Tuesday, January 19, 2010

`အချိန်ကာလ´ ကပြောမှာပါ...

တခါတုန်းက ဗဟုသုတ၊ ၀မ်းနည်းမှု၊ ပျော်ရွှင်မှု နဲ့ ချစ်ခြင်းမေတ္တာ အပါအ၀င် တခြား (ခံစားမှု)တွေ အားလုံး နေထိုင် ခဲ့တဲ့ ကျွန်းလေး တကျွန်း ရှိခဲ့တယ်။ တနေ့မှာ ကျွန်းလေးဟာ သမုန္ဒရာရဲ့ ကြမ်းပြင် အောက်ကို မြှပ်ဝင် တော့မယ်လို့ (ခံစားမှု) တွေ အားလုံးဆီကို အသိပေး ကြေငြာခဲ့တယ်။ ဒါကြောင့် (ခံစားမှု) တွေ အားလုံးဟာ သူတို့ရဲ့ လှေတွေနဲ့ ကျွန်းလေး ကနေ ထွက်ခွါဖို့ ပြင်ဆင် ခဲ့ကြတယ်။
အဲဒီ ကျွန်းပေါ်မှာ နေခဲ့တဲ့ တဦးတည်းသော သူ ကတော့ `ချစ်ခြင်းမေတ္တာ´ ပဲ ဖြစ်ခဲ့တယ်။ သူဟာ နောက်ဆုံး အရေးကြီး တဲ့ အချိန်ထိ ပျော်စရာ ကောင်းတဲ့ နေရာ တခု ဖြစ်တဲ့ ကျွန်းလေးကို ကာကွယ် ချင်ခဲ့တယ်။

ကျွန်းလေးဟာ ရေအောက် ကို လုံးလုံး လျားလျား ရောက်လုနီးပါး အချိန် မှာတော့ `ချစ်ခြင်းမေတ္တာ´ ဟာ ကျွန်းလေး ကနေ ထွက်ခွါဖို့ အချိန် ရောက်ပြီလို့ ဆုံးဖြတ် ခဲ့တယ်။

သူဟာ တယောက်ယောက် ကို အကူအညီ တောင်းဖို့ ရှာဖွေ ခဲ့တယ်။

`ချမ်းသာမှု´ ကတော့ အလွန် ခံ့ငြားတဲ့ လှေနဲ့ လှော်ခတ် သွားခဲ့တယ်။ `ချစ်ခြင်းမေတ္တာ´ က ` ချမ်းသာမှု´ `ငါ မင်းရဲ့ လှေနဲ့ လိုက်လို့ ရမလား´ ဆိုပြီး မေးလိုက်တယ်။ `ချမ်းသာမှု´က `၀မ်းနည်း ပါတယ်ကွာ၊ ဒါပေမဲ့……ငါ့ရဲ့ လှေပေါ်မှာ ရွှေ၊ ငွေ တွေ အများကြီး ပါလာတယ်၊ မင်းအတွက် နေစရာ နေရာ မရှိဘူး´ လို့ ပြန်ဖြေခဲ့တယ်။

ဒိနောက် `ချစ်ခြင်းမေတ္တာ´ က လှပတဲ့ လှေနဲ့ လှော်ခတ် နေတဲ့ ` စိတ်ကြီးဝင် ဘ၀င်မြင့်မှု´ ကို အကူအညီ တောင်းဖို့ ဆုံးဖြတ် ခဲ့တယ်။ ` ချစ်ခြင်းမေတ္တာ´ က ` ငါ့ကိုကူညီပါကွာ´ လို့ အော် လိုက်တယ်။ ` စိတ်ကြီးဝင် ဘ၀င်မြင့်မှု´က ` ငါ မင်းကို မကူညီနိုင်ဘူး´ မင်းဟာ ရေတွေနဲ့ စိုနေတယ်။ ငါ့ရဲ့ လှပတဲ့ လှေလေး ပျက်စီး သွားလိမ့်မယ် လို့ ပြောခဲ့တယ်။

အဲဒီနောက် `ချစ်ခြင်းမေတ္တာ´ ဟာ သူ့ကို ချန်လှပ် ထားခဲ့တဲ့ `၀မ်းနည်းမှု´ ကို တွေ့ခဲ့တယ်။ ` ချစ်ခြင်းမေတ္တာ´ က ` မင်းနဲ့အတူ သွားခွင့်ပြုပါ´ လို့ ပြောခဲ့တယ်။ ` ၀မ်းနည်းမှု´ က ` ချစ်ခြင်းမေတ္တာ…. ငါ စိတ်မကောင်း ပါဘူးကွာ… ဒါပေမဲ့……….ငါအခု တယောက်တည်း နေဖို့ လိုနေတယ်´ လို့ ပြန်ဖြေခဲ့တယ်။

` ချစ်ခြင်းမေတ္တာ´ ဟာ ` ပျော်ရွှင်မှု´ ကိုတွေ့ခဲ့ပြန်တယ်။ ဟေ့ ` ပျော်ရွှင်မှု´ ` မင်းနဲ့ အတူ လိုက်ခွင့် ပြုပါ´ လို့ အော်လိုက်တယ်။ ဒါပေမဲ့ ` ပျော်ရွှင်မှု´ ဟာ သိပ်ပြီး ပျော်ရွှင်နေလို့ သူ့ကို အော်ခေါ် နေတာကိုတောင် မကြားခဲ့ဘူး။

