Thursday, January 21, 2010

ပြန်လိုချင်တယ်…….

ခုချိန်မှာ ဘာကို လိုချင်သလဲ ဆိုရင် ငယ်ဘ၀ကို ပြန်လိုချင်တယ် လို့ ပြောရမယ်။ ဟုတ်တယ်….. တခါ တရံ ငယ်ငယ် တုန်းက ဘ၀ ကို ပြန်တမ်းတပြီး ပြန်မရတော့မှန်း သိပေမဲ့လည်း ပြန်လိုချင်မိတယ်။

ကျမ မှတ်မိနေတာ ကတော့ ကျမ ကျောင်းစ မတက်ခင် အရမ်း ဖျားလို့ ဆေးသောက်နေရင်း ဆေးနဲ့ မတည့်လို့ ဆေးရုံ ရောက်သွားရတယ်။ ကျောက်ကပ်က သွေးကြောလေးတွေ ပေါက်သွားတယ်တဲ့။ အဲဒီ မြင်ကွင်းလေး ကို အခုထိ မြင်ယောက် မှတ်မိ နေတုန်းပဲ…။ ကံကောင်းတယ်ပဲ ပြောရမလား ကျမ အသက် ဆက်ရှင်ခွင့် ရလိုက်တယ်။ ကလေးဆေးရုံ အရေးပေါ် ခန်းထဲမှာပဲ တပတ်လောက် နေခဲ့ရတယ်တဲ့။ ကျမ အမေက အရေးပေါ် ခန်းထဲမှာ နေတုန်းကဆိုရင် စိတ်မချလို့ နေ့ရော ညရော မအိပ်ခဲ့ဘူးတဲ့။ အိပ်နေတုန်း တခုခု ဖြစ်သွားမှာ ကြောက်လို့တဲ့လေ။ ကျမ တကိုယ်လုံး ပိုက်တွေ ဆိုတာ…….။ သွေးသွင်း၊ ဆေးသွင်း၊ နှာခေါင်း ထဲမှာလည်း အစာသွင်းထားတဲ့ ပိုက်ကြီးနဲ့ ကျမလေ နေရ ခက်လိုက်တာ…။ အဲဒီ အချိန်တုန်းက မြင်ကွင်း ကတော့ မှတ်မှတ်ရရ ပါပဲ။ နောက် နေကောင်းပြီး ဆေးရုံက ဆင်းခါနီး ဘာစားချင်လဲလို့ မေးတော့ ကျမ အကျယ်ကြီး ဖြေလိုက်တာက လိမ္မော်သီး စားချင်တယ်တဲ့။ ကျမကို လိမ္မော်သီး ခြင်းလိုက်ဝယ်ပြီး ဘေးနားမှာ ထားပေး ထားတာကိုလည်း မှတ်မိ နေတုန်းပဲ…။

နောက် ကျမ သူငယ်တန်း ကျောင်းစတက်တော့ ကျောင်းကနေ ထွက်ထွက် ပြေးတာကို အမှတ်ရတယ်။ ဘာလို့လဲ ဆိုတော့ အမေနဲ့ တခါမှ မခွဲဘူးတော့ အမေ့နောက်ကို ပြန်လိုက်တာ။ ကျမ အဖေ က ကျမတို့ မောင်နှမတွေကို မူကြို မထားခဲ့ပါဘူး။ အိမ်မှာ ငါးနှစ်ပဲ နေရမှာမို့လို့ အေးအေး ဆေးဆေး နေပါစေတဲ့။ ဒါကြောင့် သူငယ်တန်း စတက်တော့ သူများ ကလေးတွေက အေးဆေး ဖြစ်နေတဲ့ အချိန်မှာ ကျမက အရမ်း ၀မ်းနည်း ခဲ့ရတယ်။ အဲဒီ အချိန်က စပြီး ဝေးကွာခြင်း ဆိုတာ ကို စပြီး ခံစား လိုက်ရသလို ပါပဲ……. ။ တခါ တလေ ကျောင်းကနေ အပြန်မှာ မိုးတွေရွာလို့ ကျမ အဖေရဲ့ ကျောကုန်းမှာ လိုက်ပြီး လာခဲ့ရတာကိုလည်း အခုနေ လွမ်းမိတယ်…….။

