင်ရင်း အောင်မြင်မှုတွေ တနင့်တပိုးနဲ့…။

ငယ်ဘ၀ရဲ့ ရူးသွပ်မှု လမ်းကြောင်းကနေ သွေဖီ သွားခဲ့ရပေမဲ့ ဖြစ်တည်ခဲ့ရတဲ့ ဘ၀ ထဲမှာ စိတ်ကူးစိတ်သန်း ထက်သန်စွာ အကောင်းဆုံး လုပ်ဆောင်ချက်တွေနဲ့ လျှောက်လှမ်းနိုင် မယ်ဆိုရင် တချိန်တုန်းက မက်ခဲ့..ရူးသွပ်ခဲ့ရတဲ့ ငယ်ဘ၀ ပုံရိပ်တွေလည်း ထပ်ချပ်မကွာ လိုက်လာမှာပါ..

တချို့ကတော့ ငယ်ဘ၀ ရူးသွပ်ခုံမင်မှုတွေက ဘ၀ရဲ့ ရိုက်ခတ်မှုဒဏ်တွေ၊ ဘ၀ရဲ့ ရေစီးကြောင်းဒဏ်တွေကြောင့် မှုန်မှိုင်း ပျောက်ပျက်ခဲ့ရပြီး နှမြောစရာ ကောင်းစွာနဲ့ လွင့်စင် သွားခဲ့ကြရတယ်…။

တချို့ကလည်း လှိုင်းတံပိုး ဘယ်လောက်ပင် ထန်ထန် ဆိုတဲ့ စိတ်ဓါတ် အားမာန် နဲ့ ငယ်ဘ၀ ရူးသွပ်မှုကို မဖြစ်မနေ တည်ဆောက်ပြီး ကူးခတ်နေကြတယ်..

တချိန်က ရူးသွပ်ခဲ့ရတဲ့ ငယ်ဘ၀ရဲ့ အိပ်မက်တွေကို အကောင်အထည် မဖေါ်နိုင်ပေမဲ့ ပစ္စပ္ပုန်မှာ တွေ့ကြုံ လှုပ်ရှားနေထိုင်နေရတဲ့ ဘ၀လေးကိုပဲ မိမိအပါအ၀င်.. မိမိဝန်းကျင်လှပ သပ်ရပ်အောင်..၊ အကောင်းဆုံး တည်ဆောက်နိုင်ပြီး အနာဂတ်အတွက် လှပတဲ့ လူ့အဖွဲ့အစည်း တခု ဖြစ်လာအောင် ပြုစု ပျိုးထောင်နေရင်း ငယ်ဘ၀ ရူးသွပ်ခုံမင်မှုတွေကိုလည်း အလှဆင် နိုင်ကြပါစေလို့ ရည်ရွယ်ရင်း…

ကျမရဲ့ တချိန်က ငယ်ဘ၀ ရူးသွပ်မှုလည်း ကျမနဲ့အတူ ဖြစ်တည်ခွင့် မရခဲ့ရရှာ….!!!!!