Saturday, February 13, 2010

တိုင်းပြည် ဂုဏ်ဆောင် ဇာနည်ဖွား

မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
ဒီကနေ့ ဖေဖေါ်ဝါရီလ(၁၃) ရက်နေ့ဟာ မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မွေးနေ့ ဖြစ်ပါတယ်။ ဒီနေ့ကို မြန်မာနိုင်ငံ ရဲ့ ကလေးများနေ့ အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ် ပွဲတွေကို မြန်မာနိုင်ငံ တ၀န်းမှာ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပလေ့ ရှိခဲ့ကြတယ်။ အခုတော့ ဗိုလ်ချုပ်ရဲ့ မွေးနေ့ ဆိုင်ရာ အခမ်းအနားတွေ တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ် လာခဲ့ ရပါတယ်။
ဒီတော့ နောင်လာ နောက်သားတွေ အနေနဲ့ ကိုယ့်နိုင်ငံ လွတ်လပ်ရေး ရအောင် လုပ်ပေးခဲ့တဲ့ ခေါင်းဆောင် တယောက်ရဲ့ အကြောင်းတွေကို သိဖို့ ဘယ်လောက် အရေးကြီးပါသလဲ။
ဗိုလ်ချုပ် ကြေးရုပ်
မြန်မာနိုင်ငံမှာ သမိုင်း ကထိက လုပ်ခဲ့ဖူးပြီး အခုတော့ အမေရိကန် ပြည်ထောင်စု အီလီနွိုင်းပြည်နယ် ဂျတ်ဒ်ဆင် (Judson) တက္ကသိုလ်မှာ သမိုင်း ပါမောက္ခလုပ်နေတဲ့ ဒေါက်တာ နော်အိန်ဂျလင်းက ဘာကြောင့် အရေးကြီးတယ် ဆိုတာ ခုလို ပြောပြပါတယ်။
“ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ကိုတော့ တိုင်းပြည်က သိသင့်တယ်၊ ကလေးတွေလည်း သိသင့်တယ်၊ ပညာတတ် တွေလည်း သိသင့်တယ်။ ကိုယ့်ရဲ့သမိုင်း အမွေအနှစ်က ကိုယ်က ထုတ်ဖော်ပြီးတော့ သိမှသာ၊ ပြောနိုင်မှ သာလျှင် အခြား ကမ္ဘာမှာရှိတဲ့ တိုင်းပြည်တွေကလည်း ကိုယ့်လူမျိုးကို ရိုသေမယ်၊ အသိအမှတ်ပြုမှာပေါ့။ ကိုယ်ကမ အသိအမှတ် မပြုရင် အခြား လူတွေကလည်း ကိုယ့်ကို ဘယ်လို အသိအမှတ်ပြုမလဲ။ ဗိုလ်ချုပ်အောင်ဆန်း တောင်မှ မသိခဲ့လို့ရှိရင် ဒီတိုင်းပြည်က ဘယ်သူ ထောင်ခဲ့မှန်းတောင် သူတို့ သိမှာ မဟုတ်ဘူး။ ကိုယ့်ရဲ့သမိုင်းအစကိုလည်း သူတို့ မသိဘူးဖြစ်မယ်။

“ဗိုလ်ချုပ်အောင်ဆန်း ထူထောင်တဲ့ မြန်မာနိုင်ငံဟာ တကယ်တော့ အရေးကြီးတဲ့ ကဏ္ဍမှာ ပါခဲ့တယ်။ အဲဒါကြောင့် ကိုယ့်တိုင်းပြည်မှာ ကလေးတွေက ဒါကို သိခဲ့လို့ရှိရင် နိုင်ငံရဲ့ ရှေ့ရေးအတွက် အလားအလာ ပိုကောင်းနိုင်တယ်၊ ပြီးတော့ ဒီတိုင်းပြည်ကို လည်း ပိုချစ်ပြီးတော့ ပိုပြီးတော့ တိုးတက်အောင် လုပ်ချင်စိတ်တွေ ရှိလာမယ်ပေါ့။ သူတို့ကို နောက်ကနေ တွန်းအားပေးတဲ့ သဘော ဖြစ်နိုင်မယ်။

“ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို မသိရင်တော့ သူတို့အတွက်က ကြည့်စရာ နမူနာ စံပြလူ မရှိဘူး။ ကျန်တဲ့လူတွေကို လျှောက်ကြည့်ပြီး ပတ်ဝန်းကျင်မှာ ကိုယ့်လူမျိုးထက် အခြား ကောင်းတဲ့လူမျိုးရဲ့ ခေါင်းဆောင် တွေကိုပဲ အားကိုး အထင်ကြီးပြီး အဲဒီလူမျိုး တွေကို ပိုအထင်ကြီးသွားမှာလည်း ဖြစ်နိုင်ပါတယ်။ တိုင်းပြည်ကို ချစ်တဲ့စိတ်ကလည်း လျော့သွားနိုင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်ရဲ့တိုင်းပြည်မှာ လူတော်လူကောင်း “ပညာတတ် အဆင့်တွေမှာပါ လုံးဝ မသိရဘူး ဆိုကတည်းက ဒီတိုင်းပြည်ကို တည်ထောင်ခဲ့တဲ့ လူရဲ့ သမိုင်းက လုံးဝ ပျောက်သွားပြီပေါ့။ တိုင်းပြည် တည်ထောင်တဲ့ လူရဲ့ သမိုင်းပျောက်ရင် တိုင်းပြည်ပျောက်တာနဲ့ အတူတူပဲလေ။ ဘာဖြစ်လို့လဲဆိုတော ကိုယ့်သမိုင်းကို ကိုယ်ဖျောက်ပစ်တဲ့ဟာက ကိုယ့်ရဲ့ဇာစ်မြစ်က ပျောက်သွားတာပေါ့။ အမွေအနှစ် ပျောက်သွားတဲ့ သဘောပါပဲ။ ဗိုလ်ချုပ်အောင်ဆန်း လက်ထက်မှာ ဆိုရင် သူက တိုင်းပြည်မှာရှိတဲ့ တိုင်းရင်းသား အားလုံးကို စည်းရုံးနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။

“အဲလို တိုင်းရင်းသား အားလုံးကို တန်းတူရည်တူ အခွင့်အရေး အတူတူပေးဖို့ စည်းရုံး နိုင်ခဲ့လို့ လူတွေကလည်း သူ့ကို ယုံကြည်ခဲ့တယ်၊ အားကိုးခဲ့တယ်။ အဲဒီလို ယုံကြည် အားကိုးခဲ့တဲ့ လူကြီးမျိုးကို တိုင်းပြည်မှာရှိဖို့ အစိုးရအဖွဲ့အစည်းမျိုးနဲ့ အဲဒီလိုလူမျိုးနဲ့တည်ထောင်နိုင်ဖို့ ဆိုတာ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ကဏ္ဍဖြစ်တယ်။

“အဲဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို မသိဘဲနဲ့ သမိုင်းကိုလည်း မသိတော့ဘူး။ ဗမာပြည်ဟာ ဘယ်လောက် အထိ ကမ္ဘာမှာ တန်းတူရှိခဲ့တယ် ဆိုတာ လည်း မသိဘူး ဆိုရင်တော့ ဒီလို အခြေအနေမျိုး ပြန်ရောက်အောင် လုပ်ချင်စိတ်လည်း ရှိမှာ မဟုတ်တော့ဘူး။ ခေတ်ကမ္ဘာ တိုးတက် နေပေမယ့် မြန်မာပြည် ကတော့ ဆက်ပြီး တိုးတက်စရာလမ်း မရှိတော့ ဘူးပေါ့။”

Aung San and the struggle for Burmese Independence ဆိုတဲ့စာအုပ်ကိုလည်း ရေးသားခဲ့တဲ့ သူတဦးလည်း ဖြစ်ပါတယ်ရှင်....။

ကိုယ့်နိုင်ငံ လွတ်လပ်ရေး ရဖို့ အတွက် အရေးကြီးတဲ့ အခန်း ကဏ္ဍက ပါဝင်ခဲ့တယ် ဆိုတာ နောင်လာ နောက်သားတွေ မသိရလေအောင်၊ မှေးမှိန်အောင် အမျိုးမျိုး ပြုလုပ်နေကြတဲ့ လူတွေကြောင့် ကိုယ့်နိုင်ငံကြီး ဘယ်လောက်တောင် ဆုတ်ယုတ် နေရပါပြီလဲ...။

