Saturday, January 23, 2010

ဒိုင်ယာရီဟောင်း

မောင်… ဒီနေ့ ဘာလို့ နောက်ကျနေတာလဲ……!

မောင် ဒီနေ့ အတန်းချိန် အပြည့် တက်နေလို့ပါကွာ…။ မနက်ဖန် စောစော လာခဲ့ပါ့မယ်။ ပြီးရော..။ အမြဲတမ်းလိုလို နောက်ကျ တက်တဲ့ မောင့်ကို ကျမ ကလည်း ခွင့်လွှတ် နေကြပါ။

မောင်က ကျမအိမ်ရဲ့ ဘေးနားက အိမ်မှာ လာနေတာပါ။ ဘေးနားက အိမ်က ကောင်လေးက တဦးတည်းသော သားပါ။

မောင်က ကျမအိမ်ဘေးက ကောင်လေးရဲ့ သူငယ်ချင်းပေါ့။ မောင်က နယ်ကမို့လို့ ဘေးနားက ကောင်လေးအိမ်မှာ လာနေတာ။ သူတို့က အင်ဂျင်နီယာ တက်နေသူ တွေမို့လို့ စာတွေ များပါတယ်။ တခါတရံ ကျမ စာမေးပွဲနဲ့ မောင်တို့ရဲ့ စာမေးပွဲက တိုက်ဆိုင် နေတတ်ပြန်တယ်လေ။ မအိပ်ပဲ စာလုပ် နေကြတဲ့ မောင်တို့ သူငယ်ချင်း တွေ ဆူဆူ ညံညံ နဲ့ပေါ့။

မောင်ဟာ သူများအိမ်မှာ မျက်နှာငယ်ငယ်နဲ့ နေနေရတာပါ။ ကျမက မောင့်ကိုကြည့်ပြီး စိတ်မကောင်း ဖြစ်နေကျပေါ။့ တခါတရံ မှာတော့ မောင်နေတဲ့ အိမ်က မောင့် သူငယ်ချင်း အမေရဲ့ ပြောဆိုမှု တွေကို ကြည့်ပြီးလည်း စိတ်မကောင်း ဖြစ်ရပါတယ် မောင်….။

ဒါဟာလည်း ကျမ မောင့်ကို ချစ်ဖို့အတွက် ဖြစ်လာတဲ့ အကြောင်း တရပ်များ ဖြစ်နေမလား မောင် …………….။

တဖြည်းဖြည်းနဲ့ ကျမဟာ မောင့် ကို အခွင့်အရေးတွေ ပေးမိနေတယ်။

တနေ့ မောင်က ကျမကို ချစ်ခွင့် ပန်လာပါတယ်။ သူငယ်ချင်းတွေကို ဒီအကြောင်း ပြောပြတော့ သူငယ်ချင်းတွေက သဘောမတူ ကြဘူးလေ။ နယ်ကမို့လို့ သူ့အကြောင်းလဲ မသိဘူးတဲ့။ ကျမ ကတော့ ဘယ်သူတွေ ဘာပြောပြော မောင့်ကို ချစ်ဖို့ ဆုံးဖြတ်ခဲ့တယ်။

မောင်နဲ့ ကျမ ချစ်သူတွေ ဖြစ်ပြီးတော့လည်း သူငယ်ချင်းတွေက ဘာမှ မပြောကြ တော့ပါဘူး။ သူငယ်ချင်းကို ကြည့်ပြီး သူချစ်တဲ့သူနဲ့ ဆိုတော့လည်း စိတ်ချမ်းသာ ပါစေဆိုပြီး ကျမကို အပြစ် မပြောကြတော့ပါဘူး။

နယ်ကဖြစ်တဲ့ မောင့်ကို မိဝေး ဖဝေးနဲ့ မို့လို့ ကျမကပဲ တော်တော် များများ စိတ်ပူပန် ပေးခဲ့ပြီး သူ့အတွက် အစစ အရာရာ လုပ်ပေးခဲ့တယ်။ ကျမကတော့ မောပန်းတယ်လို့ မထင်ပဲ ချစ်တဲ့ စိတ်တခုတည်းနဲ့ ရိုးရိုး သားသား လုပ်ပေးခဲ့တယ်…….မောင်....။