ဘာပဲဖြစ်ဖြစ် ကလေးဘ၀ တုန်းက ဘာအပူအပင်မှ မရှိတော့ ပျော်စရာ တွေနဲ့ပေါ့။ အိမ်မှာ မောင်နှမတွေ ကျောင်းပိတ်ရက် ဆို ကစားကြ၊ စားကြ၊ စကားနိုင် လုကြနဲ့။ ကျမတို့ မောင်နှမတွေကို အဖိုးက အိမ်ပြင် ထွက်ပြီး မကစားရပါဘူး။ ကိုယ့်ခြံထဲမှာပဲ ကစားကြ ရပါတယ်။ တခါတရံ မှာတော့ မောင်နှမ ၀မ်းကွဲ နှစ်ယောက် လာလည် တတ်ပါတယ်။ သူတို့ကလည်း သိပ်ကို လာခဲပါတယ်လေ။ လာခဲ့ရင်လည်း ပျော်ပြီး မပြန်ချင်လို့ အိမ်ပြန်ခါနီးဆို ပုန်းနေတတ်ကြတယ်။ ပြီးတော့ ကျမတို့ မောင်နှမတွေ စကားနိုင် လုကြတာက ကိုယ်တက်တဲ့ ကျောင်းကို ဘယ်လောက် ကောင်းကြောင်း၊ ဆရာမတွေ ဘယ်လောက် တော်ကြောင်း ပြိုင်ပြောကြတာ……။ ကျမကလည်း ကျမကျောင်းက ဘယ်လောက် လှကြောင်း၊ ဘယ်လောက် ကြီးကျယ်ကြောင်း၊ ဘယ်လောက် ကျယ်ကြောင်း၊ ဆရာမတွေ ဆိုလည်း အရမ်းတော်ကြောင်း ပြိုင်ရတာလေ။ ကျမ အကိုတို့နေတဲ့ ကျောင်းက ကျမတို့ကျောင်းလို မကျယ်လို့လေ။ အခုချိန် ပြန်တွေးရင် အခု လွမ်းမိတဲ့ အကြောင်းလေးတွေပေါ့……….။

တဖြည်းဖြည်း ကြီးလာတာနဲ့ အမျှ ကိစ္စတွေ များလာသလို၊ အပူအပင်တွေ များလာသလို၊ စိုးရိမ်မှုတွေ ပြည့်နေသလို၊ တာဝန်တွေ ပိုများလာ သလို၊ ခံစားရမှုတွေ ပိုများလာသလို၊ အများကြီး ပါပဲ……………

ဘ၀ မှာ အကြောက်ဆုံး စကားလုံး ဖြစ်တဲ့ ဝေးကွာခြင်း ဆိုတာကိုလည်း တစတစ ပိုနားလည်ခဲ့ ရတယ်။ အရာ အားလုံးဟာ နီးမလိုလိုနဲ့ တကယ်တော့ အဝေးကြီး ပါပဲ။ တနေ့နေ့မှာ အားလုံးနဲ့ ဝေးရမယ်၊ ခွဲခွါရမယ် ဆိုတာ သိနေပေမဲ့လည်း တကယ် ရင်ဆိုင်ဖို့တော့ မလွယ်ကူပါဘူး။

ကိုယ်တန်ဖိုးထားရတဲ့ အရာတွေနဲ့ ဝေးကွာ နေရပေမဲ့ ဘာမှ မဖြစ်သယောင် ဟန်ဆောင် ရတာလည်း အကြီးမားဆုံး စိတ်ပင်ပန်းမှု ပေါ့……………။

ဟန်ဆောင်ရတာဟာ ကျမရဲ့ အညံ့ဆုံး၊ မလုပ်ချင်ဆုံး၊ အမုန်းဆုံး အလုပ်တခု မို့လို့လည်း ပိုပြီး စိတ်ပင်ပန်း ရတယ်.။

ဟန်ဆောင်ခြင်း ကို မုန်းတဲ့ ကျမ... ဟန်ဆောင်ခြင်း ကင်းတဲ့ ငယ်ဘ၀ ကို ပြန်လိုချင်တာ မဆန်းပါဘူးနော်….။

6 comments:

ဒဏ္ဍာရီ said...