` ချစ်ခြင်းမေတ္တာ´ ဟာ ငိုကြွေး နေခဲ့တယ်။

အဲဒီအချိန်မှာ ဟေ့ ` ချစ်ခြင်းမေတ္တာ´ ` လာခဲ့ပါ၊ ငါနဲ့ အတူ လိုက်ခဲ့ပါ…..၊´ ဆိုတဲ့ အသံ တခုကို ကြားလိုက် ရတယ်။ သူ့ကို ခေါ်တဲ့သူဟာ သက်ကြီး ရွယ်အို တယောက် ဖြစ်နေတယ်။ ` ချစ်ခြင်းမေတ္တာ´ ဟာ သိပ်ပြီး ကျေးဇူး တင် ၀မ်းမြောက် နေလို့ သူ့ရဲ့ နာမည်ကို မေးဖို့ မေ့နေ ခဲ့တယ်။

သူတို့ ဟာ နိုင်ငံ တခုကို ရောက်တဲ့ အခါ သက်ကြီး ရွယ်အိုက သူ့ရဲ့ ဦးတည်ချက် အတိုင်း သွားခဲ့တယ်။ `ချစ်ခြင်းမေတ္တာ´ က သူဟာ သက်ကြီး ရွယ်အို အပေါ်မှာ ဘယ်လောက် ကျေးဇူး တုံ့ပြန် ရမလဲ ဆိုတာ နားလည် သဘော ပေါက်ခဲ့တယ်။

အဲဒီနောက် `ချစ်ခြင်းမေတ္တာ´ ဟာ ` အသိပညာ´ ကို တွေ့ရှိ ခဲ့ပြန်တယ်။ `ငါ့ကို ကူညီခဲ့တဲ့ သူဟာ ဘယ်သူလဲလို့´ မေးကြည့်တော့ မင်းကို ကူညီခဲ့တဲ့ သူဟာ ` အချိန် ကာလ´ ပဲလို့ ဖြေခဲ့တယ်။

တယောက်မှ မကူညီနိုင်တဲ့ အခြေအနေမှာ ` အချိန် ကာလ´ က ဘာကြောင့် ငါ့ကို ကူညီခဲ့တာ လည်းလို့ `ချစ်ခြင်းမေတ္တာ´ က မေးခဲ့တယ်။

` အသိပညာ´ က ပြုံးပြီး လေးလေး နက်နက် နဲ့ ရိုးရိုး သားသား ဖြေလိုက် တာကတော့ ` ချစ်ခြင်းမေတ္တာ ဟာ ဘယ်လောက် ကြီးကျယ်ပြီး အရေးပါလဲ´ ဆိုတာ ` အချိန် ကာလ´ ကသာ နားလည် သဘောပေါက် နိုင်စွမ်း ရှိတဲ့ အတွက်ကြောင့် ပါတဲ့………….။

ကျမတို့ အချင်းချင်းလည်း ပြောလေ့ ရှိကြပါတယ်။ `အချိန် ကာလ က အဆုံးအဖြတ် ပေးမယ်ဆိုတာ´ ပါ။ အလုပ်တခု လုပ်တဲ့အခါမှာ ဒီလူ ဘယ်လောက် တော်တယ်… မတော်ဘူး၊ ရိုးသားမှု ရှိတယ်… မရှိဘူး၊ ကျွမ်းကျင်မှု ရှိတယ်… မရှိဘူး၊ ဆိုတာတွေက ` အချိန် ကာလ´ ကသာ သတ်မှတ် ပေးမှာပါ။

ကျမတို့ တတွေ ဟာ ` ၀မ်းနည်းမှု´၊ ` ဆုံးရှုံးမှု၊ `ကြေကွဲမှု´ တွေနဲ့ ကြုံလာတဲ့  အခါမှာလည်း စိတ် သက်သာရာ ရဖို့ ဘယ်လောက်ပဲ နည်းလမ်း သုံးသုံး စိတ် ဖြေဖို့ မလွယ်ကူနိုင် ပါဘူး။ ဒါပေမဲ့လည်း အချိန် ကြာလာတာ နဲ့အမျှ ပူပန်မှု၊ ကြေကွဲမှု၊ ၀မ်းနည်းမှု တွေဟာ တဖြည်းဖြည်း သက်သာ လာကြ ရပါတယ်။ အချိန် တခု ပေးလိုက်ခြင်းဟာ စိတ် သက်သာရာ ရဖို့ အကောင်းဆုံး လို့ ဆိုနိုင်ပါတယ်။

ဒါကြောင့် ` အချိန် ကာလ´ ဟာ လူသားတွေ အတွက် အကောင်းဆုံး ဆေးတခွက် ပဲ ဖြစ်တယ်လို့ ထင်မိပါတယ်…….။
http://www.funzug.com မှ ဘာသာပြန် မျှဝေသည်။

1 comment:

ဒဏ္ဍာရီ said...

မှန်တယ် သဒ္ဓါ... အလွမ်း အဆွေးတွေနဲ့ ပူပင်မှုတွေဟာ တနေ့နေ့ တချိန်ချိန်မှာပေါ့ အချိန်က ကုစားမှုကြောင့် အရှင်းမပျောက်နိုင်တောင် အတိုင်းအတာတခုအထိ မေ့သွားနိုင်အောင် စွမ်းဆောင်နိုင်ပါတယ်။

ခင်မင်လေးစားလျှက်