ကိုယ်လည်း အနည်းဆုံးတော့ ကိုယ့်ဘေးနား ၀န်းကျင်မှာ ရှိတဲ့ ကလေးတွေ၊ လူငယ် လူရွယ်တွေ ကို လက်လှမ်း မီသလောက် ပြောပြ ရင်း ကိုယ့်နိုင်ငံမှာ ဒီလို ခေါင်းဆောင်ကောင်း ရှိခဲ့တယ် ဆိုတာ ဂုဏ်ယူ ပြောဆို နိုင်ကြပါစေလို့ ..........။

ဗိုလ်ချုပ် ၏ ၉၅ နှစ်ပြည့် မွေးနေ့ အမှတ်တရ ဦးညွတ် ဂုဏ်ပြုပါသည်။

6 comments:

ဒဏ္ဍာရီ said...

ညီမလေး သဒ္ဓါရေ..... အခုလို အချိန်မျိုးမှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို အမှတ်တရ လေးစားဂုဏ်ပြုတာ တွေ့ရလို့ ၀မ်းသာ ဂုဏ်ယူမိပါတယ်။ အမျိုးသားရေး စိတ်ဓါတ်ဆိုတာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်သလို လွတ်လပ်ရေးရဲ့ ဖခင်ကြီးကိုလည်း နိုင်ငံသားတိုင်း သတိရစေချင်ပါတယ်။ ညီမလေးရဲ့ ပိုစ့်ကို ဖတ်ပြီး အရမ်းကို ကျေနပ်မိသလို လေးစားမိပါတယ်။

ခင်မင်လေးစားလျှက်

Flower said...

ဘယ်ခါဖတ်ဖတ်မရိုးနိုင်သလို ဘယ်လိုဘဲ စာဖွဲ့ဖွဲ့ မပြည့်စုံနိုင်တဲ့ လူစွမ်းကောင်းတစ်ယောက်ရဲ့ ပုံရိပ်ကို
ဂုဏ်ယူစွာနဲ့ လာဖတ်သွားပါတယ်သဒ္ဓါ..
ဂျီတော့မှာ ဖေဖော်ဝါရီ ၁၃ရဲ့မွေးနေ့ရှင်လို့ ရေးထားတာကို ဘယ်သူ့မွေးနေ့လဲလို့ လာမေးတဲ့သူတွေ ရှိနေတာကို တအံ့တသြဖြစ်မိပါတယ်..
ဒီလိုလူစားတွေထဲမှာ ကိုယ်မပါတာကိုတော့ ကြံဖန် ဂုဏ်ယူရမယ်ထင်ပါရဲ့..........

~ဏီလင်းညို~ said...

သဒ္ဒါရေ...
အဲ့ဒီပုံလေးတွေမြင်တိုင်း...ကျွန်တော်တော့ ဖခင်ကြီးကို တိုးတိုးလေးလွမ်းမိပါတယ်ဗျာ....း(
ခင်မင်တဲ့
ဏီလင်းညို

သော်ဇင်စိုး said...

အမရေ သူကတော့ အမေ့ဦးခေါင်းပေါ်မှာ ပန်းတစ်ပွင့် ပန်ပေးပြီး အတိုင်အတာမဲ့ တာသန်ကျေသွားခဲ့ပါပြီ အမြဲတမ်းပဲ စဉ်းစားနေခဲ့မိပါတယ် ကျွန်တော်တို့လည်း ဘယ်တော့များ ဒီလိုတာဝန်တွေ ကျေနိုင်မလဲလို့...
လေးစားလျက်.....

flowerpoem said...

ဗိုလ်ချုပ်မွေးနေ့ကို အမှတ်တရဖော်ပြပေးတာ ကျေးဇူးပါ ညီမငယ်

အင်ကြင်းသန့် said...

ဟီးးးးးးးးးး(ရှက်လို့...)
သဒ္ဓါက ဗိုလ်ချုပ်အကြောင်းကိုရေးတဲ့ အချိန်မှာ တို့က Show ပွဲမှာကဲမယ့် အကြောင်းရေးတယ် ...ကွာချက်...ကွာချက်... :)))