Saturday, February 6, 2010

ထပ်တူ….

ထပ်တူ ဆိုတော့ တထပ်တည်း ကျတဲ့ အခြင်းအရာ တခုလို့ ပြောလို့ ရမယ် ထင်တယ်နော်…။

ဘယ်အရာ မဆို ထပ်တူ ကျဖို့ ကတော့ အရမ်းကို ခက်ခဲလွန်းတဲ့ ကိစ္စ တရပ်လို့လည်း ပြောနိုင် ပါတယ်…။

တယောက်နဲ့ တယောက်လည်း ထပ်တူကျဖို့ မဖြစ်နိုင် ပါဘူးလေ..။ သိပ်တူလွန်း ပါတယ် ဆိုတဲ့ အမွှာ တွေတောင် တထပ်တည်းမှ မကျနိုင်တာ.။

ဒါပေမဲ့ စိတ်ချင်းတော့ တထပ်တည်း ကျနိုင်တဲ့ သူတွေလည်း ရှိတော့ ရှိနိုင် ပါတယ်။ စိတ်နဲ့ ဆိုင်တဲ့ ခံစားမှု မှာတော့ တထပ်တည်း ကျချင် ကျနိုင်ပါတယ်…။

ဘာလို့လဲ ဆိုတော့ ထပ်တူ ခံစားမှုမျိုးကို ခံစား တတ်လို့ပါ..။ ခပ်ငယ်ငယ် ထဲက ထပ်တူ ခံစားတတ်တဲ့ အကျင့် ရှိခဲ့တယ်..။ တခြားသူ ငိုရင် ငိုချင်တယ်. တခြားသူ ခံစားရရင် ခံစားရတယ်…။ တခြားသူက တခုခု ဒဏ်ရာ အနာတရ ဖြစ်ရင်လည်း ကိုယ်ဖြစ်နေသလို ခံစား ရပြန်တယ်။

ဘယ်သူက ဖြင့်တော့ ဘယ်လို……. ဖြစ်သွားတာ….! သူငယ်ချင်း တယောက် ကတော့…. ဒီလို… ဖြစ်သွားပြီ…..! သူကတော့….. အခု…. ဘယ်လို….! ကြားနေရုံ နဲ့ကို စိတ်က မကောင်းတော့ဘူး.။

ဘယ်သူကတော့……. ဘယ်လို အခက်အခဲ ရှိနေပြီ …. ဆိုရင် ကိုယ်က လုပ်ပေး ချင်နေပြီ။ (အဲဒါ ကောင်းတာလား မကောင်းတာလား တခါတလေ မဝေခွဲ တတ်တော့ဘူး….)။

သူတို့ ပြောတာ နားထောင် နေရင်လည်း ကိုယ်က ခေါင်းလေး တငြိမ့်ငြိမ့် လုပ်ပြီး နားထောင်နေတာ တော်တော် ကြာတော့ ကိုယ်လည်း ခေါင်းတွေ ကိုက်လာပြီ….။ ကိုယ်က အရှည်ကြီး တွေးနေသေးတာကိုး…..။

တခါတလေ မကြားရရင် ကောင်းမှာပဲလို့တောင် တွေးနေမိသေး…..။ ကိုယ်က ရင်မောပြီး ကျန်နေလို့လေ…။

ဒါကြောင့်လည်း ထပ်တူကျတယ်ဆိုတဲ့ စကားလုံး ကို ကျမအနေနဲ့ အဓိပ္ပါယ် ဖွင့်ရတာ ခက်ခဲ ပင်ပန်း လွန်းတယ်လေ….။ ဒါပေမဲ့လည်း ထပ်တူကျ တတ်တဲ့ စိတ်ခံစားမှုကို အခုထိ ပြောင်းလဲလို့ မရသေးဘူး။

ရင်မောမောနဲ့ ရေးရင်း……. ရေးရင်းနဲ့ ရင်မော လာရပြီ……..။

7 comments:

နွေဆူးလင်္ကာ said...

