Saturday, October 29, 2011

မှတ်မိခြင်း၏နောက်ကွယ်

ငယ်ဘဝတွင် မိမိ၏မှတ်မိခြင်း စွမ်းရည်သည် အကြောင်းအရာကိစ္စများ၊ သင်ကြားနေသော ပညာရပ်များ၊ ကိန်းဂဏန်းများကို မမေ့မလျော့ပဲ အမြဲမှတ်မိ နေတတ် ခဲ့သည်ကို ပြန်စဉ်းစားလိုက်တိုင်း တရက်ပြီးတရက် ကုန်ဆုံးခဲ့သော အချိန်ကာလ၏ တိုက်စားမှုဒဏ်ကြောင့် မှတ်မိမှုစွမ်းအား ယိုယွင်းလာတတ်သည်မှာ သဘာဝတရားကြောင်း အရဆိုပြီး လက်ခံရတော့မှာလား။ အသက်အရွယ်အရ တာဝန်ဝတ္တရားများနှင့် နေထိုင်မှုဘဝ အတွက် ပြေးလွှား နေကြရသောကြောင့် မှတ်မိမှုစွမ်းအား လျော့ကျလာ သည်လည်း ရှိနိုင်ပါသည်။

မေ့လျော့သည်မှာ ခင်မင်ခဲ့ဖူးသော သူတယောက်၏ အမည်နာမ၊ ဆရာသမား၏ အမည်နာမ၊ သင်ကြားနေရသော ပညာတခု၊ မိမိပညာ၏ လက်ခံနိုင်မှု၊ လက်တလော လုပ်ကိုင်နေသော အခြင်းအရာတခုကို မေ့လျော့ခဲ့သလား၊ သူတပါး၏ ကျေးဇူး သိတတ်မှုနှင့် နားလည်မှုတို့ ကို မေ့လျော့ခဲ့သလား၊ ဒါမှမဟုတ် မိမိကို တန်ဖိုးထားသောသူ၏ တစုံတရာ သိတတ်မှုအပေါ် မှတ်မိနိုင်မှုမရှိပဲ မေ့လျော့နေခဲ့ခြင်းလား။ မမှတ်မိသလို မေ့လျော့ ဟန်ဆောင်နေခဲ့ခြင်း ရှိနေသောသူများနှင့် ရင်ဆိုင်တိုးဝှေ့ရသော အခါတွင်လည်း နှလုံးသားထဲတွင် ထင်ကျန်ရစ်ခဲ့သော နာကျင်မှုတို့ကို မသိခြင်းကြောင့်သာ ဖြစ်မှာပါပဲဟု ဖြေတွေးတွေးရင်း ကုစားခဲ့ရပါသည်။

အချိန်ကာလ ကြာမြင့်မှု တခုကြောင့် မှတ်မိခြင်း စွမ်းအင် လျော့ကျသည်မှာ ဖြစ်နိုင်သော်လည်း ကာလတို တခုအတွင်းမှာပင် မှတ်မိနိုင်ခြင်း မရှိပဲ မမှတ်မိတော့ဘူးဟု လွယ်ကူစွာ ပြောဆိုလိုက်ခြင်းသည် ထိုသူ၏ လေးစားမှု မရှိခဲ့ခြင်းကြောင့်သာ ဖြစ်နိုင်သည်ဟု နားလည်မိပါသည်။