ဟုတ်တယ်ညီမလေးရေ... အဲဒီလို.. လိုလို လိုလိုတွေကြားမှာ လူတွေဟာ တဖြည်းဖြည်းနဲ့ ခါင်းထဲမှာ ကိစ္စတစ်ခုကို ဖြူသလား၊ မည်းသလား မကွဲပြားတော့။ မှားသည်၊ မှန်သည် မခွဲခြားနိုင်တော့။ တရားသလား၊ မတရားသလား စဉ်းစားရ ကောင်းမှန်းလည်း မသိတော့။

နှစ်ခွတွေး၊ နှစ်မျိုးပြော၊ နှစ်ပုံစံရပ်ကာ ကျင်လည်လာရင်း တဖြည်းဖြည်း ငယ်စဉ်က ရှိခဲ့သည့် ရိုးစင်း ဖြောင့်မှန်သော အသိဥာဏ်တွေ ကွယ်ပျောက်ပြီး အရာရာမှာ ၀ိုးတိုးဝါးတားနှင့် "သုညသမား" တွေဖြစ်တော့မယ်.။

ခင်မင်လေးစားလျှက်

ချော (အစိမ်းရောင်လွင်ပြင်) said...

သဓ္ဒါရေ.
ဟန်ဆောင်မှုကိုမုန်းတဲ့ သဒ္ဓါကို အရမ်းသဘောကျပါတယ်.. ခင်လဲခင်ပါတယ်..စာတွေလာလာဖတ်တဲ့အတွက်ကျေးဇူးပါ..
တို့ရဲ့ လိပ်စာကိုလဲ http://missgreenlady.mylovecafe.com နဲ့ပြောင်းချိတ်ပေးပါဦးနော်..
ကျေးဇူး

ကိုရင်နော်ခင်လေးငယ် said...

သဒ္ဓါရေ...

အဖြူရောင် ဂါဝန်ပါးလေးတွေနဲ့ ဆော့ကစားရင်း..
အဖြူရောင် အတွေးတွေ
အဖြူရောင်စိတ်လေးတွေ
အဖြူရောင် အိပ်မက်လေးတွေ
ကိုယ်တို့တွေ မက်ခဲ့ဖူးကြတယ်နော်...

ဘယ်တော့မှ ပြန်မရတော့တဲ့ အဖြူရောင်တွေကို ကိုယ်တော့
သိပ်
လွမ်း
မိ
သွား
တယ်.....

ချစ်တဲ့..
မမခင်လေး

သဒ္ဓါလှိုင်း said...

သဒ္ဓါ့ကို အခုလို အမှတ်တရ လေးတွေ လာပြောတာကို အရမ်း ကျေးဇူးတင်နေမိတယ်။ အမြဲမျှော်နေမယ်နော်။ အားဆေး တခွက်လိုပါပဲ....။

အားလုံးကိုခင်တဲ့
သဒ္ဓါ

poemflower said...

ကိုယ်တန်ဖိုးထားရတဲ့ အရာတွေနဲ့ ဝေးကွာ နေရပေမဲ့ ဘာမှ မဖြစ်သယောင် ဟန်ဆောင် ရတာလည်း အကြီးမားဆုံး စိတ်ပင်ပန်းမှု ပေါ့…
မှန်လိုက်တာ...

မဆုမွန် said...

ပို့စ်လေးကို ဖတ်ပြီး ငိုချင်သွားတယ်............