ထပ်တူညီချင်ရင် ယတြာချေရတယ်ဗျ။ နှစ်ရက်နေ့ နှစ်နာရီမှာ ထပ်တူညီ တြိဂံ နှစ်ခုဆွဲပြီး နှစ်ထပ်တိုက်ပေါ်ကနေ နှစ်ခုထပ်ပစ်ချလိုက်ပါ။ အဲဒါကို နှစ်ကြိမ် လုပ်ရပါမယ်။

sosegado said...

ထပ်တူကျ အောင် နတ်သမီးပြောသလို မတူညီကြတဲ့ တို့ရဲ့“ဘဝ”တွေ ညှိယူနေကြရတုန်းပါပဲ ဆိုတာ
အဲဒီလိုနဲ့ပဲ ကျလိုက်ကြပါတယ်

Flower said...

ထပ်တူကျတဲ့စိတ်ဟာ ကောင်းမွန်တဲ့စိတ်ထားလေးတစ်ခုပါ..ဒါပေမဲ့တစ်ခါတစ်ရံတော့ ကိုယ့်အတွက်မကောင်းပြန်ဘူး... ထပ်တူကျသင့်သူကို ကျပေးပြီး ဥပက္ခာပြုသင့်သူကို ပြုလိုက်တာ ပိုကောင်းမယ်လို့ ထင်မိတာဘဲ..

ဒဏ္ဍာရီ said...

ညီမလေးရေ....... အရာရာတိုင်းမှာ ထပ်တူညီ နိုင်ဖို့ဆိုတာ တကယ့်ကို မလွယ်ဘူးနော်။ ဒါပေမယ့် မတူနိုင်တာတွေထဲကမှ တူညီနိုင်တာကို ညှိပြီး ယူနိုင်ကြရင် အကောင်းဆုံး ဖြစ်မှာပေါ့နော်။

ခင်မင်လေးစားလျှက်

~ဏီလင်းညို~ said...

သဒ္ဒါရေ...
ထပ်တူကျ ခံစားပေးတတ်ချင်တာကောင်းတယ်...။
ဒါပေမယ့် အပူကူးစက်မခံစားနဲ့လေဗျာ...။
ဖြစ်သင့်တာက မျှဝေခံစားပေးတတ်ဖို့ပဲထင်တယ်လေ...း)
ခင်မင်တဲ့
ဏီလင်းညို

may16 said...

ဘယ်သူကတော့……. ဘယ်လို အခက်အခဲ ရှိနေပြီ …. ဆိုရင် ကိုယ်က လုပ်ပေး ချင်နေပြီ။ (အဲဒါ ကောင်းတာလား မကောင်းတာလား တခါတလေ မဝေခွဲ တတ်တော့ဘူး….)
ကျွန်မလည်း အဲလိုပဲတစ်ခါတစ်လေ မကောင်းဘူး စိတ်ပင်ပန်းတယ် အရမ်းပဲ အဲဒီအတွက်ကြောင့် စိတ်ပင်ပန်းရတွေများပြီ :)

အင်ကြင်းသန့် said...

သဒ္ဓါရေ...
ဒီပိုစ့်လေးကို ထပ်တူပဲခံစားမိပါတယ်
ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်နဲ့တော်တော်တူလို့ပဲ
ကိုယ်လဲ ဘာလေးကို မဆို ရင်နဲ့အမျှခံစားပစ်လိုက်တတ်လွန်းလို့ ကြာတော့ ကာယကံရှင်တွေကတောင် ဘယ်လိုမှနေမှာမဟုတ်ဘူး ကိုယ်ကပဲသက်ပြင်းတွေနဲ့ ရင်မောကျန်ခဲ့ရတတ်လွန်းလို့လေ....

ခင်တဲ့
အင်ကြင်း