မတွေ့ဖြစ်တာကြာနေသော သူတယောက်က မိမိ၏နာမည်ကို မှတ်မိစွာ ခေါ်ဆို လိုက်သောအခါ ဖေါ်မပြနိုင်သော ဝမ်းသာပီတိ ဖြစ်ခဲ့ကြပေလိမ့်မည်။ သူငယ်ချင်းကလည်း မိမိသူငယ်ချင်း၏ မှတ်မိနေမှုကို မျှော်လင့်မိပေလိမ့်မည်။ လောကလမ်းပေါ်တွင် သူငယ်ချင်းအချို့နှင့် တွေ့ဆုံခဲ့လျှင်သော်မှ ထိုသူငယ်ချင်း၏ အမည်နာမကို မမှတ်မိပဲ မေ့လျော့နေခဲ့မိလျှင် မှတ်မိဥာဏ် စွမ်းအားကိုပဲ အပြစ်တင်ရမှာလား၊ မှတ်မိနိုင်မည့် ခြေရာ မထင် ကျန်ခဲ့၍လားဟု မိမိကိုယ်တိုင် အဖြေထုတ်ရလိမ့်မည်။ ထို့အတူ ဆရာသမားများက မိမိတပည့် မိမိကို မှတ်မိနေခြင်းမျိုးကို တောင့်တမိပေလိမ့်မည်။ တပည့်တယောက်ကလည်း မိမိဆရာ မိမိအပေါ် မှတ်မိနေခြင်းမျိုးကို လိုလားမိမှာ အမှန်ပင် ဖြစ်ပေသည်။

သူတပါးက မိမိ၏ အမည်နာမကို မှတ်မိနေခြင်း၊ မိမိအလေးထားသော အရာများကို မှတ်မိနေခြင်း၊ မိမိလေးစားသောအရာများကို မှတ်မိနေခြင်း၊ မိမိလျှောက်လှမ်းနေသော လမ်းကို မှတ်မိနေခြင်း သည် ထိုသူ့အပေါ်တွင် ခင်မင်စွာနှင့် မှတ်မိစွဲထင်စရာ ပို၍ ဖြစ်လာပေလိမ့်မည်။

ထိုကဲ့သို့ မိမိအပေါ် မှတ်မိနေခြင်းကို လူသားတိုင်း လိုလားမိမှာပင်၊ မှတ်မိနေသည် ဆိုကထဲက ဘာကြောင့် မှတ်မိနေခြင်းလဲ ဆိုသည့် အဖြေက ကပ်ပါနေပါသည်၊ မိမိ၏ ထူးခြားသည့် အပြုအမူတွေကြောင့်လား၊ မမေ့နိုင်မည့် တန်ဖိုးထားစရာ အကြောင်းရင်းကြောင့်လား၊ တပါးသူက မိမိကို မှတ်မိနေခြင်းမှာ မိမိတွင်ရှိသော အရည်အချင်း တခုခုကြောင့်လား၊ မိမိ၏ မျှခြေတခုသည် တပါးသူ၏စိတ်ထဲတွင် စွဲထင်စရာ တရားမျှမှုတွေ ဖြစ်သွားခဲ့လို့လား။ ထို့ပြင် ခက်ခဲသော အခြေအနေတခုနှင့် အတူဖြတ်ကျော်ခဲ့ရသော အခါတွင် မမေ့မလျော့ မှတ်မိ နေတတ်ခဲ့ပါသည်။ ထို မှတ်မိနေခြင်းမှာ ခက်ခဲ ရုန်းကန်ခဲ့ရသည့် အခြေအနေ၏ အရိပ်ကြောင့်ပင် ဖြစ်ပေလိမ့်မည်။ တခါတရံ အလွယ်တကူ ဖြတ်ကျော်ခဲ့ကြသော အခြေအနေထက် ခက်ခက်ခဲခဲနှင့် ဖြတ်ကျော်ခဲ့ကြသည့် အခြေအနေတခုကို ပို၍ မှတ်မိစေပါလိမ့်မည်။

မှတ်မိခြင်း၏နောက်ကွယ်တွင် ထိုသူ၏ ခင်မင်မှု၊ တွယ်တာမှု၊ တန်ဖိုးထားမှု၊ လေးစားမှု၊ သတိရှိမှု၊ သိတတ်မှု၊ အလေးအနက်ထားမှု၊ အသိအမှတ်ပြုမှု တို့များစွာ ပါသည်ဟု ကျမ လေးနက်စွာ ယုံကြည်ပါသည်။ ထိုအရေးပါသောအရာများ မပါခဲ့၍သာ မှတ်မိခြင်းစွမ်းရည် လျော့နည်းပြီး မေ့လျော့ခြင်းဖြစ်သည်ဟု ကျမတွေးမြင်မိပါသည်။