`မောင်……….. ကျမကို တကယ် ချစ်ရဲ့လားလို့ မေးတော့ မောင်က ချစ်တာပေါ့တဲ့…..´ ကျမမှာ မောင့်ကို ကြည့်ပြီး ကြည်ကြည် နူးနူး ကျေနပ် နေခဲ့တာပေါ့………..။

မောင်နဲ့ ပက်သက် သမျှဟာ ကျမနဲ့ ပက်သက် နေသလို…………..၊

အရာရာဟာ ကျမ ရင်ထဲမှာ အလိုအလျောက် ပေါ်လာ နေမြဲပဲ…………………။

မောင့်ရဲ့ သံစဉ်ဟာ ကျမရဲ့ သံစဉ် ပါပဲ………………..။

မောင့်ရဲ့ ဘ၀ဟာ ကျမရဲ့ ဘ၀ ပါပဲ…………..။

ကျမ ရူးသွပ်စွာနဲ့ မောင့်ကို ချစ်ခဲ့ တာပါ…………။

ကျမဟာ မိုက်မဲသူ တယောက်များ ဖြစ်သွားပြီလား……………။

ဘာပဲဖြစ်ဖြစ် မောင်ဟာ ကျမအတွက်တော့ အကောင်းဆုံး အဖေါ်မွန် ပါပဲ………။

မောင်နဲ့ ကျမ ကျောင်းပြီးရင် လက်ထပ်ဖို့ ဆုံးဖြတ်ထားတော့ ကျမကပဲ အစစ ပူပန်နေမိသေး………။ သူ့ကို ကြည့်တော့ သူ့ ၀သီလား……… အေးစက်စက် ……..!!!

ကျောင်းပြီးရင် အလုပ်တခု လုပ်ဖို့ ကျမကပဲ မောင့်အတွက် ရှာဖွေနေမိသေး……၊

မောင် နောက်ဆုံးနှစ် စာမေးပွဲ ဖြေပြီးတော့ ကျမက စာမေးပွဲ မပြီးသေးဘူးလေ….၊ ဒီအကြောင်းအရာက မောင်နဲ့ကျမ ဝေးကွာသွားအောင် လုပ်ခဲ့တဲ့ အခြေအနေ များလား!!!!!

မောင်က စာမေးပွဲ ဖြေပြီးတော့ ကျမကို ချက်ချင်း လက်ထပ်ဖို့ ပြောခဲ့သေးတာပဲ………၊

ဟင့်အင်း……… ကျမ လက်မထပ် နိုင်သေးဘူးမောင်……..၊ အခြေအနေ တခုကိုတော့ စောင့်ရမှာပေါ့…….။ ကျမ စာမေးပွဲ မပြီးသေးဘူးလေ…….. မောင်. ကျမကို နားလည်ပေးပါ……..။

ကျမ စာမေးပွဲ မပြီးခင် မောင်က နယ်ကို ခဏ ပြန်မယ်ဆိုပြီး ပြန်သွားခဲ့ပါတယ်…၊ အဲဒီနေ့ဟာ မောင်နဲ့ကျမ နောက်ဆုံး တွေ့ခဲ့ရတဲ့ ရက်မှန်း သိခဲ့ရင် ကျမမောင့်ကို သွားခွင့်ပြုခဲ့မှာ မဟုတ်ပါဘူး……….မောင်။

မောင် ပြန်လာမဲ့ ရက်ကို စောင့်ရင်း….. တနေ့မှာတော့ ကျမ သတင်း တခုကို ကြားလိုက် ရတယ်လေ။ အဲဒါ ကတော့ မောင်တို့ မြို့ က …. မိန်းကလေး တယောက်နဲ့ မောင် လက်ထပ် သွားပြီတဲ့ ……. !!!!

ကျမ မယုံကြည်ဘူး……မောင်။

ဘာကြောင့်လဲ…….. ကျမကို ထားခဲ့ပြီး တခြား မိန်းကလေး တယောက်နဲ့ လက်ထပ် သွားရလောက်အောင် မောင်ကျမကို မရက်စက် လောက်ပါဘူး…။

တဒင်္ဂ ငြိမ်သက်သွားတဲ့ ကျမ….

ပါးပြင်ပေါ်ကို အလိုလို ကျလာတဲ့ မျက်ရည်……….

မဖြစ်နိုင်ပါဘူး လို့ ရူးသွပ်စွာ ခေါင်းရမ်းခဲ့တဲ့ ကျမ………

ကျမကိုယ် ကျမ ဘယ်လောက် ထိန်းချုပ် ထားနိုင်မှာလဲ………

တခြား မိန်းကလေး နဲ့ လက်ထပ်မယ် ဆိုရင်လည်း ကျမကိုတော့ ရှင်းပြအုံးမှပေါ့……..ဆိုပြီး တွေဝေ နေသေးတဲ့ ကျမ…….

ဒီအချိန်ဆို မောင် ဘာတွေများ လုပ်နေမလဲလို့ စဉ်းစား နေသေးတဲ့ ကျမ……..

မောင့် ကို မမေ့နိုင်ပဲ ဘာဖြစ်လို့များ ကျမ ခေါင်းထဲ ၀င်နေသေးတာ ပါလိမ့်လို့လည်း တွေးမိနေသေးတယ်..။ အော်……… လက်ထပ် သွားပြီးတဲ့ လူတယောက်ကို စဉ်းစားလို့ မသင့်တော် တော့ပါဘူး။

အခုတော့ ကျမကို ထားခဲ့ပြီး သူကတော့ တခြား တယောက်ရဲ့ ရင်ခွင်မှာ ပျော်မွေ့ နေလောက်ပါပြီလေ။

သူဆိုခဲ့တဲ့ ရှတတ သီချင်းသံ တွေလည်း ခုချိန်မှာတော့ ခါးသက် နေလိုက်တာ …………..

နာကျည်းစရာ တွေနဲ့ ကျမကို ထားသွားခဲ့တဲ့ သူ့ကို……….

ရင်ထဲမှာ ဒဏ်ရာ တွေနဲ့ ထားခဲ့တဲ့ သူ့ကို………

ကိုယ်တိုင် ရွေးချယ်ပြီး လျှောက်လှမ်း သွားခဲ့တဲ့ သူ့ကို…..

တချိန် မှာတော့ မုန်းမေ့နိုင်ကောင်းပါရဲ့………………..။

သေချာတာ တခုကတော့ ဒိုင်ယာရီဟောင်း တခုကို စုတ်ဖြဲ လွှင့်ပစ် လိုက်ဖို့ ကျမကို အင်အားသစ် တွေက မွေးဖွား ပေးလိုက်ပြီ !!!!!!!!!

5 comments:

ဒဏ္ဍာရီ said...

ဖတ်လို့ကောင်းလိုက်တာ ညီမလေးရေ... နင့်နင့်နဲနဲလေးလည်း ဖြစ်သွားမိတယ်။ တခါတရံမှာ အချစ်ဆိုတာ မခေါ်ပဲ ရောက်လာသလို သူ့အလိုလို ပြန်ထွက်သွားတတ်တာမျိုးပဲလေ...။ ဘယ်လိုပဲပဲ ဖြစ်ဖြစ် ဒီဒိုင်ယာရီဟောင်းလေးကို စွန့်ပြစ်နိုင်မယ့် အင်အားတွေ ရလာနိုင်ပါစေ..။

ခင်မင်လေးစားလျှက်

ချော (အစိမ်းရောင်လွင်ပြင်) said...

သဒ္ဓွရေ
တကယ့်အဖြစ်အပျက်ကို ရေးတာတာနဲ့ တူနေတယ်.. နှစ်တွေပြောင်းနေမှတော့ ဒိုင်ယာရီဟောင်းလေးကို စွန့်ခဲ့ပါတော့ကွယ်..

ဂျေဂျူဝိုင် said...

ကောင်းတယ်ဗျ။ တစ်ဖက်သတ်အတွေးလေးနဲ့ ဖွဲ့သွားတာ။

poemflower said...

အဲလိုမျိုးဆို ပြန်တွေ့ရင်တောင် မျက်နှာကို ကြည့်ချင်ပါတော့မလားလို့ ကိုယ့်ကိုယ်ကို စဉ်းစားမိတယ် (သိတော့ပါဘူး)

Rakhine09 said...

လူတယောက်ဇာတ်လမ်းတပုဒ် စီ ရှိကြစမြဲပါ ဒီအထဲ မသဒ္ဓါ ရဲ့အကြောင်းတရားကတော့ဆွေးဆွေးငင်ငင်လေးလားဟင်......ကျွတ်ကျွတ်ကျွတ်......ရှိစေတော့ရှိစေတော့